“ပိတောက်တွေဝေပြန်ပေါ့ ”
“ပိတောက်တွေဝေပြန်ပေါ့ ”
ဒီနေ့မနက် “ဝေ” အိပ်ယာနိုးတဲ့ အချိန် သင်းပျံ့တဲ့ ပိတောက်ရနံ့တွေက “ဝေ့” အခန်းထဲမှာလွင့်နေပါတယ်။
အိပ်ယာထဲကမထသေးဘဲ လူးလိမ့်လို့အပျင်းကြောဆန့်ရင်း ကနေ ပြူတင်းပေါက်ဘက်ကိုမော့ကြည့်
လိုက်တော့ ခြံစည်းရိုးနားမှာကပ်နေတဲ့ တစ်ပင်တည်းသော ပိတောက်ပင်ပျိုလေးက အပွင့်တွေဝေလို့။
အိပ်ယာကိုအမြန်သိမ်းခြင်ထောင်ကို လုံးထွေးတင်ပြီး အပြင်ဘက်လှမ်းကြည့်လိုက်တဲ့အခါ
နံနက်ခင်းအေးအေးမှာ ခပ်ဖြေးဖြေးလေးတိုက်ခတ်နေတဲ့ တန်ခူးလေကြောင့်
အပင်ထက်မှာအစီအရီပွင့်နေတဲ့ ပိတောက်ပန်းဝါဝါလေးတွေရယ်
ပိတောက်ရွက်စိမ်းစိမ်းတွေ လေထဲမှာယိမ်းနွဲ့လို့နေပုံက“ခူးမှာလားရှင့် “ လို့မေးနေသယောင်ယောင်။
ရင်ခုန်စရာကောင်းအောင် လှပသော အပွင့်တွေနဲ့ဝေနေတဲ့ ပိတောက်ပန်းလေးတွေကို ကြည့်နေရင်း ဆရာဇော်ဂျီရဲ့
“မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပ
ကြွားချင်လှပေလိမ့်မယ်…..”
ဆိုတဲ့ စကားလုံးအဖွဲ့အနွဲ့အလှလေးများက ပိတောက်ရနံ့များနဲ့အတူ
လေထဲမှာ စီးမျောခုန်ပေါက်ပြီး ရင်ထဲ အသဲထဲကို တိုးဝှေ့ပြီး ဝင်လာနေသလိုလို။
တစ်ယောက်ထဲ အတွေးတွေ ကြွယ်လို့ကောင်းနေတုန်း
ခြံစည်းရိုးအပြင်ဘက်ကနေ ပိတောက်ပင်ကို ငေးကြည့်နေကြတဲ့ ချောစုမတို့ မောင်နှမဆီက
“မမဝေ…………မီးတို့ကို ပိတောက်ပန်းထူး ပေးတော့”လို့ မပီ့တပီအော်ပြောနေ
သံကိုကြားလိုက်တော့မှမျက်နှာမသစ်ရသေးတာကို သတိရပြီး
“ခဏလေးးးးးးးးးး” လို့အသံပေးရင်း အပြေးအလွှားရေချိုးခန်းဝင်လိုက်ရပါတယ်။
“ဝေ”ရေချိုးနေတုံးမှာ ချောစုမရဲ့ လှမ်းခေါ်သံကို တော့ မပီမသကြားလိုက်သလိုလို။
ဖြတ်သွားဖြတ်လာ လူတွေရဲ့ စကားပြောသံတွေကိုလဲ ပလုံးဗထွေးကြားမိလိုက်သလိုလို။
စိတ်ထဲမှာတော့ “ချောစုမရယ် ခဏတောင်မစောင့်နိုင်ဘူးလားအေ” လို့အသံမထွက်ဘဲမေးနေမိပါတယ်။
“ဝေ” ရေချိုးခန်းက ပြန်ထွက်လာချိန်မှာတော့ ခြံစည်းရိုးနံဘေးမှာ အစောကမြင်ခဲ့ရတဲ့လှပသောမြင်ကွင်းနဲ့
တစ်ခြားစီ။
ပိတောက်ကိုင်းအကျိုးအပဲ့တွေက အကျည်းတန်လှစွာ တိုးလို့တွဲလောင်းနဲ့ အလဲလဲအပြိုပြို။
ပိတောက်ရွက်စိမ်းစိမ်းနဲ့ ပွင့်ကြွေဝါဝါတွေကတော့ မြေပေါ်မှာအနှံအပြား ကျဲပြန့်။
ချောစုမ လက်ထဲမှာတော့ ပိတောက်ပွင့်လေးတွေကျိုးတိုးကျဲတဲပါတဲ့ ပိတောက်ခက်လေးနှစ်ခက်။
အပင်ပေါ်မှာတော့ အစောလေးကမှရှိခဲ့တဲ့ လှပသော ပိတောက်ပွင့်လေးတွေကတမဟုတ်ချင်း ကွယ်ပျောက်။ အပင်ဖျားမှာသာတစ်ခက်နှစ်ခက်လောက်ဘဲကျန်ပါတောတယ့်။
လှမ်းကြည့်လိုက်တော့ ခြံနဲ့ခပ်ဝေးဝေးဖက်ကို ထွက်သွားတဲ့ လူတစ်စုလက်ထဲမှာ ဝေ့ ခြံထွက်ပိတောက်ခိုင်တွေကို ပွေ့သွားတာကိုမြင်လိုက်ရချိန်မှာတော့ မနက်အိပ်ယာအထမှာရခဲတဲ့ ကြည်နူးခြင်းတွေက အချိန်တိုတိုလေးအတွင်းမှာပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။
ချောစုမတို့ကို အိမ်ထဲဝင်လာဘို့လက်ယပ်ခေါ်လိုက်တော့ ခြံတံခါးဖွင့်ဝင်လာကြပါတယ်။
ဘယ်ကလာပြး ဘယ်ကိုသွားမှန်းမသိတဲ့ လူစိမ်းတွေက ပိတောက်ပန်းတွေကို ခွင့်မတောင်းဘဲ ထင်တိုင်းကြဲသွားကြတာကိုချောစုမ က “ဝေ့”ကို မပီ့တပီနဲ့တိုင်ပြောနေပါတယ်။
“မမဝေ“ကို တမီးက လှမ်းထော်သေးတယ် လို့ နုပ်ခမ်းတလံ ပန်းတလံနဲ့ပြောနေပုံလေးက စိတ်တိုစရာကြားထဲကချစ်စရာကောင်းနေပြန်ပါတယ်။
“ဝေ့”ကိုချောစုမ ဇာတ်ကြောင်းပြန်နေတုန်း မေမေနဲ့ ဒေါ်လေးငယ်တို့လဲ ဈေးက ပြန်လာပါတယ်။
သူတို့ပြန်လာတော့ ချောစုမက နောက်တစ်ခါထပ်ပြီး တိုင်ချက်ဖွင့်အပြီးမှာတော့
“ဟော့တော့ လမ်းမှာတွေ့တဲ့လူတွေ ကိုင်သွားတဲ့ ပန်းတွေက ငါတို့ ဟာတွေပေါ့။
ငါတောင်ပိတောက်ပန်းမြင်တော့ တောင်းအုံးမလို့
ဒီလိုမှန်းသိ ထားခဲ့ဆိုပြီးပြန်ယူ ထားလိုက်ပါတယ်အေ”လို့နှမျောတသစွာပြောနေပြန်ပါတယ်။
နှမျောပေမယ့်လဲ ကိုယ်မှ ဘာမှ မတတ်နိုင်တဲ့ကိစ္စကိုး။
ပြီးသွားပြီလေ။
လောကကြီးက ဒီလိုပါဘဲ လှတာလဲ တဏခ။
ပျော်တာလဲ တခဏ။
ကိုယ်ဘယ်လောက်နှစ်သက်နှစ်သက် ဘယ်လောက်တန်ဘိုးထားထား
စည်းမစောင့်တတ်တဲ့လူတွေရဲ့လက်ထဲမှာ အလဟဿပျက်စီးသွားခဲ့ရတာ ဓမ္မတာ။
******************************************************************
ဒီလိုပိတောက်ပွင့်ချိန်ရောက်ရင် ”ဝေ” ငယ်စဉ်ဘဝတစ်လျောက်လုံးနေခဲ့ရတဲ့ ခြံကြီးကိုသတိရမိပါတယ်။
မြောက်ပြင် ထားဝယ်ရပ်ထဲမှာ ရှိတဲ့ အဖေ့ဘက်ကပိုင်တဲ့ ခြံကြီးကိုပေါ့.။
”ဝေ” တို့ခြံကြီးရဲ့နောက်မှာ ရေစီးနေတဲ့ ချောင်းကလေးတစင်းလဲရှိ။
ခြံပါတ်ပါတ်လည်မှာ မာကလာပင် သရက်ပင် မန်ကျည်းပင်တွေအပြင် ဗာဒံပင်တွေလဲရှိ။
နောက် ”ဝေ” အနှစ်သက်ဆုံးပိတောက်ပင်က ၄ ပင်တောင်ရှိပါတယ်။
ပိတောက်ပွင့်တဲ့ရက်များဆိုရင် တစ်ခြံလုံးပိတောက်ရနံ့တွေနဲ့ ကြိုင်လျောက်။
မေမေကတော့ “ပိတောက်နံ့တွေက ကြာလာတော့ အီနောက်လာပြီး ခေါင်းမူးလာပြီအေ့ “လို့
ညည်းညူတတ်ပေမယ့် ”ဝေ” မှာတော့ အဲဒီနေ့တစ်နေ့လုံး ပိတောက်ပန်းတွေနဲ့အလှပ်တွေရှုပ်လို့ပါဘဲ။
ဝါးတံချုတွေနဲ့ ပိတောက်ပန်းတွေခူး။
ကိုယ်အရပ်နဲ့မမှီရင် ဟိုလူလာအုံးဒီလူလာအုံးဆို ခေါ်ပြီးခူးခိုင်း။
ကိုင်းထိပ်ဖျားမှာပွင့်နေတဲ့ အခိုင်တွေကို အပင်ပေါ်တက် ခူးခိုင်း။
နဲ့ကြုံသမျှလူကို အပူကပ်ပါတယ်။
ပြီးရင် ခူးထားတဲ့ ပိတောက်ပန်းတွေကို ဒါကတော့ ဘုရားတင်ဘို့
ဒါကတော့ ဘယ်သူ့အတွက် ဒါကတော့ ဘယ်အိမ်အတွက် ဆိုဝေပုံကျနဲ့ခွဲတမ်းချ။
သူငယ်ချင်းတွေကို ပိတောက်ပန်းလာယူဘို့ဖုန်းဆက်ခေါ်။
ကို်ယ်နဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလဲ လက်လှမ်းမီသလောက်လှမ်းခေါ်။
အိမ်နီးနားချင်းတွေကို အရင်လိုက်ဝေ။
ပြီးရင် ဖုန်းဆက်လို့မရ တဲ့သူတို ့ ကိုယ်တိုင်သွားပေးမှ သင့်တော်တဲ့သူတို့အိမ်ကတော့
ဆိုင်ကယ်တစ်စီးနဲ့လိုက်ပေး။
ပျော်ပျော်ကြီးနဲ့ အလုပ်တွေကို ရှုပ်လို့ပေါ့။
”ဝေ” ကသာ ပျော်နေပါတယ် ပိတောက်ပင်တွေအောက်က ကိုင်းကျိုးကိုင်းပဲ့တွေ
ပိတောက်ရွက်ကြွေနဲ့ ပိတောက်ပွင့်ကြွေတွေနဲ့ ပွစာကြဲနေတာကို ဖေဖေနဲ့မေမေက
မမောနိုင်မပန်းနိုင်ရှင်းကြရပါတယ်။
ကျမ ပိတောက်ပန်းနဲ့ပါတ်သက်ပြီး အရူးထတာကို အိမ်ကဒေါ်လေးမေတို့ကလဲပြော
သူငယ်ချင်းတွေက လဲပြောပါတယ်။
ဒါပေမယ့် ဒီ ပိတောက်ပန်းဝေငှတဲ့ ပွဲကတော့ နှစ်စဉ်နှစ်တိုင်းအပြောင်းအလဲမရှိကျင်းပခဲ့တာပါ။
ဒီလိုပိတောက်တွေပွင့်တဲ့ရက် သင်္ကြန်ကျခါနီးရက်ကလေးမှာ
“ကိုထက်”တို့မိသားစု ကျမတို့ခြံဘေးကိုပြောင်းလာခဲ့တာပါဘဲ။
မှတ်မှတ်ရရ အေပရယ်လ (၉)ရက်နေ့ ပေါ့။
ပိုအမှတ်ရစရာပြောရရင် အဲဒီနေ့ ကကျမတို့ခြံထဲက ပိတောက်ပင်တွေပွင့်တဲ့နေ့ပေါ့၊
********************************************************
“ကိုထက်” တို့ပြောင်းလာတဲ့နေ့က“ ဝေ” ရဲ့ရိုးရာမပျက် ပိတောက်ပန်းဝေပွဲကြီး ကျင်းပနေတာပေါ့။
သူငယ်ချင်းတွေအိမ်ကို ဝေပြီး ပြန်လာတဲ့ “ ဝေ့” ကို
“ သမီးဝေ ရေ ပြောင်းလာတဲ့လူသစ်တွေကို လဲမိတ်ဆက်ရင်းသွားပို့ပေးလိုက်အုံးနော်”လို့
ပြောတာနဲ့ အလှဆုံးအပွင့်တွေနဲ့ဝေနေတဲ့ ပိတောက်ခိုင်ကြီးကိုယူပြီး “ကိုထက်”တို့ခြံဘက်ကို ကူးလာခဲ့ပါတယ်။
အိမ်ထဲမဝင်ခင် “ အိမ်ရှင်တို့……………..” လို့ လှမ်းအော်လိုက်တဲ့အခါ
ကျမတို့နဲ့ အသက်ရွယ်တူလောက်ရှိတဲ့ အသားလတ်လတ် အရပ်ပုပျတ်ပျတ်နဲ့ လူတစ်ယောက်ထွက်လာပါတယ်။
သူ့ကိုမြင်တော့ “ဘုရားတင်ဘို့ ပိတောက်ပန်းလာပေးတာ” လို့ ပြောလိုက်တော့
အိမ်နံဘေးနားမှာ ချထားတဲ့ ရေပုံးတစ်ပုံးကို လက်ညှိုးထိုးပြပြီး
“အဲဒီအထဲ ထည့်ထားလိုက်တော့” လို့ပြောပါတယ်။
နောက်မှ “ကျေးဇူး………..”လို့ပြောလာပါတယ်။
“ ဝေ” လဲ ပြန်လှည့်ထွက်မယ် အလုပ်
“ရော်………….ကိုထက် ကလဲ ပန်းတွေတကူးတက လာပေးတဲ့သူကို အိမ်ထဲထိုင်ခိုင်းအုံးလေ” လို့ပြောရင်း
အသားဝါညက်ညက် မျက်နှာထားချိုချိုနဲ့ အမျိုးသမီးကြီးဆီက အသံကြားလိုက်ရပါတယ်။
အဲတော့ အစောက လူက ကိုထက် ဆိုတာကိုသိလိုက်ရပါတယ်။
အိမ်ထဲကနေထွက်လာရင်း “ သမီးရေ အိမ်ထဲဝင်ထိုင်ပါအုံးကွယ်”
လို့ပြောတော့
“အိမ်ထဲမှာ ရှုပ်ပွနေလို့ မထို်င်ခိုင်းတာပါ မေမေရ” လို့ သူက ဝင်ပြောပါတယ်။
ဒါနဲ့လွတ်နေတဲ့ခုံတစ်လုံးပေါ်မှာဝင်ထိုင်လိုက်ရပါတယ်။
“သမီးလေးနာမယ်က………….”
“ ဝေ လို့ခေါ်ပါတယ် ကြီးကြီး”
“’ဒါက ကိုထက် တဲ့ တစ်ဦးထဲသော သားဆိုတော့ နည်းးနည်းလေးဆိုးတယ်”လို့ပြောတော့
“ မေမေက လဲ …………..” လို့ ရှက်သလိုလိုပြောနေတဲ့သူ့မျက်နှာလေးမှာ ရိုးသားတဲ့အသွင်အပြင်လေးကို
တွေ့လိုက်ရပါတယ်။
သူ့အမေအပြောနဲ့ ဘဲ ကိုထက်က အဝေးသင် တတိယနှစ် ဥပဒေ တက်နေတယ်ဆိုတာသိလိုက်ရ။
“သမီးလေးကရော လို့ “မေးတော့
“ ဝေက အီကို တတိယနှစ်အဝေးသင်ပါရှင့်”လို့ပြန်ဖြေပြီး အိမ်ဘက်ကိုပြန်မယ်အလုပ်
“နောက်ရက်တွေလဲ ကြီးကြီး တို့ဆီလာခဲ့နော် သမီး” လို့ပြောလှာပါတယ်။
အဲဒီနေ့ကစလို့ ကိုထက် တို့အိမ်နဲ့ ဝေတို့ နှစ်အိမ်က တကယ့် အိမ်နီးချင်းကောင်းတွေလိုဖြစ်ကုန်ပါတယ်။
သိပ်မကြာခင်သင်္ကြန်ကိုရောက်လာပါတော့တယ်.။
ကျမတို့ ခြံရှေ့မှာ အုန်းလက်မဏ္ဍပ်လေးထိုးပြီးရေပက်ကြတာပေါ့။
ကိုထက် ကို သင်္ကြန်ရေကစားရအောင်ခေါ်တော့ ပါးစပ်ကမပြောဘဲ ခေါင်းခါလို့ငြင်းပါတယ်။
“ဝေ” တို့ကတော့ သင်္ကြန်ဆိုပျော်တာပါဘဲ။
သူငယ်ချင်းတွေက လဲ အုပ်စုလိုက်ကြီးအိမ်ကိုလာပြီးရေကစားကြတော့
အရမ်းကိုပျော်စရာကောင်းပါရဲ့။
မေမေတို့ ဖေဖေတို့က “ ဝေ”တို့ကို လွတ်လပ်စွာထားတော့ သူငယ်ချင်းတွေက “ ဝေ”တို့အိမ်ဆိုရင်
ပျော်ကြပါတယ်။
သင်္ကြန်ရက်ဆိုရင် ဝေးတဲ့သူက ဝေတို့ိအိမ်မှာဘဲ အိ်ပ်တဲ့သူရှိပါတယ်။
သင်္ကြန်တစ်ရက်မှာတော့ သူတို့ခြံထဲကမှာ သစ်ပင်တွေပေါင်းနှုတ်နေတဲ့ “ကိုထက်” ကို
ကျမသူငယ်ချင်း “မိသူ “ကမြင်သွားပါတယ်။
အဲဒါနဲ့ သူငယ်ချင်းတွေကိုပြန်ခေါ်ပြီး ကိုထက် ကို ရေဝိုင်းလောင်းကြပါတယ်။
ထွက်ပြေးလို့မရအောင် ညှပ်ပူးညှပ်ပိတ်နဲ့လောင်းကြတာပါ။
မပြေးသာလို့ ရေအလောင်းခံလိုက်ရတဲ့ “ကိုထက်” ရဲ့ မျက်နာက ရှက်လို့ထင်ပါရဲ့ ရဲတွတ်လို့နေပါတယ်။
အဲဒီမှာ ဝေ တို့က မဏ္ဍပ်ကို ရေလာကစားဘို့ပြောတော့ ရယ်ကျဲကျဲနဲ့
“ မကစားတတ်ဘူး “ လို့ပြောတော့
“ကစားတတ်အောင် ငါတို့သင်ပေးမယ်လေ” လို့ ကျမတို့မှာပြောပြောပြီး ရီကြရပါသေးတယ်။
သင်္ကြန်အကျတ်နေ့ မှာတော့ မုန့်လုံးရေပေါ်လုပ်ပြီး စတုဒီသာဝေတော့ ကိုထက် လဲလာပြီးဝိုင်းကူလုပ်ပေးပါတယ်။
ထင်းတွေခွဲပေး ဒယ်အိုးတွေမပေး မီးဖိုပေးပေါ့။
ရှက်တတ်တဲ့ ကိုထက် ကို မုန့်လုံးတွေဇွတ်ကြွေးကြပါတယ်။
ကြွေးတာက ငရုတ်သီးထည့်ထားတဲ့ မုန့်လုံးကိုရောကြွေး။
ငရုတ်သီးစပ်လို့ တစ်ဖူးဖူးဖြစ်နေတာကို ဝိုင်းဟာသတွေလုပ်ပြီ းအချိုရည်တွေဇွတ်တိုက်။
ပြီးရင်ပေါက်ကရတွေဝိုင်းပြောဆိုတော့ ရှက်တတ်တဲ့ ကိုဝေ နဲ့ စတတ်နောက်တတ်တဲ့ကျမတို့သူငယ်ချင်းတစ်စု
တစ်နေ့ထဲနဲ့အထာကျသွားပြီး ပျော်စရာကောင်းလှပါတယ်။
အဲဒီနေ့က စလို့ ့ “ဝေ” အဖွဲ့နဲ့ ကိုထက် လဲခင်သွားပါတော့တယ်။
သင်္ကြန်နောက်ဆုံးရက်မှာတော့ ကိုထက် တို့မေမေက “ ဝေ” တို့အိမ်ဘက်ကိုကူးလာပါတယ်။
နက်ဖြန်သူတို့အိမ် မှ အန္တရာယ်ကင်းဆွမ်းကပ်မှာဆိုတော့ မေမေကို ဝိုင်းကူပေးဘို့အကူညီလာတောင်းတာပါ။
နောက် “ဝေ” ကတော့ အိမ်နီးနားချင်းတွေကို လိုက်ဖိတ်ပေးဘို့တာဝန်ယူရပါတယ်။
သံဃာတော်တွေကို အာရုဏ်ဆွမ်းကပ် တရားနာပြီးရင် မိတ်ဆွေတွေကိုတော့ မုန့်ဟင်းခါးနဲ့ဧည့်ခံမယ်ပေါ့။
အဲတော့ ဝေ့ သူငယ်ချင်းတွေ အားလုံးက ဝိုင်းကူကြရတယ်ဆိုတော့ ပိုပိုပြီးရင်းနှီးသွားကြပါတယ်။
နောက်တော့လည်းတွေ့တာမကြာသေးပေမယ့် နှစ်ပေါင်းများစွာပေါင်းလာတဲ့မိတ်ဆွေတွေလို ရင်းနှီးသွားကြပါတယ်။
လူကြီးတွေရင်းနှီးပြီဆိုမှတော့လူငယ်တွေက ပိုလို့ရင်းသွားတာပေါ့နော်။
******************************************************************************
“ဝေ” က အဝေးသင်တက်ရင်းနဲ့ အလှကုန်ပစ္စည်းတွေဖြန့်ချိတဲ့ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။
“ကိုထက်” ကတော့ လောလောဆယ်အလုပ်မရှိ။
“ဝေ” မေမေကတော့ ရတနာပစ္စည်းအရောင်းအဝယ်လုပ်သူ။
ဒါပေမယ့်မိတ်ဆွေများနဲ့ အပျင်းပြေလုပ်သဘောလောက်ဘဲလုပ်တာပါ။
သူ့မေမေက တော့ အိမ်ထောင်မူ့ထိန်းသိမ်းစောင့်ရှောက်သူ။
အင်မတန်အေးဆေးရိုးသားတဲ့ ကသာမြို့သူ ဖြူဖြူချောချော။
“ဝေ” ဖေဖေကတော့ လူသုံးကုန်ပစ္စည်းဖြန့်ချိတဲ့ ပုဂ္ဂလိက လုပ်ငန်းတစ်ခုက မန်နေဂျာ။
သူ့အဖေကလည်း သစ်ထုတ်လုပ်ရေးလုပ်ငန်းက မန်နေဂျာတစ်ယောက်။
သူ့ဖေဖေ အလုပ်က မန်းလေးကို ပြောင်းလာရတော့ မိသားစုလိုက် ပြောင်းလာပြီး
“ဝေ” တို့ခြံနံဘေးမှာငှားနေကြတာပါ။
“ဝေ” တို့ကတော့ အိမ်ပိုင်ဆိုပေမယ့်လဲ အမွေဆိုင်အိမ်ကြီး။
အခုလိုကွာခြားမူ့တွေရှိနေပေမယ့် ဝေတို့ မိသားစုနဲ့ သူတို့မိသားစုက
မိတ်ဆွေရင်းတွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါတယ်။
နောက်တော့ ကိုထက်လဲ ရေသန့်ဖြန့်တဲ့ကုမ္ပဏီတစ်ခုမှာအလုပ်ရသွားပါတယ်။
အခြားမြို့တွေနဲ့ မတူတဲ့ မန်းလေးမြို့ရဲ့ထူးခြားချက်က အလုပ်ပိတ်ရက်ပါဘဲ။
မန်းလေးမှာရှိတဲ့ အစိုးရရုံးတွေ ဘဏ်တွေရဲ့ ပိတ်ရက် က စနေ တနင်္ဂနွေဖြစ်ပေမယ့်
မန်းလေးကုန်စည်ဒိုင်နဲ့ ဈေးချိုတော်ကတော့ ဥပုဒ်နေ့မှာပဲ အလုပ်ပိတ်ပါတယ်။
ဒီတော့လဲ လုပ်ငန်းတော်တော်များများက ဥပုဒ်နေ့ကို အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ကြပါတယ်။
အလုပ်ပိတ်ရက်တွေကတော့ သူငယ်ချင်းတွေက “ဝေ” တို့ိအိမ်မှာစုရပ်လုပ်လေ့ရှိပါတယ်။
အိမ်ကနေမှာ ဟိုသွားဒီသွားလုပ်ကြတာပေါ့။
နောက်ပိုင်းမှာတော့“ဝေ” တို့သွားလေရာကို “ကိုထက်”လဲအဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါတယ်။
“ဝေ” တို့အဖွဲ့ကလဲသွား သွားနိုင်လွန်းတယ်ဆိုရလောက်အောင်ပိတ်ရက်ရောက်တာနဲ့လည်ပါတယ်။
မိုးလေဝသ သတင်းကြေငြာသလိုပါဘဲ မန်းလေးမြို့နှင့်အနီးတစ်ဝိုက်ကတော့ ပြဲပြဲစင်နေအောင်ကို
သွားကြတာပါ။
အဲလိုသွားကြတဲ့အခါ ကျန်တဲ့သူတွေက မှတ်ပုံတင်ပြီးသားနဲ့ လိုင်စင်ဝင်ပြီးသားနဲ့တွေဖြစ်နေတော့
အလွတ်ဖြစ်နေတဲ့ “ဝေ” နဲ့ “ကိုထက်” တို့က အလိုလိုနေရင်း ဆိုင်ကယအမြဲတွဲစီးရသလိုဖြစ်နေပါတယ်။
ဒါပေမယ့်လည်း “ဝေ” တို့နှစ်ယောက်ကြားမှာတော့ ဘာမှထူးခြားမလာခဲ့တာလဲအမှန်ပါဘဲ။
သူငယ်ချင်းတွေက တော့ လွတ်နေတဲ့ “ဝေ” နဲ့ “ကိုထက်”ကို မချိတ်ချိတ်အောင်အမြဲ စနေတာလဲအမှန်ပါဘဲ။
အဝေးသင်တက်ရတဲ့ကာလမှာ “ကိုထက်”နဲ့ပိုရင်းနှီးလို့သွားပါတယ်။
မြောက်ပြင် ထားဝယ်ရပ်ကနေ တောင်ပြင် ရတနာပုံတက္ကသိုလ် ကိုကျောင်းသွားတက်ရတဲ့အခါ အိမ်က လမ်းမှာ
စိတ်မချဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဖယ်ရီနဲ့ကျောင်းတက်ခိုင်းပါတယ်။
အဲတော့ ကျောင်းနဲ့ အိမ် ကလွဲလို့ ဘယ်မှမရောက်။
“ကိုထက်” နဲ့ အိမ်နီးနားခြင်းဖြစ်လာတဲ့အခါတော့ “ကိုထက်”တစ်ယောက်လုံးပါတာဘဲဆိုတဲ့
အကြောင်းပြချက်နဲ့ ကျောင်းကို ဆိုင်ကယ်နဲ့သွားကြပါတယ်။
ကျောင်းကအပြန် “ဝေ” သွားချင်သမျှ နေရာကို “ကိုထက်” ကအဖော်လိုက်ရပါတယ်။
ကိုထက် စားချင်မျှကို ဝေ က ဒကာခံရပါတယ်။
တကယ်တမ်းသွားကြလာကြပြီဆိုတဲ့ အခါ သိလာရတာက ကိုထက် က ဆိုင်ကယ်မောင်းရတာတာကိုကြောက်ပါတယ်။
နယ်မှာနေတုန်းက ဆိုင်ကယ်စီးတာမှန်ပေမယ့် မန်းလေးလို ရှုပ်ယှက်ခပ်မနေသလို စည်းမဲ့ကမ်းမဲ့လဲ
မစီးကြပါဘူး။
အဲတော့ အတူသွားကြတဲ့ အခါ ဆိုင်ကယ်ကို ကိုထက်တလှည့် ဝေတလှည့်မောင်းကြရပါတယ်.။
ဝေ မောင်းတဲ့ အလှည့်ဆိုရင် သူက ဝေ့ ပုခုံးပေါ်လက်တင် ပြီး အိပ်ငိုက်ချင်ငိုက်လာပါတယ်။
အဲလိုအိပ်နေတာများမြင်ရင် ဝေ က အကျင့်ပုတ်ပြီး ဆိုင်ကယ်ဘရိတ်ကိုဆောင့်အုပ်လိုက်လို့ ကိုထက် လန့်သွား
ရင် အဖွဲတွေက ဝိုင်းပြီး ဟားလို့မဆုံးပါဘူး။
တစ်ခါတစ်လေ ဝေ က ဆိုင်ကယ်ကိုခွထိုင်ရင်း သူ့ပုခုံးကိုကိုင်လိုက်ရင်ဖြစ်ဖြစ်
ဘေးစောင်းထိုင်လိုက်တဲ့အခါ သူ့ခါးလေးကို ဖက်ပြီး နေရာရွှေ့လိုက်ရင်ဘဲဖြစ်ဖြစ် သူ့မှာမနေတတ်မထိုင်တတ်။
အမြဲလိုတွေ့ အမြဲလိုအတူရှိနေတော့ ကိုထက် အပေါ်မှာ ဝေ့အနေနဲ့ သံယောဇဉ်ရှိလာ တွယ်တာလာတာတော့
အမှန်ပါဘဲ။
ဒါပေမယ့် “ချစ်နေပြီလား”လို့မေးလာခဲ့ရင်တော့ ဖြေစရာအဖြေမရှိသေးတာအမှန်ပါဘဲ။
ကိုထက် ကလဲ ဝေ့အပေါ်မှာ ဂရိုစိုက်တာမှန်ပေမယ့် ချစ်တယ်ဆိုတာကို အရိပ်အယောင်တောင်မပြ။
ကိုယ့်စိတ်က ဘဲ ယိုင်နေလို့လားတော့မသိနိုင် ကိုထက် မျက်ဝန်းထဲမှာ အချစ်ရိပ်တွေ တွေ့နေသလိုလို။
စိတ်ချင်းက ဘဲ နှစ်ကိုယ်နီးချင်နေသလိုလို။
အပေါင်းအသင်းတွေက လဲ ဝေ တို့နှစ်ယောက်ကို နီးစပ်စေချင်နေသလို နှစ်ဖက်မိဘကလဲ
ကန့်ကွက်စရာအကြောင်းမရှိလို့ထင်မိပေမယ့် ကာယကံရှင်နှစ်ဦးကတော့ မထူးမခြား။
အမြဲတွေ့နေရတော့ စိတ်ထဲမှာ သိပ်ထူးထူးခြား မဖြစ်တာလဲ ပါမယ်ထင်ပါတယ်။
ဒါပေမယ့် အလုပ်ကပြန်ရောက်တဲ့ ညနေခင်းများမှာတော့ တွေ့ချိန်တန်လို့ မတွေ့ခဲ့ရင် စိတ်ထဲကနေ
လိုက်ရှာနေမိတာတော့ အမှန်ပါဘဲ။
***************************************************************
မထူးခြားတဲ့ ဇာတ်လမ်းကနေ ထူးခြားအောင်ဖန်တီးလိုက်တာကတော့ ကျောက်တော်ကြီးဘုရားပွဲမှာပေါ့။
ကျောက်တော်ကြီးဘုရားပွဲဆိုတာ မန်းလေးတောင်ပါတ်ဝန်းကျင်က ရပ်ကွက်တွေအတွက်
နယ်လုံးဆိုင်ရာပွဲတော်ကြီးဆိုတော် ရက်လဲရှည်သလို အင်မတန်မလဲစည်ကားပါတယ်။
ရှေးခေတ်ကတော့ ဟိုးအရှေ့ဘက်ကရွာတွေကနေလှည်းတွေနဲ့လာကြတာဆိုတော့
ဘုရားပါတ်ဝန်းကျင်မှာ လှည်းဝိုင်းကြီးတွေ စခန်းချထားတာကိုမြင်နေရပါတယ်။
ဒါကတော့ ဝေ တို့ငယ်ငယ်ကပေါ့။
အခုခေတ်ကတော့ ဆိုင်ကယ်ခေတ် ကားခေတ်ဆိုပြန်တော့ အဲလိုလှည်းဝိုင်းကြီးတွေတော့ မတွေ့ရတော့ပါဘူး။
ဒီကျောက်တော်ကြီးဘုရားပွဲရက်တွေမှာဆိုရင် ရှေးကတည်းက အစဉ်အလာတစ်ခုအနေနဲ့လာရောင်းကြတဲ့
ပန်းတနော် သင်ဖျူးဖျာသည်တွေက တော့ လာမြဲလာ ရောင်းမြဲရောင်းလျက်ပါဘဲ။
အဖိတ်နေ့ညမှာတော့ သူငယ်ချင်းတွေက ပွဲကြည့်ချင်တယ်ပြောပါတယ်။
ခက်တာက ဝေ ကပွဲမကြိုက်။
အဲတော့ ဘုရားပွဲကို အတူသွားကြမယ်။
စန္ဒာမုနိဘုရားထဲက သူငယ်ချင်းတွေဆီကို သွားပြီး ဧည့်ခံတဲ့မုန့်ကိုသွားစားမယ်။
ပြီးရင်ပွဲခင်းထဲလျောက်ကြည့်မယ်။
ကျန်တဲ့သူတွေက ပွဲကြည့် ဘို့နေခဲ့မယ်။
ဝေ နဲ့ ကိုထက် က တော့ အိမ်ပြန်မယ်လို့ သဘောတူလိုက်ကြပါတယ်။
ကျောက်တော်ကြီးဘုရားပွဲဆိုရင် ဆိုင်ကယ်နဲ့ အုပ်စုလိုက်သွားကြတာပါ။
ဝေ တို့အိမ်နဲ့ ကျောက်တော ်ကြီးဘုရားက သိပ်အဝေးကြီးတော့လဲမဟုတ်ပါဘူး။
ဒီတစ်ခါတော့ ဆိုင်ကယ်နဲ့ မသွားဘူး အလကားနေရင်းဆိုင်ကယ်အပ်ခကုန်မယ်။
ပွဲကြည့်မယ်ဆိုတော့ မိုးလင်းမှ ပြီးမှာ။
ပွဲပြီးမှ အိမ်ကိုဖုန်းဆက်ပြီးကားနဲ့လာခေါ်ခိုင်းမယ်။
အိပ်ချင်မူးတူးနဲ့ ဆိုင်ကယ်လဲ မစီးချင်ဘူးဆိုကြပါတယ်။
ဒါနဲ့ဘဲ ပွဲခင်းလည်ပြီးတော့ ဝေ နဲ့ ကိုထက်က လမ်းလျောက်ပြီးပြန်လာခဲ့ကြပါတယ်။
ဆောင်းဝင်စ ဆိုတော့ မအေးတအေး။
ကျုံးနံဘေးကလဲ လမ်းလျောက်ရတာ က လူရှင်းတော့ အေးအေးဆေးဆေးပါ။
ပြည့်ခါနီးလရဲ့ အရောင်ကလဲ ကျုံးရေပြင်စိမ်းစိမ်းပေါ်မှာတလက်လက်တောက်ပလို့ပေါ့။
လမ်းလျောက်လာရင်း ကိုထက် က ဝေ လက်ကို အသာလေးလာကိုင်ပါတယ်။
လက်တွဲရင်း လမ်းအတူလျောက်လာခဲ့ကြတာပေါ့။
ကိုထက် ဝေ့ လက်ကို လာကိုင်တာ က လဲ သိပ်ဆန်းကြယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။
မကြာခဏ လက်တွဲနေကြပါ။
ဒီတစ်ခါတော့ ခါတိုင်းနဲ့မတူသလိုပါဘဲ။
ကိုထက် ရဲ့ ခန္ဓာကိုယ်က အနွေးဓါတ်တွေ အင်အားတွေက ဝေ့ ရဲ့သွေးကြောထဲကို
စီးမျောလာသလို ခံစားရတော့ ရင်တွေခုန်လာပါတယ်။
ဝေ့လက်ကို ဆွဲပြီးလမ်းလျောက်လာရင်းက ကိုထက် က ဝေ့ကိုချစ်တဲ့အကြောင်းပြောပါတယ်။
နောက် လက်ထပ်ဘို့အထိရည်ရွယ်ထားကြောင်း သူ့ အမေကိုလဲ ဖွင့် ပြောပြီး ပြီဆိုတဲ့အကြောင်း
တွေကို တတွတ်တွတ်ပြောလာတော့ အစောက နွေးနေတယ်ထင်ရတဲ့လက်တွေကအေးစက်သွားသလိုလို။
ဒါပေမယ့်လည်း ဝေ့ ပါးနှစ်ဖက်ကတော့ ပူနွေး လာသလိုလိုပါဘဲ။
အဲဒါကို ရှက်တယ်လို့ ခေါ်ရမလားတော့ မသိပါဘူး။
စကတည်းက ယိမ်းနေလို့ မခိုင်တဲ့ ဝေ့စိတ်တွေကြောင့် အများတကာလို စဥ်းစားပါအုံးမယ်တို့
အချိန်ပေးပါအုံးလို့ မူမနေဘဲ “ကိုထက်ကိုလဲ ဝေက ချစ်ပြီးသား”လို့အဖြေပေးမိခဲ့ပါတယ်။
သူငယ်ချင်းလိုသံယောဇဉ်က နေ ချစ်သူလို အနေအထား ကိုပြောင်းသွားခဲ့ပေမယ့် ဝေနဲ့ကိုထက်ရဲ့
နေပုံထိုင်ပုံကတော့ ထူးခြားသောပြောင်းလဲမူ့ မရှိပါဘူး။
သံယောဇဉ်နှောင်ကြိုးပေါ်မှာ အချစ်ကို မွမ်းမံလိုက်တော့ ပိုလို့ ခိုင်မာသွားတာပဲရှိပါတယ်။
ထူးခြားတယ်ပြောနို်င်တာကတော့ အရင်က အလုပ်သွားရင် ကိုယ့်ဆိုင်ကယ်နဲ့ ကိုယ်သွားခဲ့ကြပေမယ့်
ချစ်သူဖြစ်သွားတဲ့ အချိန်က စလို့ ဓါတ်ဆီ တစ်ဂါလံ သုံးထောင် ကိုအကြောင်းပြပြီး ဝေ့ ကို ကိုထက်က
အကြိုအပို့လုပ်ပေးပါတယ်။
အိမ်ကလူကြီးတွေကလဲ ကျမတို့နှစ်ယောက်ချစ်သူတွေဖြစ်နေတယ်ဆိုတာ ရိပ်မိပုံရပါတယ်။
စကတည်းက သဘောတူပြီးသားဆိုတော့ သိပေမယ့်လည်း ဘာမှ မပြောတာဖြစ်နိုင်သလို
ဝေတို့ နှစ်ယောက်ကလဲ လူအမြင်မတော်လောက်အောင်လဲ မနေတော့ ပြောဘို့မလိုအပ်တာလဲဖြစ်နိုင်ပါတယ်။
နောက်တော့ လဲ လူကြီးတွေကို အသိပေးပြီး လက်ထပ်ဘို့ ရက်ရွေးဘို့ တိုင်ပင်ကြရတော့တာပေါ့။
ဝေတို့နှစ်ယောက်မြန်းကြတဲ့ နေ့ကလဲ ဝေတို့ဖက်က ဆွေမျိုးတွေရယ် အိမ်အနီးကလူကြီးတွေရယ်ကို
ဘဲဖိတ်ပြီး အကျဉ်းရုံး ပြီးလုပ်လိုက်ကြတာပါ။
ကျောင်းကလဲ ဒီတစ်နှစ်ဆိုပြီးတော့မှာ ဆိုတော့ လူကြီးတွေက လက်ထပ်မယ့် ရက်ကို သကြီန်မတိုင်ခင်
လက်ထပ်ဘို့ ရွေးပေးလိုက်ကြပါတယ်။
ဝေ တို့လက်မထပ်ခင် နှစ်လ လောက်အလိုမှာ ကိုထက် ဖေဖေ က သက်ပြည့်ပင်စင်ယူလို်က်ပါတယ်။
တကယ်လုပ်မယ်ဆိုရင်တော့ နောက်ထပ်ငါးနှစ်လောက် လုပ်မယ်ဆိုရင်လုပ်လို့ရပါသေးတယ်။
ဒါပေမယ့် ကိုထက်တို့ဖေဖေရော မေမေပါ ဒီမန်းလေးရာသီဥတုနဲ့ရော လူနေမူ့စနစ်နဲ့ပါ အထာမကျ။
အဲတော့ သူတို့ မွေးရပ်မြေ ကသာမြို့ကိုဘဲပြန်ချင်ကြပါတယ်။
ဝေနဲ့ ကိုထက် လက်ထပ်ပြီးရင် ကိုထက်အတွက်သူတို့ စိတ်ချသွားပြီမို့ သူတို့လဲ ကသာကိုပြန်မယ်။
ကိုထက် ကို ဝေတို့နဲ့ ထားခဲ့မယ်လို့ စီစဉ်ထားကြပါတယ်။
ဒီတော့လဲ ဝေတို့ အိမ်မှာ အခန်းတစ်ခန်း ထပ်ဖွဲ့ရပါတော့တယ်။
ဖေဖေနဲ့မေမေတို့က အရှေ့တောင်ဘက်ခန်းမှာနေကြတော့ ဝေနဲ့ ကိုထက်အတွက် အနောက်တောင်ဘက်
မှာ အခန်းတစ်ခန်းထပ်ဖွဲ့ကြပါတယ်။
ဝေတို့ အခန်းထဲမှာ ဝေ့စိတ်ကြိုက် ဝေါပေပါ အပြာနုရောင်လေးတွေကပ်ပြီး အလှဆင်။
အခန်းထဲမှာထားဘို့ ပရိဘောဂ တွေကို စိတ်တိုင်းကျရွေးပြီး ဝယ်ပြီး ထည့်ထားပါတယ်။
တကယ်စကားများကြရတာကတော့ မင်္ဂလာဆောင်ဝတ်မယ့် အဝတ်အစားအတွက်ပါ။
နှစ်ဖက်မိဘက ချိတ်လုံချည် ဆင်တူ တန်ဘိုး ကောင်းကောင်းဝတ်စေချင်တယ်။
ကျန်တာတွေကို လိုက်ရောပေမယ့် ဒီကိစ္စကိုတော့ ကိုထက် က ခါးခါးသီးသီးငြင်းပါတယ်။
တစ်သက်တစ်ခါ ဆိုပေမယ့် တစ်သက်မှာ တစ်ခါဘဲဝတ်မယ့် အဝတ်အစားအတွက် ငွေအများကြီး
အကုန်မခံချင်ဘူးဆိုပြီး ငြင်းပါတယ်။
နောက်တော့ လဲ အသင့်အတင့် အဘိုးတန်တဲ့ ချိတ်ကို ဝယ်ဘို့သဘောတူလိုက်ပါတယ်။
နောက်မင်္ဂလာဆောင်ကိုလဲ မင်္ဂလာခန်းမ မှာ ဧည့်ခံပွဲမလုပ်ချင်ဘူးလို့ ဆိုလာပြန်ပါတယ်။
မင်္ဂလာဆွမ်းကျွေးဘဲလုပ်ချင်တယ်လို့ပြောတော့ လိုက်လျောရပြန်ပါတယ်။
ဒီလိုနဲ့ဘဲအချိန်တွေ တရွှေ့ရွှေ့ကုန်လွန်ခဲ့ရင်း မင်္ဂလာရက်အဖြစ်သတ်မှတ်ထားတဲ့ အေပရယ်
(၃)ရက်နေ့မှာတော့ ဝေ့ဘဝမှာ မမေ့နိုင်စရာ အပျော်တွေနဲ့ပြည့်လျံနေတဲ့ရက်ကလေးပေါ့။
သူများမင်္ဂလာဆောင်တွေလို့ သူတို့ သမီး သတို့သားမှန်းကွဲပြားခြားနားလောက်အောင်ဝတ်ဆင်မထားဘဲ
ပရိတ်သတ်တွေနဲ့ရောနှောနေရင်း သူငယ်ချင်းတွေနဲ့ စလိုက်နောက်လိုက်နေရင်း
သူတို့သားကတစ်နေရာ သူတို့သမီးကတစ်နေရာ ဧည့်ခံရင်း၊
ဓါတ်ပုံရိုက်မယ်ဆိုမှ တကွဲစီနေကြတဲ့ မင်္ဂလာမောင်နှံကို လိုက်ရှာရင်း၊
ဧည့်ခံနေရင်းက ဘိုက်ဆာတော့ သူငယ်ချင်းတွေနဲ့ ထမင်းရောနှောစားရင်း၊
စရင်းနောက်ရင်း ရီရင်းမောရင်းနဲ့ ပျော်ရွှင်စရာ မင်္ဂလာပွဲလေးကို ပြီးဆုံးစေခဲ့ကြပါတယ်။
ညပိုင်းရောက်တော့ နှစ်ဖက်မိဘခွင့်ပြုချက်နဲ့ ကူညီတဲ့သူငယ်ချင်းတွေကို ဧည့်ခံပွဲလေးကို
ကန်တော်ကြီး ကုက္ကိုကျွန်းစားသောက်ဆိုင်မှာစားကြသောက်ကြ အပြန်မှာ ကေတီဗွီကိုဝင်
သီချင်းတွေဆိုကြ ကကြနဲ့ပျော်စရာကြီးပါဘဲ။
တစ်ခါမှ မသောက်ဘူးတဲ့ အူရိုင်းလေး ကိုထက်ကို ဘီယာတစ်ခွက်ဇွတ်တိုက်လိုက်ကြတော့
ကေတီဗွီက ဆိုဖာပေါ်မှာ ဝေ့ပေါင်ကို ခေါင်းအုံးပြီး အိပ်ပျော်နေတဲ့ ကိုထက်ကို
ဖုန်းတွေနဲ့ ဓါတ်ပုံရိုက်ကြ ဟာသတွေလုပ်ကြ ပေါက်ကရ ပေါက်ပန်းဈေးတွေပြောကြနဲ့
ညတစ်နာရီကျော်မှ အိမ်ပြန်ရောက်ပြီး ကားပေါ်မှာအိပ်ပျော်ရင်းပါလာတဲ့ သူတို့သားအသစ်စက်စက်ကို
ဝေ့ မိဘတွေ မသိအောင် သူငယ်ချင်းတွေက အခန်းထဲကို ထမ်းပို့ခဲ့ရပါတယ်။
ဒီလိုနဲ့ အိမ်ထောင်သည်ဘဝကို ဘာအခက်အခဲမှ မရှိဘဲကူးပြောင်းခဲ့ကြရပါတယ်။
ဝေတို့လက်ထပ်ပြီး သုံးရက်မြောက်တဲ့ ညမှာတော့ သကြန်မိုးလေးတစ်ဖျောက်နှစ်ဖျောက်ကျလာပါတယ်။
ဒါဆိုရင်သေချာပြီ မနက်ဆိုရင် ပိတောက်ပန်းပွင့်မယ်ဆိုတာပေါ့။
အိပ်ပျော်စ ပြုနေတဲ့ ကိုထက် ကို ဇွတ်နိုး မနက် ပိတောက်ပန်းတွေခူးပြီးဝေရအောင်လို့ပူဆာ။
အိပ်ချင်မူးတူး ဖြစ်နေတဲ့ ကိုထက် က
“ ပိတောက်တွေပဲ ပွင့်ပါစေအုံး ဝေ ရာ”လို့စိတ်တိုတဲ့လေသံကြီးနဲ့ပြောတော့ ညကြီးမင်းကြီး ရီရပြန်ပါသေးတယ်။
နောက်နေ့မနက် လေးနာရီလောက်မှာ ကတည်းက ပိတောက်ပင်ကြီးက မွှေးသောရနံ့တွေကိုပေးနေပါပြီ။
ကိုထက် ကိုနှိုးတော့ အိပ်ချင်မပြေသေးတဲ့ လေသံနဲ့ “အစောကြီးရှိသေးတယ်”ဆိုပြီးဆက်အိပ်နေ။
ဝေ လဲခဏတော့ မချင့်မရဲနဲ့ မှိန်းနေရပါတယ်။
ငါးနာရီထိုးလို့ အလင်းရောင်လဲရရော ခြံထဲကို ဝေတစ်ယောက်ထဲဆင်း။
ကြိုတင်လုပ်ထားတဲ့ ဝါးတံချုုနဲ့ လက်လှမ်းမှီတဲ့ အကိုင်းက ပိတောက်ပန်းတွေကိုခူး။
ရေဆွတ်ထားတဲ့ အဝတ်စ ထဲကို ထည့် ပြီးပြန်အုပ် အလုပ်တွေရှုပ်နေပါတယ်။
အောက်ခြေက အကိုင်းတွေကုန်တော့ မှ ကိုထက်တို့အိမ်ရယ် ဝေတို့အိမ်ရယ်က ဘုရားပန်းအိုးတွေကို
ပိတောက်ပန်းတွေထိုးလို့ ဘုရားပန်းလဲပေးပါတယ်။
နောက် ကိုထက်နိုးလာပြီဆိုတော့မှ ဝေမမှီလို့ချန်ထားတဲ့ ပိတောက်ခိုင်တွေကိုချိုးချ။
သူငယ်ချင်းတွေကို ဖုန်းဆက် ခေါ်ပြီး အစဉ်အလာမပျက် ပိတောက်ပန်းလာယူဘို့ခိုင်းရပါတယ်။
ဆယ်နာရီလောက်ရောက်တော့ မန်းလေးတောင်ခြေ က တိုင်းရင်းဆေးကျောင်းက မေမေ့ကို ဆေးကုပေးနေတဲ့ ဆရာ့အိမ်ကိုပိတောက်ပန်းသွားပေးဘို့ ပြင်ကြပါတယ်။
ကိုထက်က မောင်း ဝေ က ပိတောက်ပန်းအခိုင်တွေကို မနိုင်မနင်းပွေ့လို့ပေါ့။
နန်းတွင်း မြောက်ဘက်တံတား ရောက်တော့ မီးနီမိလို့ ရပ်စောင့်နေရပါတယ်.။
ရပ်ထားကတည်းက ဘယ်ဘက်ကိုကွေ့မယ်ဆိုတာ အချက်ပြထားပြီးသား။
မီးစိမ်းကို စောင့်နေရင်းက ကိုထက် နဲ့စကားတပြောပြောပေါ့။
မီးစိမ်းတော့ ဝေတို့ဆိုင်ကယ်က မြောက်ဘက် ကိုဖျတ် ကနဲ့ ကွေ့လိုက်ပါတယ်။
အဲဒီအချိန် အနောက်ကလာတဲ့ အရှိန်ပြင်းပြင်းမောင်းပြီး လူသုံးယောက်စီးလာတဲ့ ဆိုင်ကယ်က ဝေတို့ဆိုင်ကယ်ကို ဘေးတစ်စောင်း ဖြတ်ပြီးတိုက်ထည့်လိုက်ပါတယ်။
ဝေ က ဆိုင်ကယ်ကိုကျော်ပြီး ကျောက်လမ်းမပေါ်ကို ပြောင်းပြန်လဲအကျ ခေါင်းနဲ့ ကျောက်လမ်းမနဲ့
အရှိန်ပြင်းပြင်းရိုက်မိပါတယ်။
ကျောက်လမ်းမပေါ်ဝေလဲကျ သွားတဲ့အချိန် ဝေ့ အပေါ်ကိုလေးလံတဲ့ အရာတစ်ခု ပိကျလာတယ်လို့ခံစားလိုက်ရ။
လဲနေရင်းကနေ ဝေ နောက်ဆုံးမြင်လိုက်တာကတော့ အရှေ့ ကနေ အနောက်ကိုဆင်းလာတဲ့ ကားကြီးတစ်စီးက
ကိုထက် အပေါ်ကို ဖြတ်သွားတယ်ဆိုတာပါဘဲ။
******************************************************************
နောက်ရက် ဝေ ပြန်သတိရလာတဲ့အ ချိန်မှာ သိလိုက်ရတာကတော့ ဝေ့ရဲ ခြေထောက်တွေလှုပ်လို့မရ။
ပုံမှန်အနေအထားက ပျက်ယွင်းသွားတာကိုသိလိုက်ရပါတယ်။
ခေါင်းကို ထိခိုက်မိတော့ နှစ်ရက်တိတိ သတိမေ့နေပါသတဲ့။
ကျမတို့ရဲ့ အကြီးမားဆုံးသောအမှားက အချက်ပြမီးဖွင့်ထားပေမယ့် ကွေ့ခါနီးမှာ နောက်တစ်ချက်ပြန်လှည့်
မကြည့်မိတာရယ် ဆိုင်ကယ်ဦးထုပ်ဆောင်းမထားမိတာရယ်ပါဘဲ။
အနောက်ဘက်ကနေလာတဲ့ ဆိုင်ကယ်က လဲ ဝေ တို့ဆိုင်ကယ်က ကွေ့မယ်ဆိုတာ အချက်လဲပြထားတယ်
လမ်းလဲ ဦးနေတာ သိပါရဲနဲ့ မီးစိမ်းပြီဆိုတာနဲ့ အရှိန်မလျော့ဘဲစီးတာပါဘဲ။
တကယ်နီးလာလို့ ဘရိတ်လဲအုပ်ရော မမိတော့ ဝေတို့ဆိုင်ကယ်ကို ဝင်ချိတ်တော့တာပါဘဲ။
ဆိုင်ကယ်တကယ်မစီးတတ်ဘဲ စီးလာတာလဲဖြစ်နိုင်ပါတယ်။
သတိရလာပေမယ့် လဲ ကျောက်လမ်းမနဲ့ ခေါင်းနဲ့ ရိုက်မိတဲ့ အရှိန်ကြောင့် ဝေ့ခေါင်းတွေက အမြဲတမ်းမူးဝေဝေ။
ဘာမှစဉ်းစားလို့လဲမရ။
ဒီလိုနဲ့ဘဲ ဆေးရုံမှာ ဝေ လချီပြီးကြာခဲ့ရပါတယ်။
ဝေတို့ ဆိုင်ကယ်တိုက်တဲ့အချိန် ကျုံးနံဘေးက မန်ကျည်းရေရောင်းတဲ့ သူက ဖုန်းဆက်ခေါ်ပြီး
အကူအညီပေးတယ်ဆိုတာသိလိုက်ရပါတယ်။
ဝေတို့ကိုဝင်တိုက်တဲ့ ထဲက တစ်ယောက်ကလဲ ဆိုင်ကယ်လက်ကိုင်နဲ့ရိုက်မိတော့ မေးရိုးကျိုး၊
တစ်ယောက်ကတော့ လက်ကျိုး ပွန်းပဲ့ သိပ်ကြီးကြီးမားမားမဖြစ်တော့ ကံကောင်းတယ်ဆိုရပါမယ်။
ဝေသတိပြန်လည်လာတဲ့အချိန်ကိုထက် ကို မေးရင် အရိုးကျိုးလို့ ဆေးရုံက မဆင်းရသေး ထလဲ မထနိုင်ဘူးဆိုတာဘဲသိရ။
ဒီလိုနဲ့ဘဲ မူးယစ်ရီဝေစွာ မကြည်လင်စွာ နဲ့ ဆေးသောက်လိုက်အိပ်လိုက်နဲ့ ဆေးရုံပေါ်မှာ ဘယ်နှစ်နေ့ ဘယ်နှစ်ရက် ဘယ်နှစ်လမှန်းမသိဘဲ ရက်ပေါင်းများစွာဖြတ်သန်းခဲ့ရပါတယ်။
ကိုထက်ကိုလဲ မတွေ့ရ။
ဒီလိုနဲ့ဘဲ ခြေထောက် ဂုံညင်းအက်သွားတာလဲ ပြန်ကောင်းလို့လာပါတယ်။
ဒါပေမယ့် ဒူးကတော့ ကြာကြာထောက်လို့မရ ခြေထောက်အကွေးအပြုမှာ အတော်ခက်ခဲပါတယ်။
ဝေလဲနေတဲ့အချိန် ဝေ့ ခြေထောက်ပေါ်ကို ဆိုင်ကယ်နှစ်စင်းထပ်လျက်ကြီးပိကျလာတဲ့ အရှိန်ကြောင့်
ခြေချောင်းလေးတွေ ကျိုးပဲ့ကွဲအက်။
ဆုးိတာကတော့ လူကောင်းပကတိလို လမ်းလျောက်လို့မရတော့ -+
တာပါဘဲ။
ချိုင်းထောက်အကူအညီနဲ့လျောက်ရပါတယ်။
ဝေ ဆေးရုံက ဆင်းလို့အပြန် မှာတော့ အဖြစ်အပျက်မှန် ဘဝမှန်ကို သိလိုက်ရပါတယ်၊
ဝေဆေးရုံက ဆင်းပြီးပြန်ခဲ့ရတာ ဝေ့အိမ်မဟုတ်တဲ့အိမ်ကိုပါ။
ဝေ ဆေးရုံတက်နေတဲ့ သုံးလဆိုတဲ့ကာလအတွင်းမှာ ကျယ်ဝန်းတဲ့ ထားဝယ်က အိမ်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။
ဝေ့ဆေးကုသစားရိတ် အမူ့အခင်းအတွက်ဖြေရှင်းရတဲ့စားရိတ် အမွေခွဲလိုတဲ့ဆွေမျိုးတွေရဲ့ဆန္ဒ
တွေအတွက် ထားဝယ်အိမ်ကိုရောင်း မြိုသစ်အစွန်အဖျားက ဈေးသက်သာတဲ့ အိမ်လေးဆီကို
ပြောင်းရွှေ့လို့နေခဲ့ကြရပါတယ်။
သူတို့အတွက် အစားထုးိမရခြင်းကတော့ တစ်ဦးတည်းသောသားလေး ကိုထက် ဆုံးပါးသွားခြင်းပါဘဲ။
ကိုထက် ဆိုင်ကယ် ပေါ်ကနေပြုတ်ကျပြီးရှေ့လိမ့်သွားတဲ့အချိန်မှာမီးစိမ်းပြီဆိုတာနဲ့ အရှိန်မြှုင့်ပြီးထွက်လာတဲ့
မျက်နှာချင်းဆိုင်ဘက်ကလာတဲ့ ကုန်ကားတစ်စင်းက ကိုဝေ့ ကိုတက်ကြိတ်မိပါသတဲ့။
ကျိုးပြတ်သွားတဲ့ နံရိုးအပိုင်းအစက အထဲက ကလီစာတွေကိုဖောက်ထွက်လို့ ဆေးရုံရောက်ပြီး နှစ်ရက်မြောက်တဲ့
နေ့မှာလောကကိုစွန့်ခွာ။
ကိုထက် ဆုံးပါးသွားတဲ့အချိန် အရူးတစ်ပိုင်းဖြစ်နေတဲ့ ကိုထက် မေမေတို့ကလဲ အိမ်စာချုပ်ပြည့်သွားတဲ့အခါ သူတို့အိမ်ကို ပြန်အပ်ခိုင်းပြီး ဝေ့မေမေတို့နဲ့ပေါင်းနေဘို့ခေါ်ထားရပါသတဲ့။
ဝေ့ကိုတော့ ဒေါ်လေးမေနဲ့ မေမေက ဆေးရုံပေါ်က ဝေ့ကိုတစ်လှည့်စီပြုစုပေး။
ဖေဖေကတော့ ကာယကံရှင်မရှိတော့ တဲ့ ယာဉ်တိုက်မူ့အတွက် ဥပဒေနဲ့အညီဘောင်ဝင်အောင်အမူပိတ်ဘို့
အတွက် လုံးပန်းရပါတယ်။
ဝေ ဆေးရုံက ဆင်းလာပေမယ့်လဲ အရင်လို အလုပ်မလုပ်နိုင်တော့ပါဘူး။
ဘာမှ ကြာကြာ ခေါင်းထဲထားလို့မရ။
ကြာကြာစဉ်းစားလို့မရ။
ဝေစိတ်ထဲအမြဲမှတ်မိနေတာကတော့ ပိတောက်ပန်းတွေဝေတဲ့အကြောင်းပါဘဲ။
ဝေ အသိစိတ်လွတ်ကင်းနေတဲ့ ကာလများကတော့ ဝေတို့အိမ်အတွက် အပူတွေစွန်းထင်းသောကာလများပါဘဲ.။
ကိုထက် မိဘများဘက်က ကြည့်ပြန်ရင် သားကလဲ ဆုံး ချွေးမကလဲ စိတ်ပုံမှန်မဖြစ်အတော်ကိုစိတ်ညစ်ခဲ့ရသော
အချိန်တွေဖြစ်ခဲ့မှာအသေအချာ။
နောက်တော့ သူတို့လဲ ဝေတို့အိမ်မှာနေရာတာ အားနာတယ်ဆိုပြီး သူတို့ဇာတိ ကသာမြို့ကို အပြီးတိုင်
ပြောင်းသွားကြပါတယ်။
ဝေ့မှာလဲ ဆေးပေါင်းစုံသောက်ပေမယ့် ထူးခြားမလာ။
ရူးမသွားဘူးဆိုတာကိုတော့ သိနေပေမယ့် မှတ်ဉာဏ်များက ပုံမှန်အလုပ် လုပ်မလာတာပါဘဲ။
တစ်ရက်မှာတော့ မေမေနဲ့ မတွေ့တာကြာနေတဲ့ မိတ်ဆွေတစ်ယောက်အိမ်အလည်ရောက်လာပါတယ်။
သူကသိပ်ပုံမှန်မဟုတ်တယ် ဝေ့ကို တွေ့တဲ့ အခါ မေမေ့နဲ့ဆွေးနွေးကြပါတယ်။
မေမေကလဲ ပြောရင်းမျက်ရည်တွေကျလာတာပေါ့။
အဲဒီမှာ “မမလွင်ရယ် ဆရာဝန်နဲ့ပြတာလဲပြ ဆေးသောက်ခိုင်းတာလဲသောက်ခို်င်း
တစ်ခုတော့ရှိတယ် စိတ်ကို စိတ်နဲ့ပြန်ကုမှဘဲပိုသင့်တော်မယ် လေ၊
အဲတော့ ဝေ့ကို တရားထိုင်ခို်င်း တရားမှတ်ခို်င်း တကယ်နားလည်တတ်ကျွမ်းတဲ့
နေရာမှာ အပ်ပြီး တရားနဲ့နီးစပ်အောင်လုပ်ပေးသင့်တယ်။
ကျမ ဝေ့ကို ဆရာတော်ဆီလိုက်အပ်ပေးမယ်”
ဒါနဲ့ဘဲ ဝေ စိန်ပန်းမှာရှိတဲ့ ဓမ္မရိပ်သာတစ်ခုကိုရောက်သွားခဲ့ပါတယ်။
အစကတော့ အခက်အခဲပေါင်းများစွာ။
ပျံ့လွင့်နေသောစိတ်ကို ထိန်းချုပ်ရတာ အင်မတန်မှခက်ခဲသောကိစ္စတစ်ရပ်ဆိုတာသဘောပေါက်လာမိပါတယ်။
နောက် ဝေ ဒီတရားစခန်းမှာ တစ်လလောက်နေတဲ့အခါမှာတော့ ဝေ့စိတ်တွေပုံမှန်ပြန်ဖြစ်လာပါတယ်။
ကိုယ်ရဲ့ဖြစ်ခဲ့သမျှတွေကို တဖြည်းဖြည်းချင်း ပြန်မှတ်မိလို့လာပါတယ်။
သုံးလအကြာမှာတော့ ဝေ့ အမှန်တရားကို လက်ခံရဲလာပါတယ်။
အစက ဝေပြန်စဉ်းစားလို့ ဘာကြောင့်မရဘူးဆိုတာကို ရေးရေးလေးသဘောပေါက်လာပါတယ်။
သုံးလပြည့်တဲ့အခါ တရားစခန်းကနေဝေ အိမ်ကိုပြန်လာပါတယ်။
အိမ်မှာလဲ ဆရာတော်သွန်သင်ပြသပေးတဲ့အတိုင်း တရားမှတ်ပါတယ်။
ဝေးကွာလွန်းသောနိဗ္ဗာန်ဆိုတာကို မပြောလိုပေမယ့် ဝေ့စိတ်တွေတည်ငြိမ်လာ တာတော့အမှန်တရားပါ။
ခြေထောက်မကောင်းတဲ့ ဝေ့ အတွက် အပြင်မှအလုပ်လုပ်ဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒီ့တော့ အိုးမကွာ အိမ်မကွာလုပ်လို့ရတဲ့ ကလေးများကို စာသင်ပေးတဲ့အလုပ်ကို ဝေလုပ်ပါတယ်။
လေးနှစ်ဆိုတဲ့ အချိန်ကာလတစ်ခုအတွင်းမှာဝေစိတ်တွေအေးချမ်းတည်ငြိမ်ခဲ့ပါတယ်။
ပိတောက်ပွင့်ချိန်ရောက်တိုင်း စိတ်ဂယောက်ဂယက်ဖြစ်တဲ့ ကာလကိုလဲ ကျော်လွန်ဖြတ်သန်းနိုင်ခဲ့ပါပြီ။
သွားလေသူ ကိုထက်အတွက်လဲ ကောင်းမူ့ကုသိုလ်တွေလုပ်တိုင်း အမျှပေးဝေနိုင်ခဲ့ပါပြီ။
ပိတောက်ပွင့်ချိန်ရောက်တိုင်း ကိုထက် ကိုသတိရမိတာကတော့ အမှန်ပါဘဲ။
ဒါပေမယ့် ကုန်လွန်ခဲ့သောအချိန်ကလို ပိတောက်ပန်းတွေ ကိုတော့ လိုက်ဝေ မပေးတော့ပါဘူး ။
ဟော သတိတွေရပါတယ်ဆိုမှ ဘယ်က ဖွင့်နေမှန်းမသိတဲ့သီချင်းသံလေးက ဝေ့နားထဲရောက်လာပါတယ်။
ဒီအချိန်ရောက်တိုင်းလေ……………………..တဲ့။
ဟုတ်ပါတယ် ပိတောက်ပွင့် တဲ့ ဒီအချိန်ရောက်တိုင်း ချစ်ခဲ့တဲ့ ကိုထက် ကို လွမ်းနေ သတိရနေတာ
ရင်နဲ့အမျှပါဘဲ။
သွားလေသူကိုထက် ကိုရည်စူးလို့ ဝေလုပ်သမျှကုသိုလ်တွေလဲ ကိုထက်ရစေဘို့
အမြဲအမျှအတန်း ပေးဝေနေပါတယ်။
အော်……………..ဒီအချိန်ရောက်တိုင်း ပိတောက်ပန်းတွေမြင်တိုင်း ရင်ထဲမှာတော့ ဆို့နင့်ကြေကွဲမိတာ
အမှန်ပါဘဲ …………………………………………………………..
ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး
12-4-2013
16 comments
Hnin Hnin
April 13, 2013 at 10:46 am
အိမ်ရှေ့မဏ္ဍပ်က ရေလွှတ်သံတွေကို ကလိကလိ သည်းခံရင်း ဖတ်သွားလိုက်တာ..
ပိတောက်ပန်းပုံလေးတွေပါ ပါမလားလို့…သင်္ကြန်ဇာတ်လမ်းတော့ မရှိပါဘူး..
ဒီနှစ်သင်္ကြန်က အိမ်စောင့်သူဘဝနဲ့ပဲ ပြီးရတော့မှာ..
ဦးကြောင်ကြီး
April 13, 2013 at 9:32 pm
ဦးကြောင်ကြီးကလွဲ ဘယ်သူကိုမှ စိတ်မဝင်စားပါနဲ့လား နှင်းဂလေးရယ်….။
ကိုပေါက်(မန္တလေး)
April 13, 2013 at 10:01 pm
စိတ်ချပါတဲ့ ဥကျောင်က လွဲလို့ ဘယ်သူ့မှစိတ်မဝင်စားဘာဒဲ့။
သွားလေသူ ဥကျောင်ကိုဘဲ သတိရနေမှာပါဒဲ့
Hnin Hnin
April 14, 2013 at 10:34 am
အခုစိတ်ဝင်စားနေတာကတော့ အိမ်ရှေ့မဏ္ဍပ်က စတုဒီသာ မုန့်လုံးရေပေါ်ပါ..
အိမ်ရာက ရေကစားဖို့ လည်ဆွဲကတ် လာပေးထားလို့ နောက်ဆုံးရက်တော့
မဏ္ဍပ်မှာ ကဲမလားလို့ ကြံနေပါတယ်…
အဲ့တာ ကိုကြောင် စိတ်ဝင်စားရင် ရေအတူ လာပက်ပါလို့ မရဘဲ လည်ဆွဲယူသုံးပြီး
တစ်ယောက်ထဲ ပက်လို့ရပါတယ်….
ကိုပေါက်(မန္တလေး)
April 13, 2013 at 9:33 pm
မနှင်းရေ ကျနော်က ပိုစ်သတ်သတ်ရေးရင် ပုံထည့်လေ့မရှိပါဘူး။
နောက်တစ်ချက် မန်းလေးမှာဒီနေ့ထိ ပိတောက်မပွင့်သေးဘူး။
မဟာသင်္ကြန်အကြိုနေ့ပုံလေးတွေတင်ပေးလိုက်ပါမယ်။
Hnin Hnin
April 14, 2013 at 10:21 am
ဒီနှစ် ပိတောက်ပန်းလက်ဆောင် မရလို့ ပိတောက်ပုံလေးတွေပါ ကြည့်ချင်သွားလို့ပါ
လေးပေါက်ရေ…ပုံတင်ပေးမယ်ဆိုလို့ ကျေးဇူးပါ..
မန်းသင်္ကြန်ကတော့ ကြုံခဲ့ပေမယ့် အချိန်မရ၊ကားကြပ်တာနဲ့ မလည်ခဲ့ရဘူး…
မနေ့ကတောင် မန္တလေးမှာ သင်္ကြန်အကြိုနေ့မတိုင်ခင် ဘုရားကြီးနဲ့မန်းတောင်ခြေ
ဘိုးဘိုးကြီးမှာ ကားတွေ စီတန်းပြီး ဦးတိုက်တာ ကြည့်လိုက်ရသေးတယ်…
သင်္ကြန်တွင်း ဘေးအန္တရယ်ကင်းကင်းနဲ့ပျော်နိုင်အောင်လို့ပါတဲ့..ကားခေါင်းပေါ်တင် ဦးတိုက်မယ့် ငှက်ပျောသီး ၃ဖီး၊ အုန်းစိမ်းတစ်လုံး၊ သပြေခက် နည်းနည်းကျဲကျဲပါ (ရောင်းသူကတော့ စံပယ်ပန်း၊ပန်းအစုံ ထည့်တယ်ပြောပေမယ့်) ကန်တော့ပွဲတစ်ပွဲကို
၃၀၀ဝ ကျပ်ပါတဲ့( ကော်မရှင် မရပါဘူး ) …ဘာမှ မပါဘဲ ဦးတိုက်လည်း ရပါတယ်..ပန်းသက်သက်နဲ့ပဲ ဦးတိုက်လည်း ရပါတယ်…လာ..လာမေးကြလို့
ရောင်းသူက လုပ်ဖြစ်သွားတာပါတဲ့…အခုမှ သိရတဲ့ ဓလေ့တစ်ခုပါ…
ရွှေ ကြည်
April 13, 2013 at 11:14 am
လေးပေါက်ရေ ပိတောက်ကိုကြိုက်တာတော့လေးပေါက် ဇာတ်လမ်းထဲကဝေအတိုင်းပါပဲ။ အမေ့ရွာမှာငယ်တုန်းကသင်္ကြန်ကျပါတယ် ရွာထိပ်က အိမ်တအိမ်မှာ ပိတောက်ပင်ရှိပါတယ်ဆွေမျိုး ၃ ဝမ်းကွဲလောက်တော်တဲ့အိမ်မှာပါ ခြံစပ်မှာဆိုတော့ ပွင့်ရင် အနီးအနားကလူတွေအကုန်လာခူးကြတာပဲ
ရွှေကြည်က တံချူနဲ့ ပန်းသိပ်မခူးတတ် အဲ့တော့ ပန်းကသိပ်မရ အဲဒါကိုသိတဲ့ အဲဒိအိမ်က သားငယ် ရွှေကြည်မောင်ဝမ်းကွဲက အိမ်ဝန်းတံခါးပိတ်ပြီး ငါ့အစ်မ အိမ်ထဲကခူး စိတ်ကြိုက်ခူးဆိုပြီး တယောက်တည်း ခူးတာ သူကလည်းအပင်ပေါ်တက်ပြီးအကိုင်းလိုက်ချိုင်ချပေး စိတ်ကြိုက်ခူးပြီး အိမ်အောက်ကေကျောက်စည်အဖုံးပေါ်တင် ဘုရားကပ်ဖို့လုပ် ပြီးရင် ဝေခြမ်းရေးစတော့တာ အဖွားဝမ်းကွဲတွေအိမ်တွေလိုက်ဝေ ပျားတွေကလည်းအုံလာတာပဲ မွှေးအီနေလို့လေ ကိုယ်တိုင်လည်းပန် အဲလိုလောဘကြီးတာ..။
လေးပေါက် ဝတ္ထုလေးအတွက်ကျေးဇူးတင်ပါတယ် သင်္ကြန်ကိုလွမ်းနေတဲ့ရွှေကြည်တော့ သင်္ကြန်သီချင်းနားထောင် အခု သင်္ကြန်ဇာတ်လမ်းလေးကိုဖတ်ရင်းအလွမ်းဖြေနေပါတယ်။
ကိုပေါက်(မန္တလေး)
April 13, 2013 at 9:37 pm
ရွှေကြည်ရေ ဒီနှစ်မန်းလေးမှာပိတောက်အပွင့်နောက်ကျတယ်။
2000ခုနှစ်လောက်ထိနေခဲ့တဲ့မြို့သစ်က ခြံကြီးထဲမှာ ပိတောက်ပင်တွေရှိတယ်လေ။
ပိတောက်ပွင့်ရင် မိတ်ဆွေတွေအိမ်ကို လိုက်ဝေတာကို သတိရမိရင်း ဒီဇာတ်လမ်းလေးဖြစ်သွားတာပါ။
P chogyi
April 13, 2013 at 12:30 pm
ကိုပေါက်ဗျာ
သင်္ကြန်ဆို ပျော်ချင်တာ
အလွမ်းတွေလာရေးပြနေတယ် လူဆိုး။
ကိုပေါက်(မန္တလေး)
April 13, 2013 at 9:38 pm
ကိုချိုပျော်ရစေမယ့်
မနက်အိမ်ယာထရင် ရွာထဲဝင်လိုက်တော့ သင်္ကြန်မဏ္ဍပ်မှာပျော်နေတာတွေ မြင်ရမယ်။
Fall Guy
April 14, 2013 at 12:52 am
ကိုပေါက်ရေ
လွမ်းစရာကောင်း အောင် ရေးထားနိင်တယ်။
ဒီနှစ်ပိတောက်တွေတော့မတွေ့သေးဘူး….။
ကပ္ပိယ မောင်ကြီး
April 16, 2013 at 2:59 pm
ဝေလဲမွှေး ကြွေလဲမွှေးတဲ့ သင်္ကြန်ရိုးရာ ရွှေပိတောက်တွေ မဝေ
ကိုပေါက်(မန္တလေး)
April 16, 2013 at 9:54 pm
နက်ဖြန်ဆိုရင်တော့ သေချာပေါက်ပွင့်ပြီထင်တာဘဲနော်
မောင် ပေ
April 17, 2013 at 2:05 pm
ဝေပြန်ပေါ့
ဖေကြံဆော့
ရေခံမော့
လေသံလျှော့
ငွေဖန်လော့
ကိုပေါက်(မန္တလေး)
April 19, 2013 at 1:13 pm
19-4-2013 ပိတောက်ပွင့်လို့ တင်လိုက်ပြီနော်
မယ်ဘုတ်
April 19, 2013 at 2:08 pm
ကြည်ပြီးပါပီ ခင်ည ..