ရွှေလီသို့ အလည်တစ်ခေါက် (၃)
(၁၃-၄-၂၀၁၃)ရက်နေ့ မနက် (၆) နာရီ ဟိုတယ်ကနေ ထွက်ခဲ့ကြပါတယ်။ မနက်စာကို မေမြို့ရောက်တိုင်း စားနေကျဖြစ်တဲ့ လှိုင်းလက်ဖက်ရည်ဆိုင်မှာ စားချင်လို့ ဆိုင်ပျောက်ရှာခဲ့ရသေးတယ်။ အရင်ရှိတဲ့နေရာမဟုတ်တော့ပဲ လိပ်စာပြောင်းသွားတဲ့အတွက် ဟိုမေး ဒီမေးနဲ့ နောက်ဆုံးတော့ တွေ့သွားပါတယ်။ လမ်းသွယ်တစ်ခုထဲကို ပြောင်းသွားတာဖြစ်ပါတယ်။ ကျွန်မကို လိပ်စာမေးရင်တော့ မပြောတတ်ပေမယ့် လိုက်ပို့ဆိုရင်တော့ ပို့ပေးတတ်ပါတယ်။
မေမြို့မှာနွားနို့ပေါတဲ့အတွက် မနက်စာ နံပြား မလိုင်က အရမ်းအရသာရှိပါတယ်။ မေမြို့ကော်ဖီကလဲ မွှေးမွှေးစိမ့်စိမ့်လေးနဲ့ သောက်လို့ကောင်းတယ်။ မနက်စာစားပြီးနောက် မြို့ပြင်ထွက်တဲ့လမ်းပေါ်မှာတည်ရှိတဲ့ မဟာအံ့ထူးကံသာဘုရား (ပြည်ချစ်ဘုရား) ဝင်ဖူးကြပါတယ်။ မနက်စောစော ဘုရားဖူးရတာ ကြည်နူးစရာကောင်းပါတယ်။ အေးမြတဲ့ရာသီဥတုနဲ့ လှပတဲ့ရှုခင်းတွေက ဘယ်နှစ်ကြိမ်သွားသွား မရိုးနိုင်အောင်ပါပဲ …
ဘုရားဖူးပြီးနောက် ဆီဆိုင်တစ်ဆိုင်မှာ ဆီဝင်ထည့်ပြီး ခရီးဆက်ကြတယ်။ ဓါတ်ဆီ 92 ဘယ်လောက်ကုန်သလဲဆိုတော့ ရန်ကုန်ကနေ မေမြို့အထိ တစ်ဂါလံကို မိုင် ၆ဝ နှုန်းလောက်ပဲ ကုန်ခဲ့ပါတယ်။ ဆီစားတော်တော်သက်သာလို့ မေမြို့- မူဆယ် မိုင် ၂၄ဝ မှာ သိပ်ကုန်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ တကယ်တမ်းကျတော့ တောင်တက်လမ်းများတဲ့ မူဆယ်လမ်းမှာ တစ်ဂါလံကို မိုင် ၄ဝ နှုန်းလောက်တောင် မရချင်ခဲ့ဘူး။ အော်တိုဂီယာရဲ့ အားနည်းချက်က တောင်တက်လမ်းတွေမှာ မောင်းတဲ့သူစိတ်တိုင်းကျ မောင်းလို့မရပါဘူး။
မေမြို့ နောင်ချိုလမ်းကတော့ ကျွန်မရောက်ဖူးတဲ့ မြန်မာပြည်ခရီးစဉ်တွေထဲမှာ အလှဆုံး တောင်တက်လမ်းလို့ ထင်ပါတယ်။ ဆိုးဝါးတာကတော့ ဆိုင်ကယ်တွေပါပဲ။ မကြောက်မလန့် ဝေါကနဲ ဝေါကနဲမောင်းနေတဲ့ ဆိုင်ကယ်တွေကို မြင်ရတာ အသဲယားစရာကောင်းပါတယ်။ မြို့ကွက်တွေကို အပေါ်စီးကနေ လှမ်းမြင်လိုက် ပျောက်သွားလိုက် မြို့ထဲရောက်သွားလိုက် တစ်ခါပြန်ပြီး