သူ မှတ်မိအုံးမည် …. ထင်
“ငါမျှော်နေမိ မျှော်နေခဲ့တယ် နင်လာမယ်လို့ထင်နေမိသူ နေဝင်နေထွက်အချိန်ရှိတိုင်း .. နင်လာမယ်လို့မျှော်နေမိသူ” ~~
မိုးအေးအေး ချမ်းစိမ့်စိမ့်ဖီလင်လေးနဲ့ ကော်ဖီတစ်ခွက်ဘေးချကာ ကျွန်မအလုပ်လုပ်နေခဲ့တာ ရုံးရောက်ကတည်းပင်။
စနေ တနင်္ဂနွေပိတ်တဲ့ရုံးဆိုပေမယ့်လည်း ကျွန်မတို့ရုံးကဝန်ထမ်းတွေရဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးက အလုပ်ရှိရင် ရှိတဲ့လူတွေက စနေရုံးလာတက်ကြတာပင်။
ဘဝမှာ အလုပ်ကလွဲပြီး ဘာဆိုဘာမှမရှိတဲ့ ကျွန်မအတွက် weekend ဆိုတာလည်း သိပ်အဓိပ္ပါယ်မရှိလှချေ။ close type ဖြစ်တဲ့သူငယ်ချင်းနှစ်ယောက်ကလည်း
သူတို့ Plan တွေနဲ့သူတို့မအားတာမို့ ဒီစနေလေးကို ရုံးမှာပဲ လာပြီးအချိန်ဖြုန်းလိုက်မိတာပင်။ ကျွန်မရုံးရောက်တဲ့အချိန်တည်းကရွာတဲ့မိုးဟာ
နေ့လည် ၁၁ နာရီခွဲတာတောင် အငြိုးကြီးကြီးရွာကောင်းတုန်း။ ပတ်ဝန်းကျင်တစ်ခုလုံးမည်းနေတာများ … ပိန်းပိန်းကိုမှောင်လို့။
Air-con က Shutter Swing တစ်ချက်ခတ်တဲ့အခိုက် ရင်ထဲစိမ့်ကနဲ ဖြစ်သွားတာမို့ ဝတ်ထားတဲ့လက်ရှည်နွေးထည်ခပ်ပါးပါးကို ခပ်တင်းတင်းဆွဲစေ့မိသည်။
မိုးပက်မှာစိုးလို့ ပြတင်းပေါက်တံခါးတွေပိတ်ထားသည်မို့ ရုံးခန်းလှောင်နေမှာစိုးတာနဲ့ ရောက်တည်းက အအေး Degree လျှော့ကာ အဲကွန်းဖွင့်ထားခဲ့ပင်။
“ကိုယ်ကအပူဒဏ်မခံနိုင်ဘူးရော် ဘယ်လောက်ပဲအေးအေး အဲကွန်းဖွင့်၊ အင်္ကျီလက်ပြတ် နဲ့ ဘောင်းဘီတိုဝတ်ပြီးတော့မှ ဂွမ်းစောင်ထဲဝင်ကွေးတဲ့အမျိုး” ဟု
သူ့ကိုယ်သူ ထုတ်ဖော်ပြောပြဖူးသော လူတစ်ယောက်ကို ဖျတ်ခနဲသတိရမိပြန်တယ်။ တကယ်တော့ အဲဒါတွေက ကြာခဲ့ပြီ။ ထိုသတိရစိတ်အား တစ်ချက်ဥပေက္ခာပြုကာ
လက်ဖဝါးစာလောက်မှာရှိနေတဲ့ ကော်ဖီခွက်လေးကို ကိုင်ကာ FM ဖွင့်ထားသော ဖုန်းလေးကိုယူကာ ထိုင်ရာမှ ထလိုက်မိသည်။ မိုးသည်းကြီးမည်းကြီးရွာနေချိန်မျိုးတွင်
ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်နေရတဲ့အရသာကို ကျွန်မအရမ်းသဘောကျခဲ့တာမဟုတ်လား။
“ဟူ ဟူးးးး ဟူ ဟူ ဟူး ဟူ ~~ ဟူ ဟူးးးး ဟူ ဟူ ဟူး ဟူ ~ ရင်ထဲရှိသမျှ စကားလုံးများကို .. ဖွင့်ပြောဖို့အတွက် ဘာအတားအဆီးမှမရှိ မင်းပြောနိုင်ဖို့ … ဟူ ဟူ ဟူးဟူ”
နားကြပ်ကိုဖြတ်ပြီး နားစည်ထဲဝင်လာတဲ့ ဖြူဖြူကျော်သိန်းရဲ့ သီချင်းသံလေးကိုကြားမိတဲ့အခိုက် တဒင်္ဂသွေးပျက်သွားခဲ့မိ။
အကြိုက်ဆုံးဖြစ်ခဲ့သော၊ အမုန်းဆုံးဖြစ်ခဲ့သော သီချင်းတစ်ပုဒ်။ အရင်ရုံးရှိလူအများ၊ အခင်ဆုံးသူငယ်ချင်းများ၊ အိမ်ရှိမိသားစုဝင်များ၊ မုန်းလောက်အောင်
ကျွန်မကြိုက်ခဲ့သော သီချင်းတစ်ပုဒ်။ အသက် ၂ဝအချိန်မှ တည်ငြိမ်မှုတစ်ခုရယူနိုင်ခဲ့တဲ့အထိ ၅နှစ်တိုင်တိုင် စွဲစွဲမြဲမြဲနားထောင်ဖြစ်ခဲ့သော သီချင်းတစ်ပုဒ်။
ခုချိန်မှာတော့ အမုန်းဆုံးသီချင်းအဖြစ် သတ်မှတ်ခဲ့ထားတာပင် ၂နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ ဒီသီချင်းနဲ့သက်ဆိုင်သော လူတစ်ယောက်ကို မေ့ပစ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တည်းက
သူနဲ့သက်ဆိုင်သော အရာအားလုံးကိုဖျက်ဆီးပစ်ခဲ့သလို သူနှင့် သက်ဆိုင်သည်ဟု ကိုယ့်ဘာသာခံယူထားတဲ့ ဒီသီချင်းလေးကို နားမထောင်ဖြစ်ခဲ့တော့ပါ။
ဖုန်းထဲမှာရော၊ လက်တော့ပ်ထဲမှာပါ အဲဒီသီချင်းကို ဖျက်ပစ်ခဲ့ … ဒီသီချင်းသံကြားတိုင်း လူတစ်ယောက်ကိုမျှော်နေမိတဲ့အဖြစ်ကို ပြန်သတိမရချင်။
“ဂျိမ်း ဂျိမ်း ဂျိမ်း” … ပြတင်းပေါက်နားရပ်နေလို့ထင် မိုးခြိမ်းသံက ပိုကျယ်နေသယောင်။
“မိုးခြိမ်းနေတယ်ရော် ကြားလား အဲဒီအသံ မီးမီးကြောက်တယ် အူးအူးရဲ့” မိုးရာသီတွင်ဆုံစည်းခဲ့တဲ့ လူတစ်ယောက်ကို အဲဒီလိုလေး ချွဲချွဲနွဲ့နွဲ့ပြောခဲ့ဖူးတယ်။
“နင်ကြည့်တတ်ရင် မြင်တွေ့လိမ့်မယ် ငါ့အသည်းတံခါးကိုအချိန်မရွေးမင်းအတွက် ဖွင့်ထားပါတယ် ဟူ ဟူးးးး ဟူ ဟူ ဟူး ဟူ ~~ ဟူ ဟူးးးး ဟူ ဟူ ဟူး ဟူ ~ ”
နားထဲကို ဖြူဖြူကျော်သိန်းရဲ့ “မျှော်နေမိသူ” သီချင်းလေးက အဆက်မပြတ်ဝင်ရောက်နေခဲ့တော့ သတိရစိတ်ကိုတားမရတော့။ ရင်ထဲမှာ မွန်းကြပ်လာသလိုလို
မျက်လုံးတွေစပ်လာသလိုလို …. ဒီနေ့အတွက်တော့ ကျွန်မရှင့်ကို ပြန်လွမ်းခွင့်ပေးပါတော့ ဆိုပြေရယ်။
“ငါမျှော်နေမိ မျှော်နေခဲ့တယ် နင်လာမယ်လို့ထင်နေမိသူ နေဝင်နေထွက်အချိန်ရှိတိုင်း .. နင်လာမယ်လို့မျှော်နေမိသူ” ~~
ဟုတ်တယ် ဆိုပြေ။ ကျွန်မ ရှင့်ကိုမျှော်နေခဲ့တယ်။ ချစ်သူရည်းစားမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးသူငယ်ချင်းတွေလို့ ငါတို့ခံယူခဲ့တဲ့အတိုင်း အဲဒီဘောင်ထဲကပဲ ငါမျှော်နေခဲ့တာပါ။
ရှင် ကျွန်မဘဝထဲကထွက်သွားခဲ့တာ အခုဆို ရနှစ်ကျော်သွားခဲ့ပြီပဲ။ အစားအသောက်ချေးများတဲ့ရှင် အစားပျက် အသောက်ပျက် ဖြစ်တဲ့အခါ ယောင်ယမ်းပြီးများ ရှင့်အတွက် ငါးပိကြော်ကြော်ပေးခဲ့တဲ့
သူသူဆိုတဲ့ ငပျင်းမလေးကို တမ်းတနေမိမလား။ “အား ဗိုက်အရမ်းဆာတယ်ကွာ ခုထိလည်း ဘာမှမစားရသေးဘူး မနက်က ကျုပ်စားဖို့ဖယ်ထားတဲ့ဟင်းတွေလည်းမရှိတော့ဘူး
ဟိုကောင်တွေထဲက တစ်ကောင်ကောင် သမသွားတာဖြစ်ရမယ် စိတ်ညစ်တယ်ကွာ” ဟု ဗိုက်ဆာတိုင်း ကလေးလို ညည်းတတ်တဲ့ ဆိုပြေ။
“ငါးပိကြော် ကြော်ပေးတော့ကွာ ငါးပိကြော်လေးရှိရင် ထမင်းနဲ့ ကြက်ဥကြော်နဲ့ ဖြစ်ဖြစ်စားလို့ရတယ်ကွ နော်” ဟု ဂျီကျတတ်သေး။ အိမ်မှာ တစ်ဦးတည်းသော ယောကျာ်းသားလေးမို့
အမေတွေရော၊ အမတွေကပါ ဖူးဖူးမှုတ်အလိုလိုက်ခံထားရတဲ့လူပေပဲ။ ဒီလောက်တော့ ရှိပေမပေါ့။ ကိုယ်ကပဲ နွဲ့ဆိုးဆိုးချင်ခဲ့တဲ့ သူသူဆိုတဲ့ ကျွန်မဟာလည်း
ရှင့်ကိုဆိုရင် ခြွင်းချက်အနေနဲ့ အမြဲအလိုလိုက်ခဲ့ရတာပဲမဟုတ်လား ဆိုပြေရယ်။ အချစ်ဆုံးသူငယ်ချင်းဘဝမှာ စိတ်ကောက်မိတဲ့အချိန်တိုင်းလည်း
ကျွန်မကပဲပြန်အလျှော့ပေးခဲ့ရများခဲ့တာပဲ။
“ရှင့်ရဲ့ဖုန်းနံပါတ်နဲ့ Missed Call မြင်တာနဲ့ ဖုန်းပြန်ခေါ်မယ့်မိန်းကလေးတွေအများကြီးရှိတာပဲသူတို့ဆီပဲ ဖုန်းသွားဆက်သွား ကျုပ်ကိုလာမဆက်နဲ့”
“ဟာကွာ .. ကျနော့်မှာမိန်းကလေးသူငယ်ချင်းဆိုလို့ သူသူတစ်ယောက်ပဲရှိတာပါဆိုကွာ .. စလို့စမှန်းတောင်မသိဘူးလား အရူးမ” ဟု တပြန်စီးပြန်ပြောတတ်တဲ့လူ။
ကျွန်မဘဝမှာ ကျွန်မကို အရူးမလို့ခေါ်ဖူးတဲ့ သူစိမ်းယောကျာ်းလေးက ရှင်ပဲရှိတယ် လို့ ရှင်သိအောင်ပြောမပြဖြစ်ခဲ့ဘူး။ ရှင့်ကိုပြောဖြစ်ရင်
သဘောတွေကျပြီး အရူးမ ဟု အမြဲခေါ်နေအုံးမယ်မဟုတ်လား။ လူကို အရူးမဟု ပြစ်ပြစ်နှစ်နှစ်ခေါ်ပြီးမှ မီးမီးလေးလို့ ခေါ်စေချင်တယ်လား ဟု ရုပ်တည်နှင့်မေးအုံးမယ်ထင်။
တစ်နေ့ ရှင့်သူငယ်ချင်းဟောင်းတွေဆုံပြီး ဘီယာသွားသောက်တဲ့နေ့ “ကိုယ်အဆောင်ပြန်ရောက်ရင် ဖုန်းဆက်မယ် မအိပ်နဲ့အုံးနော်” လို့မှာခဲ့ပြီး
ည ၁နာရီထိဖုန်းမဆက်ခဲ့ဘူး။ ရှင့်ကိုစောင့်ရင်း ရုပ်ရှင်ကြည့်ရင်းနဲ့ အိပ်တောင်ပျော်သွားခဲ့တာ။ ရှင့်ကိုစိတ်ဆိုးပြီး နောက်ထပ်ဖုန်းမဆက်နဲ့တော့ ဟု စိတ်ဆိုးခဲ့ပေမယ့်
“ကိုယ် နည်းနည်းမူးသွားလို့ အပြန်နောက်ကျတာရော် ဘာလို့အဲလောက်ထိစိတ်ကောက်နေရတာလဲ အခင်ဆုံးသူငယ်ချင်းတွေ သမီးရည်းစားလို ခဏခဏ
စိတ်ကောက်နေမယ်ဆို အဆင်မပြေဘူးရော်” ဟု ခပ်ညည်းညည်းလေး ရှင်ပြောခဲ့တာ။ ဟုတ်တယ် ဆိုပြေ။ ကျွန်မက သူငယ်ချင်းဆိုတဲ့ စည်းဆိုတာကို ခဏခဏမေ့သွားခဲ့မိတာ။
ရှင့်ကို ချစ်သူတစ်ယောက်လိုများ ကျွန်မသဘောထားနေမိခဲ့သလား။ အဖြေရှာတိုင်း မရေရာခဲ့။ နောက်ဆုံးတော့ စိတ်ကောက်မိတဲ့ ကျွန်မကပဲ တညလုံးအိပ်မရဘဲ
