“ကောင်းကင်အပေါက်နဲ့ မိုးခေါင်ရေရှားရပ်ဝန်း”
“မာလူးဟန်က ပြောခဲ့တယ် ရေကို ဘယ်သူ စတွေ့ရှိခဲ့လဲဆိုတာ မသိပေမယ့်
သေချာတာက ရေကို စတင်တွေ့ရှိသူဟာ ငါးတော့ မဖြစ်နိုင်ဘူးတဲ့”
ပရော်ဖက်ဆာကြီးစကားဆုံးတော့ ဂျက်တစ်ယောက် ငူငူကြီးထိုင်နေလိုက်တယ်။ ပရော်ဖက်ဆာကြီးက ဆက်ပြောတယ်။
“အချိန်ဆိုတာ လူတွေဘယ်တော့မှ လိုက်မမှီတဲ့ နောက်ဆုံး ဒိုင်မန်းရှင်းပဲကွ
ရုပ်ရှင်တစ်ကားဟာ တစ်စက္ကန့်ကို ဖရိန် သုံးဆယ်လောက်ပြလိုက်ရင်
အရည်အသွေးမြင့်တဲ့ ဇာတ်ကားတစ်ခုကို လူတွေဟာ မြင်ကြရပြီ
တကယ်တော့ ငါတို့လိုက်မမှီတဲ့ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်း သန်းနဲ့ချီ ပြောင်းလဲနေကြတာ
မင်းတို့ ငါတို့ လူတွေ မသိလိုက်တဲ့ ပြောင်းလဲခြင်းတွေပေါ့”
ပရော်ဖက်ဆာစကားကို ဂျက်တစ်ယောက်သေချာ နားထောင်ပြီး အဲဒီညက ပြန်လာခဲ့တယ်။
“အလင်းနှစ်တွေ …
အလင်းနှစ်တွေ …
တကယ်မရှိတော့တဲ့ ကြယ်တွေကို ငါတို့ မြင်နေရတာကိုက
သဘာဝတရားကြီးရဲ့ မျက်လှည့်တစ်ခုပဲ” လို့ ဂျက်က တစ်ကိုယ်တည်း ရေရွတ်လိုက်တယ်။
…………………………………………………………………………………………………
ဂျက်ဟာ အနုပညာနှင့် သိပ္ပံနည်းပညာပေါင်းစပ်၍ နိုဘယ်လ်ဆုလည်း ရခဲ့ဖူးတယ်။ အတွေးအခေါ် အကောင်းဆုံး ဆုကိုလည်း ရခဲ့ဖူးတယ်။ ဒါ့အပြင် အရောင်းရဆုံး ဝတ္ထုများ စာအုပ်များ စာရင်းမှာ ဂျက်ရဲ့ စာအုပ်တွေက ထိပ်ဆုံးက။ ပရိတ်သတ်ပေါင်း သန်းနဲ့ချီ အားပေးခဲ့ကြတဲ့ လူတစ်ယောက်။ ခုတော့ ဂျက်က လူသူမနီးတဲ့ တောလေးတစ်ခုမှာ အေးဆေးစွာနေသူ တစ်ယောက်ဖြစ်ခဲ့ပြီ။ သူ့မှာ ပတ်ဝန်းကျင်မရှိတော့။ တစ်ခါက သူ့ကို ပေါင်းခဲ့ကြတဲ့ အပေါင်းအသင်းများကလည်း သူ့ကို မပေါင်းကြတော့။ အားပေးခဲ့ကြတဲ့ သူ့ပရိတ်သတ်တော်တော်များများကလည်း သူ့ကို မေ့လုနီးနီး။ ဂျက်ကတော့ အားလုံးကို စွန့်ခွာလိုက်ခဲ့ပြီ။ ဘာကိုမျှ ယူကြုံးမရ ဖြစ်မနေတော့။ ခုဆို သူက ခွင့်လွတ်ခြင်းနဲ့ စွန့်လွတ်ခြင်းများကို အနည်းငယ် ရိပ်စားမိလာခဲ့ပြီ။
……………………………………………………………………………………………….
ဒီနေ့ ပရော်ဖက်ဆာကြီးရဲ့ ဂူထဲသို့ ဂျက်ရောက်တော့ ပရော်ဖက်ဆာကြီးက တရားထိုင်နေတာကို တွေ့လိုက်ရတယ်။ ဂျက်ကတော့ ပရော်ဖက်ဆာကြီး တရားထိုင်နေတာကို မသိပေမယ့် သူ့ကို ကြည့်ရတာ ငြိမ်းအေးလိုက်တာလို့ တွေးရင်း စကားမပြောဘဲ တိတ်ဆိတ်စွာ နေလိုက်တယ်။ ဂူနံရံပေါ်မှာ သူမသိတဲ့ ဘာသာစကားတွေနဲ့ စာတွေရေးထားတာကို ဂျက်က ထူးဆန်းစွာကြည့်ရင်း ဆိတ်ငြိမ်နေခဲ့တယ်။ နံရံအချို့မှာတော့ ရုပ်ပုံတွေ ရေးဆွဲထားတယ်။ ငှက်လိုလို လူလိုလို သတ္တဝါများနဲ့ ငါးတစ်ကောင်က အတောင်ပံတစ်စုံနဲ့ ကောင်းကင်မှာ ပျံသန်းနေပုံများ။ ဂျက် စိတ်ဝင်စားစွာ ထိုပုံများကို ကြည့်မိရင်းက တစ်ပုံကတော့ သူ့အတွက် စိတ်ဝင်စားဖို့ကောင်းသွားတယ်။
“အို … ဒီပုံက”
သူလွတ်ကနဲ အသံထွက်သွားပြီးမှ ပရော်ဖက်ဆာကြီးကို အနှောက်အယှက်ဖြစ်သွားမှာ စိုးသဖြင့် သူ့ပါးစပ်သူ ပိတ်လိုက်ရတယ်။ ထိုပုံက ဆင်တစ်ကောင်၏ ပုံကို ဆွဲထားခြင်းဖြစ်တယ်။ သို့သော် ထိုဆင်က သူတွေ့ဖူးတဲ့ ဆင်လိုမျိုးမဟုတ်ပြန်။
“နှာမောင်းမှာ လူတစ်ယောက်ရဲ့ ……… လူတစ်ယောက်ရဲ့ ………….. လောဘ… လောဘ … ဟုတ်တယ် .. ဒါ လူတွေရဲ့ လောဘကို ဖေါ်ညွှန်းထားတာပဲ …”
သူတစ်ကိုယ်တည်း တွေးရင်း ထိုပုံကို လေ့လာကြည့်ပြန်တော့။
“ဟင် … မျက်လုံးဟာ ဆင်မျက်လုံးဟာ ……………. မျက်လုံးမဟုတ်ပါလား… ဒါ.. ဒါ….က ….. အတ္တ … လူတွေရဲ့ အတ္တပါလား …..”
ဂျက် ရင်တွေ တဒုန်းဒုန်း ခုန်လာသလို။ ထပ်၍ ကြည့်မိပြန်တော့ ထိုပုံဟာ လှုပ်ရှားလာသလို။
“အို … ဆင်ဟာ လှုပ်ရှားလာသလား …. ဟင် … ဆင် .. ဆင်ဟာ ငါ့ကို ကြည့်နေတာလား ….
သူကြည့်နေတာက …သူ… သူ့အတ္တနဲ့ ငါ့ကို ကြည့်နေတယ် …. ကြည့်စမ်း ….
