“အလင်းရောင်အောက်မှာပျောက်နေသောဘဝများ”
“အလင်းရောင်အောက်မှာပျောက်နေသောဘဝများ”
မနေ့ နေ့လည့်ခင်း တက္ကသိုလ်ဘက်ကအပြန် ရုတ်တရက်မိုးတွေရွာချပါတယ်။
သိပ်မကြာခင်မိုးတိတ်သွားပေမယ့် လမ်းပေါ်မှာတော့ရေတွေဖွေးလို့ပါဘဲ။
မန္တလေးမှာတော့မိုးလေးမှ မရွာလိုက်နဲ့ မြောင်းရေက လျံ လမ်းမှာရေတိုးဖို့ အဆင်သင့်ဖြစ်ပြီးသားပါဘဲ။
၃၅လမ်းကုန်းကျော်တံတားပေါ်ကတက်လာတော့ မြောင်းရေလျှံလို့ အိုင်ထွန်းနေတဲ့ ညစ်ပတ်ပတ်ရေထဲမှာ
ကလေးလေးတွေဆော့နေတာမြင်ရပါတယ်။
မီးပွိုင့်နားမှာနေပြီး တောင်းရမ်းစားသောက်နေတဲ့ကလေးတွေပါဘဲ။
ကုန်းကျော်တံတားရဲ့ အမြင့်ဆုံးကုန်းတက် ရဲ့အလည်ခေါင်လောက်မှာ ၁ဝနှစ်အရွယ်လောက်ရှိတဲ့
ကလေးမလေးတစ်ယောက်က တစ်နှစ်သားလောက်ရှိတဲ့ကလေးလေးကို
ချီထားရင်း က လာသမျှကားကို လက်ဖြန့်လို့တောင်းနေပါတယ်။
ကားတွေက သူ့ကိုရှောင်ကွင်းသွားရတာလဲ တဒုက္ခပါဘဲ။
ရုံးရောက်လို့အင်တာနက်ဖွင့်လိုက်ပြန်တော့ ဒီလိုတောင်းရမ်းစားနေတဲ့ကလေးတစ်ယောက်
ကော်ရှုလို့ စိတ်ဖောက်ပြန်ပြီးသူဝတ်တဲ့အင်္ကျ ီကို သုံးပြီး ကြိုးဆွဲချသေတယ်ဆိုတဲ့သတင်းအောက်မှာ
ပေးထားလိုက်တဲ့ ကော်မင်းတွေ မှတ်ချက်တွေ ကောက်ချက်တွေတစ်ပုံကြီး။
တစ်ယောက်ကများဆို ကော်ဘယ်လိုရှူတယ်ဆိုတာကိုများ ဗဟုသုတရအောင်ရေးထားလိုက်ပုံက
မလုပ်ဘူးသေးတဲ့သူတောင် သူရေးထားတာဖတ်လိုက်ရင် ကော်ရှုဘို့တတ်သွားနိုင်လောက်အောင်ကို
အနုစိတ်လှပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါဘဲ သိပ်မကြာခင်မှာ ဒီလိုကလေးတွေကို ကယ်တင်ဘို့
အင်မတန်မှာ စိတ်ပါဝင်စားလွန်း ကယ်လဲ ကယ်တင်ခဲ့ဘူးတဲ့ “ကိုဌေး”ဖုန်းဆက်လာပါတယ်။
သူရန်ကုန်ရောက်နေပါသတဲ့၊
ကျနော့်ကို သတိရလို့ဖုန်းဆက်တာပါ။
သူနဲ့ဟိုအကြောင်းဒီအကြောင်းပေ့ါပေါ့ပါးပါးစကားတွေပြောဖြစ်ကြပါတယ်။
“ မင်းကယ်တင်ရေးတွေ အဲဒီမှာလုပ်သေးလား”လို့မေးတော့
ကုမ္ပဏီအလုပ်က မအားလို့ မလုပ်ဖြစ်တဲ့အကြောင်း
သူလုပ်ခဲ့တာအများကြီးပေမယ့် ရလာဒ်ကထူးမလာဘဲ ဒုံရင်းဘဲပြန်ဖြစ်သွားတဲ့အကြောင်းပြောပြပါတယ်။
NGO ရော လုပ်သေးလားလို့မေးတော့
“တော်ပါပြီလေးလေးရာ အဲဒါကြီးကို စိတ်ကုန်သွားပါပြီ”လို့ ရယ်သံစွက်ပြီးပြောပါတယ်။
