ပညာရေး မညာကြေး (ပထမပိုင်း)
တိုင်းပြည်မှာ မျိုးဆက်သစ်တွေရဲ့ ပညာရေးကို ကရော်ကမယ်လုပ်မလား၊ လာမယ့်မျိုးဆက်သစ်တွေ လွတ်လွတ်လပ် လပ် ကိုင်စွဲနိုင်မယ့် လူသတ်လက်နက်ကို ထုတ်လုပ်မလား ဆိုရင် လူသတ်လက်နက် ထုတ်လုပ်တာက ပိုပြီးအကုသိုလ် နည်းပါလိမ့်မယ်။
ကျမရဲ့သမီးလေး မျက်လုံးကို ခြောက်လတစ်ကြိမ်စစ်ဆေးစရာရှိတဲ့အတွက် ကိုယ်တိုင်ကလည်း ခရီးမထွက်နိုင်သေး တော့ သမီးကို လူကြုံနဲ့ ရန်ကုန်လွှတ်လိုက်ပါတယ်။ ရန်ကုန်မှာ သမီးဖတ်ဖို့အင်္ဂလိပ်စာအုပ်လေးတွေ ငါးအုပ်ခြောက်အုပ်လောက်ထည့်ပေးလိုက်တော့ သမီးက သူ့ဖာသာသူစာဖတ်နေတုန်း နိုင်ငံခြားသားက တွေ့သွားပါတယ်။ ရန်ကုန်အိမ်မှာက နိုင်ငံခြားသားအဝင်အထွက် အမြဲရှိပါတယ်။ သူတို့တွေ အံ့ဩတကြီးနဲ့ ရက်ချိန်းတောင်း၊ ဗီဒီယိုရိုက် အသံဖမ်းယူသွားကြပါတယ်။ ဒီအရွယ်မှာ ဒီလောက်အဆင့်မြင့်တဲ့စာကိုဖတ်နိုင်တယ် ဆိုတာကို သက်သေပြဖို့အတွက်ပါတဲ့။ ဟုတ်ကဲ့၊ သမီးက ခြောက်နှစ်ပါ။ အတိအကျဆိုရင် ခြောက်နှစ်နဲ့တစ်လ။
သမီးဟာ ပါလာတဲ့စာအုပ်ကိုလည်း ဖတ်ပြနိုင်ခဲ့တယ်။ သူတို့ထုတ်ပေးတဲ့စာအုပ်တွေကိုလည်း ဖတ်နိုင်ခဲ့တယ်။ ဘေးနားမှာ စာထောက်ပေးမယ့် အမေမပါဘဲ တစ်ကိုယ်တော် ကြဲသွားခဲ့တယ်။ ဖတ်နေတဲ့စာရဲ့ အဓိပ္ပါယ်ကိုလည်း သမီးကကောင်းကောင်းသိပါတယ်။
သမီးလေးက တော်လိုက်တာလို့ အပြောခံချင်လို့ ဒီအကြောင်းရေးတာ မဟုတ်ပါဘူး။ သမီးက တကယ်လည်း မတော်ပါဘူး။ မွေးတုန်းက ငါးပေါင်ခွဲပဲရှိတယ်။ သူများကလေးနဲ့ယှဉ်လိုက်ရင် ဉာဏ်ရည်ကလည်းနောက်ကျပါ တယ်။ သာမန်မှ တကယ့်သာမန်ထဲက။ သာမန်ဖြစ်လွန်းလို့ ကိုယ့်သမီးမှဟုတ်ပါလေစလို့ မကြာခဏတွေးခဲ့ဖူးတယ်။ ဉာဏ်ကောင်းတဲ့ပြသမှုမျိုး တစ်ခါမှ မပြသဖူးတဲ့သမီးလေး။ ဟုတ်ပါပြီ။ ဒါဆိုရင် ဘာလို့ဒီလောက်အဆင့်မြင့် တဲ့စာကို ဒီလောက်ငယ်ငယ်လေးနဲ့ ဖတ်နိုင်သလဲ။ အမေက ဘေးနားမှာ တချိန်လုံးသင်ပေးနေလိမ့်မယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ သင်ပေးတာမှန်ပေမယ့် တစ်ရက်မှ ၂ကြိမ်၊ တစ်ကြိမ်ကို ၁၅မိနစ်လောက်ပါ။ ဒါဆိုရင် ဘိုကျောင်းတို့ ကျူရှင်တို့ ထားလို့လား ဆိုရင်လည်း မဟုတ်ပါဘူး။
—–
ကျမ အသက် ၁၈နှစ်မှာ တင်းနစ်စရိုက်ပါတယ်။ နဂိုက ကြက်တောင်သမားဆိုတော့ တင်းနစ်ကို ရမယ်လို့ပဲ ထင် ခဲ့တယ်။ တကယ်တမ်း တင်းနစ်ကစားကြည့်မှ ကြက်တောင်နဲ့အပြတ်အသတ်ကွာမှန်းသိခဲ့ရတယ်။ တစ်နှစ်ကျော် ကြာတဲ့အထိ တင်းနစ်မှာ ကျမ backhand မရိုက်တတ်ခဲ့ဘူး။ volley မခံတတ်ဘူး။ service ပေးရင် အရပ်က ငါးပေလေးလက်မဆိုတော့ အတွင်းစည်းကိုဝင်အောင် မပေးနိုင်ခဲ့ဘူး။ ဒယ်ဒီက ပရိုတစ်ယောက် ခေါ် ပေးမှ backhand ရိုက်ဖို့ ရက်ကက်ကို လက်မနဲ့ထောက်ပြီးလှည့်ကိုင်လိုက်ရတာကိုသိတယ်။ နောက်ပိုင်းမှာ ကျမ backhand အရမ်းကောင်းခဲ့တယ်။
volley ခံတဲ့အခါ ဘောလုံးကို ဖိတွန်းချရတာကို ပရိုပြမှပဲသိခဲ့တယ်။ service ပေးတဲ့အခါ ဘောလုံးကဝိုက်ပြီး အတွင်းစည်းထဲဝင်သွားအောင် ရက်ကက်ကိုလှည့်ကိုင်၊ တစ်စောင်းရိုက်ချရတယ်ဆိုတာ ပရို ပြပေးမှပဲ တတ်တော့တယ်။ တစ်ဖက်ကလာတဲ့ဘောလုံးကို backhand ခံတဲ့အခါ ဘောလုံးက sidespin လည်သွား တဲ့အတွက် ကိုယ်မှန်းထားတဲ့နေရာကနေ တစ်တောင်လောက်ချော်ထွက်သွားတာကို ပရိုပြမှပဲသိတော့တယ်။ တင်းနစ်လိုအားကစားမျိုးမှာ strategy ဘယ်လောက်စကားပြောသလဲဆိုတာ ဘဝမှာ မှတ်မှတ်ရရပါပဲ။ ဘယ်လိုအားကစားမျိုးမဆို strategy အခရာကျမယ်လို့ ယူဆပါတယ်။ ဆိုင်ရာအားကစားမှော်လည်းရှိ၊ နည်းဗျူဟာ၊ နည်းစနစ်လည်း မှန်မှဖြစ်မှာပါ။
——
အင်္ဂလိပ်စာသင်တာမှာ ဖြတ်လမ်းမရှိဘူးလို့ ဆရာ့ဆရာကြီးများက ပြောခဲ့ကြပါတယ်။ ဒါဆိုရင် နည်းစနစ်နည်းဗျူဟာ ကဖြတ်လမ်းလား။ မဟုတ်ပါဘူး။ ဖြတ်လမ်းဆိုတာက ရှည်ရှည်သွားရင်ရောက်မယ့်ပန်းတိုင်ကို တိုတိုသွားပြီးရောက်အောင်လုပ်ပေးတာပါ။ နည်းစနစ်နည်းဗျူဟာကကျတော့ သူမပါရင် ရှည်ရှည်ပဲသွားသွား၊ တိုတိုပဲသွားသွား ဘယ်တော့မှပန်းတိုင်မရောက်နိုင်ပါဘူး။
