သူ
“ကလင် ကလင်”
အဆေင်ရှေ့ကစက်ဘီးဘဲလ်သံကြောင့် ကျွန်မဆတ်ကနဲဖြစ်သွားပါတယ်။ စိတ်ထဲကနေလည်းတိတ်တခိုးမျှော်လင့်နေမိတာ ကသူဖြစ်ပါစေပေါ့။ အတန်ကြာအောင်နားစွင့်ထားပေမယ့်ကျွန်မနာမည်ခေါ်သံမကြားရတဲ့အခါသက်ပြင်းမောတခုကိုမှုတ် ထုတ်မိလိုက်ပါတယ်။
“အစ်မ”
“ဝေ့ ဘာလဲ”
အခန်းဖော်ညီမလေးကခေါ်လို့ထူးလိုက်ရင်းမော့ကြည့်မိတော့သူ့မျက်ဝန်းတွေကစကားပြောနေသလိုအကဲခတ် နေသလိုမို့ ကျွန်မမျက်နှာနွေးကနဲဖြစ်သွားပါတယ်။ ချက်ချင်းမျက်နှာလွှဲလိုက်ရင်းက ဟင့်အင်း မမေးပါစေနဲ့ဘာမှမမေးပါစေနဲ့ စိတ်ထဲကနေဆုတောင်းနေမိပေမယ့် ဆုတောင်းမပြည့်ဘူးလေ..။
“မျှော်နေတာလားအစ်မ”
ကဲမေးပြီ ဘယ်လိုဖြေမှာလဲမိကြာညို ညည်းဘယ်လိုဖြေမှာလဲ အမှန်အတိုင်းမလိမ်မညာဖြေမှာလား လိမ်မှာလား..။ ကုတင်ပေါ်မှာစာတွက်နေရင်းမို့ ကျွန်မစာကိုစိတ်ဝင်စားနေသယောင်ပြုရင်းစဉ်းစားနေမိတယ်..။ ကဲဟယ်ဖြေလိုက်မယ်..။
“မမျှော်ပါဘူး ပုမရယ်”
ကျွန်မလိမ်လိုက်ပါပြီ သူနဲ့ပတ်သက်လာရင် အမြဲလိမ်ညာနေမိခဲ့တယ် အရင်ကလည်းလိမ်ခဲ့တယ် အခုလည်းလိမ်မိတယ် နောင်လည်း ကျွန်မလိမ်ရဦးမှာပါပဲလေ။ ချစ်စရာကောင်းတဲ့အခန်းဖော် ကျွန်မတို့အခေါ်ပုမတဖြစ်လဲ ယဉ်မင်း ကလည်းအလိုက်တသိနဲ့ပဲဘာမှဆက်မမေးတော့ပဲ စာကိုပဲဆက်ကျက်နေပါတယ်။ ကျွန်မတို့နှစ်ဝက်စာမေးပွဲနီးပြီမို့ကျောင်း တပါတ်လောက်မသွားကြပဲ အဆောင်မှာပဲစာကြည့်နေကြတာပါ။ သူရောစာတွေတော်တော်ကြည့်ပြီးနေပြီလားမသိ ဪငါ့နှယ်ပြောနေရင်းကိုစိတ်ကသူ့ဆီရောက်သွားပြန်တယ်။ ခက်ပါလားနော်။
“အစ်မ ဘယ်သွားမလို့တုန်း”
စာအုပ်တွေသိမ်းနေတဲ့ကျွန်မကိုအံ့ဩသလို ကြည့်ရင်းမေးလိုက်တဲ့ပုမကိုဘာမှမပြောပဲပြုံးပြပြီး
“ပုမစာကျက်စရာရှိတာကျက်ပါ ကျုပ်ဘာသာဘယ်သွားသွားပေါ့”
“အံမယ် အစ်မနော် အစ်မစက်ဘီးလျှောက်စီးရင် ပုမလည်းလိုက်မယ်”
ပြောပြောဆိုဆိုစာအုပ်ကိုပစ်ချပြီးနေရာကထဖို့ဟန်ပြင်ပါတယ်။ အတူနေလာတာကြာလာတော့အကြောင်းသိတွေဖြစ်နေပြီ ဆိုတော့ခေါ်ခဲ့ရတော့မှာပေါ့။
“အစ်မ အဒေါ်အိမ်ဘက်လည်းခနသွားဦးမှာနော်”
“ဖြစ်ပါတယ် အစ်မရယ် တခါတည်း မိန်းဘက်ကအသဲစွဲသွားဝယ်ရအောင်နော်အစ်မ”
“အေးပါအေ ညည်းစားချင်ရင်သွားလေ ဟိုဘက်ကကောင်မတွေကိုအသံပေးလိုက်ဦးတော်ကြာကောက်နေကြဦးမယ်”
“အစ်မအရှေ့ကစောင့်မယ် ညည်းတို့ထွက်ခဲ့”
အဆောင်ရှေ့အရောက်မှာ အုတ်ခုံမှာထိုင်ပြီးစောင့်နေတဲ့ သက်မာရဲ့သူငယ်ချင်းရောက်နေတာတွေ့လိုက်တယ်။ ဪခုနစက်ဘီးဘဲလ်သံက သူကိုး..။ ကြိုပြီးချိန်းထားလို့ဖြစ်မယ် အခုထိ နာမည်အော်သံမကြားလိုက်ဘူး။
လမ်းပေါ်ကိုယောင်ရမ်းပြီးမျှော်ကြည့်မိပြန်တယ် ရွက်ကြွေတွေလေအဝှေ့ ကသုတ်ကရက်ထခုန်နေတဲ့လမ်းပေါ် အသက်မဲ့သလိုငေးနေမိတယ်။ ဪ မိကြာညို ညည်းတယ်ခက်နေပါလား..။ ဘာကိုမျှော်နေတာလဲ…။ စက်ဘီးကိုဒေါက်ထောက်ထားပြီး ပုမတို့ထွက်အလာကိုစောင့်နေမိပါတယ်။ သူရောအခုချိန်ဆို အောင်နိုင်တို့အဆောင်များ ရောက်နေမလား။ ဟို အမူးသမားသိုက်ကြီးတို့နဲ့များတွေ့ပြီး ဘီယာဆိုင်များပါသွားပြီလားမသိ..။ အယ် ငါတွေးမိပြန်ပြီ သွားစမ်း သွားစမ်း ငါ့ခေါင်းထဲကသူ့အကြောင်းအတွေးတွေသွားစမ်း..။
“တောက်”
“အယ် မကြာညို ဘာဖြစ်လို့လဲ”
အနားရောက်လာတဲ့ ဝေနွယ်အသံကြောင့်ကျွန်မလန့်သွားတယ် ငါတက်ခေါက်မိသွားပါလား။
“ဘာမှမဟုတ်ပါဘူး ဝေကြီးရယ် အစ်မစာတွေမရသေးလို့စိတ်တိုနေတာ ပုမတို့ရော”
“လာနေပြီ မကြာညိုရဲ့ပုမနဲ့သမီးနှစ်ယေက်ပဲ”
အားလုံးစက်ဘီးကိုယ်စီနဲ့ လူရှင်းတဲ့ဆေးရုံလမ်းသစ်ဘက်ကနေမြို့ထဲကိုထွက်လာခဲ့ပါတယ်။
ကျွန်မကတစီး ဝေနွယ်နဲ့ ပုမကတစ်စီး။ အင်းဒီလမ်းကွေ့မှာသူနဲ့ငါ ကျူရှင်ကအပြန်ငါ့စက်ဘီးဘီးပေါက်သွားတာပေါ့ တော်ပါ သေးတယ်သူပါလို့ရယ် မဟုတ်ရင်ကျွန်မဒီနားမှာစက်ဘီးပြင်ဆိုင်ဘယ်နားမှာရှိမှန်းမသိ။ သူမေးစမ်းပြီး ဆိုင်တွေ့သွားလို့ပေါ့။ သူကအဆောင်ရောက်အောင်ပြန်ပို့ရင်း လမ်းမှာကျွန်မတို့စားနေကျဆိုင်လေးမှာ ထမင်းဝင်စားတယ် အဲဒါကျူရှင်ရှိတဲ့ နှစ်ရက်ပေါ့။ ကျန်တဲ့ရက်တွေဆိုသူညနေဘက်အဆောင်လာခေါ်ပြီး အဆောင်နားကလက်ဖက်ရည်ဆိုင်မှာစားဖြစ်တယ်လေ။ အခုသူဘယ်ဆိုင်မှာစားပါလိမ့်။ ဟဲ့ ပလုတ်တုတ် ငါဘယ်သူ့အကြောင်းတွေးနေတာတုန်း။
“အစ်မ ဟိုမှာ အစ်မသူငယ်ချင်းပါလား”
သူတို့ပြတဲ့ဘက်ဆိုင်ကိုကြည့်လိုက်တော့ ကျွန်မရင်ထဲဒိန်းကနဲဖြစ်သွားတယ် ဟယ် သူနဲ့ထိုင်နေတာ ဘေးခန်းကဆွေပါ လား။ ကျွန်မစိတ်တွေလှိုင်းထန်သွားပါတယ် စိတ်ကိုထိန်းစမ်းပါ မိကြာညိုရယ် ညည်းနဲ့ဆိုင်လို့လား..။
“မညိုရေ မဆွေနဲ့ထိုင်နေတာတော့”
“အာ မဆွေဘာလုပ်တာတုန်းဟ”
မျက်မှောင်ကိုကျုံ့ထားမိရင်း သူတို့နှစ်ယောက်ပြောနေသံကို ကြားတချက်မကြားတချက်။
ကျွန်မအတွေးတို့က ခရီးထွက်ဖို့ဟန်ပြင်ရင်း အတိတ်ခရီးကိုပြန်ဆန်းစစ်နေမိတယ်။
…………………………………………
“ဟဲ့ နင်ဘယ်သွားစရာရှိလဲ ငါနဲ့ခဏလိုက်ခဲ့ပေးဦး”
“နင်ကလဲဟာ ငါသိပ်နေမကောင်းဘူးဟ ပြန်ရအောင်”
“မရဘူးဟာ နင်ကလည်းခနလေးပါ ငါဝယ်စရာရှိလို့ပါဟ”
“အေးဟာ ကဲ သွား”
ကျွန်မဂျစ်တိုက်ရင်ရမှန်းသိနေတော့ ကျွန်မကအဲလိုဆိုးပါတယ်။ ဒီအချိန်ကျူရှင်မှာ သူရယ် ကျွန်မရယ်နောက်သူငယ်ချင်း တယောက်ရယ်ပဲတက်တာပါ။ ကျန်တဲ့ မေဂျာတူသူငယ်ချင်းတွေကအကြောင်းကြောင်းကြောင့် အချိန်မတူကြပါဘူး။ တယေက်ကအိမ်ကလာကြိုတာမို့ ကျွန်မတို့နှစ်ယောက်ပဲအတူပြန်ဖြစ်ပါတယ်။ အဆောင်ချင်းလည်းနီးတယ်လေ။ ကျွန်မတို့အဆောင်ကသူတွေနဲ့လဲ မိတ်ဆက်ပေးထားတာမို့သိနေကြပါတယ်။ သူတို့ကပြောတယ် အစ်မသိပ်မဆိုးပါနဲ့တဲ့လေ။
သူတို့ကပြောတယ် ကျန်တဲ့အချိန်တွေမှာဆို သူငယ်ချင်းတွေအုပ်စုလိုက်မို့ သူ့ကိုသိပ်အနိုင်မကျင့်ဖြစ်ပေမယ့် နှစ်ယောက်တည်းဆုံဖြစ်ရင်ကျွန်မ အရမ်းအနိုင်ကျင့်တယ်တဲ့လေ ။ ဟုတ်များနေမလား။ သူတို့ကဆက်ပြောသေးတယ် အစ်မ သူငယ်ချင်းက အစ်မ ကိုအရမ်းသည်းခံနိုင်တာအံ့ဩတယ်တဲ့လေ။ ဒါကတော့ ငါကလည်း သူ့အပေါ်ကောင်းတာကိုးလို့ ပြန်ပြောခဲ့တယ်။ တခါမှာတော့ ကျွန်မက ဆွေ နဲ့ကြုံလို့မိတ်ဆက်ပေးပြီးတော့ ဆွေကချစ်စရာလေးမို့ သူ့ကိုစမိတော့ သူကမကြိုက်ဘူး မစနဲ့ လို့ ခပ်တင်းတင်းပြောခဲ့တာမှတ်မိသေးတာပေါ့။ နောက် သူ့ကို အဲ့လိုစရင် ကျွန်မကို ချစ်ရေးဆိုထားဖူးတဲ့ သူနဲ့ပြန်စမယ်တဲ့ အဲဒိသူကို ကျွန်မက သိပ်အမြင်ကတ်တာသူသိတယ်လေ။
တရက်မှာတော့ ကျွန်မသူနဲ့မုန့်စားနေရင်း ငါအရင်ကတွဲခဲ့တဲ့ သူငယ်ချင်း တွေနဲ့ အဆင်မပြေချိန်မှာ ငါ့အနားရှိနေပေးလို့ကျေးဇူးပါလို့ပြောမိတဲ့နေ့ အဲဒိနေ့ကပေါ့ သူမျက်နှာကြီးညိုပြီးစကားအကောင်း မပြောတော့လို့ကျွန်မထူးဆန်းနေခဲ့ရတာပေါ့။ ကျွန်မနဲ့သူကအရင်က အတန်းဖေါ်အဆင့်ပါပဲခင်တယ်ဆိုရုံပေါ့ ဖြစ်ချင်တော့ ကျွန်မ တွဲနေတဲ့သူငယ်ချင်းတွေဘုရားဖူးစုသွားတာရာမှာ ကျွန်မက အိမ်ကခွင့်မပြုလို့ မလိုက်တာနဲ့အကြောင်းပြုပြီး သူငယ်ချင်းတွေနဲ့သဘောထားကွဲပြီး အခေါ်အပြောတွေခပ်ကျဲကျဲဖြစ်သွားတဲ့အချိန် သူနဲ့ကျွန်မ နောက် ကျွန်မအဆောင်က ကျွန်မအခန်းဖေါ်အပါအဝင်ကလေး တသိုက်တို့နဲ့ အဖွဲ့ကျခဲ့ကြပါတယ်။ ကျွန်မနဲ့သူက အတန်းတူဆိုတော့ပိုတွဲဖြစ်ကြတာ ပေါ့။ သူကအနေလည်းအေးပါတယ် ဒါကြောင့်ကလေးတွေနဲ့ဆို သူကစကားပြောခဲတယ်လေ ဒိုင်ခံနားထောင်ဖက်ပေါ့။
အခုတော့ ကျွန်မအမှုမဲ့အမှတ်မဲ့ပြောလိုက်တဲ့စကားလေးတခွန်းက အနေအေးပြီးသည်းခံတတ်တဲ့ သူ့ကိုအကြီးအကျယ်နာကျင်စေခဲ့ပြီလား..။ ကျွန်မ မတွေး တတ်တော့ပါဘူး။ သူကျွန်မဆီကိုအလာကျဲလာတယ် ကျောင်းမှာလည်း ရှောင်ဖယ်ရှောင်ဖယ်လုပ်လာတယ်လေ။ သူငယ်ချင်းတွေ ညီမလေးတွေလည်းမျက်စိလည်ကုန်တယ်။ ကျွန်မလည်းဘယ်သူ့ကိုမှလိုက်ရှင်းပြမနေတော့ပဲ ဒီအတိုင်းပဲ နေလိုက်တော့တယ်။ အခုတော့ သူ့လုပ်ရပ်တွေက ဒီလိုတဲ့လား ဆွေနဲ့သူ သိပ်ကိုရင်းနှီးနေကြပုံပါလား။
………………………………………….
အို ဘာတွေလဲ ကျွန်မအတွေးတွေကိုဖယ်ထုတ်ရင်း ခေါင်းကိုမော့ပြီး လေကိုရှုသွင်းလိုက်ရင်းခပ်ပြင်းပြင်းလေးနင်း လိုက်တယ်။ သူပြောဘူးတယ်လေ ဒီခွေးပစ်တဲ့တုတ်လောက်ပဲရှိတဲ့ကောင်မလေးနဲ့ငါ့ကိုမစ စမ်းပါနဲ့တဲ့။ ဆွေကပုပုလုံးလုံး လေးမို့ပါ။ သူဘာဖြစ်တာလဲ ဘာအချိုးလဲ ဘယ်ကိုဦးတည်းနေတာလဲ။ လေဆန်မို့သဘော ကျသွားတယ် အားစိုက်နင်းလိုက်ရင်စိတ်တွေသက်သာမယ်ထင်ပါရဲ့။ လမ်းကွေ့တခုအရောက် ကျွန်မမျက်စိတွေပြာဝေသွား တယ်။ ကြောက်စိတ်ကခေါင်းကိုတက်ဆောင့်သွားပြီး ကျွန်မအားကုန်ကျုံးအော်မိလိုက်တယ်။
“အားးးးးးးးးးးး”
“ကျွီ…………”
ကျယ်လောင်တဲ့ကားပရိတ်အုတ်လိုက်သံ၊ အော်သံတွေဆူညံသွားပါတော့တယ်။ ကျွန်မအာရုံထဲမှာနောက်ဆုံးပေါ်လာတာက ဆွေနဲ့သူစကားတွေပြောနေလိုက်ကြတာပြုံးလို့ပျော်လို့..။ နောက်တော့ အမှောင်တိုက်တခုပိတ်ကျလာပြီး ဟင်းလင်းပြင်ထဲ လွင့်ထွက်သွား ပါတော့တယ်။
ကျွန်မ သတိရလာတော့ ဆေးရုံကုတင်ပေါ်မှာရောက်နေပါတယ် တကိုယ်လုံးကနာကျင်နေတဲ့ဝေဒနာနဲ့အတူ မျက်လုံးတွေကို အားယူဖွင့်ကြည့်လိုက်တော့ စူးရှတဲ့အလင်းရောင်နဲ့ မသဲကွဲတဲ့အရိပ်တွေ။
“ဟော သတိရလာပြီ မျက်လုံးပွင့်လာသလိုပဲ”
“အေး အေး ဟုတ်တယ်”
“သမီး ကြာညို သမီး”
စိုးရိမ်တကြီးခေါ်သံနဲ့ လှုပ်ရှားမှုတွေကြားမှာ ပထမဆုံးသေချာလိုက်တာက
အမေ
ဒါအမေ့အသံပါ
“အမေ”
ကျွန်မတမ်းတမ်းတတခေါ်လိုက်မိတယ်။
“အမေ အနားမှာရှိတယ် ရှိတယ်”
အမေကပြောရင်းဆိုရင်း ကျွန်မလက်ကိုဆုပ်ကိုင်ထားပါတယ် သေချာကြည့်လိုက်တော့ မျက်ရည်ဝဲနေပေမယ့် အားပေးပြုံးနေ တဲ့ အမေ့မျက်နှာ။ ကျွန်မအရမ်းကြောက်သွားခဲ့တာပါ ကံကောင်းလို့ပါလား။ ကျွန်မဘာတွေဖြစ်သွားလဲဆိုတာပြန်စဉ်းစားရင်း အရမ်းတုန်လှုပ်သွားမိတယ်။ ကံကြီးလို့ ကျွန်မချစ်ရတဲ့ ကျွန်မအမေ ကိုပြန်မြင်ခွင့်ရတာပါလား။ ဆရာဝန်ကလာကြည့်ပြီးလို အပ်တာတွေလုပ်ပေးသွားပြီးအမေတို့တွေ အပြင်ခနထွက်သွားတဲ့အချိန် ပုမကကျွန်မအနားကပ်လာပြီး
“အစ်မ အမေ လေ သိပ်သနားစရာကောင်းတာပဲ အစ်မသတင်းကိုဖုန်းဆက်ပြောတော့ ခြေမကိုင်မိလက်မကိုင်မိနဲ့
စိုးရိမ်တကြီးဖြစ်နေတာ သိပ်သနားတာပဲအစ်မရယ် အစ်မသတိမေ့နေတာ နှစ်ရက်တောင်၊ အစ်မအမေညဘက်တွေလည်း
မအိပ်ဘူးသိလားအစ်မ၊ အစ်မအဖေဆိုတာလည်း အစ်မတို့ဆီနဲ့ပြည်ကို ကူးချည်သန်းချည်နဲ့တအားကိုစိတ်ပူနေတာ”
ကျွန်မမျက်ရည်တွေစီးကျလာပါတယ်။ ရင်ထဲမှာလည်းနာနာကျင်ကျင်ခံစားလိုက်ရတယ်။ ကျွန်မ အမေ ကျွန်မကိုအသက်ကိုပေးမွေးခဲ့တဲ့အမေ နှစ်ပေါင်းများစွာလူဖြစ်အောင်ကျွေးမွေးစောင့်ရှောက်လာတဲ့အဖေ။
သူတို့တွေရဲ့ကျေး ဇူးကိုတောင်မဆပ်နိုင်သေးပဲ ကျောင်းတက်မှတွေ့တဲ့သူတယောက၊် ကိုယ့်အပေါ်ကာလတို အပိုင်းအခြားလေးကောင်းခဲ့တဲ့ သူတယောက်ကြောင့် ကျွန်မအသက်ကိုစွန့်လွှတ်ရတော့လောက်အောင် သတိလက်လွတ်ဖြစ်မိတဲ့ကျွန်မကိုယ်ကျွန်မ သိပ်ရှက်မိသလို မိဘတွေ ကိုလည်းသိပ်အားနာမိသွားတယ်။
သူတို့ခမျာ သောကဗျာပါဒတွေနဲ့ ငွေကုန်လူပန်းဖြစ်ရရှာပြီ။ ကျွန်မစိတ်ထဲကနေ ဂတိတွေပေးနေမိတယ် နောက်တဖန်မွေးဖွားလာတဲ့ကျွန်မ ဘယ်တော့မှ အဓိပ္ပါယ်မဲ့ အသက်ကိုဆုံးရှုံးရမယ့် အဖြစ်မျိုးမရှိအောင် ကြိုးစားနေထိုင်ပါ့မယ်လို့လေ။ သူဆိုတာ ကျွန်မဘဝမှာ မိဘလောက် ဘယ်တော့မှ အရေးပါလာမှမဟုတ် တော့သလို ဘယ်သူ့ကိုမှလည်း မိဘထက်ပိုပြီး ယုံကြည်မက်မောမိမယ်မဟုတ်တော့ဘူးဆိုတာ အသေအချာပါပဲ ဆိုတာကိုယ့်ကိုယ်ကိုသေချာသွားသလိုပါပဲ။
တကယ်ဒုက္ခကြုံလာရတဲ့အခါမိဘသာလျှင်အားကိုးရာပါ။ ငွေကုန်လူပန်းနဲ့ ကျွန်မကို သေမင်းခံတွင်းကနေတခါပြန်မွေးဖွားပေးလိုက်တဲ့ မိဘတွေကိုစိတ်ထဲကနေအခါခါ ဦးညွတ်နေမိပါတော့တယ်။ နောက်ကျွန်မဘဝမှာ သူဆိုတာတွေကအစားထိုးလို့ရပေမယ့်
ကျွန်မရဲ့ မိဘဆိုတာအစားထိုးဖို့လုံးဝမဖြစ်နိုင်လို့ ကျေးဇူးအစုစုကိုဦးညွတ်ရင်း ကျွန်မဘဝမှာ နောက်ထပ်ကြုံလာရဦးမယ့် သူ ဆိုတာတွေကြောင့် ကျွန်မမိဘတွေ စိတ်ဒုက္ခမရောက်စေရဘူးလို့ သံဓိဋ္ဌာန်ချလိုက်မိပါတော့တယ်။
——————————————————————
ကျေးဇူးအထူးတင်ပါတယ်ရှင့်။
(ရွာသူားများ ဝေဖန်ပေကြပါဦး ရေးထားပြီး ပြန်ဖတ်ရင်းဖတ်ရင်း ထူပြီး ဘာလိုမှန်းကိုမသိတော့လို့ 😆 )
33 comments
ဦး ကျောက်ခဲ
May 15, 2013 at 8:39 pm
အဟမ်း… မိရွှေကြည်ရဲ့ ချစ်ကိုယ်တွေ့ပေါ့…
၅၂၈နဲ့ ၁၅၀ဝမေတ္တာ ဘယ်တူပါ့မလဲကွယ်…
ဒါပေသည့် ၅၂၈ကိုပဲ ထာဝရဖက်တွယ်ထားရင်တော့ အပျိုကြီးဖြစ်သွားမှာပေါ့…
အဲ… သိပြီးသားတော့ဖြစ်မှာပါ၊ ဒါပေမည့် ကြုံလို့ပွါးလိုက်ဦးမယ်…
“စိတ်ဆိုးအောင်” ပြောလို့ရတယ်၊ “စိတ်နာအောင်” စကားမဆိုမိပါစေနဲ့…
နောက်ပြီး တမ်းတလို့ လွမ်းရပါတယ်ဆိုရင်ဖြင့် “စစ်ဂနယ်”လေးတော့ ပြလိုက်ပေါ့အေ…
:harr:
ရွှေ ကြည်
May 15, 2013 at 8:56 pm
အူးကျောက်ရေ ကျေးဇူးအကြီးကြီးတင်ပါတယ်နော်..။
အပျိုကြီးဖြစ်ဖို့ကတော့သေချာသလောက်ပဲ။ အူးကျောက်ပြောတဲ့စကားလေးကောင်းလိုက်တာ စိတ်ဆိုးအောင် ပြောလို့ရတယ် စိတ်နာအောင် စကားမဆိုမိပါစေနဲ့…။
မှတ်ထားမယ်
အလင်း ဆက်
May 15, 2013 at 8:45 pm
တကယ်တော့…မမရွှေနဲ ့ ကျွန်တော်.တော်တော်ကွာတယ် ။
ဘာကွာလဲ.ဆိုတော့..
ကျွန်တော်က ကျွန်တော် ရေးထားပြီးသား ဝတ္ထုကို..ကောင်းလှပါလား..လို ့..ပဲ.. ထင်တယ် ။
မမရွှေ က..တစ်ခုခု လိုနေတယ်လို ့..ထင်တယ် ။
အဲဒါ……
=============
ကိုယ့် စာမူလေးကို ကိုယ် တိုင်က ကောင်းလှပြီ..ထင်နေတဲ့အခါ….
ကိုယ် ့မှာ အားနည်းချက်မရှိဘူး.လိုလိုနဲ ့…
အားနည်းချက်တွေ ကို မမြင်မိတော့တာ…က…အဆိုးဆုံး.အားနည်းချက်ပါ ။
အဲဒီလို..ကွာခြားတာလေးကြောင့်….
မမရွှေရဲ ့… ဝတ္ထုလေးက…ပိုကောင်းတဲ ့ စာပေလက်ရာတစ်ခု ဖြစ်လာပါတယ် ။
————————–
တကယ်ပြောတာပါနော် ။
————————–
ကိုယ်တိုင် တကယ်ကြုံခဲ့ရတဲ ့ အဖြစ် ( တကယ့်ဖြစ်ရပ် အမှန် ) လို ့..ထင်သွားတယ် ။
ဟုတ်ချင်လည်း.ဟုတ်မယ် ။ မဟုတ်ချင်လည်း..မဟုတ်ဘူး ။
ဒါက မမရွှေပဲ..သိမယ် ။
ဒါပေမယ့်..တကယ့်ကို မျက်လုံးထဲမှာ..မြင်လာတဲ့ မြင်ကွင်းတွေက..
တကယ့်အဖြစ်ပဲ.. .။
အဲဒီလို မြင်အောင်..ရေးနိုင်ပြီ..ဆိုကတည်းက..ဘဝသရုပ်ဖော် စာပေဆီ ကို လှမ်းသွားနေပြီ ။
အရေး အသားပြေပြစ်တယ် ။
ဖတ်ရတာ..ချောတယ် ။
တချို ့နေရာတွေမှာတော့ ဝါကျ တိုတိုနဲ ့ရေးရင်.. ပို… အရှန်တက်သွားမှာကို..
မမရွှေက..ဝါကျ အရှည်ကြီးတွေ သုံးထားမိတယ် ။
အဲဒါ……
အုမပါ.. အဲ..အုပမာ…
ဖြစ်ချင်တော့ ကျွန်မ တွဲနေတဲ့သူငယ်ချင်းတွေဘုရားဖူးစုသွားတာရာမှာ ကျွန်မက အိမ်ကခွင့်မပြုလို့ မလိုက်တာနဲ့အကြောင်းပြုပြီး သူငယ်ချင်းတွေနဲ့သဘောထားကွဲပြီး အခေါ်အပြောတွေခပ်ကျဲကျဲဖြစ်သွားတဲ့အချိန် သူနဲ့ကျွန်မ နောက် ကျွန်မအဆောင်က ကျွန်မအခန်းဖေါ်အပါအဝင်ကလေး တသိုက်တို့နဲ့ အဖွဲ့ကျခဲ့ကြပါတယ်။
နောက်ကျွန်မဘဝမှာ သူဆိုတာတွေကအစားထိုးလို့ရပေမယ့်
ကျွန်မရဲ့ မိဘဆိုတာအစားထိုးဖို့လုံးဝမဖြစ်နိုင်လို့ ကျေးဇူးအစုစုကိုဦးညွတ်ရင်း ကျွန်မဘဝမှာ နောက်ထပ်ကြုံလာရဦးမယ့် သူ ဆိုတာတွေကြောင့် ကျွန်မမိဘတွေ စိတ်ဒုက္ခမရောက်စေရဘူးလို့ သံဓိဋ္ဌာန်ချလိုက်မိပါတော့တယ်။
( ဒါတွေက အပြစ်မရှ်ိတာကိုအပြစ်ရှာပြီး..ထုတ်လိုက်ရတာပါ ။ )
================
ပြောချင်တဲ့ မတ်စိကို..ဒဲ ့.ကြီးပေးလိုက်တာကတော့…
နည်းနည်း.ပြောစရာ ရှိတယ် ။
ဝတ္ထုတိုဆိုတာက…
ဖတ်ပြီးလို ့. ဝတ္ထုကသာ….
ဆုံးသွားပေမယ့်.. ဖတ်သူက ဆက်….တွေး..ပြီးးးးး
သဘောပေါက်သွားစေမယ့်… စကားလုံးလှလှလေးတွေ သုံးလိုက်ရင်..
ပို ရသမြောက်တယ်လို ့…..ထင်တယ် ။
(ကျွန်တော့်အထင်နော် ။ )
ကျွန်တော်ဆိုရင်..
ဆက်ပြီး.တွေး…တော…နေရတဲ့ဇာတ်သိမ်းမျိုးကို သိပ်ကြိုက်တယ် ။
အဲဒီလို ဝတ္ထုမျိုးဆို.. မေ့မရဘူး ။
အုပမာ…..
ဆရာမ ဂျူးရဲ ့ဝတ္ထုတိုတွေ….။
သူ ဘာပြောချင်တာလဲ..ဆိုတာလေးတွေကို..
သေချာလေး.တွေးတော့မှ ပေါ်လာစေတဲ ့ ဇာတ်သိမ်းမျိုးးး..
ဆရာမဂျူ းရဲ ့ ဝတ္ထုတိုလေးတွေမှာတွေ ့ရတယ် ။
အကုန်မပြောသွားပဲ….
စာဖတ်သူက ဆက် ဖော်ယူ ရတဲ ့…ဇာတ်သိမ်းမျိုးးးး။
===============
ကဲ…ကဲ….
ကိုယ့်အကြိုက်နဲ ့.. နှိုင်းယှဉ်ချိန်ထိုးပြီး..ဝေဖန်ရေး.လေကန်ရေး.လုပ်သွားတာမို ့..
ဒီ … ဝေဖန်ချက်ကို…. ဖတ်ပြီးတာနဲ ့..
(သဘော ( သဘော ) မတူ ရင်)
ခေါင်းထဲက ထုတ်လိုက်ပါ..မမရွှေ….။
ခင်မင်လေးစားစွာဖြင့်…
အလက်ဆင်း
ရွှေ ကြည်
May 15, 2013 at 8:58 pm
အလက်ဆင်း ရေ ကျေးဇူးအကြီးကြီးတင်ပါကြောင်း ပြောပါရစေနော် အစ်မသဘောတူပါတယ် အစ်မလည်း အဲလိုမျိုးလေး သဘောကျတယ်။ ထပ်ပြောမယ်ကျေးဇူးတင်ပါတယ် 😆
မောင် ပေ
May 15, 2013 at 8:54 pm
တပြည်သူ မရွှေတိုး ရဲ ့အရေးအဖွဲ ့ကို ဖတ်ရှုခံစားသွားကြောင်းပါ
အဲဒါ အဲဒါ
ရွှေ ကြည်
May 15, 2013 at 8:59 pm
အူးပေရေ ကျေးဇူးတင်ပါကြောင်းးးးးး :harr:
အလင်း ဆက်
May 15, 2013 at 9:12 pm
တော်ပါသေးရဲ ့။
မမရွှေ… ပြန်လာရင်..ရိုက်ဖို ့ တုတ် ပါလာလောက်ပြီ..ထင်နေတာ ။
:kwi:
=========
တကယ်တော့…
ဝေဖန်ရေးသမား.တစ်ယောက်ဟာ…
ကိုယ့်အကြိုက်နဲ ့ တိုင်းတာပြီး.မဝေဖန်သင့်ဘူးလေ ။
ကိုယ့်အကြိုက်အပေါ်လိုက်ပြီး..ကောင်းတယ် မကောင်းဘူး.ဝေဖန်တာက..
အကြမ်းထည် ဆန်ပါတယ် ။
ကို်ယ့်အကြိုက်နဲ ့ညီရင်..ကောင်းတယ်..
မညီရင်..မကောင်းဘူး..
ဒီလို…ပြောတဲ ့ ဝေဖန်မှု က ..ဓမ္မဓိဠာန် မကျဘူး.လို ့ထင်ပါတယ် ။
ပြီးတော့…
ဝေဖန်ရေးသမားဟာ.. ဘယ်နေရာမှာတော့.. ဘယ်လို ရေးယသင့်ပါတယ်..လို ့..မပြောသင့်ပါဘူး ။
အနုပညာသမားရဲ ့ အခွင့်အရေးကို လုယူတဲ့ စကားမျိုးနဲ ့..ဝေဖန်ရေးစည်းကို မချိုးဖောက်သင့်ပါဘူး။
ဒါကကြုံလိ်ု ့…လေပေါတာပါ ။
🙂
===========
အခု
အပေါ်မှာ.. ကျွန်တော်.ပြောခဲ့တာတွေ က..
ကျွန်တော့် အကြိုက်နဲ ့ တိုင်းတာ တာတွေ ပါနေလို ့……..
ဝေဖန်ရေး သမား ( သမား ) တစ်ယောက်ရဲ ့ အဆိုလို ့.. မယူဆပဲ…
အနုပညာကို ခံစားပြီင်္း…..
ခံစားချက်ကို..ပြန်ပြောသွားသူတစ်ယောက်ရဲ ့ အဆို လို ့သာ..
ယူဆ ပေးပြီး.သကာလ…..
သဘူတော သွားသော…
မမရွှေ ကို..
ကျေးဇူး ပြန်တင်ပါ ၏။
:kwi:
ရွှေ ကြည်
May 16, 2013 at 6:17 pm
ဟုတ်ကဲ့ပါ အလက်ဆင်းရေ အခုလို စိတ်ပါလက်ပါလေပေါသွားတာကိုပဲ ကျေနပ်မိပါကြောင်း။
ဝေဖန်ရေးသမားရဲ့ အဆိုလို့မယူဆပဲ ပရိတ်သတ်တယောက်ရဲ့ခံစားမှုအမြင်လို့ယူဆပါကြောင်း (ကြီးကြီးကျယ်ကျယ်ပြောတာ)
ခင်ခ
May 15, 2013 at 9:30 pm
မိဘချစ်ခြင်းကတော့ ဘယ်လိုနိုင်းရမလဲလေ။ သူတို့ချစ်တာက အပေးသက်သက်လေ။
ကိုယ်က သူတို့လို အပေးဘဲရှိစွာ ချစ်ဖို့ကတော့ မလွယ်လှပေမယ့် လုပ်နိုင်တဲ့သူတွေကိုတော့ လေးစားမိပါတယ်။
ကျွန်တော်လေးစားတဲ့ထဲ မရွှေကြည်များပါမလားဆိုတာကတော့ဖြင့်……
အရေးကောင်းလေးအတွက်တော့ဘရာဗိုလ်ပါဗျ။
ရွှေ ကြည်
May 16, 2013 at 6:19 pm
လေးခင်ခရေ လေးခင်ခလေးစားရတဲ့ထဲ ပါအောင်ရွှေကြည်ကြိုးစားပါ့မယ် လောလောဆယ်တော့မပါသေးပါ 😆
အရေးအသားကောင်းတယ်ဆိုလို့ ဝမ်းသာမိပါကြောင်းနဲ့ ကျေးဇူးတင်ပါကြောင်း :harr:
P chogyi
May 16, 2013 at 1:33 am
အားမနာတမ်းဝေဖန်ရရင်တော့ (ရေးချတွေ ကျန်ခဲ့တာများတယ်)
ဂရုစိုက်လိုက်ပါဦး ဟိဟိ
MaMa
May 16, 2013 at 7:08 am
သတ်ပုံအဖွဲ့ဝင် တိုးလာပြီ။
ကြိုဆိုပါတယ် ကိုပီကြီး။ :hee:
ရွှေ ကြည်
May 16, 2013 at 6:21 pm
ကိုပီချိုကြီးရေ ဟုတ် ခုလို ပြောပေးတာကျေးဇူးပါဗျ နောက်ဂရုစိုက်ပါ့မယ်နော် မမှားသင့်တာလေးတွေပါ နောက်ကိုလည်း ဝင်ရောက်ဖတ်ရှု ပြီးခုလိုလေးဝေဖန်ပေးပါလို့ 😆
MaMa
May 16, 2013 at 7:19 am
ချစ်ရွှေကြည်လေးရေ-
လူတစ်ယောက်ဟာ အသက်အရွယ်နဲ့လိုက်ပြီး စဉ်းစားတွေးခေါ်ပုံတွေ ပြောင်းလဲသွားတတ်တယ်။
ငယ်ရွယ်တဲ့အချိန်မှာတောင် အဲလို အသိတရားဝင်တယ်ဆိုတော့ လိမ္မာတဲ့သမီးလို့ ပြောရမယ်။
လိမ္မာတဲ့သမီးအဖြစ်လွန်ပြီး အော်မေ့ဂိုဏ်းဝင်လည်း ဖြစ်နေအုံးမယ်။
သမီးလိမ္မာလည်း ဖြစ်ပါစေ။
ဇနီးလိမ္မာလည်း ဖြစ်ပါစေ။
:hee:
ရွှေ ကြည်
May 16, 2013 at 6:26 pm
ချစ်မမရေ ချစ်မ ပြောတာအမှန်ပဲ အသက်အရွယ်လိုက်ပြီးအတွေးအခေါ်တွေပြောင်းလဲသွားတတ်ပါတယ်။
အဲ လိမ္မာတဲ့သမီးလို့ပြောလို့ ပီတိတွေကိုဖြစ်နေလိုက်တာ အဲဒိအရွယ်ကတည်းက မိဘတွေဘက်ကနေတွေးပေးတတ်တာအကျင့်လိုဖြစ်နေတယ် :harr: (တော်ပါတယ်ဆိုမှ)
ဇာတ်လမ်းက အဖြစ်မှန်တဝက်ပဲပါတယ် ချစ်မမရဲ့။ ချစ်မမပေးတဲ့ဆုနဲ့ပြည့်ပါစေ
ဗုံ ဗုံ
May 16, 2013 at 9:52 am
သူနဲ့သာဆိုရင်.. ဘယ်လိုပင်ဝေးစေ ..လိုက်မှာဘဲအမြဲပင်..
သူနဲ့သာဆိုရင်.. ပန်းရနံ့လည်းမမွှေးတဲ့ လမ်းအဝင်….
လိုက်သာသွားမမဂျီးး ဘယ်လိုဝေးဝေး ဘယ်လောက်ဝေးဝေး
ဒါမှ ညက်မှန်လေးကို မိဗုံ ဝိုက်လို့ရမှာ..
ရွှေ ကြည်
May 16, 2013 at 6:27 pm
ဟမ် မိဗုံ ကလေးမကတော့လေ 😆
ရွှေတိုက်စိုး
May 16, 2013 at 9:54 am
အောင်မလေး ကောင်းလိုက်တဲ့ဝတ္ထုတို…လေးပါလား..
မိန်းကလေးတစ်ယောက် အတွက် အချစ်နဲ. မိဘ ကို ယှဉ်ပြသွားတာအရမ်းမိုက်တယ်..
တလျှောက်လုံး စိတ်ကူးအတွေးတွေနဲ. ဖွဲ.လာတဲ့ ဇာတ်အိမ်ကို ခံစားဖတ်လာပြီးမှ နောက်ဆုံး သိမ်းခါနီးမှ မိဘ မေတ္တာကို ဖော်ကျူးသွားတာ ကောင်းလိုက်တာ….
မီးကောင်ပေါက်အပျိုမလေးတွေ အတွက် သင်ခန်းစာယူစရာပေါ…
အင်းအချစ်ဆိုတာလဲ ခက်သားလားဗျာ… သူနဲ.တွေ.ရင် အားလုံးက သေးသေးလေးတွေဖြစ်သွားကြပါရောလား…
ကျွန်မ အမေ ကျွန်မကိုအသက်ကိုပေးမွေးခဲ့တဲ့အမေ နှစ်ပေါင်းများစွာလူဖြစ်အောင်ကျွေးမွေးစောင့်ရှောက်လာတဲ့အဖေ။
သူတို့တွေရဲ့ကျေး ဇူးကိုတောင်မဆပ်နိုင်သေးပဲ ကျောင်းတက်မှတွေ့တဲ့သူတယောက၊် ကိုယ့်အပေါ်ကာလတို အပိုင်းအခြားလေးကောင်းခဲ့တဲ့ သူတယောက်ကြောင့် ကျွန်မအသက်ကိုစွန့်လွှတ်ရတော့လောက်အောင် သတိလက်လွတ်ဖြစ်မိတဲ့ကျွန်မကိုယ်ကျွန်မ သိပ်ရှက်မိသလို မိဘတွေ ကိုလည်းသိပ်အားနာမိသွားတယ်။
အဲဒီ စာပိုဒ်လေးက တစ်ခုလုံးရဲ. တန်ပိုအမြင့်ဆုံး စာသားလေးပါပဲ.. ဝတ္ထုရဲ ကီးလေးပေါ့…
ရွှေ ကြည်
May 16, 2013 at 6:31 pm
ကိုရွှေတိုက်ရေ အခုလို အားပေးတာ အရမ်းကိုဝမ်းသာရပါတယ်ဗျာ ကျေးဇူလည်းတင်တယ်။
ဇာတ်လမ်းရဲ့ အဲဒိ ကီးလေးကို မှမြင်ကြပါမလားလို့ စိတ်ပူတာဗျ ကိုယ့်တင်ပြမှု အရေးအသားက ဒီပွိုင့်ကို ပုံမဖေါ်နိုင်မှာစိုးရိမ်နေတာ အဲဒါကြောင့် ပြန်ဖတ်ပေမယ့် အဲဒါကိုပဲအာရုံရောက်နေတော့ စာလုံးပေါင်းတွေမှားသွားတယ်။ 😆
သူကလေး
May 16, 2013 at 11:27 am
အရမ်းကောင်းတာပဲ မမရွှေကြည် ….
ရွာထဲပြန်ဝင်ဝင်ချင်း ဒီရှယ်ဝတ္ထုတိုလေးကို ဖတ်လိုက်ရလို့ များကြီးကျေးနပ်မိတယ်ဂျာ
အရေးအသားလေးတွေလည်းကောင်းပါတယ် …
သူကလေးတို့လည်း ငယ်တုန်းကတော့ အဲဒီထက်ဆိုးတဲ့ထိဖြစ်ဖူးပါတယ်
ဖြစ်ပီးတော့လည်း အဲထဲကမိန်းကလေးလိုတောင် ချက်ချင်းအသိတရားရတာမဟုတ်ဖူး
အချိန်တွေနည်းနည်းကြာပီး အသက်လေးနည်းနည်းကြီးလာတော့မှ ကိုယ်အမှားကြီးမှားခဲ့ပါလားဆိုတာ သတိရတာ ….
ရွှေ ကြည်
May 16, 2013 at 6:34 pm
သူကလေးရေ အခုလိုလေးကြားရတော့ မမရွှေကြည် ဝမ်းသာတာပေါ့ကွယ်။
အသိတရားရတယ်ဆိုရင်ပဲ သူကလေးကတော်တာပေါ့ :hee:
ကို ငြိမ်းမောင်
May 16, 2013 at 4:37 pm
အရေးအသားလေးကို သဘောကျတယ်ဗျ။ ရေးတတ်ပါကွယ်။
ကျွန်မရဲ့ မိဘဆိုတာအစားထိုးဖို့လုံးဝမဖြစ်နိုင်လို့ ကျေးဇူးအစုစုကိုဦးညွတ်ရင်း
ကျွန်မဘဝမှာ နောက်ထပ်ကြုံလာရဦးမယ့် သူ ဆိုတာတွေကြောင့် ကျွန်မမိဘတွေ စိတ်ဒုက္ခမရောက်စေရဘူးလို့ သံဓိဋ္ဌာန်ချလိုက်မိပါတော့တယ်……….. တဲ့ သမီးလိမ္မာလေးပါလားလို့ ချီးကျုးမိတယ်လေ။
ရွှေ ကြည်
May 16, 2013 at 6:38 pm
ကိုငြိမ်းမောင်ရေ မင်္ဂလာပါနော်
အဓိက ကလေ ဘယ်လိုအကြောင်းကြောင်းကြောင့်မှ ကိုယ့်အသက်ကို မစွန့်စေချင်တာပါ
ကျန်ခဲ့တဲ့မိဘ ကအကျိုးနည်းရမှာ ယောက်ျားလေး မိန်းကလေး ဘယ်သူ့ကိုမှ အချစ်ကြောင့်ကိုယ့်ဘဝ ကိုယ့်ဖျက်စီးမိမှာကို မလိုလားမိတာပါ။ ခံစားချက်တော့ရှိမှာပဲလေ မိဘမျက်နှာကိုငဲ့ပြီးအားတင်းရမှာပဲလေ
မိဘတွေရဲ့ မေတ္တာကို လျစ်လျူမရှုစေချင်တာပါ ကျေးဇူးအရမ်းတင်ပါတယ်လို့
ခင်မင်လျှက်
ရွှေကြည်
MaMa
May 17, 2013 at 7:54 am
ဟိုးးးးးးးတလောက နိုင်ငံရပ်ခြားရောက်နေကြတဲ့
လူငယ်တွေ ကိုယ့်ကိုကိုယ် သတ်သေကြတဲ့ သတင်းတွေ မကြာခဏ ကြားရတုန်းက အခုလို မက်ဆေ့ချ်မျိုး ပေးချင်စိတ်တွေ ဖြစ်ခဲ့ဖူးလို့ အပြည့်အဝ ထောက်ခံသွားပါသည်။ :hee:
မဟာရာဇာ အံစာတုံး
May 17, 2013 at 6:40 am
မမဂျီးးး
တား .. ဘာ .. ပေါ .. ရ .. မ .. ဒုန်း .. ဟင်င်င် … 🙄 🙄
ဘာမှ ကြောဒတ်ဘာဝူးးးး
ဒီဒေါ့ဂါ ဘာမှ ကြောဒေါ့ဝူးးနော် … ဟီးးး
နည်းနည်းလေး ပေါကျိရရင်ဒေါ့ ….
သူ ဆိုဒဲ့ တစ်ယောက်ရဲ့ အပြစ်ကြောင့်ချည်း မီဟုတ်ဝူးးးးးး
အိုက်ဒါ မိကြာညို အပြစ်ဒွေလည်း ပါဒယ် …
ပေါရရင် … သူ ကို သွားပြီး စွဲမိတဲ့ မိကြာညို အပြစ်ချည်းဘာဘဲ …
မိဘ ကတော့ …
တောင်းဆိုး ဘာညာသာ လွှင့်ပြစ်ရိုး ရှိတယ် …
သားဆိုး သမီးဆိုးတောင် ပြစ်ရိုး မရှိပါဘူး …. တဲ့ ….။
အမြဲတမ်း ဝဲလ်ကမ်းနေဒါ မိဘ ပါပဲ …..။
နောက်တစ်ခုက ….
မိဘရဲ့ မေတ္တာ တရားနဲ့ ကိုယ့်ရဲ့ အပြစ်ကို တွဲဖက်ပြီး မြင်လိုက်ရတဲ့ အချိန်မှာ
ဝမ်းနည်းသလိုလို ဘာလိုလိုတွေ ဖြစ်ပြီး မျက်ရည်တွေ ဒလဟော ထွက်ကျလာတတ်သေးတယ် ….
သူကလေး
May 17, 2013 at 5:09 pm
ရှလွတ် ရှလွတ် မီငိုပါနဲ့ မိုင်ဘရားသားရယ်
မိုင်ဘရားသားငိုရင် သူကလေးမှာ နေမထိထိုင်မသာဖစ်လွန်းလို့စ်ပါ ခစ်ခစ်
ရွှေ ကြည်
May 17, 2013 at 5:14 pm
မှန်တာပေါ့ငါ့မောင်ရယ် မိကြာညိုအပြစ်တွေလည်းပါတာပေါ့ ဒီတော့သူ့ကိုလည်းခွင့်လွှတ်ပါတယ် ( ခရက်ဒစ်တူ အလက်ဆင်း 😆 ) နောက်
ဒါလည်းမှန်တာပါပဲကွယ် :hee:
kyeemite
May 17, 2013 at 3:52 pm
ဒေါ်ရွှေကြည်ရေ…သူတကာတွေစုံနေအောင်ဝေဖန်၊ ချီးကျူး၊ ထောက်ပြ
ကြပီးသွားတော့ ..ဘာမှတောင်ပြောစရာမကျန်သလိုပဲ…..
တစ်ခုပဲ…ကြိုးစားပြီး စာရေးနေသေးတယ်..ဆိုတာကပဲ ဂဇက်အတွက် အားတစ်ခုပါ..
အချစ်အကြောင်းတော့ သိပ်နားမလည်လို့ ဘာမှမပြောနိုင်ပါဘူး(နောက်မှအချစ်ဝတ္ထု အခန်းဆက်
အရှည်ကြီး ရေးအုံးမယ်) :harr:
ရွှေ ကြည်
May 17, 2013 at 5:15 pm
အူးကြိုက်မီး အရှည်ကြီးဆို ပျင်းတယ် ဖတ်ချင်ဘူး အချစ်အကြောင်းသိပ်နားမလည်ဘူးတဲ့တော့ :harr:
စာတွေရေးနေပါသေးတယ် အူးကြိုက်မီးရေ အကြောင်းကြောင့်သာ…………….
Mobile13
May 18, 2013 at 1:22 am
ကိန်းဂဏန်းတွေအရသာ ၁၅၀ဝ က ၅၂၈ ထက်ပိုသာနေပေမယ့်
တကယ့် မေတ္တာစစ် မေတ္တာမှန် ချစ်ခြင်းတရားတွေခြင်း နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်
အဆမတန် ကွားခြားလွန်းလှပါတယ်……………………….
ရွှေ ကြည်
May 18, 2013 at 2:45 pm
မှန်ပါပေတယ် ကိုရင်မိုဘိုင်းရယ် တုနှိုင်းလို့မမှီနိုင်တာ မိဘမေတ္တာပါ။
KZ
May 18, 2013 at 7:36 pm
ချွေကြည်လေးရယ်။
အရေးအသားပိုင်းတို့ အဖွဲ့အနွဲ့ပိုင်းတို့က ကိုယ်တိုင်ကလည်း အဆင့်မမှီလို့ မပြောချင်ပါဘူး။ မဝေဖန်တတ်ပါဘူး။ အကြံမပေးနိုင်ပါဘူး ကွယ်။
အဲ၊
အပြင်မှာ နှလုံးသားရေးရာ အကူအညီလိုရင်သာ နိုင်း ဝမ်း ဝမ်း (အဲ) မမဂျီးကို ဖုန်း ဆက်လိုက်ပါလို့။
အဟွတ်။ :kwi:
ကူညီဘဇေ
ကူညီဘဇေ ချင့်။
ရွှေ ကြည်
May 18, 2013 at 8:06 pm
မမဂျီး ခိုင်ဇာရေ တကယ်ကြီးလား ဂယ်ဆက်မှာနော် အဲဒါမှ ရှောင်မပြေးရဘူး :harr: