ဆုတောင်းခဲ့ဖူးပါသည်… (၃ – ဇာတ်သိမ်း)
https://myanmargazette.net/171969/creative-writing
https://myanmargazette.net/172279/creative-writing
………………………………
အခန်း (၆)
မဟုတ်ပါစေနှင့် ဟု အကြိမ်ကြိမ်ဆုတောင်းထားခဲ့သော်လည်း သေချာမှုတစ်ခုကတော့ အိမ်အပြန်တွင် စောင့်ကြိုနေခဲ့ပါသည်။
“ငါ နေ့ခင်းက ကိုဖြိုးနဲ့ ဖုန်းပြောတယ် ခင်လေး..”
“ဘာတဲ့လဲဟင်”
“သူ မြင်မြင်ချင်း သဘောကျသွားတယ်တဲ့… နောက် တကယ်ချစ်မိသွားတယ်တဲ့… ”
“အော်.. အဲ့လောက်တောင်မှလား…”
“အင်း… ငါ ပြောတော့ပြောလိုက်ပါတယ်… ခင်လေး ဘယ်လောက်တောင် ခံစားရမလဲ နင်မသိဘူးလားဆိုတော့… သူ မထင်ရက်ပါဘူးတဲ့… ”
“နင်တို့တောင် သိနေတဲ့ ငါ့သံယောဇဉ်တွေကို သူမမြင်ခဲ့ဘူးပေါ့…”
“သူက ပြောတယ်.. တစ်ခါတစ်ခါတော့ သူလည်း အဲဒီလို ခံစားရပါတယ်တဲ့.. ဒါပေမယ့် အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ သာမန်ထက်ပိုတဲ့ သံယောဇဉ်တစ်ခုအပေါ်မှာ ဘာမှ မသတ်မှတ်ရက်ဘူးတဲ့… ပြီးတော့ ငါ ထပ်ပြီး သတိပေးလိုက်ပါတယ်… နင် သေချာမှလုပ်နော်လု့ိ… တစ်ခုခုကို ရွေးချယ်ရတော့မယ့်အချိန်မှာ နင့်ရဲ့မသေချာမှုကြောင့် သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားနိုင်တယ်လို့…”
“သူက ဘာပြန်ပြောလဲဟင်”
“လုံးဝ…သေချာပါတယ်..တဲ့…”
……………………………………………………………..
အိပ်ခန်းထဲတွင် ဘယ်လောက်ကြာကြာ ထိုင်နေမိသည်ကို ခင်လေး မမှတ်မိတော့။ စိတ်တွေက မျောလွင့်နေသည်။ ဖြစ်နိုင်လျှင် အငွေ့တစ်ခုလို ပျောက်ကွယ်သွားချင်သည်။ ပေါက်ကွဲပစ်လိုက်ချင်သော်လည်း ဘာကိုဘယ်လို စတင်ပေါက်ကွဲရမှန်းမသိအောင်ပင် ခံစားချက်တို့က ရှုပ်ယှက်ခတ်နေသည်။ အမြင်အာရုံကလည်း ပဝါပါးတစ်ခု ကာဆီးထားသလို ဝိုးတိုးဝါးတား။ အားအင်အကုန်လုံး စုပ်ယူခံထားရသလို ခန္ဓာကိုယ်က ခွေကျနေသည်။
“ဟင်..ခင်လေး… ဘာဖြစ်နေတာလဲ… ဒီလိုထိုင်နေတာ ဘယ်လောက်ကြာနေပြီလဲ… လာ..လာ.. ထွက်ခဲ့.. စကားပြောမယ်..”
အပြင်က ပြန်လာသော နေခြည် နှင့် စနိုးတို့ ဆွဲခေါ်မှ စိတ်နှင့်လူနှင့် ပြန်ကပ်မိသွားသည်။ သူငယ်ချင်းတို့ကို မြင်ရခိုက် ဝမ်းနည်းစိတ်က လှိုက်ခနဲတက်လာသည်။
“ငိုချင်ရင် ငိုချလိုက်လေ… သူငယ်ချင်း… တင်းမထားပါနဲ့ဟာ… နင်ဘယ်လောက်ခံစားရမလဲ..ငါသိပါတယ်… ငိုချလိုက် ခင်လေး…”
စနိုး၏ စကားအဆုံးမှာ နေခြည်ထံက မေးခွန်းတစ်ခုထွက်လာသည်။
“ခင်လေး.. နင်အချစ်ဆိုတာကို ဘယ်လိုမြင်လဲ…”
နေခြည်၏ မေးခွန်းက ပေါက်ကွဲချင်နေသော ခင်လေးကို လမ်းဖွင့်ပေးလိုက်သကဲ့သို့ပင်။
“အချစ်… အချစ် ဟုတ်လား… တကယ်တော့ အချစ်ဆိုတာ ကိုယ့်ကိုကိုယ်ချစ်တာပဲ.. ကိုယ့်ကိုကိုယ်ချစ်လို့ သူများကို ချစ်တာ… သူ့ကို မြင်ရရင် ပျော်တယ်.. သူနဲ့စကားပြောရရင် ကြည်နူးတယ်.. ကိုယ် စိတ်ချမ်းသာဖို့ သူ့များကို ချစ်တာ… အချစ်ဆိုတာ အတ္တပဲ… ငါ သူ့ကိုချစ်တာလည်း ငါပျော်ဖို့ပဲ… နင်သိလား.. နေခြည်.. အဲ့ဒါကို နင်သိရဲ့လား… ”
ပေါက်ကွဲစွာ ခင်လေးပြောမိတော့ မျက်ရည်အဝဲသားနှင့်နေခြည်က ထောက်ခံသည်။
“မှန်တယ်… သူငယ်ချင်း.. မှန်တယ်.. အချစ်ဆိုတာ အတ္တပဲ… ”
“ဒါပေမယ့်… ဘာလို့ သူဖြစ်နေတာလဲဟာ.. အီး..ဟီး..ဟီး.. ငါ့ကို လုပ်ရက်လိုက်ကြတာ… သူမို့လို့ ငါ့နောက်ကျောကို ဓားနဲ့ ထိုးရက်တယ်ဟာ… အီး… ဟီး… တစ်ခြားသူသာ ဖြစ်လိုက်ပါတော့လားဟာ…”
“အီး..ဟီး.. နင်ပဲ သူ့ကို မလိုချင်ဘူးဆို.. အရူးမရဲ့… နင်ပဲ အဲ့ကောင်ကို လုံးဝ မလိုချင်ဘူးဆို… ချစ်ရုံပဲချစ်တာဆို…”
“အဲ့လောက် မြန်မြန်ကြီး ဖြစ်သွားလိမ့်မယ်လို့ ငါလည်း ဘယ်ထင်မှာလဲလို့… ဒီအချိန်အတွင်းမှာ အဲ့လောက်ထိ ဖြစ်သွားစရာလားလို့… ပြီးတော့.. အီး..ဟီး… ပြီးတော့ ဘာလို့ သူဖြစ်နေရတာလဲလို့… တစ်ခြားတစ်ယောက်ကို ချစ်မိရင်.. တစ်ခြားတစ်ယောက်နဲ့ ရည်းစားဆိုရင် ငါ ခံနိုင်ပါသေးတယ်.. ဟီး.. အခုတော့ မမနွေးတဲ့လား.. ငါ ယုံကြည်ခဲ့ရတဲ့ မမနွေးတဲ့လား… ငါ့ကို လုပ်ရက်ကြတာ… ”
“နင်ပဲ..သူ့ကို ပေးနိုင်တယ်ဆို..အရူးမရဲ့… နင်ကိုယ်တိုင်ပဲ ပြောတာလေ…”
“ငါလည်း တကယ်ဖြစ်သွားမယ်လို့ ဘယ်ထင်မှာလဲလို့…အဲ့ဒါ တကယ်ပြောတာမှ မဟုတ်တာ…”
“အီး..ဟီး..ဟီး…”
နှစ်ယောက်သား အသည်းအသန်ဖက်ငိုကြတော့ ဘေးက စနိုးနှင့် ကြည်ပြာတို့လည်း ရောငိုတော့သည်။ ခင်လေးတို့ အရမ်းချစ်ခဲ့ရသည့် သူငယ်ချင်း၊ ခင်လေးတို့ အရမ်းတိုခဲ့ရသည့် သူငယ်ချင်း၊ အရင်းနှီးဆုံးမိန်းကလေးဟူ၍ ခင်လေးတို့နှစ်ယောက်သာ ရှိသည့် သူငယ်ချင်း၊ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးသည့် နေခြည်ပင် သည်လောက်ခံစားနေရလျှင် ချစ်ရသူဆုံးရှုံးရသည့် ခင်လေးအတွက် ဆိုဖွယ်ရာမရှိတော့။ ထို့ထက်.. ထို့ထက် ဆိုးသည့် ဒဏ်ရာကား.. သစ္စာဖောက်ခံရခြင်း၊ ယုံကြည်မှု ဖျက်ဆီးခံရခြင်း… အသည်းကွဲသည့် ဝေဒနာထက် ဓားဒဏ်ရာက ပိုနက်ပါသည်။ မျှော်လင့်ပြီးသား ကိစ္စတစ်ခုကို မြန်မြန်ဆန်ဆန်ရင်ဆိုင်လိုက်ရခြင်းထက် မမျှော့်လင့်သည့် ကိစ္စတစ်ခုကို ရင်ဆိုင်လိုက်ရခြင်းက ပို၍ သွေးပျက်ဖွယ်ကောင်း၏။ မည်သို့ပင်ဆိုစေ ထိုညကတော့ ခင်လေးတို့ သူငယ်ချင်းနှစ်ယောက်အတွက် အစွန်းဆုံပေါက်ကွဲဖြစ်ခဲ့သော ညတစ်ည ဖြစ်ခဲ့လေသည်။
………………………………………………………………………………..
နောက်နေ့မနက်တွင် မမနွေးပြန်လာသည်။ ခင်လေး ပုံမှန်အတိုင်း ဆက်ဆံခဲ့ပါသည်။ ယောက်ျားတစ်ယာက်ကြောင့် မိန်းမနှစ်ယောက်ပြဿနာတက်ရခြင်းသည် ရှက်ဖွယ်အကောင်းဆုံးကိစ္စဖြစ်သည်ဟု ခင်လေး ခံယူထားသည်။ ထို့ပြင် ဥပေက္ခာပြုနိုင်ခြင်းသည် အကောင်းဆုံးလက်စားချေခြင်းဖြစ်သည်ဟုလည်း ခင်လေးသတ်မှတ်ထားသည်။ ထို့ကြောင့် နာကျည်းစိတ်တို့ကို ဖုံးကွယ်၍ “မချစ်သော်လည်း အောင့်ကာနမ်း” ဟု သဘောထားကာ အရာရာအားလုံးကို မသိချင်ယောင်ဆောင်ထားခဲ့ပါသည်။
သို့သော် ခင်လေး သည်းမခံနိုင်သောအရာကား မျက်နှာပြောင်တိုက်ခြင်းပင်ဖြစ်၏။ “အချစ်နှင့်စစ်မှာ မတရားတာမရှိ” ဟု ခံယူထားခြင်းကြောင့်လား၊ သို့တည်းမဟုတ် သူ့ဘက်ပါနေသော ကိုဖြိုးနှင့်ပတ်သက်ပြီး မဏ္ဍာပ်တိုင်တက်ပြချင်စိတ်ကြောင့်လားတော့ မသိပါ။ မမနွေး၏ လုပ်ရပ်တစ်ခုကတော့ ခင်လေး၏ သည်းခံနိုင်စွမ်းကို ပျက်စီးစေခဲ့လေသည်။
ထိုနေ့ညက အိမ်တွင် ခင်လေးတို့နှစ်ယောက်သာရှိသည်။ အခြားသူငယ်ချင်းများက နယ်ပြန်သွားကြသည်။ ကျူတိုရီယယ်အတွက် စာကျက်နေသော ခင်လေးနားထဲသို့ ဖုန်းပြောသံများက အတိုင်းသားဝင်လာခဲ့သည်။
သာမန်ထက် ပို၍ပျော့ပျောင်းနေသောလေသံ၊ ထို့ထက်ဆိုရလျှင် နူးအိချွဲပစ်နေသောမသဲမကွဲစကားသံများက စာကျက်နေသော ခင်လေးအတွက် အနှောင့်အယှက်ဖြစ်စေသည်။ ပို၍ ဆိုးသည်က ထိုဖုန်းသည် ကိုဖြိုးထံမှဖုန်းဟု သိနေသော စိတ်ပင်ဖြစ်သည်။ ချက်ချင်းပင် ကိုဖြိုးဖုန်းကို ခေါ်ကြည့်လိုက်သည်။ “ဖုန်းမအားသေးပါ” ဟူသော ဖြေကြားသံက ခင်လေး၏အထင်ကို လုံးဝသေချာသွားစေခဲ့သည်။
ခင်လေးတို့အိမ်တွင် ဖုန်းပြောနေကျ နေရာ (၃)နေရာရှိပါသည်။ ဝရံတာ၊ အိပ်ခန်း နှင့် မီးဖိုချောင်။ မမနွေးသာ အားနာတတ်မည်ဆိုလျှင်၊ (အခြားကိစ္စကို မတွေးနှင့်ဦး၊ စာကျက်သူတစ်ယောက်နှင့် ဖုန်းပြောသူတစ်ယောက်ဟူ၍ သာမန်အမြင်နှင့်ပင် ကြည့်စေဦး)၊ စာကျက်နေသူတစ်ယောက် ကြားနိုင်လောက်သည့် အကွာအဝေးတွင် ဖုန်းပြောခြင်းကို ရှောင်သင့်သည်ထင်ပါသည်။ အခုတော့ အိမ်ရှေ့တွင် စာကျက်နေသော ခင်လေးကြားအောင် ဝရံတာတွင် ဖုန်းပြောသည်၊ ထို့ထက် အိမ်ရှေ့တွင်ရှိသော ခင်လေးကြားမည်မှန်းသိသိနှင့် ဝရံတာတွင် ကိုဖြိုးနှင့်ဖုန်းပြောသည်။ တလိပ်လိပ်တက်လာသော ဒေါသကြောင့် စာလည်းဆက်မကျက်နိုင်တော့။ နောက်ဆုံး ခံစားချက်ကို ကဗျာတစ်ပုဒ်အဖြစ် ဖွင့်ထုတ်ပြီး အိပ်ပစ်လိုက်တော့သည်။
………………………………………………………………..
အခန်း (၇)
ထိုနေ့မှစ၍ မမနွေးနှင့် ပတ်သက်ချင်စိတ်တွေ ကုန်ခန်းသွားခဲ့၏။ ခေါ်ချင်ပြောချင်စိတ်လည်း မရှိတော့။ တစ်အိမ်တည်းအတူနေရသည့်အတွက် မဖြစ်မနေကိစ္စကြောင့်မှလွဲ၍ မမနွေးကို စကားမပြောဖြစ်ခဲ့တော့ပေ။ သိသိသာသာပြတ်ဆဲသွားသော ခင်လေးတို့ ဆက်ဆံရေးနှင့်အပြိုင် မမနွေးနှင့် ကိုဖြိုးတို့၏ ဆက်ဆံရေးကား ပိုမိုရင်းနှီးလာ၏။ မနက်မိုးလင်း အိပ်ယာနှိုးသည့်ဖုန်းမှ အစပြု၍ အိမ်တွင်အတူတူရှိနေသည့်အချိန်အတွင်း မသိချင်၊ မကြားချင်ယောင်ဆောင်ရခြင်းဟူသည့် ဒုက္ခကို ခင်လေး ခံစားရသည်။ ခင်လေးစာတစ်ကြောင်းရေးမိလိုက်သည်။
“ချစ်သောသူနှင့် ကွေကွင်းရခြင်းထက် မုန်းသောသူနှင့် အတူနေရခြင်းဒုက္ခက သာ၍ ဆင်းရဲ၏။”
………………………………………………………………….
တစ်ရက်တွင်တော့ ရုံးချိန်အတွင်း ခင်လေးမသိသည့် ဖုန်းနံပါတ်တစ်ခုက ခေါ်ဆိုသောဖုန်းကို လက်ခံရရှိခဲ့သည်။
“ဟဲလို…”
“ဟဲလို… ခင်လေး… ငါပါ… ”
“အော်.. ကိုဖြိုး.. အေး.. ဖုန်းအသစ်လား…”
“အေး.. ဖုန်းနံပါတ်ပြောင်းလို့ လှမ်းပြောတာ… မှတ်ထားလိုက်ဦးနော်… ”
“အေး.. မှတ်ထားလိုက်မယ်..”
“ဒါနဲ့ နင် အွန်လိုင်း ရှိနေတာလား…”
“အမ်.. နင်လည်း ရှိနေတာလား… အော်.. ဟုတ်သားဟ.. စိမ်းနေတယ်…”
“အေး.. နင့်ကိုတွေ့တယ်…”
“အဲ့ဒါဆို အွန်လိုင်းမှာ ဆက်ပြောမယ်လေ… ဖုန်းချလိုက်တော့မယ်…”
ဟုတ်ပါသည်။ အွန်လိုင်းတက်ခဲသည့် ကိုဖြိုးအကောင့် စိမ်းစိမ်းလေးကို မြင်နေရသည်။ အရင်တုန်းကတော့ ထိုသို့မြင်လိုက်ရလျှင် အရမ်းပျော်ပြီး ချက်ချင်းလှမ်းခေါ်တတ်သည့် ခင်လေး.. ယခုတော့ ဝမ်းနည်းစိတ်တို့နှင့် ငိုချင်လာသည်။ စိတ်တင်းထားသည့်ကြားကပင် စိတ်လိုက်မာန်ပါ လုပ်ရပ်တစ်ခုကို လုပ်လိုက်မိသည်။
Khin: ငါ နင့်ကို အရမ်းမုန်းတာပဲ…”
Chat box ထဲက စာကိုဖတ်ပြီး အံ့ဩသွားမည်ထင်ပါသည်။ ချက်ချင်းပင် စာပြန်သည်။
Phyo: ဘာလို့လဲဟ
ခင်လေးစိတ်ကို လွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ကီးဘုတ်ပေါ်တွင် လက်ချောင်းများက တရပ်စပ်ပြေးလွှားတော့သည်။
Khin: နင် မသိဘူးမို့လား.. ကိုဖြိုး.. နင်မသိချင်ယောင်ဆောင်တာလား..တကယ် မသိခဲ့တာလား.. ငါ နင့်ကို မုန်းတယ်…
Phyo: ငါ တကယ် မသိဘူး.. ဘာလို့လဲ…
Khin: အေးပေါ့ နင်က ဘယ်သိမှာလဲ… နင် ပျော်နေတယ်လေ… နင် ချစ်တဲ့သူနဲ့ နီးစပ်ရတော့ နင်သိပ်ပျော်နေတယ်မို့လား… ကိုဖြိုး.. ငါနင့်ကို မပြောပါရစေနဲ့… နင့်ကို ဒီထပ်ပိုပြီး ဖွင့်မပြောပါရစေနဲ့… နေခြည်နဲ့ ဝဏ္ဏတောင် ငါ့ကို နားလည်ကြတာ.. နင်က ဘာလို့ နားမလည်ခဲ့တာလဲ… ငါ နင့်ကို အရမ်းမုန်းတယ်…
ချက်ချင်းပင် invisible လုပ်ပစ်လိုက်သည်။ ခင်လေး မခံစားနိုင်တော့ပါ။ အကောင့်စိမ်းစိမ်းကို စိုက်ကြည့်မိရင်းနှင့် မျက်ရည်တို့က ကျလာသည်။ မငိုပါနှင့်ဟု တင်းထားသည့်ကြားက ရှိုက်သံက ထွက်လာသည်။ ခင်လေးအခန်းထဲတွင် မည်သူမျှရှိမနေသည့်အတွက် ကံတရားကိုလည်း ကျေးဇူးတင်မိပါသည်။
……………………………………………………………………..
ထိုညက စာအရှည်ကြီးတစ်စောင်ကို ရေးဖြစ်သည်။ နှစ်ရှည်လများ ခံစားခဲ့ရသမျှ ထိုစာထဲတွင် ရင်ဖွင့်ထားသည်။ မိန်းကလေးဟူသည့် ခေါင်းစဉ်ကို ခင်လေး ဂရုမစိုက်တော့။ ခင်လေး ခံစားချက်တွေကို သူသိစေချင်သည်။ နောက်ဆုံးတွင် “ငါနင့်ကို ဘာလို့ မုန်းလဲဆိုတာ…” ဟု ခေါင်းစဉ်တပ်၍ အီးမေလ်မှတစ်ဆင့် ပို့လိုက်သည်။ ထိုနေ့သည် ဖြိုးစည်သူ နှင့် ခင်လေးဇင် ဟူသော သူငယ်ချင်းနှစ်ယောက်၏ နောက်ဆုံးပတ်သက်သည့် နေ့တစ်နေ့လည်း ဖြစ်ခဲ့လေသည်။
ကိုဖြိုးဆီက ပြန်စာကို မျှော်ခဲ့မိသော်လည်း ရောက်မလာခဲ့ပါ။ နှစ်ရက်ကြာအောင် စောင့်ကြည့်ပြီးသည့်နောက်တွင် ကိုဖြိုး၏ အကောင့်ကို ဘလော့လိုက်သည်။ ဦးနှောက်ထဲတွင် မှတ်မထားရသေးသည့် ကိုဖြိုး၏ ဖုန်းနံပါတ်ကို ဖုန်းထဲကနေ ဖျက်ပစ်လိုက်သည်။ ဖြစ်နိုင်လျှင် ဖြိုးစည်သူ ဟူသည့်ယောက်ျား ခင်လေးရှေ့တွင် ပေါ်မလာတော့လျှင် ကောင်းမည်။ စိတ်ထဲကနေ ဆုတောင်းမိပါသည်။
“ခံစားချက်တွေ မေ့ပျောက်သွားနိုင်မည့် အချိန်အတိုင်းအတာတစ်ခုအထိ သူ့ကို မတွေ့ပါရစေနှင့်…”
ခင်လေး ဆုတောင်း မပြည့်ခဲ့ပါ။ တစ်အိမ်တည်းအတူနေရခြင်းကြောင့် မကြားချင်သည်များကို ကြားရခြင်းဒုက္ခကို အံတုရင်း မေ့နိုင်အောင် ကြိုးစားနေသည့်အချိန်တွင် ခင်လေးရှေ့သို့ သူရောက်လာခဲ့ပါသည်။
………………………………………………………………………………..
တီဗီကြည့်ရင်း အာလူးနွှာနေသည့် ခင်လေး… တံခါးခေါက်သံကြောင့် သွားဖွင့်ပေးလိုက်သည်။ ရုတ်တရပ်တော့ တစ်ကိုယ်လုံးအေးစက်ပြီး တောင့်တင်းသွား၏။ သူနှင့် မမနွေး၊ နောက် နေခြည်နှင့် ဝဏ္ဏ။ ချက်ချင်းပင် ခင်လေးခြေလှမ်းတွေက မီးဖိုခန်းထဲသို့ ဦးတည်သွားသည်။ အံ့ဩသည်။ ခင်လေး အရမ်းကို အံ့ဩသည်။ သူ့ကိုခေါ်လာသော မမနွေး၊ ခင်လေးရှိနေမည်ဟု သေချာသောနေရာသို့ လိုက်လာသော သူ။ ငူငူကြီးရပ်နေသော ခင်လေးနောက်သို့ ဝဏ္ဏရောက်လာသည်။
“ခင်လေး… တစ်ယောက်တည်း ဘာလုပ်နေတာလဲ…”
“အော်.. ဒီလိုပါပဲ…”
“နင် ရှောင်နေတာလား…”
“ငါ မတွေ့ချင်လို့ပါ… သူက ဘယ်လိုဖြစ်ပြီး ပါလာတာလဲ…”
“ငါနဲ့ နေခြည်နဲ့တွေ့ရင်း သူတို့ကို ဖုန်းဆက်ကြည့်တော့ ဒီနားမှာပဲ ဆိုတာနဲ့ တွေ့ကြတာ.. နောက် အစ်မက ဘာပေးစရာရှိလို့ဆိုလား… အဲ့ဒါနဲ့ အိမ်ကို ဝင်လာတာ…”
“နင်က မတားဘူးလား..”
“အာ.. ငါက ဘယ်လိုလုပ် ပြောလို့ရမှာလဲ… နင်လည်း ရှောင်မနေနဲ့ဟာ.. သူငယ်ချင်းတွေပဲကို…”
“သူက ငါ့ကို သူငယ်ချင်းလို သဘောမထားတော့ပါဘူးဟာ… ငါ ခံစားရမှန်းသိသိနဲ့.. ငါခံလိုက်ရမှန်းသိသိနဲ့.. အားပေးနှစ်သိမ့်မှုလေးတောင် မပေးခဲ့ပါဘူး… ငါ့ကို အဆက်အသွယ်မလုပ်တဲ့သူကို ငါက ခေါ်စရာလား..”
“သူလည်း အားနာလို့ နေမှာပေါ့… မျက်နှာပူမှာပေါ့ဟာ.. သူအကြောင်းလည်း သိသားနဲ့…”
“လာပြန်ပြီလား ဒီစကား.. တော်စမ်းပါ ဝဏ္ဏရယ်.. သူ မျက်နှာပူရင် ငါ့ရှေ့ရောက်လာစရာ အကြောင်းတရားကို မရှိဘူး.. အားနာလို့ ငါ့ကို မခေါ်တဲ့သူက ငါ့နဲ့မျက်နှာချင်းဆိုင်တွေ့ဖို့ကျ မျက်နှာမပူဘူးတဲ့လား…”
“မသိတော့ဘူးဟာ.. ငါလည်း ဝင်မပါချင်ဘူး… ကြိုက်တာသာ လုပ်ကြတော့..”
“အေး.. ငါလုပ်ချင်တာလုပ်မယ်… နင်လည်း သွားတော့…”
မကြာခဏဆိုသလို ခင်လေးတို့အိမ်သို့.. တိတိကျကျပြောရရင် မမနွေးဆီသို့ အကြောင်းကိစ္စတစ်ခုခုဖြင့် သူရောက်လာတတ်သည်။ နောက်ပိုင်းတွင် ခင်လေး ရှောင်မနေတော့။ ပုံမှန်အတိုင်းနေသည်။ သို့သော် ကိုဖြိုး၏ နှုတ်ဆက်စကားတစ်ခွန်းကိုမှ မကြားရ။ မျက်လုံးချင်းဆုံမိလျှင်တောင် ပြုံးမပြမိကြ။ ယုတ်စွအဆုံး လမ်းတွင် နှစ်ယောက်တည်း မျက်နှာချင်းဆိုင်တွေ့လျှင်တောင် မသိချင်ယောင်ဆောင်သွားတတ်သည်။
ခင်လေး ရင်နာမိသည်။ ခင်လေးနှင့်သူနှင့်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြခြင်းဟူသည့် အဖြစ်အပျက်သည် ပြန်တွေးမိလျှင်တောင် အိပ်မက်အလား ထင်ရသည်။ ခင်လေးနှင့်သူနှင့် သည်လောက်အထိ ဝေးကွာသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ ပင်ပန်းပါသည်။ တွေ့နေမြင်နေပါလျက်နှင့် မေ့ဖို့ကြိုးစားရတာ ခင်လေးအတွက် အလွန်ပင် ခက်ခဲပါသည်။ ဆုတောင်းမိသည်။ လှိုက်လှဲသောဆန္ဒဖြင့် ရင်ထဲကနေ ဆုတောင်းမိသည်။
“ယုံကြည်မှုဖျက်ဆီးခံရခြင်း၊ သစ္စာဖောက်ခံရခြင်းဟူသော ဝဋ်ကြွေးသည် သည်ဘဝ သည်မျှနှင့်သာ ကျေရပါလို၏။ တစ်ဖက်သတ်ချစ်ရခြင်း၊ မိမိကို မချစ်သူကို တစ်ဖက်သတ်ချစ်ရခြင်း၊ ချစ်ရသူ၏ ဥပေက္ခာပြုခြင်းကို ခံရခြင်းများကိုလည်း သည်ဘဝတွင် ထပ်မံမကြုံရပါလို၏.. ဝဋ်ကြွေးရှိသမျှ ကျေရပါလိုကုန်၏….”
………………………………ပြီးပါပြီ…………………………………….
အားပေးမှုကို ကျေးဇူးတင်လျက်..
GarviaGirl မွန်မွန်
28 comments
မဟာရာဇာ အံစာတုံး
April 6, 2013 at 5:59 pm
အော် …
ဇာတ်လမ်း ဆုံးသွားတော့ …
အသီးကွဲသွားရဒယ်ပေါ့နော် …..
ဂလိုဘာဘဲလေ …
လူတိုင်း ကိုယ်ချစ်တဲ့လူရဲ့ အချစ်ကို မျှော်လင့်မိတာပါပဲရယ် …
ရတဲ့အခါ ပျော်နေမယ် …
မရတဲ့အခါ ဝမ်းနည်းနေမယ် …
ခုလို … အခြေအနေမျိုးမှာတော့
အလွန်အင်မတန်မှ ကြေကွဲစရာ ဖြစ်သွားတာပေါ့ …
အင်းး … ဇာတ်အိမ်တည်ရာက မြန်မာပြည် ..
ဇာတ်လိုက်က မိန်းကလေး ဆိုတော့ …
သာပြီး ဆိုးသွားတာပေါ့ရယ် …
ဒါနဲ့ ..
ခင်လေးရဲ့ ဆုတောင်းတွေလည်း ပြည့်ပါစေလို့ …
ထပ်ဆင့် ဆုတောင်းပေးတယ် ….
ကျုပ်လည်း အဲ့ဒီ ဆုတောင်းထဲကနေ
နည်းနည်းလေး ဖဲ့ပြီး ဆုတောင်းလိုက်မယ် …
ဘယ်သောအခါမှ တစ်ဖတ်သတ် အချစ်နဲ့ …
ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ မချစ်မိရပါစေနဲ့ … လို့ ……။
surmi
April 6, 2013 at 6:41 pm
ဖတ်ရင်း မောသွားတယ်
ဖတ်ပြီးတော ့လည်း မောပြန်တာဘဲ
ပြန်တွေးရင်လည်း မောဦးမှာ….
ဒီတော ့ ….. အတိတ်ကို အတိတ်မှာဘဲထားပြီး အလွမ်းဆိုတာ
ငါးပိရည်နဲ ့တို ့စားတဲ့ တို ့စရာလို ့ သဘောထားပြီး……
လှည်းတန်းဂုံးကျော်တံတားပေါ်က ခုန်ချလိုက်တော ့မောင်အံရေ
:harr:
မဟာရာဇာ အံစာတုံး
April 6, 2013 at 6:48 pm
ကျုပ်လည်း ….
အဲ့ဒီနား ရောက်တိုင်း
အဲ့ဒီ တံတားကြီးကို မော့မော့ကြည့်တယ် …
မပြီးသေးလို့ …
တံတားလည်း အပြီး မောင်အံ ဘွလည်း အပြီးလို့ တွက်ထားတာ ..
GaviaGirl
April 7, 2013 at 10:18 pm
@ မဟာရာဇာ-
ကွန်မန့်အတွက်ရော… ခင်လေးအတွက် ထပ်ဆင့်ဆုတောင်းပေးတာရောအတွက် ကျေးကျေးပါနော့.. မဟာရာဇာရဲ့ဆုတောင်းလည်း ပြည့်ပါစေလို့ ထပ်ဆုတောင်းပေးပါတယ်…
@ အူးဆာ…
အင့်..မောရင် ရေတစ်ခွက်သောက်….
မြတ်စွာဘုရား..ဘာမဆိုင်ညာမဆိုင် လှည်းတန်းတံတားတောင် ဆွဲထည့်လိုက်သေးတယ်.. နှစ်ယောက်စလုံး..ဟွန်း…
သူကလေး
April 7, 2013 at 6:47 pm
ပြောချင်ပါတယ် ခင်လေးရယ်
ဒီလိုနောက်ကျောဓါးနဲ့ထိုးတဲ့သူအတွက် ဘာမှမခံစားပါနဲ့လို့
ခင်လေးဆုတောင်းတွေ အမြန်ဆုံးပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
တိုတိုအံ တစ်ယောက်လည်း တစ်ဖတ်သတ်အချစ်နဲ့ ဘယ်သူ့ကိုမှမချစ်မိပါစေနဲ့တော် 😛 😀
GaviaGirl
April 7, 2013 at 10:20 pm
ကျေးကျေး အများကြီးပါ..သူကလေးရယ်… ခင်လေးကလည်း မခံစားတော့ပါဘူးတဲ့.. နော်…
ဦးဦးပါလေရာ
April 6, 2013 at 6:21 pm
ဆွေးဆွေးလေးသိမ်းသွားတာ
ဇတ်လမ်းလေးလဲကောင်းတယ်၊ ရေးဟန်လေးလဲကောင်းတယ်။
GaviaGirl
April 7, 2013 at 10:33 pm
အားပေးတာ ကျေးဇူးပါနော်.. လေးလေးပါ..
ပက်ထရစ်ရွှေဂေါင်း
April 6, 2013 at 6:26 pm
စာအရေးအသားတော်တော်ကောင်းတယ်ဗျ…
အဲ့က ခင်လေးကော အသစ်တွေ့သွားပလား။ 🙄
မောင်အံ့စာတော့ မဟုတ်လောက်ရဲ့ပါဘူးနော်.. ကွိ..
GaviaGirl
April 7, 2013 at 10:44 pm
အိမ်ထောင်ကျလို့ ကလေးနှစ်ယောက်နဲ့..
Mr. MarGa
April 6, 2013 at 7:46 pm
အရင်ဆုံး ဆရာလုုပ်မယ်
သိသိသာသာပြတ်ဆဲသွားသော
အဲဒါလေးက သတ်ပုံ မှားနေတယ် ထင်သဗျ။
ဆရာလုပ်ပြီးတော့ ဝေဖန်ရေးစမယ်
အဲဒီ ဖွင့်ဆိုချက်ကိုတော့
တကယ် သဘောကျတယ်
ဘယ်လောက် ချစ်ပါတယ် ကြိုက်ပါတယ်ပြောနေနေ
နောက်ဆုံးမှာတော့ ကိုယ့်အတွက်သာပါပဲ နော့………………….
ကျန်တဲ့အပိုင်းနဲ့ ပတ်သက်လို့ကတော့
မျက်နှာပြောင်တယ် ပြောနိုင်သလို
သူ့အခွင့်အရေးကို သူ့ဟာသူ သုံးတယ်လို့လဲ ပြောနိုင်သပေါ့
ကျုပ် လေသံနဲ့ ပြောရမယ်ဆိုရင်
သူသည် တာဝန်သိသူ မဟုတ်ပါဘူးလို့သာ ပြောချင်မိ။
ဆက်လက် ပြောဆိုရရင်
ချစ်သောသူနှင့် ကွေကွင်းသော ဆင်းရဲ
မချစ်မနှစ်သက်သောသူနဲ့ ပေါင်းဖက်ရသော ဆင်းရဲ
အဲ………….အဲ(အများကြီး ကျန်သေးတယ် မေ့သွားပြီ )
အဲဒီ ဆင်းရဲတွေကိုကျော်လွှားနိုင်သောသူသာ တန်ဖိုးရှိသူဖြစ်ကြောင်း……….. ပြောကြားလိုပါတယ်။
မြန်မာမှာ ဗြဟ္မစိုရ်တရား လေးပါး ဆိုတာရှိသကွယ်
အဲဒီတရားလေးပါးနဲ့သာ ကျင့်သုံးဆက်ဆံလိုက်ပါတော့ကွယ်။
ဒါဆိုရင် ဆုတောင်းစရာလဲ မလိုတော့ဘူးကွယ့် :hee:
GaviaGirl
April 7, 2013 at 10:50 pm
ဟုတ်ကဲ့.. သတ်ပုံက စလုံးနဲ့ ပြတ်စဲပါတယ်ရှင့်.. မှားတွားဒါ ခွင့်လွှတ်ပါနော်…
အချစ်ဖွင့်ဆိုချက်ကို သဘောတူတဲ့အတွက် ဝမ်းသာပါတယ်.. သဂျား…
ခင်လေးကပြောတယ်.. ဥပေက္ခာတရားနဲ့ ကျင့်သုံးဆက်ဆံနေပါတယ်တဲ့…
မောင် ပေ
April 6, 2013 at 8:36 pm
အင်တာနက်ကပေးတဲ့
ခံစားချက်တွေကို
ရင်နင့်စွာနဲ ့
ဖတ်သွားပါတယ်
မွန်လေးရယ်
အဟင့်
GaviaGirl
April 7, 2013 at 10:54 pm
နိုနဲ့နော်.. အိုက်ဒါ ဇာတ်လမ်းလေ..နော်…
ကီလိုဇူးလူးဝီစကီ
April 7, 2013 at 1:14 am
ခင်လေးနှင့်သူနှင့်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြခြင်းဟူသည့် အဖြစ်အပျက်သည် ပြန်တွေးမိလျှင်တောင် အိပ်မက်အလား ထင်ရသည်။ ခင်လေးနှင့်သူနှင့် သည်လောက်အထိ ဝေးကွာသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။
:byae: :byae:
GaviaGirl
April 8, 2013 at 10:20 pm
:byae: :byae: …
တိုက်ဆိုင်သွားသလားဟင်… နိုနဲ့နော်… မမ
Foreign Resident
April 7, 2013 at 10:46 am
အချစ် ကိစ္စတွေက ၊ သိပ် အာရုံနောက်တာပဲနော် ။
အချစ် ကိစ္စတွေကို ၊ ခံစားနိုင်မှု မှာ အဘ အားနည်းတယ် ။
အဘ ဘဝ ကတော့ ရှင်းတယ် ။ ကိုယ်ကနေ စပြီး မချစ်တတ်ဘူး ။
အဖမ်း မခံဘူး ၊ မိခါနီးရင် အားကုန် ပြေးတယ် ။ လှစ် လှစ် ။ ဟီ ဟိ ။
အို လာတော့မှ ၊ သင့်တော်တာနှင့် ၊ ငြိမ်ငြိမ်လေး အမိခံလိုက်တယ် ။
အခု အငြိမ်းစား ယူလိုက်ပြီ ၊ နားပြီ ။ ဒါပဲ ။
အရီးခင်လတ်
April 7, 2013 at 9:01 pm
သာဓု၊ သာဓု၊ သာဓု ပါ ရှင်။
😆
GaviaGirl
April 8, 2013 at 10:23 pm
အဘက မချစ်တတ်ခဲ့ဘူးပေါ့… လူ့ဘဝရောက်လာပြီးမှ အချစ်ကို မတွေ့ခဲ့ဘူး.. ဒါမယ့်.. အိမ်ထောင်ပြုတယ်… တစ်မျိုးတော့ တစ်မျိုးပဲ.. အင်းလေ.. အဘက နည်းနည်းတော့ နားလည်ရခက်ပါတယ်.. 🙂
ဒါမယ့် လောကကြီးမှာ အဘလိုလူမျိုးတွေ ရှိတယ်ဆိုတာတော့ လက်ခံပါတယ်… သာဓု..သာဓု..သာဓု..
အရီးခင်လတ်
April 7, 2013 at 8:59 pm
လုံမရေ
အဲဒီ ဇာတ်လမ်းနောက်ကို ဆက်ပြီး Research လုပ်ကြည့်ချင်သွားတယ်။
ကိုယ်နဲ့အရမ်းချစ်ခင်နေတဲ့ ညီမလို သူငယ်ချင်းလေး ကြွေနေသူကိုမှ စပြီး အီစကလီ လုပ်ခဲ့တဲ့ သူတစ်ယောက် ရဲ့ စိတ်ထားဟာ ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလဲ။
မယုံမရှိနဲ့။
သူတို့ နှစ်ယောက်ကြိုက်သွားပြီး ရင် အဲဒီအမျိုးသမီး နွေး က မိုင်ခိ နဲ့ သူ့ကောင်လေး ကို တစ်ချိန်လုံး သဝန်တို နေမလားဘဲ။
ဒါဟာစိတ်ထားသေးသိမ်သူတိုင်း ဖြစ်လေ့ရှိတာမို့ ကိုဖြိုးတစ်ယောက် ဘယ်လောက်သည်းခံနိုင်မလဲဘဲ။
နောက်ပြီး သူတို့ နှစ်ယောက်က အချိန်တိုတိုလေးအတွင်း ဇာတ်လမ်းဖြစ်တာမို့ သံယောဇဉ်က ဘယ်လောက် အတိုင်းအတာထိ ဖြစ်နိုင်မလဲ ဆိုတာကလဲ စိတ်ဝင်စားစရာဘဲ။
ဒီတော့
လုံမရေ
အရီး ကိုယ်စား မိုင်ခိ ကို သတိပေးလိုက်ပါ။
ကိုဖြိုး နဲ့ ဘယ်တော့မှ ဘယ်လိုအကြောင်းနဲ့ မှ ပြန်မပါတ်သက်ပါနဲ့တော့လို့။
စိတ်ထားနုတဲ့ မိန်းမ ကို သဘောကျတဲ့ လူတစ်ယောက်ရဲ့ စိတ်ဟာလဲ မယုံရနိုင်လောက်ပါဘူး။
သူတို့ နဲ့ ကင်းကင်းသာနေလိုက်ပါတော့ လို့ တိုက်တွန်းပါတယ်။
တစ်ခါတည်း သာ ဘဝထဲ က ထုတ်လိုက်ပါ။
ကိုယ့်စိတ်ကိုလဲ အပင်ပန်းမခံပါနဲ့။
မတန်ပါဘူး လေ။
Moe Z
April 8, 2013 at 11:15 am
အရီး မိုင်ခိက ဘယ်ကပါလာတာလဲဟင် 🙄
မွန်ရေ .. အဲဒီထဲက မနွေးနဲ့ကိုဖြိုးကိုတော့ မဝေဖန်တော့ဘူး
ဇာတ်ကောင်ခင်လေးကိုပြောမယ်ကွယ် ..
သူပို့လိုက်တဲ့မေးလဲထဲ ဘာပါလဲဆိုတာမသိပေမယ့် ကိုဖြိုးကိုချစ်ခဲ့တယ်ဆိုတဲ့အကြောင်းဆိုရင်တော့ ခင်လေးအနေနဲ့ ပိုရှူံးတာပေါ့ .. ဒီအတိုင်း မသိချင်ယောင်ဆောင်ပြီး ဥပက္ခာပြုလိုက်ရင် မနွေးကို အမြင်အရရှူံးပေမယ့် အဲ့လိုစိတ်ဓာတ်ရှိတဲ့လူမှန်းသိလိုက်ရတဲ့အချိန်မှာ ကျောခိုင်းလိုက်တော့ ပိုမကောင်းဘူးလားဟင် ..
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 11:18 am
အရီး။
အနော့ ဗီလိန်နဲ့ရောသွားတာနေမယ်။
GaviaGirl
April 8, 2013 at 10:36 pm
အရီးရေ… နည်းနည်းဆက်ပြောရလျှင်ဖြင့်.. ကိုဖြိုးဆီက စကားတစ်ခွန်းကို ပြန်ကြားရပါတယ်….
“ဒီလိုမှန်းမသိလို့ ကြိုက်ခဲ့တာတဲ့” .. လူကြီးဆန်တာကို သဘောကျခဲ့တဲ့ ကိုဖြိုးနဲ့… အသက်ငယ်တဲ့သူကိုကြိုက်ထားလို့ ကလေးဆန်အောင်နေနေတဲ့ မမနွေး.. အိမ်မှာ တစ်ခုခုအဆင်မပြေတိုင်း အစအဆုံးပြောပြရင် “နောက်တစ်ခါ ဘယ်သူနဲ့ ဘာဖြစ်တာမှ မကြားချင်ဘူး” လို့ ပြန်ပြောတတ်တဲ့ ကိုဖြိုး… အချို့သောပြဿနာလေးတွေရှိတယ်ထင်ပေမယ့် အခုထက်ထိတော့ အဆင်ပြေနေပါသေးတယ်… 🙂
ခင်လေးအတွက်ကတော့ အဲဒီပြဿနာအစကတည်းက ကိုဖြိုးကို သူ့ဘဝရဲ့ role model အဖြစ်ကနေ စွန့်လွှတ်လိုက်ပါကြောင်း.. 🙂
အစ်မ မိုးစက်ရေ…
ရှစ်နှစ်ကြာ မျိုသိပ်ခဲ့ရတာတွေကို စာထဲမှာ ဖွင့်ပြောခဲ့တာပါ… ရှုံးလားမရှုံးလားတော့ မသိတော့ပါဘူး.. လုပ်ချင်တာကို လုပ်လိုက်တာပေါ့နော်… မဖြစ်မနေဆိုတဲ့အခြေအနေကို ကျော်သွားရင်တော့ သူတို့နဲ့ ပတ်သက်မှုတွေအားလုံးကို ဖြတ်ဖို့ စဉ်းစားထားပါတယ်…
ဦးကြောင်ကြီး
April 8, 2013 at 7:46 am
ကိုဖြိုးနဲ့ခင်လေး
ယိုထိုးလို့ဆင်ကျွေး
ဗိုလ်မိုးညို့ရင်သွေး
ခိုဂျိုးတို့ဝင်တွေး..။
GaviaGirl
April 8, 2013 at 10:38 pm
ယိုထိုးပြီးရင် ကျွေးစရာဆင်မရှိလို့ ကြောင်ကိုပဲကျွေးမယ်.. စားမား.. 🙂
လူကလေး
April 8, 2013 at 10:31 am
အေး .. ဒါမျိုး ထပ်ခံစားလို့ကတော့ .. ကိုယ့်ဖာသာကိုယ်ပဲ ခံစားတော့ .. ငါတို့ ဆီက ပန်းကန်ပြားလာ မတောင်းနဲ့ တော့ ဟ.. .ဒါပဲ.. လူဇိုးမ
GaviaGirl
April 8, 2013 at 10:39 pm
This is the last story about it… 🙂
လူကလေး
April 9, 2013 at 11:22 am
Happy to hear that .. Bwar.. . :-*