ဝဋ်ဆိုတာ ………..

fattyJuly 28, 20101min1474

“မိန်းမရေ ..ထမင်းပြင်ရအောင်ကွာ ” …မောမောနဲ့အိမ်ပေါ်တက်ရင်းလှမ်းအော်ပြောလိုက်သည်။ မိန်းမကတော့ထုံးစံအတိုင်းနောက်ဖေးဘက်ကညစ်ထပ်ထပ်စားပွဲအဝိုင်းကို ဆောင့်ကြီးအောင့်ကြီးနှင့်လှိမ့်ယူလာရင်း ….”ရှင့်အမေလဲမစားရသေးဘူးတော်ရေ့” …ပြောပြောဆိုဆို ထမင်းစားပွဲကိုအိမ်ရှေ့ဦးခန်းတွင်ပြင်ရင်း ….” အမေ့ကိုရော “…  အော် အမေနဲ့ပတ်သက်လို့မနေ့ကပင်တိုင်ပင်ထားကြသည်။

အမေအသက်ကြီးပါပြီ။ ရှစ်ဆယ်ကျော်ပြီဆိုတော့ ကိုယ့်ကိုယ့်ကိုပင်မနိုင်ချင်တော့ပါ။ ထမင်းစားချိန်ဆိုရင် ခါတိုင်း ကျနော်ရယ်မိန်းမရယ်ကလေးနှစ်ယောက်ရယ်အမေရယ် တဝိုင်းထဲစားဖြစ်ကြသည်။ အမေလက်တွေကတုန်ရင်နေပြီမို့စားပွဲဝိုင်းကဟင်းခွက်တွေကိုကောင်းကောင်းမမြင်တော့… အမေနဲ့ထမင်းစားပြီဆိုရင်ထမင်းဝိုင်းမှာညစ်ပတ်ပေရေနေသည်။ ဟင်းပုဂံများကိုလည်း မမြင်မစမ်းနှင့် နှိုက်ရသည်မို့ဟိုဖိတ်ဒီဖိတ်နှင့်ပေပွနေသည်။…..” အိမ်မှာက ကျဉ်းကျဉ်းဆိုတော့ …ကိုဘမောင်ရေ ဘယ်လိုမှမအောင့်မေ့နဲ့ ကျုပ်တို့ထမင်းစားနေတုံးများဧည့်သည်သောင်သည်လာရင်အားနာစရာကြီးတော် …” ကလေးတွေကလည်းရှင့်ကိုကြောက်လို့သာ ..ရွံတယ်တဲ့တော်ရေ့ ” အမေကအသက်ကြီးပေမဲ့ စိတ်ကတော့မကျသေးပါ။ ထမင်းစားပြီးကိုယ့်ပုဂံကိုယ်ဆေးချင်တုန်း …. ပြောလို့လဲမရပါ၊ အမေ့ကြောင့်ကျကျကွဲသည့်ထမင်းစားပုဂံ ။ ဟင်းချိုပုဂံတွေကနေ့တိုင်းနေ့တိုင်း။

” ကိုဘမောင် …ဒီလိုလေ အမေ့ကိုနောက်ဖေးမီးဖိုချောင်ထဲမှာထမင်းပွဲပြင်ပေးရင်ကောင်းမလားလို့ …တော် ဘယ်လိုမှမထင်နဲ့နော် ..အမေလဲလွတ်လွတ်လပ်လပ် အားမနာတမ်းစားရတာပေါ့တော် ..” သက်ပြင်းချယုံကလွဲပြီး ….” ကောင်းသလိုကြည့်လုပ်တာပေါ့ကွာ “…. “.ပြီးတော့ …. ကိုဘမောင် ရေ့ အမေ့ ကိုလေ ပလပ်စတစ် ပုဂံဆိုလား မယ်လမင်းပုဂံ ဆိုလားဝယ်ပေးရရင်ကောင်းမလားလို့ ”

အမေကတော့သူ့ကိုတယောက်ထဲသပ်သပ်ထမင်းကျွေးတော့မျက်နှာမကောင်းရှာပါ။ ဘာမှတော့လဲမပြောရှာပါ။ …..ကျနော့ ရင်ထဲကလည်း အမေ့ကို စိတ်မကောင်းဖြစ်ရပါသည်။ အမေသည်ထုံးစံအတိုင်းထမင်းစားပြီးသူ့ပုဂံသူဆေးတုန်း။ သူတယောက်ထဲထမင်းတွေဟင်းတွေနဲ့ပေပွနေအောင်စားနေရှာပါသည်။ ခါတိုင်းလိုပုဂံတွေ တဂွမ်းဂွမ်းကျကွဲသံမကြားရတော့ပါ။ ………………………………………………………………..။

မောမောနဲ့အိမ်ပေါ်လှမ်းတက်ရင်း ……. ” မိန်းမရေ …ထမင်းပြင်ကွာ ဆာလာပြီဟေ့  အမေ့ကောကျွေးပြီးပြီလား … ကလေးတွေကော တခါထဲစားကြမယ်ကွာ …ခေါ်ဟေ့ခေါ်ဟေ့ ….” ဟေ့ သားငယ် လာလေကွာ ဒီမှာ အဖေကြီးခေါက်ဆွဲကြော်တွေဝယ်လာတယ်ကွ  ” ကိုဘမောင်ရေ ..ရှင့်သားတွေ အရင်ခေါ်ကျွေးတာအငယ်ကောင်ကခေါ်လို့ကိုမရဘူး ” ဟေ သားငယ်လာလေကွာ ဖေကြီးနဲ့ထမင်းစားကြမယ် “…….. ” ခဏလေးပါဖေကြီးရ ဒီမှာပြီးတော့မှာပါ …..”

” ဟ  သားငယ် ဘာတွေများ အရေးတကြီးလုပ်နေလို့တုန်း …”

‘ ဒီမှာလေ  ဖေကြီးတို့ကြီးရင်စားဖို့ ……….. သစ်သားပုဂံပြားလေးတွေ လုပ ်တန်းကစားနေတာ …..ဖွားဖွားစားတဲ့ဟာမျိုးပေါ့။

( တချိန်တုန်းက ဖတ်ခဲ့ဘူးသော မြန်မာဝတ္ထုတိုတပုဒ်ကိုပြန်လည်ခံစားပါသည်။ စာရေးသူအမည်မမှတ်မိတော့ပါ။ )

4 comments

  • maypearl

    July 29, 2010 at 4:17 am

    သနားပါတယ်
    တကယ်ဆို ချွေးမကလည်းအဲလိုမလုပ်သင့်သလို သားကလည်း လုပ်ဖို့ခွင့်မပြုသင့်ဘူးလို့ထင်တယ်

  • Yin Nyine Nway

    July 29, 2010 at 4:53 am

    ဝဋ်ဆိုတာ လည်တက်တယ်…..

  • seaman

    July 29, 2010 at 4:55 am

    အဲဒီချွေးမ က မကောင်း တဲ့ ချွေးမ မျိုး ပါ။ သူလဲ ပြန်ပြီးခံ ရမှာဘဲ၊

  • mi mi

    July 29, 2010 at 9:52 am

    ဝဋ်ဆိုတာ တကယ်လည်တတ်ပါတယ်။ ကိုယ်ကသူများကိုမကောင်းတာလုပ်ထားရင်ကိုယ်လည်းပြန်ခံရတတ်ပါတယ်။

Leave a Reply