သင်္ကြန်အက
သင်္ကြန်အက
သင်္ကြန်နား နီးလာတော့ သင်္ကြန်နဲ့ပတ်သက်တာလေးတစ်ခုခု ရေးချင်စိတ်ပေါ်လာတယ်။
ရေးမယ် ဆိုပြန်တော့ ရေးစရာအကြောင်းအရာက ရှာမတွေ့။
ဘယ်တွေ့မလဲ အတွေ့အကြုံက နည်းသလို ဖြစ်နေတာကိုး
ဒါပေမင့် အဲဒီလို ရှာလိုက်တာ တစ်ခုတော့ သွားတွေ့တယ်။
သင်္ကြန် အက အကြောင်းပါ။
မန္တလေးဟာ အရင်ကတည်းက ယဉ်ကျေးမှုမြို့တော်လို့ ခေါ်ခဲ့ကြတယ်။
မြန်မာရှင်ဘုရင် နောက်ဆုံး နန်းစိုက်သွားတဲ့မြို့မို့ နန်းမူနန်းရာတွေ ယဉ်ကျေးမှု အငွေ့အသက်တွေ ကျန်ကောင်းကျန်ရာ ကျန်သင့်သလောက် ကျန်ခဲ့တာကိုး။
ကျော်ကြားတဲ့ အနုပညာသည်တွေလဲ ပေါ်ထွက်ခဲ့ကြတယ်။
အခုအချိန်ထိလဲ ယဉ်ကျေးမှုနဲ့ပတ်သက်ရင် စံတစ်ခု ရှိနေဆဲပဲ။
ဟို အရင်ခေတ်တွေတုန်းက မန္တလေးမြို့ပတ်လည်မှာ ရေပက်အသင်းတွေနဲ့ သင်္ကြန်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ဖူးပါတယ်။ စတင်ခဲ့တာကတော့ နဂါးဆေးလိပ်က နဂါးရေသဘင်လို့ အမေလူထုဒေါ်အမာ ရေးတာ ဖတ်ရဖူးပါတယ်။ ရေပက်ခံကားတွေနဲ့ လှည့်လည်တာကတော့ မြို့မက အရင် စခဲ့သပေါ့။
ရေပက်အသင်းတွေ ရေပက်မဏ္ဍပ်တွေမှာ တွဲပါလာတာတွေကတော့ ဧည့်ခံအကလို့ ခေါ်ရမယ့် သင်္ကြန်အကပေါ့။
မန္တလေးဟာ ယဉ်ကျေးမှုမြို့တော် ဆိုတဲ့အတိုင်း မန်းသူ အတော်များများဟာ အခြေခံတော့ ကတတ်ကြပါတယ် (အခုခေတ်မှာတော့ မသိတော့ဘူးနော်)
သင်္ကြန်အက ဆိုတာဟာ အဲဒီ မိန်းကလေးတွေထဲကမှ အကကောင်းသူတွေကို စုပြီးတော့ ယိမ်းအက တိုက်စေလို့ ဧည့်ခံ ကပြကြတာပါ။
မန္တလေးမှာက သဘင်ပညာသည်တွေလဲ ပေါများတာကြောင့် အကတိုက်ရာမှာလဲ ပညာသည်တွေကို ဖိတ်ခေါ်လို့ သင်ကြားစေ၊ ကစေတာပါ။
သူ့ရဲ့အစကိုတော့ အမေလူထုဒေါ်အမာက ဒီလိုလေး ရေးထားပါတယ်။ အနှစ်သာရ ပျက်မှာစိုးလို့ ရေးတဲ့အတိုင်းပဲ ပြန်ရေးပြမနော်။
“အဲဒီလို မြို့မက အလှပြကားနဲ့ ရေပက်ခံတာ စပြီးတဲ့နောက် ရေပက်တဲ့မိန်းကလေးတွေ ကလာပုံကို အမေမှတ်မိသမျှ ပြောရရင်-
မြို့မရေပက်ခံကား ရေပက်သူတွေရှေ့ရပ်ပြီး တီးပြတဲ့အခါ ကတတ်တဲ့လူရှိရင် ကပါလို့ သူတို့ကလည်း တောင်းဆိုတယ်။ ဘေးက ပွဲကြည့်ပရိသတ်ကလည်း ပြောကြတယ်။ ဒါကြောင့် နည်းနည်းပါးပါး ကတတ်တယ်ထင်တဲ့ ရေပက်သူမိန်းကလေး တစ်ယောက်ယောက်က ရှက်ကိုးရှက်ကန်းနဲ့ ကားဘေးထွက်လာတယ်။ နောက်တော့ တစ်ယောက်ထဲကတာ ကြောင်လို့ နှစ်ယောက်သုံးယောက် ထွက်လာတယ်။ ရပ်ကနေရင်းနဲ့ မြို့မကားကို လှည့်ပတ်ပြီး ကလာတယ်။
ဒီလိုနဲ့ ရေပက်သူ မိန်းကလေးတွေက ကတာ စတာပါပဲ။ နောက်တော့ ယိမ်းသဘောမျိုးအထိ တိုးတက်လာပါတယ်။”
ဒါတွေကတော့ သိသလောက် စာတွေ့ သင်္ကြန်အကအကြောင်းပေါ့။
ငယ်စဉ်ကတည်းက ရုပ်မြင်သံကြားက သင်္ကြန် အဆိုအကတွေလာတိုင်း အဒေါ်တွေ၊ ဘွားအေတွေ ပြောတဲ့စကားတွေနဲ့ စိတ်ထဲမှာ စွဲထင်နေတာကတော့ သင်္ကြန်အကမှာ မန္တလေးနဲ့ ရန်ကုန်နဲ့ အက မတူတဲ့အကြောင်းပါပဲ။
တကယ်လဲ သေသေချာချာ ကြည့်မိတဲ့အခါမှာ အတော် ကွဲတာကို သွားလို့ တွေ့ပါတယ်။
ဘာကြောင့် အဲဒီလို ကွဲပြားရသလဲ စဉ်းစားကြည့်တော့ မင်းသမီးအကမှာကတည်းက မန္တလေးနဲ့ ရန်ကုန် ကွာခြားခဲ့တာကြောင့် ဆိုတာ သွားတွေ့တယ်။
ဘယ်လိုကွာသလဲဆိုတာလေးကို ဒီလိုလေးပြောမယ်
မန္တလေးမှ မင်းသမီးများသည် မထွေးလေးတို့၊ ရုပ်သေးမင်းသမီး ဆရာပု၏ မင်းသမီးရုပ်တို့၏ မိန်းမကကို တတ်နိုင်သလောက် အတုခိုးပြီး က လေ့ရှိကြသည်။ ရန်ကုန်အငြိမ့်မင်းသမီးများမှာကား ယောက်ျားမင်းသားတွေ မိန်းမမင်းသားတွေက သင်ပြလွှတ်လိုက်သည်ဖြစ်၍ ရန်ကုန်အငြိမ့်မင်းသမီးကသည် မင်းသမီးက မဟုတ်ဘဲ မင်းသားကတွေက များနေပါသည်။ အခုန်အပေါက်တွေက အလွန်များသည်။ အဆစ်ကလည်း စိပ်သည်။
………………………………..
မန္တလေး ပွဲကြည့်ပရိသတ်၏ မျက်စိထဲ၌ ရန်ကုန်မှ မင်းသမီးတွေ ကသည်ကို ကြည့်ရသည်မှာ ကြမ်းသည်ဟု မြင်သည်။ ယောက်ျားဘသား ဟူ၍ လေးခင်းပြတော့မည့်နှယ် ရှိသည်ဟုထင်သည်။ အင်မတန်ကြီး ကြိုးစားပမ်းစားနှင့် ကရှာကြသော်လည်း မျက်စိထဲ၌ ခုန်လား ပေါက်လားတွေ များနေသောကြောင့် ကြည့်မစွဲဘဲ ဖြစ်နေတတ်ပါသည်။
မန္တလေးမှ မင်းသမီးကောင်းတွေ ကသည့်အကမှာ ငြိမ့်ငြိမ့်ညောင်းညောင်းနှင့် လှိုင်းစီးရသလို ခံစားရ၍ အနုပညာ ပီသည်၊ အကညက် အကလှသည်ဟု မြင်ပါသည်။ ရန်ကုန်အကမှာ ဇိုးဇိုးဇတ်ဇတ် ဗြိုးဗြိုးဗြတ်ဗြတ် နိုင်လှသည်။ မန္တလေးအကမှာ ညက်ညက်ညောညော ယဉ်ယဉ်ကျေးကျေး ရှိသည်ဟုလည်း မန္တလေးက ထင်ကြသည်။
မန္တလေးပန်တျာနဲ့ ရန်ကုန်ပန်တျာမင်းသမီးက မှာ အများဆုံး ခြားနားတာကတော့ ဒူးထားပုံချင်း ကွာမှုပဲ။ မန္တလေး ဩဘာသောင်းတပည့်တွေက ဒူးစုတယ်၊ ရန်ကုန် ပန်တျာထွက်တွေက ဒူးကားတယ်။
သင်္ကြန်အကဟာ ဒီ မင်းသမီးက တွေလောက်တော့ အနု မစိတ်ဘူးပေါ့။ ဒါပေမင့် အဲဒီလို ကွာခြားချက်လေးတွေကြောင့် မန္တလေးနဲ့ ရန်ကုန်ဟာ သေချာကြည့်ရင် ကွဲပြားသွားတယ်။
