အယ်ဒီတာ့ သင်ပုန်း ( အတွဲ၄၊ အမှတ်၃ )

kaiFebruary 28, 20101min1862

လွင့်ပါးဆုံးရှုံးမှု ကြီးမားလှသောမြေ

အမေရိကတွင် သန်းခေါင်စာရင်းအတွက်ပြင်နေကြလေသည်။
ဖေဖေါ်ဝါရီ(၂၈)ရက်နေ့ခန့်မှန်းတွက်ချက်မှုအရ အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သူ (
308,777,834)ယောက်ရှိသည်။အိန္ဒိယပြည်တွင် သန်း (၁၁၇၇) ရှိသည်။ တရုတ်ပြည်တွင်ကား သန်း (၁၃၃၈)ရှိနေသည်။ အမိမြေသည် ဧရိယာအကျယ်အားဖြင့် အိန္ဒိယပြည်၏ ၅ပုံတပုံခန့်၊တရုတ်ပြည်၏ ၁၄ပုံတပုံကျော်ရုံရှိပါသော်လည်း လူဦးရေမှာ သန်း၅ဝကျော်သာရှိသည်။

“မြန်မာအစ တကောင်းက” “မြန်မာ့မူလ ကျောက်ဆည်က” “မြန်မာများ တိဘက်မှ” “သာကီမျိုးဟေ့ ဒို့ဗမာ”စသဖြင့် သမိုင်းခြေရာမခံနိုင်သမျှ ဆိုချင်သလိုဆိုကြစေ မြေအုတ်ကျောက်အုတ်တို့ သက်သေရှိသည့် (မြို ့ပြတည်ထောင်ထားနိုင်သော) ၄ရာစု ပျူခေတ်မှ စတင်ရေတွက်သော်.. နှစ်သက်တန်း၁၆၀ဝရှိသော မြန်မာ့မြေနေ မြန်မာ့လူဦးရေသည် သန်း ၅ဝကျော်သာတည်နေသည်ဖြစ်သတည်း။
အဆိုပါကိန်းဂဏ္ဍန်းသည် လျှောက်လှမ်းခဲ့သောသမိုင်းနှင့်ချိန်စက်သော် လွန်စွာနည်းလှသည်ဟု အသေအချာပြောနိုင်သည်။ လူဦးရေတိုးနှုန်း ၁.၂ ရာခိုင်နှုန်း( ၂၀၀ဝ ပြည့်နှစ်ကမ္ဘာ့လူဦးရေတိုးနှုန်း)နှင့် လူဦးရေတွက် ပုံသေနည်းတခုတွင် ထည့်တွက်ကြည့်သော် ပုဂံခေတ် (ခရစ်သက္ကရာဇ် ၁၀၁ဝ တိတိ)တွင် မြန်မာ့မြေနေ မြန်မာ့လူဦးရေသည် (၃၄၀၀၀)သာရှိနေရမည်ဟုပြဆိုသည်။ အကယ်သဖြင့် အနော်ရထာမင်းစောသည် ပထမမြန်မာနိုင်ငံတော်ကို လူဦးရေ ၁သိန်းဖြင့် စတည်ခဲ့သည်ဆိုငြားအံ ့၊ အဆိုပါ ဖေါ်မြုလာဖြင့်တွက်သော် ယခုနှစ်(၂၀၁၀)တွင်ရှိရမည့် မြန်မာတို့အရေအတွက်သည် (၁၅၁)သန်းဖြစ်ရမည်။ အကြမ်းဖျင်းတွက်ချက်မှုဖြစ်ပါသော်လည်း ရေခံမြေခံကောင်းလှပါသည်ဆိုသော မြန်မာ့လေထု၊မြေထုတွင် လူသားတို့လွင့်ပါးဆုံးရှုံးမှု မည်မျှကြီးခဲ့သည်ကို ထင်ရှားမှုပြုရန်ရည်ရွယ်ပါသည်။
ရာဇဝင်ထဲမှသတို့သားများသည် ရောဂါဘယကြောင့်ကွယ်သလော၊ သဘာဝဘေးကြီးများကြောင့်ပျောက်သလော၊ စစ်တိုက်ကြရင်းလွန်သလော တွေးကြည့်ကြစေလိုသည်။

သမိုင်းကို လှအောင်မသုံးသပ်ပဲ အချက်အလက်တို့ဖြင့်တွက်ဆကာ ရှေ့ဆက်ရမည့် အနာဂါတ်အတွက် မှန်းဆချရေးကြည့်ပါမည်။
နောင်မြန်မာပြည်အတွက် လူသားအရင်းအမြစ်သည်သာလျှင် အလိုအပ်ဆုံးသောအရာဟုတွေ့ရ၏။
ရေနံ၊ဓါတ်ငွေ့ထွက်သော၊ ရေမိုးကောင်းသဖြင့်ရေအားလျှပ်စစ်ထုတ်နိုင်သော၊  လေအားထန်၍ လေရဟတ်ဖြင့်လျှပ်စစ်ထုတ်နိုင်သော၊ နေရောင်ပွင့်သဖြင့် နေရောင်ခြည်စွမ်းအင်ရနို်င်သော၊ ယူရေနီယံထွက်သဖြင့် နှူကလီးယားစွမ်းအင်ဖေါ်နိုင်သော ၂၁ ရာစု၏ တောင်းဆိုမှုအများဆုံးအရာ(စွမ်းအင်)ကို ထုတ်လုပ်ပေးနိုင်သော
ကမ္ဘာ့လူအများဆုံးနိုင်ငံကြိး၂ခုကြားမှ မြန်မာပြည်သည် မဝေးတော့သည်အနာဂါတ်တွင် အကြီးကျယ်ဆုံးသော အရာတို ့ကို မျက်မှောက်ပြုကြရမည့် အခြေအနေတွင်ရှိနေသည်။

ရှေးယခင်က အင်္ဂလိပ်တို ့မြန်မာပြည်ဝင်ခဲ့သောအခါ အိန္ဒိယမှ ဒေသခံအများအပြားကိုပါခေါ်သွင်းခဲ့သည်။ တချိန်က ရန်ကုန်လူဦးရေတွင် အိန္ဒိယဇာတိနွယ်တို့က လွှမ်းမိုးပြီး မြန်မာများထက်လူဦးရေပိုသည် မှတ်ဖူးသည်။ အင်္ဂလိပ်တို ့သည် မြန်မာပြည်မှ ကျွန်းသစ်၊ ဆန်စပါး၊ ရေနံတို ့ကဲ့ထုတ်မည် ကြိုးစားသောအခါ  လုပ်အားထုတ်ပေးနိုင်သည့် လူထုအင်အားလိုသည်ကို သတိပြုမိဟန်တူသည်။ ထို ့ကြောင့်ပင် တချက်ခုတ် ၄-၅ချက်ပြတ်သည့် “လူသားများအားရွှေ့ပြောင်းကစားခြင်း”ကို ရည်ရွယ်ချက်ရှိရှိပြုခဲ့ကြဟန်တူသည်။

ယခုခေတ်တွင် အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိအခြေချနေသူမြန်မာတို ့မှာ သိန်းဂဏ္ဍန်းသာရှိသေးသဖြင့် အလွန်နည်းပါးလှသော လူနည်းစုအဖြစ်သာရှိပါသည်။ လူနည်းစုဖြင့်သဖြင့် မိမိတို့၏ “အသံ”သည် အစိုးရပိုင်ဆိုင်ရာသို ့လည်းရောက်နိုင်ခဲသည်။ လူထုအများစုက ရွေးချယ်တင်မြှောက်မှသာ အစိုးရ(သို့)ဥပဒေပြုသူတို့ဖြစ်ကြရမည်ဖြစ်ပေရာ လူနည်းစုတို့ ငယ်သိမ် မျက်နှာလွှဲခံကြရသည်မှာ သဘာဝကျသော အဖြစ်ဟူသည်ကို ခံစားတွေးကြည့် သတိထားမိနို်င်ပေလိမ့်မည်။

သို့ဆိုလျှင် လူနည်းစုတို့ အားငယ်ရတော့မည်လော ဆိုဖွယ်ရာရှိသည်။ မဟုတ်ပါ။ အရည်အချင်းပြည့်မှီသော တဦးချင်းစီသည်လည်း ကမ္ဘာကိုပင်ကိုင်လှုပ်နိုင်သည်တို့ သက်သေများစွာရှိပါသည်။ သို့သော်.. အရည်အချင်းမှီသူတို့သည် လူအရေအတွက်အများစုမှ ထွက်လာနိုင်ချေ ပိုများသည်ကို ငြင်းဖွယ်ရာမရှိပြီ။ တိုတိုနှင့်လိုရင်းရေးရသည်ရှိသော် “ကမ္ဘာတွင်မြန်မာဟေ့”ဟု သိကြစေရန် မြန်မာ့လူဦးရေ တိုးပွားရန်ကြိုးစားခြင်းသည်သာ အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးဖြစ်ကြောင်းသာတည်း။ ဤသည်မှာ အခြေခံလိုအပ်ချက်ဖြစ်သည် …ဟူလို။

ဒုတိယကမ္ဘာစစ်ပြီးခေတ် နောက်ပိုင်း ကျွန်ုပ်တို့၏ဖိုး၊ဖွား၊ဘီ၊ဘင်တို့ အိမ်ထောင်သားမွေးသမှု ပြုရာတွင်စွမ်းခဲ့ကြသည်ကို မိဘဖိုးဖွားတို့၏ အိမ်ထောင်စုဝင်အင်အား ကြည့်တွက်လျှင် သိနိုင်မည်။ မြန်မာတို့သာမဟုတ် (သဘာဝတရား၏ အလိုအရ) ကမ္ဘာသူ၊သားတို့ စွမ်းခဲ့ကြပါသည်။ အဆိုပါဖြစ်စဉ်ကြောင့်ကျွန်ုပ်တို့တွင် ဦးလေး၊အဒေါ်၊ဘကြီး၊ ဖွားလေး များစွာရှိခဲ့သည်။ (Post-World War II baby boom)ဟုခေါ်သော လူဦးရေပေါက်ပွင့်တိုးမှု သဘာဝယန္တယားကို အလိုက်သင့် စီးမျောကြသည်ဆိုသော်ငြား မြန်မာ့လူဦးရေတိုးနှုန်းသည် ထိုခေတ်အခါက ပြည်တွင်းစစ်များ၊ ရောဂါကပ်ကြီးများကို ဖြတ်လွန်ကာ ယခုခေတ်မြန်မာ့မြေအတွက်  အလုပ်အကြွေးပြုသူများအဖြစ် မွေးထုတ်ပေးနို်င်ခဲ့သည်။ သေချာမျှော်ကြည့်လျှင် ပြီးခဲ့သော ဆယ်စုနှစ်၂ခုမှစပြီး ကြမ်းလှသော လေးလှသော စိတ်ဖိမှုများကြောင့် မြန်မာများ အံ့ဩစရာကောင်းလောက်အောင်ပင် အိမ်ယာထူထောင်မှုနောက်ကျလာကြသည်ကို တွေ့ကြရမည်။ ကမ္ဘာ့စစ်တမ်းများအရ မြန်မာအမျိုးသားတို့ အိမ်ယာထောင်ခြင်း ပျမ်းမျှအသက်သည် ၂၇.၅ နှစ်နှင့် အမျိုးသမီးသည် ၂၆.၄ ဖြစ်နေသည်။ အိမ်နီးချင်းနိုင်ငံ(တရုတ်၊ အိန္ဒိယ)တို့ထက် အမျိုးသားသည် ၄နှစ် အမျိုးသမီးသည် ၅နှစ်ကျော် ကြီးနေသည်ကိုတွေ့ရလေသည်။ တချို ့က ဝင်ငွေကိုလွှဲချသည်။ တချို့က အခြေမကျသေးသည်ကို ထောက်ပြသည်။ တချို့က တာဝန်တွေမပြီးပြတ်သေးသည်ကို အကြောင်းရှာသည်။ တချို့က နှလုံးသားကို သစ္စာထားသည်။ တချို ့က မဟာဘုတ်။ ဗေဒင်၊ယတြာ ဘိုးတော်တို့၏ အဆုံးအဖြတ်ကိုစောင့်သိလိုက်နာသည်။ နောက်ထပ်သာဓကထုတ်ရသော် မြန်မာ့သမိုင်းအတွက် ထင်ရှားသော မျိုးဆက်တခုဖြစ်သည့် ၈၈ မျိုးဆက်များ(၁၉၈၈တွင်အရွယ်ရောက်ခဲ့သူများ)သည် အပြောင်းအလဲတို့ လိုချင်လျှက်လိုက်ရင်းမှ ကိုယ်တိုင်ကိုယ်နှိုက်က သဘာဝတရားလွန်ဆန်မိလျှက် အချိန်လွန် မပြောင်းနိုင်ဖြစ်နေလာကြသည်ကို တွေ့ကြရမည်။
မည်သို ့ဆိုစေ ….တွေးရင်း ငေးရင်း စဉ်းစားရင်း လူပျိုကြီး၊အပျိုကြီးများ ဖြစ်နေကြသူများကို သတိထားကြည့် တွေ့နိုင်ပါလိမ့်မည်။
မြန်မာပြည်နှင့်မြန်မာလူမျိုးများ ကမ္ဘာ့အလယ်တွင်ကျန်ရစ်ဖြစ်လာခြင်းတွင် မြန်မာ့လူဦးရေ တိုးပွားနှုန်းနည်းခြင်း၊ မြန်မာ့လူဦးရေနည်းခြင်းသည် အဓိကအကြောင်းတခုဖြစ်ပါ၏။

မြန်မာပြည်နယ်စပ်ဒေများတွင်လည်း “အရွယ်ရှိ” ယောက်ျားမိန်းမများမှာ မိမိတို ့ဇာတိရပ်ကိုထွက်ခွာရပ်တည်ကြရခြင်းကြောင့် အိမ်ထောင်ပြုချိန်လွန်လျှက်နေကြရသည်တို့ များသည်ကိုတွေ့ကြရမည်။ အိမ်ယာထောင်နိုင်သော်ငြား သားသမီးရတနာ များစွာမယူနိုင်သည်ကိုလည်း မြင်ကြရမည်။သားသမီးရတနာ ရသော်ငြား သက်တန်းမပြည့်မှီဆုံးပါးကြသည်ကို ကြားကြရမည်။ယခုလတွင်ပင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၁.၂သန်းအတွက်ယာယီမြန်မာနိုင်ငံကူးလက်မှတ်များ ထုတ်ပေးရေးကိစ္စပြောသည်ကို သတင်းများတွင်ဖတ်လိုက်ရသေးသည်။ ဆိုသော်…ပြည်ပြေးနေကြသူ (မတည်ငြိမ်သေးသော)မြန်မာများ သန်းချီနေသည်သာတည်း။

တိုင်းပြည်တခုတည်ထောင်သော် တိုင်းသူပြည်သားများလိုအပ်သည်။ ဓါတ်တိုင်၊အုပ်၊ကျောက်၊သဲတို့ဖြင့် တိုင်းပြည်မတည်ဆောက်နိုင်။
နောင် ၁ဝစုနှစ်အတွင်းတွင် သယံဇာတတို့မှ  အရင်းအနှီးနှင့်စွမ်းအင် ဆွဲထုတ်ယူရမည့် ပြည်မြန်မာအတွက် လူသားအရင်းအမြစ်ကို မြန်မာလူမျိုးများမှသာ လုံလောက်အောင်မထုတ်ပေးနိုင်ခဲ့လျှင် ဘေးအိမ်နီးချင်းနိုင်ငံများမှ ဝင်လာကြပေဦးမည်။ အင်္ဂလိပ်ခေတ်၏သမိုင်းဘီး တပါတ်လည်သည်ဆိုနိုင်ငြား ပြောင်းရွေ ့ခိုလှုံကြသူများနှင့် ရောက်နှင့်ပြီးသူများ
(မြန်မာတိုင်း
ရင်းသားများ) ရိုးရာ၊ ဓလေ့၊ ကိုးကွယ်ရာ။ ယဉ်ကျေးမှုတို ့မတူခဲ့သော် အခြေကျ၊တည်ငြိမ်မှု ရသည်အထိ များစွာသော တွန်းတိုးတိုက်ငြိမှုများဖြစ်စေနိုင်သည်။ အလွန်သတိထားရမည့်အချက်တခုဖြစ်သည်။ ဘယ်သူမပြုမိမိမှု ဆိုသကဲ့သို ့မြန်မာများ သည်သာ တာဝန်ယူဆောင်ရွက်ကြရန်ရှိသည်။

နိဂုံးချုပ်ရသော် ပထမအနေဖြင့် “မြန်မာဟူသမျှ မိသားစုဘဝအမြန်တည်ဆောက်ကြ” ဟုတိုက်တွန်းလိုသည်။ ဒုတိယအနေဖြင့် အမိမြေသို့ ဝင်လာလတံ ့သော အခြားလူမျိုးများ(နောက်ရောက်လာမည့်သူများ)အတွက် ကောင်းမွန်မှန်ကန်သော လူဝင်မှုကြီးကြပ်ရေးဥပဒေများ၊ နိုင်ငံသားပြုခြင်း၊ရခြင်း၊ပေးခြင်းဥပဒေများ ပြင်ဆင်ဆွေးနွေးထားသင့်သည်။တတိယအနေဖြင့် မြန်မာပြည်ကို စွန့်ခွာခဲ့ပြီးနောက် အခြားနိုင်ငံသားဖြစ်နေသူ(မြန်မာ)များအား ပြန်လည်ဖိတ်ခေါ်လက်ခံကြိုဆိုရမည့် နိုင်ငံပြုဥပဒေသစ်များ၊ လူ၁ဦး-၂နိုင်ငံသား လက်ခံစံနစ်များ ပြဌာန်းသင့်သည် ထင်ပါသည်။

မှတ်ချက်။  ။ ဖေဖေါ်ဝါရီလထုတ် မန္တလေးဂေဇက်တွင် ဖေါ်ပြပြီး။

(နောက်ရောက်လာမည့်သူများ)

2 comments

  • susunosuki

    April 18, 2010 at 4:19 pm

    လူဦးရေကတော့နည်းပါတယ်
    ဒါပေမယ့် တစ်ယောက်ဆိုတစ်ယောက်ကောင်းတွေ ထွက်လာရင်တော့
    ဆင်းရဲတွင်းက ထွက်နိုင်ပါတယ်
    အားလုံးကြိုးစားကြဖို့လိုပါတယ်

  • Shwemannmay

    May 11, 2010 at 7:51 am

    ပာုတ်တယ် မြေမျို လို ့လူမျိူးမပျောက်ဘူး လူမျိူးမျို လို ့သာပျောက်မှာ ။ ကောင်းမွန်မှန်ကန်သော လူဝင်မှုကြီးကြပ်ရေးဥပဒေများ၊ နိုင်ငံသားပြုခြင်း၊ရခြင်း၊ပေးခြင်းဥပဒေများ အမှန်တကယ် အသက်ဝင်ဖို ့လိုပါတယ် ။

Leave a Reply