အဆိပ်ခတ်အဖွဲ့ကြီး မိလာပြီဗျ… ဘာလုပ်သင့်လဲပြောပြ… သတ်ပစ်…. သတ်ပစ်
အဆိပ်ခတ်အဖွဲ့ကြီးမိလာပြီဗျ… ဘာလုပ်သင့်လဲပြောပြ… သတ်ပစ်…. သတ်ပစ်
အဆိပ်ခတ်အဖွဲ့ကြီးမိလာပြီဗျ… ဘာလုပ်သင့်လဲပြောပြ… သတ်ပစ်…. သတ်ပစ်
မိုးလင်းကာစ – အိပ်မက်လိုလို အသံသဲ့သဲ့သာ ကြားနေရာကနေ အသံများမှာ နီးသထက်နီးလာသည်။ ညက ညီအမတွေ ဆော့တာလွန်ပြီး အိပ်တာနောက်ကျတော့ မျက်လုံးက မဖွင့်ချင်။
(၈၈) အရေးအခင်း ကာလမှာပါ။
အဖေနဲ့ အမေတို့က ခိုင်တို့ညီအမတွေကို စိတ်ပူတော့ ခိုင်တို့နေတဲ့ စက်ပိုင်း၊ တံငါပိုင်းမှာ မအိပ်စေပဲ မြို့ထဲက ကြီးကြီးတို့အိမ်မှာ ညတိုင်း ပြောင်းအိပ်ခိုင်းသည်။ ခိုင်တို့ကတော့ စိတ်ပူရကောင်းမှန်းမသိပါ။ ညနေစောင်းဆို နို့ဆီခွက်ပစ်လိုက်ကြ၊ ထုတ်စည်းတိုးလိုက်ကြနှင့် တနေ့တမျိုး မရိုးနိုင်ပါ။ အဖေနဲ့ အမေပြောနေတဲ့ ဆန်စက်ကို မီးကွင်းပစ်မှာစိတ်ပူနေတာတို့၊ အိမ်ကဆန်တွေ တက်လုဖို့ ရပ်ကွက်ထဲက လူမိုက်တွေ တိုင်ပင်နေလို့ စိတ်ညစ်ရတာတို့ကို ကြားနေပေမယ့် သိပ်တော့ နားမလည်မိခဲ့ပါဘူး။ ဒီကြားထဲမှာ ကြီးကြီးပြောသည့် “ဂျင်ကလိ” ဆိုတာကြီးကိုလည်း မြင်ဖူးချင်လို့ ညီအမတွေ မကြခဏ ခိုးခိုးထွက်ကြသေးသည်။
ပြီးခဲ့သည့် ရက်တွေက ဆန္ဒပြကြတာတွေ ကြည့်ရတာ ပျော်စရာကောင်းမှကောင်းပဲ။ လူတွေအများကြီး သံချပ်တွေလို အော်တာလည်း အရမ်းကို နားထောင်လို့ ကောင်းမှကောင်း။ ခိုင်တို့လည်း တခါတလေ ထမင်းထုတ်တွေ လိုက်ဝေပေးတဲ့အထဲများပါရင် အရမ်းပျော်တာ။
အဆိပ်ခတ်အဖွဲ့ကြီးမိလာပြီဗျ… ဘာလုပ်သင့်လဲပြောပြ… သတ်ပြစ်…. သတ်ပစ်
အိပ်မက်မဟုတ်တာ သေချာပြီပဲ။ ဘေးနားမှာ လှုပ်တုတ်တုတ်ဖြစ်နေသော မူမူ့ကို တွန်းနှိုးလိုက်တော့ မူမူလည်း နိုးသွားသည်။ အင်မတန်စပ်စုသော ခိုင်တို့ အောက်ထပ်ကို အမြန်ပြေးဆင်းပြီး ခြံဝပြေးထွက်လိုက်ကြသည်။
လမ်းမှာစောင့်ကြည့်နေသော လူအုပ်ကြီးကို စပ်စုလိုက်သည်နှင့်…
ဘေးအိမ်မှ ဦးညိုကြီးမိန်းမက –
“အဆိပ်ခတ်တဲ့ အဖွဲ့တွေပေါ့၊ ချောင်းဖျားဘက်က ကန်ကြီးကို အဆိပ်ခတ်တာတဲ့၊ တော်သေးတယ် မိလာလို့- အခုဖမ်းခေါ်လာနေပြီ”
အရှေ့အိမ်မှ ကျောင်းဆရာမကြီးကတော့ –
“ဟုတ်ရဲ့လားဟယ်၊ ခေါင်းဆောင်ပြီးခေါ်လာတဲ့သူက ဆန်စက်ပိုင်းက ပိုက်ဖြတ်တဲ့ အဖွှဲ့ခေါင်းဆောင် အောင်ဒင်ဟဲ့… သူက လူသတ်ဖို့ ဝန်မလေးတဲ့ သူခိုး၊ ဂျပိုးဟာကို၊ သူကမိလာတယ်ဆိုတော့ ဟုတ်ရော ဟုတ်ရဲ့လားအေ”
(ခိုင်တို့ဘက်မှာတော့ – ပိုက်ဖြတ်တယ်ဆိုတာ မြစ်ထဲမှာ ချထားတဲ့ ပိုက်တွေကို ခိုးဖြတ်တဲ့ သူများကို ခေါ်ခြင်းဖြစ်ပါသည်)
ခိုင်တို့ကတော့ တကယ်ဟုတ်၊ မဟုတ်မသိပါ။ ခိုင်တို့ဘဝမှာ တခါဖူးမှ မမြင်ဖူး၊ မကြုံဖူးသဖြင့် ဖမ်းခေါ်လာသည့် အဆိပ်ခတ်အဖွဲ့နှင့် လူအုပ်ကြီးကို စိတ်ပါဝင်စားစွာ စောင့်ကြည့်နေမိသည်။
“ဘုရား… ဘုရား… အစ်ကိုကြီး မိုးကျော်နှင့် သူ့သူငယ်ချင်းတွေပါလား…”
“ဟဲ့ – မူမူ နင့်အစ်ကိုဟဲ့”
မူမူရော ခိုင်ပါ မျက်လုံးများ ပြာဝေသွားသည်။ အစ်ကိုကြီးတို့ကို ပါးစပ်ထဲမှာ သံပုရာသီးထည့်၊ လက်ကိုင်ပုဝါနှင့်စီးထားပြီး လက်ကိုလည်း နောက်ပြန်ကြိုး တုတ်ထားသည်။ အစ်ကိုကြီးက အိမ်ဘက်လှည့်ကြည့်ရင်း သူ့မျက်လုံးများမှာ သူ့ညီမအရင်း မူမူ့ကို တွေ့လိုက်တော့ ဝိုင်းတက်လာတဲ့ မျက်ရည်များကို ကျွန်မကောင်းကောင်း မြင်လိုက်ရသည်။ ပြီးတော့ ကျွန်မကို လှမ်းကြည့်လိုက်တဲ့ သူ့မျက်လုံးများက ကျွန်မရင်ထဲမှာ နင့်သွားအောင်ခံစားလိုက်သည်။ ကျွန်မနားလည်သလောက် အဓိပ္ပါယ်ဖော်ကြည့်လိုက်တော့-
“မိခိုင်ရယ်၊ ဦးကို ပြောပေးပါနော်၊ အစ်ကိုကြီးကို ကယ်ပါဦးလို့….”