ရှင်ပြောခဲ့တဲ့ စကားတစ်ခွန်းအတွက် အတွေးတွေအများကြီးနဲ့ အိပ်ပျက်ခဲ့ရတာ။ ဒါတွေရှင် မသိခဲ့ပါဘူး။ ဘယ်လောက်ပဲ စိတ်ဆိုးခဲ့ပါစေ နောက်တစ်နေ့မှာလည်း
ပြန်မခေါ်ပဲမနေနိုင်။ တစ်နေ့ထက် တစ်နေ့ ကျွန်မတို့ ကိုယ်တိုင်ရစ်ပတ်ခဲ့တဲ့ ကြိုးတွေကြားထဲက ကျွန်မတို့နှစ်ယောက်လုံးပြန်ရုန်းမထွက်နိုင်ခဲ့ကြတာ။
ဒါပေမယ့် အဲဒီအချိန်တွေကျန်ခဲ့ပြီမဟုတ်လား။
————————-
အလုပ်အားတဲ့အချိန်မှာ စာတွေ ကဗျာတွေဖတ်ရတာဝါသနာပါတဲ့ ကျွန်မ နဲ့ စာပေကိုချစ်မြတ်နိုးတဲ့ ကဗျာဆရာမဖြစ်တဖြစ်ကောင်လေးဟာ တကယ်ကိုအမှတ်မထင်တွေ့ဆုံဖြစ်ခဲ့တာပါ။
သူ့ကလောင်နာမည်ကို စာဖတ်တာဝါသနာပါတဲ့ကျွန်မ ရင်းနှီးနေခဲ့ပေမယ့် သူနဲ့ဆုံစည်းခဲ့မိတဲ့အချိန်ထိ သူဟာ ကဗျာဆရာ မောင်ဆိုပြေမှန်းမသိခဲ့။
လျှောက်နေကြလမ်းမကြီးထက် မိုးရေတွေဖွေးဖွေးလှုပ်နေတာကလွဲရင် ကမာ္ဘမြေကြီးက ပုံမှန်အတိုင်း ဘာမှမပြောင်းလဲ။ ခေါက်ထီးဆိုလျှင် အလုပ်ရှုပ်တာမို့
ထီးခပ်ကြီးကြီးကိုသာ ဆောင်းတတ်သည့် ကျွန်မအတွက် မိုးကသည်းသည် ဟု ဆိုရလောက်သော်လည်း အိန္ဒြေမပျက် ဆက်လျှောက်နိုင်တုန်း။
ဖျတ်ခနဲ ခြေထောက်ပေါ်ကိုလွင့်ကျလာသည့် စာရွက်တစ်ရွက်၊ နောက်ထိုဘေးနားလေးတွင် နှစ်ရွက်၊ အနားမှာ လူရိပ်တစ်ခု။
မေမေမွေးယူပေးခဲ့သည့် လူတွေကိုကူညီတတ်တဲ့စိတ်ကလေးနဲ့ပဲ ဒူးခေါက်ထိုင်လျက် ဘာရယ်မဟုတ် စာရွက်တွေကို ကောက်ပေးလိုက်မိသည်။
“ကျေးဇူးပဲဗျာ” နူးညံ့တဲ့ ယောကျာ်းလေးတစ်ယောက်အသံ။ ဖျတ်ခနဲ မော့အကြည့် စူးရှတဲ့ မျက်လုံးအစုံနဲ့ မိတ်ဆက်မိခဲ့။ တင်းနေသော နှုတ်ခမ်းအစုံအရ
သူဟာ သိပ်ဖော်ရွေတတ်တဲ့ယောကျာ်းလေးမဟုတ်ဖူးဆိုတာလည်း လူကဲခတ်ကျွမ်းကျင်တဲ့ ကျွန်မသိလိုက်တယ်။
“ရပါတယ်ရှင့်” ဟုပြောကာ သူ့စာရွက်တွေကိုပြန်အပေး စာရွက်ပေါ်က စကားစု တစ်ချို့ကို အမှတ်မထင်မြင်လိုက်မိတယ်။ စိတ်ဝင်စားဖွယ်ရာ စကားလုံးလေးများ။
သူဟာ စာရေးဆရာ တစ်ယောက်များလား။ သူ့မျက်နှာကိုတစ်ချက်ကြည့်လျက် နှုတ်ဆက်အပြုံးပြုံးလိုက်မိသည်။ သူကပဲ စကာ မိတ်ဆက်စကားဆိုလာပါသည်။
“ထီးမပါလို့ ပြေးလာတာဗျ အိတ်မပိတ်ထားမိတာ မသိလိုက်ဖူး စာရွက်တွေကလွင့်ကျကုန်လို့ ကူညီပေးတာကျေးဇူးပါဗျာ ကျွန်တော့်နာမည် ဆိုပြေပါ”
ဆိုပြေ … ဆိုပြေ….. ဒီနာမည်ကို ရင်းနှီးသလိုလိုရှိတာမို့ အပြေးအလွှားစဉ်းစား၊ သူ့စာရွက်ပေါ်က စကားစုများ၊ လင်းခနဲ ခေါင်းထဲမှာ သတိရလိုက်မိတယ်။
“ဆိုပြေဆိုတော့ ကဗျာဆရာ မောင်ဆိုပြေလားဟင်” ဟု ခပ်တိုတိုးမေးလိုက်တယ်။ ဖော်ရွေပုံမရဘူးလို့ ကျွန်မသတ်မှတ်ခဲ့သော ထိုကောင်လေး၏ မျက်နှာမှာ အပြုံးတစ်ပွင့် ဖြစ်ထွန်း၏။
ဘာစိတ်မှ မပါပေမယ့်လည်း ထိုအပြုံးလေးကို သဘောကျခဲ့မိတာအမှန်ပင်။ “ဟုတ်ပါတယ် ကျွန်တော့်ကိုသိလို့လား” ဟု သူကမေးတော့မှပင် ကျွန်မလည်းဝမ်းသာသွားပြီး
“သိတာပေါ့ ရှင့်ကဗျာပါတဲ့ မဂ္ဂဇင်းတွေ ကျွန်မဖတ်ဖူးတယ်လေ ခုလို ကဗျာဆရာတစ်ယောက်နဲ့တွေ့ရတာဝမ်းသာပါတယ် ကျွန်မနာမည်က သူသူမေ ပါ”
“ကဗျာဆရာ အဆင့်မဟုတ်သေးပါဘူးဗျာ အခုမှကြိုးစားဆဲပါပဲ”
“ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ရှင်နဲ့အခုလို မိတ်ဆွေဖြစ်ရတာ ဝမ်းသာလိုက်တာ … နောက်ထပ်ရေးမယ့်စာတွေ၊ ကဗျာတွေလည်း ကျွန်မ စောင့်ဖတ်နေမယ်သိလား”
“ဟုတ်ကဲ့ အခုတစ်လောတော့မရေးနိုင်သေးပါဘူးဗျာ ကျွန်တော် ခုလက်ရှိလုပ်နေတဲ့အလုပ်ကသိပ်အဆင်မပြေတာနဲ့ အလုပ်သစ်ရှာနေတာဆိုတော့ .. အဲဒီကိစ္စနဲ့ပဲ ကဗျာတွေမရေးဖြစ်တာကြာပြီ
ဒါပေမယ့် အသစ်ရေးဖြစ်တာတွေရှိရင် ပေးဖတ်မယ်လေ ခင်ဗျားကောစာမရေးဘူးလား”
သူက သူ့ကဗျာတွေအကြောင်းပြောရတာ သဘောကျပုံရသည်။ စိတ်လိုလက်ရရှိလှကာ ငယ်ပေါင်းကြီးဖော်တွေလိုပင်။
“ကဗျာတွေဖတ်ဖြစ်ပေမယ့် ကဗျာတော့မရေးတတ်ဘူးရယ် .. ဒါပေမယ့် ဝတ္ထုတိုလေးဘာလေးတော့ရေးဖြစ်ပါတယ်”
ပြောလည်းပြော၊ လူကလည်းမိုးရေထဲရပ်နေရတော့ နည်းနည်းချမ်းသလိုလိုဖြစ်လာတာမို့ နှုတ်ခမ်းတွေက တုန်ချင်သလိုလိုဖြစ်လာရော် .. ဒါကို သူကလည်းသိပုံပင်။
“ချမ်းနေပြီထင်တယ် ဆော်ရီးဗျာ ကျွန်တော်ကလည်း စကားများသလိုဖြစ်သွားတယ်ရော် .. ဒီလိုလုပ်ပါလား ခင်ဗျားနဲ့ ကျွန်တော်သူငယ်ချင်းဖြစ်ချင်တယ်။
နောက် စာအကြောင်း ပေအကြောင်းလေးလည်း ပြောချင်လို့ ဖုန်းနံပါတ်လေးပေးခဲ့လို့ရမလား”
ဆိုပြေဆိုတဲ့ ကဗျာဆရာလေးအမေးကို ကျွန်မစိတ်ထဲ သဘောကျသွားမိသည်။ တခြားယောကျာ်းတွေလို စီကာပတ်ကုံးပြောမနေ မရိုးသားဟန်လဲ မတွေ့ရတာမို့ ဖုန်းနံပါတ်ပေးဖို့ ဆုံးဖြတ်လိုက်မိသည်။
“ရပါတယ် .. ဖုန်းနံပါတ်က ဝ၉ ၄၂ —- ”
“ကျွန်တော်က ဝ၉ ၄——”
—————————
တယ်လီဖုန်းလေးထဲမှာတစ်ဆင့် ကဗျာတွေအကြောင်းပြော၊ သူ့အကြောင်းတွေပြောနဲ့ ရင်းနှီးမှုတွေရခဲ့ကြ၊ မိုးရာသီကြီးပါပဲ။
ဒါပေမယ့် ရှင့်စကားလုံးတွေထဲက တဆင့် ကျွန်မနွေးထွေးမှုတွေ ခံစားခဲ့ရတယ်လို့ ပြောရင် ရယ်နေအုံးမလား။ ကျွန်မ မညာခဲ့ပါဘူးရှင်။
သိပ်စိတ်ကောက်တတ်တဲ့ကျွန်မပါ။ ရှင်စိတ်ပျက်နေခဲ့မလား။ ရှင့်သူငယ်ချင်းတွေနဲ့ တူတူငှားနေတဲ့တိုက်ခန်းသော့မှာချိတ်ဖို့ ကီးချိန်းတစ်ခုလောက် ကျွန်မကိုဝယ်ပေးပါလို့ ရှင်ပြောဖူးတယ်။
ဒါပေမယ့် ကျွန်မဝယ်မပေးရခင်မှာပဲ တခြားရှင့်ရဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ပေးတဲ့ ကီးချိန်းလေးကို ရှင်အသုံးပြုခဲ့တာပဲ။
ကျနော့်မှာ သူသူတစ်ယောက်တည်းရှိတယ်ဟု ပြောခဲ့တဲ့ရှင့်စကားတွေ၊ သူငယ်ချင်းများများစားစားမရှိတဲ့ ရှင့်အတွက် ကျွန်မ တခြားသူငယ်ချင်းတွေထက်ပင်
ပိုဂရုစိုက်ပေးခဲ့တာတွေ ရွာနေတဲ့ မိုးရေတွေထဲမှာ ကျွန်မ မျက်ရည်တွေနဲ့အတူ မျောပါသွားတာ …. ဒါကို ရှင် သတိပြုမိခဲ့မလား။
၃ .. ၄ နာရီခြားတစ်ခါလောက် ရှင့်ဆီဖုန်းဆက်၊ ဘာလုပ်နေလဲလို့ မေးတတ်တဲ့ ကျွန်မကိုယ်တိုင်ပျိုးထောင်ထားခဲ့တဲ့ ဝတ္တရားလေးကို အဲဒီနေ့က ကျွန်မ စိတ်လိုလက်ရပဲ
ပျက်ကွက်ပစ်ခဲ့တယ်။ နာကျင်တယ်ဆိုတဲ့ ခံစားမှုဟာ နားလည်ပါတယ်ဆိုတဲ့စကားနဲ့ လုံလောက်မည်ဟု ကျွန်မ မထင်။ ကိုယ်ချင်းစာကြည့်မှ ရှင်သိလာပါလိမ့်မယ် ဆိုပြေ။
ကျွန်မဖုန်းဆက်မလာတဲ့အဆုံးခေါ်ခဲ့တဲ့ ရှင့်ရဲ့ဖုန်း၊ မနက် ၄ နာရီလောက်မှ “အိပ်လို့မပျော်ဘူး” ဟု ပို့လာတဲ့ ရှင့်ရဲ့ မက်ဆေ့ချ်။ အဲဒါတွေကို တမင်တကာပဲ မသိချင်ယောင်ဆောင်လိုက်မိခဲ့။
ကျွန်မကြောင့် ရှင်အိပ်ပျက်နေတာလားလို့ စိတ်ကူးယဉ်မကြည့်ဖြစ်ဘူး စိတ်ကူးယဉ်တယ်ဆိုတာ ကိုယ့်နာကျင်မှုကို ကိုယ်မွေးယူတာလို့ ကျွန်မခံယူထားခဲ့တယ်။
အဲဒီညကဖုန်းမဆက်မိတဲ့ ကျွန်မအပြစ်အတွက် နောက်တစ်နေ့မှာတော့ “ဒီနေ့ ညည်း ကိုယ့်ဆီကို ဖုန်း အခါ ၂ဝ ဆက်ရမယ် ဒါပဲ” ဟု ရာဇသံကို ဆိုပြေချခဲ့တာပင်။
သူလုပ်တဲ့အပြစ်ကိုတော့ တောင်းပန်ဖို့စိတ်မကူးဘဲ ကျွန်မကို အဲလိုအနိုင်ယူချင်ခဲ့တဲ့ သူငယ်ချင်းရယ်လို့ ထပ်ပြီး စိတ်ကောက်ချင်ပေမယ့်လည်း မခေါ်ပဲမနေနိုင်။
“စိတ်မကောင်းမဖြစ်ပါနဲ့ ကိုယ်မှားတာပါ သူသူ့ကိုဝယ်ခိုင်းတာပြီး သူများဆီကယူလိုက်ပြီလို့ပြောတော့ သူသူစိတ်မကောင်းဖြစ်မှာပေါ့ သူသူအသစ်ဝယ်ပေးကွာနော်
အဲဒီကောင်မလေးဆီက ကီးချိန်းကိုယ်မသုံးတော့ဘူး” ဆိုတဲ့စကားလေးနဲ့ပဲ စိတ်မကောင်းဖြစ်ခဲ့သမျှ မေ့ပေးလိုက်ရတာပင်။ အပြစ်ရယ်လည်း ကျုပ်မမြင်ခဲ့မိတော့ဘူး ဆိုပြေရယ်။
အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ပျော်ရွှင်စွာ ခံယူခဲ့မိတဲ့ ကျွန်မတို့နှစ်ယောက်အကြား “ကျနော်” ဆိုတဲ့အသုံးအနှုန်းကနေ “ကိုယ်” ဟု ပြောင်းလဲခဲ့တဲ့ သူ့ကို
ဝေဖန်စကားလည်းမဆိုမိခဲ့။ ကျွန်မစကားကြောင့် သူစိတ်အနှောင့်အယှက်ဖြစ်သွားမှာ၊ ကျွန်မတို့ရဲ့ ဆက်ဆံရေးထိခိုက်သွားမှာ ..
ကျွန်မ တကယ်ပဲ စိုးရိမ်မိပါတယ် ဆိုပြေရယ်။ “ရှင် ရှင်” နဲ့ သူ့ကို အမည်နာမတစ်ခုမှမခေါ်ပဲ ပြောတတ်တဲ့ ကျွန်မကိုလည်း သူဘာမှအထွန့်မတက်ခဲ့။
သူကတာ့ ကျွန်မကို “သူသူ” “ညည်း” “အရူးမ” ဟု စိတ်ကူးတည့်ရာလျှောက်ခေါ်ရင်း ဒီ relationship ကို ပြောင်းလဲဖု့ိ စိတ်ကူးပုံမရပေ။ ကျွန်မဆီက မေးခွန်းတွေများလာတိုင်း
“ဘာလို့လျှောက်မေးနေတာလဲကွာ ကိုယ်တို့နှစ်ယောက်စကားပြောနေတာ ကိုယ်တို့အကြောင်းပဲပြောရင်မရဘူးလား အဲဒါတွေကအရေးမှမကြီးတာ” ဟု
စိတ်မရှည်စွာ တုံ့ပြန်တတ်သော သူ့ကို “အဲဒါဆို ဘယ်ဟာကအရေးကြီးတာလဲ” ဟု ခပ်ချဉ်ချဉ်မေးခဲ့မိတယ်။
“ဘာာအရေးကြီးလဲ ဟုတ်လား တကယ်တမ်းတော့ ဘယ်သူ့အတွက် ဘယ်သူကမှ အရေးမကြီးဘူး တကယ်တော့အရေးကြီးတယ်ဆိုတာ အလကား ဖြစ် ပျက်ပြီး ပြီးသွားမယ့်ကိစ္စတွေ” ဟု
မုန်းချင်စရာကောင်းတဲ့အဖြေမျိုးနဲ့ ကျွန်မ မေးခွန်းတွေကို သူဘောင်ခတ်ခဲ့ ပစ်ခဲ့တာပင်။ “ကျုပ်ကရော ရှင့်အတွက်အရေးမကြီးဘူးလားလို့” ဘုတောမေးလိုက်ရင်
သူဘယ်လိုပြန်ဖြေခဲ့မှာပါလိမ့်။ ဒါပေမယ့်လည်း ခံနိုင်ရည်အားနည်းတဲ့ကျွန်မ အဲဒီမေးခွန်းကို ကိုယ့်စိတ်ထဲမှာပင် ကိုယ်ရိုက်သတ်ပစ်ခဲ့တယ်။
မကြားချင်တဲ့အဖြေတစ်ခုအတွက် မေးခွန်းကို အစတည်းက မထုတ်သင့်ဘူးမဟုတ်လား ဆိုပြေ။ ကျွန်မတော့ အဲလိုထင်တယ်။
သူငယ်ချင်းတွေဖြစ်ခဲ့ပြီး ၃ပတ်လောက်အကြာမှာပင် ရှင်က ကျွန်မကို ဖုန်းချခါနီးတိုင်းပြောဖို့ စကားတစ်ခွန်းသင်ပေးခဲ့တယ်
“အာဝါး” တဲ့…. ဘာအဓိပ္ပါယ်နဲ့ ရှင်ပြောသလဲ။ ဟင့်အင်း ကျွန်မ မသိဘူး။ ကျွန်မ မေးမကြည့်ခဲ့ဖူးတာလည်းပါလိမ့်မည်။ သူပြောမပြဖူးတာလည်း ဖြစ်ကောင်းဖြစ်မည်။
ဖုန်းပြောရင်းနဲ့ “ဟာ အဖေလာနေပြီ ဒါဘဲနော် တာ့တာ” ဟု ကျွန်မ ဖုန်းချခါနီး “အာဝါးပေးအုံးကွာ” ဟု ကလေးလို ဂျီကျခဲ့ဖူးတာလည်း မှတ်မိနေသည်။
မည်သို့ပင်ဆိုစေကာမူ … အဲဒီစကားလုံးလေးကို ကျွန်မတို့ ကျင့်သုံးဖြစ်သွားကြတာပဲရော်။ အခင်ဆုံးသူငယ်ချင်းအဖြစ်နဲ့ပါပဲ။
ကော်ဖီကြိုက်တဲ့ကျွန်မတို့နှစ်ယောက်စလုံးအတွက် နှစ်ယောက်လုံးအားတဲ့ တနင်္ဂနွေလိုနေ့မျိုးမှာ သွားတတ်တဲ့နေရာရယ်လို့ ကော်ဖီဆိုင်တွေပဲရှိခဲ့တာ မဟုတ်လား။
တိတိကျကျပြောရရင် My Garden, Mr. Guitar, Signature Garden သုံးဆိုင်ပဲရှိခဲ့တာ။ မိုးမရွာတဲ့ရက်မျိုးဆိုရင် Siganatre မှာ ခဏထိုင်ပြီးတာနဲ့ ကန်တော်ကြီးဘက်သွားကာ
ထိုင်ခုံဦးထားတဲ့ အတွဲတွေ၊ တစ်တွဲမဟုတ် တစ်တွဲ ထပြန်အောင် နည်းအမျိုးမျိုးကြိုးစားရင်း ခုံလုတတ်ကြသေးတာ။ ထိုင်ခုံနေရာရတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်
အပြိုင်အဆိုင် စကားတွေငြင်းလိုက်၊ စကားထှာဝှက်တမ်း ကစားလိုက်၊ စာတွေအပြိုင်ရေးလိုက်နဲ့ ဖြတ်သန်းခဲ့တာ တကယ့်ကို ၃လတာ အချိန်လောက်ကလေးတဲ့လား။
ရင်းနှီးမှုတွေက ဆယ်ကမာ္ဘလို၊ နားလည်မှုတွေ အပြန်အလှန်ယူခဲ့၊ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျေနပ်စွာ နစ်ဝင်ခဲ့။
ဒီမိန်းကလေးတစ်ယောက်ဟာ ရှင့်ကိုချစ်နေလိမ့်မယ် လို့ မထင်ထားခဲ့ဖူးတာလား။ ကျွန်မကပဲ ဟန်ဆောင်ကောင်းလွန်းခဲ့လား ဒါမှမဟုတ် ရှင် မသိချင်ယောင်ဆောင်ခဲ့သလား။
တစ်ခုခုကြောင့် ဖြစ်ပါလိမ့်မည်။ …..
——————————-
“နင့်စကားတိုင်းမှာ ချစ်ခြင်းမေတ္တာ မျှော်လင့်ချက်နဲ့ ငါအမြဲလိုက်ရှာ အကျင့်ပါနေပြီ ဟူ ဟူးးးး ဟူ ဟူ ဟူး ဟူ ~~ ဟူ ဟူးးးး ဟူ ဟူ ဟူး ဟူ
ကြာတော့ မွန်းကြပ်လာ ရင်ထဲအချစ်စိတ်တွေ ဖြေသိမ့်ဖို့အတွက် စကားလုံးတစ်ခုခုပေါ့ လိုအပ်ပြီ ဟူ ဟူးးးး ဟူ ဟူ ဟူး ဟူ ~~ ဟူ ဟူးးးး ဟူ ဟူ ဟူး ဟူ ~ ”
“ငါမျှော်နေမိ မျှော်နေခဲ့တယ် နင်လာမယ်လို့ထင်နေမိသူ နေဝင်နေထွက်အချိန်ရှိတိုင်း .. နင်လာမယ်လို့မျှော်နေမိသူ ဟူ … ဟူ … မျှော်နေမိသူ” ~~
အချိန်ကုန်တာသိပ်မြန်လွန်းမယ်လို့ ကျွန်မကြိုသိခဲ့ရင် အဲဒီတုန်းကအချိန်တွေမှာ စိတ်ကောက်တာတွေမလုပ်ပဲ ပိုတန်ဖိုးထားခဲ့မိမှာ ….
အဆင့်တွေမတက်တော့ဘူးဆိုရင်တောင် အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ကျွန်မတို့တွေ အမြဲရှိနေမှာလို့ ကျွန်မ ဘာကြောင့် စိတ်ချထားခဲ့ပါသလဲ။
အဲဒီနေ့က ကောင်းကင်ကြီးက မိုးသည်းသည်းမည်းမည်းရွာတော့မယ့်ပုံနဲ့ မနက်အစောကြီးတည်းကရှိနေခဲ့တာ … ပုံမှန်အတိုင်းဆို ဒီလိုနေ့မျိုးကို ကန်တော်ကြီးသွားဖို့ ကျွန်မတို့မရွေးကြ
ဒီနေ့မှ ထူးထူးဆန်းဆန်း ဆိုပြေက “ကန်တော်ကြီးသွားရအောင်ကွာ” တဲ့ ကျွန်မကလည်း ထုံးစံအတိုင်း “ဟုတ်ကဲ့ပါ”
ထပ်ပြီးထူးဆန်းတာ .. အဲဒီနေ့က ခုံတန်းတစ်ခုလွတ်နေတာ .. ဘယ်သူနှင့်မျှ လုစရာပင်မလို …. ထိုင်ပြီးတော့သိပ်မကြာ။ ဆိုပြေ က ထဖောက်သည်။
“သူသူ ကိုယ့်ကို သီချင်းဆိုပြကွာ” တဲ့ … မျက်နှာက တစ်ကယ့်ကို လိုတာမရရင် ဂျစ်တိုက်တော့မည့် ကလေးအထာ
“ဟာ ရှင်ကလည်း တီးလုံးမပါ ဘာမပါနဲ့ မဆိုချင်ပါဘူးကွာ မရစ်နဲ့”
“ဘာဖြစ်လဲ သူသူရာ အခါတိုင်း ကိုယ်ဆိုခိုင်းတုန်းကလဲ အိမ်ကလူကြီးတွေနဲ့ ဘာနဲ့ ညာနဲ့ ဆိုပြီး မဆိုတဲ့ဟာ လုပ်ပါ သူသူသီချင်းညည်းတာ ကိုယ်နားထောင်ဖူးတယ်ရော
လုပ်ပါ ကိုယ်နားထောင်ချင်လို့ .. သူသူ့အသံလေးကကောင်းတဲ့ဟာ”
ဆိုပြေ .. ရှင်ဘာလေးပဲပြောလိုက်ပြောလိုက်၊ ကျွန်မကတော့ အမြဲ ဟုတ်ကဲ့ပဲဖြစ်နေခဲ့တယ်။ ဘာကြောင့် တမင်အနိုင်ယူချင်ရသလဲဟယ်။
“အင်းပါ အင်းပါ အဲဒါဆိုလည်း ဆိုပြမယ် ဟုတ်ပြီလား”
“အင်း”
~~~
“ရင်မှာ ခံစားရတဲ့အဖြစ်ကိုမင်းကနားမလည်ဘူး ငါ့ဒဏ်ရာတွေ အခုထိတိုင် ရင်ထဲမှာမကျက်သေးဘူး
ချိုသာတဲ့စကားလေးများစွာ ပြောသမျှ အဟုတ်ထင်ခဲ့ အခုတော့ မှန်ရာကိုမှားတယ်
ကြုံလာပြီမို့ မြင်လာပြီမို့
ငါအဝေးဆုံးကိုထွက်သွားလိုက်မှာပါ ငါတို့အဖြစ်တွေ တကယ်ပြီးဆုံးပြီပဲ နှုတ်ဆက်ကာ သွားတော့မယ် ….
နင်ကျေနပ်လို့ပျော်တယ်ဆို ငါရင်ကွဲပြီးနေရလည်း ရှိပါစေ ဂရုမစိုက်နဲ့လေ မင်းကြိုက်ရာကို ရွေး
ငါခံစားလို့နေရလည်း နင်စိတ်ချမ်းမြေ့တယ်ဆိုရင်ပြီးတာပဲ ခွင့်လွှတ်နားလည်
ကျေနပ်ခြင်းအကြောင်းတရားများစွာ … မင်းဆီမှာ”
ခုတလော ကျွန်မ ခဏခဏနားထောင်ဖြစ်နေတဲ့သီချင်းလေးတစ်ပုဒ်ကို ခပ်တိုးတိုးပဲ ဆိုပြလိုက်မိသည်။ ဆိုနေရင်းနဲ့ဘာကြောင့်မှန်းမသိ
ရင်ထဲမှာ ဆိုနင့်လာသလိုလို အသံက တစ်ချက်တစ်ချက်တိမ်ဝင်သွားမိသည်။ ရင်ထဲမှာ အမည်ဖော်မရတဲ့ ခံစားမှုတစ်ခု။
ဂရုတစိုက်နားထောင်နေတဲ့ သူ့ပုံစံ၊ ရီဝေမောပန်းနေသယောင်ထင်ရတဲ့ သူ့မျက်လုံးတွေ၊ ကျွန်မ သီချင်းဆိုပြပြီးတဲ့အထိ သူဘာမှမပြောပေ။
ကျွန်မလည်း အခြေအနေတစ်ခုကို ဘာရယ်မသိဘဲ ခပ်ဖော့ဖော့တွေးကာ “ဘယ်လိုလဲ မကောင်းဘူးဟုတ်” ဟု နှာခေါင်းလေးရှုံ့ကာညည်းလိုက်မိသည်။
သူကပြုံးကာ “မဟုတ်ပါဘူးကွာ ကောင်းလွန်းလို့ ဘာပြောရမှန်းမသိတော့တာ”
“ပြောစရာစကားမရှိတာမဟုတ်လား” အကျင့်အတိုင်းပင် စကားအထအနကောက်ကာ ရစ်လိုက်မိသည်။
“မဟုတ်ဘူး အမှန်ကပြောစရာတွေအများကြီးရှိနေတာ” ဟု သူကပြောအပြီး သက်ပြင်းမောတစ်ခုရှိုက်လျက် အမှတ်မထင် ကျွန်မလက်တစ်ဖက်ကို ဆွဲယူသွားတော့သည်။
အငိုက်မိတယ်ဆိုတာ ဒါကိုခေါ်သလား ရုတ်တရက် သူ့အပြုအမူမှာ ဘာပြောရမယ်မှန်းမသိလိုက် … နူးညံ့တဲ့ သူ့လက်ရဲ့အထိအတွေ့မှာ ယောကျာ်းလေးလက်မှဟုတ်ရဲ့လားလို့ အံ့ဩနေမိချိန်
“ကိုယ် မနက်ဖြန် မလေးရှားမှာ အလုပ်သွားလုပ်တော့မယ်” ချိုသာလှပါတယ်ဆိုတဲ့ သူ့စကားသံကို ဒီချိန်မှာ အရမ်းမုန်းသွားမိသည်။ သူ ကျွန်မကိုခွဲပြီး ထွက်သွားတော့မယ်လို့ သူပြောလိုက်တာလား။
“ဒီမှာ ကိုယ်အလုပ်လုပ်နေတာအဆင်မပြေဘူးဆိုတာ သိတယ်ဟုတ် . .. အဲဒါ သူငယ်ချင်းတစ်ယောက်အကူအညီနဲ့ မလေးရှားမှာ အလုပ်သွားလုပ်ဖို့အဆင်ပြေသွားတယ်”
သူပြောနေတာတွေ ညာနေတာပဲဖြစ်ပါစေလို့ ကိုယ်တစ်ယောက်တည်းဆုတောင်း၊ အတွေးထဲမှာတော့ မသွားပါနဲ့လို့ အကြိမ်ကြိမ်အခါခါ တောင်းပန်၊
လက်တွေ့မှာတော့ ပါးစပ်ကိုတင်းတင်းစေ့လျက်၊ မျက်လုံးက မျက်ရည်တွေ တသွင်သွင်ကျနေမိခဲ့တယ်။ ခုချိန်မှာ ကျွန်မဘာပြောရမလဲဆိုတာ တစ်ဆိတ်လောက်သင်ပေးပါအုံး ဆိုပြေ။
“မငိုပါနဲ့ကွာ ကျေးဇူးပြုပြီးမငိုပါနဲ့ သူသူ့ကို ကိုယ်ငိုစေချင်ခဲ့တာမဟုတ်ဘူး”
ငိုစေချင်ခဲ့တာမဟုတ်ဘူးတဲ့လား ဒါဆို ဘာဖြစ်စေချင်ခဲ့တာလဲဟင်။ အမြဲတမ်း ရှင့်ကို အလိုလိုက်ပြီး စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးချင်ခဲ့တဲ့ မိန်းကလေးတစ်ယောက်၊
ဘယ်ချိန်မှာများ ကျွန်မ ချစ်တာတွေ ရှင်သိလာလိမ့်မလဲလို့ စောင့်မျှော်ရင်း ကျွန်မရဲ့အချိန်တိုင်းလိုလိုမှာ ရှင့်အတွက်ရယ်လို့ တွေးဖြစ်နေခဲ့တဲ့၊
ရှင့်ကို တစ်ဖတ်သတ် တိတ်တဆိတ်ချစ်နေခဲ့တဲ့ မိန်းကလေးတစ်ယောက်အတွက် အခုချိန်မှာ ရယ်မောနေနိုင်မယ်တဲ့လား။
ဆိုပြေက ကျွန်မ မျက်ရည်တွေကိုသုတ်ပေးရင်း မငိုပါနဲ့ဟုသာ အကြိမ်ကြိမ်ပြောနေခဲ့တယ်။ ဒီမျက်ရည်တွေကို သုတ်ပေးမယ့်အစား အစတည်းက ငိုအောင်မလုပ်ခဲ့ပါနဲ့လား။
နှုတ်ဖျားကထွက်ကျမလာတဲ့ စကားတွေ စိတ်ထဲမှာအကြိမ်ကြိမ်ပြောနေမိရင်း အတူတူရှိနေတာ ဒါနောက်ဆုံးရယ်လို့ လက်ခံလိုက်ရတာပင်။
“ကိုယ်အဆင်ပြေတာနဲ့ ဆက်သွယ်လိုက်ပါ့မယ် ကိုယ့်ဖုန်းကိုမျှော်နေနော်” ဟူသော စကားတစ်ခုသာ ကျွန်မအတွက် လက်ဆောင်ကျန်ခဲ့တာ။
ဒီလိုနဲ့ပဲ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ကျွန်မတို့တွေ ဝေးကွာသွားကြပြီတဲ့လား။
ယုတ်စွအဆုံး ကျွန်မအပေါ် သူဘယ်လိုသဘောထားခဲ့တယ်ဆိုတဲ့ ခံစားချက် တစ်စွန်းတစ်စပင် သူဝန်ခံမသွားခဲ့ပါ။
ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲကလို သူ့ရင်ဖွင့်စာတွေ၊ ဒိုင်ယာရီတွေလည်း ကျွန်မအတွက် လက်ဆောင်ရယ်လို့ သူချန်မသွားခဲ့ပါ။
“ရှင့်ကို ကျွန်မချစ်နေခဲ့တာ” ဟူသော ကျွန်မရဲ့ စိတ်ထဲက စကားလုံးတွေကိုလည်း သူသိမသွားခဲ့ပါ။ နောက်ဆုံးခွဲခွာခြင်းဟာ အချစ်ဆုံးသူငယ်ချင်းအဖြစ်နဲ့သာ။
“မျှော်နေသူအတွက် စောင့်မျှော်ရတာ မောလှပြီပေါ့ နင်အကြင်နာစကား တစ်နေ့ငါကြားမယ် စိတ်နဲ့ .. ငါစောင့်လို့မျှော်ခဲ့”
—————————–
သူ မလေးရှားသွားတဲ့နေ့မှာ ကျွန်မ လိုက်မပို့ဖြစ်ခဲ့။ ကျွန်မကိုထားကာ ထွက်ခွာသွားမည့်သူ့ကို ကျွန်မ မမြင်ချင်။ သူထွက်သွားတာ ကျွန်မ မမြင်လိုက်ဘူးဆိုရင်
ကျွန်မအတွေးထဲမှာ၊ ကျွန်မ စိတ်ထဲမှာ သူရှိနေသေးတယ်လို့ ကျွန်မ ခံယူထားလို့ရတယ်မဟုတ်လား။ ကျွန်မတို့ ဝေးကွာသွားမှာမဟုတ်ဖူးလို့ နောက်တစ်ခေါက်လောက်ထပ်ပြောပေးမလား ဆိုပြေ။
တခြားသူတွေလုပ်သလို လက်ပေါ်မှာ၊ ခန္ဒာကိုယ်ရဲ့တစ်နေရာရာမှာ “SP” ဆိုတဲ့နာမည်လေး ကျွန်မ ရေးမထိုးထားခဲ့ပါ။ ကျွန်မ နှလုံးသားထဲမှာ ထိုနာမည်လေး ထာဝရ တည်မြဲနေမယ်လို့ ယုံကြည်ခဲ့လို့ပင်။
သူဆက်သွယ်မယ်လို့ပြောသွားခဲ့ပေမယ့်လည်း ထိုနေ့မှစလို့ ယနေ့ထက်တိုင် သူ့ဆီက စာတွေ၊ email တွေ၊ ဖုန်းတွေ တစ်ခုမှရောက်မလာခဲ့ပါ။
အကြောာင်းတစ်ခုခုကြောင့်ပင်ဖြစ်ပါလိမ့်မည်။
FM ကလာနေသော ဖြူဖြူကျော်သိန်းသီချင်းလည်းပြီးခဲ့ပြီ။ သူနဲ့ ကျွန်မတို့ရဲ့ သူငယ်ချင်းဇာတ်လမ်းလည်း တစ်ခန်းရပ်ခဲ့ပေပြီ။
သူထွက်သွားတဲ့ဘဝမှာ ၅နှစ်ကျော်ကြာ စောင့်နေပြီးတဲ့နောက် Life Style တစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တာပင် ၂ နှစ်ကျော်ခဲ့ပြီ။
တည်ငြိမ်နေတဲ့ဘဝမှာ တိတ်တခိုးချစ်ခဲ့ဖူးတဲ့ သူ့ကို ကျွန်မမေ့ပစ်လိုက်နိုင်ပြီ ဟု ထင်ရသော်လည်း ဒီနေ့ ကျွန်မ သူနဲ့ပက်သက်သမျှ အတိတ်အကြောင်းအရာတွေ ပြန်လွမ်းမိခဲ့သလိုပင်
သူ ဟူသော ဆိုပြေလည်း တိုက်ဆိုင်မှု တစ်စုံတစ်ရာ ရှိခဲ့ပါလျှင် သူသူဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းကို သတိရနေမိအုံးမလား ဟု ကျွန်မ သိချင်မိပါသေး၏။
သူကလေး
(၀၉.၀၆.၁၃) မနက် ၁ နာရီ ၁ရ မိနစ်
21 comments
ခင် ခ
June 9, 2013 at 8:53 am
နွေ မိုး ဆောင်း ပြောင်းသော်လည်း
မဟောင်းသေးတာလား မပြောင်းသေးတာလား
နှောင်းတေးတပုဒ်က လွမ်းစေတာလား
သူကလေး ရေ။
သူကလေး
June 9, 2013 at 9:10 am
ပြောင်းလဲမပြောင်း ဟောင်းလဲမဟောင်း လွမ်းလို့ကောင်း :kwi:
ဇဂါး လွတ်
June 9, 2013 at 9:18 am
ဒီ အသက်လေးနဲ့
ဒီလိုု ရေးလက်လေးကိုု ခိုုက်ပါသည် ခင်ညာ။
:528:
သူကလေး
June 9, 2013 at 9:55 pm
ခုလို အားပေးတာကိုကျေးဇူးအထူးပါ 🙂
အရိပ်စစ်
June 9, 2013 at 4:32 pm
သူသူလေးယေ….အဟုတ်တကယ်ပြောရရင်ဖြင့် ငိုတောင်ချင်သွားရပါတယ်ကွဲ့
အရေးအသားအရမ်းကောင်းတယ် အားပေးတယ်နော်
သူကလေး
June 9, 2013 at 9:59 pm
ဒီကလည်း ငိုပြီးရေးခဲ့တာကို စစ်ရယ်
သိတယ်မှတ်လား ရင်တွင်းဇြစ်ခံစားပလိုက်တာ :kwi:
မောင် ပေ
June 9, 2013 at 7:34 pm
သူကလေး ကို မောင်ပေ မှတ်မိပါတယ်ကွယ်
ဟီ ဟိ
သူကလေး
June 9, 2013 at 10:24 pm
အဟွတ် အဟွတ်
ဒါဆို မောင်ပေက တစ်ချိန်တုန်းက မောင်ဆိုပြေပေါ့နော်
ဟမ်းမလေး မသေလို့ပြန်တွေ့ရဒါ :kwi:
Foreign Resident
June 9, 2013 at 8:23 pm
တကယ် ချစ်တယ်ဆိုရင် ၊ ရည်းစားစကား စပြောသင့်တာပေါ့ ။
ရည်းစား စကား စမပြောဘူး ဆိုတာ ၊ သိပ်မချစ်လို့ဖြစ်မှာပါ ။
သူကလေး
June 9, 2013 at 10:27 pm
ဟုတ်တယ်နော်
အဲဒီလိုပဲ ခံယူပီး ခုမေ့ပစ်လိုက်ပီ :byae:
ကြက်အူလှည့်
June 10, 2013 at 12:19 pm
ဝေးဟေးဟေး…
၀၉ ၄၂—– တဲ့
လေးလုံး သိပကွ … ကျန်ငါးလုံး ဆက်ပျောပြ
ကျော်က ဝ၈၀-၄၄၆x-xxxx ပါဗျာ..
ကွိကွိ
:528:
သူကလေး
June 10, 2013 at 3:35 pm
ပြောစာလား
သိချင်ဝယ်ဖတ်ပေါ့ :kwi:
မင်းမင်း
June 10, 2013 at 12:44 pm
အချစ်ဆိုတာ
စကားလုံလေးပါပဲ တဲ့။
အရေးကြီးတာက
အဲဒီစကားလုံးလေးကပေးတဲ့
နှောင်ဖွဲ့မူ့ကိုဖမ်းဆုပ်ထားနိုင်ဖို့ပဲ တဲ့။
အဲဒီစကားလေးကိုကြိုက်တယ်ဗျာ။
ခုထိတော့ဖမ်းဆုပ်ထားတယ်ဗျာ။
အချစ်ကိုဖမ်းဆုပ်နိုင်ကြပါစေ။
သူကလေး
June 10, 2013 at 3:36 pm
ပေးတဲ့ဆုနဲ့ပြည့်ပါစေ ~~
Myo Thant
June 10, 2013 at 1:23 pm
( သူကလေး
(၀၉.၀၆.၁၃) မနက် ၁ နာရီ ၁ရ မိနစ် )
အဲအချိန်ဆို ဒို့က အိပ်မက်ထဲမှာ ပျော်ပါးဆဲ 🙂
သူကလေး
June 10, 2013 at 3:38 pm
အူးမျိုးသန့်တို့ကတော့ လုပ်ပြီ
အေးပေါ့လေ ချစ်စာသမီးလေးနှစ်ယောက်နဲ့ ဘွဆိုဒေါ့ နေပျော်မှာပေါ့
ကိုယ်တွေကတော့ အသည်းကွဲလို့ကောင်းတုန်း
Myo Thant
June 10, 2013 at 4:02 pm
သားသမီးရှိပေမယ့်လည်း အသည်းက ကွဲချင်ကွဲနိူင်ပါသေးတယ်
မတူညီတဲ့ ဘဝတွေမှာ ကိုယ်တွေ့ကြုံမှ သိရတာကိုး
ရွှေတိုက်စိုး
June 10, 2013 at 1:42 pm
~~~ အကြင်နာတွေ ပျောက်ပျက်သွားမှာကိုလဲ စိုးးးး
~~~~ ရင်ခွင်မှာ တဖက်သတ် အချစ်လိုမျိုး…….~~
~~မတတ်နိုင်ဘူး ချစ်ရင်ပြင်မရပါ… အချစ်ကြီးချစ်တဲ့ အကြင်နာကိုး….
~~~ရင်ခွင်မှာ သိမ်းဆဲထားတဲ့ အချစ်ကလေးများ…. ကြင်နာသူ ဆွေးမယ့်အတွေးတွေ…
~~ မျှော်လင့်ခြင်းဘဝထဲ ရောက်သလို… သူငယ်ချင်းအချစ်ထက် ပိုချစ်ပါ………..
ဒီသီချင်းလေးနဲ. တင်စား ခံစားသွားပါကြောင်း…….. တခါတလေး တဖက်သတ်အချစ်က သိပ်ပင်ပန်းလွန်းပါတယ်ဗျာ…………..
Mr. MarGa
June 10, 2013 at 2:10 pm
ဗျို့ သူကကြီး
ဟိုမပြီး ဒီမပြီးတော့ မလုပ်နဲ့
နေကလဲ မသာတော့ဘူးလားဟင်င်
ရေးထားတာကတော့ အလွမ်း
ဖတ်ပြီး ခံစားလိုက်ရင် တခွိခွိ ဖြစ်သွားကြမှာ သေချာလို့
ဘာမှ ပြောတော့ဘူး
ဟို အခန်းဆက်ကို ပြီးအောင် ဆက်ရေး
ဒါပဲ
:harr:
သူကလေး
June 10, 2013 at 4:17 pm
ဘာကိုပြောတာဒုန်းလို့ :byae:
yan Nyein Thu
July 2, 2013 at 1:36 pm
အရမ်းကောင်းတဲ့စာလေး…
ဖတ်ရင်းဖတ်ရင်းနဲ့ တစ်ခုခုဖြစ်လာသလိုပဲ…
”တခြားသူတွေလုပ်သလို လက်ပေါ်မှာ၊ ခန္ဒာကိုယ်ရဲ့တစ်နေရာရာမှာ
“ xx ” ဆိုတဲ့နာမည်လေး ကျွန်မ ရေးမထိုးထားခဲ့ပါ။ ကျွန်မ နှလုံးသားထဲမှာ
ထိုနာမည်လေး ထာဝရ တည်မြဲနေမယ်လို့ ယုံကြည်ခဲ့လို့ပင်။ ”
တိုက်ဆိုင်လွန်းတယ်နော်…. (အရမ်းကြိုက်တယ် အဲဒီစာကြောင်းလေးကို)
ဘာပဲဖြစ်ဖြစ် အရမ်းကောင်းပါတယ်…
ynt