ကောင်းကင်လက်နဲ့ လွှဲတဲ့ ပုခက်
နွေခေါင်ခေါင်ငယ်ထိပ်ကို မိုးကြိုးပစ်တဲ့နေ့ !
ကျွန်တော့်ကမ္ဘာလေထုထဲ အိုဇုန်းလွှာတွေပေါက်သစ်ပင်တွေ ခြောက်တဲ့နေ့ !
အဲဒီနေ့မှာ ကွဲအက်ရှတတဲ့အသံနဲ သေမင်းက တိုးတိုးလေးလှောင်တယ်
“မင်းလည်းတစ်နေ့ ငါနဲ့တွေ့မှာပါကွာတဲ့ “
ဟုတ်ပါရဲ့အခုဆို ကျွန်တော့် ဘဝဥယျဉ်ထဲက သစ်ပင်တွေ ခြောက်ကုန်တာ တဖျောက်..ဖျောက်နဲ့
လက်ဦးဆရာမည်ထိုက်စွာ ပုပ္ဗါစရိယ မိနှင့်ဖ” ပေမယ့်
ဆရာဆိုတဲ့အသိ အဖေနဲ့တွေ့မှ သိခဲ့ရတာ ။
အဖေအမြဲပေးတဲ့ဓါးတုံးတုံးတစ်လက် အမြဲထက်အောင် ကျွန်တော် သွေး၊
ရေးလိုက်တဲ့ စာတိုင်းအဖေ့ကျေးဇူးနဲ့ နှိုင်းရင် ကျွန်တော် ရိုင်းရာကျမှာလား အဖေ။
မိသားစုနဲ့ဝေးနေတဲ့ကျွန်တော့်အတွက်
သားငယ်ဆိုတဲ့ ဖုန်းထဲက အဖေခေါ်သံ အားဖြစ်စေခဲ့တာ အမှန်ပါ။
တကယ်တော့ကျွန်တော်ဆိုတဲ့ လူသားတစ်ယောက် ရန်ကုန်မှာမွေးဖွားလို့ ငယ်မြို့လေးမှာကြီးထွားလာခဲ့ရတာ။
ရေမြင့်မှကြာတင့်တယ်ဆိုတဲ့ စကား အဖေကြားမိသလားပဲ ။
၁ဝတန်း တက်နေရင်းနဲ့ ရန်ကုန်ကဘော်ဒါကျောင်းကို အဖေ့ ချွေးနဲ့ရင်းထားတဲ့ စုငွေကလေးနဲ့ အဖေကျောင်းအပ်ပေးခဲ့တယ်လေ။
၁ဝတန်းပြီးလို့ ကျောင်းဆက်တက် ..
အဲဒီ ရက်များမှာဆို ကျွန်တော် အိမ်ကိုအရမ်းလွမ်းတာပဲ အဖေ။
အခုဆိုကျွန်တော် ပညာတွေလည်း တက်ခဲ့ပြီ ။ သင်ညာတွေလည်း ထက်ခဲ့ပြီ ။ စီးပွားရေးဘွဲ့ဆိုတဲ့ နာမတစ်ခုတော့ကျွန်တော့်နံရံမှာ ချိတ်ထားတယ်အဖေ။
အိမ်လွမ်းသူဆိုတဲ့ဘွဲ့ကတော့ ကျွန်တော့်နှလုံးသားထဲမှာ အခုထိ ချိတ်ထားဆဲပါ အဖေရာ။
ပုခုံးပေါ်ကအိမ်စာ တွေကိုချ နေ့ရွှေ့ညရွှေ့နေတုန်းပါတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေချိန်
ကျွန်တော့်ဆဲလ်ဖုန်းလေး ငယ်သံပါအောင် ရုတ်တရက် ထအော်တယ်။
“သားငယ်အမြန်ပြန်ခဲ့တော့ မင်းအဖေ အသည်းအသန်ဖြစ်နေပြီ” တဲ့
အမေ့စကားသံအဆုံးကျွန်တော်ကောင်းကင်တစ်ခြမ်း ပြိုဆင်းသွားတယ်။
စိတ်ဓါတ်တွေက ခြေရင်းမှာပြားပြားဝပ်
(၇၉)နှစ်ဆိုတဲ့အသက်ကြီးမယ်မှန်းသိပေမယ့် ကျွန်တော့် မျက်စိရှေ့က အဖေပျောက်သွားမှာကိုတော့
ကျွန်တော်မလိုလားဘူးလေ
အဖေ့အကြောင်းကြားကြားချင်း ကျွန်တော် မှီရာကားနဲ့ ရန်ကုန်မြို့လေးကနေ နယ်မြို့လေးဆီပြန်ခဲ့တယ်။