ကျမတင်းနစ်ရိုက်တုန်းကလို နည်းစနစ်သာ မမှန်ဘူးဆိုရင် ဘယ်လောက်ကြိုးစားကြိုးစား တတ်လာမှာမဟုတ်ပါဘူး။ အင်္ဂလိပ်စာသင်တဲ့အခါ ဖြတ်လမ်းမရှိတဲ့အတွက် ကြိုးစားတိုင်းတတ်မှာလားလို့ မေးစရာရှိပါတယ်။ ပညာရေးဆိုတာ ရေရှည်သွားရတဲ့လမ်းပါ။ ရေတိုသွားရတဲ့လမ်း အားကစားလိုမျိုးမှာတောင် နည်းစနစ် အခရာကျရင် ရေရှည်ခရီးမှာ နည်းစနစ် ပိုအခရာမကျ ပေဘူးလား။ ကျမသမီး ငယ်ငယ်လေးနဲ့ ဒီလောက်စာကိုဖတ်နိုင်နေတာ နည်းစနစ်လို့ ကျမပြောလိုက်ပါရစေ။
အဲဒီနည်းစနစ်က ဘာပါလဲ။
17 comments
weiwei
April 10, 2013 at 9:06 am
အရာရာတိုင်းမှာ နည်းစနစ် အဓိကကျပါတယ် …
တစ်ချို့တွေကပြောကြတယ် … ဂျပန်ပြည်မှာသွားနေရင် အလိုလိုပဲ ဂျပန်စကားတတ်လာမလိုလိုနဲ့ … တရုတ်တွေနဲ့နေရင်ပဲ တရုတ်စကားအလိုလိုတတ်သွားမလိုလိုနဲ့ …
တကယ်တမ်းမှာ အဲဒီလို မဟုတ်ပါဘူး … နည်းစနစ်လိုပါသေးတယ် …
ဘာသာစကားမှာတော့ ကျွန်မကျင့်သုံးတဲ့ နည်းစနစ်က ခံစားနားလည်မှုပါပဲ … ဦးနှောက်နဲ့မမှတ်ပဲနဲ့ စိတ်နဲ့ ခံစားပြီး မှတ်သားလေ့ရှိပါတယ် … သူများတွေပြောတာကိုလဲ နှလုံးသားကိုသုံးပြီး နားထောင်တယ် …
ကျွန်မတို့အလုပ်မှာ ပုံဆွဲကြရပါတယ် … ပုံတွေမှ အများကြီးပဲ .. ဒီအတိုင်းသား သမရိုးကျဆွဲနေရင် အချိန်တွေအများကြီးကုန်မှာမို့လို့ နည်းစနစ်တွေ တီထွင်ထားကြရတယ် … ကျွန်မကတော့ အပျင်းဆုံးလူသားမို့လို့လားမသိဘူး … အလွယ်ဆုံးနည်းစနစ်ကိုပဲ စဉ်းစားထားပါတယ် … အတူတူချင်းလုပ်ရင် ကျွန်မက ၅ ဆ ပိုမြန်နေလေ့ရှိတယ် … အဲဒီတော့ သူများထက်ပိုသွားတဲ့ ၄ ဆ အချိန်ကို တခြားနေရာမှာသုံးလို့ရသွားတယ် …
ကိစ္စတိုင်းကို ကြောင်းကျိုးဆက်စပ်ပြီး တွေးခေါ်တတ်ခြင်းဟာ အကောင်းဆုံး နည်းစနစ်တစ်ခု ဖြစ်မယ်ထင်ပါတယ် …
ကျွန်မ တူလေး ၅ နှစ်သားလေး အမြဲပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ် … Use your brain!!!!!
ကီလိုဇူးလူးဝီစကီ
April 10, 2013 at 9:12 am
အစ်မပြုံး ရေ။
ခုမှ မိတ်ဆက်ရမယ်ထင်ပါရဲ့။
ကျနော် အမ စာတွေကို မျက်ခြေမပြတ်ဖတ်သော်လည်း ဝင်မမန့်ဖြစ်တာပါ။
ကိုယ့်ကိုယ်ကို မိတ်မဆက်ရသေးတာ တစ်ကြောင်း၊
ကျနော့ ကော်မန့်ပေါ့ပျက်ပျက်ဖြစ်သွားရင် ကျနော့ကြောင့် အမ ရေးတဲ့ စာကို နှောက်မိသလို ဖြစ်မှာစိုးနေတာပါ။
ခု ဒီ စာ ကတော့ ဖြင့် ပထမ တစ်ကြောင်းနဲ့တင် ကြိုက်လွန်းလို့ ဝင် ရေးလိုက်တာ။
{တိုင်းပြည်မှာ မျိုးဆက်သစ်တွေရဲ့ ပညာရေးကို ကရော်ကမယ်လုပ်မလား၊ လာမယ့်မျိုးဆက်သစ်တွေ လွတ်လွတ်လပ် လပ် ကိုင်စွဲနိုင်မယ့် လူသတ်လက်နက်ကို ထုတ်လုပ်မလား ဆိုရင် လူသတ်လက်နက် ထုတ်လုပ်တာက ပိုပြီးအကုသိုလ် နည်းပါလိမ့်မယ်။}
အဟုတ်ပါပဲ။
ပညာရေးဟာ တိုင်းပြည်ရဲ့ အခြေခံ အုပ်မြစ်လို့ ခံယူမိပါရဲ့။
ရေရှည်သွားရမဲ့ လမ်းကြောင်းတိုင်း နည်းဗျူဟာနဲ့ စံနစ်က အရေးကြီးတယ်ဆိုတာ ကျနော်လည်း လက်ခံထားပါတယ်။
နောက်ရေးမဲ့ အစ်မရဲ့ သမီးအတွက် သုံးခဲ့တဲ့ နည်းစံနစ်လေးကို စောင့်မျှော်ဖတ်ပါ့မယ်ဗျ။
လေးစားစွာဖြင့်
ခိုင်ဇာ
ရာမည
April 10, 2013 at 9:36 am
ဒုတိယပိုင်းဆက်စောင်နေပါတယ်
ကျွန်တော်လည်း ကျည်ပွေ့အတက်မပေါက်ခင် နံနဲလောက်လေ ့လာချင်လို့
ခလေးတွေအတွက်ရောအသုံးပြုမှာပါ
ဦးကြောင်ကြီး
April 10, 2013 at 10:10 am
ဘာသာစကားတခု တတ်ကျွမ်းချင်ရင် ငယ်စဉ်ကထဲက အဲဒီတိုင်းပြည်မှာ ကြီးပြင်းရတယ်။ အင်္ဂလိပ်စကားကို အထင်ကြီးလောက်အောင် ပြောနိုင်တဲ့ မြန်မာတွေကြည့်လိုက်ရင် ငယ်စဉ်ကထဲက သို့မဟုတ် ငယ်စဉ်ဘဝရဲ့ အချိန်တခုကို နိုင်ငံခြားမှာ ဖြတ်သန်းခဲ့ မူလတန်း၊ အလယ်တန်း တက်ခဲ့ကြတာပါ၊ ဥပမာ – သံရုံးဝန်ထမ်း။
နောက်တနည်းကတော့ အင်္ဂလိပ်စကားဆို အဖြူကောင်နဲ့ အတူနေခြင်းပါ။ ဂျပန်မ၊ တရုတ်မတွေ အလုပ်များတယ်၊ အဖြူတွေကလည်း ကြိုက်တယ်လေ။ အဖြူမရရင် မဖြူ့တဖြူ၊ နောက်တော့အမဲ၊ နောက်တော့ ဒီမှာငယ်ငယ်လေးထဲကကြီးတဲ့ အင်းမီဂရန့်… စကားပြောရဲဆိုရဲလာတယ် လေယူလေသိမ်းမှန်လာတယ်။ ကိုယ့်ချည်းကတော့ အရွယ်လွန်နေပြီဆိုရင် ခဲယဉ်းလွန်းတယ်။ ဘာသာစကားမှာ အဓိက လူဆုံးဖြတ်တာ အပြောပိုင်း၊ အရေးအဖတ်က တော်ရုံမသိနိုင်ဘူး။ အဲဒီတခုနဲ့တခုလည်း တိုက်ရိုက် ချိတ်ဆက်မနေဘူး။ အပြောကောင်းလို့ အရေးတော်မယ် မထင်နဲ့၊ ဂရမ်မာပိုင်လို့ စကားပြောတတ်တယ် မဟုတ်ဘူး။ ဘာသာစကား သင်ကြားခြင်း ရည်ရွယ်ချက်က ကွန်မြူနိကိတ်လုပ် ဆက်သွယ်ဖို့ဆိုတော့ စကားပြောတတ်ဖို့ ပထမအရေးကြီးဆုံး ယူဆတယ်။ အရေးအဖတ်လို အကယ်ဒမစ်ကတော့ နောက်တပိုင်းပေါ့…. ဘာနဲ့တူလဲဆို ဘုန်းကြီးတွေ ပိဋကတ်စာသင်အံနေပြီး သီဟိုဋ်တို့ အိန္ဒိယတို့က ပညာရှင်တွေ ပါဠိစကားနဲ့ ပညာလာစမ်းတော့ ဘာပြန်ပြောရမှန်း မသိသလို ဖြစ်ပါတယ်။ ပြောချင်တာ အစိတ်အပိုင်း အားလုံး အရေးကြီးတယ်ဆိုပေမဲ့ အပြောနဲ့စပြီး အပြောနဲ့ပိတ်ဖို့ပါ..။
TNA
April 10, 2013 at 12:59 pm
ဒုတိယပိုင်းကိုစောင့်နေတာလို့ပဲ ပထမဆုံးပြောပရစေ။ ဆရာမရဲ့နည်းကို အလွန်ပဲစိတ်ဝင်စား စွာစောင့်မျှော်နေပါတယ်။
အလင်းဆက်
April 10, 2013 at 1:24 pm
ပညာ ဆိုတာ
တံခါး တော်တော် များများကို
ဖွင့် ဝင် နိုင် တဲ့ သော့ တစ်ချောင်း တဲ့
အစ်မ သမီးလေး ထက်မယ့်ပုံ ပဲလို့
အစ်မ အိမ် လာတုန်းက သတိထားမိပါတယ်
အ မေ ထက် ပို တော်ဖို့
လမ်းညွှန် ပေးနိုင် တဲ့
အစ်မ တို့လည်း ရှိနေလေတော့
သာမန် ဆိုတဲ့ အ နေ အထား ထက် တော့
သာမယ် ထင် ပါတယ်
အပိုင်း နှစ်ကို
စောင့်မျှော် လျက်
MaMa
April 10, 2013 at 4:01 pm
ဘာသာစကားတစ်ခုကို ဖြတ်လမ်းကတတ်မြောက်ဖို့ လျှို့ဝှက်ချက်ဆိုတော့ အတော်လေး စိတ်ဝင်စားသွားတယ်။
ပြုံးရဲ့ ဒုတိယပိုင်းကို စောင့်မျှော်ဖတ်ရှု့ပါ့မယ်။ :hee:
ကိုပေါက်(မန္တလေး)
April 10, 2013 at 4:19 pm
သေချာတာတစ်ခုကတော့ မှားယွင်းတဲ့ပညာရေးစနစ်အောက်မှာ
လူငယ်တော်တော်များများ ဘဝတွေ အညွန်ု့တုံးသွားတာပါဘဲ။
သူများမှားတာကို ရုန်းမထွက်ဘဲရေလိုက်ငါးလိုက်နေခဲ့တော့ ပိုဆိုးပေါ့။
အဲဒီတုံးသွားတဲ့ လူတန်းစားထဲမှာ ကျနော်လဲပါတယ်။
ဦးဦးပါလေရာ
April 10, 2013 at 4:54 pm
စိတ်ဝင်တစား စောင့်ဖတ်နေပါတယ် ဆရာမရေ..
နောက်အပိုင်းမှပဲ စုပြီး ကွန်မင့်ရေးပါမယ်.
Mr. MarGa
April 10, 2013 at 7:45 pm
ဆရာမက တွေးစရာလေးနဲ့ နောက်တစ်ပိုင်းကို ဆွဲခေါ်သွားတာပဲကိုး
ပြောရရင်
စနစ်ဟာ လူသားတွေက ဖန်တီးတာပါ
ဒီ စနစ်တွေကို လိုက်နာဖို့ တာဝန်ကလဲ လူသားတွေဆီမှာပဲရှိတယ်
နည်းစနစ်တွေ ဘယ်လောက် ထုတ်ထားထား ဒီနည်းစနစ်တွေကို မလိုက်နာရင် အလကားပါပဲ
အဲ လိုက်နာလို့ အဲဒီ စနစ်တွေအတိုင်းတော့ သင်ပေးပါရဲ့
သင်တဲ့သူက တကယ် အကောင်အထည် မဖော်ပြန်ရင်လဲ စနစ်တကျမဟုတ်ပါဘဲ တလွဲတချော်တွေ ဖြစ်တတ်ပြန်ပါလေရော
မြန်မာ ပညာရေးမှာလဲ
စနစ်တွေ မူတွေ သင်ရိုးပုံစံတွေကို နည်းနည်း လေ့လာကြည့်တော့ စည်းစနစ် ကျတာလေးကို တော့ သွားတွေ့တယ်
အဲဒီ စနစ်တွေကို အမှန်တကယ် အကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်းချက်ကလေးတွေ ရှိလို့သာ မချင့်မရဲဖြစ်စရာတွေ တွေ့နေတယ်လို့ပဲ မြင်မိပါတယ်ဗျာ။
uncle gyi
April 10, 2013 at 11:17 pm
နည်းစံနစ်ဆိုတာကိုလုံးဝလက်ခံပါတယ်မဝင်းရေ
ကြိုးစာတာချင်းတူရင်နည်းစံနစ်မှန်သူက
ကျော်တက်သွားတာသေချာတာပေါ့ဗျာ
ဝင့်ပြုံးမြင့်
April 11, 2013 at 1:54 am
ကွန်မင့်ဝင်ပေးသူအပေါင်းကို ကျေးဇူးပါနော်။ မဝေ ပြောတဲ့နည်း အမှန်ပါပဲ။ စိတ်နဲ့ခံစားတာ နည်းအမှန်ပါ။
ကိုကြီးကြောင်ရေ Reading is fundamental ဖြစ်ပါတယ်။
မခိုင်ဇာတို့က စလုံးရောက်နေတဲ့လူဆိုတော့ ပညာရေးအကြောင်း ပိုသိမှာပါ။
အားလုံးကိုပဲ ပြောပြချင်ပါတယ်နော်။ ပြုံး သမီးဟာ အင်္ဂလိပ်ဝေါဟာရပေါင်း ၇၀ဝ နီးပါးလောက် သိနေပါပြီ။ အဲဒါကို လွယ်လွယ်လေး တတ်ခဲ့တာပါ။ ပျော်ပျော်ပါးပါး တတ်ခဲ့တာပါ။ မြန်မာပြည်က ကလေးအများစုကိုလည်း အဲလိုဖြစ်စေချင်တယ်။
နိုင်ငံခြားသားက သူ့နိုင်ငံအတွက် အတုယူစရာတစ်ခုတွေ့ရင် အချိန်မဆိုင်းဘဲ ချက်ချင်းကောက်လုပ်သွားတယ်။ ပြုံးကတော့ နေ့ရွှေ့ညရွှေ့ နဲ့ တာဝန်မဲ့နိုင်တာ တွေးကြည့်ရင် ရှက်စရာပါ။ ပြုံးတို့လို လူတွေများလို့ တိုင်းပြည်နာနေတာ။ (အကျိုးသက်ရောက်မှု ရှိလာ မလာကို အရင်စဉ်းစားတယ်၊ လုပ်ဖို့ကို နောက်မှာထားတယ်။ ) တကယ်က သိကြားမင်းဦးမာဃ ရဲ့ “တာဝန်သိသူများ ငုတ်တုတ်ထိုင်ကြသည်“ ပို့စ်ကို ဖတ်ပြီး စိတ်ပြောင်းသွားတာ အမှန်ဖြစ်ပါတယ်။ (စာရေးတာ ငုတ်တုတ်ထိုင်ရေးရတာလေ အဟီး)
ဦးကြောင်ကြီး
April 11, 2013 at 9:05 am
စာဖတ်တာ အရေးအတွက် အခြေခံကောင်းဖြစ်ပြီး အပြောအတွက် နားထောင်ခြင်း အခရာကျပါတယ်။ ကျနော်တို့ မြန်မာတွေ အင်္ဂလိပ်စကား မပြောနိုင်တာ အင်္ဂလိပ်စကားပြော ပတ်ဝန်းကျင်ကောင်း မရှိလို့ပါ။ မရှိတော့ ပြောဖို့မဆိုထားနဲ့ နားထောင်ဖို့ အခွင့်အရေးတောင် မရှိဘူး။ ဂျပန်တို့ဘာတို့မှာ မြန်မာတွေ ဂျပန်စကား ပြောတတ်လာတယ်၊ စာမရေးတတ်ဘူး၊ ဘာလို့လဲ ဘာသာစကား နီးစပ်မှုလဲပါတယ်၊ နောက်တခုက နားရည်ဝသွားလို့…။ စာဖတ်တာတော့ နီးစပ်ယုံနဲ့ မပြီးဘူး ကိုယ်တိုင်အားထုတ်ရမယ်။
ဗြိတိသျှကောင်ဆယ်က easy reading စာအုပ်တွေ အရမ်းကောင်းပါတယ်။ အပြောအတွက်ဆို လိုအပ်တာ formal listing tape တွေထက် နေ့စဉ်လက်တွေ့ တကယ်သုံး ပြောနေတဲ့ တီဗွီဇာတ်လမ်းတွဲ၊ မူဗွီ စကားလုံး၊ လေယူလေသိမ်း ပြောပုံဆိုပုံတွေပါ။ ခလေးကာတွန်းကားတွေနဲ့ စလည်းဖြစ်တာပဲ။
kai
April 11, 2013 at 5:48 am
နည်းစနစ်တော့မဟုတ်ပါဘူး..
တက်တစ်ခေါ်ရမလားပဲ.. :harr:
ဘီလ်ဂိတ်နည်းပေါ့..
GaviaGirl
April 11, 2013 at 2:40 pm
အစ်မသမီးလေးကိုတော်တယ်လို့ အရင်ပြောချင်ပါတယ်.. အခု ဒုတိယပိုင်းကို သွားဖတ်လိုက်ပါဦးမယ်…
နေဝန်းနီ
April 11, 2013 at 9:28 pm
တိုင်းပြည်မှာ မျိုးဆက်သစ်တွေရဲ့ ပညာရေးကို ကရော်ကမယ်လုပ်မလား၊ လာမယ့်မျိုးဆက်သစ်တွေ လွတ်လွတ်လပ် လပ် ကိုင်စွဲနိုင်မယ့် လူသတ်လက်နက်ကို ထုတ်လုပ်မလား ဆိုရင် လူသတ်လက်နက် ထုတ်လုပ်တာက ပိုပြီးအကုသိုလ် နည်းပါလိမ့်မယ်။
အဲဒိစာသားလေး သဘောကျတယ် ဆရာမရေ….။ တူမလေးတော်တာ ကတော့ သူ့အမေတူလို့ ဖြစ်မှာပါ…….။
မင်းမင်း
June 15, 2013 at 9:11 pm
ပထမအကြိမ် ဖတ်တုန်းက
သိမ်မမန့်ဝံ့လို့ မမန့်ခဲ့ရဘူး။
ဗုတ်ပြီးမှပဲနောက်တခေါက်လာမန့်
လိုက်ပါတယ်။
စိတ်ဝင်စားတဲ့ပိုစ့်မို့
စိတ်ထဲမှတ်မှတ်ရရ ရှိပါတယ်။