လေကြီး မိုးကြီး ဝုန်းဒိုင်း…။
This is ဇာတ်ကြီးဆယ်ဘွဲ့
One Day Sunshine လေကြီးမိုးကြီး ဝုန်းဒိုင်း
ဟေးဟေး…။
ဘလက်ကြီးတစ်ယောက် ရေးစရာမရှိတော့လို့ ဇာတ်ကြီးဆယ်ဘွဲ့ ဘက်လှည့်ပြီလို့ မတွေးလိုက်ပါနဲ့…။
လေကြီးမိုးကြီး ဝုန်းဒိုင်း ဆိုတဲ့ စာသားလေးကို ယူသုံးမလို့ နိဒါဏ်းချီလိုက်တာပါ…။
အမှန်တကယ်တော့ ဘလက်ကြီးက အလုံးကြီးသူများ စာရင်းဝင်တစ်ယောက်ပါ…။
မိုက်လုံးကြီးတယ်…။
သောက်လုံးကြီးတယ်…။
စားလုံးကြီးတယ်…။
နောက်ဆုံး…ပါးစပ်ကထွက်တဲ့ လေလုံးကလည်း အင်မတန်ကြီးပါတယ်…။
အဲဒါကြောင့် ဘလက်ကြီး ကို အကြောင်းသိသူတွေက လေကြီးမိုးကြီး ဘလက် ရယ်လို့…
နာမည်ပေးကင်ပွန်းတတ်ထားပါသတဲ့…။
အလုံးကြီးကြီးတွေ ပြောတတ်တဲ့ ဘလက် ပေါ့ ခင်ဗျာ…။
တကယ်တော့ ဘလက်ကြီး လေကြီးမိုးကြီး တွေ ပြောတတ်တာ သိတ်တော့လည်း မထူးဆန်းလှပါဘူး…။
လေကြီးမိုးကြီး ခေတ်ကို ဖြတ်သန်းလာခဲ့သူဆိုတော့…
တံငါ နားနီး တံငါ…
မုဆိုးနားနီး မုဆိုး…
လေကြီးမိုးကြီး နားနီး လေကြီးမိုးကြီး ဖြစ်သွားတဲ့ သဘောခင်ဗျ…။
နမူနာလေးတွေနဲ့ ပြောမှ ခင်ဗျားတို့နားလည်လိမ့်မယ်လို့ထင်ပါတယ်…။
မဆလ ခေတ် က လွှင့်တဲ့ ရေဒီယို သီချင်းတချို့ကို ပြန်သတိရမိပါတယ်…။
တစ်နေ့ထက်တစ်နေ့ မြင့်မား…
တစ်နေ့တစ်ခြားတိုးတက်လာသော ကျွန်တော်တို့ ပြည်ထောင်စုသည်…
လယ်ယာကိုင်းကျွန်းတွေက ဝိုင်းဝန်းရံပလို့ အတည်
မြေပဒေသာ စည်ပင်သာယာရေးအတွက်…
တို့တိုင်းရင်းသားလုပ်သားပြည်သူ အဟုတ်မနားညီတူဖေးမ
ဖေးမရလေသော ကျွန်တော်တို့လုပ်အားသည်
နဘံမိုးလုံး အုံးအုံးကြွက်ကြွက် ညံလေပြီ…။
အဲဒီလို စာသားတွေ ပါတဲ့ သီချင်းတွေကို အသံကုန်အောင် အော်ရင်းနဲ့ပဲ…
ကျွန်တော်တို့ ခင်ဗျားတို့ အဆင်းရဲဆုံး တိုင်းပြည်စာရင်းထဲကို ရောက်သွားခဲ့တာ မှတ်မိကြဦးမှာပေါ့…။
တစ်နေ့က ကျွန်တော် မီတာသွားဆောင်ပါတယ်…။
မီတာရုံးမှာ တန်းစီရင်း နံရံမှာ ရေးထားတဲ့ ဆောင်ပုဒ်တွေကို အပျင်းပြေသဘောနဲ့ လျှောက်ဖတ်ကြည့်မိပါတယ်…။
လျှပ်စစ်ဖြင့် လောကနိဗ္ဗာန် တည်ဆောက်ရမည်
…တဲ့…။
ဗုဒ္ဓေါ…။
ဘယ်လိုကြီးလဲ…။
ဒီလောက် မီးပျက်နေတာတောင်မှ လျှပ်စစ်ဖြင့် လောကနိဗ္ဗာန် တည်ဆောက်ဦးမတဲ့…။
ဇွတ်…။
ဘာတတ်နိုင်မှာလဲဗျာ…။
သူတို့ ရည်ရွယ်ချက်သူတို့ ရေးပြီး ပြည်သူလူထု ရှေ့မှာ အတည်ပေါက်ချပြနေမှတော့…
ဖတ်ပြီး ပြုံးမိရုံအပြင် ဘာများတတ်နိုင်ဦးမှာလဲ…။
သွားရင်းလာရင်း အထက်တန်းကျောင်းတစ်ကျောင်းရှေ့မှာ ရေးထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်မိပြန်ပါတယ်…။
ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကြီး တည်ဆောက်အံ့
တဲ့…။
ပီအိတ်ချ်ဒီ ဘွဲ့ကိုတောင် ပိုက်ဆံနဲ့ ဝယ်လို့ရတယ်လို့ နားစွန်နားဖျားကြားဘူးတဲ့ အခံလေးကရှိနေလေတော့…
ဖတ်ပြီး ပြုံးမိတယ်ပေါ့ ခင်ဗျာ…။
အိုမဝေးဘူး ရောက်လုပြီ…
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီ…။
အားကစားဘက်ကိုကြည့်လိုက်ပြန်တော့ အလုံးက နည်းတဲ့အလုံးကြီးမဟုတ်ပါဘူး…။
မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်
… တဲ့…။
ကောင်းရော…။
အရှေ့တောင်အာရှ အသင်းတွေပြိုင်တဲ့ ဘောလုံးပွဲမှာတောင် ခြေစစ်ပွဲဝင်နေရသေးတဲ့ အခြေအနေမျိုးမှာ…
ကမ္ဘာကိုတောင် တက်လွှမ်းဦးမယ် ဆိုတော့ …
အင်း…ဒီအလုံးကြီးကလည်း နည်းတာကြီးမဟုတ်ဘူးခင်ဗျ…။
အနုပညာရှင်တွေဘက်လှည့်ကြည့်ဦးမလား…။
စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ…
သယံဇာတတွေ ပေါတဲ့မြေ…
ရယ်လို့ အသားလွတ်ကြီး လေလုံးကြီးပြန်ပါရောလားဗျာ…။
အဲဒီလို အော်ရင်းကနေပဲ
ကျွန်တော်တို့က တရုတ်ကို ကြောက်ရတယ် ခင်ဗျ
ဆိုတဲ့
သနားစရာအလုံး တစ်လုံးက ထွက်ချလာလေတော့ ရှေ့က ဖုံး နောက်ကဖေါ်
အော် ကျွန်တော်မျိုးကြီး ဘလက် သေသင့်ပါတယ် ကျောင်းဒကာကြီးတို့ရေ…။
သိတ်မကြာလှသေးတဲ့ အချိန်တုန်းကလည်း ဆောင်ပုဒ်တွေ ကို ဆိုင်းဘုတ်ရေးပြီး
လူမြင်ကွင်းတွေမှာ ချိတ်ဆွဲထားတော့ ရှောင်လို့ မလွတ်လို့ ဖတ်မိရပြန်တယ်ပေါ့ခင်ဗျာ…။
တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ
…တဲ့။
အော်…သူတို့က နေရင်းထိုင်ရင်း အနန္တောအနန္တ ငါးပါး စာရင်း ဝင်သွားပါလေရောလားပေါ့…။
ဟုတ်ကဲ့…ဘလက်ကြီးတစ်ယောက် နေ့စဉ်ဘုရားရှစ်ခိုးတိုင်း
ဝတ္တရားမပျက်ကွက်အောင် ထည့်ထည့် ရှစ်ခိုးခဲ့ပါတယ် အစ်ကို အစ်မတို့ရေ…။
အဲဒီလို အလုံးကြီးကြီးတွေ ကြားမှာ နေခဲ့ရတဲ့ ဘလက်ကြီးတစ်ယောက်
လေကြီးလေကျယ်တွေပြောတတ်လာတာ အပြစ်လို့ မဆိုသာပါဘူး ခင်ဗျာ…။
ဒါကြောင့် ခင်ဗျားတို့ ကျွန်တော့်ကို စိတ်လွတ်လက်လွတ်ခေါ်နိုင်ကြပါတယ်…။
ခေါ်ခွင့်ပြုပါတယ်…။
လေကြီးမိုးကြီး ဘလက်…လို့…။
စိတ်မဆိုးပါဘူး…။
ခေတ်ကိုက လေကြီးမိုးကြီး ခေတ်ကိုးဗျ…။
ကဲ ပြောရင်းနဲ့ အချိန်တောင်အတော်လင့်ပြီ…။
ဒီပို့စ်ကို အဆုံးသတ်ခွင့်ပြုပါ ကျောင်းဒကာတို့ရေ…။
ဟိုတလောက အမေရိကန် သမ္မတ အိုဘားမား ရန်ကုန်လာတော့
အမေစု ပါးပြင်လေးကို သူ့ပါးပြင်လေးနဲ့ အပ်ပြီး ဖေးမနှစ်သိမ့်မှုပေးသွားခဲ့တာ
ခင်ဗျားတို့ မှတ်မိဦးမှာပေါ့…။
အဲဒါကို ကြည့်ပြီး ဘလက်ကြီးက တက် တစ်ချက်ကို ခတ်ပျင်းပျင်းခေါက် သတဲ့…။
မသိရင်တော့ အမေစုကို အိုဘားမားက နမ်းလို့ ဒေါသထွက်တာလို့ ထင်စရာပေါ့…။
ပြီးမှ ပါးစပ်က သောက်မြင်ကတ်စရာ အလုံး က နောက်ကကပ်ပါလာပါတယ်ဗျာ…။
ငါသာ မြန်မာနိုင်ငံသမ္မတ ဖြစ်လို့ကတော့…
ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးသွားပြီး
ထိုင်းဝန်ကြီးချုပ် ယင်လတ် လေးရဲ့ ပါးပြင်ကို…
အိုဘားမားထုံး နှလုံးမူပြီး သကာလ…
နှုတ်ခမ်းတွေရော…နှာခေါင်းတွေရောနဲ့ တရွှတ်ရွှတ် နမ်းပစ်လိုက်ဦးမယ်
လေကြီး မိုးကြီး ဘလက်…။
37 comments
အရိပ်စစ်
April 12, 2013 at 8:41 pm
အခါတွင်းသကာလ လေကြီးမိုးကြီး ဆိုလို့ ဝင်ဖတ်လိုက်တာ အမှန်တကယ်ပဲ
လေကြီး မိုးကြိးမိ တခွီခွီရယ်ပီး ပြန်သွားပီနော်
blackchaw
May 1, 2013 at 4:46 pm
အရိပ်စစ် ;

လေကြီးမိုးကြီး ကွန်းမန့်လေးအတွက် ကျေးဇူးပါ အရိပ်စစ် ခင်ဗျား…။
လေကြီးမိုးကြီး ဘလက်
TNA
April 12, 2013 at 8:43 pm
ဘဘဘလက်ရဲ့အလုံးကြီးတွေကို ရင်ထုထုပြီးဖတ်သွားပါတယ်။ ဆောင်ပုဒ်တွေက ကြီးလွန်းလို့ ရင်နဲ့မဆန့် လို့ပါ။
ဂုဏ်ယူစရာ ဒို့မြန်မာ ဆောင်ပုဒ်အပေါဆုံးပါ
အဲဒီဆောင်ပုဒ်ကျော်ကာလွှား
ဒို့လုပ်ချင်တာလုပ်မဗျား————- တဲ့
အဲဂလိုတိုင်းပြည်ပါလို့။ [:*]
blackchaw
May 1, 2013 at 5:34 pm
@TNA ;

ကွန်းမန့်လေး အတွက် ကျေးဇူးအထူးပါ မသည်းနုအေးရေ…။
အနွေးထည်လေး ဝတ်ထားဗျ…။
လေတွေတိုက်နေတယ်…။
နေဝန်းနီ
April 12, 2013 at 8:51 pm
နွေခေါင်ခေါင်မှာ လေကြီး မိုးကြီး ကျနေပါရောလား ကိုဘလက်ရေ…………. ကောင်းတယ်ဗျို့ ပူနေတာနဲ့အတော်ပဲ ခင်ဗျားကြီးစာဖတ်ရင်း တစ်ကယ်ပဲ လေကြီးမိုးကြီးကျရော့သလားအောက်မေ့ရတယ်
blackchaw
May 1, 2013 at 5:49 pm
@ နေဝန်းနီ ;

ကျေးဇူးပါ ကိုနေကြီးရေ…။
တွေ့ရခဲတဲ့ ကိုနေကြီးကွန်းမန့်လေးအတွက် ကျွန်ုပ်ဘလက်က
ဂုဏ်ယူနေပါကြောင်း…။
ရာမည
April 13, 2013 at 12:39 am
ရဲ စခန်းတွေမှာ ရေးထားတယ်
ကူညီကြပါ …ကူညီကြပါ ဗျ တဲ့
blackchaw
May 1, 2013 at 5:53 pm
@ ရာမည ;

ကွန်းမန့်လေးအတွက် အထူးကျေးဇူးပါ ရာမညရေ…။
kai
April 13, 2013 at 12:54 am
“ဒုသနသော”လေလုံးကြီးနဲ့ မိသွားပါဦးမယ် ကိုရင်ဘလက်ရယ်..။
အဲဒီဒုသနသော အော်ပြီး.. သံဝါသလာတဲ့.. ဆဌမသံဃာယနာတင် မင်းတုန်းမင်းကြီးများ..” နုရွပြုပြ”လိုက်တာများ.. အယောက်၇၀ဝ မကပါတဲ့..။
အားကျစရာက.. အဲလို.. :kwi:
ဆိုတော့.. ပြောရရင်.. ကာမေသု မိစ္ဆာစာရဆိုပြီးလည်းရှိသေးတယ်..။ ဒါပေမယ့်… အဲဒီလေကြီးမိုးကြီးတွေအောက်.. မြန်မာတွေလောက် အငယ်စမောနံပါတ်၂ – ၃- ၄ ထားကြ(နို်င်) တာကလည်း.. ကမ္ဘာတန်း လုပ်နိုင်မှုနံပါတ်စဉ်တော်တော်မြင့်မယ်..
.. မြင့်ဆို.. မြန်မာ့ဥပဒေအရ တရားဝင်ကိုး..
..ကွိ..။
အမေရိကန်မိတ်ဆွေတွေများ..
“ငတို့နို်င်ငံ.. မိန်းမကြိုက်သလောက်ယူ.. ဥပဒေအရတရားဝင်သကွ”
ပြောရင်.. သွားရည်တမြားြမြားနဲ့..
အာဟိ..အာဟိ..
blackchaw
May 1, 2013 at 7:02 pm
@ kai ;

အော် သူကြီး … သူကြီး …။
နေရင်းထိုင်ရင်း အမှု ကြီးအောင် လုပ်ပြန်ပါပြီ…။
အဲဒီလို ဒုသနသော ဇာတ်လမ်းလေးတွေအတွက်
ဂျေမောင်မောင် ကြီးရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ သီချင်းလေးတစ်ပုဒ်
ရှိတယ်ဗျ…။
ကျွန်တော်က ဂစ်တာကို ကိုယ်တိုင်တီးပြီး ယင်လတ်လေးကို
ဆိုပြလိုက်ချင်သေးတာ…။
အာဟီး…။
တဲ့…။
အနုပညာ အားကောင်းရင် ဒုသနသော တောင်
ရင်ခုန်စရာ အချစ်ဇာတ်လမ်း တစ်ပုဒ်ဖြစ်သွားအောင်
စွမ်းဆောင်နိုင်တယ် ဆိုတာ ဒီသီချင်းလေးက သက်သေပါဗျာ…။
ဆိုတော့…
ကျွန်တော်က အပျော်ရေးလိုက်တာပါဗျာ…။
အခု ကွန်းမန့်ထဲမှာ ရေးတာလည်း အပျော်ပဲနော် ကိုကို…။
အမှုကြီးအောင် မလုပ်ရဘူးလေ…။
မင်းတုန်းမင်းကြီးနဲ့ ပတ်သက်လို့ကတော့
ဆရာမကြီးဒေါက်တာမတင်ဝင်းရဲ့ အမြင်လေးက ထူးခြားလို့
ကျွန်တော် ပြန်တင်ပြချင်ပါတယ်ဗျာ…။
လို့ ရေးတာကို ဖတ်ခဲ့ဘူးပါတယ်…။
ဆိုတော့…
ဆရာမကြီးလို မိန်းမတစ်ယောက်ကတောင်
မင်းတုန်းမင်း ကို မိဖုရားများတာနဲ့ ပတ်သက်ပြီး…
အပြစ်တင်လိုဟန်မရှိခဲ့တာကို တွေ့ရပါတယ်ဗျာ…။
အို
ဘာပဲဖြစ်ဖြစ်ဗျာ…။
ယင်လတ်လေးနဲ့ ပတ်သက်ပြီး ခိုင်ထူးသီချင်းပဲ ဆက်ဆိုလိုက်ချင်တော့တယ်…။
အာဟီး … ။
ကိုရင်စည်သူ
April 13, 2013 at 1:06 am
ဦးဘလက်.. ရေးတာလေးဖတ်မိတော့မှ… ဟို ဖားသီချင်းဆိုနေကျ

အကော်ဒလန်အုံးကျော် သီချင်းတောင် သွားသတိရတယ်..။
“နယ်ချဲ့လက်သစ်တွေ ပုံစံတမျိုးနဲ့.. ကျွန်နိုင်ငံဖြစ်အောင်ကြံ…။
မြန်မာ့စိတ်ထားကို ကမာ္ဘသိစေမည်.. မြန်မာ့စိတ်ဓါတ်ကို ကမာ္ဘသိရမည်…” 🙄
လေကြီးမိုးကြီးမိသွားတာ ခုတော့ ….
ကျနော် ရှိတဲ့အရပ်မှာ သင်္ကြန်မကျသေးတဲ့ အချိန်ဖြစ်တဲ့အတွက်..
သဂျီး.. ကိုဘလက်နဲ့ အားလုံးသော ချစ်ညီအကို ဦးဦးဒေါ်ဒေါ် မမ များ..
သင်္ကြန်ရေနဲ့ နှစ်သစ်မှာ အချစ်သစ် အမြစ်သစ်နဲ့ တိုက်ကြီး၊ အိမ်ကြီး၊ ဖုန်းကြီး၊ ကားကြီး
ပန်းကန်ကြီးကြီး.. များဖြင့် သုံးဆောင်ပြီး
ရွှင်လန်းချမ်းမြေ့ပါစေကြောင်း.. လေကြီးမိုးကြီးစွာ ဆုတောင်းပေးလိုက်ပါတယ်ခင်ည..
ခင်မင်လေးစားလျက်..
ကိုရင်စည်သူ
blackchaw
May 1, 2013 at 7:05 pm
@ ကိုရင်စည်သူ ;

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ ကိုရင်ရေ…။
ဝင့်ပြုံးမြင့်
April 13, 2013 at 1:12 am
ဒီတစ်ခါလည်း ဖတ်လို့ကောင်းတာပဲ။ အဲဒီလို ပို့စ်တွေကြောင့် ဂဇက်ကို စွဲနေတာ။ ကျေးဇူးပါ လေကြီးမိုးကြီး ဦးဘလက်။
blackchaw
May 1, 2013 at 7:09 pm
@ ဝင့်ပြုံးမြင့် ;

ဟုတ်တာ မဟုတ်တာ အပထား…။
နည်းနည်းတော့ မြောက်သွားတာ ဝန်ခံပါတယ် ဆရာမရေ…။
ဆရာမလိုလူမျိုးက ပေးတဲ့ ကွန်းမန့် တိုနန့်နန့်လေးက
ကျွန်တော့်ကို အကြီးအကျယ် ကျေနပ်မှု ဖြစ်စေလို့
BC ရွေးခွင့်ပြုပါ ခင်ဗျာ…။
blackchaw
April 13, 2013 at 4:43 am
ဒီနေ့မနက် ရ နာရီဆို ဘလက်ကြီးတစ်ယောက်

လှည်းတန်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ
ဘုန်းကြီးဝတ်မှာပါ…။
ဒီနှစ်သင်္ကြန်တစ်တွင်းလုံး ဘုန်းကြီးဝတ်မှာပါ ခင်ဗျ…။
ကွန်းမန့်များကိုလည်း သင်္ကြန်ပြီး လူထွက်မှ ပြန်နိုင်မှာမို့…
ကြိုတင် တောင်းပန်ထားပါရစေ…။
အင်း…အနိစ္စ…ဒုက္ခ…အနတ္တ…
လူဖြစ်ရတဲ့ ဒုက္ခ…။
Myo Thant
April 27, 2013 at 9:53 am
လှည်းတန်းက ဘုန်းကြီးကျောင်းဆိုပါလား ၊
ထန်းတပင်လား ကံ့ကော်ပင်လား ဘုရားသုံးဆူလား အောင်မြေသာစည်လား ၊
blackchaw
May 1, 2013 at 10:18 pm
@ Myo Thant ;

နည်းနည်းတော့ နည်းစပ်ပါတယ် ကိုမျိုးသန့်ရေ…။
ဝေလုဝဏ် ကျောင်းမှာပါ ခင်ဗျာ…။
padonmar
May 2, 2013 at 1:12 am
လေကြီးမိုးကြီး ကိုဘလက်
ဝေဠုဝန်ကျောင်းလို့ သတ်ပုံမမ ကိုယ်စား နီးနီးစပ်စပ် ပြင်ပါရစေ။
တော်ကြာ Jonnydeer က သူ့နာမည် ဠ ကိုမှန်အောင်မပေါင်းဘူးလို့ စိတ်တွေဆိုးနေပါ့မယ်။
အဲ မေ့တော့မလို့ သာဓု မောင်ဝဏ္ဏ သုမောင်
Crystalline
April 13, 2013 at 9:17 am
လေးဘလက်ရဲ့လက်ရာကတော့စာဖိုးမှုးလက်ရာပါပဲ.. မြန်မာ့အားကစားကဘာလွွှမ်းရမည်ဆိုတဲ့ဆောင်ပုဒ်လေးကတော့ တော်တော့်ကိုရယ်ရပါတယ်.. အခုလည်းှဆီးဂိမ်းမှာခြင်းလုံးအားကစားနဲ့ အနည်းဆုံးရွှေ ၉ခု (နံပါတ်အတိအကျမသေချာပါ..အနည်းဆုံး) ရယူရန်ရည်မှန်းထားပါသတဲ့.. ဆီးဂိမ်းမှာပါနေကျကစားနည်းထဲကအချို့ကိုတော့ချန်လှပ်ထားမတဲ့.. တစ်ချို့သူတို့ပဲသိတဲ့ကစားနည်းတွေလည်းထည့်မတဲ့..မြန်မာတွေအကြံတော်တော်ကြီးတယ်.. ဆွေးနွေးပွဲတွေတက်နေတဲ့တာဝန်ရှိလူကြီးမင်းတွေကတော့ဘယ်လိုမျက်နှာနဲ့တက်ကြသလဲတော့မသိဘူး.
blackchaw
May 1, 2013 at 10:30 pm
@ Crystalline ;

ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ ဗျာ…။
Foreign Resident
May 2, 2013 at 9:27 am
” ဆွေးနွေးပွဲတွေတက်နေတဲ့တာဝန်ရှိလူကြီးမင်းတွေကတော့
ဘယ်လိုမျက်နှာနဲ့တက်ကြသလဲတော့မသိဘူး ”
😛
P chogyi
April 13, 2013 at 9:20 am
Bravo.
blackchaw
May 1, 2013 at 10:38 pm
@ P chogyi ;

ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။
ဦးဦးပါလေရာ
April 13, 2013 at 9:35 am
အဲဒီတော့ … ကျုပ်ဒီကွန်မင့်ရေးတဲ့အချိန်ဆို ဦးပဉ္ဇင်း ဖြစ်သွားပြီပေါ့….။
ဦးပဉ္ဇင်းဘလက် သမ္နတဖြစ်မယ့်အချိန်လောက်ဆို ရုရှသမ္မတ ဗလာဒီမာပူတင်လဲ မြန်မာပြည်လာလည်လောက်ပြီ…
မြင်ယောင်သေး….
ရုရှတွေရဲ့ ဘဲဟပ်ဆိုလားဘာလား (ဝက်ဝံဖက်နည်း-လို့ ဘာသာပြန်ရကောင်းမလား…..)
အမျှ အမျှ ကိုချောရေ…
အဲလေ ယောင်လို့…..
သာဓု သာဓု ပါဗျာ
:harr:
blackchaw
May 1, 2013 at 10:46 pm
@ ဦးဦးပါလေရာ ;

ယင်လတ်လေးကိုနမ်းခွင့်ရဖို့…
ပူတင်ကြီးကို ဖက်ရမယ်ဆိုလည်း…
တန်တာပါပဲ ကိုပါကြီးရေ…။
ဦး ကျောက်ခဲ
April 13, 2013 at 10:30 am
ကိုကြီးဘလက်…ပဉ္ဇင်းတက်မှာ ကောင်းကောင်းမတက်ဘူး…
“ယင်လတ်” ကို နှာခေါင်းသရမ်းချင်သေးတယ်… လူဇိုးကြီး…
ဟီး ဟီး… မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ် ဆောင်ပုဒ်များကတော့…
“အညွှန်းနှင့်တင် ဝမ်းသုံးခါသွား၏” တဲ့…. အား ဟိ
:harr:
blackchaw
May 1, 2013 at 10:54 pm
@ ဦးကျောက်ခဲ ;

ယင်လတ် အပေါ် မတန်မရာ ကြံစည်မိတာ ခွင့်လွှတ်ပါ ကိုကျောက်ရေ…။
တကယ့်ကို ဟာသ ဖြစ်စေချင်လို့ ရေးထည့်လိုက်တာပါ…။
ရေးမယ် ဆို လူတွေ ရယ်စရာ ဆောင်ပုဒ်တွေက အများကြီးကျန်ပါသေးတယ်ဗျာ…။
ဘာပဲ ဖြစ်ဖြစ် ကွန်းမန့်လေး အတွက် ကျေးဇူးပါ…။
uncle gyi
April 14, 2013 at 12:04 am
ရည်မှန်းချက်လည်းတယ်ကြီးကိုး
လေကြီးမိုးကြီးရယ်
blackchaw
May 1, 2013 at 11:00 pm
@ uncle gyi ;

ပြောပါရောလား အန်ကယ်ကြီးရယ်…။
လေကြီးမိုးကြီး ဘလက်ပါလို့…။
အရီးခင်လတ်
April 14, 2013 at 10:07 pm
သာဓု၊ သာဓု၊ သာဓု ပါ ကဘချောရေ။ မှားလို့ ဦးဇင်း။
ပဇင်းမတက်ခင် လေတိုက်ဖြစ်အောင်တိုက်သွားသေးသကိုး။
တရားထိုင်ရင်း စိတ်ထဲမှာစာတွေလဲ ရေးမနေနဲ့နော်။
တရွှတ်ရွှတ် လဲ လုပ်မနေနဲ့ဦး။
😆
kyeemite
April 26, 2013 at 2:51 pm
ရဲဘော်ဘလက်ရေ..ထုံးစံအတိုင်းနောက်ကျနေတာခွေးလွှတ်ပါဗျာ…
ကျုပ်လည်းပဲ အဲဒီလို အလုံးကြီးကြီးတွေ ကြားမှာ နေခဲ့ရတဲ့ ကောင်ပါလေ..
မှတ်မိတဲ့ဆိုင်းဘုတ်တစ်ခုရှိသေး…နဝတ ခေတ်ကပေါ့ ဗမာလိုအပြင် အင်းဂလိပ်လိုပါရေးထားတာ..ဘာတဲ့..
“Love Your Mother Land” တဲ့…ကျုပ်တို့က နောက်ပြီး
“လပ်ရွာမားသားလင်” “မင်းအမေလင်ကိုချစ်ပါ” လို့ဖတ်ကြတယ်ဗျ..ဟီး :harr:
နောက်ရှိသေးတယ်ဗျ…“ဝန်ထမ်းကောင်းမှတိုင်း ပြည်ကောင်းမည်” တဲ့…ကျုပ်ကတော့
“ခေါင်းဆောင်ကောင်းမှ တိုင်းပြည်ကောင်းမည်”လို့ပြင်ချင်တယ်ဗျ..အာဟိ 😆 😆
မေ့တော့မလို့…သင်္ကြန်တွင်းဘုန်းကြီးဝတ်တဲ့အတွက် သာဓု…သာဓု…သာဓု…ပါဗျာ..
္ကဤသို့ပြုရ ကုသလကြောင့် အပေါင်းအသင်းများကို ဒါဘယ်ဘလက်တိုက်နိုင်ပါစေဗျား..
blackchaw
May 2, 2013 at 6:09 am
@ kyeemite ;

ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုမိုက်ရေ…။
ပေးတဲ့ဆုနဲ့ လည်း ပြည့်ရပါစေ ဗျာ…။
Mr. MarGa
April 26, 2013 at 7:00 pm
ဘဘ ဘလက်
သားသားလေး ဦးမာဃ နောက်ကျသွားတာ ခွေးလွှတ် :kwi:
သင်္ကြန်တုန်းက ဒီပို့စ်ကို မျက်စိလျှမ်းပြီး ကျောက်သွားတာ
ဘဘ တောင် လေကြီးမိုးကြီး စာရင်းဝင်တယ်ဆိုတော့
သိကြားမင်း သိကြားမင်း နဲ့ အော်နေတဲ့ ဦးမာဃလဲ အတော် လေကြီးနေပြီပေါ့နော်
blackchaw
May 2, 2013 at 6:11 am
@ Mr. MarGa ;

သိကြားမင်း ပဲဗျာ…။
တောင်းပန်နေစရာမလိုပါဘူး…။
ကျွန်ုပ်ကပဲ ကွန်းမန့် အပြန်နောက်ကျနေတဲ့အတွက်…
တောင်းပန်ပါတယ် ကိုကိုရယ်…။
အရီးခင်လတ်
May 1, 2013 at 5:38 pm
ကဘချော
လူပြန်ဖြစ်ပြီပေါ့။
လူ့ဘောင်ကို အပြီးစွန့်မသွားတာတော်သေးရဲ့။
ချို့ပေါ့ကျလေးလုပ်ပါဦး။ 😛
blackchaw
May 2, 2013 at 6:18 am
@ အရီးခင်လတ် ;

နှစ်ဆန်းတစ်ရက်နေ့ကတည်းက လူပြန်ဖြစ်နေတာ အစ်မရေ…။
လူ့ဘောင်ကို ငြီးငွေ့ သေးဘူးဗျ…။
ချိုပေါ့ကျ တိုက်နိုင်အောင် ကြိုးစားပါ့မယ် အစ်မရေ…။
ဒီတစ်ခါ ဂီဂီ ရန်ကုန်ရောက်လာတော့…
အစ်မတို့ မိသားစုကို သတိရမိပါတယ်ဗျာ…။
blackchaw
May 2, 2013 at 6:35 am
@ padonmar ;

တတ်နိုင်သလောက်တော့ ကျွန်တော် သတ်ပုံ မှန်အောင် ဂရုစိုက်ပါတယ် အစ်မရေ…။
ဠ မရေးတတ်လို့ အလွယ်တကူ လ နဲ့ ပဲ ရေးလွှတ်လိုက်တာပါ ခင်ဗျ…။
ကွန်းမန့်လေးအတွက်ရော…
သာဓု ခေါ်သွားတဲ့အတွက်ရော…
ကျေးဇူးပါ ခင်ဗျာ…။