တဲပေါ်မှ တိုက်ပေါ်သို့ တဲ့လား
ညက အတော်မှောင်နေချိန် ၊ ပြည်လမ်းဘက်က ကားသံတွေ မကြားရသလို နာနတ်တောလမ်းမှာလည်း ကားမရှိ ၊
ခဏအကြာမှာ အသိတစ်ယောက် ရောက်လာတယ် ၊ ပြည်လမ်းကို လှည်းတန်းပွိုင့်ကနေ ဟံသာဝတီအထိ ပိတ်ထားသလို နာနတ်တောလမ်းကိုလည်း ပိတ်ထားသတဲ့ ၊
သိပ်မကြာခင် နောက်တစ်ယောက်က ကျွန်းတောလမ်း ကားပွဲစားတန်းဘက်မှာ ရဲကား အချုပ်ကား လူနာတင်ကားတွေ ထိုးထားတယ်ဆိုပဲ ၊ သေချာပြီ ၊ ရပ်ကွက်ကို ဒီည ဝင်စီးတော့မည် ၊
အမေက သား အိမ်ပြန်ရအောင်ဆိုလို့ ဝဂ္ဂီလမ်းနဲ့ ဣစ္ဆာရာမလမ်းထောင့် အံ့ကူတို့အိမ်ကနေ ပြန်လာခဲ့တယ် ၊ ဟိုး ခပ်လှမ်းလှမ်း ဆရာမောင်စွမ်းရည်တို့ အိမ်ကလည်း မီးလင်းနေဆဲ ၊
ကဲ သား ၊ ဟိုကလာခေါ်ရင် အမေလိုက်သွားဖို့ အဝတ်အစားတွေလည်း ပြင်ပြီးပြီ ၊ ကိုယ့်အိမ်မဖျက်ချင်လို့ ဒီလိုလုပ်ရတာပဲ ၊ အမေ့ကို မပူနဲ့ ၊ အမေက ၉၁ မှာ ထောင်ထဲ တစ်ခါရောက်ပြီးသားပါ ၊
သားသာ မိန်းမနဲ့ ကလေးတွေကို ဂရုစိုက် ၊
ပြောလို့ မဆုံးခင်မှာ ခြံတစ်ခါးဝကို ကားပြာကြီး ထိုးဆိုက်လာတယ် ၊ သုံး လေးဆယ်မကတဲ့ ရဲတွေက အိမ်ကို ဝိုင်းထားပြီ ၊ ( ကျန်တဲ့ ရ အိမ်ကိုလည်း အချုပ်ကားကိုယ်စီ ၊
ပစ္စည်းသယ်မယ့် စည်ပင်ကား ကိုယ်စီနဲ့ တစ်ချိန်ထဲ ဝင်စီးတာပါ ) ၊
အပေါ်ထပ်မှာရှိနေတဲ့ အမေက တိုက်ပုံနဲ့ လူတစ်ယောက်ကို ကဲ ငါ ဘယ်ကိုလိုက်ရမှာလည်းဆိုတော့ အဲဒီလူ ( မ – ဝ – တ ကလူပါ ) က ဆရာမကြီး ကိုမျိုးသန့် ရှိလားဆိုတော့
လှေကားရင်းမှာ ရှိနေတဲ့ ကျနော်က ကျနော်ပဲ လို့ပြောလိုက်ချိန်မှာ ရဲ ၄ ယောက်က ကျနော့်ကို အတင်းချုပ်ပြီး အချုပ်ကားထဲ ဆွဲထည့်လိုက်ပါတယ် ၊
၄ ယောက် ၁ ယောက်ဆိုတော့ ဘယ်လိုမှ ရုန်းမနိူင်ပါဘူး ၊
အပေါ်ထပ် ဝရန်တာက အမေက ဟဲ့ ငါ့ကိုလာဖမ်း ငါ့သားကိုလွှတ် ဆိုတာကို ၄ – ၅ ခါအော်နေပါတယ် ၊ အရေးထဲ အချုပ်ကား နောက်ခြမ်းက ရဲ ၁ ကောင်က ဟေ့ကောင် ထိုင်နေစမ်းတဲ့ ၊
ကျနော့်အသားတွေဟာ ဓါတ်လိုက်နေသလို တဆတ်ဆတ်တုန်လို့ ၊ ဟေ့ကောင် ထိုင်နေဆိုတာ မကြားဘူးလားဆိုပြီး နံပါတ်ဒုတ်နဲ့ ကား သံတံခါးကို ဒုန်းကနဲ ရိုက်လိုက်ချိန်မှာ
ဟေ့ကောင် ငါ တရားခံ လူဆိုးဂျပိုး မဟုတ်ဘူးဆိုပြီး ကျနော်ကလည်း သူ့ဘက်ကားဘော်ဒီကို ဖြောင်းကနဲ ဆောင့်ကန်လိုက်ပါတယ် ၊ ဟုတ်တယ် ကျုပ် တရားခံ မဟုတ်ဘူးလေ ၊
အဲဒီအချိန်မှာ ၁ ပွင့်နဲ့ တစ်ယောက်က ညီလေး လာ ဆင်းလို့ရပြီဆိုပြီ းအမေရှိတဲ့ အိမ်ပေါ်ကို ခေါ်သွားပါတယ် ၊ အမေက သား အိမ်ဖျက်ပြီး မဲပေါက်ထားတဲ့တိုက်ခန်းမှာနေဖို့ သဘောတူလိုက်ပြီ ၊
ငါ့ သားကို ဒုက္ခပေးတာ အမေ မမြင်ချင်ဘူး ၊မြေးမျက်နှာလည်း ကြည့်ရဦးမယ်လေ တဲ့ ၊
အဲဒီအချိန်က ကျနော့်မှာ တိုယိုတာ စပရင်တာ ဆလွန်းလေးရှိခဲ့လို့ အဲဒီကားပေါ် အမေ မိန်းမ ကလေးနဲ့ တီဗီလေးတင် ရဲကား အစောင့်အရှောက်နဲ့ ပြည်ရိပ်မွန် တိုက် ၁၄ ပထမထပ်ကို ရွှေ့ခဲ့ရပါတယ် ၊
ကျန်တဲ့ ပစ္စည်းတွေကို ရဲ တွေက သယ်ချပါတယ် ၊ ကျနော်တို့လိုပဲ မရွှေ့ချင်တဲ့အထဲက တချို့မိသားစုတွေဟာ အင်းစိန် အပို့ခံရပါတယ် ၊
အဲဒီ တိုက်ခန်းရောက်ပြီး ၂၄ နာရီလုံးလုံး ကျနော်တို့ မိသားစု အကျယ်ချုပ်ပါ ၊ စားချင် လိုချင်တာကို တိုက်ခန်းတံခါးဝက ရဲကို ဝယ်ခိုင်းရပါတယ် ၊
တစ်ရက်ကျော်မှာ အမေက လွဲပြီး ကျနော်တို့ အပြင်ထွက်လို့ ရခဲ့ပြီး အမေက ရ ရက်ကျော်မှ အောက်ဆင်းခွင့်ရပါတယ် ၊
ပထမဆုံး အမေလုပ်တာကတော့ သူ့အပေါင်းအသင်းတွေသတင်း စုံစမ်းတာပါ ၊ ကျနော်တို့က ရထားလမ်းဟိုဘက် ၆ ရပ်ကွက် တိုက် ၁၄
ဆရာစွမ်းတို့က ရထားလမ်း ဒီဘက် တိုက် ၁၉ ဘက်မှာပါ ၊
ကွန်ဒိုတွေ လုံးခြင်းတွေအတွက် မြေကျန်အောင် တိုက်ခန်းတွေကို ပြွတ်သိပ်ကျပ်ညပ်နေအောင် ဆောက်ထားသမို့ အလယ်ခန်းကလူတွေဟာ အသက်ရှုဖို့ လေတောင် မနည်းပါ ၊
အတွင်းရေးမှုး ၁ ရဲ့ မဟာဂရုဏာတော် တဲပေါ်မှ တိုက်ပေါ်သို့ စီမံကိန်းမှာ တကယ် အကျိုးရှိခဲ့တာ ဘယ်သူတွေလဲ ?
ပုံအပြောကောင်းတဲ့ စည်ပင်အတွင်းရေးမှုး ကျော်ဝင်းကတော့ ဆုံးသွားပါပြီ ၊
ပြည်ရိပ်မွန်အိမ်ရာ စီမံကိန်းမြေပုံ ကားချပ်ထဲက ကလေးကစားကွင်းဆိုတဲ့ လက်ရှိ တိုက် ၅ ရှေ့ မြေနေရာမှာ မဟာကျေးဇူးတော်ရှင်များရဲ့ လုံးခြင်းကွက်တွေဖြစ်နေပါပြီ ၊
ဖြစ်သလိုဆောက်ခဲ့တဲ့ နေရှင်နယ်လန်းဒ် မောင်မောင်ကော နေကောင်းပါလေစ ၊
အကွက်အကွင်းကောင်းတဲ့ ၈ ရပ်ကွက် တိုက် ၁ မှ ၉ အထိအတွက် မြေညီထောင့်ခန်းများကို ရပ်ကွက်အတွင်း နေသူမဟုတ်
မဲနိူက်ခွင့် မရှိပါပဲ လူပါးဝစွာ ရယူခဲ့သော လူကြီးမင်းများကော စားလို့ဝပါလေစ ၊
အမေဟာ အဲဒီတိုက် ၁၄ ကို အမြန်ဆုံးရောင်းဖို့ ကြိုးစားခဲ့ပြီး အရင်နေခဲ့တဲ့ ရပ်ကွက်ဘက်မှာ ပြန်ဝယ်ဖို့ပါ လုံးပမ်းခဲ့ပါတယ် ၊
တစ်လ အကြာမှာ အဲဒီ ပထမထပ်ကို ဒီထက်မက ရနိူင်သေးပေမယ့် ပြောင်းချင်လှတဲ့ အမေက သိန်း၄ဝ နဲ့ ရောင်းပြီး လက်ရှိ နေနေတဲ့ တိုက်က ရ လွှာကို ၂၅ သိန်းနဲ့ ပြန်ဝယ်ခဲ့ပါတယ် ၊
အိမ်မဖျက်ခင်နေခဲ့တဲ့ ဣစ္ဆာရာမလမ်း နံပါတ် ၂၈ ကတော့ အခုချိန်ထိ တိုက် ၈ ဘေးမှာ အုတ်တံတိုင်းခတ်ထားပြီး ရှိနေဆဲပါ ၊
ဆရာစွမ်းရဲ့ မြေနေရာမှာတော့ ဒိုင်းမွန်းကွန်ဒိုကြောင့် ရွှေ့လာတဲ့ မူလတန်းကျောင်းလေး ရှိနေပါတယ် ၊
အုတ် ပတ်ကား ၂ ထပ်အိမ်တစ်လုံးကို ၄၅ မိနစ်ဖြင့် မြေလှန်ခဲ့သူများအား သတိရလျက် . . . . .
16 comments
ခင်ခ
May 6, 2013 at 11:54 am
အဲဒီဘက်က ပြည်ရိပ်မွန်တိုက်ရဲ့ တိုက်ခန်းလေးတစ်ခုဝယ်ပြီး ခင်ခရဲ့ အိမ်ထောင်သည်ဘဝကို စခဲ့ဖူးပါတယ် ကိုမျိုးသန့်ရေ။ အခုတော့ မန်း ကိုပြောင်းကာ နေခဲ့တာ ဆယ်စုကာလရောက်ပါပေါ့။
ဓာတ်ပုံတွေ့တော့ ပြန်တောင်လွမ်းမိတယ်ဗျာ။
Myo Thant
May 6, 2013 at 12:26 pm
ကိုခရေ ရန်ကုန်ဘက်ရောက်မယ်ဆို ဝင်ခဲ့ဗျာ ၊
ကျနော် တိုက် ၆ မှာပါ ၊
ဦး ကျောက်ခဲ
May 6, 2013 at 12:08 pm
ကိုမျိုးသန့်ရေ မင်္ဂလာပါ…
အမြဲဖတ်ဖြစ်ပေမည့် မမန့်ဖြစ်ဘူး… ဒီတစ်ခါတော့ မန့်ပါရစေ…
ဘယ်သူ့ကိုမဆို မောင်ကျောက်မေတ္တာထားရပေမည့်…
အဲဒီ တွင်း-၁ ဟောင်းကြီးနဲ့ ဂျိုကုတ်မူးကြီးဟောင်းကို ဘယ်လိုမှမရဘူး…
အခုမှ ကြွက်မုဆိုးမမျက်နှာနဲ့ အမိန့်အရလုပ်ရတာပါပြောပေမည့်…
သူနှိပ်စက်လို့ ပျက်ခဲ့ရတဲ့ ဘဝတွေ မနဲဘူး… ပြောရင်းနဲ့… တောက်စ်
:chee:
Myo Thant
May 6, 2013 at 12:30 pm
ဟုတ်ပ ကိုကြီးကျောက်ရေ
ကိုယ့်ထက် အဆများစွာ အစော်ကားခံ ဘဝပျက်ဒဏ် ခံရသူတွေ အများကြီးပါ ၊
ဦး ကျောက်ခဲ
May 6, 2013 at 12:41 pm
အ ဟီး ကိုမျိုးသန့်ရယ်…
ကိုကြီးကျောက်တော့ မလုပ်လိုက်ပါနဲ့ အသဲယားလို့ပါ…
အသဲကင်ဆာနဲ့ ကွယ်လွန်သွားတဲ့ မောင်ကျောက် စီနီယာ…
“ဘလော့ဂါ ကိုကြီးကျောက်” ဆိုတာ ရှိခဲ့ဖူးပါတယ်…
နောက်ပြီး မောင်ကျောက်က ကိုမျိုးသန့်ထက် ငယ်တယ်ခင်ဗျ…
:harr:
Myo Thant
May 6, 2013 at 12:50 pm
ဪ ဦးကျောက်ခဲ ဆိုတော့ အဲသလိုခေါ်မိတာပေါ့ ၊
အဲဒါဆိုလည်း ဟုတ်ပါပြီ ညီကျောက်ရေ 🙂
မောင် ပေ
May 6, 2013 at 12:37 pm
ဖြစ်မှဖြစ်ခဲ့ရလေဗျာ
အဲ့လိုတွေ ရှိခဲ့မှန်း
အခုမှ သိရတယ် ကိုမျိုးသန် ့ရေ
Mr. MarGa
May 6, 2013 at 12:49 pm
အင်း………………………
ဒီလိုဒီလိုတွေ ဖတ်ရပြန်တော့လဲ
ဒါမျိုးတွေ ရှိသေးပါလားလို့ အံ့ဩမိပါတယ်ဗျာ
နောက်နောင်တော့ မရှိပါစေနဲ့လို့သာ ဆိုချင်ပါတယ်
KZ
May 6, 2013 at 1:01 pm
စီမံကိန်း ခေါင်းစဉ်နဲ့ လုပ်ရပ် တွေ တောက်တလွဲ
🙁
Foreign Resident
May 6, 2013 at 1:09 pm
ခေတ်ဆိုးတစ်ခုကို ကြုံခဲ့ ၊ ခေါင်းဆောင်ဆိုးတစ်ယောက်ကို ရခဲ့ရရင် ၊
တိုင်းပြည်ကြီး နှင့် ပြည်သူားထုကြီး ခမျာ ၊
တစ်သက်တာ မမေ့နိုင်လောက်တဲ့ ဒါဏ်ရာဆိုးတွေကို ရခဲ့ရတာပါပဲ ။
နောက်တစ်ခါ ၊ အဆိုးတွေကို နဲနဲမှတောင် လက်မခံပါနှင့်တော့ ။
အသေအကြေကို ၊ တွန်းလှန်ကြပါဗျာ ။
နောက်တစ်ခါ ၊ လူရွေး မမှားကြပါနှင့်တော့ ။
ဘာပဲဖြစ်ဖြစ် ၊ ကိုယ်တိုင် ထောင်ထဲကို လိုက်သွားဘို့ ဝန်မလေးပေမယ့် ၊
ကိုယ့် သားသမီး ထောင်ကျမှာတော့ မခံနိုင်ရှာတဲ့ ၊
မိဘ မေတ္တာ ကိုတော့ ၊ တစ်စွန်း တစ်စ တွေ့လိုက် / ခံစားလိုက်ရပါတယ် ။
ကို ငြိမ်းမောင်
May 6, 2013 at 1:36 pm
အဲဒီတုန်းက ကျွန်တော်တို့သူငယ်ချင်းတွေ အဲဒီဝဂ္ဂီဘက်မှာနေတာရှိတယ်၊
စီမံကိန်းကြောင့် ဖယ်ပေးရပြီး အတော်လေးကို အိမ်ဌားပြီးနေကြတာမှတ်မိတယ်၊
ပြန်ရတော့ ၃ ထပ်မှာ မဲနှိုက်လို့ရတာပြောတယ်၊ အဲဒီလိုဖယ်ပေးရပြီး အိမ်ပြောင်းကြတော့ ကျွန်တော်တို့တွေ ကူညီသွားသယ်ပေးစဉ် သူတို့တွေရဲ့မျက်နှာများမှာ ယူကြုံးမရအရိပ်တွေမြင်ခဲ့ရတာ မှတ်မိနေသေးတယ်လေ။
kai
May 6, 2013 at 1:55 pm
အခုပြောတဲ့.. ဆရာစွမ်းအိမ်ကို.. ရောက်ဖူးတာမို့.. သတိတရရှိလှပါတယ်..
အဲဒီအကြောင်းတွေ.. ဆရာစွမ်းလည်း.. စာရေးဖူးတယ်..
etone
May 6, 2013 at 2:45 pm
ကိုမျိုးသန့်ရေ … ကိုယ့်စိတ်သဘောမပါပဲ .. အတင်းအဓမ္မလုပ်ခဲ့တဲ့ … ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတာ .. အခုမှပဲ သိခွင့်ရတော့တယ် ။ တော်တော်ဆုးိတဲ့ လူတွေပါပဲ … အရင်တုန်းကတော့ မီဒီယာတွေကလည်း ဒီလောက်ကြီး ပွင့်ပွင့်လင်းလင်းမရေးနိုင်သေးတော့ …. အလှမ်းဝေးတဲ့လူတွေ သိခွင့်မရခဲ့ဘူး .. ။ ဆန္ဒပြပွဲတွေ ဘာတွေကလည်း ခေတ်မစားသေးတဲ့ အချိန်ဆိုတော့… ထားရာနေ .. စေရာသွား သူတို့စိတ်ကြိုက်လုပ်ခဲ့ကြတာပဲနော် ။
ခုနောက်ပိုင်းဈေးတွေလည်း .. အဲ့လိုပါပဲ … မဖျက်ချင်ဘူးလား .. မဖယ်ချင်ဘူးလား .. နောက်မကြာဘူး .. ဝါယာရှော့တဲ့ …
Silver Twig
May 7, 2013 at 2:39 am
helpless victims of dictatorship..How many of us have experienced the same bitterness, living under fear and insecurity. Clenched our fist in tears. The scene of Go-show shopping house and teacher daw khin myo chit house at Hledan traffic area is always in my memory.
ကိုရင်စည်သူ
May 7, 2013 at 3:48 am
လွန်ခဲ့တဲ့ အနှစ် ၂၅ ဝန်းကျင်လောက်က ကိုရင်တို့ မိသားစု အေးချမ်းနေတဲ့
အိမ်ရှိ ဘဝလေးကို ခွေးစစ်အုပ်စုအစိုးရ လူတွေက မဆီမဆိုင် ဈေးဆောက်မယ်ဆိုပြီး
လူတွေကို ခွေမောင်းနွားမောင်း..လို့ ဖယ်ပေးခဲ့ရပြီး ရွှေပြည်သာ ဝါးတစ်ရာဘက်ကို
နွားတောင် မြက်မစားတဲ့ နေရာချပေးခဲ့တယ်..။ မိသားစုတွေ ဘဝတွေ နလန်တော်တော်ထူခဲ့ရတယ်။
ဘယ်တော့မှ မကျေဘူး.. 👿 👿
ဖယ်ပေးလိုက်တဲ့နေရာက ခုထိ ဈေးမပြောနဲ့…. ချီးတွင်းတောင် မတူးပဲ..
ဘယ်က ကန်ထရိုက်တွေကို ခြံခေတ်ပြီး ရောင်းလိုက်လဲ.. ခွေးသူတောင်းစား စစ်ဘီလူးတွေပဲသိမယ်။ 👿
ကိုမျိုးသန့်ရေ.. ရိုင်းသွားတဲ့ ကွန့်မန့်တော့မဟုတ်ဘူး..
ပို့စ်ဖတ်ရင်း ရင်ထဲက အနာဟောင်းက ပြန်ကြွလာလု့ိပါ။ :gee:
kyeemite
May 7, 2013 at 2:17 pm
ထပ်တူနီးပါး ခံစားရဖူးပါတယ်ဗျာ… 👿