ကျွန်မနှင့် မူမူတို့ အိမ်ပေါ်ပြန်ပြေးတက်၊ မမတို့ကိုပါခေါ်ပြီး အဖေနှင့် အမေရှိတဲ့ စက်ပိုင်း အမြန်ပြန်ပြေးကြသည်။ ရောက်တော့ အဖေက သိနှင့်နေပါပြီ။ အဖေ့ကိုလာပြောတဲ့ အမျိုးတွေထဲမှာ တစ်ချို့ကလည်း သွားတောင်းပန်စေချင်သလို၊ အတော်များများကတော့ အဖေ့ကို မသွားဖို့နဲ့ သွားလိုက်ရင်တော့ ဓါးတဝင့်ဝင့်နဲ့ အရမ်းကို သွေးဆာပြီး မူးရူးနေတဲ့ အောင်ဒင်တို့လက်ထဲမှာ အဖေပါ ရောပါသွားမှာကို အင်မတန် စိတ်ပူနေကြသူများပါ။
အစ်ကိုကြီးမိုးကျော်ဟာ ခိုင်တို့ရဲ့ အစ်ကို တစ်ဝမ်းကွဲပါ။ အဖေ့ရဲ့ ညီကမွေးတာပါ။ ကရင်ရွာလေးမှာကြီးပြီး အဖေကလည်းဆုံး၊ အမေက နောက်အိမ်ထောင် ပြုပြီးတဲ့နောက်မှာတော့ အစ်ကိုကြီးဟာ ကျောင်းလည်း ဆက်မတက်တော့ပဲ လူဆိုးစာရင်းဝင်သွားသူပါ။ လူဆိုးဆိုပေမယ့် ရန်ဖြစ်တတ်သူတော့ မဟုတ်ပါ။ လောင်းကစားလုပ်လိုက်၊ သောက်လိုက်ပါ။ အဲ – ရှုံးရင်တော့လားတဲ့ – အဒေါ်အပျိုကြီးဖြစ်တဲ့ ခိုင်တို့ သွားအိပ်တဲ့ ကြီးကြီးဆီ လာလက်ဖြန့်ပေါ့။ တဖြည်းဖြည်းနဲ့ ဆိုးလာလိုက်တာ၊ ကြီးကြီးကမပေးတော့ရင်တော့ ကြီးကြီးရဲ့ ဘီဒိုထဲက တွေ့တာကို အလစ်ယူပြီး ပြန်တော့ တာပါပဲ။ ဒါပေမယ့် သူကခိုင်တို့ အဖေ့ကိုတော့ အတော်လေး ကြောက်ပါသည်။ ဒါပေမယ့် အဖေလည်း တခါတလေမှာ ပြောမရတဲ့အဆုံး သူ့ကို အချုပ်ခန်းပို့လိုက်၊ အဖေပဲ အာမခံနဲ့ ပြန်ထုတ်လိုက်နဲ့ သူ့ရဲ့တူကို အဖေလည်း အတော်လေးကို စိတ်ညစ်မိပါသည်။ ခိုင်မှတ်မိနေသေးသည်၊ နောက်ဆုံးတစ်ခေါက် အဖေ သူ့တူကို အချုပ်ထဲ ထည့်တုန်းက အဖြစ်ကိုပါ။ အဲဒီတုန်းက အစ်ကိုကြီးက ကြီးကြီးဆီမှာ လိမ္မာချင်ယောင်ဆောင်နေပြီး ကြီးကြီးလည်း ရေချိုးရော ချွတ်ထားတဲ့ ကြီးကြီး အကျင်္ီက ရွှေကြယ်သီး အတွဲလိုက်ဖြုတ်ပြေးလို့ အဖေစိတ်ဆိုးပြီး ရဲလက်အပ်လိုက်တာကိုပါ။
“ကိုထွေးရယ် ဒါတွေအားလုံးဟာ လူကြီးသူမတွေကို အမြဲတမ်း စိတ်ညစ်အောင်လုပ်ခဲ့တဲ့ သူ့ရဲ့ မိုက်ပစ်တွေပဲ၊ ငါလည်း နင့်နေအောင် ခံစားရပေမယ့် နင့်ကိုတော့ ငါတို့ ထပ်အဆုံးမခံနိုင်ဘူး။ မသွားပါနဲ့နော်။ ငါတောင်းပန်ပါတယ်”
သွားမလို့ပြင်နေတဲ့ အဖေ့ကို တောင်းပန်နေတဲ့ ကြီးကြီးငယ်ရဲ့ အသံ။
“အမရယ် – တကယ်မှ အဆိပ်မခတ်တာ။ ခတ်ရင် လူတွေ သေကုန်မှာပေါ့။ တကယ်သာလုပ်ရင် ကျွန်တော်ကိုယ်တိုင် ဒီကောင့်ကို သေဒဏ်ပေးခိုင်းမှာပါ။ အခုက ဥပဒေမဲ့ပြီး တကယ့်ကို မင်းမဲ့စရိုက်တွေဗျာ၊ ဒါကိုတော့ ကျွန်တော်မခံနိုင်ဘူး။”
“ဟုတ်တယ်လေ – ဒါပေမယ့် အခုချိန်မှာ အမှန်ဆိုတာ မရှိတော့ဘူး။ လူသတ်ဖို့ပဲ သူတို့သွေးဆာနေတာ။ မင်းသွားတားရင် မင်းကိုပါ သတ်မှာလေ..”
“အဖေကြီးရယ် မသွားပါနဲ့နော်။ သူတို့က အရမ်းကို ဆိုးနေတာ အဖေ့ကိုပါသတ်မှာ သေချာပဲ။” မမက အဖေ့ အကျီင်္ကို ဆွဲပြီး ပေးမသွားပါ။
အမေကတော့ ရှမ်းလေးဆိပ်ဖော့လိပ်ကြီးကို ဖွာပြီး သူ့ယောကျင်္ားကိုသာ ငေးကြည့်ပြီး မျက်ရည်ဝိုင်းနေသည်။
မငိုဖူးတဲ့ အဖေက သူလူဆိုးစာရင်းသွင်းထားတဲ့ သူ့ရဲ့တူအတွက် မျက်ရည်များ စီးကြနေသည်။
အိမ်နီးချင်းများနှင့် အမျိုးများက အဖေ့ကို ပေးမသွားပါ။
ခိုင် “မူမူ” ကို လှည့်ကြည့်လိုက်တော့ မတွေ့တော့ပါ။ လိုက်ရှာလိုက်တော့ မီးဖိုချောင်ထဲမှာ ရှိုက်ငိုနေသည်။ မူမူက အစ်ကိုကြီးရဲ့ ညီမအရင်းပါ။ အမေက နောက်အိမ်ထောင်ပြုတော့ မူမူ့ကို ကြီးကြီးက ခေါ်ထားသည်။ အရွယ်တူ ခိုင်နဲ့ မူမူက တိုင်ပင်ဖော် တိုင်ပင်ဖက်၊ ဆော့ဖော်ဆော့ဖက် ဖြစ်လာသည်။
“အစ်ကိုကြီးတို့ကို အခုပဲ သတ်တော့မယ်ပြောတယ်ဟာ” ပြောပြီး မူမူ ငိုပြန်ပါသည်။
“နင်သွားကြည့်ချင်လား” ခိုင်မေးလိုက်တော့ မူမူလှည့်ကြည့်သည်။
“ငါတို့ သွားကြမလား” မူမူခေါင်းညိမ့်ပြသည်။
ခိုင်နှင့် မူမူ နောက်ဖေးပေါက်မှ တဆင့် ငါးလမ်းဘက်မှပတ်ပြီး သုတ်သာန်သို့ ပြေးကြသည်။ ဒါပေမယ့် သတ်မှာက သုတ်သာန်မဟုတ်ပဲ ရေကန်ကြီးနားမှာ ဖြစ်နေတော့ တခါ ထပ်ပြေးကြရပြန်ပါသည်။
ခိုင်တို့ရောက်တော့ လူအုပ်က အတော်လေးများနေပါပြီ။ ခိုင်တို့ အကွယ်တခုကနေ ချောင်းကြည့်ကြသည်။
အစ်ကိုကြီးတို့ငါးယောက်ကို တန်းစီထားပြီးနေပါပြီ။ သူတို့ ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်ကြပြီး သတ်မည့်သူများကို အသနားခံနေသည်။
အောင်ဒင်က အစ်ကိုကြီး မျက်နှာကို ခြေထောက်နှင့် ကန်လိုက်သည်။
“ဟယ် အောင်ဒင်တို့ကတော့ အရင်ကရန်ညှိုးကို ကောင်းကောင်းပြန်နှိပ်စက်နေတာပဲ”
ဘေးက ကြည့်နေသည့် လူအုပ်ထဲမှာ ထွက်လာသံများကြားနေရသည်။
သိပ်မကြာပါ။ “ကဲ ဒါမင်းတို့ရဲ့နောက်ဆုံးအချိန်ပဲ – စမယ်ဟေ့”
အော်ဟစ်သောင်းကြမ်းနေတဲ့ အောင်ဒင်တို့ လူအုပ်က မှိန်းကိုယ်စီကိုင်ပြီး စသတ်ဖို့ ပြင်ဆင်ကြသည်။ အစ်ကိုကြီးက မျက်လုံးလေး ကလည်ကလည်နှင့် လှည့်ပတ်ကြည့်ပြီး အကူအညီလှည့်ရှာနေရှာသည်။ အားကိုးရမည့်သူမတွေ့သည့်အဆုံး သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထို့နောက်မှာတော့ –
၁ – ၂ – ၃ ဟုဆိုပြီး အောင်ဒင်တို့မှ တိုင်ပင်နှင့် အော်ပြီး မှိန်းကိုယ်စီနှင့် နံရိုးအောက်ကို ထိုးလိုက်သံ၊
အစ်ကိုကြီး ခွေကျသွားတာ…
ပြီးတော့ ထပ်ကာထက်ကာ ထိုးစွပ်နေသံ…
ဘုရား၊ ဘုရား….
ခိုင်မျက်လုံးစုံမှိတ်ပြီး ၊ မူမူလက်ကို အတင်းဆွဲလို့ လာရာလမ်းအတိုင်း ပြန်ပြေးလာခဲ့မိပါတော့သည်။
*** ဘယ်သူတွေမှန်လို့ ဘယ်သူတွေမှားခဲ့ကြသည်တော့ အဲဒီအချိန်က အသက် (၁၂) နှစ်ကျော်သာ ရှိသေးသည့် ခိုင်မဆုံးဖြတ်တတ်ပါ။ ခိုင်သိသလောက်ကတော့ အစ်ကိုကြီးဟာ အများကို အဆိပ်ခတ်သတ်လောက်အောင် ဆိုးသွမ်းသူ မဟုတ်ပါ။
ဒါပေမယ့် အဖေနဲ့အမေပြောပြောနေတဲ့ ဒီကောင်တော့ မကြာခင် ဝဋ်လည်တော့ မယ်ဆိုတဲ့အတိုင်း အစ်ကိုကြီးကတော့ လူကြီး သူမများ စိတ်ဆင်းရဲအောင် လုပ်ခဲ့တဲ့ ဝဋ်ကို ကောင်းကောင်းလည်ခဲ့ပါသည်။
သိပ်မကြာပါဘူး။ အဲဒီဝဋ်ဆိုတာကို ကိုအောင်ဒင်တို့တွေလည်း ပြန်လည်ကြလို့ ကိုအောင်ဒင်တို့ဟာ စစ်အစိုးရတက်လာပြီးနောက်ပိုင်း ထောင် (၇) နှစ် ကြသွားသည်ဆိုတာကို ကြားလိုက်ရပါသည်။
*** အခုရောဟင် –
* ခိုင်တို့ပတ်ဝန်းကျင်က အမုန်းတရားတွေ၊ ဘာသာအယူကွဲပြားမှုကို ဗန်းပြပြီး တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် လက်စားချေနေတာတွေ ဘယ်တော့ပြီးဆုံးကြမှာလဲ။
* ပညာမတတ်တဲ့ အသိညာဏ်မဲ့တဲ့ ပိုက်ဖြတ်သမားအောင်ဒင်နဲ့ – ပညာမဲ့ဆိုးသွမ်းခဲ့တဲ့ ခိုင့်အစ်ကိုလို လူဆိုးတွေ လျှောက်ခဲ့တဲ့ လမ်းလိုမျိုး… အခုခေတ်လို ပညာတွေလည်း တတ်ကြတဲ့၊ အသိညာဏ်၊ ဗဟုသုတတွေနဲ့လည်း ပြည့်စုံနေကြတဲ့ ကျွန်မတို့ပတ်ဝန်းကျင်က တချို့တချို့သော လူကြီး၊ လူငယ်တွေဘာလို့ ဆက်လျှောက် နေကြပါလိမ့်…
ကိုယ့်ပတ်ဝန်းကျင်မှာရော၊ Face Book အစရှိတဲ့ လူမှုကွန်ယက်တွေမှာပါ အသိညာဏ်နဲ့ယှဉ်တွဲလို့ စဉ်းစားကြစေလိုပါတယ်။
အခုမကြာခင်ကာလတွေကပဲ… ငယ်ငယ် (၈၈) တုန်းက ဆန်စက်မီးရှို့ခံခဲ့ရလို့ ဘဝ ပျက်ခဲ့တဲ့ ခိုင်တို့မိဘတွေနဲ့ သိပ်မကွာခြားလှပဲ၊ ရခိုင်နဲ့ မိတ္ထီလာ မီးလောင်ပြင်လေးမှာ ငိုနေတဲ့ မိသားစုလေးတွေထပ်မံ ဖြစ်ပေါ်လာခဲ့ ကြပြန်ပါပြီ။
(၈၈) ကို အခွင့်ကောင်းယူလို့ ခိုင်တို့စားဖို့ ဆန်ပါမကျန် ဝင်ရာက်လုယက်သွားတဲ့ သူတွေလို ဘာသာရေးကို အခွင့်ကောင်းယူလို့ ထပ်မံမိုက်မဲကြမယ့် အဖြစ်မျိုးတွေကို အသိတရားနဲ့ ဘယ်လို ဝိုင်ဝန်းထိမ်းသိမ်းကြမလဲ..
* ခိုင်တို့ အခုချိန်မှာ အိပ်ကောင်းချင်း အိပ်နေရပေမယ့် ခိုင်တို့ မြန်မာပြည်ရဲ့ တချို့နေရာ ဒေသတွေမှာတော့ အမုန်းတရားကို ရှေ့တိုင်းတင်လို့ မအိပ်နိုင်ပဲ ပူပင်သောက ရောက်နေတဲ့ သူတွေ ဒုနဲ့ ဒေးပါပဲ။
ကယ်ဆယ်ရေးစခန်းလေးတွေကို သွားရောက်လှူဒါန်းပြီး ပြန်အလာမှာ ခိုင်ကတော့ ဟိုတယ်အခန်းထဲမှာ အိပ်နေပေမယ့် မိုးအေးအေးမှာ ရွက်ဖျင်တဲလေးတွေမှာ သူတို့တွေ ကျန်ခဲ့ကြပါသည်။ ဘယ်တော့များမှ သူတို့ရဲ့ ပုံမှန်ဘဝလေးတွေ ပြန်လည် အသားကျမှာပါလဲ။
*** ဒါပေမယ့် ဒါပေမယ့်ပေါ့လေ… ခိုင်တို့တွေလည်း ဘာသာရေးကို ရှေ့တန်းတင်လို့ အသိညာဏ်မဲ့နေကြဦးမယ် ဆိုရင်တော့ အဲဒီအိပ်မရတဲ့ပူလောင်မှုတွေ၊ မိသားစုဝင်တွေ အသတ်ခံခဲ့ရတာတွေ၊ စီးပွားဥစ္စာ ပျက်စီးဆုံးရှုံးမှုတွေဟာ ခိုင်တို့တွေဆီကို မကြာခင်မှာ ရောက်လာပြန်ဦးတော့မယ်ဆိုတာ မုချမလွဲပါပဲ…
36 comments
ဦးဦးပါလေရာ
May 18, 2013 at 5:24 pm
88 အရေးအခင်းကို အရွယ်ရောက်ပြီး လူငယ်တစ်ယောက်အနေနဲ့ အစအဆုံး ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးပါတယ်။
မတရားမှု့တွေကို လူမျိုးစုံက ကျူးလွန်တာကို ကိုယ်တိုင် မြင်လဲမြင် ခံလဲခံရဖူးပါတယ်။
အကြောင်းရှာမယ်ဆိုရင်တော့ အကြောင်းတွေက လိုသလို အမျိုးမျိုးဆွဲပြောလို့ရတယ်ပေါ့…
ဒါပေမယ့်…
ဒါပေမယ့်…….
တကယ့်အနီးဆုံးအကြောင်းက ဥပဒေကိုစောင့်ရှောက်ဖို့တာဝန်ရှိတဲ့ လုံခြုံရေးတာဝန်ရှိသူတွေက ဥပဒေကို ပြတ်ပြတ်သားသား တိတိကျကျ မစောင့်ရှောက်လို့ပါ။ မျက်နှာလွှဲထားလို့ပါ။ လက်ရှောင်နေလို့ပါ…။
အဲဒီလို ဥပဒေကို မစောင့်ရှောက်သရွေ့
ကြိုက်တဲ့ ခေါင်းဆောင်တက်
ကြိုက်တဲ့ နိုင်ငံရေး အုပ်ချုပ်ရေးစံနစ်ကိုကျင့်သုံး
ဘယ်တော့မှ တိုင်းပြည် အေးချမ်းတိုးတက်မယ်မဟုတ်….။
TheWinner Getprize
May 18, 2013 at 9:42 pm
ဦးဦပါလေရာပြောတဲ့ ဥပဒေကို စောင့်ရှောက်ဖို့ တာဝန်ရှိသူတွေက မစောင့်ရှောက်သရွေ့ ဘယ်တော့မှ တိုင်းပြည်တိုးတက်မည် မဟုတ်ဆိုတာ ကိုလည်း လက်ခံပါတယ်။
သူတို့ကလည်း လူအင်အားဆိုတာနဲ့ ပြန်အော်ဦးမှာလေ။ သွားပြောမိလို့လည်း ဒီလောက်လခ၊ ဒီလို အလုပ်ကို ဘယ်လိုလူလုပ်ချင်လဲ၊ ရှိရင်လွှတ်ပေးပါလို့ ပြောခံရဖူးပါတယ်။
လူတိုင်းလူတိုင်းကလည်း တစ်နိုင်တစ်ပိုင် ဥပဒေကို စောင့်ရှောက်ကြမယ်ဆိုရင်တော့…
မောင် ပေ
May 18, 2013 at 7:20 pm
အဲ့ချိန်တုန်းက ၅နှစ်သားအရွယ်ရှိသေးတာမို ့
ဖတ်ရုံ ဖတ်သွားပါကြောင်း
TheWinner Getprize
May 18, 2013 at 9:44 pm
ခုကစလို့ မောင်လေးမောင်ပေလို့ ပြောင်းလဲ ခေါ်ပါ့မယ်ရှင့်။
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 19, 2013 at 8:40 am
ကျုပ်ဂိုလည်း ဒီလိုခေါ်ဘာ …
မောင်ငေး ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာလေး ရို့ …
ဘဇာဂျောင့်ဒုန်းဆိုဒေါ့ ..
အိုက်ဒုန်းဂ တားဂ ၁ နှစ်သားတောင် မပြည့်ဒေးရို့ဘာ …
TheWinner Getprize
May 19, 2013 at 9:05 am
ဝုတ်ကဲ့ပါ မောင်ငေးကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာလေးငှယ်။
ညောက်ကျော့မ ကြူလေးရို့ကြောင်းခေါ်ချိုင်းရင် ရဂျော့ဘူးညော်။
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 19, 2013 at 9:28 am
တားဂ လဂါး စဒါဘာ ဒေါ်ဒေါ်ငှယ် ..
တားဂို တူဂလေး လို့ဘဲ ခေါ်ဘာနော်ရို့ … ဟီးဟီး …
KZ
May 18, 2013 at 7:56 pm
လူ လူ ချင်း ကို လူလို့ ပဲ မြင်နိုင်ကြပြီး၊
အတ္တတွေ အမုန်းတွေ အညှိုးတွေ လျှော့ နိုင်တဲ့ တစ်နေ့ ဒီလို ဖြစ်ရပ်မျိုးတွေ မမြင်၊ မကြား၊ မဖြစ် ပဲ နေမယ်လို့ ယူဆပါရဲ့..
အေးချမ်းနိုင်မယ် ထင်ပါရဲ့လေ။
:byae:
TheWinner Getprize
May 18, 2013 at 9:47 pm
KZ ရေ၊
အဲလိုနေ့မျိုး အမြန်ရောက်ချင်မိပါတယ်။ ဒါမှသာ မီးပုံဘေးက မိသားစုတွေ၊ ရွက်ဖျင်တဲက မိသားစုတွေလို အဖြစ်မျိုးတွေကို ထပ်မတွေ့ရတော့မှာပါ။
TNA
May 18, 2013 at 8:42 pm
ခုနှစ်တန်းမို့ သူများတွေအော်တာလောက်ကိုလိုက်အော်ရုံပဲမို့ဒါတွေသိပ်မသိလိုက်ဘူး။ ကြားတော့ကြား လိုက်မိတယ်။ မဲဇာရောက်နေခိုက်မို့ သတင်းတော့တယ်မစုံလှဘူး။ စိတ်မကောင်းဖြစ်မိပါတယ်။ အခုလဲ မအေးချမ်းသေးတဲ့ဒေသတွေအတွက် စိတ်ပူစရာပါပဲ။
TheWinner Getprize
May 18, 2013 at 9:48 pm
ဝင်ရောက်ဖတ်ရှုသွားတဲ့ TNA ရယ်၊ ကျေးဇူးနော်။
uncle gyi
May 18, 2013 at 9:55 pm
88ဘယ်လိုဖြစ်လာတယ်ဆိုတာအဲဒီအချိန်အရွယ်ရောက်သူအားလုံးသိပါတယ်
အဲဒီအချိန်ကသင်ခန်းစာတွေကိုအခုထိမယူနိုင်ကြသေးရင်တော့
ဒုတိယအကြိမ်အဆိပ်ခပ်အဖွဲ့ကြီးလာပါလိမ့်မယ်
Ma Ma
May 18, 2013 at 10:37 pm
အန်ကယ်ကြီးကို ထောက်ခံသွားပါတယ်။
TheWinner Getprize ရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် ထင်ပါရဲ့။
သူတလူ ငါတမင်းနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေကြတဲ့ အခြေအနေကို ကိုယ်တွေ့ကြုံခဲ့ရသူတစ်ယောက်အနေနဲ့ နောက်ထပ်ပုံစံတူ အဖြစ်မျိုးကို ကြောက်လန့်နေပုံရတယ်။
တကယ်လည်း ကြောက်စရာပါ။
လူတိုင်းကိုယ်စီ အသိတရားရှိကြဖို့ သတိပေးလိုက်တဲ့ပိုစ့်လေးမို့ အဖိုးတန်လှပါတယ်။ :hee:
TheWinner Getprize
May 19, 2013 at 9:21 am
မမတို့က အဖိုးတန်တယ်ပြောလို့ အားရှိသွားပါပြီရှင်။ ဝင်အားပေးတာ ကျေးဇူးပါနော်။
TheWinner Getprize
May 19, 2013 at 9:14 am
အမှန်ပါအန်ကယ်ကြီးရယ်။
၈၈ လိုတော့ မဖြစ်နိုင်တော့ဘူးလို့ ထင်ရပေမယ့် အလားတူတွေ ဒုတိယအကြိမ် ပြန်ဖြစ်လာမှာ တကယ့်ကို ကြောက်မိပါတယ်။
ရခိုင်မှာ ဖြစ်နေတုန်းကတော့ မိတ္ထီလာကလူတွေ သူတို့ဆီမှာလည်း ဖြစ်လာတော့မှာကို ဘယ်တွေးပူမိမလဲနော်။
GaviaGirl
May 18, 2013 at 10:21 pm
သမီး ငိုမိတယ်ဆိုရင် အစ်မ ယုံတယ်မို့လားဟင်…
အခုတော့ ရင်ထဲဆို့နေလို့ နောက်မှပဲ ထပ်မန့်ပါတော့မယ်နော်….
TheWinner Getprize
May 20, 2013 at 12:57 pm
ယုံတာပေါ့။
လက်ပြန်ကျိုးတုတ်ထားတဲ့ လက်ကလေးနှစ်ဘက်နဲ့ နောက်ဆုံးအကြိမ် လက်အုပ်လေးချီကန်တော့ခဲ့တဲ့ သူ့ပုံလေးဟာ မျက်လုံးထဲမှာ နှစ်ပေါင်းအတော်ကြာတဲ့အထိ ဖျောက်ဖျက်မရခဲ့ပါဘူး။
garuda
May 18, 2013 at 11:07 pm
88 ကာလ လူတွေဘီလူးစိးတာတော့ ပြောမနေနဲ့တော့..အသဲတွေထုတ်..ကလီစာတွေထုတ်ပြီး မီးကင်စားတဲ့သူက စားကြသေးတယ်။ အခုဖြစ်နေတာတွေက 88 ကိုမမှီသေးပါဘူး။ စစ်တပ်ကတော့ ၈၈တုန်းက ရက်စက်သလောက် အခုတော့ ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့် လေးနဲ့ ငြိမ်နေကြလေရဲ့။ကောင်းပါတယ်လို့ပဲပြောရမလားမသိ။နို့မို့ရင် ဝင်ထိန်းသိမ်းလို့ သေကုန်ရင်…ဘယ်ဘက်က အပြောနဲ့မှလွတ်မှာ မဟုတ်။ ရင်းနှီးသူ ရပ်ကွက်လူကြီးတစ်ယောက်ပြောပြတာ….၈၈တုန်းက ရပ်ကွက်တစ်ခုက သမဆိုင်နားမှာ လာလာအိပ်နေတဲ့ စိတ်မနှံ့သူ တစ်ယောက်ရှိလေရဲ့..သမဆိုင်က သနားလို့ ထမင်းကျန်ဟင်းကျန်တွေ ကျွေးရင်စားလေရဲ့။ ခြေနင်းဖတ်မှာနေတယ်၊အိပ်တယ်။ အဲ…အရေးအခင်းပြီးလို့ သတ်သူဖြတ်သူများကိုဖမ်းဆီးတော့..အဲ့ရပ်ကွက်ရုံးကို လှမ်း က ဗိုလ်မှုးဆိုသူရောက်လာပြီး အရေးအခင်းတုန်းက ပါခဲ့သူများ..သတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးရေးကိစ္စတွေလုပ်ပြီးတော့..သူက သမ အဖွဲ့ဝင်တွေကို ကျေးဇူးစကားလေး ပြောသွားတော့မှ အဲဒီ လှမ်း ကြီးဟာ
တစ်ချိန်က သူတို့ ထမင်းကျွေးခဲ့တဲ့ သူပါလားဆိုတာကို တအံ့တဩကြီး သိလိုက်ရပါတယ်တဲ့ဗျာ။
ကိုယ်တွေ့တော့ ဟုတ်ပါဘူး။ အဲ့ရပ်ကွက်က ရပ်ကွက်လူကြီးက ပြောတာပါ။
စကားမစပ်…အွန်လို်င်းမှာဖတ်လိုက်ရတာ….လူတွေ ပြောပြောနေတဲ့ ရွှေညဝါဆရာတော်ဆိုတာဟာ ၈၈ တုန်းက ကုန်တိုက်ပေါ်က တပ်မတော်သားတွေကို ကယ်ခဲ့သေးတယ်ဆိုပဲ။ အောက်ကလင့်မှာ ဖတ်ကြည့်နိုင်ပါတယ်။
http://burmese.assknetwork.org/forum/viewtopic.php?f=41&t=524
TheWinner Getprize
May 19, 2013 at 9:59 am
ဝင်မန့်ပေးတဲ့ Garuda & Gavia Girl တို့ကို ကျေးဇူးပါ။
padonmar
May 19, 2013 at 6:02 am
ဖတ်ရင်းနဲ့ အကိုကြီးကိုများ ကယ်လိုက်နိုင်မလား မျှော်လင့်မိတယ်။
တကယ့်ဖြစ်ရပ်မှန်တွေဟာ ဝတ္ထုတွေထက် ပိုဆန်းကြယ်တယ်။
မဝင်းနားရဲ့ အရေးအသားကလည်း အမုန်းတရားနဲ့ မိုက်ကြွေးမိုက်ပြစ်ခံရတာကို ပေါ်လွင်စေပါတယ်။
ဒီလိုမျိုးတွေ ကိုယ်လည်း မကြုံချင်သလို ဘယ်သူ့ကိုမှ မကြုံတွေ့စေချင်ပါဘူး။
ကမ္ဘာမြေပေါ်မှာ အမုန်းစိတ်တွေ လျော့ပါးကြပါစေ။
TheWinner Getprize
May 19, 2013 at 9:56 am
မကယ်လိုက်နိုင်ပါဘူး မပဒုမ္မာရယ်။
သူ့ရဲ့ မိုက်ကြွေးကို ပြန်ပေးဆပ်ရတာပဲလို့သာ ဖြေလိုက်ကြရပါတယ်။
ဒီရက်တွေလည်း ကြည့်လိုက်ရင် Terrorist movie တွေပဲ များနေလို့လားမသိဘူး အမရယ်။
ကမ္ဘာပေါ်က အမုန်းတရားတွေကို ကြောက်လာမိတယ်။
Ko chogyi
May 19, 2013 at 10:45 am
88 ကြောင့်
နိုင်ငံတော်မှာ အပြောင်းအလဲတွေအများကြီးဖြစ်ခဲ့တယ်
နိုင်ငံရေးမှာ အပြောင်းအလဲတွေဖြစ်ခဲ့တယ်
အသက်တွေအများကြီးဆုံးရှုံးခဲ့တယ်
ဘဝတွေအများကြီးဆုံးရှုံးခဲ့တယ်
လောက ဓမ္မတာအရ ကောင်း/ဆိုး ဒွန်တွဲခဲ့တယ်။
ဖြစ်နိုင်ရင် ၈၈ ဆိုတာကို ပြန်မကြားချင်ဘူး၊ ပြန်မပြောချင်ဘူး၊ ပြန်မပြောစေချင်ဘူး
အဲဒီလိုအဖြစ်မျိုးလည်း ထပ်မရချင်ပါဘူး
ဘယ်သူ့ကိုမှ လွှဲချမနေပဲ
နိုင်ငံသားအားလုံး ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါ။
TheWinner Getprize
May 19, 2013 at 11:10 am
ပြန်ပြောမိလို့ စိတ်အနှောက်အယှက်ဖြစ်ရရင် စိတ်မကောင်းပါဘူး ဦးချိုကြီးရယ်။
နိုင်ငံရေးဆိုတာတွေကိုလည်း နားမလည်ပေမယ့် အဲလိုဘဝမျိုးတွေကို ဘာသာရေးကို ရှေ့တန်းတင်လို့ ပြန်ဖြစ်လာမှာ စိတ်ပူမိလို့ပါ။
ကထူးဆန်း
May 19, 2013 at 4:41 pm
အတ္တ လူသားတွေ ရှိနေသေးသရွေ့ တော့ ၊ အထူးသဖြင့် အာဏာ ကို တက်မက် သူ တွေ ကြောင့် တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ကြုံတွေ့ နေရဦးမှာပါဘဲ..
တရားဥပဒေ က စိုးမိုးနိုင်ရင်တော့ နဲနဲ သက်သာတာပေါ့လေ.. ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည် က တရားဥပဒေ စိုးမိုး အောင် လုပ်ကြဖို့ ပြောနေရရှာတာပေါ့ ..
Ko chogyi
May 19, 2013 at 6:28 pm
တရားဥပဒေစိုးမိုးနိုင်ဖို့ လုပ်ရမှာ မြန်မာနိုင်ငံသားတွေဖြစ်သလို
တရားဥပဒေဖောက်ဖျက်ကျူးလွန်ကြတာလဲ ဒီနိုင်ငံသားတွေပဲ
အပေါ်ပို့စ်မှာ ဖတ်ကြည့်ရင်သိမှာပါ။
TheWinner Getprize
May 19, 2013 at 9:05 pm
ဦးထူးဆန်းပြောတဲ့ အတ္တလူသားတွေကတော့ ရှိနေမှာပါ။ တခါတလေတော့လည်း အတ္တလူသားလား၊ အသိညာဏ်မဲ့တာလားဆိုတာကို နားမလည်နိုင်ခဲ့ပါဘူး။
အဲလိုလူတွေကို အသိညာဏ်နဲ့ ပြည့်စုံတဲ့သူတွေက တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းထိမ်းသိမ်းနိုင်ဖို့ မျှော်လင့်မိရင်း…
ဦးချိုကြီးကို ထောက်ခံသွားပါတယ်။
Mobile13
May 19, 2013 at 4:51 pm
ကျုပ်တော့ ၈၈ ဆိုသူများပြောတာ
အင်တာနတ်ထဲမှာ ဟိုကြည့်ဒီကြည့် ကြည့်ဖူးတာ ဒီလောက်ပါပဲ။
TheWinner Getprize
May 19, 2013 at 9:07 pm
မိုဘိုင်းသည်အခုမှ စလို့ မောင်လေး မိုဘိုင်း ဖြစ်သွားပါပြီ…
၈၈ – ဆိုတာထက် ဥပဒေမဲ့တဲ့ လုပ်ရပ်တွေ၊ အသိညာဏ်မဲ့တဲ့ လုပ်ရပ်တွေက ပိုလို့ ပိုလို့ အရေးပါလာပြီလားလို့ပါ။
အရီးခင်လတ်
May 19, 2013 at 7:24 pm
ဝင်းနားရေ
ဖတ်ရင်း တကဲ့အဖြစ်အပျက် မဟုတ်ပါစေနဲ့ ဆုတောင်းလိုက်မိတယ်။
ဒါပေမဲ့ တကယ် ဟုတ်နေခဲ့တယ်ထင်ရဲ့။
မတရားခံခဲ့ရတဲ့ သူတွေအတွက် နောင်ဘဝ ဆိုတာရှိခဲ့ရင် ဒီလိုအဖြစ်ဆိုးမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်။
ဒီလိုမျိုးတွေ ထပ်မဖြစ်ရလေအောင်လဲ ဆုတောင်းပါတယ်။
တစ်ခါတစ်ခါကျတော့ ကိုယ်ကဘာမှ ကိုယ်ထိလက်ရောက် တာဝန်ယူ/ တာဝန်ခံ လုပ်ပေးလို့ မရတဲ့ အခြေအနေမှာတော့ ဆုတောင်းပေးရုံ အပြင် တစ်ခြား ဘာလုပ်ပေးနိုင်မလဲ စဉ်းစားရင်း နဲ့ ဘဲ အချိန်တွေ ကုန်နေတော့တာ။
ဥပဒေကောင်းတွေတည်မြဲဖို့ အာဏာ နဲ့ တွဲ လာရမှာ အသေအချာမို့ ဒေါ်အောင်ဆန်းစုကြည် ကို အာဏာ နဲ့ တွဲပြီးမြင်ကြည့်ရင်းဘဲ ဆု တောင်း နေတော့တယ်။
မဟုတ်လဲ ဘယ်သူက တာဝန်ယူပြီး လုပ်မတဲ့လဲ။
ပြောသာပြောရ။ အချိန်တွေဟာ အရမ်းတိုလာနေပြီ။
ဒီတစ်ကွေ့မှာမှ ဘာမှ ကောင်းကောင်းမလုပ်နိုင်ရင် ဒီ ဘဝ တွေထဲ က ဒီလိုလူတွေ နဲ့ ဘယ်တော့မှ လွတ်တော့မှာမဟုတ်။
TheWinner Getprize
May 19, 2013 at 9:17 pm
အရီးရယ်၊
အရီးထင်သလို တကယ်ပဲ ဟုတ်ခဲ့ပါတယ်။
အာဏာနဲ့ ဥပဒေတည်မြဲချင်တဲ့သူ တွဲမမြင်နိုင်သေးခင်ကြားမှာ လူလူခြင်း စာနာမှု အပြည့်နဲ့ ဖြတ်သန်းခွင့် ရချင်ပါတယ်။
ဘာသာတရားကို ဗန်းပြလို့ မိုက်မဲမှုတွေကို ပြီးဆုံးစေချင်ပါပြီ။
အလင်း ဆက်
May 19, 2013 at 9:26 pm
ဘာသာရေးကို ရှေ့တန်းတင်လို့ အသိညာဏ်မဲ့နေကြဦးမယ် ဆိုရင်တော့
…………………
ဦးကြောင်ကြီး
May 20, 2013 at 9:11 am
အာဏာသိမ်းကာစ ညဉ့်နက်ပိုင်းတခုမှာ စစ်တပ်က ဖမ်းမိတဲ့လူအချို့ကို (သူတို့ကို ချောင်းပစ်လို့၊ ဒါမှမဟုတ် ဂိုဒေါင်ဖောက်လို့ တခုခုဖြစ်မှာပေါ့) သာကေတ တံတားပေါ်မှာ ပစ်သတ်တယ်ဆိုလား လှံစွပ်ထိုးသတ်တယ်ဆိုလား.. သတ်ခါနီးမှာ အဲဒီလူတချို့က အမေရေ သားကို သတ်ကြတော့မယ်လို့ ငိုသံပါကြီးနဲ့ အော်ပြောတယ်တဲ့.. အဲဒီတံတားနား နေတဲ့သူ ပါချင်လည်းပါမှာပေါ့.. တွေးမိလိုက်တိုင်း စိတ်မကောင်းဘူး.. သတ်ပြီးတော့ အလောင်းတွေကို သာကေတချောင်းထဲ မျှောချလိုက်တယ်တဲ့…. သဂျီးရေ.. လူကြောင့်မဟုတ် စနစ်ဗျ စနစ် စနစ် စစ်အာဏာရှင် စနစ်ဆိုးဂျီး… 🙁
အရီးခင်လတ်
May 20, 2013 at 2:46 pm
အဲဒီ
စစ်အာဏာရှင် စနစ်ဆိုးဂျီး… က ဘယ်ကဖြစ်လာတုန်း ကကြောင်ရဲ့။
ရှင်းပေးပါဦး။
ဆိုရှယ်လစ်စနစ် ကလို့ လွဲလိုက်ရမလား။
ရှေးဦးဘုံကျွန်စနစ် ကိုလွဲ လိုက်ရမလား။
ကြေးမုံကြီးကိုလွဲရင်တော့ လူကြောင့်လို့ဖြစ်မှာနော်။
TheWinner Getprize
May 20, 2013 at 4:51 pm
ဦးကြောင်ကြီးရှင့်၊ အရီးနှင့် တကွ လူကြောင့်ဆိုတာကို ထောက်ခံသွားပါသည်။
kyeemite
May 20, 2013 at 9:41 am
တကယ်တော့ စစ်တပ်က ကယ်တင်ရှင်ကြီးလုပ်ပြီး
အာဏာယူချင်လို့ တိုင်းပြည်မင်းမဲ့စရိုက်တွေဖြစ်အောင်
တမင်လွှတ်ထားပေးခဲ့တာပါ..ဂိုဒေါင်တွေလည်းသူတို့ပဲစဖေါက်ပီးသယ်တာ..
ပီးမှဖွင့်ပေးထားခဲ့တာ…တော်တော်ယုတ်မာခဲ့ကြတာကလား… 👿
အခုလတ်တလောဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေမှာလည်း..လုံခြုံရေး အားနည်းတာပေါ်လွင်ပါတယ်..
မဝင်းနား အဖြစ်အပျက်အတွက်တော့စိတ်မကောင်းဖြစ်မိပါတယ်ဗျာ..
အဲလိုအဖြစ်အပျက်တွေအားကြီးပါပဲ…
TheWinner Getprize
May 20, 2013 at 4:54 pm
ဦးကြီးမိုက်ပြောတဲ့ အဲဒီအချိန်က လှည့်ကွက်တွေတော့ သိပ်နားမလည်ခဲ့ပါဘူး။
ဒါပေမယ့် ဒါတွေဟာ လှည့်ကွက်ဆိုတာ သေချာခဲ့ရင်တော့ နောက်တကြိမ် ပြန်မဝင်မိကြပါစို့ရဲ့။။။