မန္တလေးရင်ခွင်၊တောင်သမန်လေညင်းနဲ့ အစားသောက်စုံလင်ခရီးစဉ်(၁)

အာဂJune 7, 20131min49319

Food မဂ္ဂဇင်းရဲ့ Food &Travel ကဏ္ဍအတွက်ရွေးချယ်မိတဲ့
နေရာကတော့မြနန်းစံကျော်ရွှေနန်းတော်ကြီးရှိရာမန္တလေးရွှေမြို့တော်ကြီးဆီသို့ပါပဲ . . . ။
ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရားကြီးကစတင်တည်ထောင်ခဲ့ပြီး နောက်ဆုံးမင်းဖြစ်တဲ့ သားတော်
သီပေါမင်းနန်းစံသွားရာ နေရာဒေသတစ်ခုဖြစ်သလို ရှေးဆန်ပြီး၊ ရင်းနှီးဖော်ရွေတဲ့
မြို့ကြီးသူ၊မြို့ကြီးသားများနေထိုင်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။
ရန်ကုန်က အကြွား၊ မန္တလေးကအစားလို့ စာဆိုတွင်ရတဲ့အတိုင်း ကျွန်တော်တို့ အစားအသောက် Food မဂ္ဂဇင်း
အတွက် မန္တလေးမြို့ရဲ့ ဘယ်လိုနေရာကဘယ်လို အစားအသောက်ဆန်းတွေ အ
ကြောင်းကိုသိခွင့်ရရှိတော့မှာဖြစ်လို့ရင်ခုန်စိတ်လှုပ်ရှားရင်းခရီးဆက်ခဲ့ပါတယ်။
အာဂ(မှတ်ချက် Food Magazine အတွက် ရေးသားခဲ့သော ဆောင်းပါးအားပြန်လည်ဖော်ပြအပ်ပါသည်။)

မြနန်းစံကျော် ရွှေနန်းတော်ကြီး
…………………………….


ဓာတ်ပုံ အာဂ
မန္တလေးရွှေမြို့တော်ကြီးရင်ခွင်ထဲ ကျွန်တော် ခြေ ချချမိချင်း သွားချင်ခဲ့မိတဲ့နေရာကတော့ မြန်မာတို့ရဲ့ အနု
သုခမလက်ရာပေါင်းစုံနဲ့ မြန်မာတစ်မျိုးသားလုံးအတွက်ဂုဏ်ယူဖွယ်ရာ ပြယုဂ်
ဖြစ်တဲ့ မြနန်းစံကျော်ရွှေနန်းတော်ကြီးပဲဖြစ်ပါတယ်။
ရွှေနန်းတော်ကြီးကိုကောဇာသက္ကရာဇ် ၁၂၁၈ခုနှစ် (ခရစ်နှစ် ၁၈၅ရ နှစ်) မှာမဟာဓမ္မရာဇာဘွဲ့ခံ မင်းတုန်းမင်းတရား
ကြီးက မန္တလေးမြို့မှာမြို့တော်ရော၊ နန်းတော်ပါ တည်ဆောက်ရန်စီမံခဲ့ပါတယ်။
အခုလိုတည်ဆောက်ရာမှာ အမရပူရမြို့ဟောင်းမှ ခမည်းတော် သာယာဝတီမင်းတရာကြီးရဲ့အောင်နန်းသာစံရွှေနန်း
တော်ကြီးရဲ့ မြေနန်းပြသာဒ်တော်ကြီး အပါအဝင် နန်းတော်ဆောင်များကို ပြောင်း
ရွှေ့ခဲ့တာဖြစ်ပြီးပွန်းပဲ့ပျက်စီးမှုများကိုသာ အသစ်အစားထိုး ပြုပြင်ခြင်းဖြစ်တယ်လို့သိရပါတယ်။
မင်းတုန်းမင်းတရားကြီးနေ့ညမပြတ်စံစားတော်မူတဲ့ မှန်နန်းဆောင်
ကိုသာ မင်းတုန်းမင်းရဲ့ နေ့နံနဲ့သင့်လျော်တဲ့ မြေဝင်၊ ကျောရပ်များအရအသစ်တည်ဆောက်ခဲ့တယ်လို့လည်းဆိုပါတယ်။

ကောဇာသက္ကရာဇ် ၁၂၂ဝပြည့်နှစ်၊ဒုတိယဝါဆိုလဆန်း(၆)ရက်နေ့(ခရစ်နှစ် ၁၈၅၈ ခုနှစ်၊ ဇူလိုင်လ ၁၆ရက်)မှာ
နန်းတော်ဆောင်အားလုံးဆောက်လုပ်ပြီးစီးလို့ မင်းတုန်းမင်းနဲ့ မိဖုရားခေါင်ကြီးတို့ရှေ့အစဉ်လာများအတိုင်းစံပယ်တော်
မူခဲ့ပါတယ်။ မင်းတုန်းမင်းတရားကြီးက ပညာရှိတို့ ရွေးချယ်ဆက်သွင်းတဲ့ အတိုင်း မြို့တော်ကို ရတနာပုံ၊ ရေကျုံးပတ်
လည်ဝန်းရံလျက်ရှိသော နန်းမြို့တော်ကိုလေးကျွန်းအောင်မြေ၊ရွှေနန်းတော်ကြီးကို မြနန်းစံကျော်လို့ သမုတ်ပြီး ကမ္ပည်း
မော်ကွန်း ရေးထိုးခဲ့ပါတယ်။ နန်းတော်ကြီးကိုလည်း မင်းတုန်းမင်းတရားကြီးကခရစ်နှစ် ၁၈၇၈ ခုနှစ်ထိ လည်းကောင်း၊
သားတော်သီပေါမင်းက ခရစ်နှစ် ၁၈၈၅ခုနှစ်အထိထီးနန်းစိုးစံခဲ့တယ်လို့လည်း
သိရှိရပါတယ်။

၈၁ x ၁၆လမ်း မြီးရှေဆိုင်
…………………….

ဓာတ်ပုံ အာဂ

မန္တလေးမြို့ကို စရောက်ရောက်ခြင်းကျွန်တော် သွားခဲ့တဲ့စားသောက်ဆိုင်ကတော့ အညတရနဲ့ အလွန်နာမည်ကြီးလှ
တဲ့ မန္တလေး ၁၆လမ်းမြီးရှေဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ သက်တမ်းကလည်းမနည်းတော့ပါဘူး နှစ်ပေါင်း(၁၇)နှစ်ကျော်ကြာခဲ့လှပါပြီ။ ဒီဆိုင်ရဲ့ အခင်း
အကျင်းကို ပြောရမယ်ဆိုရင်တော့ အသွင်အပြင်ကတော့ နည်းနည်းဆန်းသစ်နေပါတယ်။ ဆန်းသစ်တယ်ဆိုတာက
လည်း ရိုးရှင်းလွန်းလို့ဆန်းသစ်နေတယ်လို့ပြောရမလိုပါပဲ။ ဆိုင်ရဲ့ ပုံစံလေးကတာလပတ်အမိုးထိုးထားပြီးနှစ်ရှည်
သက်တမ်းရှိနေပြီဖြစ်ကြောင်း သက်သေပြနေတဲ့ ဆီဝှေ့နေတဲ့ ခွေးခြေ ထိုင်ခုံပုလေးတွေနဲ့သာခင်းကျင်းထားပါတယ်။
သက်တမ်းရင့်ခွေးခြေ ထိုင်ခုံပုလေးတွေက စားသုံးသူထိုင်ဖို့ထက် စားပွဲခုံတစ်ခုလိုသုံးဆွဲထားတာကို လည်း ထူးထူးဆန်း
ဆန်းမြင်တွေ့ခဲ့ရတာကလွဲလို့ ဆိုင်အပြင်အဆင်ကတော့ သိပ်ထွေထွေထူးထူးမရှိလှပါဘူး။ ဒါပေမယ့် ဒီလိုအပြင်အဆင်ကို
၁ရနှစ်ကျော်တိုင်ဖြတ်သန်းလာတဲ့အောင်မြင်မှုကဖုံးကွယ်ထားပြီးလူတန်းစားမရွေး မက်မက်မောမောစားသုံးနေ
ကြတာ အခုချိန်အထိပါပဲ။ ပြောရမယ်ဆိုရင် ထက်ထက်မိုးဦးလို အနုပညာရှင်များမှအစ အခြားခြားသောနာမည်ကြီး
အနုပညာရှင်များကလည်း ဒီလိုဆိုင်လေးက မြီးရှေကိုကြိုက်နှစ်သက်လို့ မန္တလေးရောက်တိုင်းလာရောက်စားသောက်
ကြောင်းလည်းသိရှိခဲ့ရပါတယ်။ ဒီမြီးရှေဆိုင်မှာတော့ မြီးရှေရယ်၊ဆန်ပြားရယ်၊ဂျုံခေါက်ဆွဲ၊ဝက်သားအစုံသုပ်စသဖြင့်အ
ရာတွေကိုအဓိကထားရောင်းချပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ မြီးရှေထဲကို သံပရာသီးထည့်စားတာရယ်။တညင်းသီးထည့်စားတာရယ်။ ဝက်သား
ဆိုရင်လည်း ခေါင်းကနေအစ၊ ကလီစာမကျန်ဘဲ အမြီးအထိ ထည့်စားလို့ရတယ်ဆိုတဲ့အချက်လေးအပါအဝင် မြီး
ရှေတစ်ပွဲစာအတွက်ချပေးထားတဲ့ ဟင်းချိုကလည်းဖြစ်သလိုမဟုတ်ဘဲ ဝက်ရိုးပြုတ်သားကပ်လေးတွေကိုများများ
ထည့်ပေးထားတာကိုတွေ့ရပါတယ်။မြီးရှေဖြစ်ဖြစ်၊ဆန်ပြားဖြစ်ဖြစ်စားပြီးလို့ဟင်းချိုထဲက အရိုးကိုကိုက်ရတာ အများ
နဲ့မတူဘဲ ဆန်းသစ်လှတဲ့ အရသာတစ်ခုလို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ ဒီတော့ ဒီလို စိတ်ဝင်စားဖွယ်၊ အရသာ
ရှိလှတဲ့ မြီးရှေဆိုင်လေးရဲ့ဖြစ်တည်လာပုံအကြောင်းကိုတော့မဂ္ဂဇင်းပရိသတ်ကြီးသိရှိဖို့အတွက် ဆိုင်ပိုင်ရှင် ဦးအောင်မင်း
ကြည်ကို မေးမြန်ကာ ပြန်လည်ရေးသားတင်ပြလိုက်ပါတယ်။

