ရယ်ရယုံ (၂၉)

etoneJuly 24, 20101min890

၁။ သတင်းကောင်း

ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို
ကြည့်ကာ အိမ်တွင် တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..

ယောကျာ်း ။ ။”မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ
စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ လုံလောက်နေပြီ”

မိန်းမ။ ။ကောင်းပြီ ရှင်ကို သတင်းကောင်းနဲ့ အရင်ပြောမယ်၊ ကျွန်မတို့ဆီမှာ
ကလေးငါးယောက် ရှိတယ်နော်။
အဲ – လေးယောက်ဟာ ဒီနေ့မှာ ခြေထောက်ရော လက်ရော မကျိုးဘူး”

၂။ ဆက်စပ်နေတာကိုး

လူနာ။ ။”ဒေါက်တာ၊ ကျနော်ကို ကယ်ပါဦး၊ ညတိုင်း ညတိုင်း
အိပ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်။

ဘယ်နေရာ ကြည့်ကြည့် မီးတောက်မီးလျှံတွေကိုပဲ မြင်ရတယ်။ တစ်ကိုယ်လုံး

ပူလောင်အိုက်စပ်နေတယ် ၊ အသက်ရှုလို့လည်း မဝဘူး.. ဆိုးဆိုးဝါးဝါး ခံစားရတယ်

ဒေါက်တာရယ် ”

ဆရာဝန်။ ။ “နေ့ခင်းမှာ ခင်ဗျား နေပူစာ လှုံတယ်ထင်တယ်”

လူနာ ။ ။ “မလှုံပါဘူး ဆရာ”

ဆရာဝန်။ ။”ဒါမှမဟုတ် မအိပ်ခင် အိပ်ရာကို သန့်ရှင်းအောင် ဖုန်တွေ ဘာတွေမခါဘူးထင်တယ်”
လူနာ ။ ။”ကျနော် အိပ်ခါနီးတိုင်း ခါပါတယ်ဆရာ ”
ဆရာဝန်။ ။”ခေါင်းမြီး ခြုံအိပ်တယ်နဲ့ တူတယ်”

လူနာ။ ။ “မအိပ်ပါဘူးဆရာ”

ဆရာဝန်။ ။”ပိုက်ဆံကို မီးရှို့ ပစ်သလိုသုံးနေလို့ မိန်းမကခင်ဗျားကို
အပြစ်တင်တယ် ထင်တယ်”

လူနာ။ ။”ကျွန်တော် အဲလိုလူ မဟုတ်ပါဘူး ဆရာ”

ဆရာဝန်။ ။”အင်း၊ အကြောင်းရင်းကို ဖော်ထုတ်ရ ခပ်ခက်ခက်ပဲ ဒါနဲ့ စကားမစပ်
ခင်ဗျား ဘာလုပ်သလဲ”

လူနာ။ ။ “မီးသတ်သမားပါ”

၃။ သူတို့မသိဘူး

မိမိကိုယ်မိမိ စပါးစေ့ဟု ထင်နေသော စိတ်ဝေဒနာရှင် တစ်ယောက် စိတ်ရောဂါ
အထူးကု ဆေးရုံသို့ ရောက်လာသည်။

လအနည်းငယ်ကြာ ကုသမှု ခံယူပြီးနောက် မိမိကိုယ်မိမိ လူဖြစ်သည်ဟု
အသိအမှတ်ပြုသောကြောင့် ဆေးရုံမှ

ဆင်းခွင့်ပေးလိုက်သည်။ သို့သော် ဆေးရုံမှ ထွက်ပြီး မိနစ်ပိုင်းအတွင်း
ကြောက်လန့်တကြားဖြင့် ဆေးရုံထဲ

ငှင်းပြန်ပြေးဝင်လာသည်။ ဆရာဝန်ကမေးသည်။

“ဘာဖြစ်လာတာလဲဗျ”

“လမ်းပေါ်မှာ ကြက်တွေ တွေ့လို့ဗျ”

“အဲဒါ ဘာဖြစ်လဲ၊ ခင်ဗျား ဘာကို ကြောက်စရာလိုလဲ အခုခင်ဗျားဟာ လူဖြစ်တယ်
စပါးစေ့ မဟုတ်ဘူးဆိုတာ ခင်ဗျား

သိနေတာပဲ”

“ဒါပေမဲ့ ကြက်တွေ အဲဒါကို မသိဘူးခင်ဗျ”

၄။ စိုးရိမ်လို့ပါ..

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ
လက်လျှော့ထားကြသော ကိုမေတ္တာက

ဇနီးသည်ကို ပြောသည်။

ယောက်ျား။ ။”မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ
ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း

ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို
သိသွားချင်တယ်ကွာ.. ငါ့ကို

မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား”

မိန်းမ။ ။”မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ”

မှတ်ချက်။ ။ အထက်ပါ ဟာသများကို မောင်ကောင်းထိုက် ဟာသပဒေသာထဲမှ ကူယူဖော်ပြပါတယ်..

နောက်များလည်း အဆင်ပြေရင် တင်ပြသွားပါမယ်။

အပန်းပြေသော ဟာသလေးများ (၂)

၁။ “ကလေးတွေကြောင့် မဟုတ်ပါ….”

တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊
ဆရာဆရာမ မလုံလောက်၊ စာသင် အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။
ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့
သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး
ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့
အတန်းတတန်းထဲ ဝင်ကြည့်တော့ အခန်းထဲမှ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့
ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့်
ကျောင်းသား တယောက်ကို

“ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ
တိမ်းစောင်းနေရတာလဲကွ” ဆိုပြီး မေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ “ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး”
ပြန်ဖြေလိုက်ပါတယ်။

ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။
ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း
ခေါင်းကလေးခါပြီး “ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို
ပြောင်းလာတာ။ကျနော်လုပ်လာ မဟုတ်ဘူး” လို့ပြန်ဖြေတယ်။

ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့်
အနားက ကျောင်းဆရမ ဖက်လှည့်ပြီး “ဒါဘယ်လို ဖြစ်ရတာလဲဗျ” လို့မေးလိုက်တယ်။
ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ “ဒါ ကလေးတွေ
လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ဝယ်လာကတည်းက ဒီလိုပဲ
စောင်းနေတာပါ” တဲ့

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက်
လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း
မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ..
“ဝန်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင်
ကျနော်တို့ ကျောင်းကရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့
လမ်းဘေးဈေးမှာ ဝယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ” တဲ့ဗျာ…

၂။ နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲ

တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က
စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောက်ို
မေးလိုက်ပါတယ်။

“နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ”

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး… “ကျ
ကျနော် မသတ်ဘူး” တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး
အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း
ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က
ကာကွယ်ပြီး ပြောလိုက်တာက-

“ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေ
အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့
မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်” တဲ့။

စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး
ပြန်သွားပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ
စာသင်လိုက်သတဲ့။ ဒီလိုနဲ့ မကြာခင် ဝန်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

“နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ
လုပ်မနေပါနဲ့တော့” တဲ့ဗျာ။

စာကြွင်း။ ။ ကျနော် E-mail ထဲကိုရောက်လာတဲ့ မေးလ်လေးထဲက ဟာသလေးတွေပါ..
မူရင်းရေးသားသူကို မသိပါဘူး။ ဒီဟာသလေးတွေဟာ ကျနော်တို့ အတွက်
အားလုံးမဟုတ်ရင်တောင်မှ အနည်းအကျဉ်းတော့ ပြုံးရယ်နိုင်မယ်ထင်လို့
တင်ပေးလိုက်တာပါ..