ကျွန်မ အဲ့ဒီနေ့က ကျောင်းမတက်ဖြစ်ခဲ့ပါ
အဲဒီနေ့က ကျွန်မကျောင်းမတက်ဖြစ်ခဲ့ပါ ……
“ဘယ်လိုနေသေးလဲ မမချို အဆင်ပြေလား” တံခါးဖွင့်သံနှင့်အတူ အသံတချိူ့ကအရင် ကျွန်မအခန်းထဲဝင်လာရောက်လာသည်။
“နေ့လည်လောက်ကတည်းအိပ်နေတာပဲ မောင်ခန့်ရယ် အစားတော့ကောင်းကောင်းမစားချင်ဘူး အိပ်နေလို့တော်သေးတာပေါ့”
အသံနှစ်သံကိုကြားတာနဲ့ ဘယ်သူတွေမှန်း ကျွန်မသိလိုက်ပါသည်။
“ကု့န်နေပြီပဲ ဒီနေ့တော့ ဒီတစ်ပုလင်းနဲ့ပဲနားလိုက်တာကောင်းပါတယ် အရမ်းများရင် မတိုးတော့မှာစိုးလို့ပါ”
“မောင်ခန့်ကောင်းသလိုသာကြည့်လုပ်လိုက်ပါ”
“အဲလောက်လည်းစိတ်မပူပါနဲ့ မမချိုရယ် … ကျွန်တော်ဂရုစိုက်ပါ့မယ်”
လက်မှ တစ်စုံတစ်ရာကိုဆတ်ခနဲ နှုတ်ယူခြင်းခံလိုက်ရသည်။ ဆစ်ခနဲနာကျင်သွားပေမယ့် အပြုံးမပျက်ခဲ့မိပါ။
ခဏနေတော့ သူတို့ထွက်သွားကြသည်။ ထိုအချိန်မှ ကျွန်မလှဲနေရာက ထပြီး ပြတင်းပေါက်ရှေ့သွားရပ်လိုက်သည်။
နွေညက အေးမြခြင်းကို ခေါ်ဆောင်မလာခဲ့ပေ။ လပြည့်ညဟုတ်မဟုတ်တော့ ကျွန်မမသိပါ။ လမင်းကြီးကတော့ ဝိုင်းစက်စက်ရှိနေပါသည်။
ထိုရှေ့ကထွက်ကာ စာကြည့်စားပွဲရှေ့ကိုလှမ်းခဲ့မိသည်။
မမေသူ … အဌမတန်း (င) ဟုရေးထားသည့် ကျောင်းသားကဒ်လေးတစ်ခု …
ထိုကဒ်လေးက မနှစ်ကကျွန်မလည်ပင်းတွင် နေ့တိုင်းနီးပါးချိတ်ဆွဲခဲ့သော ကျောင်းသားကဒ်ပင်တည်း။
ထိုဘေးတွင်တော့ ကျောင်းတံဆိပ်အဝါရောင်းလေး။
——————————–
ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း ။
ကလင် ကလင် ကလင် …..