ကျွန်တော်က မုံရွာမြို့၊ ဗောဓိတစ်ထောင်၊ တောင်ပေါ်တောကျေးရွာမှာနေပါတယ်။ အသက် ၁၅ နှစ်၊ ၁၆ နှစ်သား
လောက်မှာ မန္တလေးက ဦးလေးဆီမှာအငှားလာနေတယ်။ အငှားစနေတုန်းကဒီမြီးရှေကိုပဲ တရားရုံးကြီးမှာ အထမ်းနဲ့
ရောင်းတယ်။ ၂နာရီထိုးရင်တော့ ဗထူးဘောလုံးကွင်းမှာသွားရောင်းတယ်။ရောင်းတယ်ဆိုတာကလည်းဦးလေးပိုင်
တဲ့ မြီးရှေအထမ်းဆိုင်းတွေကို လုပ်အားခနဲ့ကျွန်တော်ကရောင်းတာပါ။အဲဒီတုန်းက လုပ်အားခအနေနဲ့တစ်လကို ၂ဝကျပ်
လောက်ဦးလေးဆီကရတယ်။ အဲဒီကနေပြီးတော့ဦးလေးဆီကခွဲထွက်ပြီး ကျွန်တော်E.P.C ရုံးထဲမှာ အထမ်းနဲ့ လှည့်
ရောင်းတယ်။ ကျုံးကြီးချဲ့ လို်က်တော့ကျွန်တော်ရောင်းတဲ့ဘက်ကို လူအသွားအလာသိပ်မရှိတော့တဲ့အခါ အခု၁၆လမ်း
ကို ပြောင်းဖွင့်လိုက်တဲ့အတွက် နေရာ သတ်သတ်မှတ်မှတ်ဖြစ်သွားပါတယ်။အဲဒီကနေပြီးတော့ တစ်စ တစ်စ အောင်
မြင်လာတယ်လို့ပြောရမှာပါပဲ။

၁၆လမ်းမြီးရှေဆိုင်ရဲ့အထင်ကရ
ဖြစ်တဲ့ သံပရာသီး၊ တညင်းသီး၊ ဝက်ဆီ
ဖတ်၊ ဝက်သားခေါင်းကနေအမြီးအထိ
ထည့်စားလို့ရအောင် ဆန်းသစ်ထားပုံလေး
နဲ့ပတ်သက်ပြီးတော့လည်းဦးအောင်မင်း
ကြည်က အခုလိုရှင်းပြခဲ့ပါတယ်။

မြီးရှေကို သံပရာသီးကိုင်တာကျ
တော့ကျွန်တော်အရင်ကိုင်တာပါ။ သံပရာသီးကတော့ ကျွန်တော် ညဘက်မှာ အသောက်များသွားတော့ ခေါင်း
ကိုက်လို့သံပရာရည်ဖျော်သောက်လိုက်တာ ခေါင်းကြည်သွားတာနဲ့ မြီးရှေထဲကိုသံပရာသီးထည့်ပြီး ကျွန်တော့်သူငယ်
ချင်းကို လုပ်ကျွေးလိုက်မိတယ်။ သူကစားလို့ကောင်းတယ်၊ ကျွန်တော်လည်းအကြိုက်တူနေတာနဲ့ထည့်ရောင်းလိုက်
တာကနေ စကိုင်ဖြစ်သွားတာပါ။ကလီစာကလည်း ကျွန်တော်ပထမဆုံး စကိုင်တာပါပဲကျွန်တော့်ဆရာရှိမှာနေတုန်းက
တော့ အူမကြီးတစ်မျိုးကို်င်ဖူးတယ်။အဲဒီကနေမှ ဝက်သားသည်က သူ့ဆီမှာ ဟင်းဝယ်လို့ဆိုပြီးတော့ကလီစာတွေစားဖို့
လက်ဆောင်ပေးလိုက်တယ်။ အဲဒီ ကလီစာလေးတွေကို မြီးရှေနဲ့ ကိုယ်တိုင်ရော
စားကြည့်လိုက်တဲ့အခါမှာခံတွင်းတွေ့ပြီးကောင်းလို့ ကျွန်တော် ထွင်လုပ်လိုက်
တာပါ။ အဲဒါကို ထွင်လိုက်တာကလည်း ၁၆ နှစ်ကျော်လောက် ရှိနေပြီ။ နောက် တညင်းသီးကျတော့လည်းကျွန်တော်
ကကြို့က်လို့ကျွန်တော့်ဖာသာကျွန်တော်စမ်းစားကြည့်လိုက်တာ အရသာရှိတာနဲ့သူများတွေလည်းကြိုက်မယ်ထင်လို့
တင်လိုက်ရင်းနဲ့ စားသုံးသူပါ ကြိုက်လာတာပါ။

နောက် ဟင်းရည်ထဲမှာ နံရိုးသားလေးတွေ ထည့်ပေးတာကတော့ ကျွန်
တော်ကသူများနဲ့မတူအောင်ထွင်လိုက်တာပါ။ ဒီပြင်လူတွေလည်း ပေးတော့
ပေးကြပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့ လူတိုင်းစေ့၊ နေတိုင်းစေ့ ပေါပေါများများပေးနိုင်ပါတယ်။

၁၆လမ်း မြီးရှေဆိုင်ရဲ့ အပြင်အဆင်ကို အခုချိန်အထိ မပြောင်းလဲတာနဲ့
ပတ်သက်ပြီး စားတဲ့လူတွေ တော်တော်များများကပြောကြပါတယ်။အဲဒီအပေါ်မှာ အပြင်အဆင်တွေမပြောင်းဖြစ်တဲ့ အ
ကြောင်းကိုမေးကြည့်မိတဲ့အခါမှာကျတော့ မပြောင်းလဲဖြစ်တဲ့ ဦးအောင်မင်း
ကြည်ရဲ့စိတ်ကူးလေးကိုအခုလိုပြောပြခဲ့ပါတယ်။

ဒီလိုမပြောင်းလဲတာကလည်းကိုယ့်ကိုယ်ကိုယ်ဆင်ခြင်မှုတရားဖြစ်အောင်လို့ ထိုင်ခုံကရိယာတွေကိုမပြောင်း
ခဲ့တာပါ။ အစားသောက်နဲ့ပတ်သက်ရင်တော့ ပစ္စည်းအမယ်တွေကိုတော့ အကောင်းဆုံးဖြစ်အောင် ကျွန်တော်သုံးပါ
တယ်။ နောက်မပြောင်းဖြစ်တာက အခုဆိုင်အပြင်ဆင်နဲ့ဆိုရင် များသောအားဖြင့် ရာခိုင်နှုန်း ၈ဝ လောက်က လာစား
ကြပါတယ်။ အဆင်အပြင်တွေ ပြောင်းလိုက်မယ်။ တိုက်ခန်းမှာ ဖွင့်လိုက်မယ်ဆိုရင် ရာနှုန်း ၅ဝလောက်ပဲ လာစားကြ
ပါလိမ့်မယ်။ သဘောက ဆိုင်ကြီး၊ ကနားကြီးလုပ်လိုက်တော့ အတော်အသင့်လူကျတော့ ဝင်မစားရဲတော့ဘူး။ အရှိန်ပါဝါ
ပြသလိုဖြစ်သွားကြမှာလည်းစိုးလို့ပါ။

ပိုက်ဆံရှိတဲ့လူတွေကျတော့သူတို့တကယ်ကြိုက်ရင်တော့ လာစားကြမှာပဲလေ။ ကျွန်တော်ဆိုရင် ဆိုင်ကို ဆိုင်း
ဘုတ်တောင်မလုပ်ပါဘူး။

၁၆ လမ်း မြီးရှေ ချက်ပြုတ်နည်း
……………….

ပါဝင်ပစ္စည်းများ
—————–

ကော်ရည်၊
ပဲငံပြာရည်၊
မြီးရှေမုန့်ဖတ်၊
ပဲပင်ပေါက်၊
ပဲငါးပိ၊
မုန်ညင်းအချဉ်၊
နံနံပင်၊
ဝက်သား ကလီစာအစုံ(ပြုတ်ထားရန်)
ဂျုံလုံး(ဂျုံကိုလုံးပြီးကြော်ထားရန်)၊
ဝက်ဆီဖတ်၊
တညင်းသီး၊
သံပရာသီး၊
အချိုမှုန့်၊
ငရုတ်သီးမှုန့်(ဆီနဲ့ရွှဲအောင်ကြော်ထားပါ။)

ကော်ရည်ကျိုနည်း
…………………

ပထမဆုံး ဆန်မှုန့်ကိုရေနွေးဖြောထားပါ။ ထို့နောက် ရေနွေးအိုးကိုတည်ပါ။ ရေနွေးပွက်ပွက်ဆူပြီဆိုလျှင် ဆန်မှုန့်ရေနွေး
ဖြောကို တစ်ဖက်ကလောင်းပြီး ယောင်းမနဲ့ လက်တစ်ဖက်ကမွှေပေးပါ။ မိမိလိုချင်သော ကော်ရည်အပျစ်၊ အကျဲရပြီဆိုလျှင်
ရပ်လိုက်ပါ။ ထို့နောက် ပဲငံပြာရည်အနည်းငယ်ထည့်ပါ။
မှတ်ချက်။ ။ ကော်ရည် တစ်အားပျစ်သွားပါကအေးသွားလျှင် ခဲသွားနိုင်သောကြောင့် မပျစ်၊ မကျဲလေး အနေအထားက
အကောင်းဆုံးဖြစ်သည်။ ပဲငံပြာရည်ကိုလည်း လုပ်ပြီးသားဝယ်တာဖြစ်တဲ့လျောက် ဝယ်တိုင်း အပေါ့၊ အငန်မြည်း စမ်းသပ်သင့်
ပါသည်။ အငန်ပေါ့တဲ့အခါမျိုးဆိုလျှင် ပဲငံပြာရည်ကို ဆား၊ ရေနွေးထည့် ခလောက်ပြီး ထည့်ပေးသင့်ပါသည်။

ဝက်သားပြုတ်နည်း
ဝက်သားပြုတ်ထဲကိုတရုတ်ပြည်မှလာသော ရှောက်ခေါသီးထည့်ပြုတ်ပါ။ ဆောင်းတွင်းဆိုလျှင် အပူဓာတ်လေးရရှိအောင် ငရုတ်ကောင်းကိုထောင်းပြီးထည့်ပြုတ်ပါက သင့်တော်ပါသည်။

မြီးရှေပြင်ဆင်နည်း
ပထမဦးဆုံးမြီးရှေမုန့်ဖတ်ကိုရေနွေးပြုတ်ရည်ထဲထည့်ပြုတ်ပါ။ ထို့နောက်ပန်းကန်ထဲသို့ ကော်ရည်၊ ပဲငါးပိ၊ မုန်ညင်းချဉ်၊
နံနံပင်တို့ထည့်ပါ။ ငရုတ်သီးမှုန့် ထို့နောက် အချိုမှုန့်နည်းနည်းထည့်ပါ။ ထို့နောက် ဝက်သား၊ သံပရာသီး ၊ တညင်းသီး၊ ဂျုံလုံး ၊
ဝက်ဆီဖက်များထည့်ပြီး နယ်ပါ။ ထို့နောက် အသင့်စားသုံးရန်အဆင်ပြေသည့် ၁၆လမ်းမြီးရှေကို ရရှိပါပြီ။

မန္တလေးဈေးချို
……………..


နာရီစင် မန်းလေး

၁၆လမ်းမြီးရှေဆိုင်ကနေ တစ်ဆင့်သွားရောက်မိတဲ့နေရာလေးကတော့ သက်တမ်း၁၀ဝကျော်ရှိနေပြီဖြစ်တဲ့ ဈေး
ချိုပါပဲ။ ဈေးချိုအနီးကနာရီစင်ကြီးက ခန့်ခန့်ထည်ထည်နဲ့ မန္တလေးမြို့ရဲ့ ဂုဏ်ရောင်
ထင်ဟပ်ပြသနေသလိုပါပဲ။ ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းရဲ့ ပြောပြချက်အရ ဈေးချိုဈေးကြီး အင်္ဂလိပ်လက်ထက်
၁၉၀၄ ခုနှစ် ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အဆင့်မြင့်ဈေးကို
တော့ ၁၉၉၄ ခုနှစ်မှာ တည်ဆောက်ခဲ့တယ်လို့သိရပါတယ်။အရင်တုန်းက ဈေးချိုက တစ်ထပ်ဈေးဖြစ်ပြီး ရုံပေါင်း ၁၂ ရုံရှိတယ်လို့ သိရပါတယ်။ အရင်ဈေး
ဟောင်းတုန်းက ဆိုရင်တော့ ဈေးထဲကရုံတွေထဲမှာ ဆီချက်ဆိုင်တို့၊ ဘဲသားဒံပေါက်ဆိုင်တို့ကနာမည်ကြီးပါတယ်။
နောက်ပိုင်းအဆင့်မြင့်ပြုပြင်တည်ဆောက်ပြီးတဲ့အချိန်မှာတော့ရုံတွေထဲကဆိုင်တွေက အပြင်ဘက်တန်းတွေဆီ
ရောက်သွားခဲ့ပါတယ်။ဈေးချိုကတော့ နာမည်ကျော် ဈေးတစ်ဈေးဖြစ်တာနဲ့အညီ ကြားရက်မှာ
တောင် အတော်ကလေး စည်စည်ကားကားဖြစ်နေတာကိုတွေ့ရပါတယ်။ ဈေးချိုကအထက်မြန်မာပြည်ရဲ့ ကုန်စည်စီးဆင်း
မှုအဓိကနေရာဖြစ်တဲ့အတွက်ကုန်ပစ္စည်းမျိုးစုံရှိပါတယ်။ ဈေးချိုမှာ အခြားနေရာမှာတွေ့ရခဲတဲ့ ပရဆေးအပါအဝင်၊ ဟင်း
ခတ်အမွေးအကြိုင်တွေကိုပေါပေါများများတွေခဲ့ရပါတယ်။တရုတ်ပြည်ဘက်ကလာတဲ့ အဝတ်အထည်၊ အသုံးအ
ဆောင်တွေကလည်း တန်လွန်းလို့ ဝယ်ချင်အောင်ဆွဲဆောင်နိုင်တာကိုလည်းတွေ့ခဲ့ရပါတယ်။

• ဈေးချိုထဲက လမ်းဘေးမုန့်လေးများ
ဈေးချိုထဲရောင်းတဲ့သရေစာလေးထဲမှာမှသူများတွေအတွက်တော့မသိဘူး။ ကျွန်တော့်အတွက် ထူးခြားတဲ့
အစားသောက်လေးတွေကို အကြောင်းနည်းနည်းတီးခေါက်ကြည့်မိခဲ့ပါတယ်။

• အုန်းနို့ပြင်နဲ့အုန်းစိမ်းကျောက်ကျော

နာရီစင် မန်းလေး
အုန်းနိုးစိမ်းကျောက်ကျော

ဈေးချိုဈေးထဲက ဓာတ်လှေကားနားမှာ ဗန်းကလေးနဲ့ချရောင်းနေတဲ့ဈေးသည်အဒေါ်ကြီးတစ်ယောက်ရဲ့ အသံ
ကြောင့်အဒေါ်ကြီးရဲ့ ဗန်းထဲကိုကြည့်မိလိုက်တော့ အဖြူရောင် ကျောက်ကျောတုံးလေးတွေထဲမှာ အုန်းသီးလေးတွေပါ
တဲ့အုန်းသီးကျောက်ကျောရယ်၊ နောက်အုန်းသီးခြစ်နိုင်နိုင်ဖုံးအုပ်ထားတဲ့ အုန်းနို့ပြင်ဆိုတဲ့ မုန့်လေးကိုတွေ့မိတော့ စိတ်
ဝင်စားစွာနဲ့ အုန်းနို့ပြင်မုန့်လုပ်နည်းကိုမေးမြန်းကြည့်ခဲ့မိပါတယ်။အုန်းနို့ပြင်က ဆန်ကို ကိုယ်တိုင်
ကြိတ်ပေးရပါတယ်။ နောက်ကြိတ်ပြီးသားမုန့်နှစ်ကို အုန်းနို့တို့၊ ထောပတ်တို့ထည့်ပြီးပေါင်းရပါတယ်။ ပေါင်းပြီးလို့ရလာတဲ့
မုန့်သားပေါ်မှာမှအုန်းသီးခြစ်လေးတွေကိုများများဖုံးအုပ်ထားတဲ့အခါစားလို့အရသာရှိလှတဲ့အုန်းနို့ပြင်မုန့်လေးကိုစားလို့ရပြီလို့ သိရပါတယ်။
အုန်းစိမ်းကျောက်ကျောကတော့ထုံးစံအတိုင်းကျောက်ကျောကိုကြိုတဲ့အထဲမှာ ရိုးရိုးအုန်းသီး ခြစ်ထည့်တာမဟုတ်ဘဲ အုန်းသီးနုဖတ်လေးတွေကိုသာ ခြစ်
ပြီးတော့ထည့်ထားတာဖြစ်လို့ ကျောက်ကျောနဲ့အုန်းသီးနု တို့နှစ်မျိုးပေါင်းအရသာလေးကလည်းဆန်းသစ် နေတာတွေ့ရပါတယ်။

ဗန်းသေးသေးလေးနဲ့အသုပ်အကုန်ရတဲ့ဆိုင်လေး
………………………………………………


အများအားဖြင့် ဒီလိုအသုပ်ဆိုင်လေးတွေမှာက ခေါက်ဆွဲသုပ်၊ ကြာဆံ
သုပ်၊ ထမင်းသုပ်လောက်ပဲရပါတယ်။ ဒါပေမယ့် ဒီဆိုင်လေးကတော့ ကျွန်တော်
မကြားဖူးတဲ့အရွက်တွေပါထည့်သုပ်ထားတာတွေ့ရပါတယ်။အစုံသုပ်ထဲမှာဆိုရင်
ငါးရံပလူရွက်၊အဝေရာရွက်၊မြူရွက်ပါထည့်သုပ်နည်းလေးကဆန်းသစ်နေပါ
တယ်။ ထမင်းသုပ်ကလည်း ထမင်းနီနီတွေနဲ့သုပ်ထားလို့ထူးခြားလှပါတယ်။
နောက်ခင်းကျင်းထားတဲ့အခင်းအကျင်းကလည်း ငှက်ပျောရွက်ပေါ်မှာငှက်ပျောရိုးလေးတွေကို ဘောင်ခတ်ကာ
ခင်းကျင်းထားတာဖြစ်ပြီး သန့်ရှင်းသပ်ရပ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဒီအသုပ်စုံဆိုင်လေးမှာ ဘာအသုပ်စားစား တစ်ပွဲငါးရာကျပ်ဖြစ်ပြီး ၊ဈေးနှုန်းသင့်ပြီးအရသာရှိလို့ ဈေးချိုထဲက အလုပ်သမ
တွေ အတော်များများ အလုအယက် ဝယ်စားနေကြတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။

မန္တလေးရင်ခွင်၊ တောင်သမန်လေညင်းနဲ့
အစားအသောက်စုံ လင် ခရီးစဉ်အပိုင်း(၂)ကို
နောက်လဆက်ဖတ်ပါရန် . . .။

အထက်ပါဆောင်းပါးအတွက် မန္တလေးရောက်တုန်း အကူအညီပေးခဲ့ကြတဲ့ ကိုပေနဲ့ လေးပေါက်တို့အား အထူးကျေးဇူးတင်အပ်ပါတယ်။

19 comments

  • ဦး ကျောက်ခဲ

    June 7, 2013 at 6:30 pm

    ကိုရင်ဂ ရေးထားတာဖတ်ရမှ…
    မန်းရောက်တုန်းက နေ့လည်နေ့ခင်း ပူလွန်းလို့ မနက်ဖက် “စိုးစိုး”မုန့်တီကလွဲရင် တခြားဘာမှမစားဖြစ်ခဲ့ပဲ ဟော်တယ်မှာခွေနေမိတာ နောင်တရသွားတယ်ဗျို့။ ဒီတစ်ခေါက်သွားဖြစ်ရင်တော့ စုံအောင်လျှောက်စားမယ်ဗျာ။ စကားအတင်းစပ်… ဟောင်ကောင် လည်ညွှန်း/စားညွှန်း ရေးပေးပါ့မယ်ဗျာ…။ မြန်မာဟင်းပဲ ကွကိုချက်စားနေပြီး မုဒ်မရသေးလို့… ဟီး ဟီး
    :harr:

    • အာဂ

      June 8, 2013 at 5:42 pm

      လေးကျောက် စာမူပေးမယ်ဆိုတာသိရတော့ ဝမ်းသာပါတယ် ။ မြန်မြန်လေးပို့ပေးရင်ကောင်းမယ်။နောက်မို့ဆို ကျွန်တော် ခရီးထွက်နေရဦးမယ်။

  • KZ

    June 7, 2013 at 7:45 pm

    လွမ်းဒယ် ကိုုဂရေ……….
    လွမ်းဒယ်တော့ ဟော့ဟော့……..
    အဲ နွယ်လေးကြားရင် အထင်လွဲဒေါ့မှာဘဲ။
    ကိုုဂ ကိုု လွမ်းဒါ ဟုုတ်ဘူး။
    မန်းလေး ကိုု၊ အစားတွေ ကိုု လွမ်းတာ။
    အဲဒီ မြီးရှည်ကိုု ကျနော်တိုု့ က ဒေါ်နီ မြီးရှည် လိုု့ သိတာ။
    ဈေးချို အသုုတ်လည်း လွမ်းဒယ်တော့။
    ကယ်ဂျဘာာာာာာာ။
    :byae:

    • အာဂ

      June 8, 2013 at 5:43 pm

      ဟွန်း တားကိုများလွမ်းနေတာလားလို့…အခုတော့ အဟင့်..။

  • Mr. MarGa

    June 7, 2013 at 8:14 pm

    အဟင့်
    တကယ့် ဗိုက်ဆာတဲ့ အချိန်မှ ဖတ်မိရတယ်လို့
    မကျေနပ်ဘူး
    လာဝယ်ကျွေး ဒါဗျဲ
    :mrgreen:

    • အာဂ

      June 8, 2013 at 5:45 pm

      ဘယ်ကိုလာပြီး လာဝယ်ကြွေးရမလဲ..။ ကိုဂ အဲ ကိုမာဂ ရွာထဲမှာ ခင်ဂျားနဲ့ ကျူပ်အပြင်ဘယ်ဂ ရှိသေးလဲလို့တောင် တွေးမိသေး..။

      • Mr. MarGa

        June 8, 2013 at 6:23 pm

        ကျန်တဲ့ ဂ ကတော့
        ကိုရင် ဂရုဒ နေမှာပေါ့ဗျာ :mrgreen:

  • padonmar

    June 7, 2013 at 9:22 pm

    ဂဂ
    ကော်မှုန့်ကျိုနည်းဆိုပြီး ဆန်မှုန့်ဖြစ်နေတယ်။
    ..
    အသုပ်စုံနဲ့ အုန်းနို့ပြင်ကတော့ ပြေးတောင်စားချင်လာပြီ။

    • အာဂ

      June 8, 2013 at 5:51 pm

      အန်တီ သူက ကော်ရည်ကို ဆန်မှုန့်နဲ့များကျိုလားမသိဘူး။ အဲဒီအတိုင်းပြောလို့ ဒီအတိုင်းပဲရေးလိုက်တာ။ အမှန်တော့ ကော်ရည်ကို ဘယ်လိုကျိုလည်း တားလည်း သေချာမသိဘူး။

  • မောင် ပေ

    June 8, 2013 at 12:36 pm

    နောက်တစ်ခါ လာရင်
    အာပုံကောင်းကောင်း လိုက်ပြပေးမယ်
    :kwi:

    • အာဂ

      June 8, 2013 at 5:52 pm

      ကျေးဇူးပဲ ကိုပေရေ…အမှန်အတိုင်းပြောရရင် မန္တလေးကို အဲဒီတစ်ခေါက်ပဲ ရောက်ဖူးခဲ့တာဗျ..။

  • Ma Ma

    June 8, 2013 at 2:59 pm

    နောက်တစ်ခါ ရွာသူားတွေ တွေ့ဆုံပွဲကို မန်းလေးမှာ သွားလုပ်ရင် ကောင်းမယ်။ 😛

    • အာဂ

      June 8, 2013 at 5:53 pm

      အဲဒီမှာလုပ်ရင်ကောင်းတယ်နော့….ဒါပေမဲ့ မလိုက်ဖြစ်ဖို့ကများနေတယ်..

    • အာဂ

      June 8, 2013 at 5:54 pm

      ဟုတ်ပ ဦးပါရေ……အနော်လည်း စားချင်တယ်အချိန်မရလို့ မစားခဲ့ရဘူး.။

  • ရွာစားကျော် မင်းနန္ဓာ

    June 8, 2013 at 10:37 pm

    အစားအသောက်စုံလင်ဆိုတော့
    အပိုင်း(၂)ကျရင် ဦးပိန်မှာ ထန်းရည်သောက်တာလည်း ပါရမယ်ထင်တယ်.. ဟီးး
    ဝင်နောက်သွားပါသည်…
    ဒါနဲ့ ပုံတွေ ဆိုဒ် အရမ်းကြီးနေတယ် ဂဂရေ..

  • ko pauk mandalay

    June 8, 2013 at 11:09 pm

    ထတော့ ထ ဘဲ
    ထန်းရေလား ထိုးမုန့်လား တစ်ခုခုဘဲ

  • lele kyi

    June 8, 2013 at 11:42 pm

    အမှန်အတိုင်း ဝန်ခံရရင် မြနန်းစံကျော်ကိုရင်မခုန်ဘူး။ အတိတ်ရဲ့ အရိပ်ကိုခြေရာကောက်လို့မရဘူးခံစားမိတယ်။ ဗားကရာတိုက်ရယ်။ ရွှေကျောင်းရယ်။ မယ်နုအုတ်ကျောင်းကို ရယ် ကို နှစ်သက်မိတယ်။ ဒီနှစ် ပိတ်ရက်မှာ စီစဉ်မထားပဲမန်းတလေးရောက်သွားတယ်။ တကယ်သွားချင်တာက အင်းလေးကန်။ မန်းလေးက အစားအသောက်တွေသေသေချာချာမစားခဲ့ရဘူး။ လမ်းပေါ်မှာပဲအချိန်ကုန်နေလို့။ တောင်သမန်အင်းရောက်တော့ မိုးချုပ်နေပြီ။ သူငယ်ချင်းကနည်းနည်းစိတ်ကောက်သွားတယ် ကျမရဲ့ schedule ညံ့ဖျင်းမှုကို။ ကျမကနည်းနည်းလောဘကြီးတယ် အချိန်နဲနဲ နဲ့ မန်းလေး။အင်းဝ။စစ်ကိုင်း။မင်းဘူး။ပြင်ဦးလွင် အကုန်ပတ်ပလိုက်လို့။ စစ်ကိုင်းတံတားပေါ်ကမြင်ရတဲ့ ဧရာဝတီမြစ်ကြီးက ဝမ်းနည်းနှမျောစရာကောင်းလှပါတယ်။ သောင်တွေတော်တော်များများ နေရာယူထားတယ်။မြစ်တစ်ဆင်းရဲ့ အားမာန်တွေ မရှိတော့ဘူးလို့ခံစားရတယ်။

  • myat pearl phyu

    January 29, 2014 at 11:56 am

    မန်းလေးကို ၁ခေါက်ပဲ ကျောင်း Excursion Out တုန်းကရောက်ဖူးတယ်…

Leave a Reply