စကားနည်းနည်းပြောပြီး သူဖုန်းချသွားပေမယ့် ကျနော်မှာတော့ သူပြောခဲ့တဲ့
“တောင်းရမ်းစားသောက်နေတဲ့ လေလွင့် လူငယ်လေး”တွေအကြောင်းကို စိတ်ထဲက မချနိုင်အောင်ဖြစ်နေမိပါတယ်။
******************************************************
ကျနော်ငယ်ငယ်က ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်။
သူ့ကို “ထပ်ကြီး”လို့ခေါ်ပါတယ်။
သွားက နှစ်ထပ်ဖြစ်နေလို့ပါ။
သူက အဖေကအရက်သမား ဈေးချိုမှာ ကုန်ထမ်းပါတယ်။
အမေက လမ်းဘေးမှာရာသီစာသီးနှံလေးတွေရောင်းပြီး
သူတို့မောင်နှမ ဘုစုခရု တွေကို လုပ်ကိုင်ကျွေးမွေးပါတယ်။
ကျနော်တို့လေးတန်းအရောက်မှာ သူကျောင်းဆက်မတက်တော့ဘူး။
သူကျင်လည်ရာပါတ်ဝန်းကျင်က ဘူတာကြီးတစ်ဝိုက်ဖြစ်သွားပါတယ်။
ဘူတာထဲမှာလှည့်ပါတ်တောင်းတယ်။
ရထားတွဲကြားတွေမှာ ဘူးခွံပုလင်းခွံတွေကောက်ပြီးရောင်းစားတယ်။
သိပ်မကြာခင်မှာ သူက အဲဒီဘူတာတစ်ဝိုက်မှာ ကလေးဗိုလ်လိုဖြစ်သွားပါတယ်။
တောင်းမရတဲ့အခါမှာ ခိုးတယ်ဆိုတဲ့အဆင့်ရောက်သွားပါတယ်.။
သူ့မူရင်းမျက်နှာပေးက မူန်တေတေ သွားက နှစ်ထပ်ဖြစ်နေပြန်တော့
ကိစ္စတစ်ခုရယ်ရှိခဲ့ရင်ထူးပြီးခြိ်မ်းခြောက်စရာမလိုတဲ့ မျက်နှာကိုပိုင်ရှင်ဖြစ်နေတာကလဲ
သူ့အလုပ်ကို ပိုကောင်းလာအောင်အထောက်အကူပြုလားတော့မသိပါဘူး။
အရွယ်ရောက်လာတဲ့အချိန်မှာတော့ ဲ့“ထပ်ကြီး” က ဘူတာအနီးတစ်ဝိုက်မှာ
အားလုံးက ကြောက်ရွှံ့့သတိထားနေရတဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။
မြန်မာပြည်အနှံ့အပြားမှာ မိစုံဘစုံရှိပါရဲ့နဲ့ လမ်းဘေးရောက်သွားတဲ့“ထပ်ကြီး” လို
လူငယ်တွေ ဘယ်လောက်များမယ်ဆိုတာ မသိနို်င်ပါဘူး။
ဒီလိုကလေးတွေထဲမှာ မခိုးမဝှက်ဘဲတွေ့သမျှအမိူက်ပုံနိူက် ရောင်းစားလို့ရသမျှကို
အိတ်ကြီးနဲ့ မနိုင်မနင်းသယ်ပြီး လမ်းတကာဝင်ထွက်သွားလာနေတဲ့ကလေးတွေလဲ
အများကြီးမြင်တွေ့နေရပါတယ်။
ဒီလိုကောင်းကောင်းမွန်မွန်လုပ်စားတဲ့သူကအနည်းစုဖြစ်ပြီး လူစည်ကားတဲ့
ဈေး ကားဝင်း ဘူတာရုံနားမှာ တောင်းတဲ့အခါတောင်းခိုးတဲ့အခါခိုးရင်း
အုပ်ထိန်းမှူ့နဲ့လွတ်ကင်းနေတဲ့ နေချင်သလိုနေ ဖြစ်ချင်သလိုဖြစ်နေတဲ့
လူငယ်လေးတွေအများကြီးပါဘဲ။
ဒီကလေးတွေထဲမှာ မိဘရှိသူ တွေပါသလို မိဘမရှိ အမျိုးအဆွေမရှိ
လမ်းမပေါ်မှာဖြစ်သလိုနေ နေတဲ့ကလေးတွေလဲရှိပါတယ်။
သွားချင်သလိုသွားလုပ်ချင်ရာလုပ် ထိန်းကွပ်ပဲ့ပြင်သူမရှိ၊
ကျွေးမွေးစောင့်ရှောက်သူမရှိ ယုယကြင်နာသူမရှိ တဲ့အနေအထားနဲ့ဘဲ
ဘဝနေ့ရက်များကို ကုန်ဆုံးကြရပါတယ်။
ဒီတော့လဲ လမ်းပေါ်မှာလေလွင့်ပျက်စီးနေတဲ့ အရွယ်မရောက်သေးတဲ့ကလေးတွေ
ဆေးလိပ်သောက် ကော်ဘူးရူ ကွမ်းစား ဖဲရိုက်လုပ်နေတာ မထူးဆန်းဘူး လို့ဆိုနိုင်ပါတယ်။
*************************************************************
လေလွင့်နေတဲ့ လူငယ်လေးတွေကို ကိုဌေး တို့လို လူတွေက အများကြီး ကယ်တင်ခဲ့ဘူးပါတယ်။
လမ်းပေါ်မှာနေတဲ့ကလေးတွေကို ရင်းနှီးအောင်လုပ်တယ်။
အစားအသောက်ဝယ်ပေး။
အဝတ်အစားပေး။
နောက်တော့ သဘောပေါက်အောင်ရှင်းပြပြီးခေါ်သွား။
ဘုန်းကြီးကျောင်းလိုနေရာမျိုးမှာအပ်ထား။
ဆံပင်ညှပ်၊ဝက်ရှော့၊လက်သမားလို အသက်မွေးဝမ်းကကျောင်းအတတ်ပညာသင်ပေး။
အချို့ကိုလဲ ကျောင်းပညာဆက်သင်ပေး။
အဲလိုလုပ်ပေးပေမယ့်လဲ ကောင်းမွန်သောဘဝမှာ စည်းစံနစ်တကျ နေထိုင်သွားတဲ့ကလေးက
တစ်ရာတစ်ယောက်မရှိပြန်ပါဘူး။
အဲလိုခေါ်လာတဲ့ ကလေးအတော်များများက မနေနိုင်လို့ဒီအတိုင်းထွက်ပြေးတဲ့ကလေးရှိသလို
နေတဲ့ ဘုန်းကြီးကျောင်း အပ်ထားတဲ့အလုပ်ဆိုင်က ပစ္စည်းတွေကို ခိုးပြီးထွက်ပြေးသွားတဲ့ကလေးတွေ
နဲ့ကြုံရတာအခါ မျက်နှာပျက်ရပြန်ပါတယ်။
ကိုဌေး နုစဉ်ဘဝက NGO လို့အလွယ်ခေါ်တဲ့ နိုင်ငံခြားအထောက်အပူံ့ယူပြီးလူမူ့ရေးလုပ်ငန်းတွေ
ထဲကို အရမ်း ပါဝင်ချင်ပါတယ်။
သူကျောင်းပြီးတဲ့အခါ ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်လုပ်ရင်း ကလေးကယ်ဆယ်ရေးလုပ်ငန်းတွေ
ဆက်လုပ်ပါတယ်။
NGO တွေကအလုပ်ခေါ်ရင်ဝင်လျောက်ပါတယ်။
တစ်ခါသားမှာတော့ ကံကောင်းထောက်မစွာနဲ့လူမူ့ကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုမှအလုပ်ရသွားပါတယ်။
ယာယီဝန်ထမ်းပါ။
သူကတော့တက်တက်တက်ကြွကြွနဲလေလွင့်ကလေးတွေကိုလိုက်စု။
စည်းရုံး အသက်မွေးဝမ်းကြောင်းပညာရအောင်သင်ပေး.။
ထွက်ပြေးတဲ့ကလေးလဲရှိပေသပေါ့။
ကောင်းကောင်းမွန်မွန်ဖြစ်သွားတဲ့ကလေးလဲတစ်ယောက်စနှစ်ယောက်စတော့ရှိပါတယ်။
ဒါပေမယ့်လည်း သူကတော့ရသလောက်ကလေးတွေလိုက်ရှာ၊
စည်းရုံးပြီးတော့ လူကောင်းဘဝရောက်အောင်ကြိုးစားပါတယ်။
ယာယီဝန်ထမ်းဘဝ သုံးလပြည့်လို့ သူများတွေ အမြဲတမ်းဝန်ထမ်းဖြစ်သွားပေမယ့်
သူကတော့ ယာယီဘဝမှဘဲ ကျန်နေခဲ့ပါတယ်။
နောက်သုံးလပြည့်တော့လဲ ယာယီဝန်ထမ်းက တက်မလာ။
အတော်ကြာမှသူသိလာတဲ့အချက်ကတော့ အုပ်ချုပ်သူတွေက
မောင်ဌေး လုပ်နေတာကို မနှစ်သက်ပါဘူးတဲ့။
အဲလိုကလေးအများကြီးလျောက်ခေါ် တစ်ယောက်နှစ်ယောက်လောက်ဘဲ ကောင်းလာတာ
ကိုမလိုချင်ဘူး စရိတ်ကုန်ပြီး မထိရောက်ဘဲ အလဟဿလုပ်တာနဲ့အတူတူဘဲလို့
ဝေဖန်ပါသတဲ့။
နောက်မှကိုဌေးသိလာတဲ့အချက်က သူနဲ့တွဲနေတဲ့အဖွဲ့က ဒီကလေးတွေကို
အကြောင်းပြုပြီးလုပ်စားနေတယ်ဆိုတာကိုပါ။
လက်တွေ့မှာကလေးတစ်ယောက်နှစ်ယောက်လောက်ဘဲ ရှာပါတယ်။
အထက်ကရုံးကိုငွေတောင်းတဲ့အခါမှာတော့ ကလေးအများကြီးအတွက်တောင်းပါတော့တယ်။
ကိုဌေးက အမှန်အကန်အတိုင်းလုပ်တော့ သူတို့အတွက် အပိုငွေထွက်မလာတော့ဘူးပေါ့။
ဒါကြောင့်လဲ ကိုဌေးကို ယာယီဝန်ထမ်းအဖြစ်နဲ့ထားခဲ့ကြတာပါ။
အဲဒါကိုလဲသိရောကိုဌေးလဲ အဲဒီအသိုင်းအဝိုင်းကိုစွန့်ခွာခဲ့ပါတယ်။
“လေးလေးရာ ကျနော်က ဒီကလေးတွေဘဝထဲကို ခဏခဏဝင်ကြည့်နေရတော့
သနားစရာကောင်းတယ်ဆိုတာသိလာရတယ်ဗျာ။
ဒါပေမယ်လဲ အချို့ကလေးတွေကတော့ အသားကျသွားပြီ။
တိုးတက်ရာတိုးတက်ကြောင်းဆိုတာကို သူတို့နားမလည်ဘူး။
လက်ရှိဘဝမှာနေချင်သလိုနေဘို့ဘဲစိတ်ဝင်စားတော့တာ။
နောက် သူတို့ကိုထိန်းချုပ်ထားတဲ့သူတွေရဲ့ ရန်ကို လဲ ကြောက်ရသေးတယ်ဗျ။
အဲတော့ ဆက်မလုပ်ဖြစ်တော့ဘူး။”
******************************************************************
လေလွင့်နေတဲ့ကလေးတွေ ပြန် ပြန်ပြီးထွက်ပြေးတာကို လိုက်ကြည့်တဲ့အခါမှာ
နေချင်သလိုနေလာခဲ့တာကနေ စည်းနဲ့ဘောင်နဲ့မနေတတ်တာ၊
အလုပ်လုပ်မစားချင်တော့တာ ကြောင့်တင်မကဘဲ သူတို့ကိုထိန်းချုပ်ထားတဲ့
သူတို့ကိုခိုင်းစားနေတဲ့လူတွေက ပြန်ခေါ်တာတွေကြောင့် ပြန်ပြေးကြတယ်ဆိုတာသိလာရပါတယ်။
လေလွင့်လူငယ်တွေပပျောက်ရေးကို စီမံချက်တစ်ခုနဲ့လိုက်ထိန်းသိမ်းဘူးပါတယ်။
ကလေးတွေကိုဖမ်းပြီး လူငယ်ပြုပြင်ရေးကျောင်းကို ပို့။
ဒါပေမယ့်လဲထိထိရောက်ရောက်မရှိခဲ့တဲ့အတွက်မအောင်မြင်ပါဘူး။
နောက်တော့လဲဒီစီမံချက်လဲရေစုန်မျော ကလေးတွေလဲ အရင်လိုလမ်းပေါ်မှာပြန်ရောက်လို့
လာပြန်ပါတယ်။
လေလွင့်နေတဲ့ကလေးတွေက ပုန်းရှိုးကွယ်ရှိုးနေကြတာမဟုတ်ပါဘူး။
ကားဂိတ်တွေ ရထားဘူတာရုံတွေမှာလည်းတွေ့၊
ကုန်းကျော်တံတားလို မီးပွိုင့်လိုနေရာမှာလည်းတွေ့၊
ဘုရားကျောင်းကန်တွေမှာလည်းတွေ့
ဈေးပေါင်းစုံမှာလည်းတွေ့နဲ့ လူမြင်ကွင်းမှန်သမျှမှာတွေ့နေရတာပါ။
နေ့ဖြစ်သလိုရှာစား ညကြုံရာနေရာမှာဖြစ်သလိုအိပ်။
အရွယ်မရောက်ပေမယ့် ဆေးလိပ်သောက်ကွမ်းစား
ကျောင်းနေပြီးပညာသင်ရမယ့်အရွယ်ဖြစ်ပေမယ့် လမ်းဘေးမှာတေပေလေလွင့်။
ငယ်တုန်းမှာတောင်းစား အရွယ်ရောက်တော့ သူခိုးအသေးစား ကြီးလာတော့ ခါးပိုက်နုှိက်
ဒီလိုနဲ့ဘဲ သူတို့တစ်တွေက မိန်းမယူ ပြီးအနာဂါတ်ပျောက်နေတဲ့ကလေးတွေကိုထပ်ဆင့်မွေးထုတ်ပါတော့တယ်။
သေချာပြန်စဉ်းစား ကြည့်ရင်တော့ လူငယ်အနာဂါတ်ပျောက်ရင် တိုင်းပြည်အနာဂါတ်ပျောက်တာနဲ့အတူတူပါဘဲ။
မိဘမရှိလို့ဘဲဖြစ်ဖြစ ်မိဘထိန်းချုပ်မူ့အောက်က လွတ်ထွက်လာတဲ့ကလေးဖြစ်ဖြစ် ဒီကလေးတွေ
စည်းရုံးသိမ်းသွင်းပြီး မကောင်းမူ့တွေကျူးလွန်ခိုင်းတဲ့သူတွေရှိပါတယ်။
ဒီလိုလူတွေကဘဲ အကာအကွယ်ပေးထားတော့ ဒီကလေးတွေက သူတို့ဘဝလုံခြုံတယ်ထင်နေပါတယ်။
ပညာသင်ခွင့်ဆုံးရှုံးထားပြန်တော့လည်း များများ မစဉ်းစားနိုင်ပါဘူး။
ဒီလိုကလေးတွေကိုခိုးခိုင်း ခါးပိုက်နိူက်ခိုင်း တောင်းစားတဲ့သူတွေက တကယ်ပြောရရင်တော့
လူကုန်ကူးတာနဲ့အတူတူပါဘဲ။
လူကုန်ကူးတယ်ဆိုတာ အဝေးကိုခေါ်သွားမှ အခြားနိုင်ငံကိုပို့ပြီးရောင်းစားမှမဟုတ်ပါဘူး။
အခုလို ကလေးတွေကို ခေါင်းပုံဖြတ်ပြီး မတရားသဖြင့်ခိုင်းစေနေတာကလဲလူကုန်ကူးတာနဲ့အတူူတပါဘဲ။
ကလေးတွေကို ထိန်းချုပ်ထားတဲ့သူတွေက ဒီကလေးတွေရဲ့ အနီးအနားမှာ မလှမ်းမကမ်းမှာရှိနေတတ်ပါတယ်.။
ဒီလို လူတွေကို ဖယ်ယှားနိုင်မှသာ ကလေးတွေရဲ့ ဘဝကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
တာဝန်ရှိသူများကလဲ ဒီကလေးတွေကိုမြင်တွေ့နေမှာအမှန်ပါဘဲ။
ကျနော်တို့လိုသာမန်လူတွေတောင် ဒီထိန်းချုပ်နေတဲ့လူကိုဖယ်ယှားနိုင်ရင်ကလေးတွေဘဝကို ကယ်တင်
နိုင်မယ်ဆိုတာ သိနေတာကို ဘာကြောင့် မဖယ်ယှားဘဲ မသိချင်ယောင်ဆောင်နေတယ်ဆိုတာ နားမလည်
နိုင်ပါဘူး။
ကလေးတွေရဲ့ ဘဝပျောက်ရင် နိုင်ငံဘဝပျောက်တာနဲ့ အတူတူပါဘဲ။
ဒါကြောင့် လူမြင်ကွင်းအလင်းရောင်အောက်မှာ ဘဝပျောက်နေတဲ့လူငယ်လေးတွေကို
ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဝိုင်းဝန်းစဉ်းစားကြဘို့ အချိန်ရောက်ပြီလို့ ခံစားမိပါတယ်။.
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
၁၁-၆-၂၀၁၃
ကုမုဒြာဂျာနယ် အတွဲ(၃)အမှတ်(၁၀)
10 comments
ဇဂါး လွတ်
June 11, 2013 at 12:37 pm
ကလေးငယ်တွေသာ တိုင်းပြည်အနာဂတ် ဆိုရင် …….
တိုင်းပြည် အနာဂတ်ရဲ့…
ဘယ် နှစ်ရာခိုင်နှုန်းက ပျက်စီးနေပြီလဲ။
ဘယ် နှစ်ရာခိုင်နှုန်းက ကျဆုံးနေပြီလဲ။
ဘယ် နှစ်ရာခိုင်နှုန်းက နိုင်ငံတွင်းမှာ မရှိတော့ဘူးလဲ။
ဘယ် နှစ်ရာခိုင်နှုန်းက ဘရိန်းဝတ်(ရှ) အလုပ်ခံထားရပြီလဲ။
ဘယ် နှစ်ရာခိုင်နှုန်းက လမ်းပေါ်ရောက်နေပြီလဲ။
🙁 🙁 🙁
မင်းမင်း
June 11, 2013 at 12:38 pm
တချိန်ကကျနော်လဲတွေးဘူးပါတယ်။
ဒီလိုလေလွင့်လူသားတွေအတွက်
ဘယ်လိုလုပ်ပေးနိုင်မလဲလိုပါ။
အမျိုးမျိုးကိုစဉ်းစားခဲ့ပါတယ်။
နောက်ဆုံးဒေသတွင်းအာဏာပိုင်
အဖွဲ့ရဲ့ အကူအညီမပါရင်မအောင်မြင်
နိုင်ဘူးဆိုတာနဲ့ပဲရပ်တန့်ခဲ့ရတာချည်း
ပါပဲ။
ဒီလိုဆောင်းပါးကို လူတော်တော်များများသိစေ
ချင်လို့ ဖေ့ဘုတ်မှာ copy/paste လုပ်သွား
ပါကြောင်းအသိပေးခွင့်ပန်ပါတယ်။
share link က ကွန်နရှင်ကြောင့်ရော
ဟိုဝင်ဒီဝင်မလုပ်ချင်တဲ့လူတွေကြောင့်လူသိပ်မဖတ်
မှာစိုးလို့ပါ။
တလက်စတည်းပိုစ်ပိုင်ရှင်များအားလုံးကို
ဒီအတိုင်းပဲကြိုတင်ခွင့်ပန်ပါတယ်။
ကျနော် အသုံးဝင်မယ်ထင်တဲ့ပိုစ်များအား
ဖေ့ဘုတ်တွင် copy/paste share
သွားမှာဖြစ်ပါကြောင်း။
ko pauk mandalay
June 11, 2013 at 12:46 pm
ရှယ်နိုင်ပါတယ် မင်းမင်းရေ
ပုံလေးတွေထပ်ဖြည့်ထားပါသေးတယ်။
များများသိလေ ကောင်းလေးပါဘဲ
မောင် ပေ
June 11, 2013 at 1:35 pm
ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး လေးဗေါက်ရေ
မင်းမင်း
June 11, 2013 at 2:24 pm
ဟုတ်ကဲ့ကျေးဇူးပါ။
ကိုပေါက်(မန္တလေး) ထိကော်ပီ
ဆွဲရှယ်ပေးပါတယ်။
ကလောင်နာမည်ပါအောင်ထိပါ။
ခုကျနော်ဆီကနေတဆင့်ရှယ်နေလို့
ဝမ်းသာမိပါတယ်ခင်ဗျာ။
kyeemite
June 11, 2013 at 3:48 pm
ဒီပြဿနာက လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်တယ်ဗျာ..
လဘက်ရည်ဆိုင်တွေက စားပွဲထိုးချာတိတ်တွေ တွေ့ရင်လည်း
ဒီလိုပဲတွေးမိတယ်…တိုင်းပြည်ဆင်းရဲနေတာလည်း အဓိကအကြောင်းရင်းပဲဗျာ..
ko pauk mandalay
June 11, 2013 at 4:07 pm
အဓိကအချက်ကတော့ တိုင်းပြည်က ဆင်းရဲနေပေမယ့်
အပေါ်ယံတွေနောက်လိုက်လွန်းအားကြီးတော့
မွဲမြဲမွဲနေတာအမှန်ပါဘဲ.။
padonmar
June 12, 2013 at 12:07 am
အဲလို ကလေးတွေတွေ့ရင် သနားစိတ်ကို ကြိုးစားဖျောက်ပြီး တောင်းနေတဲ့ ပိုက်ဆံ မပေးဘူး။အားမပေးဘူးလို့ ဇွတ်မှိတ်နေရတယ်။
အခြေအနေပေးရင်တော့ မုန့်ခေါ်ကျွေးလိုက်တယ်။
ကိုဌေးလိုတော့ မလုပ်မိသေးဘူး။
စပါးတွဲရောင်းပန်းရောင်းတဲ့ကလေးတွေတော့ ကြုံရင် တတ်နိုင်သလောက် ဝယ်ပေးလိုက်တယ်။
ခြေမသန်တဲ့ ကလေးလေးတစ်ယောက် ဆေးကုပေးမယ်ဆိုတာ အတင်းထွက်ပြေးတာ ကြုံဖူးတယ်။
ကျောင်းလည်းမနေချင်ဘူးတဲ့။ဘာလုပ်ဖို့လဲတဲ့။
ကျောင်းနေရမယ့် အညွန့်အဖူးလေးတွေကို ဒီလိုမြင်ရတိုင်း ကိုယ့်ကိုကိုယ် တာဝန်မကင်းဘူးလို့ ခံစားရတယ်။
kyaw hteik
June 12, 2013 at 12:28 am
အဓိက ကတော့တရားဥပဒေစိုးမိုးရေးမရှိလို့ပါ။နောက်ကွယ်ကကြိုးကိုင်သူက်ို ရဲကဖမ်းပြီးရုံးတင်မယ်။
နောက်တရားဆွဲရင် သက်သေလိုက်ရ အုန်းမယ်။ဒီတော့ ရဲက အလုပ်ရှုပ်၊ပိုက်ဆံမရ
တော့မဖမ်းပဲ သူတို့ဆီက ဆပ်ကျေးကောက်တာပေါ့။အခုခေတ် ရဲတွေက မလုပ် မရှုပ် မပြုတ်
ရေးတာ အဓိကဖြစ်ပြီး ငွေရရေးက ဒုတိယဖြစ်နေတာ။ဥပဒေစိုးမိုးရေးက နေရာတိုင်မှာရှိရင်
အားလုံးတဖြည်းဖြည်း အဆင်ပြေလာမယ်။
ko pauk mandalay
July 3, 2013 at 9:38 pm
ကျနော်တို့နိုင်ငံမှာတာဝန်ရှိသူများက မျက်လုံးတစ်ဖက်မှိတ်ထားတော့
အမှန်တရားနဲ့ ဝေးနေတာအမှန်ပါဘဲ