အကဆိုတာ “ခေါင်း၊ ခါး၊ ခြေ၊ လက် ဤလေးချက်” ရဲ့ လှုပ်ရှားမှုကို ဂီတသံနဲ့ လိုက်ဖက်အောင် လှုပ်ရှားသွားတာသာ ဖြစ်ပါတယ်။ ခန္တာကိုယ်အနေအထား ဘယ်လောက်ပဲ မလှဘူးပြောနေပါစေ အဲဒီလေးချက်ကို အချက်ကျကျ ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနိုင်ရင် ကတဲ့သူဟာ လှနေပါတယ်။
လူပြိန်းအမြင်၊ ကြည့်ရှုသူအမြင်နဲ့ ပြောရရင် သင်္ကြန်အကမှာ ရန်ကုန်အကတွေရဲ့ သိသာမှုက တင်ပါးကို အလွန်အကျွံ ကော့ထားပြီး ကတာပါ။
အဲဒီတစ်ချက်ကို ကြည့်ရုံနဲ့တင် သာမန်လူက ဒါဟာ ရန်ကုန်အကလား မန္တလေးအကလားဆိုတာကို ခွဲခြားနိုင်ပါတယ်။
သေသေချာချာ ခွဲခြားဖို့အတွက် မန္တလေးအကကို ရှာဖွေကြည့်ရှုချင်ရင်တော့ သင်္ကြန်မိုး ဇာတ်ကားဟာ အပြည့်စုံဆုံးပါ။ ရန်ကုန်အကအတွက်တော့ ရုပ်မြင်သံကြားက ပြသနေတဲ့ အက တော်တော်များများဟာ ရန်ကုန်အကပါ။
ပြောရမယ်ဆိုရင် ခါးထက် တင်ကို ပိုလို့ ဦးစားပေးတဲ့ သဘောမှာ ကွာတာပေါ့။
ဒီနေ့ခေတ်မှာ သင်္ကြန်အကတွေကို ရှာဖွေရင်တော့ အတော်ကို ရှာယူရပါလိမ့်မယ်။ ပြိုင်ပွဲဝင် မဏ္ဍပ်တွေမှာသာ တွေ့နိုင်တဲ့အရာတွေမို့ပါ။
ကွယ်ပျောက်လု ဖြစ်နေတယ်လို့ ပြောရအောင်ကလဲ အကြိုနေ့တိုင်း အတာသင်္ကြန်ဖွင့်ပွဲအဖြစ် ကျောင်းပေါင်းစုံက စုပေါင်းလို့ ကပြနေကြတာဆိုတော့ ကွယ်ပျောက်လုလုတော့ မဖြစ်သေးပါဘူး။ အတွေ့အမြင်ကတော့ နည်းသွားပါပြီ။
သင်္ကြန်ဟာလဲ တဖြည်းဖြည်းနဲ့ လေးပေါက် ပြောသလို အိုင်တီ အီကော်နော်မီသင်္ကြန် ဖြစ်နေတာ ကြာပကိုး။
##########################################
ဒါကတော့ ကျွန်တော့်ရဲ့ သင်္ကြန်အက ဆန်းစစ်ချက်ကလေးပါပဲ။
ဝါသနာရှင် အဆင့်ရဲ့အောက် ကြည့်ရှုသူ အဆင့်ကနေ ရေးထားတာမို့ ကွဲလွဲတဲ့ မှားတဲ့ အချက်ကလေးတွေလဲ ရှိပါလိမ့်မယ်။
တစ်ချိန်က ကျော်ကြားခဲ့တဲ့ သင်္ကြန်အကကို သတိတရအနေနဲ့ ရေးတာ ဖြစ်ပါတယ်။
ဒီအထဲက စာသားတွေ၊ အကိုးအကားတွေအတွက်ကိုတော့
အမေ လူထုဒေါ်အမာရဲ့
အမေ့ရှေးစကား (ပထမနဲ့ ဒုတိယတွဲ) ၊ ပြည်သူချစ်သော အနုပညာသည်များ၊ အငြိမ့် စတဲ့စာအုပ်တွေကနေ ထုတ်နုတ် တင်ပြတာ ဖြစ်ပါတယ်။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
29 comments
ဦးဦးပါလေရာ
April 9, 2013 at 1:49 am
အဲဒါက ပရိတ်သတ်အကြိုက်ကလဲ အစကတည်းက ကွာပါတယ်။
ဟိုး ရှေးရှေးကတည်းကပါ..။
ရန်ကုန်ကြိုက် (တက္ကသိုလ်ကြိုက်) အငြိမ့်တွေနဲ့ မန္တလေးကြိုက်အငြိမ့်တွေ ကွာခြားကြပါတယ်။
အင်္ဂလိပ်ခေတ်က အကထဲမှာ ခိုင်မာလာနှင်းဆီအကဟာ ရန်ကုန်ကြိုက် တက္ကသိုလ်ကြိုက်အကပေါ့..
အင်း အဲဒီကကြိုးကြည့်ချင်ရင်တော့ ဝင်းဦးရိုက်ခဲ့တဲ့ မှုံရွှေရည်မူရင်းဇတ်ကားမှာ တွေ့နိုင်ပါတယ်။
Mr. MarGa
April 9, 2013 at 8:11 pm
ဦးပါရေ
အဲဒီ အငြိမ့် ကွာခြားတာဟာ အဓိက ကတော့ ပရိသတ်
နောက်တစ်ခုက ရေခံမြေခံလို့ ထင်ပါတယ်
မန်းက အပြောင်းအလဲကို တော်တော်နဲ့ လက်မခံတဲ့မြို့
ရှေးဟန် ရှေးမူ အတိအကျကို အတတ်နိုင်ဆုံး ထိန်းတဲ့မြို့ကိုး
ပြောရမယ်ဆိုရင် နောက်ခံ ခေတ်အခြေခံတွေပါ ပါသွားတာကြောင့် ပရိသတ်ကအစ ကွာသွားတာလို့ ပြောချင်မိပါတယ်ခင်ဗျာ။
ကီလိုဇူးလူးဝီစကီ
April 9, 2013 at 8:34 am
သကြား။
သကြား။
ညည်း ဒီစာကို အပြည့်အဝ ထောက်ခံတယ်အေ။
သို့သော်ငြား လူ အမြင်ကပ်ခံရနိုင်တယ်လို့ ထင်မိတယ်။
ထားပါ။
ကျုပ်တို့ ကျောင်းသူဘဝကတည်းက အကသင်ရတာအေ့။ မန်းသူမှန်ရင် မ က တတ်လို့မဖြစ်ဘူး။ အဲဒါ ဟုတ်တယ်။
နောက်ပြီး ခါး အဓိက ဆိုတာလည်းဟုတ်တယ်။ အရမ်းလှုပ်ရှားမပြပဲ ခါးလေးကိုပဲ နိုင်နိုင်ချိုးပြီး က ရတဲ့ အက။
နောက်ရှိသေးတယ်။
ခြေထောက်။
ရှေ့အတော့ကို မန်းလေးက ခြေဖျား/ခြေမ လေးနဲ့ပဲ ရှေ့ကို တို့ရုံ ယူပေမဲ့
အခြားနေရာက ဖနောင့်နဲ့ ရှေ့ထိုးတယ်ကွဲ့။
ဆရာမ က ကျုပ်တို့ အဲဒီလို က မိရင် ခြေဖျားတွေကို ခပ်စပ်စပ် လိုက်ရိုက်လေ့ရှိတယ်။ စင် ပေါ်က နေ ပရိတ်သတ်ကို ခြေဖဝါးကြီး ထောင်ပြသလိုဖြစ်မှာဆိုးလို့တဲ့။
ပြီးတော့ အရမ်းကို ချာလပတ်ရမ်းနေအောင် ကတဲ့ ကကွက်မျိုးလည်းမပါဘူး။
တစ်မျိုးပြောရရင် မြန်မာ အက စစ်စစ်ဟာ ကနိုင်ရင် တစ်ကိုယ်လုံး လှအောင် လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပေတယ်ကွဲ့။
(ဟီး။ အားနေလို့ လျှောက်ပွါးသွားတာ ဗွေမယူနဲ့နော်။ ခွေးရေ ပရပိုက်မှာ မမှတ်နဲ့နော်။
နာ ခု လိမ်လိမ်မာမာ နေ နေတယ်။)
:kwi:
Mr. MarGa
April 9, 2013 at 8:40 pm
အဲဒီအကကိုလေ
တကယ် ကျွမ်းကျွမ်းကျင်ကျင် ကရင်
ဒေါ်ဆွိတို့ ဘော်ဒီတောင် အကအောက်မှာ ပျောက်သွားမဗျ
အဲသလောက်ကို လှတာ
နောက် သူက လေ့ကျင့်ခန်း တစ်ခုအနေနဲ့လဲ လုပ်နိုင်သေးသဗျ။
ဦးကြောင်ကြီး
April 9, 2013 at 8:49 am
ဆရာတယောက် ပြောဖူးတာ မြန်မာအကလောက် လိင်စိတ်နှိုးစွပေးတာ မရှိဘူးတဲ့…။ ဟုတ်လည်းဟုတ်မယ်ဗျ…မြန်မာအကမှာ ကွတကွတနဲ့ ခြေထောက်ထားပုံ ကြည့်ပါလား…ရိုးရိုးရပ်နေတာလဲ မဟုတ်…. ဒါနဲ့ ဆွိမမ အဲလို ရပ်နေပုံ ကြည့်ချင်သား.. ဂလုစ်..
kai
April 9, 2013 at 9:10 am
ဟဲဟဲ..
မြန်မာအကဆိုတာမျိုးက.. ရှေးသက်ဦးဆံပိုင်ခေတ်က.. နန်းတွင်းထဲ.. “အဲဒါတွေ”ဆွရင်းဖျော်ဖြေရာကစခဲ့တာပဲ..
မယုံရင်.. အိနိ္ဒယက..ကာမသျှတရကျမ်းတွေဖတ်ကြည့်ပါလား..
ပိုသေချာချင်ရင်.. ရောမခေတ်..”သခင်နဲ့ကျွန်ခေတ်”က..ကချေသည်တွေအကကြည့်လေ..
စကားအတင်းစပ်ရရင်..
မြန်မာအကက.. ပွဲကျောင်းပညာကိုမြုတ်ပြီး.. လျှို့ဝှက်ဆက်ယူလာတယ်ဆိုပါတယ်..
အထောက်အထားအဖြစ်.. ဆရာမင်းသိင်္ခ ပုံလေးတွေနဲ့တကွသရုပ်ဖေါ်ရေးဖူးတယ်..။
အရည်းကြီးတွေဟာ.. ပွဲကျောင်းသိုင်းရဲ့အရင်းတွေဖြစ်တာမို့.. မဟာယာနနဲ့ဆက်စပ်ရင်.. ရှောင်လင်သိုင်းအနေနဲ့ယှဉ်တွေးကြည့်ဖို့ပါ..။
ပို့စ်နဲ့ပြန်ဆက်စပ်ရရင်..
သင်္ကြန်အကက.. ကဗျာလွတ်အကနဲ့ဆင်တယ်ထင်တာပဲ..
ကိုပေါက်(မန္တလေး)
April 9, 2013 at 12:37 pm
မှန်တယ် ကိုခို်င်ရေ
သင်္ကြန်အက က ဘာမှ မတတ်တဲ့ သာမန်အရပ်သူတွေ ကနိုင်အောင် ကကြိုးဆန်းဆန်းမပါအောင်ထွင်ထားတာပါ.
ရေဖလားပိုက်ထားမယ် ရေပက်မယ်ဆိုတဲ့ သဏ္ဍန်လေးလဲပါအောင်ပေါ့.
ဟိုးအရင်က မန်းလေးသင်္ကြန်နားနီးရင် ယိမ်းတိုက်ပြီဆိုရင်
ကတတ်တဲ မာမီတွေ မျက်နှာပွင့်တဲ့အချိန်.
သူတု့ိက အကသင်ပေး ရှေ့ကနေကပြ တာကို နောက်ကလိုက်ကကြ
ပျော်စရာ.
မနှစ်ကတော့ မန်းလေးသင်္ကြန်အကြောင်း ဝအောင်ရေးပြီးသွားပြီ။
Mr. MarGa
April 9, 2013 at 8:21 pm
အင်း………….မနှစ်က လေးပေါက် ရေးတာ မဖတ်ရတာ နာသဗျာ.
သင်္ကြန်နီးတော့ ကျွန်တော် ရိပ်သာရောက်နေသဗျ
ဒါနဲ့ လေးပေါက်ရေ ကျွန်တော်ဖတ်ဖူးတာက
မာမီတွေတင်မကဘူး မင်းသမီးတွေနဲ့ ရပ်ကွက်ဝန်းကျင်က ကတတ်တဲ့ သူတွေကပါ သင်ပေးသလားလို့
Mr. MarGa
April 9, 2013 at 8:17 pm
သဂျီးကတော့ လုပ်ပြီ
မြန်မာအကကို ဆင်းသက်ပုံတော့ ပညာရှင်မဟုတ်လို့ တုတ်ထမ်း မငြင်းတော့ပါဘူးဗျာ
သင်္ကြန်အကကို ကဗျာလွတ်အကနဲ့ ဆင်တယ်လို့ ထင်ရုံမထင်ပါနဲ့
သေချာလိုက်ပါဗျာ။
သို့သော်
ကဗျာလွတ်အကဟာ အဲဒီထက် ကျယ်ပြန့်ပါသေးတယ်
သင်္ကြန်အက ဆိုတာဟာ ကဗျာလွတ်ရဲ့ အခြေခံသာသာပဲ ရှိသေးတာဗျ။
ကီလိုဇူးလူးဝီစကီ
April 9, 2013 at 9:15 am
ဒီ ရွာ ထဲ ဒီနာမည်မျိုး ကြားဖူးဘူးနော်။ အငြိမ့် မင်းသမီးလားဟင်။
Mr. MarGa
April 9, 2013 at 8:14 pm
ဗျို့ ဦးကြောင်
ကွတကွတနဲ့ ခြေထောက်ထားတာ မဟုတ်ဘူးဗျ
အလှကို ပေါ်အောင် ရပ်တာလို့ ပြောရတယ်
တကယ့် မင်းသမီးဟန်က ခြေတစ်ဖက်ပေါ်ကို အဓိက အားပြုလိုက်ပြီး တစ်ဖက်နိမ့် တစ်ဖက်မြင့်လေး ရပ်တာဗျ။
မြန်မာအကလောက် လိင်စိတ်နှိုးဆွပေးတာ မရှိဘူးဆိုရင်
အခု ခေတ်ပေါ် အကတွေကို ဘယ်လိုပြောကြမလဲဗျာ………….
တကယ်ကတော့ သူ့နေရာနဲ့သူလို့ ပြောရမပေါ့
သူကလေး
April 9, 2013 at 9:51 am
ကြည့်ချမ်း
ချာတိတ်လေးက သိလှချည်လား (လူကလေးပြောလို့သိတာ မဟုတ်ရင်တော့ ဒွတ်ခ)
သိမှတ်စရာတွေကိုလေ့လာပြီး လာရောက်ဖတ်ရှုသွားပါကြောင်းးးးးး
Mr. MarGa
April 9, 2013 at 8:23 pm
ဒီမယ် သူကလေး
ဝရဇိန်စာ မိချင်ပလား
မှတ်ထားဗျ
ဦးမာဃဆိုတာ လူကြီးလူကလေးဆိုတာကို
သိမှတ်စရာတွေ လေ့လာချင်ရင်တော့
စာသာဖတ်ကွယ့် :kwi:
TNA
April 9, 2013 at 12:22 pm
တဂျားမင်းဂျီးရေ။ ပိုစ့်ကလေးဂိုဖတ်လိုက်တာ မျက်စိထဲမယ် မန်းလေးအက ရန်ကုန်အကခွဲပြီး မြင်ကြည့်နေ တုန်း ဗြုန်းဆို ဦးကြောင်ဂျီးဂနေ စဖောက်လိုက်ဒါ တဂျီးထိဆိုတော့ကာမယ်။ ခံစားချက်ကလေးဂွပ်ဆို ဘယ်ရောက်တွားလဲမတိ။ သဂျန်အကလေးမြင်ရာကနေ နိုက်ကလပ်ရောက်တွားဒလိုဘဲ။ ဆိုးချက်တော်။
Mr. MarGa
April 9, 2013 at 8:24 pm
ကျော်ဖတ်သွားတာတော့ ဟုတ်ဖူးဗျာ
ပြန်ခေါ်ပြန်ခေါ်
အဲ့ ခံစားချက်ကလေးးကို
အဲဒီတော့ ပြန်ပေါ်လာအောင် နောက်တစ်ခေါက်ပြန်ဖတ်
ဒါဗျဲ :hee:
MaMa
April 9, 2013 at 5:15 pm
မန်းလေးသား စကား ဆိုတာ ဒီလို မန်းလေးသားတွေကြောင့် ဖြစ်လာတာဖြစ်မယ်။
သင်္ကြန်အကချင်းတောင် သူတို့မန်းလေးအက က ပိုသာတယ်ထင်နေသေး။ :kwi:
Mr. MarGa
April 9, 2013 at 8:26 pm
ဟိုက် အန်တီမမ
သာတယ်လို့များ ပါသွားသလားဟင်
အနော်တော့ အဲလိုပြောမိဘူးထင်တယ်
ကွာတယ်လို့ပဲ ပြောတာပါဗျာ
သို့သော် မန်းသားတစ်ယောက် အနေနဲ့တော့ ပိုလို့ ယဉ်တယ်ထင်မိတာတော့ ခွင့်ပြု :hee:
ကိုပေါက်(မန္တလေး)
April 9, 2013 at 7:01 pm
မမရေ
မန္တလေး အက က ငှက်မွှေးလေး လေထဲလွင့်နေသလိုလို
ဖြည်းဖြည်း ညှင်ညှင်သာသာနဲ့ ကပါတယ်တဲ့။
ရန်ကုန်ကတော့ စည်းအသွက်နဲ့ ဖျတ်ဖျတ်လတ်လတ် ကပါတယ်။
ဘယ်ဟာက ပိုကောင်းတယ်လို့ မဆိုနို်င်ပါဘူး။
သူ့အလှနဲ့သူပါဘဲ။
Mr. MarGa
April 9, 2013 at 8:31 pm
အခုခေတ်မတော့ အဲဒီအကတွေဟာ
ခေတ်ပေါ် ဂီတသံစဉ်တွေကြား မြုပ်သွားပြီးတော့
အကအရသာတောင် ပျောက်နေသလိုလို
ငြိမ့်ငြိမ့်ညောင်းညောင်း က ဟန်အစား
ဖျတ်ဖျတ်လတ်လတ် က ဟန်အစား
အပြေးအလွှား ကတဲ့ပုံကို တွေ့နေတာတော့ ဟုတ်သေးဘူးဗျာ :buu:
မဟာရာဇာ အံစာတုံး
April 9, 2013 at 7:46 pm
သင်္ကြန်အက ဆိုဒေါ့ …
သဂျား အကန် ပေါ့ ….
ဒါဆို … ဒါဆို …
သေချာဘီ …
ဒဂယ် ပြောချင်တာက …
ကျုပ် သဂျား အကန်ခံခဲ့ရတယ် ဆိုဒါဘဲ ဖစ်ရမယ် ..
ဟုတ်တယ်ဟုတ် ….
Mr. MarGa
April 9, 2013 at 8:28 pm
စာကို စာလို ကောင်းကောင်းမဖတ်ဘူး
နေရင်းထိုင်ရင်း အဓိပ္ပာယ်ပြန်နေသေးတယ်
သူလုပ်မှ နာတောင် ခေါင်းစဉ်ပြောင်းရမလိုဖြစ်နေပြီ
မောင် ပေ
April 9, 2013 at 9:04 pm
မင်းသိင်္ခကတော့
ရှေး ပွဲကျောင်းသိုင်းပညာတွေကို
မြန်မာအကတွေထဲမှာ ထည့်မြုပ်ထားခဲ့တယ်လို ့ရေးခဲ့တာပဲ
မောင်မာ ပြောတဲ့ သင်္ကြန်အက ကိုတော့ အခုအသက်အရွယ်အထိ
သေချာ ခံစားပြီး မကြည့်ဖူးသေးဘူးရယ်
Mr. MarGa
April 9, 2013 at 9:11 pm
မင်းသိင်္ခ ကလဲ
အထောက်အထား၊ ဟန်ပန်တွေနဲ့ အသေအချာ ပြောသွားတာဆိုတော့
သူ့ကိုလဲ မငြင်းလို
အခုအသက်အရွယ်ထိ ခံစားပြီး မကြည့်ဘူးသေးဘူးဆိုတော့
ဒီအတိုင်းတော့ ကြည့်ဖူးတဲ့ပုံပါလား ကပေရေ
ရာမည
April 9, 2013 at 11:05 pm
အပေါ်ကဆရာသမားများပြောသွားလို ့
မြန်မာအကတွေထဲမှာ ဆက်ဆီ ဖြစ်တာတွေအများကြီးပါ ။
ဥပမာ -ဇတ်သဘင် အစမှာ နတ်ကတော်ထွက်ပြီးလမိုင်းတိုက်ရပါတယ်။
နတ်ကတော်အက ထဲမှာ ရင်သားကိုတစ်ဖက်စီလှုပ်ပြီး
ကရတာပါသလို နှစ်ဘက်စုံလှုပ်တာလညိးပါတယ်။
ယခုခေတ်တော ့ ကနိုင်လားမကနိုင်လားမသိဘူး။
၁၉၉ဝ မှာ မောင်ယဉ်အောင်ရဲ ့မြို ့တော်အင်အားသစ်မှာ ကပါသေးတယ်။
အခြား ကကွက်တွေလည်း အများကြီးရှိပါသေးတယ် ။ပြောမကုန်နိုင်ပါ ။
တည် ့တည် ့ပြောရင် ကျွန်တော် ့ကိုဆဲချင်ပါလိမ် ့မယ်
မြန်မာ ့ဓလေ ့ထုံးစံအချို ့နဲ ့ယဉ်ကျေးမှုလုပ်ထုံးလုပ်နည်း ၊ အနုပညာဖန်တီးမှုတွေဟာ
အိန္ဒိယနဲ ့ နွယ်ပါတယ် ။
စေတီပုထိုးတည်ဆောက်ပုံများကပါ အိန္ဒိယက ပုံတူကူးခဲ ့ရတာပါ ။
အကအချို ့လည်း အနည်းငယ်ဆင်ပါတယ် ။
နတ်ကတော်အကထဲက ရင်သားလှုပ်တဲ ့အကဟာအိန္ဒိယက ဟိန္ဒူတွေရဲ့မင်္ဂလာဦးည
သရုပ်ဖေါ်အကနဲ့တော်တော်နီးစပ်ပါတယ် ။
Mr. MarGa
April 10, 2013 at 8:11 pm
ကိုရင် ရာမညရေ
မြန်မာဟာ ယဉ်ကျေးမှုနဲ့ ပတ်သက်ရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ထွေးရောယှက်တင် ရှိနေတတ်တာမို့ ဆင်တယ်ဆိုတာ မငြင်းလိုပါ။
ကိုရင်ပြောတဲ့ အကတွေဟာလဲ အိနိ္ဒယ အကတွေနဲ့ နွယ်တယ်ဆိုတာ သေချာပါတယ်
ဒါပေမယ့်
မြန်မာတွေဟာ အဲဒီ အကတွေကို လုံးဝ ပုံတူကူးချခဲ့တာမဟုတ်ဘဲ
ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန်တွေထည့်လို့ မြန်မာမှု ပြုခဲ့ကြတယ်လို့တော့ ပြောချင်မိပါတယ်ဗျာ
အခုခေတ်မတော့ အဲဒီလို ကဟန် ကကွက်မှန်တွေကို မနည်း ပြန်ရှာနေရပါလိမ့်မယ်
ဒီအကတွေဟာ မြန်မာတွေ တီထွင်ကာ မြန်မာမှု ပြုခဲ့တာတွေမို့
ထိန်းသိမ်းစေချင်တဲ့ စိတ်ကလေးတော့ ပေါ်မိသဗျ။
uncle gyi
April 9, 2013 at 11:05 pm
ဒီခေတ်သင်္ကြန်အက က
ဘာတဲ့
အိုပါဂန်းနားစတိုင်…
ပါတဲ့ကိုမာဃရေ
Mr. MarGa
April 10, 2013 at 6:52 pm
အန်ကယ်ကြီးရေ
အခုခေတ်မတော့
သင်္ကြန်အကအတွက်က တခြားနိုင်ငံတွေက အကကိုကူး
သင်္ကြန်သီချင်းကျပြန်တော့လဲ တွေ့ရာမြင်ရာ သီချင်းတွေကို ကော်ပီလုပ်နေကြတာဆိုတော့
မြန်မာသင်္ကြန် ဟုတ်ရဲ့လားလို့တောင် တစ်ခါတစ်ခါ တွေးမိသဗျ
ရွှေ ကြည်
April 10, 2013 at 6:39 pm
ခိ ခိ သင်္ကြန် အကနေ ဘယ်လိုကြောင့် သင်္ကြန်ပျောက်ပြီး အကဘက်သက်သက်ရောက်သွားကုန်တာတုန်း
ဒါပဲလေ မန်းဂေဇဂက်ဆိုတာ ဒါပဲ နယ်နယ်ရရမှတ်လို့ ပညာရှင်တွေစုနေတာ :harr:
သင်္ကြန်အကဆိုရင်တော့ ခြေထိုး လက်ချိုး ရိုးရိုးအကပဲကြိုက်တယ် အခုခေတ်က ပြိုုင်ပွဲတွေလုပ်တော့ မင်းသမီးတွေပညာပြလိုက်တာ ထိုင်မသိမ်း အကတွေနဲ့ရောကုန်တယ်ထင်တယ် မကြိုက်ဘူး အကွက်ဆန်းတွေထွင်လာလို့ သိပ်မကြိုက်တော့ဘူး
Mr. MarGa
April 10, 2013 at 8:15 pm
အခုမတော့ အဲဒီ ရောနှောတဲ့ အကရော မူရင်းအကရောကို အကြိုနေ့မှာသာ ပေါပေါများများ မြင်နေရတာတော့ စိတ်ထဲ မကောင်းမိကြောင်းပါ။ :hee: