“သည်မိုးမှောင်တုန်း မောင်ပုန်းပါရစေ ခင်”

nicolus agralMay 12, 20131min1231

“အနောက်တောင်ဆီက ရွာမလိုဟန်ပြင် မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင်စစ်မျက်နှာဖွင့် တိမ်ခိုးဝင့်ကာနှင် မှိုင်းမှိုင်းရိပ်ရောင် စွန်တောင်ဆင် ပြိုမှာလေလားမိုးရဲ့ငြှိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေတဲ့အင်။” တဲ့။

ခါတိုင်းလည်းနားထောင်နေကျ သီချင်းကလေးပါပဲ။ ဒါပေမယ့် ဒီနေ့တော့ ကိုစောညိမ်း သီချင်းလောက် ဟတ်ထိတာကိုမရှိတော့ဘူး။ အနောက်တောင် မုတ်သုန်လေကြီးက အားကောင်းနေလို့ ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ်ဘင်္ဂလားပင်လယ်အော်ထဲကို ဝင်လာပြီဆိုပဲ။ ဧရာမကြီး ဆင်လောက်ကြီးတာတောင် မကဘူး။ နံမယ့်ကိုကမဟာဆင်တဲ့။ ဖေ့စ်ဘုတ်ပေါ်က မဟာကြောင်လောက်တော့ သနားတယ်။ ဘင်္ဂလားကို မုတ်သုန်ဝင်တာလောက်ကတော့အဆန်း မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်ဆို ဝင်နေကျမို့ အညာမှာ ကလေးတွေဆိုတဲ့သီချင်းလေးတောင် မှတ်မိသေး။ “လေတွေမိုးတွေ လာပါလို့ ကဆုန်လပြည့်ကျော်။ လူပျိုလေးတွေလာပြန်တော့ ခုံဖိနပ်နဲ့ဆော်။” တဲ့။ အိမ်မြောက်ဘက်က မန်ကျည်းပင်ကြီးတွေ သီးမှည့်ကြွေတဲ့လေဦးမိုးဦးလည်း ဖြစ်တယ်။ ထွေးညိုကလေး မတ်တတ်ပေါက်ရင်း သစ်ကိုင်းပိတာလည်း ဒီအချိန်ပဲ။တပေါင်းတန်ခူး မိုးသားကြူးတုန်းကလာတဲ့ လေရူးလေပွေမျိုး မဟုတ်ဘူး။ လေနဲ့အတူ မိုးပါခေါ်လာတဲ့မိုးသက်လေပြင်း လို့ ခေါ်တယ်။ ကဆုန်နယုန် ဆွေ့ဆွေ့ခုန် ဆိုလောက်အောင် အပူပြင်းဆုံး ဥတုမို့လို့မိုးကို မျှော်နေသော်ငြားလည်း လာမယ့်လာတော့ မိုးကလည်း အငြှိုးကြီးနဲ့ အရွဲ့တိုက်သလိုရွာတာ။ ဒါကြောင့်မို့ မေဦးမိုးဟာ ဝမ်းသာအယ်လဲ ကြိုမိသော်ငြား စိုးနှောင့်ဗျာပွေလည်းမကင်းဘူး။ သည်နှစ်တော့ မုန်တိုင်းသတင်းကို ဟိုးအရင်တုန်းကလို မသိလိုက်မသိဘာသာ နေလို့မရတော့ဘူး။ ရခိုင်ဘက်ကို ဝင်မှာတဲ့ ဆိုရုံနဲ့တင် ရခိုင်မှာရှိတဲ့သူတွေကို သိသိ မသိသိအစိမ်းအကျက်မရွေး စိတ်ပူမိတယ်။ အထူးသဖြင့်တော့ အမ်းပတ်လည်ကလူတွေအတွက်ပေါ့။

ကိုယ်နေခဲ့တဲ့နှစ်နှစ်အတွင်းမှာတော့ တောင်ကြားထဲမှာ ရှိတဲ့ အမ်းဟာ လေကွယ် မိုးကွယ် အရပ်မို့လို့စစ်တွေ၊ ကျောက်ဖြူတို့လောက် ကျွမ်းသဒ္ဒါလန်နေအောင် မုတ်သုန်ဒဏ် မခံရပါဘူး။ ဒါပေမယ့်မိုးကတော့ နင်လားငါလား သည်းသည်းမည်းမည်း ရွာတယ်။ ရန်ကုန်မှာ ဆောင်းနေကျ ခေါက်ထီးလှလှလေးတွေဟာရခိုင်မှာ ဟန်ပြလောက်တောင် အသုံးမဝင်ဘူး။ လေတစ်ချက်အဝေ့နဲ့တင် လန်ထွက်သွားမှာ။ တဝေါဝေါတဝုန်းဝုန်း ရွာတဲ့မိုးထဲမှာ ပဒုမ္မာရွှေကြာရိုးကို ထီးလုပ်လို့မိုးတယ်ဆိုတာ ပျော်စရာကောင်းလို့သက်သက်ပဲ။ ရေကတော့ ဘာနဲ့ကာကာ တုတ်တုတ်ရွှဲမှာ။ ဒီလို မိုးထဲလေထဲမှာ ဆိုင်ကယ်ကလေးနဲ့ကျောက်ဖြူအထိ သွားဖူးပါတယ်။ ရွှံ့တွေဗွက်တွေ၊ ကျိုးနေတဲ့ တံတားလေးတွေကနေ ဆိုင်ကယ် တဗိုင်းဗိုင်းလဲအောင်သွားရတာခုချိန်မှာ ပြန်စဉ်းစားကြည့်တော့ ပျော်စရာကောင်းသလိုပါပဲ။ ရမ်းဗြဲနဲ့ ကျောက်ဖြူအကြားမှာမိုးလေဝသတိုင်းတာတဲ့ စခန်းတစ်ခုရှိတယ်။ နှစ်တိုင်း မုန်တိုင်းတွေ ဝင်နေကျမို့ ထားပေးတာတဲ့။ဒါပေမယ့် တောက်တဲ့ဟောတဲ့ ဗေဒင်လိုပါပဲ မှန်တဲ့အခါမှန်ပြီး မမှန်တဲ့အခါ မမှန်ဘူးတဲ့။ခေတ်နဲ့ အမှီမလိုက်နိုင်တဲ့ စက်ကိရိယာပစ္စည်းတွေကြောင့်လည်း ပါချင်ပါမှာပေါ့။ မနှစ်ကတုန်းကလည်းတီဗီသတင်းထဲက မုန်တိုင်းသတိပေးချက်တွေကို ဂရုတစိုက် လိုက်နားထောင်ပါတယ်။ ခုလိုပဲ။ ဘူးသီးတောင်မောင်းတောဘက် ဝင်သွားမှ သက်ပြင်းသက်မချနိုင်တယ်။ တကယ်ဝင်တဲ့အချိန်က ကြေငြာတဲ့အချိန်ထက်တစ်ရက်စောနေတာတစ်ခုပဲ။ မုန်တိုင်းက ညက ပြီးသွားပြီ။ နောက်တနေ့မှာ သတိပေးချက်တွေ ဆက်လာနေတော့ထပ်လာဦးမယ် မပြီးသေးဘူးမှတ်နေတာ။ ဘာပဲပြောပြော ရေရှားလို့ အမ်းချောင်းထဲဆင်းစိမ်နေရာကပြိုမှာလေလားမိုးရဲ့ ဖြစ်လာတာမို့ စိတ်ချမ်းသာတာတော့ အမှန်ပါပဲ။ တံစက်မြိတ်က ရေတံလျှောက်မှာကတော့လေးတပ်ပြီး ပိုက်သွယ်လိုက်ရင် တိုင်ကီအုတ်ကန် လျှံနေအောင်ကိုရတယ်။ ကြည်လင်စိမ့်အေးနေတာပဲ။ဖုန်တသောသောမြင်ကွင်းကလည်း ဆာဗစ်စင်ကထွက်လာတဲ့ ကားအသစ်ကလေးလို လန်းလန်းကြည်ကြည် စိမ်းစိမ်းတောက်တောက်သစ်လာတယ်။ ဖား၊ ခရု၊ ပုရစ်၊ ပုဇွန်တွေ ပေါတော့မယ်။ အိမ်ထဲကို တောက်တဲ့ကြီးတွေ ဝင်ဝင်လာပြီးသူတို့အသံတွေ ညံနေအောင် ကြားရတော့မယ်။

မိုးကြောင့်ခြေခင်းလက်ခင်းတွေ ပျက်သွားတဲ့အခါ ဆေးရုံကို သေကောင်ပေါင်းလဲလူနာတွေက လွဲလို့ ဘယ်သူမှမလာကြတော့ဘူး။ ရိုးမပေါ်မှာဆို ပိုဆိုးတယ်။ လမ်းတွေ ပြိုကုန်ပြီလေ။ ထမင်းဆိုင်တွေကတောင်နေ့တိုင်း ချက်မထားတော့ဘူး။ ကားဝင်မယ် ဖုန်းဆက်တော့မှ ကမန်းကတမ်း ချက်ပြုတ်ပြင်ဆင်တော့တယ်။ကားက နေ့တိုင်းမှ မဝင်နိုင်တော့ပဲကိုး။ ရန်ကုန် စစ်တွေကို ကားစီးရတဲ့ခရီးသည်တွေဘဝဟာ သနားစရာလည်းကောင်း၊ ပျော်စရာလည်း ကောင်းပါတယ်။ အမ်းရောက်ရင် ဈေးလည်ခေါင်က ဆိုင်ခုံကလေးတွေပေါ်မှာဖြစ်သလိုကျောခင်းပြီး အိပ်ရရှာတယ်။ ထမင်းဆိုင်မှာ ရေမိုးချိုးလို့ ရတယ်။ တစ်ခွက်တစ်ဖလားစားစားသောက်သောက် နဲ့ ခရီးဆက်ကြတာပေါ့။ အန္တရာယ်များပေမယ့်လည်း သည်ခရီးကို သည်နည်းနဲ့ပဲအရောက်လှမ်းရပါတယ်။ သည်အချိန် သည်ရာသီဆိုရင် ရခိုင်မှာ အကြောင်းပြချက်တစ်ခုတည်းနဲ့ပဲခရီးသွားလာကြတော့တယ်။ မဖြစ်မနေမို့တဲ့။ အဲဒီအကြောင်းပြချက် မရှိပဲနဲ့တော့ သူသူကိုယ်ကိုယ်အိုးမကွာ အိမ်မကွာ သာသာယာယာ အေးအေးဆေးဆေး မိုးစည်းစိမ်စံစားလို့ နေကြတာပေါ့။

တကယ်တော့ရခိုင်သူ ရခိုင်သားမှန်ရင် မိုးကြောက်တဲ့အထဲတော့ မပါပါဘူး။ သူတို့ဆီမှာ မိုးရာသီဆိုတာတစ်နှစ်မှာ ခြောက်လလောက် ရွာနေတာ မဟုတ်လား။ မြောက်ဦးက ဘုရားပုထိုးတွေတောင် လေဒဏ်မိုးဒဏ်ကြံ့ကြံ့ခံနိုင်တယ်။ မုန်တိုင်းဆိုတာကလည်း ကြီးတာနဲ့ သေးတာပဲ ကွာမယ်။ နှစ်တိုင်းတော့ကြုံတွေ့နေကျပါ။ သွားရေးလာရေးက ကုန်းလမ်းခက်ပေမယ့်ရေလမ်းက မြေပုံထဲမှာ တွေ့ရသလို ပင်လယ်ပြင်ကျယ်ကြီးထဲ ထွက်ရတာ မဟုတ်ဘူး။ မြစ်ဝကျွန်းပေါ်လိုပဲကျွန်းနုချောင်းဝ ရေတက်ရေကျနဲ့ စက်တပ်လှေကလေးတွေ လူးလာခေါက်တုံ့ သွားကြတယ်။ တို့ဘိုးတော်ဘတော်များကသာဒီကနေ့ထိ မီးမထွန်းပေးနိုင်သေးတာ။ ပေါက်ဖော်ကြီးတွေ ကျေးဇူးကြောင့် ဆိုင်ကယ်တွေလည်းမရှားဘူး။ စက်လှေကလေးတွေကလည်း လက်မညောင်းဘူး။ ဆေးရုံမှာလည်း မီးစက်ကလေးတွေ ထွန်းနိုင်တယ်။တို့ရွာသားတွေ အားလုံး ထွေလာဂျီပဲ စီးကြတယ်။ ကိုယ့်အရပ် မှာ ကိုယ့်ဇာတ်နဲ့ စိတ်ညစ်လှတယ်တော့မရှိပါဘူး။ လှည်းနေနေ၊ လှေအောင်းအောင်း၊ မြင်းဇောင်းထဲမှာပဲ ခွေခွေ၊ ပိတ်သတ်ကြီးကတော့အဆင်ပြေပါတယ်ဗျ။ ဓါတ်ငွေ့ပိုက်ကြီး တရုတ်ပြည်ရောက်မှတို့၊စစ်တွေရေနက်ဆိပ်ကမ်းကြီး အိန္ဒိယထိ ရထားလမ်းပေါက်မှတို့ဆိုတာက “ဘုရားငုတ်တို ရောင်တော်လွှတ်မှပုံတော်ဆင်ဝတ်ကြပါစို့ မောင်ကြီးရေ တော့” လို့ပဲ မရေမရာ တေးထားရတာ။

ကိုယ်ကိုယ်တိုင်ကရခိုင်လူမျိုး မဟုတ်သော်ငြား နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ရခိုင်မှာ နေလာဖူးတဲ့အခါ ရခိုင်ပြည်နယ်ကြီးနဲ့ပတ်သက်လာရင် ပူစရာရှိလည်း ပူတာပဲ။ တိုးတက်စေချင်တဲ့ စေတနာလည်း ရှိတာပဲ။ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးဆိုတာကတော့ ကိုယ်တိုင်ကိုယ်ကျ ခံစားဖူးတဲ့ အခြေခံလိုအပ်ချက်မို့ပြောမနေတော့ပါဘူး။ ပြောလည်း ထူးမှထူးပဲနဲ့။ သူတို့လည်း လုပ်နေရှာသားပဲ။ ရန်ကုန် စစ်တွေလမ်းမကြီးဆိုတာ အစက မရှိဘူး။ အခုလည်း ဖောက်တုန်း။ မပြီးသေးဘူး။ စိုင်တင်၊ သူဌေး၊ အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းတွေကလည်း တစ်ခုမှသာ မီးမလင်းသေးတာ ဘတ်ဂျက်ကလေးကျရင် ထလုပ်လိုက်၊မပါပြန်တော့ ရပ်ထားလိုက်နဲ့ အင်ဂျင်နီယာကလေးတွေဆို ဘယ်လောက်သနားဖို့ကောင်းသလဲ။ တောထဲတောင်ထဲငတ်တလှည့်ပြတ်တလှည့်။ ငှက်ဖျားက ထူပါဘိ။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဆိုတာကတော့ကိုယ်တွေလုပ်ပေးနိုင်တာဆိုလို့ အစည်းအဝေးတွေပဲ ရှိတယ်။ တစ်လတစ်ခါ ပျော်ပျော်ပါးပါးအစည်းအဝေး ခေါ်ကြတာပေါ့။ ကာဖီတောင် မတိုက်နိုင်ပါဘူး။ အစည်းအဝေးပြီးမှ ရုံးရှေ့ လက်ဘက်ရည်ဆိုင်အမေရိကန်လို သောက်ကြတာ။ ပြောစရာမရှိ အရင်အပတ်က အဆိုပြန်တင်လေ။ သူလည်း မမှတ်မိ၊ ကိုယ်လည်းမမှတ်မိ။ သည်လူသည်လူတွေ တွေ့လိုက်ရင် မာကြောင်းသာကြောင်း သိရတာပေါ့။ အမ်းမြို့နယ်မှာအစည်ကားဆုံး ဌာနဆိုင်ရာ သုံးခုတော့ ရှိတယ်။ ကြေးတိုင် နဲ့ မြေစာရင်းရယ်၊ ထွေ/အုပ်ရယ်၊မောင်စံဖားတို့ ဆေးရုံရယ်။ တောင်ယာတွေ အသိမ်းခံရလို့ မြေတိုင်းပြီးရင် လျော်ကြေးထုတ်မယ်။လက်စနဲ့ အောင့်ထားသမျှ ရောဂါလေးတွေ ဆေးရုံဝင်ပြကြမယ်။

ခုလိုမုန်တိုင်းသတိပေးထားတဲ့အခါဆိုရင်ဌာနဆိုင်ရာတွေလည်း ကယ်ဆယ်ရေးအတွက် အသင့်ပြင်ထားကြရတယ်။ ရေကြီးရေလျှံ၊ ဆိုင်ကယ်မှောက်။သွပ်မိုးလန်၊ မိုးကြိုးပစ်၊ ဝမ်းရောဂါ၊ မြွေပါးကင်းပါးတွေခါတိုင်းထက် ပိုလာတာကိုး။ မိုးထဲလေထဲ မွေးလူနာများလည်း အရောက်နောက်ကျတော့မယ်။ ဒီအချိန်ကြီးကျမှအမ်းဆေးရုံမှာ ရှင်နည်းရာ အဂ္ဂလူထွက်တာ စိတ်မကောင်းပါဘူး။ ကိုယ့်နေရာမှာ အစားမဝင်သေးဘူး။ကျောက်ဖြူမှာလည်း ဆာဂျင်မရှိလို့ အိုဂျီမမလေး မူးတောင်လဲသတဲ့။ သူ့အိမ်ကကိုကို ရင်ထုမနာသာဓုခေါ်ထားတာ ဖတ်လိုက်ရတယ်။ တကယ်တော့ ရခိုင်တစ်ပြည်လုံးမှာ အထူးကုရှိတဲ့နေရာက စစ်တွေ၊ကျောက်ဖြူ၊ သံတွဲ၊ အမ်း ပြီးရင် ဘူးသီးတောင်၊ မောင်းတောပဲ ရှိတယ်။ ဒါက နေရာပြောတာ။လူက မေးစရာမလိုဘူး။ ဆေးခန်းကောင်းကောင်း ထိုင်လို့ရတဲ့နေရာဆို ဆရာဝန်ရှိမယ်။ ရခိုင်တွေသီချင်းဆိုသလို အိပ်စိုက်စား အိပ်စိုက်စား ဆိုတဲ့နေရာဆို ဆရာဝန်တွေ ပြေးမှာပေါ့။ ဒီနေရာမျိုးမှာဆရာဝန်တစ်ယောက်ရဲ့ အတ္ထိပစ္စယောဟာ လူနာပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ် ဖြစ်မှန်းကိုကိုယ်ကိုယ်တိုင်နေဖူး ကုဖူးတဲ့အခါ သိလာပါလိမ့်မယ်။ ဒီအချိန်ဒီအခါ လှေဆိပ်ရှိတဲ့ ကဇုကိုင်း၊ကမ်းထောင်းကြီးကနေ အမ်းကိုရောက်အောင်လာချင် ကားငှားခချည့်ပဲ ရှစ်သောင်းရှိတယ်။ အမ်းရောက်လို့ဆရာဝန်မရှိဘူး။ မကွေးကို သွားပါ ဆိုရင် နောက်ထပ် နှစ်သိန်း ထပ်ကုန်မယ်။ ဆရာဝန်မျက်နှာမမြင်ရခင်ကတည်းက အိမ်တိုင်တွေ ကျွတ်ကုန်ပြီ။ ဒီစကားကတော့ ကိုယ့်ဘာသာ အမှတ်ယူချင်လို့ပြောတဲ့စကား မဟုတ်ပါဘူး။ ကိုယ့်လိုပဲ အမ်းမှာ တပိန်ပိန်တလိန်လိန်နဲ့ မဖြစ်ဖြစ်အောင်နေပြီး ဆေးကုနေသူ ဘဝတူဆရာဝန်တွေကို အားပေးချင်တဲ့စကားပါ။ အမ်းမှာနေတဲ့အတွက် လူနာတွေကလည်းကျေးဇူး သိတတ်ချင်မှ သိတတ်ပါလိမ့်မယ်။ (အခန့်မသင့်ရင် တိုင်တောင်တိုင်တတ်သေး) ဝန်ကြီးဌာနကြီးကလည်းအသိအမှတ်ပြုချင်မှ ပြုပါလိမ့်မယ်။ (စိတ်သာချ။ နိုင်ငံခြားလွှတ်ချင် ရန်ကုန်ကလူတွေချည့်ပဲခေါ်မှာ။ ခင်ဗျားတို့ သိတောင် သိလိုက်ရမယ် မဟုတ်) ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကြီးကဆိုခင်ဗျားတို့ကို နံမယ်တောင် သိမှာ မဟုတ်ဘူး။ (အမ်းကနေ သူတို့ ရခိုင်ပြည်နယ်အကြောင်းစာရေးနေသော ဖုတ်လေသည့်ငပိတောင် ရှိတယ်လို့ မကြားဖူးကြဘူး) အမ်းက ပြန်လာရင် လိုရာဆုတောင်းစေဆိုတဲ့အမိန့်တောင် ဗေကင်စီမရှိရင် ပြည့်သေးဘူးဗျ။ သိုက်နန်းရှင်များလို ကိုယ့်နေရာ စတေးဖို့လူစားမရရင်လည်း စောင့်ရတယ်။ အဲသဟာတွေကို မျှော်မြင်နေသမျှ ကာလပတ်လုံး မထွေးနိုင် မအံနိုင်စိတ်ဆင်းရဲခြင်းကြီးစွာရတတ်တယ်။ ဒါကြောင့် အဲဒါတွေ အကုန်လုံး မေ့ထားပြီး ဒီနေရာ ငါမရှိရင်တော့သူတို့ ဒုက္ခပါပဲ လို့သာ သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းလိုက်ပါ။ ကုသိုလ်ဆိုတာ စေတနာသာပါပစေ။ဘယ်သူပေးပေး မပေးပေး၊ ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု မရမရှိပါဘူး။ လောလောဆယ်လည်း ပီတိစိတ်ကလေးနဲ့စိတ်ဝမ်းငြိမ်းချမ်းသွားတယ် မဟုတ်လား။

ပထဝီသဘောတရားအရအီကွေတာက မြောက်ဘက်ကို ကျွံဝင်လာတဲ့ နေအပူရှိန်ကြောင့် အိန္ဒိယသမုဒ္ဒရာထဲမှာ လေဖိအားနည်းရပ်ဝန်းတွေဖြစ်ပေါ်လာစမြဲပဲ။ အဲသည်ကမှ မုတ်သုန်လေတွေ အားကောင်းလာရင် ဘင်္ဂလားပင်လယ်အော်ထဲကို မုန်တိုင်းငယ်ကလေးတွေအဖြစ်ဝင်လာတာ။ တခါတရံမှာတော့ အရှိန်အဟုန်ပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးတွေ အဖြစ် ပြောင်းတဲ့အခါလည်းပြောင်းသွားတတ်တာပေါ့။ ဖောက်ပြန်လာတဲ့ ရာသီဥတုကြောင့် မုန်တိုင်းတွေ အလာစိပ်လာတာလည်းခန့်မှန်းထားပြီးသားပါ။ အဲသည် မုန်တိုင်းတွေရဲ့လားရာဟာ အဓိကအားဖြင့် ဘင်္ဂလားနဲ့ ရခိုင်နယ်စပ်ကနတ်မြစ်ဝဆီကို ဖြစ်တတ်တယ်လေ။ ဒါကြောင့် စစ်တကောင်းမြို့ဟာ ကမာ္ဘပေါ်မှာ မိုးရေချိန်လက်မအများဆုံး မြို့အဖြစ် စံချိန်တင်ထားဆဲပေါ့။ စစ်တွေ၊ ကျောက်ဖြူသားတွေအတွက် မုန်တိုင်းဆိုတာနေသားကျလာပြီးသားပါ။ လောလောဆယ်မှာတော့ လေပြင်းမုန်တိုင်းထက်စာရင် လူပြင်းမုန်တိုင်းကိုပဲကြောင့်ကျကြီးစွာ သောကပွားနေကြရလိမ့်မယ် ထင်ပါတယ်။ အစီရင်ခံစာတွေလည်း ထွက်ပြီးပြီ။“ပါပလားဟေ့ ဖိုးထောင်ရေ့” ဆိုရင် ခုထက်ထိ “မပါသေးဘူး ဝါနုရေ့” လို့ပဲ အော်ရဦးမယ်။အဲသည်လူတွေဟာ ဘင်္ဂလားနိုင်ငံမတည်ခင်ကတည်းက သည်မှာဘက်ကမ်းမှာ ပေါက်ဖွားလာတယ်လို့ ငြင်းချင်လည်းငြင်းပါ။ ထားပါတော့။ သူတို့လည်း မနေ့တနေ့ကအထိ အေးအေးချမ်းချမ်းနေနေကြတယ် မဟုတ်ဘူးလား။ဘာဖြစ်လို့ သည်ကနေ့ကျကာမှ ဟနုမာန်အမြီး ဓါတ်ဆီဆွတ်ထားသလို ခုန်ဆွခုန်ဆွ ဖြစ်လာရပါသလဲ။သူတို့ကို အတန်းအစားသတ်မှတ်ချက်အရ ဒုက္ခသည်တွေ အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားတယ်ဆိုရင်တောင်အဲသည် ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးရတဲ့ ပစ္စည်းကိရိယာတွေထဲမှာ လက်နက်ကြီးငယ် မပါသင့်ပါဘူး။ကုလသမဂ္ဂ နံမယ်ခံထားရင် စစ်ဖြစ်အောင် လှုံ့ဆော်တဲ့ သဘောထား ရှိစရာလားဗျ။ ငြိမ်းချမ်းရေးအဖွဲ့ကြီးဆို။ဒါပေမယ့် အဖွဲ့အစည်း တံဆိပ်ကပ်ကားကြီးနဲ့ လက်နက်ကြီးငယ် ဖြန့်ဝေလှုံ့ဆော်တဲ့သူကို အစစ်အဆေးအမေးမြန်းမရှိ၊ငြိမ်းချမ်းရေး သံတမန်ကြီးများတောင် ခန့်ရဦးမယ်ဆိုတော့ အဲဒါ ဘာစကားပြောတာပါလိမ့်။ပြောတဲ့သူဟာ ကိုယ့်နေရာ ကိုယ့်ရာထူး၊ ကိုယ့်လုပ်ငန်းရဲ့ သဘောသဘာဝကိုမှ နားလည်ပါလေစလို့ သံသယပွားရပါတယ်။ သူလိုလူမျိုးတွေ ရှိနေတဲ့ အဖွဲ့အစည်းကြီး ဘယ်နိုင်ငံအကြားက ပဋိပက္ခကိုမှဖြေရှင်းနိုင်စွမ်း မရှိတော့တာလည်း မအံ့ဩတော့ပါဘူး။ မိတ်ဆွေကြီးတို့အဖွဲ့အစည်းရဲ့အနာဂတ်ကိုလည်း လွန်စွာမှပင် စိုးရိမ်မကင်း ဖြစ်မိပါကြောင်းဗျာ။ သဗ္ဗေသတ္တာ အဝေရာ ဟောတု။အဗျာပဇ္ဇာ ဟောတု၊ သုခိအတ္ထာနံ ပရိဟာရန္တု။ အဲသည်လူကြီးတစ်ယောက်တော့ နည်းနည်းမှ ဟိုဒင်းမပြုပါစေသတည်း။

credit to Dr Soe Min

One comment

  • ဦးကြောင်ကြီး

    May 13, 2013 at 9:59 am

    ပွင့်လင်းမြင်သာမှု အားနည်းချက် ရှိတယ်ဗျ.. အဲဒီ အမှုကို မီဒီယာရှေ့မှောက် လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်ပေးခဲ့ရင် သိပ်ကောင်းမှာ.. အခုတော့ ပြောစရာဖြစ်ပြီ..။ ဘင်္ဂါလီဆိုတိုင်း နိုးလုပ်လို့ ဖြစ်သေးဗူးဗျ… တချိန်မှာ အဲဒီလိုမျိုး ဒီမိုတွေဖက် ပြန်လှည့်လာလိမ့်မယ်.. အဲကြတော့မှ မျောက်သစ်ကိုင်းလွတ် ဘယ်မှအကူအညီ တောင်းလို့မရ ဖြစ်နေမယ်… ယုံဗူးဗျို့ သမဒဂျီးကိုရော၊ လွှတ်တော်ငှက်ကထဂျီးကိုရော၊ ကာချုပ် ကုတ်ခြာဂျီးကိုရော…. ဘွားဒေါ်ဂျီးကလည်း အားမကိုးရ .. အနိစ္စ.. 🙁

Leave a Reply