“ကမာ္ဘမကြေ မြန်မာပြေ ဒို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ … ပြည်ထောင်စုကိုအသက်ပေးလို့ ဒို့ကာကွယ်မလေ” …
“မြန်မာ့ကျောင်းသား နိုင်ငံတော်အတွင်း ထင်လင်းရှိရမည် စည်းကမ်းညီညွတ်ခြင်းအရင်းပြုသည်
ဝီယိရလည်းရှိရမည် ကိုယ်ကျင့်တရားဧကန်မှန်ပေသည်” …
ကျောင်းသားများ၏ ညီညီညွတ်ညွတ်သီချင်းသံများ။
“မင်္ဂလာပါ ဆရာမ”
ဆရာမအား တလေးတစားနှုတ်ဆက်ကြပုံများ။
ထိုအသံများနှင့် ကင်းဝေးနေသည်မှာ ၃လပင်ပြည့်တော့မည်။ ၈တန်းစာမေးပွဲဖြေပြီးတည်းက ထိုကျောင်းကိုမရောက်ဖြစ်ခဲ့ပါ။
ထိုကျောင်းသည် ကျွန်မအတွက် ငြိမ်းချမ်းသာယာသော နေရာလေးတစ်ခုဖြစ်၏။
နွေးထွေးမှုပေးသော ဆရာ၊ဆရာမများရှိ၏။ ကူညီရိုင်းပင်းတတ်သော သူငယ်ချင်းများရှိ၏။
ထိုကျောင်းမှာ ကျွန်မ၏ အိမ်လေးဖြစ်ခဲ့ပါက ဆရာ၊ဆရာများနှင့် သူငယ်ချင်းများမှာ ကျွန်မ၏မိသားစုဝင်များဖြစ်ကြမည်မှာ မုချပင်ဖြစ်သည်။
ထိုကျောင်းက ကျွန်မကို အသိပညာပေး၏။ ထိုကျောင်းက ကျွန်မကို အတတ်ပညာပေး၏။
ထို့ကြောင့် ကျောင်းတက်နေရသည့်အချိန်များသည် ကျွန်မအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားသော အချိန်များဖြစ်ခဲ့ပါသည်။
ကျောင်းတွင် ကျွန်မကိုချစ်သော ဆရာမများစွာရှိပါသည်။ တချို့က ကျွန်မစာတော်လို့ချစ်သလို တချို့က ကျွန်မချွဲတတ်လို့ချစ်ကြ၏။
ထို့အတူ ကျွန်မအား သံယောဇဉ်အလွန်ရှိကြသော သူငယ်ချင်းများစွာလည်းရှိပါသည်။
—————————————-
ထိုကျောင်းတံဆိပ်လေးဘေးတွင်တော့ မှန်ဘောင်တစ်ခုနှင့် တင်ထားတာက ကျွန်မနှင့်သူငယ်ချင်းများ ကျောင်းနောက်ဆုံးနေ့တွင် ရိုက်ထားသော ဓာတ်ပုံလေး။
ကြာကြာရပ်နေလို့လားမသိ ခေါင်းထဲနည်းနည်းမူးဝေဝေဖြစ်လာတာကြောင့် ကုတင်ပေါ်ပြန်ပြီး လှဲချလိုက်မိသည်။
ထို့နောက် ဓာတ်ပုံမှန်ဘောင်ထဲမှ ချစ်စရာကောင်းသော သူငယ်ချင်းများအကြောင်းစဉ်းစားမိသည်။
စန္ဒီ ဆိုသော ကောင်မလေးမှာ အသားညိုညိုနှင့် အလွန်ချောသော ကောင်မလေးတစ်ယောက်ဖြစ်သည်။ ချစ်စရာကောင်းသလို စာလည်းတော်သောကြောင့်
လူချစ်လူခင်ပေါလှပါသည်။ သူမသည် ကျွန်မအားအလွန်ခင်မင်သော်လည်း ကျောင်းစာနှင့် ပက်သက်လာလျှင်အမြဲအပြိုင်အဆိုင်ကြိုးစားတတ်သည်။
စန္ဒီကဆယ်တန်းအောင်လျှင် ဆေးကျောင်းတူတူတက်ပြီးဆက်ပြိုင်မည်ဟု ကျွန်မကိုမကြာခဏပြောတတ်သည်။
ပြိုင်ဆိုင်မှုတွေကြားကပင် ကျွန်မတို့အလွန်ခင်ကြပါသည်။
အိလေးကတော့ စာမတော်လည်း ဘတ်စကတ်ဘောကစားခြင်းကို အလွန်ကျွမ်းကျင်လှသည်။ ၈တန်းအရွယ်နဲ့မလိုက်အောင် အရပ်မြင့်မြင့်နှင့်
ကြည့်ကောင်းလှပါသည်။ သူ့ကိုကျွန်မတို့က ချစ်စနိုးနှင့် “လောရှည်” ဟု ခေါ်ခဲ့ကြသည်။
သူမက အမြဲအားနည်းပြီး ဖြူဖတ်ဖြူလျော်ဖြစ်နေတတ်တဲ့ကျွန်မကိုကြည့်ပြီး “နင့်ကိုငါအားမရဘူး”ဟုဆိုတတ်သေးကာ
ကျွန်မ ပင်ပန်းမည့်ကိစ္စမျိုးဆိုလျှင်သူမကဦးအောင်လုပ်ပေးတတ်ပါသည်။ ဥပမာ – မိမိတို့ရဲ့ ဝါ၊စိမ်း၊နီ၊ပြာ အသင်းလိုက်အလှည့်ကျ အတန်းသန့်ရှင်းရေးလုပ်ရမည့်နေ့မျိုးဆိုလျှင်
အိလေးနဲ့ ကျွန်မအသင်းချင်းမတူသော်လည်း ကျွန်မနှင့်ကူ၍ သန့်ရှင်းရေးလုပ်ပေးတတ်သည်။
ဆရာမအမှတ်ခြစ်ဖို့ စာအုပ်ထပ်ထားသည့်အပုံကို သယ်ရမည့်အချိန်မျိုးဆိုလျှင်လည်း သူမဝင်ရောက်ကူညီတတ်စမြဲပင်။
ထို့ကြောင်း ကျောင်းမှာတော့ အိလေးက ကျွန်မအားကိုးရာ အမလိုခင်မင်ရသော သူတစ်ယောက်ဖြစ်ခဲ့လေသည်။
ဖိုးကောက်ကတော့ ရုပ်ချောသော်လည်း စာကျက်အင်မတန်ပျင်းတဲ့သူငယ်ချင်းလေးတစ်ယောက်ဖြစ်သည်။
သူ့ဆံပင်တွေ လိမ်လိမ်ကောက်ကောက်လေးတွေနဲ့မို့ သူနဲ့စသိတဲ့ သူငယ်တန်းတည်းက ကျွန်မက ဖိုးကောက်ဟုသာခေါ်ခဲ့ပါသည်။
ရုပ်ချောသောကြောင့် သူနဲ့ခင်ချင်ကြသော သူငယ်ချင်းမိန်းကလေးတွေများသော်လည်း ကျွန်မတို့အဖွဲ့မှလွဲပြီး တခြားသောသူငယ်ချင်းများမထားခဲ့ပါ။
ဖိုးကောက်သည် ရုပ်ကလေးနဲ့မှမလိုက် အလွန်မျက်နှာပြောင်သော အလွန်အစအနောက်သန်သော ကျွန်မဝမ်းနည်းအားငယ်နေချိန်များတွင်
မရယ်ရယ်အောင် လိုက်စတတ်သော ချစ်စရာကောင်းသော သူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့ပါသည်။
ထူးကျော်ဟုခေါ်သော ချာတိတ်လေးကတော့ လူကောင်ခပ်သေးသေးလေးကိုမှ အားမနာ စကားလုံးခပ်ကြီးကြီးတွေပြောတတ်သောသူငယ်ချင်းတစ်ယောက်ပါ။
လူသေးသလောက် စာပေအကြောင်းတွေအရမ်းဝါသနာပါတာမို့ ကျွန်မတို့က စာကလေးဟု နာမည်ပြောင်ပေးထားကြသည်။
ထူးကျော်သည် ကျွန်မတို့ရဲ့အားလပ်ချိန်များတွင် စိတ်ဝင်စားဖွယ်ကောင်းသော ပုံပြင်တွေ၊ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို မမောတမ်းပြောပြတတ်တဲ့ သူပင်တည်း။
ကျွန်မသိလိုသမျှ ဗဟုသုတများကို သိသလောက်ပြန်၍ ဝေမျှသော စာကလေးကိုလည်း ကျွန်မအရမ်းခင်မင်ခဲ့ရပါသည်။
ကျွန်မအပါအဝင်အချစ်ဆုံးသူငယ်ချင်း (၅)ယောက်ရှိပါသည်။ ထိုသူငယ်ချင်းများကိုအရမ်းပင်ချစ်ပါသည်။
သူတိုနဲ့အတူ ကျောင်းမှာပျော်ရွှင်ခဲ့ရသောအချိန်ကိုအမြန်ဆုံးပြန်ရချင်မိသည်။
ကျွန်မ ယခုအရမ်းနာကျင်နေပါသည်။ တစ်ခါတစ်ခါ ရင်ဘတ်အောင့်လွန်း၍ အသက်ရှုပင်မဝချင်တော့။
မွေးရာပါ ဒီရောဂါဆိုးကြီးကို အကြံ့ခိုင်ဆုံးတိုက်ခိုင်ချင်သော်လည်း ဒီတောင်ကို ကျွန်မကျော်နိုင်ပါ့မလားဆိုတာ မသေချာ။
သူငယ်ချင်းတွေကတော့ နင့်ဘေးမှာ ငါတို့ရှိတယ်နော်။ ခွဲစိတ်မှုကို အားရှိရှိနဲ့ရင်ဆိုင်နော် ဟု ကျောင်းနောက်ဆုံးနေ့က အားပေးစကားပြောခဲ့ကြသည်။
၉တန်းအတူပြန်တက်တဲ့ ပထမဆုံးနေ့မှာ နင့်အတွက် ငါတို့လက်ဆောင်လေးတွေယူလာကြမယ်လို့လဲမှာလိုက်ကြသေးသည်။
ဘာလိုလိုနဲ့ မနက်ဖြန်ကျောင်းပြန်ဖွင့်တော့မည်။ ကျောင်းပထမဆုံးနေ့မှာ သူတို့ကျွန်မကိုမျှော်နေမည်လား။
အရင်တုန်းက ကျောင်းပထမဆုံးဖွင့်တဲ့နေ့ဆိုရင် နွေရာသီမှာ ဘယ်ကိုခရီးသွားခဲ့ကြောင်း အပြိုင်ပြောကြမည်။
ဘယ်သူ့ကျောပိုးအိတ်ကအလှဆုံးလဲဟု ပြိုင်ကြမည်။ ကျောင်းသုံးစာအုပ်လေးတွေကို ဘယ်မင်းသားမင်းသမီးပုံနဲ့ ဖုံးခဲ့သလဲဟု ကြွားကြမည်။
ဘယ်သူကအသားမည်းသွားတယ်၊ဘယ်သူကပိုလှလာတယ်ဆိုပြီး ဝေဖန်ကြရင်း ကျွန်မတို့ ရယ်မောခဲ့ကြသည်။
အကယ်၍ မတော်တဆများ မနက်ဖြန်ကျွန်မကျောင်းမလာဘူးဆိုလျှင် သူတို့မျှော်နေကြမလား ကျွန်မ မသိပါ။
သူတို့အကြောင်းတွေးရင်းနဲ့ ငိုချင်သလိုလိုဖြစ်မိတာမို့ မျက်ဝန်းအစုံကို ပြိုင်တူမှိတ်ချလိုက်မိသည်။
ဒီနေ့အတွက် အား အင် တို့ ကုန် ခမ်း သွား လေ ပြီ။
မနက်ဖြန်မနက် ကျွန်မ နိုးထနိုင်ခဲ့မည်ဆိုပါက သူငယ်ချင်းများနှင့် တပျော်တပါး ကျွန်မ စာသင်ဖြစ်လိမ့်မည်။ ……..
————————————–
စင်စစ်ကား ….
အဲဒီနေ့က ကျွန်မ ကျောင်းမတက်ဖြစ်ခဲ့ပါ။
18 comments
Mr. MarGa
April 5, 2013 at 4:35 pm
အပေါ်က မောင်ခန့်ဆိုတဲ့ နာမည်လေးကို ဖတ်ပြီး မျက်လုံး နည်းနည်း ကျယ်သွားတယ်
(ပြီးတော့လဲ ပုံမှန်ပြန်ဖြစ်သွားပါတယ် )
ဆိုတော့
ဒီဇာတ်လမ်းလေးက ဆက်ဦးမယ်ထင်တယ်
အပေါ်က ခေါင်းစဉ်ကတော့ ပျောက်သွားတာမို့
ခေါင်းစဉ်လေး ပြောပါဦး လို့
သူကလေး
April 5, 2013 at 4:50 pm
ပထမဆုံးလာမန့်တာကျေးဇူးပါ
ဒါပေမယ့် မီးအက်ဆေးလေးက ပြောချင်တဲ့ message ကိုပေးနိုင်ဘူးလားသိဘူးနော်
ဒီဇာတ်လမ်းလေးက ဆက်ရန်မရှိတော့ပါဘူး
ရှိသေးသည်ဆိုတဲ့ပုံစံပေါက်နေတာလားလို့ … ဝေဖန်ပါအုံး … ဝမ်းနည်းထှာ ….
Mr. MarGa
April 5, 2013 at 4:55 pm
ပြောချင်တဲ့ message ကို ပေးနိုင်ပါသဗျ
ကွန့်တွေးမိတာကြောင့် (ပြောရရင် ဒီရက်ပိုင်း အဲဒီလိုလေး ရေးဖို့ တွေးမိတာတွေလဲပါတာကြောင့်)
အပိုင်းဆက်လို့ ထင်မိခြင်းပါ။
ပြောရရင် ဖတ်သူက လွပ်လပ်စွာ တွေးမိသွားခြင်း ကြောင့်ပါ လို့ရယ်သာ………………………….. :kwi:
သူကလေး
April 5, 2013 at 5:10 pm
အောင်မလေး …. တော်သေးတာပေါ့ …
ငါရေးတာလေး တလွဲဖြစ်သွားပြီလားလို့ 🙂
ခင်ခ
April 5, 2013 at 4:58 pm
(မနက်ဖြန်မနက် ကျွန်မ နိုးထနိုင်ခဲ့မည်ဆိုပါက သူငယ်ချင်းများနှင့် တပျော်တပါး ကျွန်မ စာသင်ဖြစ်လိမ့်မည်။ ……..)
(စင်စစ်ကား ….
အဲဒီနေ့က ကျွန်မ ကျောင်းမတက်ဖြစ်ခဲ့ပါ။)
နောက်ဆုံးပိတ်မှာ ဒီစာသားလေးနှစ်ကြောင်းက ဖတ်လာတဲ့ စိတ်တွေကို လွမ်းသွားစေတယ်ကွယ်။
ဪ သူ ကျောင်းမတက်နိုင်တော့တာလားလို့တွေးရင်းနဲ့ သက်ပြင်းရှည်လေးချမိလိုက်ပါပေ့။
သူကလေး
April 5, 2013 at 5:27 pm
အလဲ့ လွမ်းသွားတယ်လားးးး
ပျော်ထှာ (ကိုခလွမ်းလို့ပျော်တာမဟုတ်ဖူးနော်)
မလွမ်းလွမ်းအောင်ဖြစ်ညှစ်ရေးထားတာလေးကို လွမ်းတယ်ဆိုတော့ အောင်မြင်သွားလို့ပါ 🙂
MaMa
April 5, 2013 at 5:37 pm
သူငယ်ချင်းတစ်ယောက်ချင်းစီကို ပုံဖော်သွားတာလေး သဘောကျတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ ပျော်ရွှင်တက်ကြွနေရမယ့် အချိန်မှာ ဝေဒနာသည်လေးအဖြစ် ပုံဖော်ထားတာတော့ သဘောမကျဘူး။
သူကလေးနဲ့အတူ စိတ်မကောင်းဖြစ်မိလို့။ :eee:
သူကလေး
April 6, 2013 at 12:08 am
သူကလေးလည်း စိတ်မကောင်းဘူး အဟင့် ရွှတ်ဖတ်
အလင်းဆက်
April 5, 2013 at 7:06 pm
စင်စစ်ကား…
သူမ ထိုနေ့က ကျောင်းမတတ်သောကြောင့်…ဖြစ်ပါသည် ။
🙂
ကီလိုဇူးလူးဝီစကီ
April 5, 2013 at 7:18 pm
သူကလေးက လွမ်းအောင်ဖန်တတ်တယ်လားကွယ်။
:byae:
မောင် ပေ
April 5, 2013 at 7:30 pm
ဒီနေ ့
သူကလေး ကျောင်းကို လာတက်သွားပါတယ်
ဗွားစ်
ဗုံ ဗုံ
April 5, 2013 at 8:39 pm
အော်.. စိတ်မကောင်းလိုက်တာဟယ် ဘို မန့်ရမှန်းတောင်မသိတော့ဘူး သူကလေးရယ် ရေးတတ်ပါဘိ
မဟာရာဇာ အံစာတုံး
April 5, 2013 at 9:50 pm
သူတို့အကြောင်းတွေးရင်းနဲ့
ငိုချင်သလိုလိုဖြစ်မိတာမို့
မျက်ဝန်းအစုံကို ပြိုင်တူမှိတ်ချလိုက်မိသည်။
…. မျက်ရည်တွေ စိမ့်ထွက်ပြီး ကျမယ်ထင့် ….
သနားမိတယ် ….
ပြီးတော့ .. မြင်ချင်မိတယ် သူမနဲ့ သူငယ်ချင်းတတွေ ကျောင်းဖွင့်ရက်မှာ ပျော်ပျော်ပါးပါးနဲ့ ဆုံဆည်းကြတဲ့ မြင်ကွင်းကိုလေ ….
ဂရုဏာတွေလည်း ဖြစ်ပေါ်လာသလေ ..
မုဒိတာများလည်း ပွားချင်ပါသလေ ….
အဲ့ဒီလိုပဲ ဖြစ်ပါစေလို့ ဆုတွေတောင် တောင်းမိလိုက်ပါသလေ …
အိုဘယ့် … စာရေးကောင်းသူလေးရေ ……။
သူလေးရေ ..
ကိုကိုအံ ဖတ်ရှု အားပေးသွားတယ်နော် …
ူသူလေးကလည်း ကိုကိုအံကို ဖက်ပြီး အာဘွားးပေးအုံး …
သူကလေး
April 6, 2013 at 12:04 am
တိုတိုအံရေ….
အခုလိုလေး သနားပြီးခံစားပေးတဲ့အတွက်ရော
ခေါင်းစဉ်မရှိတာလေးကို ကူညီပြီးတပ်ပေးခဲ့တဲ့အတွက်ရော
ကျေးဇူးကမာ္ဘပါရှင်
တိုတိုအံကိုလည်း ဟိုဘက်မှာ လာဖက် (အဲလေ သူနဲ့ပေါင်းပြီး ယောင်ကုန်ပြီ လာဖတ်သွားပါတယ်နော့်)
ဗုံဗုံရေ
စိတ်မကောင်းအောင်လုပ်မိသွားတယ်ဆိုရင်တောင်းပန်ပါတယ်နော့်
ကိုပေရေ
သူကလေးကျောင်းတက်ပါဘူးနော် ကျောင်းပြေးလိုက်တယ် ဒါဘဲစ်
မမဝီရေ…
သူကလေးကငိုအောင်လည်းပြောတတ်တယ် လွမ်းအောင်လည်းချွဲတတ်တယ် (အဟီး ပေါကြည့်တာ)
mashwetote
April 6, 2013 at 6:01 am
နိုင်ငံတော်သီချင်းတွေဆိုရတဲ့အကြောင်း၊ အသင်းလိုက်သန့်ရှင်းရေး အလှည့်ကျလုပ်ရတဲ့အကြောင်း၊ စာပြိုင်ကြတဲ့အကြောင်း၊ ဗလာစာအုပ်တွေကို မင်းသားမင်းသမီးရုပ်တွေနဲ့ ဖုံးတဲ့အကြောင်းတွေ ဖတ်ရတော့ ကျောင်းတုန်းကနေ့တွေကို ပြန်ရောက်သွားသလိုပဲ။ ဒီလိုအသေးစိတ် အချက်အလက်လေးတွေရေးထားတာကို အရမ်းကြိုက်တယ်။
ကျောင်းကြီးကို သတိရလိုက်တာနော်။
လူကလေး
April 6, 2013 at 9:34 pm
ငါလည်း တတိရတွားပီ..
တူတူထက်.. နင်င့ါကို ငိုအောင် လုပ်တာ နှစ်ခါရှိပီနော်.. . ဗြဲ.. ဗြဲ.. :'(
အရိပ်စစ်
April 7, 2013 at 10:52 pm
စင်စစ်ကား..
အဲဒီနေ့က ကျွန်မ ကျောင်းမတက်ဖြစ်ခဲ့ပါ ။
ရင်ထဲ ထိပီး ငိုချင်သွားတာပဲ
ရေးတတ်ပါဘိ မမသူလေးရယ်
သူကလေး
April 7, 2013 at 11:14 pm
လူကလေးကငိုသွားပြန်ဘီလား
လူကလေးလို့ကိုမပြောရဘူး အသည်းကလည်းနုပါ့
တိတ်တိတ် .. နက်ဖန်ခါမှ မုန့်ဝယ်ကျွေးမယ်
====
အရိပ်စစ်လဲ ငိုပြန်ဘီလား ငိုနဲ့နော်
နောက်အပြင်မှာတွေ့တော့မုန့်ဝယ်ကျွေးမယ် အကြွေးမှတ်ထား 🙂