မလ္လာမင်းတို့၏ အင်ကြင်းရဂုံ ကုသိနာရုံ ..သို့ တခေါက်..။

“ချစ်သားအာနန္ဒာ နောင်အခါ၌ သဒ္ဓါတရားရှိသော ရဟန်းယောက်ျားများ၊ ရဟန်းမိန်းမများ၊ ဥပါသကာ ဒါယကာများ၊ ဥပါသိကာ ဒါယိကာမများ သည် ဤ လေးဌာနသို့ လာကြလတ္တံ့ ။”
၁ ။ ။ မြတ်စွာဘုရားဖွားတော်မူရာ လုမ္ဗိနီ ဥယျာဉ် ။
၂ ။ ။သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ရောက်တော်မူရာ ဗုဒ္ဓဂါယာ မဟာဗောဓိမဏ္ဍိုင်။
၃ ။ ။ ပဉ္စဝဂ္ဂီငါးဦးတို့အားမြတ်စွာဘုရား တရားဦးဓမ္မစက် ဟောမြွက်တော်မူရာ မိဂဒါဝုန် ။
၄ ။ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မလ္လာမင်းတို့၏ ကုသိနာရုံ အင်ကြင်းရဂုံ ။
“ချစ်သားအာနန္ဒာ အကြင်သူတို့သည် ဘုရားဖူးခရီးလှည့်လည်မှုကို ပြုကြပြီး၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်၏ ။ထိုသူတို့အားလုံးတို့သည် ဤခန္ဓာကိုယ် ပျက်စီးသေလွန် ပြီးနောက် နတ်ရွာ သုဂတိသို့ ရောက်ကြကုန် လတ္တံ့ ” ဟု မဟာပရိနိဗ္ဗာနသုတ်တော်၌ ဟောတော်မူခဲ့ပါသည် ။





ဝေဒနာ ကို ရှုစားနေပုံ
ဝေဒနာ ကို ရှုစားနေပုံ
ကုသိနာရုံမှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ ဌာနဖြစ်ပါတယ် ။မြောက်ဘက်သို့ဦးခေါင်းတော်ပြု၍ အနောက်ဘက်သို့မျက်နှာမူကာ ထုလုပ်ထားသော လျှောင်းတော်မူပုံကို ကုသိနာရုံပုံတော်လို့ ခေါ်ကြ သိကြပါတယ် ။
ကုသိနာရုံမျာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ရခြင်း အကြောင်းများရှိခဲ့ပါတယ် ။
၁ ။ ။မြတ်စွာဘုရားရှင်ရဲ့ အတိတ်ဘဝ ၆ဘဝက ဦးခေါင်းချခဲ့သောနေရာဖြစ်ခဲ့ခြင်း ။
၂ ။ ။ မဟာသုဒဿန သုတ်တော်ကို ဟောတော်မူလိုခြင်း ။
၃ ။ ။ သုဘဒ္ဒပရိဗိုဇ်အား တရားဟော၍ ချွတ်လိုခြင်း ( ဘုရားရှင်၏ နောက်ဆုံးကျွတ်တန်းဝင်သူ)။
၄ ။ ။ဘုရားရှင်၏ ဓါတ်တော်ဝေရာတွင် ဖြစ်လာမည့် ပဋိပက္ခ ကို ဖြေရှင်းပေးနိုင်သူ ဒေါန ပုဏ္ဏားကြီးရှိခြင်း ..စတဲ့ အချက်တွေကြောင့်
ပါဝါပြည်မှ ကုသိနာရုံသို့ ၆မိုင်ဝေးတဲ့ခရီးကို ၂၅ကြိမ်နားပြီး ကြွလာတော်မူပါတယ်လို့ ဆိုပါတယ် ။
ဘုရားကျောင်းတော်ဟာ မဟာပရိနိဗ္ဗာန စေတီရဲ့ဘေးမှာရှိပါတယ် ။ ကျောင်းတော်ရဲ့ အတွင်းဘက်မှာ တည်ထားတဲ့ ရုပ်ပွားတော်ဟာ ခြေဖဝါးမှ ဦးသျှောင်တော်အထိ ပေ ၂ဝ ရှိပါတယ် ။ ပုခုံးတော်မှာ ၅ပေ ၆လက်မ ရှိပါတယ် ။ ညောင်စောင်းတော်မှာ ၂၃ပေ ၉လက်မ ရှိပြီး အမြင့်မှာ ၂ပေ ၁လက်မ ရှိပါတယ် ။( ဒီအတိုင်းအတာက ဘုရားဖူးများ ကြာသင်္ကန်းကပ်လှူ ချင်ရင် အလွယ်တကူ အထောက်အကူပြုနိုင်အောင်ပါ ။)
၁၈၃၃ခုနှစ်မှာ ကုသိနာရုံကို ပြန်လည်တွေ့ရှိချိန်မှာ သဲကျောက်နဲ့ ထုလုပ်ထားတဲ့ ရုပ်ထုတော်ကို အပိုင်းအစများအဖြစ်သာတွေ့ခဲ့ရတယ်လို့ဆိုပါတယ် ။
၁၈၅၂ ခုနှစ်မှာ ကျောက်စာဌာနက ကုသိနာရုံကို စတင်တူးဖေါ်ခဲ့ပါတယ် ။ သစ်ပင်ချုံနွယ်တွေ ပိတ်ဖုံးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေထဲမှာ မီးလောင်ထားတဲ့ ပစ္စည်းတွေနဲ့ လူအရိုးတွေ တူးဖေါ်ရရှိခဲ့တယ်လို့ ဆိုပါတယ် ။ ဒီအထောက်အထားတွေအရ ၁၂ ရာစုအတွင်းက အိန္ဒိယတစ်နိုင်ငံလုံးမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ကို ရန်သူများက မီးရှို့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အကြောင်း မှတ်ချက်ခဲ့နိုင်ပါတယ် ။




ကုသိနာရုံကျောင်းတော်ရဲ့ မြောက်ဘက်မြေကွက်တခုကို ၁၈၇၅ခုနှစ်လောက်က ရခိုင်လူမျိုးသူဌေးကြီး ခီဇာရီ ကဝယ်ယူပြီးဇရပ်ဆောက် ခဲ့ပါတယ် ။သီဟို က ကြွလာတဲ့ ရဟန်းတော် မဟာဝီရ နှင့်အတူ ရခိုင်ဆရာတော် ဦးစန္ဒြမုနိ တို့က ထိုဇရပ်မှာနေပြီး ကုသိနာရုံကို စောင့်ရှောက်ထိမ်းသိမ်းခဲ့ ကြပါတယ် ။ဆရာတော် စန္ဒြမုနိရဲ့ သာသနာပြုမှုကြောင့် အိန္ဒိယနိုင်ငံသား များစွာ ဗုဒ္ဓဘာသာဝင် ဖြစ်ကြပါတယ် ။နာမည်ကျော် စာရေးဆရာကြီး ရာဟုလာ သံကိစ္စည်း ဟာ ဦးစန္ဒြမုနိထံမှာ ရဟန်းပြုခဲ့သူဖြစ်ပါတယ် ။မြတ်စွာဘုရားဖွားတော်မူသောနေ့မှာ ဝိသာခါပွဲတော်ကို တလတိတိ ကျင်းပပြီး တိုင်းရင်းသားတွေကို ကုသိနာရုံသို့ဘုရားဖူးလာအောင် ဆွဲဆောင် သာသနာပြုခဲ့ပါတယ် ။
ခုတော့ ကုသိနာရုံ မြန်မာကျောင်းကို ဆရာတော် ဦးဉာဏိဿရ ကဆက်လက် ထိမ်းသိမ်းစောင့်ရှောက် ကျောင်းထိုင်နေတော်မူပါတယ် ။
မြတ်စွာဘုရားရှင်ဟာ ပါဝါပြည်ကနေမလ္လာမင်းတို့ရဲ့ ကုသိနာရုံ သို့ ပရိနိဗ္ဗာန်ပြုရန်ကြွလာတဲ့အခါဝမ်းတော်လာသော ဝေဒနာ ကို ခံစားခဲ့ရပါတယ်။ပါဝါပြည်တွင် မြတ်စွာဘုရားရှင်ဟာ ရွှေပန်းတိမ်သည် စုန္ဒ၏ သရက် ဥယျာဉ်မှာ နောက်ဆုံးဆွမ်းကို ဘုန်းပေးခဲ့ပါတယ် ။ မြတ်စွာဘုရားရှင် နောက်ဆုံဘုန်းပေးခဲ့တဲ့ဆွမ်းဟာ ဝက်ပျိုသားဟင်းဖြစ်ပေမဲ့ နတ်တို့ ရဲ့ နတ်ဩဇာများထည့်သွင်းထားခြင်းကြောင့် ဆွမ်းရဲ့ အာနိသင် အဏွမ်းကြောင့် ကုသိနာရုံသို့တိုင်အောင် မြတ်စွာဘုရား ကြွနိုင်ခဲ့တယ်လို့အဆိုရှိပါတယ် ။စုန္ဒသူကြွယ်ရဲ့ဆွမ်းဟာ သုဇာတာ ရဲ့ ဃနာနို့ဆွမ်းနဲ့ ကျေးဇူးအတူတူဘဲလို့ မြတ်စွာဘုရားက ရှင် အာနန္ဒာအား မိန့်တော်မူခဲ့တာ်လို့ ဆိုပါတယ် ။

ပါဝါပြည်ကိုကြွတဲ့ခရီးတထောက်နားတော့ မြတ်စွာဘုရားရှင်က ရေသောက်သုံလိုတော်မူလို့ ရှင်အာနန္ဒာအားစမ်းချောင်းငယ်၌ ရေခပ်စေတော်မူခဲ့ပါတယ် ။ရှင်အာနန္ဒာ ရေခပ်တဲ့အခါ ကုန်သည်လှည်းငါးရာ ဖြတ်သွားထားလို့ ရေနောက်ကျိ နေလို့ ရေခပ်မရကြောင်းပြန်လည်လျှောက်ထားရာ နှစ်ကြိမ်တိုင် ပြန်ခိုင်းတော်မူတဲ့အတွက် သွားရောက်ခပ်တော်မူရာ အံ့ဖွယ် ရေကြည်နေသည်ကို တွေ့ခဲ့ရကြောင်းမှတ်သားရပါတယ် ။
ထိုအရပ်မှာပင် မြတ်စွာဘုရားရှင်က ဝဋ်တော် တစ်ဆယ့်နှစ်ပါးအကြောင်းကို ဟောတော်မူခဲ့ပါတယ် ။

မလ္လာမင်းတို့ရဲ့ ကုသိနာရုံ အင်ကြင်းတောသို့မရောက်မီ ဟိရညဝတီ မြစ်ဆိပ်အရောက်မှာ မြတ်စွာဘုရားရှင် နောက်ဆုံးရေသုံးသပ်တော်မူပါတယ် ။
ထိုအရပ်မှာ မြတ်စွာဘုရားရှင်၏ ရုပ်တုတော် ဘူမိဖဿ ရုပ်ပွားတော်တစ်ဆူ ထုလုပ်ပူဇော်ထားခဲ့ပါတယ် ။ ထိုရုပ်ပွါးတော်မှာ အလွန်ဆုတောင်းပြည့်သည်ဟုဆိုကြပါတယ် ။ရုပ်ပွါးတော်အဆောင်အုတ်တိုက်ငယ်ကို မြန်မာနိုင်ငံမှ အရေးပိုင် ဦးဖိုးကျူးမိသားစုမှ နောက်ဆုံးပြုပြင်ခဲ့ကြောင်းသိရပါတယ် ။



မြတ်စွာဘုရား၏ အလောင်းတော်ကို တေဇောဓါတ်လောင်ကျွမ်းပြီး သည့်နေရာ၌ကျန်ရစ်သော မီးသွေးများကို ဌာပနာ၍ စေတီတည်သောကြောင့် အင်္ဂ ါရ (မီးသွေး )စေတီဟုခေါ်ပါတယ် ။ အဲဒီ အရပ်က သူတွေကတော့ သီတာဒေဝီမီးဖွားသောအရပ်ဖြစ်လို့ ရာမ်ဘာရ် Rambhar လို့ခေါ်ကြပါတယ် ။
ဗုဒ္ဓဘာသာဆိုင်ရာနေရာ အတော်များများကို ဒေသခံတွေက အမည်အမျိုးမျိုး တပ်ပြီး ပုံပြောင်းကိုးကွယ်နေကြတာတွေရှိပါတယ် ။
မြတ်စွာဘုရားရဲ့ ကျန်ရစ်တဲ့ဓါတ်တော်မွေတော်တွေကို ရယူချင်တဲ့ သူတွေရဲ့ ပဋိပက္ခကို ဒေါန ပုဏ္ဏားကြီးက ဖြန်ဖြေပေးပြီး ခုနှစ်ပြည်တောင် မင်းများကို ဝေခြမ်းပေးပါတယ် ။




မလ္လာမင်းတို့ရဲ့ အင်ကြင်း ဥယျာဉ်တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ခဲ့ပြီးကျန်ရစ်သော ဓါတ်တော်မွေတော်တို့ဖြင့် အာသောက မင်းကြီးဟာ နိုင်ငံအနှံ့ စေတီပေါင်းရှစ်သောင်းလေးထောင်နဲ့ အတူ ရေတွင်းရေကန်ပေါင်းရှစ်သောင်းလေးထောင် စသဖြင့် သာသနာ ပြုခဲ့တဲ့အပြင် သာသနာအတွက် အလေးအနက်ထားရာနေရာတို့မှာလည်း ကျောက်စာတိုင်များစိုက်ထူလို့ထားခဲ့တဲ့အတွက်ကြောင့် နောင်လာနောက်သားတွေရဲ့သာသနာတော်အတွက် အကျိုးများခဲ့ရဖြင်လည်းကျေးဇူးကြီးပါတယ် ။
မြတ်စွာဘုရားရဲ့သာသနာ ထွန်းကားခဲ့ရာ ပါဋလိပုတ် ဝေသာလီပြည်နဲ့ နာလန္ဒာ ကျောင်းတော်ကြီး ဆီသို့လည်း ခရီးဆက်ခဲ့ကြပါသေတယ်..။
ဒီအကြောင်းတွေကိုတော့ စောင့်မျှော်ဖတ်ရှုစေချင်ပါတယ် ။
ကျေးဇူးတင်လျှက်…
နွေဦး ခရီးဆက်နေပါသေးတယ်ခင်ဗျား…။
2 comments
နွေဦး
June 4, 2013 at 5:25 pm
အလုပ်များနေပါသဖြင့်ရေးလက်စ တာဝန်မကျေစွာ ထားခဲ့သော စာများအားယနေ့မှ လက်စသတ်နိုင်ပါသဖြင့် နားလည်ခွင့်လွှတ်ကြပါခင်ဗျား..။
ဦး ကျောက်ခဲ
June 4, 2013 at 5:56 pm
အကိုကြီး ကိုနွေဦးရေ…
ဘုရားလည်းဖူးရ သမိုင်းကြောင်းကိုလည်းသိရတာမို့…
သာဓု သုံးကြိမ်လည်းခေါ် ကျေးဇူးလည်း အထူးတင်ရှိပါကြောင်း…