လေးနာရီပဲစီးရတဲ့ ဒီခရီး အရင်ကနီးပေမယ့် အခု ဝေးကွာနေမိတယ်။
ကျလာတဲ့ မျက်ရည် တစ်စက်စက် ၊ လူတွေကြားထဲမို့ရှက်ပေမယ့် ကျွန်တော် ဒီအတိုင်းထားလိုက်တယ်။
အဖေ့အတွက် ကျတဲ့ မျက်ရည် ရှားပါတယ်။
နယ်မြို့လေးရဲ့လမ်းမတွေ နွေခေါင်ခေါင်မှာ အေးစက် အသက်မဲ့နေတဲ့ လမ်းထဲ ကျွန်တော်တစ်ယောက်တည်းအိမ်လေးဆီ ပြေးနေမိတယ်။
ဘကုံးနဲ့ဝလုံးကို စာလုံးပေါင်းသင်နေရင်း ကျိုးပျက်သွားခဲ့တဲ့ ဘဝရဲ့တစ်ပိုင်းတစ
အရာရာအသစ်ကပြန်စရရင် ကောင်းမှာပဲ အဖေ။
အိမ်ကလေးဆီမှာတော့ကျွန်တော် ချစ်ရတဲ့ အမေ
မကျဲတကျဲ မီးရောင်အောက်မှာ သားပျောက်ရှာနေတယ်လေ
မငိုပါနဲ့အမေရယ်။
အားတင်းရင်းနဲ့ ရင်ထဲက စကားတွေ အားပေးစကားတွေအပြင်ကျဘို့ မနည်းအားယူရတယ်။
ကျွန်တော်ကိုယ်တိုင်ကအားနည်းနေတာလေ။
မျက်ရည်စတွေနဲ့အမေ့မျက်နှာ
အားငယ်စိတ်တွေနဲ့ အမေ့မျက်နှာ
အားကိုးတဲ့စိတ်တွေနဲ့ ကြည့်နေတဲ့အကြည့်
ကျွန်တော်ရင်ထဲမှာ သိနေပါတယ်အမေရာ .
အိမ်မှာရှိတဲ့ ယောကျားနှစ်ယောက်ထဲကအဖေတစ်ယောက် ဆုံးရှုံးတော့မှာပေမယ့်
သားရှိနေတယ် အမေ သားရှိနေခဲ့ပါတယ်။ အမေ့နား သားရှိနေပေးပါ့မယ်။ ရင်ထဲက ပြောပေမယ့် နှုတ်ဖျားတွေ ဆွံ့အလို့ အပြင်မရောက်ဘူး ။
အမေ့ပုခုံးကိုဖက်လို့ကျွန်တော့်အိမ် လှေကားတက်မှာ ကျွန်တော့်ခြေလှမ်းတွေ ပျက်နေမိတယ်..
ဆုံးရှုံးခြင်းဆိုတဲ့ဝေါဟာရ နှုတ်က ပြောရတာလွယ်ပေမယ့် ရင်တစ်ခုလုံး ကျိုးပျက်နေပြီမို့ မရင်ဆိုင်ဝံ့တာပါအဖေ။
“သားငယ်ရောက်လာပြီလား ’’
အဖေ့နှုတ်ခမ်းကထွက်လာတဲ့အသံ၊ တိုးပေမယ့် ပီသတယ်။
တရားမှတ်လို့ အိပ်စက်နေတဲ့ အဖေ့မျက်နှာ ကျွန်တော်ကြည့်နေရင်း အဖေ တဖြည်းဖြည်းနဲ့ ဖွင့်ကြည့်တယ်။
“ဟုတ်အဖေ သားရှိတယ် အဖေ့နားမှာပါ ’’
အဖေ အားပျက်မှာစိုးလို့ရင်ထဲက ရှိုက်သံအချို့ အပြင်သို့ တိုးမထွက်နိုင်ခဲ့ဘူး။
နာရီသံ တစ်ချက်ချက်ထဲအဖေ့အသက် ဘယ်အချိန်ပါမလဲလို့သာ ကျွန်တော် စိုးရိမ်နေမိတယ်။
အဖေ့လက်နှစ်ဖက်ကိုဆုတ်ကိုင်လို့ ကျွန်တော့်ရဲ့ တရားသမားကြီးအဖေ့ကို တရားမှတ်နေဘို့
ကျွန်တော် အခါခါပြောနေမိတယ်။
သဗ္ဗုဒေ ဂါထာ အခါခါရွတ်ရင်းအဖေ့အိပ်ရာနား ကျွန်တော်ခဏ
အိပ်ပျော်သွားတယ် ။
“သားငယ်..သားငယ်..”
