အောင်မြင်ခြင်း အတူတူဘယ်သူမြတ်သည်လဲ
ဆေးတက္ကသိုလ် တက်စဉ်တုံးက ခင်မင်သိကျွမ်းခဲ့ရတဲ့ သူငယ်ချင်းတွေထဲမှာ မြန်မာပြည်တောင်ပိုင်း ကမ်းရိုး တန်းမြို့လေး တစ်မြို့က မြို့သူလေး ၂ ယောက်ကို သီးခြားစီခင်မင်ခွင့် ရခဲ့ပါတယ်။
ချိုချိုနဲ့ ရည်မွန် လို့ နာမည် အတုလေးပေးပြီးခေါ်ခွင့်ပြုပါ။
တစ်မြို့တည်းသူတွေဖြစ်ပေမယ့် သူတို့နှစ်ယောက်ရဲ့ဘဝအခြေခံတွေ မတူခဲ့ပါဘူး။
ချိုချို
ချိုချိုရဲ့ မိဘတွေက ကုန်သည်တွေပါ။
ချိုချိုတို့ ငယ်စဉ်မှာ သူ့မိဘတွေဟာ ကုန်စုံဆိုင်လေးတစ်ခုနဲ့ အရောင်းအဝယ်လုပ်ပြီး သားသမီး ၅ ယောက်ကိုရှာဖွေကျွေးရပါတယ်။
သိပ်ချို့တဲ့လှတဲ့ အခြေအနေမဟုတ်ပေမယ့် သုံးနိုင်ဖြုန်းနိုင်တော့ မဟုတ်ပါဘူး။
သူ့မိဘတွေကလည်း သာမန်ရေးနိုင်ဖတ်နိုင်ရုံ သူတို့ခေတ်ရဲ့ မူလတန်း အလယ်တန်းလောက်ဘဲ ဆိုပါတော့။
ဒါပေမယ့် သားသမီးတွေအပေါ်မှာ စည်းကမ်းကြီးကြီးထားပါတယ်။ သားသမီးပညာရေးကိုလည်း သူတို့နားမလည်ပေမယ့် တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါတယ်။
ကျူရှင်ယူဖို့လိုရင် ကျူရှင်ခရအောင် ရှာကြံ ပေးပါတယ်။ စာကိုတစ်ဖက်က ကြိုးစားစေသလို သူတို့လက်ငုတ်လက်ရင်း စီးပွားရေးဖြစ်တဲ့ ကုန်စုံဆိုင်အလုပ်မှာ လည်း ကျောင်းအားချိန်တိုင်း ကူညီစေပါတယ်။
ပညာရေးအတွက်ကလွဲရင်တော့ လုံးဝသုံးဖြုန်းခွင့်မပေးပါဘူး။ အပေါင်းအသင်းနဲ့လည်ပတ်ခွင့်၊ ရုပ်ရှင်ကြည့်ခွင့်ဆိုတာ တစ်နှစ်မှာ တစ်ကြိမ်လောက်ပဲခွင့်ပြုပါတယ်။
အဝတ် အစားဆိုလဲ ပေါ်တိုင်းမဝတ်ရပါဘူး။ သူတကာ ခရစ်၊လှိုင်းကြီး၊ လှိုင်းလတ်၊ ဖော့ရှန်ဆိုတာတွေ ထည်လဲဝတ်နေ ချိန်မှာ ချိုချိုတို့က တက်ထရွန်အဖြူ၊ အစိမ်းလေးနဲ့ဘဲ ကျောင်းသွားလည်း ဒါဝတ်၊ ကျောင်းပြင်လည်း ဒါဝတ် နေခဲ့ ရပါတယ်။
ချိုချိုတို့မောင်နှမတွေကလည်း လိမ္မာကြပါတယ်။ အားလုံးစာလည်းကြိုးစားကြလို့ အတန်းထဲမှာ ပထမ၊ ဒုတိယ၊ တတိယ ဆိုတာ နှစ်စဉ်သူတို့မောင်နှမတွေ အတွက်လို့ သတ်မှတ်ထားသလိုပါဘဲ။
သူတို့ အဖေအမေလည်း စုစုဆောင်းဆောင်းလုပ်နိုင်တာကြောင့် ချိုချို အထက်တန်းလောက် အရောက်မှာ တော့ မိသားစု စီးပွားရေးဟာ အတော်တိုးတက်လာပါတယ်။
ဒါကြောင့် ချိုချိုအေဖေက ရန်ကုန်မှာ အိမ်ခန်း တစ်ခန်း အပျောက်နဲ့ဝယ်ပြီး သားသမီးတွေကို ရန်ကုန်ကျောင်းမှာ လာတက်စေပါတယ်။
XXXXXXXXXXXXXXX
ရည်မွန်
ရည်မွန့်မိဘတွေကတော့ ပညာတတ်တွေပါ။ ရည်မွန့်အဖေက သတ္တုတွင်းပိုင်ရှင်မျိုးရိုးက ဆင်းသက်လာ တဲ့ အရာရှိကြီးတစ်ယောက်ပါ။
ရည်မွန့်အမေကတော့ ဆရာဝန်မကြီးပါ။ မိဘတွေ ကိုယ်တိုင်က သင်ပေးနိုင်လို့ ရည်မွန့်က အင်္ဂလိပ်စာ အခြေခံလည်းကောင်းပါတယ်။
နာမည်ကြီးကျူရှင်တွေလည်း တက်နိုင်တယ်ဆိုတော့ မိဘမျက်နှာကြီးတော့ ဆရာ ၊ ဆရာမတွေကလည်း မှတ်မိလွယ် ၊ သိလွယ် ၊ အမှတ်ရလွယ်ဖြစ်တာပေါ့။
ရည်မွန်ကိုယ်တိုင်ကလည်း အလိုလိုက် အမိုက်စော်ကားဆိုတဲ့ထဲမပါပဲ ကြိုးစားတဲ့ကလေးပဲ ဆိုတော့ အတန်းထဲမှာ စာအတော်ဆုံးတွေထဲပါပါတယ်။
မြို့သေးသေးလေးမှာ အလွန်နည်းပါးလှတဲ့ ကားပိုင်ရှင်တွေထဲ ရည်မွန့်မိဘလည်းပါတာပေါ့။
xxxxxxxxxxxxxxxxxxxxxxx
ကျောင်းနဲ့ ကျူရှင်ကို ရည်မွန့်က ဒရိုင်ဘာလိုက်ပို့တဲ့ ကားလေးနဲ့ လာတဲ့အခါ မိုးရွာထဲ ထီးတစ်ဖက် စက်ဘီးလက်ကိုင် တစ်ဖက်ကိုင်ရင်း စီးနေရတဲ့ ချိုချိုတို့ငေးမောရင်း ကျန်ခဲ့ရပါတယ်။
မြို့လေးရဲ့ ဝင်ဒါမီယာခေါ်လောက်တဲ့ မင်းပိုင်းရပ်ကွက်က ခြံဝင်းကျယ်ထဲမှာ ဒန်းစီးဆော့ကစားနေတဲ့ ရည်မွန်၊
အလှစိုက်တဲ့ သစ်ခွပင်တွေကို ရေပန်းကရားနဲ့ ရေလောင်းနေတဲ့ ရည်မွန်ကို ဖြတ်သွားဖြတ်လာလုပ်ရင်း တွေ့ရတဲ့အခါ ချိုချို အားကျမဆုံးပါပဲ။
ဆိုင်မှာနေ့စဉ်ရောင်းဖို့အပြင် လှောင်ကုန်တွေကို အိမ်မှာ အပြည့်သိုလှောင် ထားတဲ့ ၊ ခြံဝင်းမရှိတဲ့ ရပ်ကွက်ထဲက အိမ်လေးမှာ နေရတဲ့
ချိုချိုအတွက်စီးစရာ ဒန်းမရှိသလို ရေလောင်းစရာ ရွက်လှပင်တောင် မရှိခဲ့ပါဘူး။
အပျင်းပြေဆော့စရာ မောင်နှမတွေ ထုပ်ဆီးတိုးတန်း ၊ ကြက်တောင်ရိုက်တန်း ကတော့ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ အတူဆော့နေကျပါ။
နေတဲ့ရပ်ကွက်ချင်းလည်း မနီး ၊ တက်တဲ့ကျူရှင်လည်း မတူတဲ့အတွက် ချိုချို နဲ့ ရည်မွန်ဟာ ကျောင်းတူပေမယ့် ရင်းရင်းနှီးနှီး ခင်မင်ခွင့်မရခဲ့ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် စာတော်သူချင်း အသိအမှတ် ပြုရုံပါပဲ။ အနေမနီးလေတော့ မေးထူးခေါ်ပြော အဆင့်ပဲရှိခဲ့ပါတယ်။
လူရည်ချွန်ရွေးပွဲတွေ လုပ်တဲ့အခါ ချိုချိုလည်းရည်မွန်နဲ့အတူ ဝင်ပြိုင်ခဲ့ပေမယ့် လိုအပ်တဲ့ အားကစား ၊ ဗဟုသုတ မှ အစ
မိဘက ဖြည့်ဆည်းပေးနိုင်တာ ၊ ဆရာ ဆရာမတွေရဲ့ အထင်ကြီးမှု (Impression) ကိုရထားပြီး ဖြစ်တာဆိုတဲ့ အချက်အလက်တွေကြောင့်
လူရည်ချွန်ဆိုတဲ့ ပန်းကလေးဟာ ရည်မွန့်အတွက်သာ ဖြစ်ခဲ့ရပါတယ်။
ချိုချိုတို့မောင်နှမတွေ ရန်ကုန်ကျောင်းပြောင်းတဲ့နှစ်မှာပဲ ရည်မွန့် ဖေဖေဟာလဲ ပို၍မြင့်မားသော ရာထူးနဲ့ ရန်ကုန်ပြောင်းခဲ့ရပါတယ်။
ရန်ကုန်မှာတော့ ကျောင်းချင်းမတူတဲ့ အတွက် မဆုံစည်းကြတော့ပါဘူး။
xxxxxxxxxxxxxx
ဆေးတက္ကသိုလ်ဖွင့်ချိန်မှာ ချိုချိုရော ရည်မွန်ပါ ဆေးကျောင်းဝင်ခွင့်ရလို့ ပြန်လည်တွေ့ကြပါတယ်။
ဒါပေမယ့် နာမည်အက္ခရာစီပုံအရ အလှမ်းဝေးတာဖြစ်လို့ Orbit မတူတဲ့ ဂြိုလ်နှစ်စင်းလို ဝေးဝေးကပဲ ပြုံးပြ နှုတ်ဆက်သွားကြရပါတယ်။
ချိုချိုဆေးကျောင်းတက်နေချိန် ကျောင်းပြီးသွားချိန်တွေမှာ ချိုချိုအကိုကြီးက B.Sc ဘွဲ့ရပြီး စီးပွားရေး လောကထဲ ခြေစုံပစ်ဝင်သွားပါတယ်။
တစ်နေ့ကို ၁၆ နာရီလောက် အလုပ်တွေကို မနားတမ်းလုပ်ခဲ့ရပါတယ်။ ၁၉၈၈ အပြီး ကုမ္ပဏီတွေထောင်ခွင့်ပေးချိန်မှာ
အကိုကြီးက ကုမ္ပဏီတစ်ခုထောင်ပြီး Export , Import လုပ်ပါတယ်။
ဒီအချိန်မှာ ချိုချိုက အိမ်ထောင်ကျပြီဖြစ်ပေမယ့် ဆံထုံးနောက်ရောင်ပါလာတဲ့ ချိုချိုခင်ပွန်းက အကိုကြီးနဲ့ တူတူလက်တွဲလုပ်တဲ့အတွက် ပညာတတ်လူငယ်တွေ ဦးဆောင်တဲ့အလုပ်ဟာ လှေခါးထောင်တက်လိုက်သလို အဆင့်များစွာ တက်လာပါတယ်။
ရန်ကုန်မြို့ရဲ့ဆိတ်ငြိမ်ရပ်ကွက်ထဲမှာ မောင်နှမတတွေ တစ်ယောက်ခြံတစ်ကွက် ၊ တိုက်တစ်လုံးစီ အပြင်ကားများစွာ ဒရိုင်ဘာများစွာနဲ့ လိုရာကိုသွားနိုင်တဲ့ ဘဝကို ရောက်ခဲ့ရပါပြီ။
ကိုယ့်သားသမီး ၊ ကိုယ့်စီးပွားရေးတွေနဲ့ လုံးပန်းနေရတဲ့အတွက် ချိုချိုတစ်ယောက် သူငယ်ချင်းတွေနဲ့ လည်း မဆုံနိုင်ခဲ့ပါဘူး။
အရင်းနှီးဆုံးသူငယ်ချင်း အနည်းငယ်နဲ့ တွေ့မိတဲ့အခါ ကြားမိတဲ့ သတင်းတွေထဲမှာတော့ ရည်မွန် တစ်ယောက် နိုင်ငံခြားထွက်သွားတဲ့အကြောင်း ၊ ဟိုမှာပဲ အိမ်ထောင်ကျသွားတဲ့အကြောင်းတွေ ကြားရပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxx
ဒီနှစ်တော့ ကျောင်းပြီးတာ ၂၅ နှစ်ရှိပြီဖြစ်တဲ့အတွက် သူငယ်ချင်းတွေ မိတ်ဆုံစားပွဲနဲ့ ဆရာကန်တော့ပွဲ လုပ်ဖြစ်ပါတယ်။
အဝေးရောက်သူငယ်ချင်းတွေလည်း ပြန်လာကြတာဖြစ်လို့ နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ သူငယ်ချင်းတွေ ဝမ်းသာအားရ ပြန်လည်ဆုံစည်းကြပါတယ်။
၂၅ နှစ်ဆိုတဲ့အချိန်ဟာ ပိတုန်းရောင်ကေသာ တွေ ကိုလည်း ငွေမင်ရည်ဖုံးလိုက်ပါပြီ။ Revlon , Lolane စတာတွေနဲ့ မည်းတဲ့သူကမည်း ၊ နီတဲ့သူကနီ ဇရာကို ဖုံးဖိသူတွေ လည်းရှိတာပေါ့။
ဖုံးကွယ်လို့မရတာကတော့ မျက်ဝန်းအစုံရှေ့က ကိုင်းမျိုးစုံနဲ့ မျက်မှန်တွေပါပဲ။
ပုံပျက်ပန်းပျက် စူလာတဲ့ ခါးနဲ့ဗိုက် ၊ တွန့်လာတဲ့ ပါးရေ ၊ ထိုင်ရာက ထရင်ထောက်ရတဲ့ လက် ၊ ဗြုန်းကနဲ ပြောလိုက်လို့ အာရုံမစိုက်မိရင် သဲသဲကွဲကွဲ မကြားလိုက်ရတော့တဲ့နားတွေ ကိုတော့ လျစ်လျူရှုထားလိုက်ကြပါ တယ်။
လွတ်လွတ်လပ်လပ် နင်တစ်လုံး ငါတစ်လုံးနဲ့ အားရပါးရ ပြောကြတဲ့ပွဲမှာ ချိုချိုနဲ့ရည်မွန်လည်း တစ်ယောက်ကိုတစ်ယောက် အားရဝမ်းသာဖက်ပြီး စကားတွေ တဝကြီးပြောဖြစ်ကြပါတယ်။
မြို့ကသူလည်းသိ ၊ ကိုယ်လည်းသိတဲ့ သူငယ်ချင်းတွေ အကြောင်းလည်းပါ ၊ မိဘတွေအကြောင်းလည်းမေး အခုမှပဲ ချစ်မိကြ ပါတော့တယ်။
ပွဲပြီးလို့အပြန်မှာတော့ နိုင်ငံခြားကခေတ္တပြန်လာတာဖြစ်တဲ့ ရည်မွန်ကို သူတည်းခိုရာ မိဘအိမ်အရောက် ချိုချိုက အသင့်စောင့်နေတဲ့ ဒရိုင်ဘာနဲ့အတူ လိုက်ပို့ပေးလိုက်ပါတယ်။
ကျောက်ကုန်းက ဆိတ်ငြိမ်တဲ့ခြံဝင်းထဲက တစ်ထပ်အိမ်လေးမှာ ပင်စင်စားတွေဖြစ်ကြတဲ့ ရည်မွန့်မိဘတွေ နေကြပါတယ်။
မလှမ်းမကမ်းမှာရှိတဲ့ သုခပဋိပဒါ သဒ္ဓမ္မရံသီရိပ်သာမှာ နေ့စဉ်သွားရောက် တရားထိုင်လိုတဲ့အတွက် ဒီနေရာမှာပဲ ရွေးဝယ်ပြီးနေကြတယ်လို့ ဆိုပါတယ်။
ဇာတိမြို့က မိဘတွေရဲ့နာမည်ပြောပြတော့ ရည်မွန့်မိဘတွေလည်း ဝမ်းသာအားရ နှုတ်ဆက်ကြပါတယ်။
အခုနေနေတဲ့ လိပ်စာကဒ်ပေးရင်း အကြောင်းရှိရင် ဆက်သွယ်ကြဖို့ ပြောကာနှုတ်ဆက်ရင်း ပြန်ခဲ့ပါတယ်။
ဇာတိမြို့တုံးကဆိုရင် အရာရှိကြီးဖြစ်တဲ့ ရည်မွန့်ဖေဖေကို ရဲရဲတောင် မကြည့်ရဲခဲ့တဲ့ဘဝကနေ အခုအခါ အရေးတယူ ဆက်ဆံအရေးပေးခံရတဲ့ ဘဝကို ရောက်ရပြီမို့ ချိုချိုလည်း ကိုယ့်ကိုကိုယ် ကြည်နူးဝမ်းသာရပါတယ်။
ဘဝရဲ့ သုံးပုံနှစ်ပုံအရောက်မှာ အောင်မြင်ခြင်း ပလ္လင်ပေါ်ရောက်ခဲ့ရပြီပေါ့။
ရည်မွန်လည်း သူ့ဘဝနဲ့သူ အောင်မြင်နေတဲ့သူတစ်ယောက်ပါပဲ။
ကိုရီးယားကားတွေထဲကလို ဆင်းရဲသားရဲ့သမီးလေးကို ချမ်းသာတဲ့ သူဋ္ဌေးသမီးက နှိပ်စက် စာမေးပွဲတွေ အစားထိုးဖြေခိုင်းဆိုတဲ့ ဇာတ်နာတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ပါဘူး။
ဒီတကယ့်ဖြစ်ရပ်လေးကို ငယ်ငယ်တည်းက နှစ်သက်ခဲ့ရတဲ့ စန္ဒယားထွန်းညွန့်ရဲ့ သီချင်းကြားမိတိုင်း ပြန်လည်သတိရ ဆင်ခြင်မိပါတယ်။
ကိုပေါက် ရေးပေးတဲ့ သီချင်းစာသားလေး ခံစားကြည့်ကြပြီးရင် အေက်က မေးခွန်းလေးလည်း ဖြေပေးကြစေလိုပါတယ်။
ဒီဇာတ်လမ်းထဲက ချိုချို့ဘဝနဲ့ရည်မွန့်ဘဝမှာ စာဖတ်သူတွေဆိုရင်ကော ဘယ်လိုဘဝမျိုးဖြစ်ချင်ပါသလဲ။ ကိုယ့်သားသမီးဆိုရင်ကော ချိုချိုဖြစ်စေချင်သလား ၊ ရည်မွန်ဖြစ်စေချင်ပါသလား။
“အောင်မြင်ခြင်းအတူတူ ဘယ်သူမြတ်သည်လဲ”
ရေးဆို စန္ဒယားထွန်းညွန့်
ကိုယ်တို့လူ့ဘုံခန်းအလည် …အငယ်မွေးစ အခက်အလက်ဆောင်ရယ်မစုံကြသေးသော အရွယ်တွေမှရယ်… လူလားမြောက်သည့်အထိသို့သာရယ်
ရာသက်တိုင်သာတကယ်….
အောင်မြင်လိုသော ဆန္ဒဆိုတာအမြဲ
အတိအကျသာလဲ ရှိကြလျက်ပါကွယ်။…
ဒီဆန္ဒုပြီးမြောက်ဘို့ရယ် တစ်ဦးနဲ့တစ်ဦးမယ်
တူပြိုင်လျှောက်သောလမ်းချင်းကဖြင့်မတူညီလေကြတယ်….
တစ်ချို့တော့လဲသာယာဟန်ကျ ဒီအမိ ဒီအဖ ဓနအင်အား မှီထားလို့ရယ်
အောင်မြင်ခြင်းဒီလမ်းကြမ်းသည်ဆိုသော်လည်း…………………….
ရွှေခဲငွေခဲ ခင်းကာကြဲလို့… အောင်မြင်ခြင်းအနီးသို့ ဦးစွာရောက်ကြတယ်။
ကိုယ့်မှာတော့ သည်သို့သာလည်းမဟုတ်ရပါတယ်…
ဓနအင်အားနောက်ခံထားစရာ..မရှိပါတော့
ကြမ်းလှပါပြီ ဒီခရီးလမ်း… ချွေးစက်စက်…ချောင်းလျှံ့ထွက်သည့်ပမာသို့နှယ်..
ဘယ်သို့အန္တရာယ်ရှိသော်လည်း ..
အားနဲ့မာန်ကိုတူတွဲလျက်…
ကြမ်းသောလမ်းမှ…ကိုယ်လျှောက်ခဲ့ပါတယ်။
သို့သော်နှစ်ဦး ပြန်လည်ဆုံတွေ့တစ်နေ့မှာရယ်..
အောင်မြင်ခြင်းအတူတူ ဘယ်သူမြတ်သည်လဲ…
ဘယ်သူမြတ်သည်လဲ
အောင်မြင်ခြင်းအတူတူ………..ဘယ်သူမြတ်သည်လဲကွယ်။
59 comments
padonmar
June 9, 2013 at 12:52 am
ငှက်ကထကြီးက ဗုတ်ဖို့ အကြောင်း သူရေးပေးမယ်၊ကျမက ငွေဖလားကြီးခေါက်ပါပြောပြီးမှ
ဥက္ကဋ္ဌကြီးပို့စ်လို့ ချည်း ညွှန်းနေတော့ ခေါင်းထဲလည်း အိုင်ဒီယာကမရှိ၊လက်ကမထွက်၊ထိုင်မှိုင်ရင်း
ဆယ်တန်းကလေးတွေ အောင်စာရင်းထွက်ပြီ ကြားတော့ ရှေးရှေးကရေးပြီး မုဒ်မဝင်လို့ မတင်ဖြစ်တဲ့ စာလေး ခါတော်မီတင်လိုက်ပါတယ်။
(လွန်ခဲ့တဲ့ ၃၅နှစ်က အာဇာနည်နေ့ အောင်စာရင်းထွက်တော့ မိုးနဲ့ အပြိုင် ငိုခဲ့ရတာ မှတ်မိသေးတယ်၊ခုတော့ ရယ်စရာကြီးဖြစ်နေပြီ)
ပန်းခင်းသောလမ်းနဲ့အောင်ကြတဲ့ကလေး
ချွေးခင်းသောလမ်းနဲ့ အောင်ကြတဲ့ကလေးတွေ အားလုံး
အောင်မြင်ခြင်းပန်းတိုင် တစ်ခုပြီးတစ်ခုရောက်နိုင်ကြပါစေ။
သီချင်းရေးပေးသော ကိုပေါက်ကို ကျေးဇူးအထူးတင်ပါတယ်။(ရေးပေးထားတာ နှစ်ပတ်လည်တော့မယ်)
ko pauk mandalay
June 9, 2013 at 5:03 pm
သီချင်းရေးပေးတယ်တော့ မလုပ်လိုက်ပါနဲ့ မမာရေ။
သီချင်းစာသားကို ကူးရေးပေးတာပါခင်ဗျာ။
အောင်မြင်ဘို့အတွက်ကတော့ နည်းနည်းကြုးိစားရသူနဲ့များများကြိုးစားရသူ ဘဲကွာပါမယ်။
မြတ်တာချင်းတော့ အတူတူပါဘဲ။
မကြိုးစားဘဲတော့ မအောင်မြင်နိုင်ဘူးလို့ခံယူထားပါတယ်။
kai
June 9, 2013 at 3:18 am
၂ယောက်လုံးဘဝတွေက.. အားကျဖို့ကောင်းပါတယ်…
မြန်မာပြည်ရဲ့အမြင့်ဆုံး ဘဝပုံစံတွေရထားတယ်ဆိုတော့လေ…
မြန်မာပြည်ရဲ့.. လူနေမှုဘဝပုံစံနဲ့.. ချိုချို့ဘဝပုံစံရဖို့ သိပ်မခက်ပေမယ့်..
ဒီခေတ်ဘဝအခြေအနေပုံစံနဲ့.. ရည်မွန့်ဘဝပုံစံရဖို့.. တော်တော်ခက်မယ်ထင်မိတယ်..
သာမန်အားဖြင့်…နို်င်ငံရပ်ခြား ရွေ့ပြောင်းအခြေချသူတွေဟာ.. ဘဝတည်ငြိမ်သွားဖို့ဆိုတာလေး.. ရဖို့ကို… ၁ဝစုနှစ်တခု(အနည်းဆုံး) စတေးရတာမို့ပါ…။
တခြားပြဿနာတွေအများကြီးရှိသေးတယ်..။
တချိန်ချိန်မှာတော့.. ယူအက်စ်ရောက်မြန်မာတွေ”ဘဝ” ရေးကြည့်ပါဦးမယ်..
သိသာအောင်… :kwi:
padonmar
June 9, 2013 at 2:02 pm
ဘဝမှာ ကိုယ့်ကိုကိုယ် ကျေနပ်သည်ထိ အောင်မြင်ဖို့ဆိုတာ ပြည်တွင်းရော ပြည်ပမှာပါ မလွယ်ပါဘူး။
ဒီဇာတ်လမ်းမှာ ကျမ ပေးချင်တဲ့ မတ်စိက ပြည်တွင်းပြည်ပထက် အဆင်သင့် နဲ့ ကြိုးစားယူရမှုကို ပြောချင်ပါတယ်။
သူငယ်ချင်းတွေ ပြည်ပမှာ အောင်မြင်နေသူတွေရော ရုန်းကန်နေရဆဲ(ခုထိ)ပါ ဇာတ်လမ်းစုံမို့ မလွယ်တာတွေ သိပါတယ်။
အဘဖေါပြောသလို ထင်သလောက် မလွယ်ဘူး၊နိုင်ငံခြားက ဘဝတွေ ကြမ်းပါတယ် ဆိုတာ လည်း သိပါတယ်။
တစ်ခါက ဂျပန်က တဆင့် ထိုင်ဝမ်ရောက် သူငယ်ချင်းရယ်၊ဂျပန်ကနေ တဆင့် အယ်အေ ရောက် သူငယ်ချင်းရယ်၊ကျမရယ် မိုးအလင်း ထိုင် စကားပြောဖြစ်ကြတယ်။
သူတို့ရဲ့ ဇာတ်လမ်းစုံကြားမှာ ကိုယ်က ကလေးလိုဖြစ်နေရတယ်။
No adventure life ဆိုတော့။
အင်း….တခါက မမရေးသလို ဒါလည်း ကျေနပ်ပါတယ်လေ။
(စိတ်ကျေနပ်ရင်ပြီးတာပဲ၊
နေတတ်ရင် အေးဆေးလေး)
ဦးဦးပါလေရာ
June 9, 2013 at 5:07 am
ကိုယ်လက်လှမ်းမမီနိုင်တဲ့ ဘဝမျိုးတွေမို့ ဘယ်ဟာပိုကောင်းမှန်းမသိပါဘူး…..
ကိုယ်တိုင်ဆိုရင်တော့ ရည်မွန်လိုအောင်မြင်ချင်တယ်
ကိုယ့်သားသမီးတွေဆိုရင်တော့ ချိုချိုလို အောင်မြင်စေချင်တယ်
ပိုက်ဆံတွေချမ်းသာလို့ ဆိုတာထက် ရုန်းကန်ထိုးတက်နိုင်တဲ့ စိတ်ဓါတ်+အရည်အချင်းမျိုးရှိစေချင်လို့ပါ…။
padonmar
June 9, 2013 at 2:07 pm
ငှက်ကထကြီးနဲ့ ကျမတော့ အတွေးမတူဘူး။
ကျမ ကိုယ်ကိုတိုင်တွက်ဆို အဆင်သင့်ရတာကို မချိုမြိန်တတ်ဘူး။
ကိုယ့်ခြေကိုယ့်လက် ကိုယ့်ဖာသာ ကြိုးစားချင်တယ်။
စာတောင်မှ ကိုယ့်ဖာသာ နုတ်စ်ထုတ်ဖတ်ရမှ ကြိုက်တယ်။
ဒါပေမယ့် ကိုယ့်သားသမီး(ဒီဘဝတော့ မရှိနိုင်တော့၊တူတူမပဲထားပါတော့၊သူတပါး ) အတွက်ဆိုရင်
ပန်းခင်းပေးချင်တယ်။
သူတို့ သက်သက်သာသာ လျှောက်လှမ်းစေချင်တယ်။
ကွဲလွဲ ကြည့်တာပါ။
Foreign Resident
June 9, 2013 at 5:57 am
အ ဟဲ ဟဲ ဟဲ ။
လေးလေး နက်နက် စာ ဆိုတော့လည်း ၊
( တစ်ခါတစ်လေလောက် ) လေးလေး နက်နက် လေး မန့်လိုက်ပါဦးမယ် ။
ကျနော့် သူငယ်ချင်း ( အခုတော့ချမ်းသာနေပြီဖြစ်ပေမယ့် ၊
အောက်ခြေကနေ ရုန်းကန်တက်လာခဲ့ရတဲ့ ) ကပ္ပတိန် တစ်ယောက်က ၊
ကျနော့်ကို အမြဲပြောလေ့ရှိပါတယ် ။
” သူငယ်ချင်း ၊ ပန်းတိုင် ၁၀ဝ ကိုရောက်နေတာချင်း တူ ရင်တောင် ၊
မင်းတို့က ဘဝ ကို ၅ဝ လောက်က စခဲ့ရတာပါ ၊
ငါတို့ကတော့ ဘဝ ကို သုည က စခဲ့ရတာပါ ” တဲ့ ။
ဒါတောင် ကျနော်တို့ရဲ့ ငယ်ဘဝဟာ ၊
Post ထဲက ရည်မွန် တို့လောက် မချောမွေ့ခဲ့ပါဘူး ။
ကျနော့် ငယ် ဘဝ ဟာ ၊ မရှိ မရှား အခြေအနေလောက်ပဲ ရှိခဲ့တာပါ ။
ကျနော် သူ ပြောတာကို ဘာမှ ပြန်မပြောခဲ့ပါဘူး ။
ဘေး အမြင်နှင့်ကြည့်ရင်တော့ ၊ သူပြောတာ မှန်ပါတယ် ။
ဒါပေမယ့် ၊ သူ မသိတဲ့ ကျနော့် အယူအဆ / ခံယူချက် တစ်ချို့ကို ပြောပြပါမယ် ။
ကျနော့် အတွက် ၊
မိသားစု တစ်ခု တိုးတက်လာတယ် ၊ မတိုးတက်လာဘူး ၊
အောင်မြင်တယ် ၊ မ အောင်မြင်ဘူး ဆိုတာကို ၊
ဆုံးဖြတ်တဲ့ အချက်တွေ အများကြီး ရှိပါတယ် ။
အဲဒီထဲက လွယ်ကူ ထင်ရှားတဲ့ ပေတံ တစ်ခု ကတော့ ၊
သားသမီး ဟာ မိဘ ထက် သာ ရပါမယ် ။
သားသမီးတွေဟာ မိဘတွေထက် မသာဘူး ဆိုရင် ၊
အဲဒီ သားသမီး Generation ဟာ ကျရှုံးသွားတယ်လို့ ယူဆပါတယ် ။
အဲဒီ သာရမယ်ဆိုတဲ့အခါမှာလဲ ၊
ပညာ အတွေးအခေါ် ဥစ္စာ စသဖြင့် နှိုင်းယှဉ်စရာ Factor တွေ အများကြီး ရှိတဲ့အထဲမှာ ၊
နှိုင်းယှဉ်စရာ အလွယ်ဆုံး အမြင်သာဆုံး Factor ကတော့ ” ဥစ္စာ ” ပါ ။
ဒီတော့ အကြမ်းဖျင်း ပြောရရင် ၊
” သားသမီး ဟာ မိဘ ထက် ဥစ္စာမှာ သာ ရပါမယ် ” ။
မိဘ အသက် ၆ဝ မှာရှိခဲ့တဲ့ ဥစ္စာ ထက် ၊
သားသမီး အသက် ၆ဝ ရောက်ရင် ရှိမယ့် ဥစ္စာ က ပိုများရပါမယ် ။
အဲလို မများခဲ့ဘူး ဆိုရင်တော့ အဲဒီ သားသမီး Generation ဟာ ကျဆင်းတယ်လို့ ယူဆပါတယ် ။
အဲဒီလို ခံယူထားတဲ့ ကျနော့်အတွက်ကတော့ ၊
သုည က မ စရဘဲ ၊ ၅ဝ က စရလည်း သိပ်မပျော်နိုင်ပါဘူး ။
မိဘ ထက် သာအောင် လုပ်ရမယ့် သမိုင်းပေး တာဝန်ကြီးက ၊
ကျနော့် ပုခုံးပေါ်မှာ နင့်နေတာကိုး ။
ကျနော့်အတွက်က မိဘ က သုည ဖြစ်နေရင်မှ ကျော်ရတာ လွယ်သေးတယ် ။
အခုတော့ မိဘ တွေ ငယ်စဉ်အခါက ဈေးပေါပေါနှင့် ဝယ်ခဲ့ပြီး ၊
အခုအခါမှာ ပက်ပက်စက်စက် ဈေးတက်နေပြီဖြစ်တဲ့ ခြံကွက် တန်ဖိုးကိုပဲ ၊
ကျော်နိုင်အောင် အသေ ရုန်းနေရပါတယ် ။
အခုအချိန်မှာတော့ ၊ မိဘ ကို မှီလောက်မယ်လို့ စိတ်ကူးယဉ်လို့ ရပါပြီ ။
( ဒါကလည်း မှန်တာပြောရရင် မိန်းမ ရဲ့ ပစ္စည်း ဥစ္စာ ကိုပါ ထည့်တွက်မှပါ )
( ကိုယ်တစ်ယောက်ထဲ လူပျို အနေနှင့်သာဆိုရင် ၊ အခုလုပ်နေတဲ့ သင်္ဘော ကပ္ပတိန် ဆိုတဲ့ ၊
သူများ လခစား ဝန်ထမ်းအလုပ် ဝင်ငွေလေးနှင့်တော့ ၊ ကျနော့် မိဘ ကို မမှီနိုင်ပါဘူး )
ဆိုလိုရင်းကတော့ ၊ ၅ဝ က စတိုင်းလည်း ၊
ပျော်စရာကောင်း ၊ လွယ်လှတာ မဟုတ်တာကို ပြောလိုတာပါ ။
ပေါ့ပေါ့နေ ပေါ့ပေါ့စား သမားတွေကတော့ ၊ မိဘ ချမ်းသာရင် ပျော်နေမှာပေါ့ ။
စိတ်ထဲမှာ လေးလေးနက်နက် ခံယူချက်ထားသူတွေ အနေနှင့်ကတော့ ၊
မိဘ ချမ်းသာတာနှင့် အမျှ ၊ တာဝန်က ပိုခက်လာပြီး ၊ သိပ် မပျော်လှပါဘူး ။
padonmar
June 9, 2013 at 2:13 pm
FR
လေးလေးနက်နက် မန့်ပေးတာ ကျေးဇူး။
ဒို့ FR မှာလည်း ဒီကိစ္စ ခံစားချက်ရှိလို့ပါ။
အတိဇာတ သားသမီး =မိဘထက် သာသော သားသမီး ကျမလည်း ဖြစ်ချင်တယ်။
ဒီအတွက် တာဝန်ကြီးကြီးလည်းခံစားရတယ်။
ဒီနေရာမှာ ဥစ္စာနဲ့ တိုင်းရင် ကျမလည်း ညံ့ရာကျမှာပဲ။
တော်သေးတယ်၊ကိုယ်က လက်ဆင့်ကမ်းအမွေပေးစရာသားသမီးမရှိလို့။
အရီးခင်လတ်
June 9, 2013 at 8:32 pm
Foreign Resident says:
{{{ အခုအချိန်မှာတော့ ၊ မိဘ ကို မှီလောက်မယ်လို့ စိတ်ကူးယဉ်လို့ ရပါပြီ ။}}}
ဥစ္စာပစ္စည်း တင် မဟုတ်ဘဲ အဘ အဖေ ထက် ပိုပြီး ကိုယ်ကျင့်တရားကောင်းအောင်နေရ ဖို့ ဆိုရင်တော့ ….
မှီနိုင်ပါ့မလားရှင့်။
သနားတယ်။
:kwi:
Foreign Resident
June 10, 2013 at 9:09 am
” အဘ အဖေ ထက် ပိုပြီး
ကိုယ်ကျင့်တရားကောင်းအောင်နေရ ဖို့ ဆိုရင်တော့
မှီနိုင်ပါ့မလားရှင့် ”
အရီးလတ် ရေ ။
အဘ ဟာ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင် စစ်စစ် တစ်ယောက်ဖြစ်တဲ့အတွက် ၊
အဘ ရဲ့ ကိုယ်ကျင့်တရားစံက ဘုရားဟော ကိုပဲ အဓိကထားပါတယ်ကွယ် ။
အဘ ရဲ့ ရင်ထဲက တကဲ့ စံ ဟာ တရားဥပဒေ မဟုတ်သလို ၊
ပါတ်ဝန်းကျင် ရဲ့ အမြင်လည်း မဟုတ်ပေဘူး ။
ဘုရားဟော အရဆိုရင်တော့ ( အသက်မွေးဝမ်းကြောင်း အနေနှင့်ကြည့်ရင် ) ၊
အဘ က အဘ အဖေထက် ပက်ပက်စက်စက် ကို သာနေတာပေါ့ကွယ် ။
( အရီးလတ် သိပါတယ် အဘ ရဲ့ အဖေ ၊ ဘာနှင့် အသက်မွေးဝမ်းကြောင်း လဲ ဆိုတာ )
( တစ်ခါတစ်လေ စဉ်းစားမိရင် အဘ အဖေ ဘဝကို ၊ အဘ သနားတယ် ၊
ဪ သူ့ခမျာ အဘတို့ မိသားစု စားဝတ်နေရေး အတွက် ဒီအလုပ်ကြီး လုပ်ရရှာတယ် ဆိုပြီး )
အရီးလတ် က ၊
အဘ က သမီးလေးတွေ ကိစ္စ ရေးတာကိုပြောတာဆိုရင်လည်း ၊
အဘ တစ်သက်တာမှာ သမီးလေးတွေကို တစ်ခါမှ လိမ်လည်ပြီး မစားခဲ့ဘူးဘူး ကွယ် ။
အဘ တစ်သက်တာမှာ အဘ က ချစ်ပါတယ် ဆိုတဲ့စကား ပြောခဲ့သူဟာ ၊
လက်ရှိ အဘ မိန်းမ တစ်ယောက်တည်းပဲ ရှိခဲ့ဘူးတယ် ။
အဘ တစ်သက်တာမှာ ရည်းစားလည်း တစ်ယောက်ပဲ ရှိခဲ့ပါတယ် ၊
အဲဒါဟာလည်း ၊ လက်ရှိ အဘ မိန်းမ ပါပဲ ။
( အရီးလတ် လဲ ၊ အဘ မိသားစု နှင့် နီးစပ်တာပဲ ၊ လွယ်လွယ်လေး စုံစမ်းလို့ ရနေတာပဲ )
အဘ က ချစ်ပါတယ် လည်းမပြော ၊ လက်ထပ်ပါမယ် လည်းမပြော ဘဲ ၊
၁ ။ သူတို့ ပစ္စည်းကို ၊ သူတို့ သဒ္ဓါလို့ ၊ ကျွေးတာ ကို အဘ စားမိတာ ၊
( ဒီ ကိစ္စမှာ ဆိုရင် ၊ အဘ က အလှူခံ ပေါ့ )
၂ ။ ( တနည်း ) သူတို့ဆာလို့ အဘ ကို လာစားတာ ( အဘ က အစားခံရတာ ) ၊
( ဒီလိုလေး စဉ်းစားပြန်တော့ ၊ အဘ က အလှူရှင် ပေါ့ )
အဲဒါ ၊ အဘ အပြစ် မဟုတ်ချေဘူး ထင်တယ် ။
( အလှူရှင် အလှူခံ ဆိုပေမယ့် ကုသိုလ်တော့ မရဘူးပေါ့လေ ။
ဘုရား က ကာမ ကို မလှူကောင်းဘူးလို့ ဟောထားပေသကိုး ၊ ဟီ ဟိ )
ကျန်တဲ့ သာမီးလေးတွေကိုတော့ တန်ရာတန်ကြေး ပေးပြီး နေတာပါကွယ် ။
( အဘ က တန်ရာတန်ကြေး ထက် အမြဲပိုပေးတတ်ပါတယ် ၊ စေတနာ မနည်းလှပါဘူး )
အဘ တို့ ဘုရားရှင်က ပြည့်တန်ဆာတွေနှင့် မပျော်ပါးရ လို့မှ ဟောမထားတာကွယ် ။
ပြည့်တန်ဆာတွေနှင့် ပျော်ပါးတာ ၊ ဗုဒ္ဓ ဘာသာမှာ အပြစ် မဟုတ်ပါဘူးကွယ် ။
ဒါကြောင့် ၊ ဘုရား ဂေါပက ၊ ဘုရား လူကြီး တွေ နံမည်ထွက်ရင် ဒီကိစ္စပဲ ဖြစ်တာများတယ် ။
အရီးခင်လတ်
June 10, 2013 at 2:54 pm
သာဓု၊ သာဓု၊ သာဓု ပါ အဘ ရေ။
ဤသို့ ခန္တာနှင့် ရင်းပြီး သွေးသား လှူ ရ ကုသလ ကြောင့် နှစ်ဆပိုး အဆီတိုး ဝဖြိုး ကျန်းမာပါစေသောဝ်။ 😆
ဦး လေး မန်း
June 19, 2017 at 7:49 am
ကိုဖောရေ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းပြောနေကြစကားတခွန်းရှိတယ် ဟေ့ကောင်ရေ ဒို့ဘဝတွေကသူများလို သုံညတောင်မဟုတ်ဘူး အနူတ်နဲ့စခဲ့ရတာကွဆိုပြီး ပြောဖြစ်ခဲ့ကြတယ်။ လူ့ဘုံမှာ ဘဝတွေအစုံပေါ့ဗျာ။
Foreign Resident
June 9, 2013 at 6:32 am
” အောင်မြင်ခြင်း အတူတူဘယ်သူမြတ်သည်လဲ ”
ပြောရမယ်ဆိုရင် ၊ သူ့ပန်းတိုင် နှင့် သူပါပဲ ။
တစ်ယောက် နှင့် တစ်ယောက် ပန်းတိုင် တွေ မတူကြတဲ့အခါမှာ ၊
ဘယ်သူ အောင်မြင်သလဲ ဆိုတာတောင် ဆုံးဖြတ်ရ ခက်လှပါတယ် ။
ကျနော့် သဘောကတော့ ၊ အောင်မြင်ကြတယ် ဆိုရင်ကိုပဲ ကျေနပ်လှပါပြီ ။
ဘယ်သူ မြတ် သလဲ ဆိုတာတော့ ၊
သူတို့ တစ်ဦးချင်းစီ က ဘယ်လို ရုန်းကန်ခဲ့သလဲ ဆိုတာ ၊ ကိုယ်မှ အသေးစိတ် မသိရပဲလေ ။
ရည်မွန် နိုင်ငံခြားမှာ ဘယ်လောက် ရုန်းကန် စွန့်စားခဲ့ရသလဲ ဆိုတာ ကိုယ်မှ မသိရပဲလေ ။
သေချာတာကတော့ ၊
မြန်မာစကားပြောတဲ့ မြန်မာပြည်မှာ ရုန်းကန်ခဲ့ရတဲ့ ချိုချို ထက် မလျော့တဲ့ ရုန်းကန်မှုမျိုးကို ၊
နိုင်ငံခြား ဘာသာ စကားပြောတဲ့ နိုင်ငံခြား အသိုင်းအဝိုင်းကြား မှာ ရည်မွန် ရုန်းကန် စွန့်စားခဲ့ရမှာပဲ ။
အဲဒီတော့ ၊ ကျနော် ကတော့ ဒီအမေး ကို အချက်အလက် မပြည့်စုံတဲ့အတွက် မဖြေပါဘူး ။
တစ်ခုပဲ ပြောပြချင်တာကတော့ ၊
နိုင်ငံခြားမှာ ၊ Nurse ဘဝ နှင့်ပဲ အဆုံးသတ်သွားရတဲ့ ၊
Part Time အလုပ် ( ကြမ်း ) သမား ဘဝနှင့်ပဲ အဆုံးသတ်သွားရတဲ့ ၊
အိမ်ထောင်ရှင် ( House Wife / Husband ) ဘဝနှင့်ပဲ အဆုံးသတ်သွားရတဲ့ ၊
မြန်မာ ဆရာဝန် တွေ အများကြီး ရှိပါတယ် ။
သူတို့ မကြိုးစားခဲ့ကြဘူးလား ( ကြိုးစားခဲ့ကြတာပေါ့ ၊ နိုင်ငံခြား ရောက်ဖို့တောင် လွယ်တာမှ မဟုတ်တာ )
သူတို့ IQ & EQ သိပ်နိမ့်နေလို့လား ( ဆရာဝန် ပါဆို ၊ ဘယ်နိမ့်ပါ့မလဲ )
လိုရင်းက ၊ ထင်သလောက်မလွယ်ပါဘူးကွယ် ၊ နိုင်ငံခြားက ဘဝတွေလည်း ကြမ်းပါတယ် ။
padonmar
June 9, 2013 at 2:19 pm
အောင်မြင်ခြင်း အတူတူဘယ်သူမြတ်သည်လဲ
ဒီမေးခွန်းက သီချင်းကမေးတာ။
ကျမကတော့ ဦးပါကို ပြန်မန့်ထားတဲ့ အတိုင်းပါပဲ။
ရည်မွန် ဘယ်လို ရုန်းကန်ရလဲ ကျမရေးမထားဘူး။
ကျမက ချိုချိုနဲ့ ပိုရင်းလို့ရယ်၊ချိုချို့ ဘဝနဲ့ ကျမဘဝ နီးစပ်လို့ရယ် ပိုပြီးသိတယ်ဆိုပါတော့။
ပြောရရင် ရည်မွန်လည်း ရုန်းကန်ရပါတယ်။
တစ်ချိန်က နိုင်ငံခြားဆိုတာတောင် လူတိုင်းရောက်ဖို့လွယ်တာမှ မဟုတ်တာ။
ခင် ခ
June 9, 2013 at 8:13 am
အောင်မြင်မှု့တိုင်းအတွက် ရင်းခဲ့ ပေးစပ်ခဲ့ ရတာတွေရှိတတ်စမြဲပါ
ကိုယ့်အောင်မြင်မှု့အတွက် ကိုယ်ကျေနပ်ပိတိဖြစ်တဲ့သူက အောင်မြင်မှု့ရဲ့ အရသာကို
သောက်သုံးခွင့်ရတဲ့သူပါဘဲ။
ကိုယ့်မျှော်လင့်ချက် ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ်မို့ အမြတ်ချင်းပြိုင်နိုင်မယ်တဲ့လားဗျာ။
padonmar
June 9, 2013 at 2:23 pm
ကိုခင်ခရေ
ရှိတာနဲ့ ကျေနပ်ရောင့်ရဲရင် ပျင်းရိခြင်း
ရတာနဲ့ ကျေနပ်ရောင့်ရဲတာမှ တကယ့် ရောင့်ရဲခြင်း တဲ့။
ရတာနဲ့ ရောင့်ရဲခြင်း ဒီဂရီကလည်း ဘဝပေါ်လိုက်ပြီး ကွာခြားရပါတယ်။
(ရှင်ဘုရင် ရောင့်ရဲခြင်း=ကိုယ့်တိုင်းပြည်အကျယ်အဝန်းနဲ့သာရောင့်ရဲခြင်း
ရသေ့ရောင့်ရဲခြင်း=ဆွမ်းခံရသမျှ ဆားကအစ အပို မသိုမှီးပဲ ရောင့်ရဲခြင်း)
ချမ်းမြေ့ဆရာတော်ကြီးရဲ့ ဗုဒ္ဓနည်းကျ ချမ်းသာစွာနေနည်းမှ ကောက်နှုတ်ပါတယ်။
ဇဂါး လွတ်
June 9, 2013 at 9:28 am
ဦးပါ နဲ့ ဘဖော ပြောတာကိုု သဘောတူပါတယ်။
:hee:
BTW,
Orbit မတူတဲ့ ဂြိုလ် ၂စင်း ဆိုုတဲ့ တင်စားချက်လေး သဘောကျတယ် အာတီဒုုံ။
padonmar
June 9, 2013 at 2:27 pm
ဒီစကားက အာတီဒုံ့ ကိုယ်ပိုင်မဟုတ်၊
တော်တော်ကြာပြီက ဖတ်ဖူးထားတာ။
ရေးသူမမှတ်မိ။
ရာမည
June 9, 2013 at 2:08 pm
နှစ်ခါဖတ်ပြီး ဘာမှမပြောတတ်လို ့ပြန်ထွက်သွားတာ
ကျွန်တော့်အတွက်တော့ မြတ်လွန်းလို ့ အားကျရုံကလွဲပြီး ….
padonmar
June 9, 2013 at 2:29 pm
ရဲကိုကို
အောင်မြင်သွားပြီးမှ လည်ပြန်လှည့်ကြည့် ကြတဲ့ အတွေးပါ။
လူကြီးတွေးပေါ့။
ဒါလည်း ရတာကို ကျေနပ်မှ အောင်မြင်တယ်လို့ ခံယူတာပါ။
မကျေနပ်သေးသမျှတော့ ပူလောင်နေရအုံးမှာပဲ။
kyaw hteik
June 9, 2013 at 3:36 pm
ရည်မွန်ဘဝကို ဖတ်ကြည့်မိသလောက် ပြောရရင် မိဘပြည့်စုံ အလိုလိုက်ပေးမယ့် မပျက်ဆီးပဲ
လူငယ်တယောက်တာဝန်ကျေပွန်တယ်။ကျောင်းသူအရွယ်မှာစာတော်ပြီ လူကြီးဖြစ်တဲ့အချိန်မှာ
နိုင်ငံခြားထွက် အလုပ်လုပ်ပြီး ဘဝကို ကိုယ်တိုင်ကျောင်းပြီ အောင်မြင်ခဲ့တယ်။ချို ချိုကတော့ ငယ်ရွယ်စဉ်
မှာ မ်ိဘစကားနားထောင်ပြီ ကိုယ့်ဘဝကိုအသိရှိရှိ ကြိုးစားခဲ့တယ်။အရွယ်ရောက်တဲ့အခါကြ ချိုချိုအိမ်ထောင်
ဘက်ကောင်းရပြီ အလွန်တော်တဲ့အကိုတစ်ယောက်ပိုင်ဆိုင်ခွင့်ဟာ သူရဲ့အောင်မြင်ခြင်းအချက်မှာ
အများကြီးအထောက်အကူဖြစ်ပါတယ်။ကျနော်အနေဖြင့် စာဖတ်ရပြီသိသလောက်ပြောရရင်
ရည်မွန်ကို အားကျ ၊ ချီးကျူးပါတယ်။အမှန်တော့နှစ်ယောက်လုံး အလွန်တော်ကြပြီ ၊ချီးမွမ်းဖို့ကောင်း
ပါတယ် ခင်ဗျာ။
padonmar
June 10, 2013 at 10:29 pm
ကိုကျော်ထိုက်
ရည်မွန်ဘဝ ပိုကြိုက်တယ်လို့ ပြောချင်တယ်ထင်ပါတယ်။
တကယ်လည်း အပြင်ဘဝမှာဆို ရည်မွန်တွေက ပိုအောင်မြင်နေတတ်ပါတယ်။
ဆူး
June 9, 2013 at 3:46 pm
၂ယောက်လုံး ရဲ့ ဘဝ က လှပပြီး အားလုံး ကောင်းပါတယ်။
ဆင်းရဲတဲ့ မိဘပဲ ဖြစ်ဖြစ် ချမ်းသာတဲ့ မိဘပဲ ဖြစ်ဖြစ် သားသမီး ကို ချစ်ပြီး ကြီးပွားတိုးတက်စေချင်ကြတာချည်းပါပဲ။
များများ လုပ်ပေးနိုင်တော့ ကောင်းကောင်း စံ ရတာပေါ့
များများ မလုပ်ပေးနိုင်တော့လည်း လုပ်ပေးနိုင်သလောက် နဲ့ ဖြစ်အောင် နေရတာချည်းပါပဲ..
ကံ ပစ်ချ တဲ့ နေရာ ဘယ်လို ကျကျ ကြောင်ကျ ကျနိုင်ဖို့ အရေးကြီးတယ် :harr:
padonmar
June 10, 2013 at 10:33 pm
ရွာတော်ရှင်ဆူးရေ
ကိုယ်သားသမီးနေရာမှာ ဆိုရင် ဆူးပြောသလို ကြောင်ကျလေး နေတတ်ဖို့ လိုသလို
ကိုယ်မိဘ ဖြစ်တဲ့အခါ သားသမီးပေါ် များများပေးနိုင်တဲ့(ဥစ္စာ၊ပညာ၊ကိုယ်ကျင့်တရား) ဘဝမျိုး ဖြစ်အောင်
ကြိုးစားရမယ်လို့ မြင်ပါတယ်။
အလင်း ဆက်
June 9, 2013 at 3:48 pm
မေးခွန်း ကိုတော့ ဖြေ မ နေ တော့ပါဘူးးး
:kwi:
ပို မြတ်တဲ့ အောင်မြင်ခြင်း ဆီ သွားဖို ့
အင် အား အဖြစ်တော့ ယူသွားပါတယ် အန်တီ ။
padonmar
June 10, 2013 at 10:34 pm
ယူသွားတဲ့ အားကနေ ပိုပြီး အောင်မြင်ရာရောက်ပါစေ အလက်ဆင်းရေ။
Ko chogyi
June 9, 2013 at 6:57 pm
အစ်မရေ
ပိုက်ဆံအကြွေစေ့လေးရဲ့
ပန်းနဲ့ ခေါင်းလို ဘယ်ဖက်ကပဲကြည့်ကြည့်
တန်ဖိုးက အတူတူလို့ပဲ မြင်မိပါတယ်။
မောင် ပေ
June 9, 2013 at 7:49 pm
တစ်ခေတ်တစ်ခါ က
သူ ့ဟာနဲ ့သူ
ရွှေထီးဆောင်းခဲ့ကြသူများပေါ့လေ
padonmar
June 10, 2013 at 10:42 pm
ကိုချိုရေ
သူ့နေရာနဲ့သူ တန်ဖိုးရှိတဲ့ သူတွေချည်းပါ။
အတူတူပဲလို့ ဆုံးဖြတ်ပေးတဲ့ အတွက်ကျေးဇူးပါ။
မောင်ပေရေ
တစ်ခေတ်တစ်ခါက ရွှေထီးဆောင်းခဲ့တာထက်
ရွှေထီးဆောင်းရဖို့ ကြိုးစားရသူနဲ့
ရွှေထီးဆက်မြဲဖို့ ကြိုးစားရသူလို့ ပြောရမယ်ထင်ပါတယ်။
ဆက်မြဲဖို့ ကြိုးစားရတဲ့သူက အဘဖေါပြောသလိုပဲ တာဝန်သိရင် တာဝန်ပိုကြီးပါတယ်။
အရီးခင်လတ်
June 9, 2013 at 8:19 pm
အစ်မဒုံရေ
ဘဝ အစ ကွာရင်တော့ (သဘောက ပြေးနှုန်း တူ ခဲ့ လိုက်ရင်) ရှေ့ကရောက်ပြီးသား လူက ပိုပြီး ပန်းတိုင်ရောက် မြန်တာ (တနည်း သက်တောင့်သက်သာ ရောက်တာ) ကတော့ ပြောစရာမလိုအောင်ပါ။
ဒါပေမဲ့ တစ်ခါတစ်ခါကျရင် သက်တောင့်သက်သာ ဖြေပြီး (တနည်း မေးခွန်း/ အဖြေ သိထားပြီး) အောင်သွားတဲ့ အခါ ရတဲ့ ပီတိ နဲ့ မသိ တဲ့ မေးခွန်းတွေ ကို အသည်းအသန်ကြိုးစား ဖြေပြီး အောင်တဲ့ အခါ ရတဲ့ ပီတိ ကွာတာလဲ အမှန်ပါဘဲ။
ဒီတော့ ပိုပြီး ချို့မြိန် တဲ့ အရသာ ကို ခံစားနိုင်သူ အတွက် တော့ ပိုပြီး ဂုဏ်ယူပါတယ်။
အပေါ်မှာ ပြောခဲ့ကြသလို အောင်မြင်တယ် ဆိုတာကို ဘာနဲ့ နှိုင်းမှာလဲ ပေါ်မူတည်သွားပါမယ်။
အများက အောင်မြင်တယ် ထင်နေပေမဲ့ ကိုယ်က အဲဒီဘဝ မှာ မပျော်ရင် အောင်မြင်တယ် မခေါ်နိုင်ဘူး ထင်ပါရဲ့။
နောက်ပြီး ဘဝ မှာ ဆက်ရမဲ့ လမ်းတွေ ရှိသေးတာမို့ သူတို့ နှစ်ယောက်လုံး ပိုပြီး အောင်မြင်အောင် တက်မထောင်နိုင်သေးဘဲ (ဘဝကူး အတွက်ကိုပါ) ဆက်ကြိုးစား နေမှာလို့ လဲ ကျွန်မ ယုံပါတယ်။
😛
padonmar
June 10, 2013 at 11:02 pm
ချစ်မလတ်ရေ
ဘဝမှာ ချိုချိုတွေလည်း အများကြီး တွေ့ခဲ့ရသလို ရည်မွန်တွေလည်း အများကြီး ကြုံခဲ့ရပါတယ်။
ဝတ္ထုဇာတ်လမ်းတွေနဲ့ ကွာတာက ရည်မွန်တွေဟာ ပိုပြီး အောင်မြင်နေကြတာပါပဲ။
ဒါလည်း မဆန်းဘူးပေါ့နော်။
ပညာတတ်မိဘများဟာ စိတ်ထားပါကောင်းရင် ကိုယ့်သားသမီးကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပိုပြီး တည့်မတ်ပေးနိုင်စွမ်းရှိတာပေါ့။
နောက်ပြီး သားသမီးက မိဘလုပ်တဲ့ အသက်မွေးဝမ်းကျောင်းကို တမင်မသင်ရပဲ တတ်တယ်။
(အဲဒါကို Informal education တစ်မျိုးပဲလို့ ကျမရဲ့ ဆရာမဒေါ်ခင်တိုး ပညာတန်ဆောင်မှာ ရေးတဲ့ ဆောင်းပါးမှာ ဖတ်ရပါတယ်။ကြုံရင် ဆရာမရဲ့ ဆောင်းပါးကို ဂဇက်မှာ တင်ပေးပါအုံးမယ်)
အဲဒီတော့ ပညာတတ်မိဘရဲ့ သားသမီးဟာ အလိုလို ပိုတော်နေပြီးသားပေါ့နော။
ပညာတတ်မိဘအသိုင်းအဝိုင်းရဲ့ အရှိန်ဟာ ( အဲဒီအရှိန်သက်သက်ကြောင့် မဟုတ်ပေမယ့်)
အောင်မြင်ခြင်းသို့ ဦးစွာရောက်စေတာ၊ဘဝမှာ ပိုလည်း အောင်မြင်နေတာ၊အရည်အချင်းပိုရှိတာ မငြင်းနိုင်ပါဘူး။
Jealous မနာလိုတာမဟုတ် envy အားကျတာပါ။
ကိုယ့်မှာလည်း ကိုယ့်ရဲ့ နောင်လာနောက်သားတွေကို ကိုယ့်ချွေးနဲ့ ပန်းခင်းပေးနိုင်တဲ့ အခွင့်အလမ်း ရှိချင်တာပါ။
(ပြောသာပြောရတာ၊ ကျမတူတွေတူမတွေက ကျမရဲ့ တူတူမ မို့လို့ အခွင့်အရေးရပြီး အောင်မြင်တယ်။မျက်နှာသာပေးခံရတယ် ပြောကြမှာ ကြောက်ကြတယ်၊
ဆေးကျောင်းက ကလေးတွေကလည်း ကျမအသိ ဆရာဆရာမတွေကို ဘယ်တော့မှ မိတ်မဆက်ပေးခိုင်းဘူး။
ရွာထဲကတူမကလည်း ကိုယ့်တူမလို့ အသိမခံချင်ဘူး။
ကိုယ့်လမ်းကို ကိုယ့်ဖာသာပဲ ထွင်ချင်ကြတယ်တဲ့။
အဲဒီစိတ်ကို ကျမလည်း ကြိုက်တယ်)
Ma Ma
June 9, 2013 at 9:09 pm
အောင်မြင်ချင်းတူတူ ဘယ်သူမြတ်သည်လဲ ဆိုတဲ့သီချင်းကို ဥပမာပေးပြီး အမကြီးက ငယ်ငယ်ကတည်းက အမြဲတမ်းဆုံးမလေ့ရှိတယ်။
ကျောင်းတက်ဖို့ မောင်နှမတွေချည်းပဲ ရန်ကုန်ကို ရောက်လာတဲ့အခါ မိဘက ငွေကို ချင့်ချိန်ပေးလို့ စာရင်းဇယားနဲ့ စနစ်တကျသုံးရတယ်။
မောင်နှမတွေ ကြီးစဉ်ငယ်လိုက် ကိုယ့်တာဝန်နဲ့ ကိုယ် အိမ်အလုပ်ကို လုပ်ကြရတယ်။
ကျောင်းပိတ်တယ်ဆိုတာနဲ့ ကျောင်းတွင်းမှာပို့ချတဲ့သင်တန်းတွေ၊ ကျူရှင်တွေ မတက်ကြပဲ ဇာတိပြန်ပြီး မိဘအလုပ်ကို အလုပ်သမားတွေနဲ့ တန်းတူ ဝင်လုပ်ကြရတယ်။
မှတ်မှတ်ရရ ၅တန်းတက်မယ့်နှစ်မှာ သူများတကာတွေ အင်္ဂလိပ်စာကျူရှင်ကြိုတက်ကြတာကို မသိတော့ နှစ်တိုင်းလိုပဲ ဇာတိပြန်ပြီး ကျောင်းဖွင့်မှ ပြန်ရောက်လာတယ်။
ကျောင်းစတက်တော့ အင်္ဂလိပ်စာဆရာမက A, B, C, D က စ မသင်ပဲ၊ ကျောင်းသူတွေကို Sunday, Monday က စပြီး ဆိုခိုင်းတယ်။
အဲဒီလိုအခြေအနေမှာ အကြီးက အငယ်ကို စာပြန်ပြပေးရင်းနဲ့ ရုန်းကန်ခဲ့ရတယ်။
စိတ်ပျက်အားငယ်မယ် ကြံတိုင်း အောင်မြင်ခြင်းတူတူ ဘယ်သူပိုမြတ်လဲ ဆိုတဲ့ စကားလုံးကို အမြဲပြောလေ့ရှိတာမို့…….
အဲဒီသီချင်းလေးက ဘဝအတွက် အားဆေးတစ်ခွက်ပါပဲ။ :hee:
padonmar
June 10, 2013 at 11:04 pm
သိတယ်လေ။
ချစ်မမကလည်း ချိုချို ကိုယ်ပွားပဲဆိုတာ။ဘွတူတွေ။ဒါကြောင့် အမွှာညီအမဖြစ်တာ။
အရီးခင်လတ်
June 11, 2013 at 1:58 am
သူများလဲ ပါမယ်။ သုံးမွှာပူး လုပ်ပါဟေ့။ 😆
ဦး ကြိမ်
June 9, 2013 at 9:22 pm
ကျွန်တော့ထက်တော်တဲ့သူတွေကြီးမို့
နှစ်ယောက်စလုံးကိုအထူးပဲအားကျမိပါတယ်….ရေးတဲ့အန်တီကိုလည်းကျေးဇူးတင်ပါတယ်……………….။
padonmar
June 10, 2013 at 11:05 pm
အိမ်ကြူးရေ
အားပေးတဲ့ အတွက် အန်တီကလည်း ကျေးဇူးပါ။
Nan Shin
June 10, 2013 at 2:10 am
မပဒုမ္မာရေ..ငယ်ငယ်က ဆရာသမားတစ်ဦးဆုံးမဘူးတဲ့ စကားတစ်ခွန်းကို သွားအမှတ်ရမိပါတယ်။
လွင်ပြင်မှာပေါက်တဲ့မြက် ကြည့်ရင်းကြည့်ရင်း ကြည့်နူးမိတယ်၊
အုတ်ကြားမှာပေါက်တဲ့မြက် ကြည့်ရင်းကြည့်ရင်း ဂုဏ်ယူမိတယ်…တဲ့။
တချို ု ့အောင်မြင်မှုတွေက ကြည်နူးဖို ့ကောင်းပြီး တချို ့ကတော့ဂုဏ်ယူစရာပေါ့။
ဘယ်ဟာကကြည့်နူးစရာလဲ ဘယ်ဟာက ဂုဏ်ယူစရာလဲဆိုတာကတော့ သူတို ့ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးတွေရဲ ့အနုအကြမ်းအလွမ်းတွေပေါ်မှာ မူတည်နေတယ်ဆိုတာကတော့ သေချာတယ် လို ့ထင်မိတယ်။
padonmar
June 10, 2013 at 11:07 pm
နန်းရှင်ရေ
လွင်ပြင်မှာပေါက်တဲ့မြက် ကြည့်ရင်းကြည့်ရင်း ကြည့်နူးမိတယ်၊
အုတ်ကြားမှာပေါက်တဲ့မြက် ကြည့်ရင်းကြည့်ရင်း ဂုဏ်ယူမိတယ်
သိပ်လှတဲ့ စာသားလေး လက်ဆင့်ကမ်းတဲ့အတွက် ကျေးဇူးပါ။
kyeemite
June 10, 2013 at 1:02 pm
ခက်ခက်ခဲခဲ ကြိုးစားပြီး ဘဝတွေအောင်မြင်တာ ပိုအရသာရှိပါတယ်
ဒါပေမဲ့ မအောင်မြင်ခင် ရုန်းကန်နေခဲ့ရတာတော့ မလွယ်လှဘူးနော်…
စိတ်ဓါတ်နဲ့ ဇွဲလုံ့လ လိုတယ်…
padonmar
June 10, 2013 at 11:09 pm
ဦးမိုက်လည်း
ချိုချိုဘဝဆိုတာ သိပါတယ်။
ဘယ်လောက် ကြိုးစားရုန်းကန်ခဲ့ရတယ်ဆိုတာ ဆုရပို့စ် ထောင်ထွက်ကြီးမိုက် က သက်သေခံနေတာပဲ။
သားနဲ့ သမီးကိုတော့ ရည်မွန်ဘဝမျိုးပဲ ဖြစ်စေချင်တယ်မလား။
Mr. MarGa
June 10, 2013 at 1:30 pm
ဒေါ်လေးရေ
ဘယ်သူမြတ်တယ် မမြတ်တယ်ကတော့
ဒီအတိုင်းပဲ တွေးသွားလိုက်ပါတယ်။
နှစ်ဖက်စလုံးဟာ
သူ့အထွာနဲ့သူ ကြိုးစားရတာတွေချည်းပါ။
ဆိုတော့
နှစ်ဖက်လုံးမှာ ပင်ကိုယ်အရည်အသွေးကိုယ်စီနဲ့မို့
ဒီအခြေအနေတွေ ရောက်လာတယ်လို့ပဲ ပြောလိုက်ချင်တယ်။
ဘာမှ မသိသူ
တူကလေး မာဃ
:kwi:
uncle gyi
June 10, 2013 at 10:27 pm
နှစ်ယောက်စလုံးကျိုးစားလို့ဒီလိုနေရာရောက်လာကြတာ
ကျိုးစားတာမပါပဲလေနေမယ်ဆိုဒီလိုဘယ်ပြန်ဆုံနိုင်ပမလဲနော်
ဒါကြောင့် win&win ပါပဲ
padonmar
June 10, 2013 at 11:14 pm
မန်းလေးက သကြားနဲ့ အန်ကယ်ကြီးရေ
ကုဋေ ၈ဝ သူဌေးသား မွဲသွားတာနဲ့ ဆင်းရဲသားလေး သူဌေးကြီးဖြစ်သွားတာ ဖြစ်တောင့်ဖြစ်ခဲ
လူ ၁၀ဝမှာ အလွန်ဆုံး ၁ဝယောက်ပေါ့။
၉ဝကတော့ ကြိုးစားရင် တည်မြဲပြီး မကြိုးစားရင် လျှောကျသွားမှာပါပဲ။
ဒီပုံပြင်ကတော့ ကြိုးစားသူတွေ အကြောင်းလေးပါ။
Win-Win လို့ မန့်ပေးတဲ့ အတွက် ကျေးကျေးပါ အန်ကယ်ဂျီး။
padonmar
June 10, 2013 at 11:27 pm
ကျမဒီပို့စ်လေးမှာ ရေးပြီးမှ ကိုယ့်ဖာသာ သတိထားမိတာက မျိုးဆက် Generation ဆိုတာပါပဲ။
အောင်မြင်တဲ့ generation တွေ ဆက်ဖို့တွက်
ပထမဆုံးမျိုးဆက်က ငွေရှာရပါတယ်။
ဒုတိယမျိုးဆက်က ပညာရှာရပါတယ်။
တတိယမျိုးဆက်က အဲဒီထက် မြင့်တဲ့ ငွေ၊အဲဒီထက်မြင့်တဲ့ ပညာ၊အဲဒီထက်မြင့်တဲ့ လူနေမှုအဆင့်အတန်း ကိုရအောင် ဆက်ဆက်ပြီး ကြိုးစားကြရပါတယ်။
ချိုချို့မိဘက ပထမမျိုးဆက်ပါ။
ချိုချိုက ဒုတိယမျိုးဆက်ပါ။
ရည်မွန်ကတော့ တတိယမျိုးဆက်နေရာရောက်နေပါပြီ။
ပထမမျိုးဆက်ဟာ ဒုတိယမျိုးဆက်နေရာရောက်နေသူနဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။
ဒုတိယမျိုးဆက်သမားဟာလည်း တတိယမျိုးဆက်သမားကို မမီနိုင်ပါဘူး။
တရုတ်စကားပုံ တစ်ခုကြားဖူးပါတယ်။
တရုတ်(ကျမကတော့ အရှေ့တိုင်းသားလို့ သုံးချင်ပါတယ်) တွေ ချမ်းသာရင် စန်တိုင်(ဆွေမျိုးသုံးဆက်)မခံပါဘူးတဲ့။
များသောအားဖြင့် တတိယမျိုးဆက်တွေဟာ ရုန်းကန်လှုပ်ရှားခဲ့ကြရတဲ့ ဘိုးဘွားတွေရဲ့ ဘဝကိုမေ့တတ်ကြပါတယ်။
အဲသလိုမေ့ပြီဆိုရင် ကျဆုံးတတ်ပြီး မမေ့လျော့သူများမှာ ဆက်လက်တိုးတက်ကြပါတယ်။
ဥစ္စာ၊ပညာမှာသာမက အသိဉာဏ်ပိုင်းကိုယ်ကျင့်တရားပိုင်းမှာပါ တိုးတက်အောင် စွမ်းဆောင်နိုင်ရင် မျိုးဆက်ရဲ့ လက်ဆင့်ကမ်းပြေးပွဲ မှာ အနိုင်ရပါမယ်။
(ယခုပို့စ်ထဲက ရည်မွန်နေရာကတော့ နိုင်ငံခြားမှာ ပထမမျိုးဆက်ပြန်စနေတဲ့ အနေအထားဆိုတော့ ပိုမြင့်တဲ့ အောင်မြင်မှုရဖို့ သူလည်းလှုပ်ရှားရုန်းကန်နေဆဲပါ)
Foreign Resident
June 11, 2013 at 4:52 am
” ယခုပို့စ်ထဲက ရည်မွန်နေရာကတော့ နိုင်ငံခြားမှာ ပထမမျိုးဆက်ပြန်စနေတဲ့ အနေအထားဆိုတော့
ပိုမြင့်တဲ့ အောင်မြင်မှုရဖို့ သူလည်းလှုပ်ရှားရုန်းကန်နေဆဲပါ ”
မပဒုမ္မာရဲ့ ဒီ Comment လေးက အမှန်ပါပဲ ။
မြန်မာပြည်မှာ ချမ်းသာပြီးသား ဘဝ ကနေ ၊ နိုင်ငံခြားကို ရုန်းထွက်လာရတဲ့ ပထမ မျိုးဆက် ဟာ ၊
နိုင်ငံခြား မှာ ချမ်းသာ တဲ့ဘဝ ကို မျှော်လင့်ချက် မရှိသလောက်ပါပဲ ။
သူတို့ ( ပထမ မျိုးဆက် ) တွေ ဟာ ၊ သူတို့ ရဲ့ ဒုတိယ တတိယ မျိုးဆက် တွေ ရဲ့ ၊
ဘဝ နောင်ရေး လုံခြုံ စိတ်ချရစေဖို့အတွက် ၊
သူတို့ ( ပထမ မျိုးဆက် ) ရဲ့ မြန်မာပြည်မှာ ချမ်းသာပြီးသား ဘဝ ကို စွန့်လွှတ်ပြီး ၊
အပင်ပန်း အဆင်းရဲ ခံနေကြရတာပါ ။
ကျနော့်သူငယ်ချင်း ကပ္ပတိန် တစ်ယောက်ဟာ ၊
သူ့ရဲ့ ၅ နှစ်သမီးလေး ပြည်ပအားကိုး ပုဆိန်ရိုး စတာတွေ စရွတ်တဲ့ အချိန်မှာ ၊
ဪ ငါ မြန်မာပြည်မှာ ဆက်နေရင် ငါ့ သမီးလေး အယူမှားတွေ ယူမိတော့မှာပဲ ဆိုပြီး ၊
စင်္ကာပူ နိုင်ငံကို ပြောင်းရွှေ့ပြီး ၊ စင်္ကာပူ နိုင်ငံသား ခံသွားတာပါ ။
သူ့ရဲ့ ချမ်းသာနေပြီးသားဘဝကို ၊ သူ့ သမီးလေး အတွက် စွန့်လွှတ်လိုက်တဲ့ ၊ မိဘ မေတ္တာ ပါပဲ ။
kai
June 11, 2013 at 5:12 am
အမတော်စာဖတ်ပြီး.. တွေးမိတာက..
မြန်မာ့ထေရဝါဒဗုဒ္ဓဘာသာက.. ကံဆိုတာကြီးက..
မျိုးဆက် Generation ဆိုတာအတွက်.. စဉ်းစားတွေးခေါ်နေရာပေးထားတာတွေ ပိတ်ထားတယ်ဆိုတာပဲ..။
မယုံရင်.. ဒီအပေါ်က မန့်တာတွေပဲသေသေချာချာ.. အဖြေရှာဖတ်ကြည့်..
ဘာသာရေးက.. တကယ်ရည်ရွယ်တယ်မရည်ရွယ်တယ် ဆိုတာထက်.. အဲဒီအတိုင်းဖြစ်သွားတာပဲ..
“The end justifies the means ”
အဆုံးသတ်ဟာ.. အဆုံးအဖြတ်မို့..
ဒီအတိုင်းယူပါမယ်..။ :kwi:
padonmar
June 11, 2013 at 7:08 pm
ပဂိုးဒါး
သဂျီးက သများမပြောတဲ့ ကံတွေ ဘာသာရေးတွေ အတင်းဆွဲထည့်နေတာပဲ။
ကွန်မန့်တွေကို စာပြန်တုံးကတောင် အဲဒီအဓိပ္ပါယ်ရောက်စေမယ့် အသုံးအနှုန်းတွေ ရေးလိုက်ဖျက်လိုက်လုပ်နေခဲ့ရတာ။
(စိတ်ထဲမှာတော့ ရှိတာ ဝန်ခံပါတယ်)
kai
June 11, 2013 at 10:47 pm
အမတော်လို.. ဆူးမမလို. အတိုင်းအတာတခုအထိ….အောင်မြင်နေသူတွေတောင်.. အဲလိုတွေးတာ..ရေးတာဆိုတော့.. ကျန်လူတွေအတွက်..တွေးပေတော့ဗျို့..။
.. အဖြေရှာကြည့်တာပါ..။
ရလဒ်ရှိပြီး.. အဖြေထွက်ပြီးပုဒ်စာကို..
အဖြေမှန်ရှာကြည့်နေတာပါ..။
အရီးခင်လတ်
June 12, 2013 at 1:53 am
အင်မတန်မှဘဲ ဝင်ပြီး ပါချင်ပေမဲ့ အချိန်အခါမသင့်တာကြောင့် နောက် ကြုံမှဘဲ။ 😉
ရွာထဲ ကနေ တစ်ပါတ် လောက် ပျောက် နေနိုင်ပါမည် ဟု ချစ်သော အုတ်ကထကြီး Post မှ ချစ်သော ရွာသူ/သား များ အား အသိပေးအပ်ပါသည် ဗျို့။
😛
padonmar
June 17, 2017 at 10:43 pm
ဆယ်တန်း အောင်စာရင်းထွက်တိုင်း 2013 ကရေးခဲ့တဲ့ ဒီစာလေးကို ပြန်ဖတ်မိတယ်။
ကိုယ်ရေးတဲ့ မူလစာထက် ကွန်မန့်တွေက ပိုကောင်းလို့ ရွာထဲထိ ဝင်ဖတ်ကြည့်စေချင်ပါတယ်။
(တကယ်လည်း ပြန်ဖတ်မိတာ ကွန်မန့် အစအဆုံးပါပဲ။ အဘဖေါ ခံစားချက်တွေ လေးလေးနက်နက် ရေးထားတာ ဖတ်ကြည့်ကြစေချင်ပါတယ်)
surmi
June 17, 2017 at 11:14 pm
ကျနော် ဒီစစာက်ုမဖတ်ဖူးခဲ့တာ အံ့ဩစရာ။
အဲ့ဒီချိန်ကဘယ်များရောက်နေပါလိမ့် ။
ဘာဘဲဖြစ်ဖြစ် အခုလောလောဆယ်တော့ FB ပေ့ချ်မှာရှယ်ဖို့ယူသွားပြီဗျို့ ကျေးကျေး
ဦးကျောက်ခဲ
June 17, 2017 at 11:43 pm
ကြိုးစားတဲ့ ချိုချို ကိုရော ၊ ကုသိုလ်ကောင်းတဲ့ ရည်မွန် ကိုရော… နှစ်ယောက်လုံးကို အားကျ…
ပြောမည့်သာပြောရတာ တိုင်းတပါးမှာ အခြေချဖို့ဆိုတာ မလွယ်လှဘူး …
အထူးသဖြင့် ကိုယ်ပိုင်စီးပွါးရေးလုပ်ဖို့ဆို ပိုမလွယ် …
မြန်မာတွေက မြန်မာရှိရာရပ်ဝန်းမှာမှ လုပ်လို့ရတာ… ဥပမာ ဆိုင်ဖွင့်တာမျိုး
စကားမစပ် ဦးဖောနဲ့ အရီးလတ် အပြန်အလှန် မန့်ထားတာတွေဖတ်ပြီး ပြုံးမိသေးတယ်… :k:
လုံမလေးမွန်မွန်
June 18, 2017 at 2:34 pm
အူးဆာလိုပဲ.. သမီးလည်း အဲဒီအချိန်တုန်းက ဘယ်ရောက်နေလို့ ဒီစာကို မဖတ်ဖြစ်လဲမသိ..
ချိုချို့ဘဝကို အားကျပါတယ်… ကိုယ်တိုင်လည်း ငယ်ငယ်က ရည်မွန် ဖြစ်ချင်ခဲ့တယ်.. ဒါပေမယ့် ရည်မွန်လို ကုသိုလ်ကံကောင်းတဲ့သူတိုင်း ရည်မွန့်လို မလိမ္မာကြဘူး… ရည်မွန့်ထက်စာရင် ချိုချို့လို ရုန်းကန်ရတာက ပိုကောင်းသလားလို့
weiwei
June 19, 2017 at 9:25 am
ဖတ်ပြီသားဆိုတာကိုတော့ ပြန်ဖတ်တဲ့အချိန်မှာ သိနေတယ် .. ငါတော့သေချာပေါက် မန့်ထားမှာပဲဆိုပြီး ရှာကြည့်လိုက်တော့ ကွန်မန့်မတွေ့ .. ကြည့်ရတာ ဘာပြောရမှန်းမသိ ဖြစ်ခဲ့ပုံပေါ်တယ် .. မှန်တာပြောရရင် အဲဒီအချိန်တုန်းက ကိုယ့်အတွေးက ဘယ်လိုများလဲဆိုပြီး စိတ်ဝင်စားမိတယ် .. လူတွေက တစ်နှစ်နဲ့တစ်နှစ် မတူတာမို့လို့လေ ..
လက်ရှိအတွေးနဲ့ မန့်ကြည့်ရရင်တော့ သာတယ် မသာဘူးဆိုတာကို အတိုင်းအတာတစ်ခုနဲ့မတိုင်းတာတော့ဘူး .. ပေတံနဲ့ပတ်သက်တာကို စံတစ်ခုအနေနဲ့ မသုံးဖြစ်တော့တာကြာပြီ .. ဒီဂရီပေါင်း ၃၆ဝ ရှိသလိုပဲ .. ဘယ်ဒေါင့်ကနေ တိုင်းတယ်ဆိုတာ ဘက်ခြင်းမတူတာမို့လို့ပါ ..
အခုဇာတ်လမ်းမှာတော့ ဆရာဝန်အလုပ်နဲ့ အသက်မွေးဖြစ်တဲ့သူ ဘယ်သူဖြစ်လဲဆိုတာ မသဲကွဲဖြစ်နေလို့ .. ဆရာဝန်စစ်စစ်ဖြစ်တဲ့သူရဲ့ဘဝကို ပိုမြတ်တယ်လို့ပဲ အဖြေပေးချင်တယ် ..
padonmar
June 19, 2017 at 9:10 pm
ဝေတွေးတာ မှန်လိုက်တာ။
ဘုရားဟောတာရှိတယ်လေ။ ပညာနဲ့ အသက်မွေးတာ ပိုမွန်မြတ်တယ်လို့။
ဘယ်လိုဘယ်နေရာမှာ အောင်မြင်ပါတယ် ပြောပြော တီဒုံဆို ကိုယ်သင်ထားတဲ့ ပညာနဲ့ အသက်မမွေးဖြစ်တာ မလုံမလဲ ဖြစ်နေရဆဲ။
……..
အဲဒါထက် အခု ဒီပို့စ်က ဘာလို့ ရှေ့ ရောက်နေတာလဲ။
ကွန်မန့်အသစ်ဝင်ရင် ရှေ့စာမျက်နှာ ရောက်တဲ့ စနစ်ပြောင်းထားလား။
သူကြီးအကြိုက် (Editor choice)လည်း မရွေးထားပါဘူး။
…………..
အခု ကွန်မန့်တွေ e-mail ထဲ မဝင်တော့ဘူး။
သဂျီးဘာတွေ ကလိထားလဲ မသိဘူး။
သတိထားမိတာ ပြောတာပါ။
မဝင်လည်း အရေးမကြီးပါ။
အခုတလောတော့ ရွာတံခါးဖွင့်ရတာ ပေါ့ပေါ့ပါးပါးရှိတယ်။
kai
June 20, 2017 at 8:57 am
ရာသီချိန်မို့.. သတိထားမိရောအင်..စတစ်ကီလုပ်ထားတာပါ…။
Novy
June 20, 2017 at 12:41 pm
ချိုချို့ကို ဂုဏ်ပြုပါတယ် ဘဝနာတဲ့သူတွေပိုကြိုးစားနိုင်စွမ်းရှိတယ်
သံမနိုင်ကျောက်မနိုင်ပင်လိုပေ့ါ
ရည်မွန်ကိုတော့ ချီးကျူးပါတယ် ပြီးတော့အားကျတယ်ဘာကြောင့်လည်းဆိုတော့ မိမိကိုယ်ကိုယ် ထိန်းကျောင်းနိုင်လို့ လမ်းသစ်ဖောက်နိုင်လို့ ရေပေါ်ဆီအလွှာတွေဟာ ပျက်စီးဖို့အရမ်းလွယ်ပါတယ်
ဒါကိုမပျက်မစီးတဲ့အပြင် ကိုယ်ရဲ့မျိုးဆက်အတွက် လမ်းသစ်ကိုရဲရဲဝင့်ဝင့်ဖေါက်ခဲ့လို့ပါ
ေေ နောင်လားနောင်သားတွေအတွက် သရက်ပင်စိုက်နေတဲ့ အဖိုးအိုလိုပေါ့
မျိုးဆက်သစ်အတွက် လမ်းဖေါက်ဖို့ကြိုးစားနေတဲ့
နိုဗွီ
အရင်ကကျော်စွာဦးကြီးမိုက်
June 21, 2017 at 11:26 am
ရွာထဲဒီနေ့မှရောက်ဖြစ်တော့တယ်…ရောက်တာနဲ့ အာတီဒုံပို့စ်ကိုတန်းမြင်ရတာပဲ
အဲ့တုန်းက…မဖြေဖြစ်ခဲ့တဲ့…အာတီဒုံရဲ့မေးခွန်းလေး…
padonmar says:
ဦးမိုက်လည်း
ချိုချိုဘဝဆိုတာ သိပါတယ်။
ဘယ်လောက် ကြိုးစားရုန်းကန်ခဲ့ရတယ်ဆိုတာ ဆုရပို့စ် ထောင်ထွက်ကြီးမိုက် က သက်သေခံနေတာပဲ။
သားနဲ့ သမီးကိုတော့ ရည်မွန်ဘဝမျိုးပဲ ဖြစ်စေချင်တယ်မလား။
………………..
အမှန်ပါပဲလို့ခုဖြေပါရစေ အာတီဒုံရေ
Shar Thet Man
June 23, 2017 at 5:10 pm
2ယောက်စလုံးရဲ ့ဘဝကအားကျဖို့ကောင်းပါတယ်