ဟင် .. နှာမောင်း … ငါ့ကို ရိုက်တော့မယ် ရိုက် .. ရိုက်တော့မယ်” ဆိုပြီး ဂျက်လှန့်ကာ နောက်ကို ဆုတ်လိုက်တယ်။
“ဂျက် …… မင်းရောက်လာပြီလား ……”
ဂျက် ဇောချွေးတို့ပြန်လာကာ မောနေတဲ့ အသံဖြင့် ဖြေလိုက်တယ်။
“ဟုတ် … ကျွန်တော်ရောက်တာ .. ကြာပြီ”
“အင်း … မင်း ဒီပုံကို စိတ်ဝင်စားနေပြီလား …”
“ဗျာ …. ဒါ.. ဒါဟာ ပုံတစ်ခုပဲလား… ပုံတစ်ခု .. ပုံတစ်ခုတော့ မဟုတ်နိုင်ဘူး”
“အင်း … မင်းထင်လို့ပါ … ဒါက ပုံတစ်ခုပါ”
“ဒါပေမယ့် … ဒီပုံက …”
ဂျက် ဘာဆက်ပြောရမလဲဆိုတာ စကားရှာမရ။ နှစ်ဦးသား တိတ်ဆိတ်သွားပြန်တယ်။
“ဂျက် .. ဒီပုံဟာ ပုံတစ်ပုံပါပဲကွာ … ထူးခြားနေတာက ဒီပုံဟာ လက်နဲ့ ဆွဲခဲ့တာ မဟုတ်ဘူး …”
“ဟင် … လက်နဲ့ ဆွဲတာ မဟုတ်ရင် ..”
ဂျက် အံဩတုန်လှုပ်သွားရတယ်။
“ဟုတ်တယ် … ဂျက် .. ဒီပုံဟာ လက်နဲ့ဆွဲတာ မဟုတ်ဘူး … မသိစိတ်ရဲ့ လျင်မြန်မှုနှုန်းနဲ့ အနုပညာကို ပေါင်းစပ်လိုက်တော့ မင်းတို့ ငါတို့ မမြင်လိုက်ရတဲ့ ခံစားမှုအစွန်အဖျားတွေနဲ့ ဆွဲခဲ့တာ ..”
“အို … အနုပညာ … ခံစားမှုအစွန်အဖျားတွေနဲ့ ဆွဲခဲ့တဲ့ အနုပညာ …”
ဂျက် အသိစိတ်တို့က တစ်နေရာ တစ်ချိန်တစ်ခါဆီ လွှင့်သွားတယ်။
………………………………………………………………………………………….
လက်ခုပ်သံတွေနဲ့ ပရိတ်သတ်ပေါင်းသိန်းချီ တက်ကြတဲ့ ပွဲတစ်ခု။ ဂျက်ရဲ့ ကဗျာရွတ်ပွဲကြီးတစ်ခု။ သူက စင်ပေါ်တစ်နေရာဆီက သူ့ကဗျာတစ်ပုဒ်ကို စတင်ရွတ်လိုက်တယ်။ ပရိတ်သတ်အားလုံးဟာ သူ့ကဗျာမှာ ငြိမ်ကျသွားတယ်။ ခံစားသူ ခံစား။ လွှင့်မျှောသူ လွှင့်မျှော။
“တစ်ခါသုံး စိတ်ဓါတ်နဲ့
စေတနာတွေ ခင်ဗျားတို့ ထားလိုက်ကြဦး
ဝေဒနာ အိပ်ယာခင်းအောက်
တစ်ခန်းရပ် ဘဝတစ်ခုက
……………………..”
သူ့ကဗျာ ရွတ်တဲ့ သူ့အသံနေ အသံထားတို့က ဘယ်သူနဲ့ မတူဘဲ ပရိတ်သတ်ကို စွဲလန်းခဲ့စေတယ်။
“သူငယ်တန်း ဦးနှောက်နဲ့
ဘဝ ………..
ခေါက်ရိုးရာ ဖြေဖို့ ….
မေတ္တာတရားကို
ရွာရိုးကိုးပေါက်အနှံ့လိုက်လို့ ………ရှာ ……”
သူက အသံကို နှိမ့်၍ တစ်ခါ .. မြင့်၍ တစ်လှည့် တုန်၍ တစ်ခါ .. ငြိမ်၍ တစ်လှည့် အမျိုးမျိုး ရွတ်ပြနိုင်ခဲ့တယ်။ ပရိတ်သတ်မှာ သူ့ကဗျာကို ခံစား၊ သူ့အသံကို နားထောင်ရင်း မေ့လဲသူ၊ မခံစားနိုင်သူတို့က ပွဲအတွင်းမှာပင် သေဆုံးခဲ့သူများလည်း ရှိခဲ့တယ်။
ဂျက်။ သူဟာ အနုပညာရှင်အဖြစ် ကမာ္ဘလွှမ်းခဲ့သူ တစ်ယောက်။
………………………………………………………………………………………………….
ဂျက်က ပရော်ဖက်ဆာပြောသလို စိတ်ရဲ့ လမ်းကြောင်း၊ စိတ်ရဲ့ ဖြစ်တည်မှု၊ ပျက်ဆီးမှုတို့ကို ထိုင်ရင်း မှတ်ရင်းက သူ့စိတ်တို့မှာ လိုက်မမှတ်နိုင်။ သူစိတ်တွေဟာ လိုက်လံကြည့်ရှုရင်းက လှိုင်းတွေ ဘောင်ဘင်ခတ်သလို။
“အို… လှိုင်းတွေ …. ဟင် .. မဟုတ်ဘူး .. ဒါဟာ မုန်တိုင်း …
ဟာ မဟုတ်သေးဘူး .. ဒါဟာ ပင်လယ်ပြင်ကြီး မတ်တပ်ထလာတာ ….. ဟုတ်တယ် … အား …..”
ဂျက် အလှန့်တကြားအော်လိုက်ပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်ချိန်တွင် မြင်ကွင်းဟာ ထူးဆန်းလွန်းနေခဲ့တယ်။ သူရှေ့က နံရံများဟာ နံရံတွေ မဟုတ်တော့။ အေးချမ်းလွန်းတဲ့ နေရာဒေသတစ်ခု ဖြစ်နေတယ်။ သူ့ဘေးမှာ ထိုင်နေသူတဲ့ ပရော်ဖက်ဆာကြီးက တိမ်စိုင်တွေကြားမှာ အေးဆေးစွာ ထိုင်လို့နေတယ်။ သူကတော့ မီးလျံများကြားမှာ။
“ဂျက် …မီးဆိုတာ ပူတယ်မလား .. ဒါပေမယ့် အပူနဲ့ အအေးဟာ နီးနီးလေးပါကွာ …
ကမာ္ဘကြီးက လုံးနေတယ်လေ ….”
“ဗျာ … ဘာ … ဘာကြောင့်လဲဟင်”
“ဒီလိုလေ …..မင်းနဲ့ ငါ ခု ကျောခိုင်းရပ်နေမယ် ဆိုပါတော့ …. မင်းက ငါ့ကို ကျောခိုင်းပြီး ရှေ့ကို သွား.. တည့်တည့်ကို သာ သွား …ကမာ္ဘကြီးက လုံးနေတော့ .. တစ်ရက် …. မင်းငါ့ဆီ ပြန်ရောက်လာမှာပဲ မဟုတ်လား ….”
ဂျက်ဘာမှ ပြန်မပြောနိုင်။ ဒါဟုတ်နေတာပဲလို့သာ သူက တွေးလိုက်တယ်။
“အေး … မင်းဟာ ငြိမ်းချမ်းမှုကို ကျောခိုင်းပြီး လိုက်ရှာနေရင်တော့
ကမာ္ဘကို တစ်ပတ်ပတ်သလို ရှာနေရမယ်
နောက်ကို ပြန်လှည့်လိုက်ရင် တွေ့ရမယ် ငြိမ်းချမ်းခြင်းကို
ဘာလို့ ကျောခိုင်း လိုက်ရှာနေမလဲ ဂျက် …”
ဂျက် နားလည်သလိုရှိသွားတယ်။
“ဟုတ်တယ် … ကျွန်တော်ဟာ ငြိမ်းချမ်းမှုကို ကျောခိုင်းပြီး လိုက်ရှာခဲ့တာပဲ”
………………………………………………………………………………………………
ဂျက်ရဲ့ နောက်ဆုံးရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ဖြစ်တယ်။ ထိုကဗျာကို ရေးပြီးတော့ ဂျက်ကို လူတွေက၊ အနုပညာအသိုင်းအဝိုင်းက၊ ပရိတ်သတ်က ရှုံ့ချအပြစ်တင် ဝေဖန်ခဲ့ကြတယ်။ နောက်ဆုံး ဂျက်ဟာ အားလုံးနဲ့ ဝေးရာကို ထွက်ပြေးခဲ့ရတယ်။ သူရေးခဲ့တဲ့ ကဗျာရဲ့ ခေါင်းစဉ်က “စကားလုံးတွေ များလွန်းတဲ့ ကဗျာ” တဲ့။ သူထိုကဗျာကို ရေးပြီး ကမာ္ဘတစ်ဝှမ်းလုံးရဲ့ အနုပညာ မဂ္ဂဇင်းကြီးတွေက ဖေါ်ပြခဲ့ပြီးတော့ အားလုံးဟာ သူ့ကို ငြင်းပယ်လိုက်ကြတယ်။
ဂျက် ဘာကိုမှ မစဉ်းစားချင်တော့ပေမယ့် သူချစ်ရတဲ့ အနုပညာကြီးကို စွဲလန်းနေခဲ့တယ်။ အမှန်တရား။ အမှန်တရားပေါင်းများစွာ။ ပျောက်ဆုံးဖုံးကွယ်နေခဲ့တဲ့ အမှန်တရားများရဲ့ နောက်ကွယ်က သူ့ကဗျာ ….။ သူက ယူကြုံးမရမဖြစ်တော့ပေမယ့် သူသွားရမယ့် ခရီးအတွက် ခရီးမထွက်ခင် နောက်ဆုံးရေးခဲ့တဲ့ သူ့ကဗျာကိုတော့ ပြန်တွေးမိနေဆဲ။
ဒါပေမယ့် ထိုကဗျာကြောင့်ပဲ သူ့ကို လူတွေက လူ့အခွင့်အရေးကို ချိုးဖေါက်သူဟု ကဲ့ရဲ့ခဲ့ကြတယ်။ အချို့ မဂ္ဂဇင်းတွေက အနုပညာခုတုန်းလုပ်တဲ့ လူလိမ်ဟု ကြမ်းကြမ်းတမ်းတမ်း ခေါင်းစဉ်တပ်ခဲ့ကြတယ်။ အချို့ကဆို ကမာ္ဘ့အကြီးဆုံး အနုပညာရန်သူတဲ့။ ဂျက် ခေါင်းကို ခါရမ်းလိုက်တယ်။ သူဆက် မတွေးချင်တော့။ သူရေးခဲ့တဲ့ နောက်ဆုံးကဗျာကို ဂူရဲ့ နံရံမှာ မသိစိတ်ရဲ့ လျင်မြန်နှုန်းနဲ့ စိတ်ရဲ့ ဘာသာစကားကို ပေါင်းစပ်ပြီး ရေးလိုက်တယ်။ ပန်းချီးကားကြီးတစ်ခု နံရံပေါ်မှာ ပေါ်လာတယ်။
ကောင်းကင်အပေါက်ကြီးအောက်မှာ မိုးခေါင်ရေရှားဖြစ်နေတဲ့ ကမာ္ဘကြီးတစ်ခုရဲ့ ပုံပေါ်လာတယ်။ ဂျက်က ငြိမ်းချမ်းစွာ ပြုံးလိုက်တယ်။ နောက်ဆုံး သူရေးခဲ့တဲ့ ကဗျာထက် များစွာ သာလွန်နေကြောင်းကိုပါ သူတွေ့လိုက်ရပေမယ့် သူ့အနုပညာအပေါ် သူက မစွဲလန်းတော့။
ဂျက်ရဲ့ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ ဖြစ်တယ်။
စကားလုံးတွေ များလွန်းတဲ့ ကဗျာ
“……………………………………………..
…………………
……………………………………..
လူတွေ
………….
…………………………..
လူ
……………………………………..
တွေ ………………..
……………………………………………………”
ရင်နင့်အောင်
One comment
S@i S@i Fin K@i
April 23, 2013 at 1:49 pm
Bravo ဗျို့ ..
ဘာရယ်မဟုတ် ငါတရားစီရင်တော်မူခဏ်းထဲက ဟိုစာသားသွားသတိရရဲ့
မီးများနဲ့ကင်းဝေးရာ ငါမီးထွန်းပြီးတော့ လိုက်ရှာ .. ဆိုလား
ဒီရွာထဲမတော့ ကိုယ့်ဆြာနဲ့ အလက်ဆင်းတို့က ဆြာရွှေဘုန်း ကို သတိရအောင်
သိပ်သိပ်လုပ်ကြတော့ သကိုးးး..