မေတ္တာ အင်္သေချေ —— နှိုင်းတုလို့ မရတဲ့ တို့ဖေဖေ

etoneJuly 27, 20101min1120
နိုနို အိမ်ရှေ့ ကပြင်မှာ ထွက်ထိုင်နေတယ် ၊ နေလည်း တော်တော်ညိုပြီ ဖေဖေကလည်း မလာသေး ။
နိုနို ဒီနေ့ ဖေဖေ ကိုမှာလိုက်တယ်လေ ၊ အပြန်ကျရင် ကိတ်မုန့် ဝယ်လာဖို့ ၊ ကိတ်မုန့် မစားရတာ တော်တော်ကြာနေပြီ ၊ ကြာဆို သုံးလေး လတောင်ရှိပြီ ထင်ပါရဲ့
အလုပ်ပါးလို့ နိုနို စားချင်တာတွေ ဖေဖေ သိပ်မဝယ်လာနိုင်ဘူးလေ ။ နေလုံးကြီးတောင် ပျောက်သွား ပြီ ၊
ခြင်တွေကလည်း နိုနို နားမှာ တဝီဝီ နဲ့ အပြေးများ ကျင့်နေကြလား မသိပါဘူး
နိုနို တို့ နေတာ ဆင်းရဲသားနဲ့ ရရစားစား နေကြတဲ့ ဆင်းရဲသား ရပ်ကွက်လေးပေါ့ ၊ မြေနီ လမ်းလေးတွေမို့ ချိုင့်တွေကလည်း ပေါမှပေါ ။မိုးတွင်းဆိုတော့ ချိုင့်တွေ ထဲက ရေကရှိပြီး ရေဝပ်တဲ့ နေရာတွေ မှာ ခြင်တွေ က တစ်ရွာတည်ပြီး ဆွေတော် မျိုးတော် တွေ နဲ့ သိုက်သိုက် ဝန်းဝန်းကြီးပေါ့ ။
ညနေတောင် ကောင်းကောင်း မစောင်းသေးဘူး အုပ်လိုက်ကို ထွက်လာကြတာ မည်းမည်း ကို ထနေတာပဲ လား ။
ဖေဖေ ပြန်လာတာ နောက်ကျလို့ စိတ်ကောက်ချင်နေတဲ့ နိုနိုက အခုလို ခြင်တွေကလည်း ကိုက်ဆိုတော့ ပိုပြီးတော့ စိတ်ညစ်တာပေါ့ ။
” ဟဲ့ သမီး နိုနို — ဘာလို့ ခြင်ကိုက်ထဲမှာ ထိုင်နေတာလည်း”
“ဖေဖေ ကိုစောင့်နေတာ မေမေ ရဲ့ “
” ဟဲ့– လာတော့ တွေ့ရမှာပေါ့ တကတည်း အကဲကို ပိုလွန်းတယ် “
မေမေ မသိပါဘူး ၊ မေမေ သိအောင်လည်း နိုနိုက မပြောဘူးလေ ၊ တိတ်တိတ်လေးမှာလိုက်တာ ။
နိုနို မှာ ညီမလေး နှစ်ယောက်ရှိသေးတယ် လေ ၊ ပိုပို နဲ့ မိုမို ပေါ့်
ပိုပိုက 5 နှစ် ၊ မိုမိုက 3နှစ်ပဲ ရှိသေးတယ်လေ ၊ နိုနိုကတော့ 7နှစ်လေ။
နိုနို ပူစာလိုက်လို့ ဖေဖေ ဝယ်လာရင်တော့ သူတို့ 2ယောက်ကို ခွဲကျွေးတယ်လေ ၊ နိုနိုက အကြီးဆုံး ဆိုတော့ ညီမလေး တွေကိုလည်း ချစ်တယ်လေ ။ဖေဖေကလည်း အမြဲ ဘာပဲ ဖြစ်ဖြစ် တစ်ကိုယ်ကောင်းမဆန်ရဘူးလို့ မှာထားတယ်လေ ။
ဖေဖေ စကားကို နိုနို က နားထောင်တယ် ။ဖေဖေကလည်း နိုနို လိုချင်ရင် ဘာမဆို ဖြစ်အောင် လုပ်ပေးတာပဲလေ ။
ဖေဖေ့ ကို နိုနို သိပ်ချစ်တယ် ဖေဖေ မကြိုက်တာဆို ဘာမှ မလုပ်ဘူး။ အော် ——ဖေဖေ အလုပ်က ရုပ်ရှင်ထဲက လူကြမ်း မင်းသားလေ ။
လူကြမ်း မင်းသား မောင်မောင် ဆို သိတဲ့ သူက အများသား ၊ ရပ်ကွက် ထဲမှာဆို ဖေဖေက စတားပေါ့၊ လူကြမ်းမင်းသားရဲ့ သမီး ဆိုပြီး ရပ်ကွပ်ထဲမှာ ကျောင်းမှာ နိုနိုက မျက်နှာပွင့်တယ်လေ ၊ သူငယ်ချင်းတွေရှေ့ရောက်ရင် နိုနို လက်မလေးထောင်ပြီး ကြွားရတာအမောပဲ
” ငါ့ဖေဖေက ရုပ်ရှင်တွေထဲမှာ ပါတဲ့ လူကြမ်း မင်းသားကွ ၊ ငါ့ကို ပေါ့သေးသေး မထင်နဲ့ “
ကလေး အချို့ကလည်း နိုနို ကို အထင်ကြီးကြတယ်လေ ၊ နိုနို နဲ့ပေါင်းချင်ကြတယ် ။
တစ်ခါတစ်လေ မေမေ မသိအောင် ဖေဖေ နားကပ်ပြီး မုန့်ဖိုးတောင်းလိုက်တယ်လေ ၊ ဖေဖေက သိပ်အလိုလိုက်တာဆိုတော့ မေမေ မသိအောင်ပေးတယ်လေ ၊ နိုနိုက အဲဒီ ပိုက်ဆံနဲ့ သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးလိုက်ရော ၊ သူငယ်ချင်းတွေကလည်း မုန့်စားရတော့ နိုနို နဲ့ ပေါင်းချင်ကြတယ်လေ။သူတို့ ကြားမှာ မျက်နှာပွင့်တာပေါ့ ။
ဖေဖေ ပါတဲ့ကားတွေဆို လမ်းထိပ်က ဗီဒီယို ရုံမှာ သွားကြည့် ရတယ်လေ
“တွေ့တယ် မဟုတ်လား —-ငါ့အဖေ ဘယ်လို ချတယ် ဆိုတာ မြင်တယ် မဟုတ်လား ‘
” မြင်ပါတယ်ကွာ — မင်းသားက ချလိုက်လို့ နင့် အဖေ မှောက်သွားပြီလေ “
ဗီဒီယို ကြည့်ရင်းကြွားရ သည်မှာလည်း မမောနိုင် မပန်းနိုင် ။
ဘက်ထရီ မီးရောင် အောက်မှာ ညီမလေး နှစ်ယောက်ကို မေမေ က ထမင်းခွံနေတယ် ။
“သမီးကြီး –ထမင်းစားတော့မလား “
“မစားသေးဘူး မေမေ “
ဗိုက်ထဲက အရမ်းဆာနေပါပြီ ။ ဒါပေမယ့် နိုနိုက တောင့်ခံထားတယ်လေ အရမ်းစားချင်တဲ့ ကိတ်မုန့်ပါလာမှ ဗိုက်ဆာဆာ နဲ့ စားမယ်ပေါ့
“ဖေဖေ ကလည်းကြာလိုက်တာ “
” ဟဲ့ ဘယ်လို ဖြစ်နေတာလည်း ကြာမှာပေါ့ ဒီနေ့ ကားရိုက်ရှိတယ်လေ မိုးချုပ်ချင် ချုပ်မှာပေါ့ “
မေမေ ကဆူတယ် ၊ ဖေဖေ ကိုသာ ဆိုးလို့ ရသလောက် မေမေ က လက်သံ ပြောင်တယ်လေ ၊ ညီမလေး နှစ်ယောက်ကို ထမင်းကျွေးပြီးတော့ ထမင်းစားမလား ထပ်မေးတယ် နိုနိုက တော့ ငြင်းနေတုန်းပဲပေါ့ ။
တစ်ဖြည်းဖြည်း မိုးချုပ်လာပြီ ၊ ဖေဖေကလည်း ပြန်မလာသေးဘူး ၊ နိုနို က အိပ်ငိုက်နေပြီ စောစော အိပ်တတ်တဲ့ မျက်လုံးတွေကို မနည်းဖြဲထားရတယ်လေ ။
ဟော— ဖေဖေ အသံကြားတယ် ၊ ငိုက်နေတဲ့ မျက်လုံးက ချက်ချင်း ကျယ်သွားတယ် ။ ဖေဖေ ပြန်လာပြီ ၊ ဟင် ————-လက်ထဲမှာလည်း ဘာမှ ပါမလာဘူး ၊ခါး ကို လက်နှစ်ဖက် နဲ့ ဖိရင်း အိမ်ပေါ် တက်လာတယ် ၊
” မိန်းမရေ — လာပါဦးဟ “
“ဘာဖြစ်တာလည်း အကို —-“
” ခါးနာလာလို့ပါကွာ—— ကူတွဲပါဦး “
နိုနို စိတ်ပျက်သွားတယ် ၊ ခဲလေသမျှ သဲရေ ကျပြီပေါ့
“ဘယ်လို ဖြစ်ရတာလည်း အကိုရယ် —“
“ကားရိုက်ရင်း ဖြစ်သွားတာပါကွာ — လုပ်စမ်းပါဦး နွယ်ရာ လမ်းဆေးလေး ဘာလေး လိမ်းပေးပါဦး “
နိုနိုက ဖေဖေ ကို စိတ်ကောက်ပြီး ဘာမှ မမေးဖြစ်၊မေမေ က အခန်းထဲ ဝင်သွားပြီး ဆေးပုလင်း ယူလာပြီး ဖေဖေ ကို ဆေးလိမ်းပေးတယ် ။
မေမေ က ဆေးလိမ်းပေးပြီး လက်ဆေးဖို့ အထဲ ဝင်သွားမှ ဖေဖေ ကို မေးဖြစ်တယ်
“ဖေဖေ — မီးမှာလိုက်တဲ့ ကိတ်မုန့်ရော “
ဖေဖေ ရဲ့မျက်နှာ ခုဏကထက် အဆပေါင်းများစွာ ညှိုးကျသွားတယ် ၊
“ဟာ– သမီးရယ် ဟုတ်ပါ့ကွာ ဖေဖေ ခါးထိလို့ မေ့သွားတယ် မနက်ဖြန်ကျမှ ဝယ်ခဲ့မယ်နော် “
ငေါက် ခနဲ ထပြီး နိုနို အိပ်ယာထဲ ဝင်သွားတယ် ထမင်းပင် မစားတော့ပါ ။
“အကို့သမီး ဒီနေ့ ဘာဖြစ်နေလဲ မသိဘူး ၊ ထမင်းလည်း မစားဘူး “
“ချော့ကျွေးလိုက်ပါကွာ — သူဒီနေ့ ကိတ်မုန့်မှာလိုက်တာ အကို ခါးထိသွားလို့ မဝယ်လာဖြစ်လိုက်ဘူး “
“ဟုတ်လား – ဒါကြောင့် ထမင်းမစားပဲ စောင့်နေတာ ထင်တယ် “
“သနားပါတယ်ကွာ — သွားချော့ကျွေးလိုက်ပါ “
“တော် သိပ်မလို လိုက်နဲ့ သိလား “
ပြောပြီး ထမင်းစားဖို့ မေမေ လာခေါ်တယ် ၊ နိုနိုက လည်း ခပ်ပေပေ ကောင်မလေး ဆိုတော့ ဘယ်လို ကျွေးကျွေး မစားဘူး လေ ၊
မောင်မောင်ကတော့ ခါးနာလို့ ရှုံ့မဲ့နေသည်၊ ခါးနာတာထက် သမီးကြီး မှာတာ မေ့လာလို့ စိတ်မကောင်းဖြစ်ရတာ ပိုဆိုးတယ်လေ ၊
တစ်ရက်နားပြီး နောက်တစ်နေ့ ရိုက်ကွင်းက ပြန်လာတော့ ကိတ်မုန့် လေး ပါလာတယ် ၊ အဲဒီတော့မှ စကား ကောင်းကောင်း ပြန်ပြောတယ် လေ ၊လိုချင်တာ ရတော့ အဖေ အနားက မခွာတော့ဘူး ။
တစ်နေ့ ဖေဖေရိုက်ကွင်းရှိတဲ့ နေရာကို နိုနို လိုက်လာတယ်လေ ၊ ကျောင်းပိတ်ရက် ဆိုတော့ မေမေ ကလည်း ထည့်လိုက်တယ် ၊ရ်ိုက်ကွင်းရိုက်ကွက် တွေ လုပ်ထားတဲ့ နေရာကျတော့ ငြိမ်ငြိမ်လေး ထိုင်ဖို့ ဖေဖေက မှာတယ် ၊
စရိုက်ပါပြီ မင်းသားနဲ့ လူကြမ်း သုံးလေးလောက် ချတဲ့ အခန်းပေါ့ အစပိုင်းမှာတော့ ထုံးစံ အတိုင်း လူကြမ်းတွေက နိုင်နေတာပေါ့ နောက်တော့ လူကြမ်းတွေ ခံရတဲ့ အလှည့်ပေါ့ ၊ မနာအောင် မထိ တထိ ထိုးနေတာ ဆိုပေမယ့် သဏ္ဍာန် လုပ် သရုပ်တူအောင် လုပ်ရတော့ နာတာပေါ့ ။ဖေဖေ အလူးအလဲ ခုခံ နေရတာကို တွေ့ပြီ မျက်ရည်တောင် ဝဲ သွားတယ် ။
ဖေဖေ့ ကို သနားလိုက်တာ
နောက်တစ်ခန်းမှာ အမြင့်မှာ ထိုးကြရင်းနဲ့ အောက်ပြုတ်ကျရတဲ့ အခန်းပေါ့
ဖေဖေက အောက်ကို ပြုတ်ကျလာတယ်လေ ၊မနာအောင် အခုအခံတွေ တော့ရှိပါတယ် ၊ဒါပေမယ့် အကျမတော်တော့ နာနေတဲ့ ခါးက ပိုနာသွားတယ် ၊ နှုတ်ခမ်းလည်းကွဲသွားတယ် ၊
နိုနို တစ်ကယ်ကို နာနာ ကျင်ကျင် အော်လိုက်မိတယ်
အဲဒီ အခန်းရိုက်ပြီးတော့ ဖေဖေ ဘယ်လိုမှ မထနိုင်တော့ဘူး
ဖေဖေ ကို ဝိုင်းပြုစုကြတယ် ၊နောက်ဆုံး တရုတ်ဆေးခန်းရောက်ပြီး ဆေးစည်းလိုက်ရတယ်
ဖေဖေ ကိုကြည့်ပြီး နိုနို ထိထိ ခိုက်ခိုက် ခံစားလိုက်ရတယ်
ဖြစ်တာကတော့ မတော်တဆ ပါပဲ
ဒါပေမယ့် သမီးရင်ထဲမှာ ကျင်နေအောင် ခံစားလိုက်ရတယ်
အားလုံးကလည်း စိတ်မကောင်းဖြစ်သွားပြီး ဆေးခန်းလိုက်ပို့ပြီးတော့ အိမ်လိုက်ပို့ပေးကြတယ်
နေ့တွက်ခ အပြင် အပိုကြေးပါ ပေးတယ်လေ
အားလုံးပြန်သွားတော့ ဖေဖေ နားကပ်သွားပြီး ကွဲနေတဲ့နှုတ်ခမ်းလေး ကို လက်နဲ့ ကိုင်ပြီး ကြေကြေကွဲကွဲ ငို မိတယ်
” ဘာဖြစ်လို့လည်း သမီးလေး ဖေဖေ အရုပ်လေး ဝယ်ပေးမယ် ပြောပြီး မဝယ်ပေးဖြစ်လို့လား”
ဆို့နင့်နေသဖြင့် စကား တောင် ကောင်းကောင်းပြန်မဖြေနိုင်
“ဟင့်အင်း “
“ဒီမှာ ပိုက်ဆံ ရပြီလေ – မနက်ဖြန် ဝယ်ပေးမယ်နော် “
“မီး မလိုချင်တော့ဘူး ဖေဖေ –“
“ဟင် — ဘာဖြစ်လို့လည်း “
မောင်မောင် အံဩစွာ ဖြင့် သမီးကိုကြည့်လိုက်သည်။ နိုနို ရင်ထဲမှာလည်း သူ့အသက်အရွယ် သူ့အသိနှင့် တူညီ နေတဲ့ ခံစားမှုကို ခံစားနေရတယ်။
သူ့အဖေ လူကြမ်းမင်းသားကြီး ခုလို အနာခံ အထိခိုက်ခံပြီး မှ ရလာသော ငွေကို မသုံးချင် ၊ မသုံးရက်တော့ပါ ။ဘာကိုမှလည်း မလိုချင်တော့ပါ
“စိတ်ကောက်နေလို့လား သမီးကြီး “
“ဟင့်အင်း — ဖေဖေ အနာခံပြီး ရလာတဲ့ ပိုက်ဆံကို မီး မသုံးရက်တော့လို့ပါ “
သမီး အပြောကြောင့် မောင်မောင် မျက်နှာမှာ ကြည်နှုးမှူ အပြုံးတွေ ဝေဆာသွားသည် ။
“ဟား— သမီးကလည်းကွာ လူကြမ်းပဲ တစ်ခါတစ်လေ နာတာလည်းရှိမှာပေါ့ “
အနာခံပြီးမှ ရလာသော ငွေကို ဖေဖေက ကြည်ကြည်ဖြူဖြူ ပေးနေပေမယ့် နိုနို မယူရက်တော့ပါ။
ဒီလောက်နာနေတဲ့ ကြားမှ အပြုံးမပျက် သမီးလိုချင်တာကို ဖြည့်စည်းပေးနေတဲ့ ဖေဖေ မေတ္တာက ၊ မိဘ ကျေးဇူးကို နိုနို နားလည်ပါပြီ
နိုနို မိဘ ဘဝ ရောက်လာရင်ရော ဖေဖေလောက် မေတ္တာမျိုး ထားနိုင်ပါ့မလားရှင်