တောင်ပေါ်ပြန်ရောက်လိုက်နဲ့ မြွှေလိမ်မြွေကောက်လမ်းကို သွားနေရသလိုပါပဲ။ တောင်တက်လမ်းမှာတောင် အဲယားကွန်းပိတ်စရာမလိုတဲ့ ဟွန်ဒါအင်ဂျင်ကိုတော့ ချီးကျူးချင်တယ်။ တောင်တက်လမ်း အမြင့်ဆုံးနေရာမှာ ရှုခင်းပြန်ကြည့်လေ့ရှိကြတယ်။ ဓါတ်ပုံရိုက်ခဲ့ပေမယ့် ခပ်ဝါးဝါးဖြစ်နေတယ်။ ရာသီဥတုကလဲ မြူဆိုင်းနေလို့ပါ။
နောင်ချိုပြီးရင် ကျောက်မဲမြို့၊ သီပေါမြို့၊ လားရှိုးမြို့ အစဉ်အတိုင်း ဖြတ်သွားရပါတယ်။ ကျောက်မဲမြို့ကတော့ မြို့ပြင်လမ်းကနေ ဖြတ်သွားရတာမို့လို့ မြို့ထဲသွားချင်ရင် သီးသန့်လမ်းခွဲကနေ သွားရတယ်။ ဘာမှလည်စရာမရှိဘူးလို့ သိထားခဲ့လို့ မဝင်ခဲ့လိုက်ဘူး။ သီပေါရောက်တဲ့အခါမှာတော့ နံမည်ကြီး ဘော်ကြို မုဌောဘုရားကို ဝင်ရောက်ဖူးမျှော်ကြပါတယ်။ ဘုရားလဲဖူးရင်း၊ အပေါ့အပါးလဲသွားရင်း၊ ကားလဲခဏနားရင်းနဲ့ပေါ့။
အခုတစ်ခေါက်က ကျွန်မအတွက် (၅) ကြိမ်မြောက် ဘော်ကြိုဘုရားဖူးဖြစ်ပါတယ်။ အားလုံးကို မှတ်မိနေပေမယ့် အရောင်တွေပိုတောက်ပြီး ပိုသစ်လွင်လာတာ သတိထားမိပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက ဘုရားပုံစံတွေက တစ်မျိုးထူးခြားပါတယ်။ မူးမျှော်ကြည့်ပါအုန်းနော် …
သီပေါပြီးတော့ လားရှိုးကိုရောက်ပါတယ်။ နေ့လည် ၁၁ နာရီကျော်ပြီမို့လို့ လားရှိုးမှာပဲ ထမင်းစားဖို့ ဆုံးဖြတ်လိုက်တယ်။ လားရှိုးမှာ ရွေးချယ်စရာ ဆိုင်သိပ်မရှိပါဘူး။ အရင်တစ်ခေါက်တုန်းက စားခဲ့တဲ့ မြို့ထဲက မြန်မာထမင်းဆိုင်တစ်ဆိုင်မှာပဲ ဝင်စားလိုက်ကြတယ်။ ထူးထူးခြားခြား မကောင်းလှပေမယ့် စားလို့အဆင်ပြေပါတယ်။ ထမင်းနဲ့ဟင်းတစ်မျိုး အရန်ဟင်းတွေအပါ အဝစား ၂၅၀ဝ ကျပ်ပါ။ (ဆိုင်နံမည် စဉ်းစားမရလို့ သတိရတော့မှ ထပ်ဖြည့်တော့မယ်)။ သင်္ကြန်အကြိုနေ့မို့လို့ မြို့ထဲမှာ စည်ကားနေပါတယ်။ မန်စူဘုရားကို ဖြတ်သွားခဲ့ပေမယ့် အပြန်ကျမှ ဝင်မယ်စိတ်ကူးလိုက်ကြတယ်။
လားရှိုးအထွက်မှာ မိုင်တိုင်ကို ကြည့်လိုက်တော့ မူဆယ်သို့ ၁၀၄ မိုင်တဲ့ …
ဓါတ်ပုံတင်ရတာ မောသွားပြီမို့ အပိုင်း (၃) ခဏနားလိုက်ပါအုန်းမယ် ….
တစ်ရေးအိပ်ပြီးမှ ဆက်သွားကြတာပေါ့နော် …
16 comments
မဟာရာဇာ အံစာတုံး
April 24, 2013 at 3:54 pm
ဘုရားလည်း ဖူးတွားဒယ် …
တောင်တက် တောင်ဆင်း လမ်းတွေကျိဘီးဒေါ့လည်း
ရင်ဒွေ ဘာဒွေ တုန်တွားဒယ် .. ကူ .. ကူ ..
ခုဒေါ့ တလေး အိပ်လိုက်အုံးမယ် …
ခူး … ခလော .. ခူး .. ခေါ .. Zzzz Zzz
weiwei
April 24, 2013 at 3:57 pm
ပထမဆုံးလိုက်လာတဲ့ ခရီးသွားဖော်ကို ကျေးဇူးတင်ပါတယ် …
အများကြီးတစ်ခါထဲ တင်လိုက်ချင်ပေမယ့် ပုံတွေများလို့ ခဏခဏ နားပြီး သွားနေရတယ် …
တစ်နေ့တော့ ရွှေလီရောက်မှာပါ … 🙂
Ma Ei
April 24, 2013 at 4:03 pm
အန်တီအိတို့ OD Tour နဲ့သွားတုံးက ဂုတ်တွင်း အဆင်း၊အတက် အကွေ့တိုင်း
ကားနောက်ပိုင်းနဲ့ တောင်နံရံ တဂျစ်ဂျစ်တိုက်နေလို့ ကြောက်လိုက်ရတာ…
မေးကြည့်တော့ ကားသမားက တောင်ပေါ်လမ်းမမောင်းဖူးဘူးတဲ့…ကားကလဲ ပျက်သေးတယ်…
အပြန်တော့ လားရှိူးကနေ မန္တလေးထိ ဆူပါရုပ် ငှားဆင်းခဲ့တော့တယ်…
မနက် 9 နာရီလောက် ဆင်းလာတာ မန္တလေးဈေးချို ဟိုတယ်ကို ညနေလောက်ရောက်တယ်၊
သူတို့ကားက ညလယ်မှရောက်လာတယ်လေ…အမှတ်တရတွေကိုဖြစ်လို့ရယ်…
weiwei
April 24, 2013 at 7:59 pm
အခုဆိုရင် လမ်းတွေကောင်းသွားလို့ အချိန်သိပ်မကြာတော့ပါဘူး .. ကားသေးနဲ့ဆိုရင် မန္တလေး-မူဆယ် ၁ဝ နာရီလောက်ပဲ ကြာမယ်ထင်ပါတယ် …
၁၉၉၄ တုန်းက သွာခဲ့တုန်းက လားရှိုးမှာ တစ်ညအိပ်ပြီးမှ ဆက်သွားလို့ရပါတယ် ..
လမ်းကြမ်းလို့ ကားစပါယ်ယာတွေက ဆင်းပြီး ဂျိုင်းတုံးခုရတာတောင် ကြုံဖူးတယ် …
Mr. MarGa
April 24, 2013 at 4:58 pm
ဒီတစ်ခါတော့ တစ်ခါမှ မဖူးဘူးတဲ့ ဘော်ကြိုဘုရားကိုအားရပါးရ ဖူးသွားပါတယ်ဗျာ :hee:
ကိုပေါက်(မန္တလေး)
April 24, 2013 at 10:31 pm
မဝေရေ
အားကျတယ်လို့ဘဲ ပြောချင်ပါတယ်။
ကျနော်သွာတုံးက အလုပ်နဲ့သွားတာဆိုတော့ အခုလို ဘုရားတွေဆင်းမဖူးခဲ့ရဘူးဗျ။
မဝေပြောတဲ့ ပြင်ဦးလွင်က လက်ဖက်ရည်ဆိုင်က နေလှိုင်း ဖြစ်မယ်ထင်ပါတယ်။
အရင်က လမ်းမတန်းပေါ်မှာ။
အခုတော့ ပြင်ဦးလွင်ဆွယ်တာနဲ့ မျက်နှာချင်းဆိုင်လမ်းသွယ်ထဲမှာ။
လက်ဖက်ရည်ကောင်းတယ် နံပြားထောပါတ်သုတ် မလိုင်ရွှဲရွှဲဆမ်းပေးတာ ကောင်း၏။
နေလှိုင်း နောက်တစ်ဆိုင်က ဈေးလေးနားက အဝိုင်းပါတ်မှာတစ်ဆိုင်ရှိတယ်။
နောက်ထပ်တစ်ဆိုင်ကတော့ ရေချမ်းအိုး စံပြ ကားဝင်းနားမှာရှိပါတယ်။
မေမြို့ရောက်လို့ တရုပ်ထမင်းဟင်းစားချင်ရင်တော့ United က စားလို့ကောင်းပြီးေ ဈးသက်သာပါတယ်။
မေမြို စိန်ကိတ်မုန့်တိုက်နားက မီးပွိုင့်ရောက်ရင် အရှေ့ တက်တဲ့လမ်းလေးအတိုင်းလာ။
ချပ်ကျောင်းမရောက်ခင်လမ်း ဘယ်ဘက်ခြမ်းမှာရှိပါတယ်။
အစားစုံစုံစားချင်ရင်တော့ ဈေးလေးက နေ တောင်ဘက်နည်းနည်းလေးလာခဲ့ရင် ရွှေပုလဲ ဆိုတဲ့ဆိုင်က အစုံရပါ၏။
TNA
April 25, 2013 at 5:40 pm
လေးပေါက်ရေ စားချင်လာပြီ။ မှတ်ထားပါသည်။ ရွှေပုလဲက ခွေးကြီးလဲလွမ်းပါသည်။
GaviaGirl
April 24, 2013 at 10:33 pm
သီပေါကို အရမ်းရောက်ဖူးချင်တာ.. တောင်တက်လမ်းတွေကလည်း အရမ်းလှတယ်.. ကျေးဇူးအများကြီးတင်ပါတယ်နော်…
weiwei
April 24, 2013 at 11:33 pm
လားရှိုးမှာ စားခဲ့တဲ့ ထမင်းဆိုင်နံမည်ကို စဉ်းစားလို့ရသွားပါပြီ …
ပြည့်လျှံ မြန်မာထမင်းဆိုင် …
ဦးဦးပါလေရာ
April 25, 2013 at 1:47 am
မှန်စီရွှေချ တာ ရဲ့ကောင်းချက်က
အရင်ခေတ်က ရနိုင်တဲ့ပစ္စည်းနည်းလမ်းတွေထဲမှာ
တောက်ပပြောင်လက်ပြီး ရေရှည်ခံတာပါပဲ
ဒီခေတ်တော့ လက်ခ ဈေးသိပ်ကြီးသွားပြီ..
ပိုတွက်ခြေကိုက်တဲ့ နည်းလမ်းတွေပဲ သုံးလာကြတယ်..။
MaMa
April 25, 2013 at 9:30 am
တခါသွားခဲ့ဖူးတုန်းကတော့ မှတ်မှတ်ရရ သိနီ္နထမင်းဆိုင်မှာ အချိုပွဲနာနာသီး ကျွေးတာ ကောင်းလိုက်တာ။
ပြန်ရောက်မှ သိန္နီက နာနတ်သီး နာမည်ကြီးတယ်ဆိုတာ သိရတယ်။
ခရီးသွားရင် အဲလိုလမ်းမှာ ဝင်နားပြီးအေးအေးဆေးဆေး သွားရတာမျိုးကို သဘောကျတယ်။
ကိုယ်တိုင်တော့ သွားလိုက်ရင် သုတ်သုတ်သွား သုတ်သုတ်ပြန်နဲ့ချည်းပဲ။
Foreign Resident
April 25, 2013 at 9:35 am
” ကျွန်မကို လိပ်စာမေးရင်တော့ မပြောတတ်ပေမယ့်
လိုက်ပို့ဆိုရင်တော့ ပို့ပေးတတ်ပါတယ် ”
ပြောပုံကလည်း နောက်တစ်ခါ မေမြို့သွားရင် ၊
မ ဝေဝေ ကိုခေါ်သွားရမလို ဖြစ်နေပြီ ။
” ဓါတ်ဆီ 92 ”
အောက်တိန်း ဆီကို နယ်မှာ နေရာတကာမှာ ၊
လွယ်လွယ် နှင့် ရှာလို့ ရသလား ။ စစ်လား ။
” တစ်ဂါလံကို မိုင် ၆ဝ နှုန်းလောက်ပဲ ကုန်ခဲ့ပါတယ် ”
တော်တော်ကောင်းတဲ့ ဆီစားနှုန်းပဲ ။
ဒါတွေက Hybrid ရဲ့ အားသာချက်ပဲ ။
” တောင်တက်လမ်းမှာတောင် အဲယားကွန်းပိတ်စရာမလိုတဲ့ ဟွန်ဒါအင်ဂျင် ”
နိုင်ငံတကာမှာလဲ Honda က Toyota ထက် ပိုကောင်း / ပိုဈေးကြီးပါတယ် ။
” OD Tour နဲ့သွားတုံးက ကားနောက်ပိုင်းနဲ့ တောင်နံရံ တဂျစ်ဂျစ်တိုက် ”
” ကားသမားက တောင်ပေါ်လမ်းမမောင်းဖူးဘူးတဲ့ ”
ေ–ာက် ကျိုးနဲ ။ နောက်ဆို ဘယ်တော့မှ OD Tour နှင့် မသွားတော့ဘူး ။
New Motion ၊ ဂန္တဝင် ရွှေပုဂံ ၊ နောက် ဘာရှိသေးတုန်း ။
ကထူးဆန်း
April 25, 2013 at 10:08 am
၉၂ ကစစ်ပါလိမ့်မယ် ။ ဆီဆိုင်ကြီးများ ဖြစ်ကုန်ပြီဆိုတော့ အရင်လို ပုံးနဲ့ ရောင်းတာလည်း မဟုတ် တော့ဘဲ ဆီ မကောင်းလို့ ဆိုတာ ရှားသွားပါပြီ ။ ရိုးရိုးဓါတ်ဆီသာ နေရာ တကာ မရတော့တာ ။
weiwei
April 25, 2013 at 12:05 pm
ဆီဆိုင် (ပန့်ဆိုင်)တွေ ဖွင့်ပေးလိုက်တာ အရမ်းအဆင်ပြေသွားပါတယ်။ အရင်တုန်းကဆိုရင် ခရီးသွားချင်ရင် ၆ လ လောက်ကထဲက ကြိုပြီး ဆီတွေစုထားရတယ်။ ဆီပုံးတွေကို ကားပေါ်သယ်သွားရတာနဲ့တင် တခြားပစ္စည်း သိပ်တင်လို့မရဘူး။ လမ်းမှာ မှောင်ခိုရောင်းတဲ့ဆီတွေကလဲ တော်တော်မစစ်လို့ အင်ဂျင်ပြသနာခဏခဏတက်ရတယ် ..
အခု အဲဒီကိစ္စအကုန်အေးပြီမို့ စိတ်ချမ်းသာရပါတယ် ..
KZ
April 25, 2013 at 9:37 am
မဝေရေ။
လားရှိုးက များသောအားဖြင့် ရှမ်းထမင်းဆိုင်လေးတွေ ကောင်းတတ်ပါတယ်။
မရောက်ခင်ဆို ကျောက်မဲ မှာပဲ စားဖြစ်တယ်။
ကျနော် ဘော်ကြိုဘုရားတော့ မရောက်ဖူးလို့ မဝေ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကပဲ ဖူးသွားပါတယ်။
ဘုရားပွဲ ဆို အရမ်းစည်တယ်တဲ့။
:hee:
Novy
April 25, 2013 at 4:41 pm
မဝေရေ. ဝင်ရောက်ဖူမျော်ဖတ်ရှုသွားပါတယ်
လာရှိုးမူဆည်ကို အရမ်းသွားချင်ပါတယ်
အခွင့်မသာလို့မရောက်သေးဘူးဖြစ်နေတယ်