“ဗျာ”
“သားငယ်ဆိုတဲ့သဗ္ဗုဒေ မှားနေတယ်”
အဖေ့စကားသံကြားမှာကျွန်တော်ကိုယ် ကျွန်တော် သတိထားမိတယ်။
ခရီးပန်း စိတ်ပန်း လူပန်းနဲ့ ကျွန်တော်အဖေ့အနားမှာ နေ ဘုရားစာဆိုရင်း အိပ်ငိုက်သွားမိတာ အဖေသိနေတယ် ။
အိပ်ချင်စိတ်ကိုဖြေဖျောက်အဖေမရှိတော့မှာ အသေကြောက်ပေမယ့် ဘုရားစာဆိုရင်းနဲ့ပဲ ကျွန်တော့်စိတ် ဗွေဖေါက်လို့သိပ်မကြာခင်ပဲ အိပ်ပျော်သွားခဲ့တယ်။
(အဖေမဆုံးတဲ့ ခရီး သွားတော့မယ်ဆိုတာ ကြိုသိခဲ့ရင် ကျွန်တော် အိပ်မငိုက်ခဲ့ပါဘူး အဖေရာ။ )
“သားငယ်..သားငယ်..”
ခေါ်သံတစ်ခုရဲ့အဆုံးဘေးဘီဝဲယာကို ကြည့်လိုက်တော့
ကျွန်တော့်နံဘေးမှာရှိနေတာ အမေ
နာရီကို ကြည့်လိုက်တော့ မနက် ၅ နာရီ.
ကျွန်တော် ခဏ အိပ်ပျော်သွားခဲ့တာပဲ ။
အဖေ့ကိုကြည့်လိုက်တော့အသက်ရှုသံမှန်မှန်နဲ့ အဖေ တုန်ရီလှိုက်မောခြင်း မရှိ အပြစ်ကင်းစွာနဲ့အဖေ.
ကလေးတစ်ယောက်လို သားထွေးဖက်ထားပါတယ်အဖေ.။
“မောင်လေး အဖေ့ခြေထောက်တွေကိုင်ကြည့်စမ်း. ခြေဖျားတွေ အေးစက်နေတယ် “
ကျွန်တော့်အစ်မရဲ့ စကားသံ အဆုံး ကျွန်တော့်လက်တွေကအဖေ့ခြေထောက်ဆီသို့ အလိုလို စမ်းမိလျှက်သား
ဟုတ်ပါ့ရဲ့.
အဖေ့ခြေထောက်အပူချိန်က ရေခဲမှတ်အောက်ရောက်နေတယ်။
ကျန်းမာရေးအသိ တစ်စွန်းတစ်စနဲ့ ကျွန်တော် သိပေမယ့် မသိချင်ယောင်ဆောင်နေတဲ့ကြား
တစစနဲ့အေးစက်နေတဲ့ အဖေ့ခြေထောက်တွေ ကိုင်ရင်း အမေ့အသံ တစ်စွန်းတစ နားထဲမှာကြားမိလိုက်တယ်။
“နင့်အဖေ ဆုံးတော့မယ် သားငယ် “
ဘယ်လို ဒုကမျိုးမဆို တစ်ချိန်ကျရင်ဟာသဖြစ်မယ်လို့ မှတ်ယူခဲ့တဲ့ကျွန်တော်
ဒီတစ်ခါတော့ အမှတ်မှားတော့မယ်ထင်ပါရဲ့
အဖေ့ရဲ့ နောက်ဆုံးခရီး နီးလား ဝေးလား ကျွန်တော်မသိ
ဦးတည်ချက်လည်းမရှိဒါပေမယ့်ဆုတောင်းနေမိတယ်။
အဖေကောင်းရာမွန်ရာ ရောက်ပါစေလို့လေ။
အသက်ရှုသံမှန်နေတုန်းပေမယ့် အဖေ့ဆီကအနွေးဓါတ်က ခါးအောက်ပိုင်း မှာ အေးစက်နေပြီ။
သတိရတချက် မရတချက်နဲ့အဖေ ဘာကိုဘာမှမသိခဲ့ပါလား။
အဖေ ကျွန်တော့်ကိုရော မသိတော့ဘူး။အမေ့ကိုရော မသိတော့ဘူး ။
ဘေးနားမှငိုနေတဲ့ အစ်မကိုရော မသိတော့ဘူး။
ပါတ်ဝန်းကျင်တစ်ခုလုံးနဲ့အဆက်အသွယ်ဖြတ် အဖေ တရားမှတ်နိုင်ပါစေ ။
နာရီလက်သံ တစ်ချက် ချက် ကြား အဖေ့အသက်ရှုသံ ရပ်သွားတယ်။
တိမ်ဝင်နေတဲ့အသံတစ်ခု အမေ့ဆီကတိုးတိုးလေးထွက်လာတယ် ဝ
မ်းနည်းမှုကို မြိုသိပ်လို့ အေးစက်နေတဲ့ အဖေ့ရင်ဘတ်ထဲကျွန်တော့် မျက်နှာ အပ်ထားလိုက်တယ်။
တစ်ချိန်က နွေးထွေးမှုတွေ ပေးတဲ့ ရင်ခွင်။အင်အားတွေ ပေးတဲ့ရင်ခွင် ၊ မိဘရင်ခွင်လောက် ဘယ်ရင်ခွင်မှ ကျွန်တော့်အပေါ်စိတ်ထားမမှန်ခဲ့ဘူး။
ပြိုနေတဲ့ တိမ်ထဲ ကျွန်တော့်အရိပ်ကို ကျွန်တော်လိုက်ရှာလို့စိတ်တွေကို အတိတ်ထဲက ခဏ ဖယ်ထုတ်ထားတယ်။
အိမ်မှာ ယက်မ နှစ်ချောင်းရှိတာတစ်ချောင်းပြိုပျက်သွားတဲ့အချိန်
ကျွန်တော်အသက် က ၂၂ ။
စိတ်က ကြေကွဲပေမယ့် မျက်ရည်တွေ မကျမိအောင်အားတင်း
အဖေ့ရဲ့ ခရီးအတွက် ကျွန်တော် ဝမ်းနည်းရင်း ပြင်ဆင်ပေးခဲ့ပါတယ်အဖေ။
လူမှန်ရင်မျှော်လင့်ချက်နဲ့အသက်ရှင်ရတာပဲ အဖေ။
အဖေ့ရဲ့ မျှော်လင့်ခြင်းက သား၊သားရဲ့မျှော်လင့်ခြင်းက အဖေ၊
နွေအခါပူရင် အရိပ်မိုးပေး မိသားစုအရေးကို အဖေဦးစားပေးခဲ့ပေမယ့်
ရှင်သန်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက် အဖေပျောက် ရှာပုံတော် သား ဖွင့်နေမိပြီ အဖေ၊
ပေးဆပ်ခြင်းကြောင့်ဆုံးရှုံးမှုတွေ ရတယ်ဆိုရင် ဘဝရဲ့ ဆုံးရှုံးခြင်းတော့ မဖြစ်ပါရစေပဲ ဒီဘဝတစ်လျှောက်လုံးကျွန်တော် ပေးဆပ်ချင်ပါတယ် အဖေ့လက်ကိုတွဲပြီးတော့ပေါ့။
9 comments
black chaw
June 6, 2013 at 11:38 am
ဝတ္ထုဆောင်းပါး လို့ ရေးထားပေမယ့်
ကဗျာရှည်လို့ ခံစားရပါတယ်ဗျာ…။
kai
June 6, 2013 at 11:53 am
၇၉နှစ်.. ၂၂နှစ်
နှစ်တွေထထစ်ချင်းဖြေချ
အော်…
သူ့အသက်..
၅၆နှစ်မှာမှ မွေးခဲ့ ထွေးခဲ့တဲ့သား…
ဒီလောက်သွားခဲ့ထွားခဲ့တာ..
ဝမ်းသာစရာပါလားရယ်လို့..
သံဝေဂသတိ ရမိသိမိခဲ့ပါရဲ့..။ ။
အရီးခင်လတ်
June 6, 2013 at 3:44 pm
အရီး အမျိုးအဆွေ ဝန်းကျင်မှာလဲ အဖေပျောက်သားလေး တွေ ရှိတာမို့ ခံစားလို့ ရပါတယ်။
၇၉နှစ် ဆိုတာ အတော်လေး အသက်ရှည်ရှည် နေသွားနိုင်တာပါ။
ဒါပေမဲ့ သား ဆိုတော့ အဖေ၊ အမေ ကို ဘယ် အဆုံအရှုံးခံချင်ပါ့မလဲ။
အမေ့ ကို ပိုပြီး ပြုစုဖို့ဘဲ ရှိပါတယ်။
မဟုတ်လား။
Wow
June 6, 2013 at 4:04 pm
အဖေဆုံးရှုံးခဲ့ရသူချင်းမို့ ကိုယ်ချင်းစာပါတယ်…
မရှိလေ တန်ဖိုးသိလေပါပဲ… :byae:
lele kyi
June 6, 2013 at 8:02 pm
အမှန်တရားက တခါတလေမှာ လက်ခံဖို့တော်တော်ခက်ပါတယ်။ ကျမ မေမေဆို သူ့သားကြီးပြန်လာလိမ့်မယ်လို့အချိန်တော်တော်ကြာကြထိယုံကြည်နေခဲ့တယ်။ ခါးသီးပေမဲ့ လက်ခံရမယ်။ ကြံခိုင်ရမယ်။ကိုယ့်ရဲ့ဘေးမှာရှိနေသေးတဲ့ကိုယ်ချစ်ခင်ရတဲ့သူတွေအတွက်။ကိုယ့်ကိုချစ်တဲ့သူတွေအတွက်။
padonmar
June 6, 2013 at 10:43 pm
ကျမအဖေဆုံးတုံးက သူအသက် ၈ဝပါ။
ဒါပေမယ့် နှမျောမိနေဆဲ။
လူစိုးရဲ့ ဖေဖေက တရားအသိနဲ့ ငြိမ်းချမ်းစွာဘဝပြောင်းနိုင်တဲ့ သူဆိုတော့ သူ့တမလွန်တွက် စိတ်ပူပေးစရာမလိုဘူးလို့ ဖြေပါနော်။
လူစိုး
June 7, 2013 at 1:00 pm
မျှဝေခံစားပေးလို့ ကျေးဇူးပါ စာချစ်သူ။ အဖေဆုံးခဲ့တာကြာပါပြီ။
ဖြေလည်း ဖြေတက် နေလည်း နေတက်ပါပြီ။
မိဘမေတ္တာအကြောင်း စာအုပ်ထုတ်၊ ရလာတဲ့ ပိုက်ဆံကို အလှူလုပ်မဲ့ ကျွန်တော့်သူငယ်ချင်းက ကဗျာဖြစ်ဖြစ် ဆောင်းပါးဖြစ်ဖြစ် ပေးပါလို့တောင်းလာလို့ ကျွန်တော် ဒီစာမူလေးကို လှူရခြင်းဖြစ်ပါသည်။
ကျေးဇူးတင်ပါ၏ ။
kai
June 7, 2013 at 4:17 pm
ကျုပ်က.. (အမေဆုံးပြီး).. အဖေတယောက်ရှိနေတဲ့… အဖေတယောက်ပါပဲ..
ခုတော့.. အဖေများနေ့နီးလာပြီမို့.. အမေဆုံးတာနှစ်တပါတ်လည်တော့မယ်မို့.. အမှတ်တရပိုဖြစ်ပါတယ်…။
ကျေးဇူးတင်ပါ၏…။
လူစိုး
June 9, 2013 at 9:44 am
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးပါ