မညစ်ပတ်ရရင် မနေနိုင်တာကလွဲလို့ …..
ငယ်ငယ်က ကြားဖူးတာလေး တစ်ခုရှိတယ်..။
ဘိုးတော်ဘုရားလို့ခေါ်တဲ့ ဘုရင်အပါးမှာ စကားအရာလိမ္မာတဲ့ အမတ်တစ်ဦးရှိသတဲ့….
အာဏာရှင်ဘုရင်ခေတ်ဆိုတော့ စကားတစ်ခွန်းမှားရင် ခေါင်းပြတ်သွားနိုင်တာကလား..
ဒါ့ကြောင့် စကားမမှားရအောင် ဆိုလိုရင်းအဓိပ္ပါယ်ကို ဥပမာဥပမေယျတွေနဲ့ ဖွက်ပြီးပြောရတယ်…
အဲဒါ အဖွက်ကောင်းလွန်းတော့ သူဘာပြောတယ်ဆိုတာ ဘယ်သူမှမသိပဲဖြစ်ဖြစ်နေလို့ ငယ်ငယ်ကတည်းကရင်းနှီးလာတဲ့ မိဖုရားကြီးက ခေါ်ဆုံးမသတဲ့.
“ ဟဲ့…ငကျော်ရွေး…
ပြောစရာရှိတာကို လူသိစေချင်ရင် သိအောင်ပြောဟဲ့…
မသိစေချင်ရင် နင့်ဟာနင်အောင့်ထား…..
စကားပေါတယ်ထင်လို့ နင့် လူမလေးစားရင် နင့်အရှင်တွေပါ မျက်နှာပျက်ရသဟဲ့… ” …ဆိုပဲ
အင်း…. ကြားဖူးတာလေးပါ…
ဘာနဲ့စကားအစချီရမှန်းမသိလို့ ဘာမှမဆိုင်တာနဲ့ အစချီကြည့်တာပါ..
တကယ်ပြောချင်တာက ကျုပ် ငတ်ကြီးကျတဲ့အကြောင်း…..
ဒီလို… ဒီလို…
ကျုပ်က တို့ဟူးသုတ်ကို တော်တော်ကြိုက်သဗျ…
(တကယ်တော့ စားလို့ကောင်းတာ အကုန်ကြိုက်တယ်)
ငယ်ငယ်ကဆို အိမ်မှာ ကိုယ်တိုင်တို့ဟူးကျိုပြီး သုတ်စားတာကိုးဗျာ..
တို့ဟူးကျိုတယ်ဆိုတာ တော်တော်တော့ မသက်သာဘူး….
ပဲမှုန့်ကို ရေအေးနဲ့ဖျော်ပြီး ဆူအောင်တည် ၊ ပဲကျက်ရင် မီးလျှော့ပြီး မီးအေးအေးနဲ့ ရေခမ်းပြီး ပျစ်သွားအောင်ကျိုရတယ်
ကျိုနေဆဲကာလမှာ အိုးမကပ်အောင် ယောင်းမတခုနဲ့ တရစပ်မွှေပေးနေရတာ။ ပဲဆိုတာ အင်မတန် အိုးကပ်လွယ်တယ်။ အိုးကပ်လို့ကတော့ တူးနံ့ထွက်ပြီး တို့ဟူးတစ်အိုးလုံး ပစ်ရပြီမှတ်တော့ ..။
တို့ဟူးအိုးပျစ်လာရင် ရေငွေ့တွေစုပြီး ပေါက်တဲ့အခါ မျက်နှာတို့ လက်တို့ကို လှမ်းစင်တတ်တယ်။ တို့ဟူးဖတ်များ ကပ်လို့ကတော့ ရုတ်တရက်လဲမကွာ ရုတ်တရက်လဲ မအေးနိုင်တာမို့ မီးလောင်ဖုကြီးတွေထပြီး မွေးမေလေ့သွားမယ်..။ အစားတစ်လုပ်အတွက် စွန့်စားရတာများ မတန်ချက်ကတော့…။
ဒါပေမယ့်လဲ တို့ဟူးဆိုတာက အဲသလို ပျစ်နေအောင်ကျိုပြီး ခဲလိုက်တော့မှ အေးသွားလို့သုတ်စားရင် အင်မတန်စားလို့ကောင်းတာ…။
အခုရောင်းတန်းတွေလို ခဲနိုင်ရုံလောက်ကျိုပြီးလုပ်ထားလို့ကတော့ လျှာပေါ်တင်တာနဲ့ ကြေမွသွားပြီး ဖွယ်တယ်တယ်နဲ့ ဘာမှကိုအရသာမရှိတော့ဘူး။
မတတ်နိုင်ဘူးပေါ့လေ…
ကိုယ်တိုင်မှ လုပ်မစားနိုင်တော့ အရမ်းအရမ်းကို မတရားညံ့မှန်းသိပေမယ့် တစ်ခါတစ်ရံ အလွမ်းပြေအဖြစ် သည်းခံပြီးစားမိတာပါပဲ…။
အဲဒီမှာ နောက်ပြဿနာ ရှိပြန်ရော..
တို့ဟူးသုတ်ရောင်းတဲ့ဈေးသည်က တစ်ခါကိုင် လက်တစ်ခါဆေးတာမဟုတ်..
ဒါ့ကြောင့် အင်မတန်ညစ်ပတ်လှပါတယ်
အခန့်မသင့်ရင် ခေါက်ဆွဲသုတ်/တို့ဟူးသုတ် တစ်ပွဲလောက်စားပြီး ဝမ်းလျှောနိုင်ပါတယ်။
ဒါကြောင့် risk နည်းနိုင်သမျှနည်းအောင် တို့ဟူးသုတ်စားချင်ရင် မနက်စောစောမှာ ရောင်းတဲ့ဈေးသည်ကိုထွက်ရှာပြီး ဘယ်သူမှမဝယ်ရသေးလို့ ဇလုံပုံအတုံးကြီးမပျက်ခင် လက်ဦးအောင်ဝယ်စားရပါတယ်။
တစ်နေ့ကတော့ တို့ဟူးသုတ်စားချင်လို့ ထွက်ရှာတာ ကျုပ်က နည်းနည်းစောသွားတယ်။
ကျုပ်ရောက်ပြီးမှ အထမ်းသည်ရောက်တယ်။
အဲသည်မှာ ကျုပ်တွေ့လိုက်ရတာက သူရောင်းမယ့် ခေါက်ဆွဲ မုန့်ဟင်းခါးဖတ်တွေနဲ့ တို့ဟူးအတုံးကြီးအပေါ်မှာ ဇလုံ ပန်ုးကန်ခွက်ယောက်တွေ၊ ကြိုး ဖင်ထိုင်ခုံနဲ့တကွ ဆိုင်းဘုတ်ကလေးပါ ဒီအတိုင်းတင်ထားတယ်။ အဲဒီဟာတွေကလဲ ဂျီးအထပ်ထပ်နဲ့ မဲတူးနေတာတွေနော..။
တကယ်ဆို ကျန်တာတွေနဲ့ ရောသယ်မယ်ဆိုရင် စားစရာတွေကို အနည်းဆုံး ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်လေးနဲ့တော့ ထုပ်ပိုးပြီး သယ်သင့်တာပေါ့နော… ။ အဲသလိုလုပ်လို့ ဘယ်လောက်မှလဲ ကုန်ကျသွားတာမဟုတ်၊ ဘယ်လောက်မှလဲ အလုပ်ရှုပ်သွားတာမှမဟုတ်တာ။ အဲဒါ မသိတာလဲမဟုတ်။ မစဉ်းစားတတ်တာလဲမဟုတ်။
ဘာဖြစ်လို့ဒီလိုပစ်စလက်ခတ်ညစ်ပတ်ရသလဲဆိုတော့-
စိတ်ဓါတ်မကောင်းလို့…….။
အကျင့်မကောင်းလို့…..။
စိတ်ကောင်းမရှိလို့…….။
စေတနာမရှိလို့……။
ရှည်တယ်ကွာ တစ်ခွန်းထဲပြော…. ဆိုရင်-
အဆင့်မရှိလို့…..
အေးဗျာ….
အခုတော့ တို့ဟူး ပြတ် ပါပြီ….။
ဦးဦးပါလေရာ
၂၈.၃.၂၀၁၃
45 comments
MaMa
March 29, 2013 at 7:51 am
ဦးပါရယ်-
အဲလိုသာ လိုက်ကြည့်နေရင် တို့ဟူးပြတ်ရုံတင်မကဘူး…
အော်တိုမစ်တစ် ဝိတ်ချနည်း ရသွားမယ်။
တချို့အမြင်ကောင်းတဲ့ စားသောက်ဆိုင်တွေတောင် မီးဖိုခန်းဝင်ကြည့်ရင် စားချင်စိတ်ပျောက်ရော။ :eee:
ဦးဦးပါလေရာ
March 30, 2013 at 6:25 am
တစ်ခါတုန်းက ဧည့်သည်တစ်ယောက် ချစ်တီးထမင်းစားချင်တယ်ဆိုလို့ မျက်နှာလိုချင်တာနဲ့ တော်တော်နာမည်ကြီးတဲ့ဆိုင်တစ်ခု ခေါ်သွားဘူးတယ်။
ဟင်းရွေးဘို့ ဟင်းဇလုံတွေရှိရာကို သွားကြည့်ရင်း အထဲကို တစ်ချက်လှမ်းအကဲခပ်ပြီးကတည်းက အဲဒီဧည့်သည် မြန်မာပြည်လာတိုင်း ဟိုတယ်မှာပဲစားတော့တယ်။
အဲဒါတောင် ဟိုတယ်က မီးဖိုဆောင်ထဲ ဝင်မကြည့်ဘူးသေးလို့ဖြစ်မယ်
:harr:
ဖားသက်ပြင်း
March 29, 2013 at 8:19 am
စဉ်းစားမိပါရဲ့ ဗျို့ …။
ဇောက်ထိုး စဉ်းစားတတ်တဲ့ကောင် ဆိုတော့ ပြောင်းပြန်တွေးကြည့်မယ်ဗျာ…
ဒါဆိုရင် ..သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် ရောင်းချနိုင်ရင်
အောင်မြင်မယ် ဆိုတဲ့ အချက် သွားတွေ့ရတယ်။
ဆိုးဆေးမသုံး၊ ဆီမများ ၊ သန့်ရှင်း ၊ လတ်ဆတ် ပြီး ဈေးနှုန်းကလည်း တန်ရာတန်ကြေး
ဖြစ်မယ် ဆိုရင်ပေါ့…။
တကယ်တော့ အဲ့သည့်မူကို ကျင့်သုံးခဲ့တဲ့ ..ထမင်းဆိုင်တွေ ရှိတော့ ရှိပါတယ်…
ရေရှည်တော့ မအောင်မြင်ပြန်ဘူး။
(Sustainability ပေါ့ဗျာ..) Mission, Vission ကို မြဲအောင် ထိန်းမထားနိုင်တာ..။
အချောင်လိုချင်တာ ၊ အလွယ်လုပ်တာ နဲ့ … လောဘတက်လာတာ ၊ အောင်မြင်မှုကို
သာယာတာ.. စသည် စသည်…။
လွန်ခဲ့တဲ့ သုံးနှစ်က တနင်္လာ နာမ်နဲ့ စတဲ့ ရန်ကုန်မြို့ နံပါတ်-၁ လို့ ပြောတဲ့ထမင်းဆိုင်ကနေ
ချိုင့်ဆွဲ စားဖူးပါတယ်… အိမ်မှာ ချက်မယ့်လူမရှိလို့ ဆိုပါတော့။
အစောပိုင်းကတော့ အဟုတ်ဗျ… နောက်ပိုင်း ၃လလောက် နေတာနဲ့ ..လဆန်းရက်နဲ့ လလည်ရက်တွေ
ဟင်း ရဲ့ ကွာလတီ အဆင့်အတန်း နဲ့ ပမာဏ ကွာခြားလွန်းအားကြီးရဲ့ ..။ အဲ ..တခါတခါ ထမင်းက
၅ယောက်စာ ကို ၃ယောက်စာပဲ ပါလာရတာနဲ့ မှားချလို့ပါ ဆောဒီးပါ ဆိုတာကလည်း ခနခန..။
၂ယောက် အငတ်နေရမှာလားဗျာ …။ ဟိုင်းလတ်တစီးနဲ့ ထမင်းချိုင့်လည်ပို့တာ ..မှားချမိပါတယ်
ပြောရတာ သိပ်လွယ်တယ်.. ဘယ်မလဲ တာဝန်ယူစိတ် .. ဘယ်မလဲ back-up ဘယ်မလဲ အစားထိုး
ဖြည့်ဆည်းမှု …. တခုမှမရှိဘူး .. ။ အချိုးက လူပဲ တခါတလေမှားမှာပေါ့ .. ဂလောက်တော့ သည်းခံပေါ့
လမ်းထိပ်က ထမင်းထုပ် ဝယ်ဖြည့်စားလိုက်ပေါ့ ဆိုတဲ့ သောက်ချိုး က ချိုးသေး…။ ဆိုတော့..
ကျုပ်မိဘတွေ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်စားတာတောင် ထမင်းမဝမယ့် အဖြစ်မျိုးမို့ ..ကျနော် ပြန်ရောက်တုန်း
အဲ့သည့်ဆိုင်နဲ့ အပြတ်ဖြတ်ခဲ့ပါတယ်…။ အဟတ် .. နောက်ဆုံးပိတ် အိတ်နဲ့လွယ် ထမင်းချိုင့် အပေါင် ပေးတဲ့
ပိုက်ဆံကိုတောင် ကလိန်ကကျစ် လုပ်သွားလိုက်သေး…။အောက်တန်းစားတွေ..။
တကယ်တော့ ကနဦးမူကောင်းခဲ့ ပါလိမ့်မယ် (ပိုင်ရှင်က ကောင်းခဲ့ပါလိမ့်မယ်)။ အောင်မြင်လာတော့
ဆိုင်ခွဲတွေများလာ ဂျာတွေနဲ့ လွှဲလာ ..။ အောက်ခြေထိ မကြည့်နိုင် ။ ဂျာတွေက ခိုလာ ခိုးလာ နဲ့ လုပ်ငန်း
နာမည်ပျက်တဲ့ သဘောပါပဲ..။
Management အကြောင်းပြောရင် ရေးရင် အဲ့ဒါတွေက စာအုပ်ထဲရှိတာပါကွာတို့ ဘာသာပြန်တွေကို ကိုယ်ပြောသလိုရေးတယ်တို့
လက်တွေ့ မကိုက်ပါဘူး တို့ .. ဒို့ဆီမှာ မရပါဘူး တို့…သိပ်-သိပ် လုပ်တဲ့ အဝိဇ္ဇာအတုံးအခဲတွေ တွေ့ရတော့လည်း ချဉ်သဗျ…။
တကယ်တော့ ဆန်းတော့ မဆန်းပါဘူးလေ.. မြန်မာ ထမင်းဆိုင်-မုန့်ဟင်းခါးဆိုင်-လက်ဖက်ရည်ဆိုင် .. ကိုယ့်တိုင်းပြည်ထဲတောင်
မြို့ကြီးတွေ စုံအောင် နှံ့အောင် Chain-Branch ဖွင့်နိုင်လို့လား..။ ကမာ္ဘကို မပြောနဲ့ အရှေ့တောင်အာရှတောင် မြန်မာ့အစားအစာ
ရောင်းဖို့ ..ဝေးစွခြောက်ပါး အေးမြယောက်ျား အခြေအနေ..။
မဖွင့်နိုင်ဆို အပေါ်က အချက်ကြောင့်ပေါ့.. Top Management က ကိုယ်ဒူးကိုယ်ချွန်ပြီး စွန့်ဦးတီထွင် နဲ့ ..တက်လာ ။
နောက်ပိုင်းမတော့ ..လုပ်ငန်းချဲ့ထွင်မှုအတွက် လိုအပ်လို့ Middle Mgmt: သုံးလာရ…
ပိုင်ရှင်လုပ်သူက အောက်ခြေကို မသိ မထိတော့ ။ သူကိုယ်တိုင်လည်း အုပ်ချုပ်မှု ပညာရပ် လေ့လာဖို့ အချိန်မရှိ.. ပညာမရှိ သညာသိနဲ့
လုပ်နေကြပဲ ..ဆိုပြီး အတွေ့အကြုံအရင်းခံလို့ ဆက်လုပ်နေ… မှားတာလည်းပါ မှန်တာလည်းပါ …သို့သော် ဘာကမှား ဘယ်ကမှန်မှန်းမသိ
အလယ်က ခံနေတဲ့ ဇော်ကန့်လန့် ဂျာလယ်ဗယ်က အလုပ်တွင်ကျယ်အောင် IT သုံးမယ် ဆိုလည်း ဟင့်အင်း
အုပ်ချုပ်ရေးပိုင်း စနစ်တကျဖြစ်အောင် Mgmt ပညာ ဆိုလည်း နိုးနိုး ..။ ဒါတွေ သူတို့ သိသလား တတ်သလားဆိုတော့လည်း နတ္ထိ ။
အနေချောင်ဖို့ ပဓာန ခိုရဖို့ ခိုးရဖို့ အဓိက …။ နေရာမပျောက်ရေး က ပထမဦးစားပေး … ကောင်းရော …။
အိုဘယ့်
အနိစ္စ ။
:byae:
ဦးဦးပါလေရာ
March 30, 2013 at 6:43 am
အဲဒါအမှန်ပဲ..
ကိုယ်တိုင်လုပ်ကြည့်ဖို့တောင် စိတ်ကူးရှိတယ်ကိုဂီရဲ့..
အခက်အခဲ ၂ ခုက
၁-ကိုယ်တိုင်က စားပဲစားတတ်တာ၊ ဘာမှ မချက်တတ်ဘူး။
၂- မြန်မာပြည်မှာ လုပ်သား ဝန်ထမ်း သင့်တော်တာရဖို့ မြဲဖို့ မလွယ်ရေးချမလွယ်။
ကျုပ်စိတ်ကူးယဉ်ပြမယ်-
ပဲဆီသန့်ကိုသာ သုံးပြီး နေ့စဉ်သို့မဟုတ်သင့်တော်တဲ့အချိန်တိုင်း ဆီအသစ်လဲတဲ့ ၊ ဆီအဟောင်း ပြန်မသုုံးတဲ့ အကြော်စုံ ၊ ပလာတာ၊ စမူဆာ၊ အီကြာကွေး၊ ကို လက်ရှိဈေးထက် နှစ်ဆပေးစားရမယ်ဆိုရင်လဲ စားမယ့်လူတွေ အများကြီးရှိတယ်။ ဥပမာ ကျုပ်ဆိုရင် ပိုက်ဆံပိုအကုန်မခံနိုင်ပေမယ့် မကောင်းတာနှစ်ခုစားမယ့်အစား ကောင်းတာတစ်ခုပဲစားမယ်။
အဲသလိုပဲ
ပြင်ဆင်ကိုင်တွယ်ရာမှာလဲ သန့်ရှင်းမယ်
စားအုန်းဆီ၊ အချိုမှုန့်၊ ဆိုးဆေး၊ ဓါတုပစ္စည်း လုံးဝမသုံးဘူးလို့ အာမခံတဲ့စားသောက်စရာကိုသိပ်လဲ အရသာမကောင်းလှရင်တောင် ပုံမှန်ဈေးထက် ၅၀%လောက်ပိုပေးစားမယ့်လူတွေ အများကြီးရှိတယ်။
KZ
March 29, 2013 at 8:31 am
ဦးပါရေ။
အစားအသောက်ကိစ္စဆိုတော့ ဝါသနာအရ နည်းနည်း ဝင်ပြောပါရစေ။ :hee:
ကျနော်တို့ဆီမှာ အစားအသောက်အသည်တွေ ဆိုင်တွေ နဲ့ ပတ်သက်တဲ့ ဥပဒေ၊ စည်းကမ်းတို့က လုံလုံလောက်လောက် မတည်မြဲသေးတော့ သန့်ရှင်းမှု အရာမှာ အတော်အားနည်းတာထင်ပါရဲ့။
ဒါကို ဘယ်ကကိုင်နိုင်မလည်း။
စည်ပင်ကလား၊ ကျန်းမာရေးဝန်ကြီးဌာနကဖြစ်နိုင်မလားတော့ ကျနော်မသိဘူး။
ငယ်တုန်းကတည်းက နယ်တွေမှာ ကျောင်းတွေမှာလည်း ထင်ရာမြင်ရာဖွင့်ထားတဲ့ ဆိုင်တွေကိုကျောင်းကျန်းမာရေးအဖွဲ့က ကြပ်မတ်တာမြင်ဖူးတယ်။
မြို့ပေါ်ဈေးသည်တွေ၊ ဆိုင်တွေတော့ဘယ်သူတွေ ကြပ်မတ်ကြလည်းမသိ။
နောက်တစ်ခုက အသည်တွေအနေနဲ့ သူတို့ ဘယ်လောက် ညစ်ပတ် ညစ်ပတ်
ဝယ်စားတဲ့သူရှိနေသေးတာပဲ ဆိုတဲ့
အခြေအနေ ရှိသ၍ စိတ်ဓာတ်ရော အပြုအမူရောသန့်ရှင်းလာနိုင်မယ်မထင်။
သူ့ ဝမ်းရေးကို ထိခိုက်မဲ့ ဒုက္ခမျိုးတော့ မရောက်စေချင်ပါဘူးလေ။
ဒါပေမဲ့ သန့်ရှင်းမှုနဲ့ မညီညွတ်တဲ့ အသည်တွေ၊ ဆိုင်တွေကို ကြပ်မတ် ရှင်းလင်းလိုက်ရင်တော့ စားသုံးရသူတွေ အတော်စိတ်ချမ်းသာပြီး ကျန်းမာရေးနဲ့ လည်း ညီညွတ်တော့မှာပေါ့နော်။
စကားမစပ်။ မန်းလေးမှာတော့ အထမ်းသည် ၂ မျိုးရှိသဗျ။ ရှမ်းသည်နဲ့ ဗမာသည်။
(ဘယ်သူပိုသန့်ရှင်းတယ်လို့တော့ မပြောပြတော့ဘူးနော့။)
ရှမ်းသည်က အချဉ်ရည်၊ နှမ်းထောင်း၊ ကြာညို့နည်းနည်း နဲ့ စိုစိုလေးသုပ်တာ။
ဗမာသုပ်က တော့ မြေပဲထောင်း၊ ငရုပ်သီးမှုန့်တို့နဲ့ သုပ်တာ။
၂ မျိုးလုံးတော့ စားလို့ ကောင်းတာပဲ။
ဦးဦးပါလေရာ
March 30, 2013 at 9:58 am
မခိုင်ဇာရေ
ကျုပ်တို့ဆီမှာ သန့်ရှင်းမှု့ အားနည်းတယ်ဆိုရင်တောင် အရင်က ဒီလောက်တာဝန်မမဲ့ဘူး။ ဒီလောက်မဆိုးဘူး။
ဘာကြောင့်ဒီလိုပြောနိုင်သလဲဆိုတော့ ဦးပါက လမ်းဘေးဆိုင် ၊ ဆိုင်ခပ်မွဲမွဲတွေမှာ စားသောက်ဖြစ်တာများတယ်။ လွန်ခဲ့တဲ့နှစ်သုံးဆယ် တက္ကသိုလ်ကျောင်းသားဘဝက ဒီအရွယ်အထိ လမ်းဘေးဆိုင်ချည်း စားလာတာ။
အခု လေးငါးနှစ် အတွင်းကို အရမ်းဆိုးလာတာ..။
အဓိက က ရောင်းတဲ့သူရဲ့ စိတ်ထားက ပိုအရေးကြီးတယ်လို့ ထင်မိပါတယ်။
kyeemite
March 29, 2013 at 8:49 am
မှန်ပါတယ် ကိုပါရေ…အစားအသောက်ရောင်းတဲ့လူဟာ
စိတ်ကောင်းစေတနာကောင်းရှိဖို့ အထူးလိုပါတယ်ဗျာ… :hee:
ဒါနဲ့…..နေပါအုံးဗျ…အပေါ်က ဘိုးတော်ဘုရားနဲ့ အမတ် ကိုတော့
တို့ဟူးသုပ် နဲ့ တွဲလို့မရဘူးဖြစ်နေတယ်.. :kwi:
ဦးဦးပါလေရာ
March 30, 2013 at 10:00 am
ဘိုးတော်ဘုရားနဲ့အမတ်ကတော့ အလကားနေရင်း အပိုထည့်ထားတာပါ ကိုမိုက်ရယ်
:harr:
တိမ်မည်း
March 29, 2013 at 8:55 am
အူးအူးပါလေရာရယ်……
ကြည့်လည်းလုပ်ပါအုံး…. တော်ကြာ ဟို အမေရိကန် သထိန်းကြီး ဟောင်းဝပ်ဟူးလို ့ဖြစ်သွားပါအုံးမယ်….
သူ ့ကားကြည့်ဖူးလား…. ဒီလူကြီးက အသန် ့တအားကြိုက်တာ…… နောက်ဆုံး အဲ့စိတ်နဲ ့ပဲ စိတ္တဇဖြစ်သွားတယ်…..
ပြောမယ့်သာပြောတာပါ… ကိုယ်လည်း အဲ့အကျင့်လေးတော့ ရှိသားရယ်….
အများသုံး ရေအိုးစင်က ခွက်တွေဆို အရင်တုန်းက သောက်နေကြဆိုပေမယ့်….
ကျန်းမာရေး ဂျာနယ်တွေ ဟောပြောပွဲတွေ သွားပီး ဖတ်ပီးကတည်းက သောက်နေကြရေအိုးစင်နဲ ့တောင် အသားမကျချင်တော့ဖူး………..
ဟောကြည့်…. ရန်ကုန်မြို ့လည်ခေါင်က တီးဆိုင် တချို ့ဆို ရေနွေးကြွပ်ကြွပ် ဆူနေတဲ့ အိုးထဲက ကြွေခွက်တွေကို ကိုယ်လာမှ ဆယ်ပီးချပေး… အဲ့လိုနဲ ့နေတုန်းက မသိသာဖူး…..
ဟော တောပြ ကျေးရွာလည်းရောက်ကော ဂွကကျပြန်ကော……….
အစကတော့ ဘာလုပ်ရမှန်းမသိပါဖူး….. နောက်တော့ ဆြာတယောက်ရဲ့ လမ်းညွန်မှူကြောင့်….
တီးခွက် နှုတ်ခမ်းသားလေးတွေ တစ်ရှူးနဲ ့သုတ်တဲ့ အကျင့်လေးတော့ ရသွားသား…….
ညစ်ပတ်တာတွေ ဆက်ပြောရင်တော့ ကုန်ဖူးကွယ်….
အခုတော့ တော်သေးဘီ…..
ခင်လျက်
တိမ်မည်း
ဦးဦးပါလေရာ
March 30, 2013 at 10:06 am
အဲဒီကားထဲက ဟောင်းဝပ်ဟူးလ်သာ ရန်ကုန်ရောက်လာရင် ဘာမှမစားရဲတာနဲ့ ငတ်သေမှာပဲ…
:harr:
ကျုပ်က အသန့်အရမ်းကြိုက်တယ်တော့ မဟုတ်ပါဘူးကိုတိမ်မည်းရယ်။ ပြောရရင် အသန့်အရမ်းကြိုက်တဲ့သူတွေကိုလဲ သိပ်သဘောမကျဘူး။ နဲနဲကြီးကျယ်တယ်ဆိုပြီး မျက်စေ့စူးချင်သေးတာ။
အခုနှစ်ပိုင်းတွေမှာတော့ အစားအသောက်ရောင်းသူတွေ တာဝန်မဲ့ညစ်ပတ်လွန်းတာက အလွန်အကျွံဖြစ်လာတယ်။ ကြာရင် လူမျိုးရဲ့ အကျင့်စရိုက်လိုဖြစ်သွားမှာကို စိုးရိမ်တယ်ဗျာ။
တိမ်မည်း
April 1, 2013 at 9:23 am
အဲ့အတွက် တာဝန်အရှိဆုံးက စည်ပင် နဲ ့ ကျန်းမာရေး မှာ တာဝန်ရှိတယ်မဟုတ်လား ခင်ဗျ……..
ဟိုတလောထဲ ဂျာနယ်ထဲ ဖတ်လိုက်ရတာကတော့ လမ်းဘေး ဈေးသည်များ အဆင့်အတန်း တိုးတက်ရေးအတွက် အစိုးရက လှည်းလေးတွေ လုပ်ပေးမယ်ဆိုပဲ အဆင့်အတန်းမြင့်မြင့် ပေါ့….
လှည့်လေးတွေ လုပ်ပေးချင်တဲ့ ပလန်နင်ကို သဘောတော့ ကျပါရဲ့…..
ပြီးတော့မှ လုပ်ပေးတဲ့လှည်းက ၁၀ဝ တန် တောင်းတဲ့ အခွန်က ၂၀ဝ ဖြစ်မှ ဒွတ်ခ……..
🙁
ဦးကြောင်ကြီး
March 29, 2013 at 10:42 am
ဆင်းရဲတာ ပြသနာဗျ..။ အစိုးရမှာ ဘတ်ဂျက်မရှိလို့ (ဘုံးတာပြုတာတော့ မတတ်နိုင်) မကြပ်မတ်နိုင်ဘူး၊ ဝယ်သူမှာ ပိုက်ဆံမရှိဘူး၊ ပေါပေါရဖို့ကြည့်တယ်။ ရောင်းသူကလည်း ရေရှည်တောင့် မခံနိုင်ဘူး.. ကိုယ်မလုပ် သူများဦးသွားမှာပေါ့။ တို့ဟူးသုတ်ထက် အဆင့်မြင့်တဲ့ ကြေးအိုးဆိုင်ပဲ ကြည့်ဗျာ.. ဈေးကွက်နောက်လိုက်ရင်း အချိုမှုန့် နင်းကန်သုံးရတော့တယ်။ နောက်ပိုင်း တတ်နိုင်သူလူတန်းစားတရပ် (ဦးပါလို ခရိုပန်းရောင်မျိုး) ပေါ်လာတော့ ဈေးကြီးကြီးနဲ့ သန့်သန့်ရောင်းတဲ့ ဆိုင်တွေပေါ်လာတယ်။ တဦးခြင်းဝင်ငွေ တက်လာမှ ဈေးကွက်လည်း အရည်အသွေး မြင့်လာမယ်။ ထိုင်းမှာဆို လမ်းဘေးဈေးသည်ကအစ စနစ်တကျရှိနေပြီ။ အဲကြတော့ လက်ရှိဈေးကွက်နဲ့ဗျောင်းပျံ ငါမပြောင်းရင် သူရောင်းသွားလိမ့်မယ်ဆိုတဲ့ အိုင်ဒီယာ ဖြစ်လာကောင်းရဲ့..။
တနည်းအားဖြင့် ရောင်းသူက သန့်ရှင်းမှု ကုန်ကျစရိတ်ကို အစားအစာ တန်ဖိုးထဲ ပြောင်းထည့်နိုင်မှရမယ်။ အချို့ဆို ရောင်းသာရောင်းနေတယ် ဈေးကွက်က မတတ်နိုင်တော့ ပစ္စည်းအမြတ် မပြောနဲ့ (သန့်ရှင်းမှု အပိုဆောင်းကြေး အသာထားလိုက်) ကိုယ့်လုပ်အားတန်ဖိုး အနိုင်နိုင် ညှစ်ထုတ်နေရတယ်။ အဲလိုပေးဝယ်ဖို့ အဆင်သင့်မဖြစ်သ၍ ကောင်းလာဖို့ မလွယ်ဘူး..။
ဦးဦးပါလေရာ
March 30, 2013 at 10:12 am
ကိုကြောင်ပေးတဲ့ ဘွဲ့ ကိုတော့ ရေလည် ခိုက်သွားပြီ…
ခရိုပန်းရောင် …. တဲ့လား
:harr:
တိုင်းပြည်ဆင်းရဲတာကြောင့်ဆိုတာလဲ မှန်ပါတယ်။
စားရဖို့လောက်ကို မနည်းလုံးပမ်းနေရတဲ့ လူများစုကြီးမှာ စားရရင်ပြီးရောဆိုတဲ့ အိုင်ဒီယာဝင်လာသပေါ့။
ကျုပ်တို့ငယ်ငယ်တုန်းက ကျုပ်တို့မြို့ငယ်လေးမှာ ချစ်တီးဆိုင် တစ်ဆိုင်ရှိတယ်။
အဲဒီတုန်းက စံချိန်မျိုးနဲ့ကြည့်ရင် အရမ်းကို ညစ်ပတ်တယ်။
(ဒီကနေ့ ရန်ကုန်စံချိန်အရတော့ တော်တော်သန့်တဲ့ထဲပါပါတယ်)
ဒီလောက်ညစ်ပတ်တဲ့ဆိုင် ဘယ်သူတွေလာစားသလဲဆိုတော့
လက်လုပ်လက်စား ၊ ကုန်ထမ်းကူလီ တွေ လာစားကြတယ်။
ဘာကြောင့်လဲဆိုတော့ ဈေးပေါ လို့လေ။
ဝင်ငွေနည်းတဲ့လူတွေအဖို့မှာ ဈေးပေါတာက အခြားအရာတွေကို ဖုံးလွှမ်းသွားတော့တာပဲ..။
Ma Ei
March 29, 2013 at 11:27 am
လမ်းလေး အထမ်းဆိုင်မို့ ညစ်ပတ်တယ်ထားလို့ရသေး…
Hotel တစ်ခုက Restaurant Kitchen ထဲမှာ
ကိုက်လန်ရွက်တွေ ဖင်ခုထိုင်၊ စဉ်းနှီးတုံးကြီး ကြမ်းပြင်ချလို့
သား၊ငါး ကိုင်နေတာများ(ညစ်ပတ်နေကြတာများ)
ဘယ်လိုပြောရပါ့မလဲနော်…
ဦးဦးပါလေရာ
March 30, 2013 at 10:17 am
လမ်းဘေးဆိုင်ဆိုတာ ဆေးကျောသန့်ရှင်းဖို့ အလွန်ခက်ခဲလို့ မရှောင်နိုင်တဲ့ညစ်ပတ်မှု့တွေရှိတာမှန်ပါတယ်။
ဒါပေမယ့် ရှောင်နိုင်သမျှတော့ ရှောင်ဖို့ကောင်းတယ်မအိရေ
ကိုယ်ရောင်းတဲ့ပစ္စည်းက အစားအသောက်မဟုတ်လား..။
ကို ငြိမ်းမောင်
March 29, 2013 at 11:41 am
မြင်တွေ့တော့လည်း အခုလိုပေါ့ဗျာ။
လုပ်တာ မမြင်ရတဲ့ ဆိုင်ကျတော့လည်း အပြင်မှာ ခင်းကျင်းကောင်းရင်း ကောင်းနေတာဘဲလေ။
ဘာဘဲဖြစ်ဖြစ် ကိုယ်ချင်းစာစိတ်လေးတွေနဲ့ ကိုယ့်ဖက်သူဖက် မျှတွေးပြီး ရောင်းကြမယ်ဆိုရင်တော့ ဝမ်းသာစရာဘဲပေါ့ဗျာ။
ဦးဦးပါလေရာ
March 30, 2013 at 10:20 am
ရောင်းမယ့် မုန့်ဖတ်နဲ့ တို့ဟူးတုံးကြီးအပေါ် ဖင်ထိုင်ခုံမဲမဲကြီးကို ပက်လက်လှန်ပြီးတင်လာတာမြင်ရလို့ပါဗျာ..။
အရင် အဲဒါမမြင်ခင်တုန်းက အဲဒီဆိုင်ကချည်း (သန့်တယ်ထင်ပြီး) ဝယ်စားနေကျ
🙂
kai
March 29, 2013 at 2:57 pm
ဓါတ်ပုံရိုက်ပြီး.. မီဒီယာပေါ်တင်ရတာဖြစ်ပါတယ်..။
ဒီလိုနဲ့.. စားသူတွေနည်းသွားတာမို့.. သူတို့ကိုယ်တိုင်ပြင်ကြရင်း… လျှော့ပျောက်သွားမှာပါ…။
မြန်မာများက.. ညစ်ပတ်ရင်.. ပါးစပ်ကလည်း.. ညစ်ပါတ်တယ်ပြော..
စားလည်းမစားကြဖို့လိုတာပါ..နော..။
စကားမစပ်..
ဟိုတလောက..တွေ့တဲ့.. ရန်ကုန်စားသောက်ဆိုင်စာရင်းလေး..
သတင်းစာထဲထည့်ချင်လို့.. ဘယ်သူ့ခွင့်တောင်းရမလည်း.. ခင်ဗျ..။ :kwi:
KZ
March 29, 2013 at 3:01 pm
တဂျီး အဲလာက ဖဘက နေလေး ဆိုတာရဲ့ ဟာ။
ဦးကျောက်လည်း ရေးနိုင်တယ်ရယ်။
ခဏနေတင်ပေးမယ်။
:kwi:
KZ
March 29, 2013 at 3:04 pm
1. ငွေဆောင် Emerald Sea Hotel က အုန်းသီးကြာဇံ
2. ခခကြီး (ပုသိမ်) က ငါးရံ့အူဟင်း ငါးပိထောင်းနဲ့ ပုဇွန်ဆီပြန်
3. ဇော် (ကမာရွတ် ဘူတာရုံလမ်း) ကကော်ရည်ခေါက်ဆွဲနဲ့ ငါးပိထောင်း
4. မြတ်မန္တလာထွန်း ကားဂိတ် (မန္တလေး) ရှေ့ က လှည်းနဲ့ရောင်းတဲ့ သဘောင်္သီးသုပ်
5. ချင်းလန် (လသာ) က မြေအိုးမြီးရှည်
6. မြောက်ဥက္ကလာ ဆေးရုံလမ်းက မန္တလေး မြီးရှည်
7. ရွှေတောင်တန်းလမ်း QQ က ရှောက်ချိုသီး ပျားကြက်ဥ န…ဲ့ ဒူးရင်းသီး မစ်ရှိတ်
8. Moon Bakery က ပြည်ကြီးငါးချဉ်စပ်ထမင်းနဲ့ မလေးရှားမြေအိုးထမင်း
9. ရွှေဂုံတိုင် Excel က JUMBO က EFU ခေါက်ဆွဲ
10. JUNCTION ZAWANA က သီးစုံသနပ်
11. Capital Mart က ကြက်ကြော်နဲ့ ဆော်ဒါ
12. M-3 က သကြားကပ်တို ့ဟူးနဲ့ ဝက်စတူး
13. Cafe Utopia က ပြည်လုံးချမ်းသာဟင်း
14. SS က အဏ္ဏဝါအသားစုံဟင်း
15. ရွှေပန်ဆိုင်းက ဘဲခြေထောက်သုပ် နဲ့ ကြက်ပေါင်း
16. Lucky Seven က နို့ စိမ်းခေါက်ဆွဲ
17. ရသာ (လှည်းတန်း) က ကြေးအိုး
18. လှည်းတန်း ဦးထွန်းလင်း ခြံလမ်းက ယိုးဒယား သဘောင်္သီးထောင်း နဲ့ ကြာဇံချက်
19. မေဟွားက ငါးခြင်္သေ့
20. Happy Noodle က ပုန်းရည်ကြီး Spaghetti နဲ့ ငါးပုပ်ခြောက် ထမင်းကြော်
21. စမ်းချောင်း ပဒုမ္မာကွင်း La Belle ရှေ ့ က ဝက်သားတုတ်ထိုး
22. မြေနီကုန်းက အညာသား ထမင်းပေါင်း
23. မင်းလမ်း မုန့်တီဆိုင်က လှော်စာ ခရုသုပ် နဲ့ ကင်းပုဇွန်မီးဖုတ်
24. တာမွေ မင်းလမ်း က ဝက်ခေါင်းသုပ်
25. တာမွေ ရွှေညောင်ပင် က ကြက်သားသုပ်
26. ရန်ကင်း ယွန်းက ဒိန်ချဉ်
27. ရန်ကင်း ၁၂ လုံးတန်းက ထောပတ်သီး ဖျော်ရည်
28. ပုသိမ် (ကွမ်းခြံဈေးထိပ်) က အသုပ်စုံ
29. ပုဂံက ပုန်းရည်ကြီး အချဉ် (တောင်သူလယ်သမား) နဲ့ ပဲနှပ်
30. ရွှေမြို့တော် ချစ်တီးထမင်းဆိုင်က ဆိတ်သားပလာတာ
31. လက်ရွေးစင် ကော်ဖီက တိုရှည်နဲ့ နို့လက်ဖက်ရည်
32. ဒဂုံတက္ကသိုလ် ဖယ်ရီကန်တင်းက မြိတ်ကတ်ကြေးကိုက်
33. သိမ်ကြီးဈေး အောက် ၂၄ လမ်းထိပ်က ကော်ပြန့်စိမ်း
34. ရန်ကင်းပန်းခြံကြေးအိုးဆိုင် က ကြက်တောင်ပံကင်
35. ၂ရ လမ်း ကြေးအိုးဘုရင်က ကြေးအိုးဆီချက်
36. စံပြရုပ်ရှင်ရုံရှေ့ က မာလာဟင်း
37. လှည်းတန်း နယူးဝင်းက ကန်စွန်းပလိန်း
38. ၁ရ လမ်းထိပ်က ဆေးကုလားမ နဲ့ ဝက်သားကောက်ညှင်းထုပ်
39. တောင်ဒဂုံ ၂ဝ ကုန်တိုက်ရှေ့ က ဘူးသီးကြော်
40. မြေနီကုန်း ရွှေဇုန်က ပြောင်ဖူးမီးဖုတ်သုပ်
41. မြေနီကုန်း ရွှေရည်က မုန့်စိမ်းပေါင်း
42. ယုဇန ပလာဇာရှေ့က ငါးဖယ်အစာသွပ်
43. Millions Coin က ချဉ်စပ်ကြေးအိုး
44. Emerald Sea (ငွေဆောင်) က ဂဏာန်းကော်ရည်
45. ၂ရ လမ်းထပ်က ပန်းသေးခေါက်ဆွဲ
46. မော်လမြိုင် ဈေးချိုက ဘဲလျာသုပ်နဲ့ မျော့နံကပ်ကြော်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါက ဦးကျောက်ရေးထားတဲ့ဟာ။
:kwi:
KZ
March 29, 2013 at 3:12 pm
http://www.facebook.com/?ref=tn_tnmn#!/kai.thwin/posts/10200832215956145
မှားလို့ တဂျီး။
နေလေး ဟုတ်ဘူး…
တွေ့ပြီ။
ဒီမှာ။
ဒါ ရန်ကုန်စာ။
:hee:
kai
March 29, 2013 at 11:44 pm
ကျေးကျေး..
ဒါပေမယ့်..ခရက်ဒစ်က..anonymous ကြီးဖြစ်နေတယ်..။
GaviaGirl
March 29, 2013 at 4:18 pm
ဘာမဆိုင်ညာမဆိုင် (ဆိုင်ချင်လည်း ဆိုင်မှာပေါ့နော်)..အရင်ရုံးက အပျိုကြီးတစ်ယောက်ကို သွားသတိရတယ်… (ရွာထဲက အပျိုကြီးများ မျက်စောင်းမထိုးပါနဲ့နော်..)
ပြောရရင် သူက ”မဝင်းခိုင်”..ဆိုတော့ ဒီလောက်ဆေးတွေအများကြီးရှိရဲ့သားနဲ့… ညစ်ပတ်တဲ့ဆိုင်က အစားကို စားရင် ဗိုက်မကောင်းဖြစ်ပြီး ဝမ်းသွားအောင်လို့ဆိုပြီး တကယ့်ကို ညစ်ပတ်ပါတယ်ဆိုတဲ့ဆိုင်က အသုပ်ကို သွားဝယ်ပြီး စားသတဲ့… (ဂေါက်ချက်)… အဆုံးမတော့ ဝမ်းက မသွားဘဲနဲ့.. ဝမ်းကိုက်ပြီး ဆေးသွားကုလိုက်ရလေသတည်း..ဖြစ်သွားတယ်…
အန်တီမမပြောသလိုပဲ တကယ့်ဆိုင်ကြီးတွေလည်း အနောက်ကို သွားကြည့်ရင် စားချင်စိတ်ပျောက်သွားနိုင်လောက်ပါတယ်…
သမီးလည်း အခုဆိုရင် ဆိုင်တွေမှာ ရေနွေးတို့ ရေတို့သောက်ရင် ခွက်ကိုရေနဲ့ဆေး၊ တစ်ရှူးနဲ့ သေချာသုတ်ပါတယ်… ဒါတောင် သူငယ်ချင်းတစ်ယောက်ကပြောသေးတယ်… (တစ်ချို့ဆိုင်တွေက ရေနွေးနဲ့ပြုတ်ထားတာလေ..) သူတို့က ရေနွေးထဲက ဆယ်ထားတာ သန့်ပြီးသား..နင် တစ်ရှူးနဲ့ ထပ်သုတ်မှ ပိုဆိုးမယ်တဲ့.. နင့် တစ်ရှူးက ဘယ်လောက် သန့်လို့လဲတဲ့.. ဒါမယ့် သမီးကတော့ တစ်ရှူးနဲ့ မသုတ်ရရင် စိတ္တဇပဲ.. 🙂
ဆိုတော့ ..သမီးတို့ရဲ့ဝမ်းက ငယ်ငယ်ကတည်းက စားလာတဲ့ ဒီဘက်တီးရီးယားတွေကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိပြီးသား.. ဒါကြောင့် မျက်စိရှေ့မြင်တာလည်း မဟုတ်ဘူး..စားချင်တဲ့ အစားအစာလည်း ဖြစ်နေမယ်ဆိုရင်တော့ ဘာကိုမှ ရှေ့ဆက်မတွေးတော့ဘဲ စားလိုက်မယ်လို့ ဆုံးဖြတ်ထားပါကြောင်း.. :kwi:
ဦးဦးပါလေရာ
March 30, 2013 at 12:11 pm
အဲဒါတော့ တကယ်ဟုတ်တယ်..။
မိတ်ဆွေတစ်ဦးရဲ့ မိသားစုဝင်တွေက မကာအိုမှာ သွားနေတာ ကြာပြီ
သူတို့ မြန်မာပြည်ပြန်လာလည်ရင် အစားကလဲသောင်းကျန်းတော့ ဘာစားစားဝမ်းလျှောတာနဲ့ပဲ နောက်ပိုင်းတော့ အိမ်မှာပြုတ်တဲ့ ဆန်ပြုတ်ပဲ သောက်ရတယ်။
🙂
Mr. MarGa
March 30, 2013 at 2:22 pm
ဒါကြောင့်ထင်ပါ့
သွားလေရာ တစ်ရှူးပါတာလေ
မောင် ပေ
March 29, 2013 at 7:52 pm
ကျုပ်တို ့အသက်ရွယ်ပိုင်းတွေကြ
ဖြတ်လာတဲ့ ခေတ်ကိုက ဖြစ်ကတတ်ဆန်းခေတ်မို ့လားမသိ
တော်ရုံလက်သုတ်စုံလောက်ကတော့
ဝမ်းမှန်ရုံလောက်ပဲ
အရမ်းချမ်းသာတဲ့ အသိုင်းအဝိုင်း ၊ ဥပမာ ခရိုပန်းဦးပါတို ့လို ဆိုရင်တော့ ၊ တစ်ဖတ်ကို တစ်ဖတ် ဆိုသလို သိသာမှာပါ
ဦးဦးပါလေရာ
March 30, 2013 at 12:28 pm
ဘယ်ကလာ ခရိုပန်းရမလဲ ကိုပေရယ်..
ကျုပ်က လခစားပါ။ သူများပြောတာ မယုံနဲ့..
:harr:
မန်းလေးနဲ့ အခြားနေရာတွေနဲ့တော့မတူဘူးနော..
ကျုပ်မန်းလေးမှာ နေခဲ့တဲ့ ရ နှစ်အတွင်း လမ်းဘေးသည်နဲ့ အထမ်းသည်တွေဆီကချည်းစားလာတာ
အလွန်အကျွံညစ်ပတ်တာ တစ်ယောက်မှ မတွေ့ဖူးဘူး..။
တစ်ခါတော့ ဆိုင်စုတ်စုတ်လေးမှာ ထမင်းစားနေတုန်း လေပွေတိုက်တော့ ပန်ုးကန်တွေထဲ ဖုန်တွေဝင်ကုန်တယ်။
ကျုပ်က မသိချင်ယောင်ဆောင်ပြီး ဆက်စားမယ်လုပ်တော့ ဆိုင်ရှင်အဒေါ်ကြီးကပြောရှာတယ်-
သား… အဲဒီပန်းကန်မစားနဲ့တော့ .. အသစ်ထည့်ပေးမယ်… တဲ့…
နေဝန်းနီ
March 29, 2013 at 8:45 pm
ဗမာ အတော်များများပါပဲ ညစ်ပတ်တယ်.. ….။ ဗမာဆိုလို့ တစ်မျိုးမထင်နဲ့ဦး ကျနော်ပြောတဲ့ဗမာဆိုတာက တစ်ခြားတိုင်းရင်းသားတွေ မပါဘူး …။ တစ်ခြားတိုင်းရင်းသားတွေ ညစ်ပတ်သလား မညစ်ပတ်ဘူးလား ကျနော်မသိလို့
ဦးဦးပါလေရာ
March 30, 2013 at 12:32 pm
တကယ်တော့ တရုတ်ပြည်တွင်း အစွန်အဖျားတွေမှာလဲ
မြန်မာပြည်ထဲထက်တောင် ပိုညစ်ပတ်တယ်လို့သိရပါတယ်။
ဆင်းရဲပြီး အထိန်းအကွပ်မရှိတဲ့နေရာတွေမှာ ဒီလိုပဲ လူနေမှု့ စံချိန်စံညွှန်းတွေ လျော့သွားတတ်တာပါပဲကိုနေရေ..။
အရီးခင်လတ်
March 29, 2013 at 9:25 pm
ငှက်ကထကြီး
အသံပျောက်နေတာကြာပါပေါ့လား။
(၁) တို့ဟူး
အချက်အပြုတ်ကောင်းတဲ့သူတွေစုနေတဲ့ နေရာမှာ ငြိမ်နေရတာ။
အခုမှ ဆရာလုပ်ဖို့အကွက်ပေါ်ပြီ။
တို့ဟူးကို မွှေးပဲမှုန့်အစိမ်း ကို သုံးပြီး ကြိုတာ အတော်အလုပ်ဖြစ်ပြီး အရသာလဲကောင်းပါတယ် ကိုပါရေ။
တို့ဟူးကြိုတဲ့ အိုး ကတော့ stainless steel ဒယ်အိုး လိုသုံးတာ တော်ရုံမကပ်ဘူး။
မွှေတော့ မပြတ်မွှေရပါတယ်။
အလွန်ဆုံး ငါးမိနစ်ပါဘဲ။
ပဲမှုန့်တစ်ထုပ် ဆို အများကြီးရတာ။ လူ ငါးယောက်လောက် အဝစားလို့ ရမယ်ထင်ရဲ့။
(၂) ဆိုင်တွေက ညစ်ပတ်ခြင်း
ကြည့်ရတာ ကိုပါတစ်ယောက် အသက်ကလေးရလာလို့ ထင်ရဲ့။
ကျန်းမာရေး ကိုလဲ ငယ်ကထက်ပိုပြီး ဂရုစိုက်လာတာလဲ ပါမယ်။
ကျောင်းတုန်းက ကန်တင်း ကို ပြန်ပြေးပြီး မြင်လိုက်ပါလေ။
မြန်မြန်လုပ်ပေးပါ၊ ဆာလှပြီ။ ဆိုပြီးအော်နေကြတာ။
ကျောင်းသားတွေက လောလေ။ မြန်မြန်လုပ်လေ။ သန့်ရှင်းမှု ဘက်ကို ရော့လေဘဲ။
အဲဒီတုန်းကလဲ ဒါမျိုးတွေ မြင်သားနော်။
ဂရုမစိုက်ပေါင်။
စားရဖို့ အဓိက နဲ့ အရသာရှိတာ ဘဲသိတယ်။
အခုတော့လဲ အစားအသောက်ရောင်းသူတွေကလဲ ပိုပြီးညစ်ပတ်လာသလားဘဲ။
စားတဲ့အထဲမှာ ကျန်းမာရေးဒေါင့်ကကြည့်လာသူတွေလဲ ပါ တော့ ဒီလိုလူမျိုးတွေ ကို သူတို့ လက်လွတ်လိုက်ရမှန်းသိမှာ မဟုတ်တာ စိတ်မကောင်းစရာဘဲ။
ဦးဦးပါလေရာ
March 30, 2013 at 12:35 pm
တို့ဟူးလုပ်စားဘို့ အကြံပေးတာ ကျေးဇူးပါ မခင်လတ်ရေ…။
ကျောင်းကင်တင်းတွေကတော့ အခုထိကို အလွမ်းပြေသွားစားနေတုန်းပါ။
မနေ့တစ်နေ့ကတောင် ဘီအီးဒီကင်တင်းက ဦးတင်ဝင်းရေခဲသုပ်နဲ့ ပုဇွန်ခွက်ကြော် စားလာသေးတယ်။
ညစ်ပတ်သလားသန့်သလားကတော့ မစဉ်းစားမိတာအမှန်…။
လူကျတဲ့အချိန်ဆို စားရရင်တောင် ကံကောင်း…..
:harr:
မဟာရာဇာ အံစာတုံး
March 30, 2013 at 12:15 am
အဟမ်းး
ကျုပ်က မတူအောင် မန့်မယ် …
ဥပါဂျီးက တော်တော် အပြောဆိုးဒဲ့ လူဂျီးဘဲ …
ဝေဖန်ရေး ဒမားဂျီးဘဲ ….
လမ်းဘေး ဈေးသည်တစ်ယောက် အမြင်မတော် လုပ်လာတာကိုတောင်မှ
ဂလောက်တောင် ဆော်ထည့်နေရင် …
သူ့အိမ်မှာဆို … အင်း .. တော်တော် မလွယ်မယ့် လူဂျီး ဖစ်လောက်ဒယ် …
ဒါမယ့်လေ … အင်းး .. အဲ …
အိမ်မှာ အကျောက်ချိမယ် ဆိုရင် .. အင်းးး .. အဲ .. တစ်ညိုး ဖစ်ရင် ဖစ်မယ် ထင်ဒါဗျဲ …
ဟီးးး ဟီးးး
ပြာဒေါ မကြူးရိုက် ရူးရင်လူးရဲ ခွှတ်လွေး ဘို့လာ ….
ဦးဦးပါလေရာ
March 30, 2013 at 12:44 pm
ဟဲ့…
အိမ်မှာ ဂျီးမများရဲလို့ အပြင်မှာဂျီးများ တာပေါ့…
ကျုပ်အိမ်က ပန်းကန်ခွက်ယောက်တွေက သန့်မှသန့်…
မသန့်ရင် မိန်းမက မောင်းချမှာ….
:harr:
etone
March 30, 2013 at 11:41 am
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဦးဦးရေ …. ရောင်းတန်းက ဟာတွေ စားလျှင် အဲ့လိုပါပဲ …. ။ မျက်စိ စုံမှိတ်မစားနိုင်လျှင် မြိုလို့ကို မကျနိုင်ဘူးလေ ။
သမီးလည်း တလောကမှ ပါဆယ်သွားဝယ်ရင်း အသုတ်သည်နဲ့ ….. စကားအခြေတင် ပြောခဲ့ရသေးတယ် ။
တနင်္ဂနွေလို နေ့မျိုး … နင်းကန်အိပ်ပြီး နိုးလာတဲ့ အချိန် ဈေးကွဲတော့မှ အပြင်ထွက် အသုတ်ဝယ်တော့ ဈေးသည်က လူကြဲ ချိန်…စာအုပ်တအုပ်နဲ့ ဂဏန်းတွေ ဟိုရေး ဒီရေး လုပ်နေပါတယ် ။ ကိုယ်လာတော့မှ သူက ကောက်ခါ ငင်ကာ ထည့်ပေးမလို လုပ်တဲ့ အခါ … အရင်ဆုံး စာအုပ်နဲ့ ဘောပင်ကို ချပါတယ် ။ ပြီးတော့ ထမိန် ပြင်ဝတ်တယ် … ပြီးတော့မှ … လက်က ခေါက်ဆွဲမျှင်တွေကို ဗျက်ခနဲ လှမ်း အကိုင် …. သူ့ကို လက်ဆေးပြီးမှ ခေါက်ဆွဲတွေကိုင် ထည့်ဖို့ပြောတော့ … နည်းနည်း ဖုသွားတယ်ထင်တယ် …. ဆိုင်နောက်က အသင့်ရှိနေတဲ့ မြင်ရရုံနဲ့ ဆီတဝင်းဝင်း ညစ်ထေးနေတဲ့ ရေဇလုံထဲကို လက်နှစ်ဖက်စလုံး ဇွက်ခနဲ နှစ်ပြီး … လှုပ်ခါဆေးလို့ …. လက်ဆေးခြင်းအမှုကို ပြုလုပ်ပါတယ် ။ပြီးတော့ ရေစက်လက် လက်ကို … ခါးက ထမိန်နဲ့ သုတ်တယ် … မြင်ရရုံနဲ့ အတော် ချဉ်သွားတယ် … ။စားဖို့တောင် မသတီတော့ဘူး ။ ဒါနဲ့ … မဝယ်တော့ဘူးလို့ ပြောတော့ …. ။ ဒီလောက် အသန့် ကြိုက်နေလျှင် ဟိုတယ် တက်စား ဆိုလား ဘာလား ပြောလိုက်တာ ကြားလိုက်တယ် ။
သမီးအကျင့်ကလည်း တခုခုဆို တုံ ့ပြန်မှုက … မရည်ရွယ်ပဲ အော်တိုပြန်ပြောမိလျှက်သားနဲ့ non-stop ပြောပြီးတဲ့ အဆုံး ဈေးသည် ဒေါကွီးပြီး နင်ပြီး ကျန်ခဲ့တော့တယ် ။
လက်အိတ်မသုံးတာ အပြစ်မပြောပါဘူး ၊ လက်နဲ့ ကိုင်မယ်ဆိုလည်း အမြင်အားဖြင့်တော့ သန့်သန့် ရှင်းရှင်းတော့ ဖြစ်သင့်တာပါ ။ နောက်ပိုင်းအပြင်ဆင်ကို သန့်သန့် ပြန့်ပြန့် ရောင်းမယ့် ဆိုင်မျိုးတွေ များလာလျှင် အဲ့လိုဆိုင်တွေ …. သိပ်ရောင်းရမှာ မဟုတ်တော့ဘူး ။ 🙄
ဦးဦးပါလေရာ
March 30, 2013 at 1:50 pm
အခု နှစ်နှစ် သုံးနှစ်လောက်အတွင်းမှာကို ရန်ကုန်မှာ လမ်းဘေးဆိုင်တွေလဲ အရမ်းများလာတယ်။
လမ်းဘေးစားသူတွေလဲ အရမ်းကို များလာတယ်..။
ဆိုင်တိုင်းနီးပါး ညစ်ပတ်နေရင် ၊ အဲဒါကိုလဲ စားသူတွေက မှိတ်ကြိတ်စားနေရင် ကြာလာတဲ့အခါ ကိုယ့်လူမျိုးရဲ့ စားသောက်နေထိုင်မှု့စရိုက်ပါ နိမ့်ကျသွားမှာစိုးပါတယ်။
သန့်ပြန့်တဲ့ဈေးသည်ကိုသာ ရွေးချယ်အားပေးကြရင် ပစ်စလက်ခတ်နိုင်တဲ့ဈေးသည်တွေ လျော့သွားမှာအမှန်ပဲ။
ဆူး
March 30, 2013 at 12:04 pm
ဆူး လည်း တို့ဖူးသုတ် ငယ်ငယ် က အထမ်းသယ်လေးတွေ ရောင်းတာ စားဖူးတယ်.. အခုနောက်ပိုင်း ဗဟုသုတ များလာတော့ အဲ့လို အထမ်းသယ်တွေ ဆီက ဝယ်မစားရဲတော့ဘူး.. ဗိုက်နာမှာ ညစ်ပတ်မှာ စိုးရိမ်လို့.. စားဖြစ်တာ နှစ်နဲ့ချီလာတော့ တခါတလေ အဲ့ဒီ တို့ဟူးသုတ် သိပ်လွမ်းမိတယ်။
အလွမ်းပြေ တလောကပေါ့.. ရွာထဲက အပျိုကြီး တယောက် တို့ဟူးသုတ် လုပ်ကျွေးတာ ငယ်ငယ်က စားခဲ့ရတဲ့ တို့ဟူးသုတ် အရသာမျိုး အလွမ်းပြေ စားခဲ့ရတာ စိတ်ထဲမှာ တော်တော် ကျေနပ်မိတယ်.. ဆန္ဒတွေ ကြာရှည်စွာ တောင့်တ နေတာ.. ပြည့်သွားလို့.. ဟိဟိ.. အဲ့ဒီ တို့ဟူးသုတ် တော်တော် ကောင်းတယ်။ ဆူး ကိုတောင် ပြောသေးတယ်.. တို့ဟူးကတော့ ဘယ်အချိန်ကျိုကျို ကွက်တိပဲတဲ့.. ဟိဟိ..
ဖွ ခြင်း မဟုတ်.. သဘောကျလို့.. ကြွားပေးခြင်း ဖြစ်ကြောင်း။ 😀 🙂
ဦးဦးပါလေရာ
March 30, 2013 at 2:05 pm
အဲဒီအပျိုကြီးဘယ်သူဆိုတာ ရိပ်မိတယ်နော…
ပြောလိုက်ပါ … ကြော်ငြာဖတ်ရုံနဲ့ မယုံဘူးလို့
လက်တွေ့စားကြည့်ပြီးှမှ ယုံမယ်.. လို့…
🙂
ကိုပေါက်(မန္တလေး)
March 30, 2013 at 1:03 pm
ကောင်းတာက တော့ မန်းလေးးဂေဇက်စားသောက်ဆိုက်ဆိုပြိး ဖွင့်ဘို့အချိန်တန်ပြီနော်။
ရွာသားတွေက မြန်မာအနှံ့ ကမ္ဘာအနှံ့ရှိတော့ ဆိုင်ခွဲတွေကို အောတိုက်နေမှာဘဲ၊
အချက်အပြုတ်ကောင်းသူလဲအဆင်သင့်
သန့်ရှင်းအောင်ဂရုစိုက်ပေးမယ်သူလဲအဆင့်သင့်
ဆိုင်းရောင်းကောင်းအောင် မာကက်တင်းလုပ်ပေးမယ့်သူလဲအဆင်သင့်
စီမံခန့်ခွဲအုပ်ချုပ်မယ့် သူလဲအဆင်သင့်
လိုအပ်ချက်တွေကိုထောက်ပြဝေဖန်မယ့်သူလဲအဆင်သင့်
ဆိုင်အတွက်လိုအပ်တဲ့ပစ္စည်းတွေသွင်းမယ့်သူတွေကလဲအဆင်သင့်
ငွေအရင်းအနှးီးထုတ်နိုင်တဲ့သူလဲအဆင်သင့်
ကြော်ငြာပေးမယ့် သူလဲအဆင်သင့်
ဝယ်စားနိုင်တဲ့သူတွေကလဲ အဆင်သင့်
အဲ ကျနော်ကတော့ စားပွဲထိုးလုပ်ပေးပါမယ်။
ကဲ သူကြီးမင်း ဦးခိုင် ဘာလုပ်ရင်ကောင်းမလဲမမေးနဲ့
လုပ်စရာတွေ့နေပြီ ရှယ်ယာသာခေါ်လိုက်တော့။
ဦးဦးပါလေရာ
March 30, 2013 at 2:02 pm
အကိုက စားပွဲထိုးလုပ်ရင် ကျွန်တော်က စားပွဲထိုးအကူလုပ်မယ်…
ပြဿနာရှိရင် ကိုပေါက်ကရှင်း …
ဧည့်သည်က tip ပေးရင် ကျွန်တော်က ရ …
ပိုင်တယ်နော…
:harr:
kai
March 31, 2013 at 1:29 am
မြန်မာစားသောက်ဆိုင်တွေထဲ.. အအောင်မြင်ဆုံးက.. ဆန်ဖရန်စစ္စကိုမှာရှိတယ်..
ဆီလီကွန်ဗယ်လီထဲကဆိုင်ဆို.. မီနှူးကို.. အိုင်ပက်နဲ့လာတာ..။
မြန်မာဇာတိနွယ်ထဲ..အအောင်မြင်ဆုံးကတော့.. ယူအက်စ်တင်..ဆိုင်ခွဲ ၁၅၀ဝ ကျော်ရှိတဲ့.. Panda Express ပါ..
မြန်မာအစာ.. စစ်စစ်တော့ မဖြစ်..။ ချိုင်းနီး.. အင်ဒီယန်း.. ထိုင်းတို့နဲ့..ရောသမမွှေရလိမ့်မယ်.။
=
Panda Express | Chinese Food, Wok-Cooked and Served Fast
http://www.pandaexpress.com/
Asian-inspired cuisine in a fast casual environment. Search menu items and nutrition facts, find a location near you, learn about careers and more.
Mr. MarGa
March 30, 2013 at 2:27 pm
ဦးပါ သန့်ရှင်းမှုအကြောင်းပြောမှ
ကျွန်တော်တောင် တဖြည်းဖြည်း အသန့်ကြိုက်လာတာ သတိထားမိတယ်
များများ သိလာလေ များများ ရှောင်လေပဲ
ဒါပေမယ့် ဗိုက်ဆာနေတဲ့အချိန်ဆိုရင်တော့ ဘာလာလာ ဆွဲတာပဲ :kwi:
ဦးဦးပါလေရာ
March 31, 2013 at 1:15 am
အတွေ့အကြုံတစ်ခုပြောပြဦးမယ်-
တစ်ခါက သိပ်မရင်းနှီးသူတစ်ယောက်ရယ် ရင်းနှီးသူတစ်ယောက်ရယ် ကျုပ်ရယ်
သုံးယောက်သား ကြေးအိုးဆိုင်ကလေးတစ်ခုမှာ ထိုင်စားဖြစ်တယ်။
ကျုပ်က ဆန်ပြား ကြေးအိုးဆီချက်စားတာ..
စားနေရင်း ပန်းကန်ထဲမှာ ဆံပင်မွေးတစ်ချောင်းပါလာတာတွေ့ရတယ်
အဲဒါကို ဆွဲထုတ်တော့ နောက်တစ်ချောင်းပါလာပြန်တယ်
ကျုပ်လဲ ဆံပင်မွေးတွေဖယ်ပြီး ဆက်စားမယ်လုပ်တော့ (ကျုပ်က ဆံပင်ကို မရွံတတ်ပါ)
သိပ်မရင်းနှီးတဲ့မိတ်ဆွေက နောက်တစ်ပွဲမှာစားပါလားဆိုပြီး (စိတ်ပျက်လက်ပျက်ကြည့်ရင်း) အကြံပေးတယ်…
ကျုပ်ကလဲ ရတယ်… ရတယ်… လို့ပြောပြီး ဇွတ်ဆက်စားတယ်။
အဲသလို စားခြင်းအားဖြင့် အခြားသူက ကျုပ်ကို ညစ်ပတ်တဲ့လူ၊ နှမြောကပ်စေးနဲလွန်းတဲ့လူ လို့ထင်သွားနိုင်မှန်းသိပါတယ်..။
ဒါပေမယ့် ပြဿနာက ကျုပ်က အရမ်းဆာနေတယ်။ နောက်တစ်ပွဲကို မစောင့်နိုင်ဘူးလေ..။
:harr:
Mr. MarGa
March 31, 2013 at 6:37 pm
ပြောသာပြောရ
အဲဒီအချိန်မှာ ကျနော်ဆိုလဲ ဦးပါအတိုင်းပဲ လုပ်မိမယ်
အခုထိတော့ အဲဒီကိစ္စတွေက ပြောစရာ မဖြစ်သေးဘူး။
အကုန်လုံးနီးပါးက ပြောမနာ ဆိုမနာတွေဆိုတော့လေ။
တစ်ယောက်ထုတ်ရင် အကုန်ဝိုင်းလုစားကြတာ………………
ရှေ့ ဆက်ရမယ့် ခရီးအတွက်တော့
ရှောင်မှထင့်
ဒါပေသိ အဲဒါကို တစ်ဖက်ကနေ တွေးပြန်ရင်လဲ ဇီဇာကြောင်တယ်ဖြစ်ဦးမဗျ
မလွယ်လိုက်တဲ့ ပတ်ဝန်းကျင် :kwi:
weiwei
April 1, 2013 at 9:14 am
အသုတ်ဆိုရင်တော့ ကျွန်မတစ်သက်လုံး တစ်ခါမှ ဆိုင်ကရောင်းတဲ့အသုတ်ကို မစားဖြစ်ခဲ့ဘူး … ရွံတတ်တဲ့စိတ်ကြောင့် ဗိုက်ဆာနေရင်တောင်မှ မစားပဲ အငတ်ခံပါတယ် … အဲဒီတော့လဲ ငတ်တာပဲ အဖတ်တင်တာပေါ့ …
မနက်မိုးလင်း မနက်စာကစပြီး အိပ်ခါနီးအထိ စားသမျှအားလုံးကို ကိုယ်တိုင်စီမံရတာ အချိန်လဲကုန် ဦးနှောက်လဲသုံးရပါတယ် … အဲဒီလိုမလုပ်ပဲ အဆင်သင့်လေး ဝယ်စားလို့ရရင် သိပ်ကောင်းမှာပဲလို့ ခဏခဏတောင့်တမိတယ် …
ကျွန်မက ဗမာ့ရိုးရာမုန့်တွေကိုကြိုက်တယ် … မုန့်ကျွဲသဲ၊ မုန့်ဦးနှောက်၊ မုန့်စိမ်းပေါင်း၊ ကောက်ညှင်းပေါင်း၊ ထန်းသီးမုန့် စတဲ့ ဗမာမုန့်တွေအကုန်ကြိုက်တယ် … အများအားဖြင့် အမေ ဈေးသွားရင် စားချင်တာမှာလိုက်ပြီး အိမ်မှာ စားတာပေါ့ … အခုတလော အမေ နေမကောင်းလို့ ကိုယ်တိုင်ဈေးသွားရတော့မှ …
ကောက်ညှင်းပေါင်းသည် အဖွားကြီးလက်က အပူဒဏ်ကို တော်တော်ထိထားပြီးတဲ့အနေအထားမို့လို့ နီရဲရဲနဲ့ ရေစိုတာများထားတာမို့လို့လဲ လက်မှာပဲကြီးရည်တွန့်တဲ့ပုံနဲ့ လက်အိတ်မစွပ်ပဲ ဒီအတိုင်း ကိုင်တဲ့အခါ စားချင်စိတ်ပျောက်ပါတယ် ..
မုန့်ကျွဲသဲသည်ကလဲ တခြားမုန့်တွေလဲရောင်းရင်း တစ်ခါမှ လက်သုတ်တာမတွေ့ ဒီအတိုင်းပဲ ကောက်ကိုင်တယ် … ယင်ကောင်ကလဲ တစ်ဖက်ကိုယမ်းလိုက်ရင် နောက်တစ်ဖက်မှာနားနဲ့ …
ညစ်ပတ်တာတွေကို မြင်ရပါများတော့ ဘာမှကို ဝယ်စားချင်စိတ်မရှိတော့ပါဘူး … :byae:
ဦးဦးပါလေရာ
April 1, 2013 at 11:11 pm
အဲဒါကြောင့် အချက်အပြုတ် တော် သွားတာဖြစ်မယ်။
စားချင်သမျှ ကိုယ်တိုင်ချက်ြ့ပုတ်ရတာဆိုတော့ …..
🙂