အဆင်သင့်ရှိပြီလားးးးးးးးးးးးးးးးးးးးးး

“အဆင်သင့်ရှိပြီလား??????????????????”

 

တကယ့်ကို စစ်စစ်ပေါက်ပေါက်ပြောကြစတမ်းဆိုရင်

ဟိုလွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်ကလို့ပြော ရမယ်ထင်ပါတယ်။

ဦးနုလက်ထဲကနေ အိမ်စောင့်အစိုးရလက်ထဲရောက်ပြီး မဆလခေတ်ကိုပြောင်းသွားတဲ့အချိန်ကနေ

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်အထိ  ကျနော်တို့မှာရွေးချယ်ပိုင်ခွင့် လုံးဝမရှိခဲ့ပါဘူး။

နေ့စဉ် နေထိုင်စားသောက်မူ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကို “ပပက”(ပြည့်သူ့ဆိုင်)ကဝယ်ရတယ်၊

အဲလိုဝယ်တဲ့နေရာမှာ ကိုယ်လိုချင်တာကို ရွေးချယ်လို့ ဝယ်ခွင့်မရှိ။

သူတို့ သတ်မှတ်ပေးထားတဲ့ ခွဲတမ်း ဒါမှမဟုတ် ကံကောင်းခြင်းလက်ဆောင်လို့ဆိုနိုင်တဲ့                     မဲပေါက်တာကိုဘဲဝယ်ခွင့် သုံးစွဲခွင့်ရကြတာပါ။

သက်မဲ့ပစ္စည်းမှာတောင်ရွေးချယ်ခွင့်မရဘူးဆိုတော့ သက်ရှိဆိုတော့ ဝေလာဝေးပေါ့။

အဲဒီအချိန်ကာလများမှာ ရွေးချယ်ပွဲမှန်သမျှဟာ ဘောင်ဝင်အောင်ဆောင်ရွက်ရုံသက်သက်လို့ပြောရင်ရပါတယ်။

ဝန်ထမ်းခန့်ထားဘု့ိရွေးချယ်ရာမှာ၊

တိုင်းနဲ့ပြည်နယ်အားကစားသမားရွေးချယ်ရာမှာ၊

နိုင်ငံလက်ရွေးစဉ်အားကစားသမားရွေးချယ်ရာမှာ၊

ဝန်ထမ်းခန့်ထားဘို့အတွက်လူရွေးချယ်ရာမှာ၊

ရပ်ကွက်၊မြို့နယ်၊တိုင်း၊နိုင်ငံ အုပ်ချုပ်ဘို့အတွက် လူရွေးချယ်ရာမှာ အစရှိတဲ့

ဖြစ်စဉ်တိုင်းအတွက် အထက်က ချမှတ်ပေးထားတဲ့ သူကိုသာရွေးချယ်ကြတာဖြစ်ပါတယ်။

လူတွေ့စစ်ဆေးတာတွေ အရည်အချင်းစစ်တာတွေ မဲပေးပြီးရွေးချယ်တာတွေအားလုံးဟာ

အဖြေထွက်ပြီးသာ ရွေးချယ်ပြီးသားမှန်းသိပါလျက်နဲ့ အပြောလွတ်ရုံလေး

ဟန်ဆောင်ပန်ဆောင် လုပ်ပြကြတာဘဲဖြစ်ပါတယ်။

ဒီလိုဆိုပြန်တော့လည်း သူတို့ သတ်မှတ်ပေးပြီးသား လူကို သာဘဲ ကြိုက် ကြိုက်

မကြိုက်ကြိုက်  ဇွတ်ကြိုက်ခိုင်းတာကို ခံကြရတာပါ။

ဒီလိုအဖြစ်မျုးိတွေများ များလာတဲ့အခါ ကျနော်တို့အားလုံးစိတ်ထဲမှာ ငါတို့ရွေးလို့လဲမရ

မကြိုက်ဘူးပြော လဲ မရမယ့် အတူတူ အလုပ်ရှုပ်မခံ အချိန်ကုန်မခံတော့ပါဘူး။

မြန်မြန်ပြီး မြန်မြန်အေးတာဘဲဆိုတဲ့ အတွေးတွေက  ခေါင်းထဲမှာနေရာယူသွားပါတယ်။

အဲဒါရဲ့ ရလာဒ်က ကျနော်တို့ အားလုံးစိတ်ထဲမှာ ရွေးချယ်ခြင်းဆိုတာ ကိုယ်နဲု့မသက်ဆိုင်တဲ့

စကားလုံးလိုဖြစ်နေတော့ ဘာလာလာ မျက်စေ့မှိတ်ပြီး ဇွတ် ထောက်ခံလိုက်ကြပါတော့တယ်။

ဒီတော့ မိမိနှစ်သက်သူ ကိုရွေးချယ်တတ်ခြင်းဆိုတဲ့ အတတ်ပညာပျောက်ဆုံးသွားပါတော့တယ်။

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

 

၁၉ရ၄-၇၅လောက်က ဖြစ်မယ်ထင်ပါတယ်။

အဲဒီအချိန်က အောင်မြင်နေတဲ့ကျုရှင်ဆရာတစ်ယောက်က ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင် တစ်ခုဖွင့်ပါတယ်။

နေရာကတော့ မေမြို့မှာပါ။

ထူးခြားတာကတော့ သင်တဲ့ဆရာကို သူကိုယ်တိုင်သင်တဲ့ ဘာသာရပ်ကလွဲရင်

ကျန်တဲ့ဘာသာရပ်များမှာ ကျောင်းသားက မကြိုက်ဘူးဆိုရင် ဆရာပြောင်းပေးမယ်လို့

ကြေညာထားတာပါဘဲ။

ကျောင်းစဖွင့်ပြီး နှစ်လလောက်လဲအကြာ ကျောင်းသားတွေက အစွမ်းတွေပြတော့တာပါဘဲ။

ဟိုဆရာမကြိုက်ဘူး  ပြောင်းပေး။

ဒီဆရာမကြို်က်ဘူးပြောင်းလုိုက် ဒီဆရာမကြိုက်ဘူးပြောင်းလိုက်နဲ့ တပြောင်းထဲပြောင်း

ကြပါတော့တယ်။

အဲလိုနဲ့ကျောင်သားကနေဆရာကိုရွေးချယ်ပွဲလုပ်လိုက်ကြတာ စာသင်နှစ်ကုန်ခါနီးပေမယ့်

သင်ရိုးညွှန်းတန်းက တစ်ဝက်မကျိုးသေး။

အဲတော့မှာ အားလုံးက ဝိုင်းပြောကြတာနဲ့ ကျောင်းသားကနေ ဆရာကို ရွေးချယ်ပွဲလုပ်တာ

မြန်မြန်အဆုံးသတ်လိုက်ရပါတယ်။

***************************************************************************

လက်ရှိအစိုးရ ကိုရွေးကောက်ခဲ့ကြစဉ်က လဲ အရင်လိုဘဲလားဆိုတဲ့ သံသယအတွေးတွေနဲ့ ရွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအချိန်တုံးကလဲ တကယ်တမ်းပြောရရင် ရွေးချယ်စရာလူ သိပ်မရှိခဲ့ပါဘူး

ဒီလူ့မကြိုက်ရင် ဟိုလူ ဟိုလူမကြိုက်ရင် ဒီလူဆိုတဲ့ အနေအထားလောက်မှာပါဘဲ။

ရွေးကောက်ပွဲ တကယ်ကျင်းပတဲ့အချိန်မှာတော့ အခုမှစပြီးယောင်ဝါးဝါးလုပ်ရတဲ့သူနဲ့

အင်အားတောင့်တောင့်တင်းတင်း စံနစ်တကျစုစည်းပြီးသားသူပြိုင်ကြရတယ်ဆိုတော့  ပြိုင်ဘက်အနေအထားခြင်းက ကွာခြားလွန်းတော့ တစ်ယောက်ထဲပြေး                    တစ်ယောက်ထဲပန်းဝင်တစ်ယောက်ထဲ ပထမဆိုတဲ့ အနေအထားကိုရောက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုပြန်လည်ရွေးချယ်ပွဲကျင်းပါတယ်။

အရင်ကတော့ အထက်က ချပေးတဲ့ လူဘဲ တိုက်ရိုက်ခန့်ထားခဲ့ကြတာပါ၊

ဒီတစ်ခါတော့ ရပ်ကွက်မှာ အိမ်ထောင်စုဇယားပေါက်သူ၊ဒီရပ်ကွက်မှာအမှန်တကယ်နေထို်င်သူ

အားလုံးကလေးစားကြည်ညိုသူ အစရှိတဲ့သတ်မှတ်ချက်များနဲ့ပြည့်စုံသူကို ဆယ်အိမ်ခေါင်းအဖြစ်ရွေးချယ်၊

အဲဒီဆယ်အိမ်ခေါင်းများက ရပ်ကွက်နေပြည်သူများကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုုပြန်လည်ရွေးချယ်ပွဲ

တွေကို ကျင်းပပေးခဲ့ပါတယ်။

ဒီလိုရွေးချယ်ချိန်မှာ အေးအေးချမ်းချမ်းနဲ့ ပြီးသွားတဲ့ရပ်ကွက်တွေရှိသလိုတစ်ဖက်နဲ့တစ်ဖက်အတို်က်

အခံတွေရှိပြီး အကြိတ်အနယ်ရွေးချယ်ခဲ့ကြတဲ့ရပ်ကွက်တွေလဲရှိခဲ့သလို အုပ်ချုပ်ရေးမှူးအသစ်တက်

လာတဲ့ရပ်ကွက်တွေရှိသလို လက်ရှိလူကဘဲ ပြန်လည်ဆက်ခံတဲ့ရပ်ကွက်တွေလဲရှိလာပြန်ပါတယ်။

အကြမ်းဖျဉ်းလေ့လာကြည့်လိုက်တဲ့အခါမှာတော့ ဒီလိုအခြေခံရွေးချယ်ပွဲလေးကို အလေးအနက်ထား

ပြီး ဆောင်ရွက်ကြသူတွေရှိတာကိုတွေ့ရပေမယ့် အများစုကတော့ သိပ်လဲနားမလည် အလေးအနက်

လဲမထားတာကိုတွေ့ရပြန်ပါတယ်။

တနည်းပြောရင် ကျနော်တို့ လူအများစုက မိမိနှစ်သက်သူကိုရွေးချယ်တာနဲ့ ပါတ်သက်ပြီးအကျွမ်းတဝင်

မရှိသေးတာကိုလည်းတွေ့ရပြန်ပါတယ်။

ကိုယ်ရွေးချယ်ပေးရမယ့် လူအကြောင်းကိုလဲ သေသေချာချာမသိပါဘူး။

ဟိုဘက်ကလူကိုမကြိုက်လို့ ဒီဘက်လူထည့်လိုက်တာဆိုတဲ့အနေအထားရယ်၊

အများနှစ်သက်တယ်ဆိုတဲ့လူကိုသာရွေးချယ်ကြတာအမှန်ပါဘဲ။

နောင်ဆိုရင်တော့ ကိုယ်ရွေးချယ်မယ့်သူ ကိုသေချာစီစစ်ပြီးမှ ရွေးမယ်ဆိုတဲ့

အလေ့အကျင့်တွေရလာမယ်လို့တော့ယူဆရပါတယ်။

မနှစ်ပိုင်းက ကြားဖြတ်ရွေးကောက်ပွဲလုပ်ခဲ့တဲ့အခါမှတော့ အများနှစ်သက်ချစ်ခင်သူ                                      ဦးဆောင်တဲ့အဖွဲ့ကဘဲ အပြတ်အသတ်နဲ့မဲအများစုကိုရသွားခဲ့ပါတယ်။

 

**************************************************

အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ အနေအထားက အတော်လေးကိုပြောင်းလဲသွားတယ်လို့ဆိုနိုင်ပါတယ်။

စာနှယ်ဇင်းလွတ်လပ်ခွင့်အပါအဝင် နေရာအတော်များများမှာ ချုပ်ကိုင်ထားမူ့ကိုဖြေလျော့ပေးလိုက်တာပါ။

ဒီတော့ လဲ အရင်က ပြောဘို့ နေနေသာသာ နုတ်ခမ်းတောင်မလှုပ်ရဲတဲ့ စကားအသုံးအနူန်းတွေသုံးခွင့်

ရလာခဲ့ကြပါတယ်။

အဲဒီအချိန်ကစပြီး “ခရိုနီ” တို့ “ ပွင့်လင်းမြင်သာ “တို့“အများသဘောတူရွေးချယ်မူ့”ဆိုတဲ့စကားလုံးတွေ

“လွပ်လပ်ခွင့်”တို့ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူများ” တို့ ဆန္ဒဖော်ထုတ်ခြင်း(သပိတ်မှောက်) “လူ့အခွင့်အရေး”ဆိုတဲ့စကားလုံးများနဲ့ လုပ်ရပ်တွေကလဲ ခေတ်စားလာပါတယ်။

ဒီလိုပွင့်လင်းလာတာနဲ့အတူ ပြည်သူက ရွေးတဲ့ ကိုယ်စားလှယ် ပြည်သူမကြုျိ်က်ရင် ဖယ်ယှားလို့ရတယ်။

ဒီလိုဖယ်ယှားဘို့အတွက် ရွေးချယ်စဉ်က ပါဝင်တဲ့ မဲဆန္ဒရှင်ရဲ့ % ဘယ်လောက်က ကန့်ကွက်ရင်ရတယ်

ဆိုတာတွေကိုပါ မျက်စေ့ပွင့်နားပွင့်ဖြစ်လာကြပါတယ်။

အဲတော့လဲ ဟိုလူ့မကြိုက်ဘူး ဒီလူ့မကြိုက်ဘူးဆိုတာတွေ၊

လက်ရှိရွေးချယ်ခံထားရသူကို မကြိုက်တဲ့ အတွက်ဖြုတ်ချဘို့ အတွက် လိုက်စည်းရုံးတာတွေ

လက်မှတ်လိုက်ထိုးခိုင်းတာတွေလဲရှိလာပြန်ပါတယ်။

ဒီတော့လဲ ကိုယ်ရွေးချယ်ထားပြီးသားမှန်ပေမယ့် မမှန်မကန်လုပ်သူကို ပြန်လည်ဖယ်ယှားလို့

ရတယ်ဆိုတာကို သိလဲ သိလာသလို ဖယ်ယှားဘို့ကြိုးစားကြတာကိုလဲ တွေ့ရပါတယ်။

ဒါပေမယ့် ဒီလူကိုသာ ဖယ်လိုက်မယ် သူ့နေရာ ကို ပြန်အစားထိုးဘို့ လူအဆင်သင့်မရှိတာ

မျိုးတွေကိုလဲ တွေ့ရပြန်ပါတယ်။

တစ်ခါတစ်ရံ နေရာတစ်ခုကို ဦးစီးနေ့တဲ့လူကို မနှစ်သက်လို့ ဝိုင်းဝေဖန်ကြပေမယ့်

အဲလိုအဝေဖန်ခံရသူက သူမလုပ်တော့ ပါဘူး နူတ်ထွက်မယ်လို့ ကြေငြာလိုက်တဲ့အခါမှာတော့

အရင်က မကြိုက်ဘူး ဘာဖြစ်ညာဖြစ်နဲ့ အာဘောင်အာင်းသန်သန်နဲ့ ဝေဖန်ခဲ့ကြပေမယ့်

သူ့နေရာကို  ဝင်လုပ်မယ့်သူမရှိ အစားထိုးဘို့လူ အဆင်သင့်မရှိ တာဝန်ယူသူမရှိတဲ့အခါ

မနုတ်ထွက်ပါနဲ့ ဆက်လုပ်ပေးပါဆိုပြီး ဝိုင်းတောင်းပန်ရတဲ့အနေအထားကို တွေ့လာရပါတယ်။

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

ပြီးခဲ့တဲ့သင်္ကြန်ကလိုဘဲ ဆိုပါစို့။

မိတ်ဆွေတွေစုပြီး သင်္ကြန်မဏ္ဍပ်ထောင်ကြတဲ့အဖွဲ့လေးမှာဖြစ်ခဲ့တာပါ။

အာဆီယံသင်္ကြန်လုပ်ခဲ့တဲ့အချိန်ကစလို့ သူတို့မိတ်ဆွေတွေ သင်္ကြန်မဏ္ဍပ်ထောင်ခဲ့ကြပါတယ်။

ကိုယ်မိသားစု ကိုယ့်ဝန်ထမ်းတွေလဲ အခမဲ့ရေကစား၊

အားလုံးလဲပျော် ကိုယ့်လုပ်ငန်းလဲကြော်ငြာပြိးသားဖြစ် အမြတ်အစွန်းလဲရပေါ့။

အဲဒီ စလုပ်တဲ့နှစ်ကတော့ မြန်မာပြည်က လူများရဲ့ထုံးစံအတိုင်း တက်တက်ကြွကြွ။

မဏ္ဍပ်ဆောက်ခွင့် ၊ကျုံးရေသုံးစွဲခွင့် ၊လုံခြုံရေး အတွက်ဆိုတဲ့ရုံးပြင်ကန္နားကိစ္စ၊

မဏ္ဍပ်ဆောက်ဘို့ ၊မဏ္ဍပ်အလှဆင်ဘို့၊သစ်ဝယ်သံဝယ် လက်သမားခေါ် ဒီဇိုင်းဆွဲ ဗီနိုင်းအပ်ဘို့ကိစ္စ၊

မဏ္ဍပ်အမြတ်အစွန်းရှိအောင်လုပ်ဘို့က ကြော်ငြာရှင်လိုပါတယ်။

အဲတော့ မဏ္ဍပ်ကို စပွန်ဆာပေးမယ့် လုပ်ငန်းရှင်အကြီးအသေးအလတ် ပိစိကွေး မကျန်အောင်

လိုက်ပြီး ကိုယ်ဆီမှာလာကြော်ငြာအောင် လိုက်ပြီး စည်းရုံးရ တဲ့ကိစ္စ၊

သင်္ကြန်မဏ္ဍပ်မှာ မြို့မျက်နှာဖုံးတွေ လူကြီးသူမတွေ လာရောက်ရေကစားဘို့အကြောင်း လိုက်ပြီး ဖိတ်ရတဲ့ကိစ္စ၊

လာရောက်ရေကစားမယ့် လူတွေကို မဏ္ဍပ်ပေါ်တက်ခွင့်ကြပ်မတ်ဘို့အတွက်စီစဉ်ရတဲ့ကိစ္စ၊

သင်္ကြန်အကြိုနေ့ကစလို့ သင်္ကြန်အတက်နေ့ညနေထိ မနက်-နေ့လည်အထိလာရောက်ရေကစားကြတဲ့

လူကြီး လူငယ် ဘုစုခရု ကလေး အားလုံးကို အရက်တန်အရက်အချိုရည်တန်အချိုရည် အစားအသောက်

တွေနဲ့ ဧည့်ခံဘို့အတွက် အစားအသောက် ဆိုင်တွေနဲ့ချိတ်ဆက်ရတဲ့ကိစ္စ၊

သင်္ကြန်မဏ္ဍပ်မှာ ဧည့်ခံဖျော်ဖြေပေးကြမယ့် တီးဝိုင်း အဆိုတော်တွေ လိုက်လံငှားရမ်းရတဲ့ကိစ္စ၊

နောက်ဆုံး ကုန်ကုန်ပြောရရင် လာရောက်ရေကစားမယ့် ဧည့်သာများ အပေါ့အလေးသွားဘို့ကိစ္စ

အစရှိတဲ့မြောက်မြားလှစွာသော ကိစ္စတွေဆောင်ရွက်ဘို့တာဝန်ခွဲဝေကြရပါတယ်။

ပထမဆုံးစတဲ့နှစ်ကတော့အားလုံးတက်တက်ကြွကြွ တာဝန်ကိုယ်စီယူကြတာပေါ့။

တစ်နှစ်ပြီးလို့ နောက်တစ်နှစ်သင်္ကြန်လဲရောက်ရော ဟိုလူကမအားဒီလူကမအား

နဲ့ ခေါင်းရှောင်ကြပါတော့တယ်။

ဒီလိုအလုပ်တွေက အမြင်သာလွယ်တာ ဟိုဝင်ဒီထွက်လုပ်ရတဲ့ကိစ္စဆိုတော့

အချိန်ကုန် ငွေကုန်လူပန်းတဲ့အလုပ်ကိုးဗျ။

အဲတော့ သင်္ကြန်မဏ္ဍပ်နဲ့ပါတ်သက်တဲ့ကိစ္စကို သူတစ်ယောက်ထဲ တာဝန်ယူလုပ်။

ပွဲပြီးတော့မှ အမြတ်တွေခွဲယူကြ။

ဒီလိုနဲ့ဘဲ သွားခဲ့ကြတာ လေးငါးနှစ်မက။

“ပွင့်လင်းမြင်သာ”ဆိုတဲ့စကားလုံးလေးတွေခေတ်စားတဲ့ ဒီနှစ်မှာတော့

တစ်ယောက်က  စ ဖွ ပါတော့တယ်။

နှစ်တိုင်းနှစ်တိုင်း ငွေထည့်ပြီး သူပေးသလောက်ယူနေရာတာ မှားနေပြီထင်တယ်ပေါ့။

သူကလဲ သင်္ကြန်ပြီးရင် သာဘယ်လောက်မြတ်တယ်ဆိုပြီးခွဲပေးတာယူလိုက်ကြတာ

ဘာတွေဘယ်လိုသုံးတယ်ဆိုတဲ့ စာရင်းကလဲ တင်တာကတော့တင်ပါတယ်။

ဒါပေမယ့် အသေးစိတ်စာရင်းမပါတော့ “ ပွင့်လင်းမြင်သာမူ့ မရှိဘူး “လို့ တစ်ယောက်ကစ လိုက်တဲ့အခါ

ကျန်တဲ့လူအတော်များများက လည်း ဝိုင်းပြီးသံယောင်လိုက်ကြပါတယ်။

မဏ္ဍပ်မှာဝတ်ဘို့လူကြီးတွေအတွက် တူညီဝတ်စုံကလဲ ဘယ်လောက်ဈေးမှန်းဘယ်နှစ်ထည်မှန်းမသိ

ထမင်းထုပ်တွေ မုန့်တွေ့ကလဲ ဘယ်လောက်ဈေးနဲ့ ဘယ်နှစ်ထုပ်မှန်းမသိ

စပွန်ဆာပေးတဲ့လူနဲ့ကလဲ သူနဲ့ဘဲအလုပ်လုပ်တယ် ဆိုတော့လဲ သူပေးသလောက်ရမှာပေါ့တွေ

ဘာတွေဖြစ်လာကြပါတယ်။

သူသုံးတဲ့ငွေတွေကို စာရင်းတိတိကျကျ စစ်သင့်တယ်လို့လဲအကြံတွေပေးတဲ့သူကပေးပေါ့။

ဒီအသံတွေကို ဟိုလူကြားတော့ သင်္ကြန်မတိုင်ခင် ခါတိုင်းလို အစည်းအဝေးလုပ်တဲ့အချိန်

ဒီနှစ်တော့ သူမလုပ်နို်င်ဘူး ကျန်တဲ့လူတွေတာဝန်ယူပြီးလုပ်ပါလို့ ပြောပါတော့တယ်။

ဒီလူကလဲ သူ့ကိုဝေဖန်တဲ့အသံတွေကို ကြားလို့ တမင်ပြန်ရှိုးလိုက်တာပါ။

သူပြောတာက နှစ်တိုင်းနှစ်တိုင်း သင်္ကြန်မဏ္ဍပ်လုပ်ကြတဲ့အခါ ဘယ်သူမှ ငွေလုံးငွေရင်းမထုတ်ဘူး။

သင်္ကြန်မတိုင်ခင် သုံးရတဲ့ငွေကြေးကို  သူစိုက်တဲ့အခါစိုက် နောက်မှရှင်းတဲ့အခါရှင်းပေါ့။

ဒီကုန်ကျငွေကို ပထမစ တဲ့နှစ်ကသာ တစ်ယောက်ဘယ်လောက်ဆို တဲ့ငွေကို အပြည့်ပေးတာ

နောက်နှစ်တွေမှာ ဘယ်သူမှ အပြည့်ချမပေးဘူး နည်းနည်းချင်းစီ ခွဲပေးကြတာ။

သူ့ငွေနဲ့ဘဲ မဏ္ဍပ်ဖြစ်အောင်လုပ်ကြတာ။

ဒီနှစ်ကတော့ သူလဲ လုပ်ငန်းတွေထဲမှာငွေဝင်နေတော့ သူငွေမစိုက်နိုင်ဘူး။

အားလဲ မအားတဲ့အတွက် ကျန်တဲ့လူတွေဘဲ တာဝန်ယူ သူကတော့ ငွေအချိုးကျထည့်မယ် လို့တရားဝင်ပြောပါတော့တယ်။

ဒါနဲ့ဘဲ အဲဒီနေ့ ကအစည်းအဝေးက မပြီးလိုက်ပါဘူး။

တကယ်တမ်းလုပ်ကြကြေးဆိုတော့ တာဝန်ယူမယ့်လူမရှိပါဘူး။

ဟိုလူက မအား ဒီလူက အချိန်မရ ဆိုတဲ့အသံတွေဘဲထွက်လာပါတယ်။

နောက်တစ်ပါတ်ပြန်ဆုံကြတဲ့အခါတော့ အားလုံးက အရင်လိုဘဲလုပ်ပါတော့

ပြောကြရတော့တာပေါ့။

အဲတော့မှ  တာဝန်ယူထားတဲ့သူက ခင်ဗျားတို့ဘက်က တကယ်မလုပ်နိုင်ဘူးလား

မေးတော့ အားလုံးက လဲ မလုပ်နိုင်ဘူး ခင်ဗျားဘဲ ဆက်လုပ်ပါလို့ ဝိုင်းပြောကြတဲ့အခါ

ဟိုလူက အသုံးစရိတ်နဲ့ပါတ်သက်ရင် ပွင့်လင်းမြင်သာမူ့မရှိဘူးလို့ဝေဖန်တာကိုလဲကြားရပါတယ်။

ဒီနှစ်တော့ သုံးတဲ့စရိတ်တွေကို အတိအကျ တင်မယ်။

နောက်တစ်ခုက ခင်ဗျားတို့အားလုံးက ငွေနည်းနည်းနဲ့ ပါးစပ်ဘဲစိုက်တာကလဲ နှစ်တိုင်း။

အမြတ်ကိုတော့ အားလုံးညီတူမျှတူ ယူကြတယ်။

ဒီနှစ်ကတော့ အမြတ်ထဲကနေ သူ့အတွက်ဝန်ဆောင်ခ ၁၀% ယူမယ်။

တကယ်လို့ ဒီဆုံးဖြတ်ချက်ကို မနှစ်သက်ဘူးဆိုရင် လုပ်နိုင်တဲ့လူက ဒီတာဝန်ကိုယူ

ဒီတာဝန်ယူတဲ့သူက အမြတ်ရဲ့ ၁၀% ကို ဝန်ဆောင်ခယူ လို့ပြောကြပါတယ်။

ဒါနဲ့ဘဲ အစည်းအဝေးက မပြတ်ဘဲ နောက်တစ်ပါတ်ရွေ့လိုက်ရပြန်ရော။

အဆုံးမတော့ အားလုံးက သူတို့လဲ မလုပ်နိုင်တဲ့အတူတူ အရင်လူဘဲလုပ်ပါ ဝန်ဆောင်ခလဲယူပါဆိုပြီး

ကျေနပ်လိုက်ကြရပါတယ်။

**********************************************************************

 

ဟိုအရင်နှစ်ပေါင်းများစွာမှာ ကျနော်တို့အားလုံးရဲ့ ဘဝတွေမှာရွေးချယ်ပိုင်ခွင့်မရှိ။

နေရာတစ်နေရာ ရောက်နေတဲ့လူကို ဖယ်ယှားဘို့ဆိုတာ ဝေလာဝေး ကောင်းတယ်မကောင်းဘူး

ကြိုက်တယ် မကြိုက်ဘူးဆိုတာလောက်တောင် ဝေဖန်ခွင့်မရှိသလို

မှားသည်မှန်သည် ပြန်လည်ပြောကြားဘို့အခွင့်အရေးလဲ မရခဲ့ကြပါဘူး။

အခုခေတ်မှာတော့ပြောခွင့် ဆိုခွင့် ဝေဖန်ခွင့် ရွေးချယ်ခွင့်တွေရလာကြသလို

ကိုယ်ကရွေးချယ်ထားတာမှန်ပေမယ့် လုပ်နည်းလုပ်ဟန် မမှန်ကန်ရင် ပြန်လည်ဖယ်ယှားခွင့်

အစားထိုးခွင့်တွေလဲ ရလာခဲ့ကြပါတယ်။

ဒီတော့လဲ ဟိုလူဘာဖြစ် ဒီလူဘာဖြစ် ဟိုဟာမကြိုက် ဒီဟာမကြိုက်ဆိုတဲ့အသံလေးတွေကလဲ

ပွက်ပွက်ညံလာခဲ့ကြပါတယ်။

ဟိုလူ့ကို ဖယ်ပါ ဒီလူထွက်ပါဆိုတဲ့ တောင်းဆိုမူ့တွေ ဖယ်ယှားဘို့ကြိုးစားတာတွေလဲရှိလာပါတယ်။

ဒါပေမယ့် လက်တွေ့ အနေအထားမှာ မကြိုက်သူကိုအစားထိုးဘို့ လူ အဆင့်သင့်မရှိသလို

ဒီဟာကို မကြိုက်ဘူးလို့ပြောနေပေမယ့် ကိုယ်ဘာကြိုက်တယ်ဆိုတာကိုလဲ ချမပြနိုင်တာကိုလဲ

မြင်နေကြားနေရပါတယ်။

ကိုယ်မနှစ်သက်တာကို ဖော်ထုတ်ကန့်ကွက်တာက လဲလိုအပ်သော ဖြစ်သင့်သောကိစ္စတစ်ရပ်ပါဘဲ။

ဒါပေမယ့် ကိုယ်မကြိုက်ဘူးလို့ပြောရင် ဘာကြိုက်လဲဆိုတာကိုလဲ ချပြ ခင်းပြနိုင်ဘို့လိုအပ်ပါတယ်။

နို့မဟုတ်ရင် ပြောအလကားဖြစ်သွားမှာ အမှန်ပါဘဲ။

 

ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းရဲ့အပြောင်းအလဲဟာ လာမယ့်၂၀၁၅ရွေးကောက်ပွဲ

မှာ တစ်ဆစ်ချိုးပြောင်းလဲနိုင်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာတော့ အများသိတဲ့အတိုင်း နည်းနည်းနဲ့ကျဲကျဲဆိုတာလိုဘဲ

အရင်လူတွေနဲ့ဘဲပြီးသွားခဲ့ပါတယ်။

အခုလာမယ့် ၂၀၁၅ မှာတော့ ကိုယ့်စိတ်တိုင်းကျ ရွေးချယ်နိုင်တဲ့အခွင့်အရေးလဲအပြည့်အဝရနေပါပြီ။

အင်နဲ့အားနဲ့ ပါဝင်ဆင်နွဲကြမယ့် ရွေးကောက်ပွဲဝင်ကြသူတွေလဲရှိနေပါပြီ။

အဲတော့ ကို်ယ်ရွေးချယ်မယ်လို့ သတ်မှတ်ထားသူရော အဆင်သင့်ရှိပြီလားဆိုတာလေးကတော့

အားလုံးရင်ထဲမှာ ရှိနေသင့်ပါပြီ။

နို့မဟုတ်ရင်တော့ “ မဲပြာပုဆိုး” နဲ့ဘဲ တိုးမှာ စိုးနေရပါတယ်။

ကဲ…………………………………………………………………..

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

11-5-2013

 

 

 

 

 

 

 

 

21 comments

  • Myo Thant

    May 13, 2013 at 9:38 am

    ကိုပေါက်ရဲ့ အတွေးက မပါးဘူးဗျ ၊

    တကယ်တမ်း ပြောရရင် သိပ်မရင်းနှီးသေးတဲ့ လမ်းကို သွားနေရသလို စမ်းတဝါးဝါးပါပဲ ၊

    နောင် ၁ဝ နှစ်ဆိုရင်တော့ အသားကျစပြုမယ်ထင်ပါတယ် ၊

    • မှန်တာပေါ့ကို မျိုးရာ တကယ့်လမ်းစိမ်းကြီးပါ။
      ဒါပေမယ့် လမ်းလျောက်နေချိန်မှာလမ်းမှားတာထက် အချင်းချင်းက လမ်းပေါ်က
      တွန်းအချခံရမှာကို ပိုစိုးရိမ်မိပါတယ်။

  • ဦးကြောင်ကြီး

    May 13, 2013 at 9:48 am

    ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆို အရေအတွက်မှ အရည်အချင်းဆီ သွားရတာ ဓမ္မတာပါ.. ဒါကြောင့်လဲ ကျောင်းတွေ သင်တန်းတွေ အင်စတီကျုတွေမှာ လူတန်းစားစုံအောင် ရောသမမွှေပေးရပါတယ်.. အဲဒီထဲကနေမှ စစ်ယူလိုက်တယ်..။ အဲလိုမျိုး လုပ်နိုင်ခဲ့တဲ့ တချိန်တုံးက မြန်မာ့ဘောလုံးလောက ထိုက်သင့်တန် အောင်မြင်မှုရခဲ့တဲ့ သာဓကရှိတယ်.. နောက်ပိုင်းခေတ်မှာ အဲလို မလုပ်နိုင်တော့ ရေခံမြေခံတွေ ပျောက်ဆုံးပြီး ဘောလုံးလောက ကျဆုံးပါတယ်။ ရုရှားမှာ မြန်မာစစ်ဗိုလ်တွေ ထောင်ပေါင်းများစွာ စေလွှတ်တာလည်း ဒီသဘောဖြစ်ပါမယ်။ ရာဂဏန်းလောက် လက်ခံသင်ပေးတာထက် ထောင်ပေါင်းများစွာထဲကမှ လက်ရွေးစင် ရာဂဏန်းကို အဆင့်မြင့် ပညာရပ်တွေ သင်ပေးတယ်..။ အဲလိုပါပဲ နိုင်ငံရေးမှာလဲ အစကနဦး ဟိုလူပါရမယ် ဒီလူမပါရဘူး အရည်အချင်း မမှီဘူး ကန့်သတ်ချက်တွေထားရင် လူနည်းသွားမယ်… ရွေးချယ်စရာ မှတ်ကျောက်တင် အကဲဖြတ်စရာ ပိုနည်းသွားပါမယ်… မတူတဲ့ အမြင်ရှုဒေါင့်တခုကနေ တင်ပြတာပါ..။ ဖြစ်ဖို့ရှိရင် မုဆိုးစိုင်သင် စိုင်မုဆိုးသင် တတ်သွားဂျပါလိမ့်မယ်ခင်ဗျား..

    • မှန်တယ် ကိုကြောင်ကြီးရေ
      ဘာနဲ့တူလဲ ဆိုတော့ အဟာရပြတ်နေတဲ့လူလိုဘဲ။
      ရသလောက်တော့ စားမှ အားရှိမယ်။
      တကယ်လက်တွေ့ လုပ်တဲ့ လူတွေ အမျျားကြီးလိုမယ်။
      အောက်ခြေပိုင်းက တောင့်တင်းဘို့လိုမယ်။
      အခုချိန်မှာ အားလုံးက စာတွေ့တော့ ရှယ်ဘဲ။
      ငါတွေ့ တဲ့အချိန်မှာ စာနဲ့ငါ တစ်ထပ်ထည်းကျဘို့ အရေးကြီးပါတယ်။

  • မောင် ပေ

    May 13, 2013 at 11:37 am

    ၂၀၁၅ ပြီးနောက်တွင်လဲ
    အရမ်းဖွံ ့ဖြိုး တိုးတက်သော နိုင်ငံသူနိုင်ငံသားများ ဖြစ်လာဖို ့
    လုပ်ပေးမယ့် လူ လာဦးမယ် မထင်
    နောက်ဆုံးမတော့
    မိမိ ကိုယ်သာ ကိုးကွယ်ရာ ဆိုသလို
    ကိုယ်ဖြစ်ချင်သော ဆန္ဒ ကို ကိုယ် ကိုယ်တိုင် ကြိုးစားအားထုတ်မှသာ ရလဒ်ကို မြင်ရမည်ပေတကား။

    • ပထမဆုံးလိုအပ်ချက်က ကျနော်တို့အားလုံး ကိုယ်အသိစိတ်ဓါတ်နဲ့
      ကိုယ့်စည်း ကိုယ့်ကမ်းနဲ့နေတတ်အောင်အရင်လေ့ကျင့်ကြရမှာပါ။
      ကိုယ်ရင်ထဲက လိုချင်တာကို တိကျစွာရွေးချယ်တတ်ဘို့လေ့ကျင့်ကြရမယ်

  • kyeemite

    May 13, 2013 at 1:05 pm

    မဏ္ဍပ်ပြဿနာကို နမူနာပြတာ…တော်တော်ကောင်းတယ်ဗျို့…
    သူများကိုသာဝေဖန်တတ်ကြတာ…ဒါဖြင့် မင်းလုပ်လေကွာဆိုတော့
    မလုပ်နိုင်(တတ်) ပြန်ဘူး…ဒါကဘာကြောင့်လည်းဆိုတော့
    လုပ်တဲ့လူကလုပ်နေရင် ကျန်တဲ့လူတွေကအတူလိုက်လုပ်ရင်း သင်မှမထားကြတာ..
    နေသာသလို အသာချောင်ခိုနေတတ်ကြတော့…ကိုယ့်ကိုတာဝန်ပေးတော့
    ဒုက္ခတွေ့ရောပဲ…
    ကိုပေါက်အတွေးလေးကို ကြိုက်တယ်ဗျာ…

    • ကိုယ်တိုင်လုပ်ကြည့် ဘို့ လိုအပ်တဲ့ခေတ်ကိုရောက်နေပြီ ကိုမိုက်ရေ။
      ဘေးက နေ အလကားနေရင်း အာနေတတ်တဲ့လူတန်းစားက အလိုလိုဘေးရောက်သွားမှာပါ

  • ခင်ခ

    May 13, 2013 at 1:13 pm

    ဆရာပေါက်ရေ အဆင်သင့်မဖြစ်သေးတော့လည်း ( ဒီတာဝန်ယူတဲ့သူက အမြတ်ရဲ့ ၁၀% ကို ဝန်ဆောင်ခယူ ) ဆိုပြီး ဆက်လက်ခိုင်းရမယ့်ကိန်းနဲ့ဘဲ ဆက်ခန့်ထားလို့ ရရင်ကောင်းတာပေါ့ဗျ။ တိုင်းပြည်အုပ်ချုပ်သူဆိုတော့ အဲလိုလည်းကျင့်သုံးလို့မရလေတော့ ခက်တော့ ခက်သားနော်။
    အင်း ၂၀၁၅ ၂၀၁၅ ၂၀၁၅ ……..။

    • ကိုခရေ ကိုခပြောသလို ငှားမရဘူးဆိုတာသေချာနေလို့
      ဒီဆောင်းပါးလေး ဖြစ်လာတာပါ။
      2015 က ရွှတ်ဆိုရောက်သွားမှာ
      အဲဒီမရောက်ခင်လေးမှ အားလုံးက အဆင်သင့်ဖြစ်နေဘို့လိုပါတယ်။
      ဒါကြောင့်

  • MaMa

    May 13, 2013 at 5:39 pm

    ကိုယ်တိုင်တော့ အားထည့်မလုပ်ပဲ တကယ်လုပ်နေသူကို ဝေဖန်တာ ပြစ်တင်တာတွေ လုပ်တတ်တာ လူ့သဘာဝပါ။
    လူဆိုတာ ကိုယ့်မျက်ချေး ကိုယ်မြင်ဖို့ ခက်တာကိုး။
    နောက်ဆုံး ဝန်ဆောင်ခ အမြတ်ရဲ့ ၁၀% ကို ယူမယ်ဆိုတဲ့ နည်းလမ်းနဲ့ အဆင်ပြေသွားတယ်ဆိုတာလေး သဘောကျတယ်။
    ဘယ်ပြဿနာမှာမဆို ပြေလည်အောင်ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိတယ်။
    ဖြေရှင်းတဲ့နည်းလမ်းမှန်ရင် ပြဿနာက ပြေလည်သွားပြီးးးးး
    ဖြေရှင်းတဲ့နည်းလမ်းမမှန်ရင် နောက်ထပ်ပြဿနာတစ်ခု ထပ်တိုးလာတာပဲ။ :hee:

    • မမရေ
      လူတွေရှိနေသမျှ ပြဿနာကတော့ ရှိနေမှာပါဘဲ။
      ပြဿနာရှိရင် အဖြေရှိပါတယ်။
      အဲ အဖြေမရနိုင်သေးတဲ့ အခိုက်အတန့်မှာတော့ ရှောင်ထွက်ခြင်းနည်းလမ်းက
      အားလုံးအတွက်အဆင်ပြေပါတယ်။
      ကျနော်က နေ့စဉ်ပြဿနာများနဲ့လုံးထွေးနေတဲ့လူတစ်ယောက်ဆိုလဲမမှားပါဘူး ။
      ပြဿနားများ ဆို ဈေးသည်ကိုးဗျ။
      မမ သိတဲ့အတို်င်းမြန်မာပြည်မှာဈေးရောင်းရတာအကြွေး ဘဲရောင်းမှရတာကိုုး။
      လုပ်ငန်းခွင်ပြဿနာလေးတစ်ရက်တော့ ရေးမယ်လို့ တေးထားတာရှိပါ၏။
      မေလ တစ်ရက်နေ့ရတော့ မမတို့ အုပ်စုကို အတော်လေးကို သတိရလိုက်မိပါ၏
      တစ်နှစ်ဆိုတာ ဖျပ်ကနဲ့ ကုန်သွားတာနော်။

  • နေဝန်းနီ

    May 13, 2013 at 8:58 pm

    ဘယ်နေရာမှာ ဘာကိစ္စပဲဖြစ်ဖြစ် ကိုယ်တိုင်လဲ မလုပ်ရဲဘူး ….။( တစ်ခါဖူးမျှ မလုပ်ခဲ့ရဖူးလို့ …………။)သူများလုပ်မှာကြတော့လည်း မယုံကြည်ဘူး (ခံစားခဲ့ရတာကများပြီ…..။ ) အဲဒိလိုတွေဖြစ်နေကုန်တာ……..။ အဲဒိ ဒဏ်ရာ ဒဏ်ချက်တွေ ပျက်ဖို့ ဘယ်လောက်အချိန်ပေးရဦးမယ် မသိ …….။

    • အခုချိန်ကနေ စပြိး စိတ်ဓါတ်တွေပြင်မယ်ဆိုရင် ကျနော်တို့မြေးရဲ့ သားလက်ထက်ဆိုရင်
      ကောင်းနိုင်လောက်တယ်။

  • pazflor

    May 13, 2013 at 9:13 pm

    ဌားလိုရရင်တောင် မြန်မာပြည်ရဲ ့အခြေအနေနဲ့ဆို တကယ်လုပ်တတ်တဲ့ Professional ဆန်တဲ့ အုပ်ချုပ်ရေးသမားတွေ ဌားလိုက်ချင်ပါသေးတယ်ခင်ဗျာ။

  • ငှားဘို့တော့ မလိုဘူးဗျ ။
    ကုန်လွန်ခဲ့တဲ့ အတိတ်ကို ခဏလေးချထားပြီး အနာဂါတ်ကောင်းအောင်ဝိုင်းကြိုးစားရမှာ။
    အခုတော့အတိတ်လောက်ဘဲ ပြန်ပြီး အရသာခံပြောချင်နေတော့ခက်၏။

  • panpan

    May 14, 2013 at 9:34 am

    မဏ္ဍပ်အကြောင်းဖတ်ပြီး ဆက်တွေးမိတာက ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလည်းမလုပ်တတ်ဘူး ဆိုတာလိုဖြစ်နေပါပြီလေးလေးရေ…

    …………………….
    ဘာမှရွေးချယ်ခွင့်မရှိတာနဲ့စာရင် ရွေးချယ်ခွင့်ရှိလာတာကပိုကောင်းပါတယ်လေးလေးရေ
    ဒါပေမယ့် ဘာကိုရွေးရင် ဘယ်လိုဖြစ်လာမယ်ဆိုတာကိုတော့ သေချာသိထားဖို့တော့လိုမယ်ထင်ပါတယ်

    • ကိုယ်မှာရွေးချယ်ပိုင်ခွင့်ရှိနေချိန်မှာ ကိုယ်ရွေးချယ်တာမှားခဲ့ရင် ကိုယ်ဘဲခံရမှာပါ

  • အလင်း ဆက်

    May 15, 2013 at 8:54 pm

    အင်းးးး
    လာမယ် ့… 2015 ကိုပဲ…
    မျှော်လင့် ရင်းးးးး

    သိပ်တော့ မမျှော်လင့်ရဲသေးပါဘူး..လေးလေးပေါက်ရယ်.. ။
    မျှော်လင့်ထားတာတွေ က ဖြစ်မလာတာ များလွန်းလို ့…။
    🙂

  • မျှော်လင့်ရုံသက်သက်မဟုတ်တော့ဘူးဗျ
    ကျနော်တို့အားလုံးမှာတာဝန်ရှိနေပြီ။
    ကြိုးစားကြရမှာ။

  • uncle gyi

    May 15, 2013 at 10:21 pm

    ခက်တော့ခက်တယ်ကိုပေါက်ရဲ့
    မြန်မာမှာကအဖွဲ့အစည်းနဲု့လုပ်တဲ့ကိစ္စတွေမှာ
    ကိုယ်တိုင်ခေါင်းဆောင်လုပ်ဆိုလည်းဖြစ်အောင်မလုပ်
    နောက်ကလိုက်ဆိုလည်းမလိုက်
    ရှေ့ကလုပ်တဲ့သူကိုအမျိုးမျိုးဝေဖန်ပြီးအပြစ်တင်နေတဲ့သူကအမြဲပါနေတာ
    လူ့ကန့်လန့်တွေ
    ၂၀၁၅ အရွေးမမှားဖို့
    အတွေးပွါးလို့
    အမှန်လုပ်ရပ်တွေမြင်အောင်ကြည့်ကြပါစို့

Leave a Reply