လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ ( ဈေးရောင်းပါးရင် သတိထား အမှတ်နှစ်)
လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ
( ဈေးရောင်းပါးရင် သတိထား အမှတ်နှစ်)
ကျုပ်တို့မြန်မာပြည်ရဲ့ဈေးသည်လောကမှာ ဇွန်လဆိုတာဈေးရောင်းပါးတဲ့လဆိုတာ
ခေတ်အဆက်ဆက်ကတည်းက လက်ခံလာခဲ့ကြတာပါ။
ဒီဇွန်လမတို်င်ခင် အေပရယ်လ မြန်မာနှစ်သစ်ကူး သင်္ကြန်မှာ မီးကုန်ယမ်းကုန်
ကဲခဲ့သဲခဲ့ကြတာကလဲ ရှိသမျှပိုက်ဆံအားလုံးကုန်သလောက်။
သူ့နောက်က မေလမှာတော့ အရှိန်တွေလျော့ကြရပါတယ်။
နောက်လာမယ့် ဇွန်လဆိုတာ ကလေးတွေကျောင်းဖွင့်တဲ့လ။
အဲတော့ ဒီလမှာဆိုရင် မရှိမဖြစ်စားကုန်သောက်ကုန်ကလွဲရင် ကျန်တဲ့ပစ္စည်း
တွေအားလုံး အရောင်းအဝယ်ထိုင်းပါတယ်။
ဒီလို လမျုးိရောက်ရင် ဈေးသည်မှန်သမျှဖောက်သည်မျှော်ကြရပါတယ်။
ကိုယ့်လက်ထဲရှိတဲ့ပစ္စည်းဆိုတာ ရောင်းထွက်မှ ငွေဖြစ်မှာကိုး။
ငွေဖြစ်မှသာ ကိုယ်ယူထားတဲ့ကုန်ကြွေးတွေကို “ရော့….အင့်”ဆိုပြီးပေးနိုင်မှာကလား။
အခုလိုရက်မျုးိဆိုရင် ဆိုင်ရှေ့ဖြတ်သွားတဲ့လူမှန်သမျှ ကိုယ်ဆိုင်လာတဲ့
ဈေးဝယ်ဖြစ်စေချင်သလို
မြည်လာသမျှဖုန်းသံကိုလဲ ပစ္စည်းအော်ဒါပေးမယ့်ဖုန်းဖြစ်စေချင်လှပါတယ်။
အချုပ်ပြောရရင် ဒီလို အရောင်းဝယ်ပါးတဲ့လဆိုတာ
ကျုပ်တို့အရမ်းရောင်းချင်နေတဲ့အချိန်ပေါ့။
အဲတော့ ဈေးဝယ်သာမှန်လို့ကတော့ တည့်အောင် အရောင်းအဝယ်ဖြစ်အောင်ရောင်းမယ်လို့
စိတ်ထဲမှာ ဆုံးဖြတ်ပြီးသား။
ရှင်းရှင်းပြောရရင် မဆစ်ခင်ကတည်းကကို ဈေးလျော့ဘို့အဆင်သင့်ဖြစ်ပြိးသား။
မမြတ်ချင်နေ မရှုံးပြီးရော ဆိုပြီး ငွေပေါ်ရောင်းကြတဲ့အချိန်ပါ။
အရောင်းအဝယ်တည့်တယ်ဆိုရင် ဈေးဦးပေါက်တယ်ဆိုရင်ဘဲ
တော်သေးတယ်လို့သဘောထားပြီးရောင်းကြရတာပါ။
အရမ်းအရမ်းကိုရောင်းချင်နေတယ်ဆိုရင်လဲမမှားပါဘူး။
အဲလိုအနေအထားမျိုးမှာဆိုရင် ဆိုင်ဖွင့်စလူဆိုရင် ပိုရောင်းချင်ကြပါတယ်။
အသစ်ဆိုတာ အခြေမကျသေးတော့ ပိုပြီး ကြိုးစားရတာ သဘာဝပါဘဲ။
************************************************************
ကျောင်းသုံးစာအုပ်တွေရောင်းတဲ့ ကိုမြင့်လွင် ကလဲ သူ့ကြုံရတာလေးပြောပြပြန်ပါတယ်။
သူဆိုင်စဖွင့်စအချိန်လေးတုံးက အကြောင်းပါ။
ဆိုင်ဖွင့်ခါစ လုပ်ငန်းစတင်ကာစလူဆိုတာအရမ်းစိတ်အားတွေတက်ကြွနေတတ်တာကိုး။
မြတ်တာ မမြတ်တာအပထား အရောင်းအဝယ်ဖြစ်တယ် ဆို်င်မှာဈေးဝယ် ဝင်တယ်ဆိုရင်ကို
အတော်လေးဝမ်းသာတတ်တာပါ။
တစ်ရက် တိုက်ပုံတွေဘာတွေ လည်ကတုံးတွေနဲ့ လူရယ် စတိုင်ပင်တွေ စပို့ရှပ်အဖိုးတန်
မျက်မှန်အကောင်းစား ဟန်းဖုန်းတွေဘာတွေနဲ့လူသုံးယောက် ရောက်လာပါတယ်။
သူတို့က လူမူ့ရေး အဖွဲ့အစည်းကလူတွေပေါ့။
ကျောင်းဖွင့်ချိန်အမှီ ဗလာစာအုပ် ခဲတံပေတံ တွေ လှူမှာမို့လို့ဝယ်ချင်တယ်ပေါ့။
ကလေးတစ်ယောက် ကို စာအုပ်တစ်ဒါဇင် ခဲတံတစ်ဒါဇင် ရယ် ပေတံရယ် ခဲဖျက် ရယ်
ကွန်ပါဘူးရယ်တစ်စုံပေါ့။
အဲဒါ အသင့်အတင့်ကောင်းတာနဲ့ဆိုရင် ဝမ်းဆက်ဘယ်လောက်ကျမယ်ဆိုတာ တွက်ခိုင်းပါတယ်။
သုံးထောင်ထက်တော့ အများကြီး မကျော်ချင်ဘူးလို့ပြောပါတယ်။
ဒါနဲ့ ဘဲ ဈေးနူန်းအသင့်အတင့် ရှိတာနဲ့ တွက်ကြည့်တော့ ၂၈၅ဝကျပ်လောက်ရောက်သွားပါတယ်။
အဲတော့ ကျောင်းသားအယောက်နှစ်ထောင်အတွက်ဆိုတော့ အစုံနှစ်ထောင် အစွန်းတွက်
ငါးဆယ်လျော့ပေးခိုင်းပါတယ်။
နောက်ပို့ပေးစရာမလိုဘူး သူတို့ကားနဲ့သူတို့သယ်မယ်ပြောပါတယ်။
နောက်သုံးရက်နေရင်လာယူမယ် အဆင့်သင့်လုပ်ထားပါ။
ပစ္စည်းတွေကိုအမျိုးအစားခွဲပြီး ပီနံအိပ်နဲချုပ်ထားပါပေါ့။
ပစ္စည်းလာသယ်တဲ့နေ့ငွေတစ်ခါတည်းချေမယ်ပေါ့။
တွက်ကြည့်ဗျာ သိန်းငါးဆယ်ကျော်ဘိုး တစ်ချီထည်းရောင်းရမှာ။
အဲဒီတုန်းက ကျနော် အမနဲ့ကျနော်စီးပွားခွဲပြီးကိုယ့်ဘာသာကိုယ်ဆိုင်လေးဖွင့်စ။
အခုလိုသိန်းလေးငါးဆယ်ဘိုးမပြောနဲ့ တစ်ရက်ထဲ ငါးသိန်းဘိုးတောင်ပြည့်အောင်
မရောင်းဘူးသေးတော့ ပျော်တာပေါ့ဗျာ။
အဲဒီမှာကျနော်က လောကွတ်ချော်ပြီး ဘောက်ချာမှာတော့အပြည့်ရေးပြီး
လျော့ပေးတဲ့ ၅ဝ ကို သတ်သတ်ပေးရမလားလို့ပြောတော့
တို်က်ပုံနဲ့လူက “မင်း ငါတို့ကို ဘယ်လိုအတန်းအစားထဲကမှတ်နေလဲ”လို့
စိတ်ဆိုးမာန်ဆိုးနဲ့ပြောတော့ တောင်းပန်ရတာပေါ့။
မသိလို့ပါ လေးစားပါတယ်ပေါ့၊
အဲဒီအချိန်ဘောင်းဘီနဲ့လူက ဟန်းဖုန်းထုတ်ပြီး ဖုန်းလှမ်းဆက်ပါတယ်။
ပစ္စည်းဝယ်ပြီးတဲ့အကြောင်း သတ်မှတ်ဈေးထက် ငါးဆယ်လျော့ပေးတော့
တစ်သိန်းတိတိသက်သာတဲ့အကြောင်း။
နောက်သုံးရက်နေရင် ပစ္စည်းသယ်ရင်းငွေချေမှာမို့ မနက်ပိုင်းကတည်းက
ငွေထုတ်ထားပေးဘို့အကြောင်းပြောပါတယ်။
ပြောနေရင်းက စကား ငါးခွန်းပြောရင် တစ်ခွန်းကတော့
“ဟုတ် အကိုကြီး လေးစားပါတယ်”အမြဲထည့်ပြောပါတယ်။
ပြောနေပုံကလဲ ဖုန်းနဲ့ပြောနေတာတောင် ဟိုဘက်က လူကို အတော်ကိုလေးစားတဲ့ပုံနဲ့
ရိုရိုသေသေ။
ပြီးမှ တိုက်ပုံဝတ်ထားတဲ့လူ ကို ကြည့်ပြီး
“အဘကတော့ အတော်ကိုကျေနပ်သွားတယ်ဗျာတော်ပါသေးရဲ့”လို့ပြောရင်း
ကျနော့်ဘက်ကို တစ်ချက်လှည့်ပြုံးပြပါတယ်။
အိုကေတယ်ပေါ့။
ဒါနဲ့ဘဲ ကျုပ်လဲ ဒီနေ့ကံကောင်းတယ်ဆိုပြီး နောက်နေ့မနက် စောစောထပြီး
ဆွမ်းတောင်လောင်းလိုက်သေးတယ်။
ချိန်းထားတဲ့နေ့က မနက်ဆယ်တစ်နာရီလောက်ရောက်တော့ ဖုန်းဆက်လာပါတယ်။
ဗလာစာအုပ်တွေကို ညနေ လာသယ်မယ့်အကြောင်း။
ငွေထုတ်ဘို့ ခွင့်ပြု ပေးမယ့် “အဘ”က လူကြီးခရီးစဉ်နောက်လိုက်သွားရလို့
ငွေချမပေးသေးတဲ့အကြောင်း။
ဒါပေမယ့် သူမိတ်ဆွေ တစ်ယောက်က စိုက်ထားပေးမှာကြောင့်အဆင်ပြေတဲ့အကြောင်း။
သူတို့က ဈေးသမားဆိုတော့ ဈေးသိမ်းချိန်မှ ထုတ်ပေးမယ်ဆိုတဲ့အကြောင်း။
ဒါပေမယ့် ပစ္စည်းကတော့ ဒီနေ့ယူမှ အဆင်ပြေမှာမို့သေချာပေါက်လာယူမယ်အကြောင်း
စိတ်မပူဘို့အကြောင်းဖုန်းဆက်လာပါတယ်။
ညနေလေးနာရီလောက်ကြတော့ ဟိုနေ့ကလာတဲ့နှစ်ယောက်ပေါင်မုန့်ကားလေးနဲ့
ရောက်ချလာပါတယ်။
သူတို့လာတဲ့အချိန်ကျနော်တို့လင်မယားက အပြင်ရောက်နေတော့ ဆိုင်က ကလေး
တွေကဖုန်းဆက်လာတယ်လေ။
အဲတော့ ကလေးတွေကို မှာရပါတယ် ကုန်ဘိုးငွေအပြေမရမခြင်း ပစ္စည်းမပေးဘို့ပေါ့။
အဲဒီနှစ်ယောက်က ပစ္စည်းတင်သွားမယ် သူုတို့နဲ့ လိုက်ပြီး ပိုက်ဆံယူဘို့ပေါ့။
ဒါပေမယ့် ကလေးတွေကလဲ ကျနော်တို့မှာထားတဲ့အတိုင်းဘဲ
ငွေမရသေးရင် ပစ္စည်းတင်ပေးလို့မရဘူးပေါ့။
အဲလိုဖြစ်လာရော တစ်ယောက်က
“ဟုတ်တာပေါ့ ကလေးတွေကလဲ သူ့ပိုင်ရှင်မှာတဲ့အတိုင်းလုပ်ရမှာပေါ့။
ကဲ ဒီလိုလုပ် မင်းတို့ကလေးနှစ်ယောက်လိုက်ပြီးပိုက်ဆံယူ။
ငါတို့ကားနဲ့ဘဲလိုက်ခဲ့။
ပိုက်ဆံပေးပြီးမှ ပစ္စည်း တင်မယ်ကွာ။
တော်တယ်ဟေ့ ဒီလို့ တပည့်မျိုးတော့ လိုချင်သေးတယ် “ဆိုပြီးပြောပါသတဲ့။
အဲဒါနဲ့ ဆိုင်က ကောင်လေးနှစ်ယောက်ကို သူတို့နဲ့ထည့်ပေးလိုက်ပါတယ်။
ဆိုင်ဖွင့်ထားတာက မြေနီကုန်း။
သူတို့ခေါ်သွားတာက ၈မိုင်ဘက် ကိုပါတဲ့။
အဲလို သွားနေရင်းက
“တစ်ခုခုစားရအောင်ကွာ မနက်စာကို မစားရသေးဘူး”
ဆိုပြီး လက်ဖက်ရည်ဆိုင်ဝင်ပါသတဲ့။
စားသောက်နေတုန်း သူတို့ထဲက တစ်ယောက်ကဖုန်းဆက်ပါသတဲ့။
“ကျနော်က အကိုကြီးတို့အိမ်ကိုလာနေတာ။
ဗိုက်ဆာလို့မုန့်ဝင်စားနေတာ။
ဒီလိုဆို အကိုကြီးတို့ အဲဒီနားကဘဲစောင့်လိုက်တော့ ကျနော်လာယူပေးပါမယ်။
အားနာစရာကြီးဗျာ”လို့ပြောပြီးမှ
“မင်းတို့ဒီကဘဲခဏစောင့်”လို့မှာပြီး ကားနဲ့ထွက်သွားပါသတဲ့။
ကလေးတွေနဲ့ကျန်ခဲ့တဲ့လူက ကလေးတွေကို စုံစမ်းစပ်စုလုပ်ပါသတဲ့။
လခဘယ်လောက်ရသလဲတို့ဒီလောက်ဆိုနည်းတာပေါ့တို့
ငါတို့ ဆီပြောင်းလုပ်ပါလားတို့ ဘာတို့တွေပြောပါသတဲ့။
အဲဒီအချိန်ဆိုင်က ကောင်လေးတစ်ယောက်က အိမ်သာသွားမှာလိုလိုဘာလိုလိုနဲ့
လက်ဖက်ရည်ဆိုင်ကနေထွက်လာပြီး အခုချိန်ထိပိုက်ဆံမရသေးတဲ့အကြောင်း
ပီစီအိုကနေ ဆိုင်ကိုဖုန်းလှမ်းဆက်ထားလိုက်ပါသတဲ့။
သိပ်မကြာခင်လေးမှာ ဟိုလူဆီကို ဖုန်းဝင်လာပါသတဲ့။
အဲဒီလူက
“ငါက ဒီမှာကုန်ဘိုးငွေချေမလို့စောင့်နေတာဟ?
မင်းတို့လုပ်လိုက်ရင် ဒီအတိုင်းဘဲ။
အတော်အသုံးမကျတဲ့ကောင်တွေ။
စောင့်နေငါအခု လာမယ်”
လို့ပြောပြီး ဆိုင်က ကလေးတွေကို
“မင်းတို့ ခဏဒီကစောင့်ပြီး ပိုက်ဆံယူလိုက်တော့။
ကိုထွန်းဝင်းလာရင် ဆိုက်ထဲမှာရန်ဖြစ်ကြလို့ငါပြန်သွားနှင့်တယ်ပြောပါသတဲ့။
အဲဒီလူကလက်ဖက်ရည်ဖိုးတွေရှင်းပြီး ထွက်သွားပါတယ်။
နောက်တစ်နာရီလောက်နေလဲ ပေါ်မလာ။
နှစ်နာရီလဲပေါ်မလာဆိုတော့ ဆိုင်ပြန်ပြိးဖုံးဆက်တော့မှ
“နင်တို့ပြန်လာခဲ့တော့ ဒီရောက်မှပြောပြမယ်”ဆိုတာနဲ့ပြန်ခဲ့ရပါသတဲ့။
အဲဒီကားနဲ့လူက ဆိုင်ကိုလာပါသတဲ့။
ဟိုမှာ ပိုက်ဆံရေနေပြီ ပစ္စည်းတင်ထားလိုက်ပေါ့။
နို့မို့ရင် အချိန်တွေကြာနေမှာစိုးလို့ ဆိုပြီးပြောပေမယ့်ဆိုင်က ကလေးတွေက
ငွေသွားထုတ်တဲ့လူပြန်လာမှ တင်လို့ရမယ်လို့ပြောတဲ့အခါ
ပစ္စည်းလာတင်တဲ့ လူက ဒီလောက်ဖြစ်နေရင်လဲ မရောင်းနဲ့ဟာ ဆိုပြိး
ကလေးတွေကို ဆဲဆိုပြီး ထွက်သွားပါသတဲ့။
ဆိုင်က ကလေးတွေတော်လို့ပေါ့ဗျာ။
ကံကောင်းချင်တော့ ဟိုလူကားမဆိုက်ခင် ငွေထုတ်ဘို့ပါသွားတဲ့ ကလေးက
ပိုက်ဆံမရသေးတဲ့အကြောင်းသတင်းလှမ်းပေးထားမိတာကိုးဗျ။
အဲဒီနေ့က ဆိုင်က ကလေးအားလုံးကို ကျုပ်တို့က မုန့်ဘို့ငါးထောင်စီပေးလိုက်တယ်။
သူတို့ကယ်ပေလို့ သာပေါ့၊
နောက်မှသိရတဲ့တစ်ချက်က အဲဒီလူတွေက ကျနော်တို့နားက ဆိုင်တွေမှာ
လွန်ခဲ့တဲ့သုံးလေးရက်လောက်က ရစ်သီရစ်သီလုပ်နေတဲ့လူတွေဘဲ။
လို့ ကိုမြင့်လွင်က ဇာတ်ကြောင်းပြန်ပါတယ်။
*****************************************************
ဇေယျာမျုးိညွန့်တို့ ကြုံခဲ့ရတာကြပြန်တော့ တစ်မျိုး။
သူတို့က ဆိုင်ဖွင့်စဆိုတော့ ဖောက်သည်လဲ သိပ်မရှိ သိပ်လဲ မသိသေးပါဘူး။
တစ်ယောက်အကြောင်းတစ်ယောက်သိပ်မသိသေးတဲ့
ဖောက်သည်အသစ်ဆိုရင် ငွေရောက်မှပစ္စည်းပို့ပေးပါတယ်။
တစ်ရက်တော့ နယ်ကုန်သည်က လိုချင်တဲ့ပစ္စည်းတွေကို လှမ်းမှာပါတယ်။
သူုတို့က ကုန်သည်အသစ်ပါ ငွေရောက်မှ ပစ္စည်းပို့ပေးမယ်ဆိုတဲ့ ထုံးစံလဲသိတယ်ပေါ့။
ငွေက အခုသွားလွှဲပေးမယ်လို့ပြောပါတယ်။
ငွေလွှဲကတော့ ဒီနေ့လွှဲနက်ဖြန်မှထုတ်လို့ရမယ်ပေါ့။
အဲဒီအရပ်က ဘဏ်မရှိဘူး။
အပြင်ငွေလွှဲနဲ့ဘဲချိတ်ရတာပါ။
ခက်တာက မြန်မာပြည်မှာ အရောင်းအဝယ်သာလုပ်နေကြရတယ် ဘဏ်စနစ်က မထွန်းကား။
မြို့ကြီးတွေမှာသာ အစိုးရဘဏ် ရှိပေမယ့် နယ်ဇနပုဒ်လေးတွေမှာတော့ ဘဏ်ဆိုတာမရှိပါဘူး။
ကားဂိတ်ကလွှဲချင်လွှဲ ။
လူကြုံပါးချင်ပါး။
ဒါမှမဟုတ်ရင်ငွေလွှဲလုပ်တဲ့ အိမ်တွေကတစ်ဆင့်ဘဲလွှဲကြရပါတယ်။
အထက်ပိုင်းရွှေထွက်တဲ့ဒေသတွေမှာတော့ ရွှေကောက်တဲ့လူတွေကတစ်ဆင့်လွှဲကြပါတယ်။
အဲတော့လဲ ဘယ်သူနဲ့လွှဲမယ်ဆိုတာ သတ်သတ်မှတ်မှတ်မရှိနိုင်ဘဲ အဆင်ပြေသလိုလွှဲကြရပါတယ်။
ပစ္စည်းမှာတဲ့ကုန်သည်ပြောတာက ပစ္စည်းက အထက်ချင်းတွင်းဘက်ကိုပို့ရမှာ။
ဒီနေ့ မန်းလေးက တင်ပေးမှ နက်ဖြန်မုံရွာရောက်။
မုံရွာကားဂိတ်ရောက်ရင် သူတို့ဘာသာ ကားဂိတ်ကနေသယ်ပြီး
ချင်းတွင်းဈေးမော်တော်နဲ့ သူတို့ ရွာကို တစ်ဆင့်ထပ် တင်ရမယ်ပြောပါတယ်။
မော်တော်ကလဲ နက်ဖြန်ထွက်မယ့်မော်တော်မမှီရင် နောက်ဆယ့်ငါးရက်ကြာမှ တင်လို့ရမယ်။
အဲတော့ ပစ္စည်းကို ဒီနေ့ ပို့မှဖြစ်မယ်။
နက်ဖြန်မှ ပို့မယ်ဆိုရင်တော့ တင်စရာ မော်တော်လဲ မရှိတော့ မဝယ်တော့ဘူးလို့ပြောပါတယ်။
ခင်ဗျားတို့လဲစိတ်ချရအောင် ငွေလွှဲထုတ်ပေးမယ့်အိမ်ရဲ့ဖုန်းနံပါတ်ပေးမယ်။
သူတို့ကတော့ ခဏနေငွေသွားလွှဲမယ်။
နောက်နာရီဝက်နေရင်ဆက်ကြည့်လိုက်။
အဲဒီက ငွေလွှဲရောက်တယ်ဆိုရင် တော့ပစ္စည်းပို့လိုက်ပေါ့လို့ပြောပါတယ်။
သူပြောတာကလဲ သဘာဝကျနေပါတယ်။
ဒါနဲ့ဘဲသူတို့လိုချင်တဲ့ကုန်အော်ဒါကိုလက်ခံလိုက်ပါတယ်။
နာရီဝက်လောက်ကြာတော့ သူပြောတဲ့ ဖုန်းနံပါတ်ကိုဆက်လိုက်တော့
ငွေလွှဲထားတယ် ဒါပေမယ့် နက်ဖြန်မှာထုတ်ရမယ်
ဆိုပြီး ငွေလာထုတ်ရမယ့်လိပ်စာနဲ့ငွေလွှဲနံပါတ်ကိုပြောပြပါတယ်။
ကျနော်က ဒီနေ့ထုတ်လို့မရဘူးလားပြောတော့
ဟိုဘက်ကလူက ကျနော်တို့က ရွှေရောင်းပြီးမှ ငွေဖြစ်တာလေ။
နက်ဖြန်ညနေသုံးနာရီကျော်ရင်လာထုတ်လို့ရတယ်ဗျာ။
နက်ဖြန်ဆိုတာ ခဏပါအကိုရာ တစ်ညအိပ်လိုက်ရင်နက်ဖြန်ရောက်သွားတာပါ”လို့ပြောပါတယ်။
သူပြောတာလဲဟုတ်တာဘဲလေလို့ တွေးမိတော့ ပစ္စည်းတွေကို
သူတို့မှာတဲ့အတိုင်းပို့ပေးလိုက်ပါတယ်။
အားလုံး 15သိန်းကျော်ဘိုးလောက်ရှိတယ်လေ။
လို့ဇေယျာ မျိုးညွှန့် က ခပ်ပြုံးပြုံးနဲ့ပြောပါတယ်။
ဒါဆိုဘယ်နေရာလွဲသွားလဲလို့ကျနော်ကမေးတော့။
နောက်ရက် ညနေသုံးနာရီကျော်တော့ သူပေးတဲ့ လိပ်စာအတိုင်းလိုက်သွားတော့
သော့ခတ်ထားတဲ့ အိမ်ကိုဘဲတွေ့ရပါသတဲ့။
ပါတ်ဝန်းကျင်မေးကြည့်တော့ အဲဒီအိမ်က လူမနေတာ အတော်ကြာပြီတဲ့။
အဲဒါနဲ့ မုံရွာဂိတ်ကိုလှမ်းမေးတော့ မနက်အစောကြီး ကားနဲ့လာတင်သွားပြီလို့ပြောပါတယ်။
သူပေးတဲ့ဖုန်းကိုထပ်ဆက်ကြည့်တော့ “လူကြီးမင်း”ဘဲကြားရပါသတဲ့။
**************************************************
ခေတ်အဆက်ဆက်သာပြောင်းသွားမယ် အချောင်လိုချင်သူတွေကတော့
မပြောင်းမလဲရှိနေမှာကလဲအသေအချာပါဘဲ။
ရောင်းချင်လွန်းတဲ့ဈေးသည်ကလဲရှိနေအုံးမှာပါဘဲ။
ဒီတော့လဲ လိမ်လည်မူ့တွေကရှိနေအုံးမှာပါဘဲ။
တွေးကြည့်ရင်အရောင်းအဝယ်နဲ့အလိမ်ခံရတာကတော်သေးတယ်လို့ဆိုနိုင်ပါအုံးမယ်။
ဟိုဟာရမယ် ဒီဟာရမယ် ဟိုလိုလုပ်ပေးမယ် ဒီလိုလုပ်ပေးမယ်ဆိုပြီး လိမ်ကြတာတွေကလဲ
တစ်ပုံတစ်ပင်ကြီးရှိခဲ့ဘူးပါတယ်။
ဟိုအရင်ခေတ်ကတွေက ဘာမဆိုရှားပါးတဲ့ခေတ်ဆိုတော့ ပေါက်ရောက်တယ်လို့ထင်ရတဲ့သူက
ဖုန်းရမယ် လျှပ်စစ်မီတာ ရမယ် မြေကွက်ရမယ် ဆိုတော့ အပြောလေးမှာညိသွားပြီး ထိသူတွေလဲ
အများကြီးပေါ့။
ဒီလိုအဖြစ်အပျက်တွေကို ကြားရမြင်ရတိုင်း
“လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ”ဆိုတာလေးက နားထဲရောက်ရောက်လာပါတယ်။
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
28-6-2013
(၈-၇-၂၀၁၃)နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ(၃)အမှတ်(၁၄)တွင်ပုံနှိပ်ဖော်ပြထားပါသည်။
21 comments
ko pauk mandalay
July 9, 2013 at 4:22 pm
ပြောချင်တာကတော့ ကော်ကော် မကောင်းတော့ တင်ရတာအတော်ခက်ပါကြောင်း။
ဓါတ်ပုံလေးတစ်ပုံထည့်ချင်တာ အဆင်မပြေပါကြောင်း။
မောင် ပေ
July 9, 2013 at 7:00 pm
ကိုဇေယျာမျိုးညွန် ့ရဲ ့ပုံ ကို တင်ပြချင်တာများလားဗျ
ဟီ ဟိ
padonmar
July 9, 2013 at 7:26 pm
ကိုပေါက်ရေ
မှတ်သားထားပါတယ်။
သတိကြီးကြီး ထားနိုင်မှ တော်မယ်နော်။
ko pauk mandalay
July 10, 2013 at 10:27 pm
တခုခုဘက်ကို စိတ်က ယိမ်းသွားပြီဆိုရင် သတိလက်လွတ်ဖြစ်သွားတတ်ပါတယ်
မပဒုမ္မာရေ
San Hla Gyi
July 9, 2013 at 9:29 pm
ဒါကတော့ ဖြစ်တတ်ပါတယ်ဗျ။ တကယ်တော့ လူ့စိတ် သဘာဝကို အသုံးချတာပါပဲ။ အသစ်ဆိုတော့ သိပ်ရောင်းချင်တာရယ် အချီကြီး ရောင်းရပြီလို့ တွက်မိရင် ပျော်သွားတဲ့စိတ်နဲ့ သတိလွတ်သွားတာကို အသုံးချတာပါပဲ။ ကျနော်လည်း တခါတုန်းက ခံရဖူးတယ်။
ko pauk mandalay
July 10, 2013 at 10:29 pm
ကိုစံလှကြီး မတွေ့တာကြာပေါ့။
လူလိမ်တွေက အများအားဖြင့် လူတွေရဲ့ စိတ်ဓါတ်ရေးရာကို ထိုးဖောက်ကြည့်နိုင်စွမ်းရှိတဲ့
လူတွေများပါတယ်။
သူတို့လိမ်တယ်ဆိုတာ စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာနဲ့အတူူတူပါဘဲ။
uncle gyi
July 9, 2013 at 10:52 pm
အချုပ်ပြောမယ်ဆို
လောဘ
တတ်နိုင်သမျှနည်းအောင်နေ
လူလိမ်ခံရနည်းမယ်
ko pauk mandalay
July 10, 2013 at 10:31 pm
မှန်တယ် အီးကယ်ဂျန်ရေ
တစ်ချို့ကတော့ အထင်ကြီးလို့ ခံလိုက်ရတာတွေလဲရှိပ။
ဦးကြောင်ကြီး
July 10, 2013 at 9:04 am
ကျနော့်တုံးကဆို အခုနာမည်သိပ်ကြီးနေတဲ့ မင်းသမီးတယောက်ပေါ့…ချောင်းသာကမ်းခြေ မရောက်ဖူးလို့ လိုက်ပြပါဆိုပီး ခုနှစ်ရက်ခုနှစ်ည အဲဒီမှာ အဟင့်…. နောက်ပိုင်းတော့ နပ်သွားပီ.. ငွေအရင်တောင်းလိုက်တယ်… နိုးမန်းနီး နိုးဘီးဇီးနတ်.. 💡
ko pauk mandalay
July 10, 2013 at 11:00 pm
အော် ငါ့ကြောင်ကြီး တွင်းတိမ်နစ်သွားရှာပေါ့လားအရပ်ကရို့
Ma Ma
July 10, 2013 at 10:05 am
ဒီစာကိုသာ အရင်က ဖတ်ခဲ့ရရင် ဒီနည်းနဲ့ အလိမ်ခံခဲ့ရမှာ မဟုတ်ဘူး။ 🙁
ko pauk mandalay
July 10, 2013 at 11:06 pm
မမရေ
ဒီစာကို အရင်ဖတ်မိသူက ဒီနည်းအတိုင်း မဖတ်ရသေးတဲ့လူကို ထပ်လိမ်သွားမှာစိုးရိမ်ပါ၏
အလင်း ဆက်
July 10, 2013 at 10:49 am
လှည့်ပတ် လုပ်စား နည်းတွေက လည်း
မရိုးနိုင်အောင်ပဲနော်
အရောင်းအဝယ်ကိစ္စ တွေက သတိကြီးကြီးထားမှ တော်ရုံကျမယ်
လေးပေါက်ရေ အတွေ့အကြုံ လေး ဝေမျှ ပေးလို ့ကျေးဇူးပါ
ko pauk mandalay
July 10, 2013 at 11:08 pm
စုံစမ်းစပ်စု လေးတွေကို ပြန်မျှပေးနေတာပါကွဲ့
လုံမလေးမွန်မွန်
July 10, 2013 at 11:20 am
ခုမှ သေချာဖတ်ဖြစ်တယ် လေးပေါက်ရေ… ဗဟုသုတရတယ်… သေချာလည်း မှတ်ထားလိုက်တယ်… ပို့စ်အတွက် ကျေးဇူးအကြီးကြီးပါလို့…
ko pauk mandalay
July 10, 2013 at 11:12 pm
တားတားလေးကို အားပေးကြပါကွယ်ကွယ်ကွယ်ကွယ်
Ma Ei
July 10, 2013 at 1:28 pm
လိမ်နည်းတွေမှ မျိုးစုံပါလားနော်…
ဘုန်းကြီးကျောင်းမချန် သွားလိမ်ကြတာတွေလဲ ကြားနေရတယ်…
နောက်ထပ်လဲ ရေးပါဦးနော်…
ko pauk mandalay
July 10, 2013 at 11:16 pm
မအိရေ နောက်ရက်ထပ်ရေးဘို့ကျန်ပါသေးတယ်။
ဒီပိုစ်ရေးဘို့ အစဖော်ပေးသူက ရွာတော်ရှင် ဆူး ပါဘဲခင်ဗျာ
ဆူး
July 11, 2013 at 11:17 am
ဆိုင်ဖွင့်ခါစ ဆိုတော့.. အပျော်တွေ နဲ့ ရင်ခုန်ခြင်းတွေ အပြည့် သယ်ဆောင်လာတဲ့ ဝယ်သူဆိုတော့.. တော်တော် ကျေးဇူးတင်နေမိပြီး.. ကံကောင်းတာက ဆူး ရဲ့ တပည့်ကျော်တွေ ပါးနပ်မှုကြောင့် အလိမ်မခံလိုက်ရပဲ.. မဆုံးရှုံးခဲ့ရပါဘူး။ နောက်ဆုံးတော့.. ရင်တုန်ခြင်းနဲ့ ဟင်း ချခဲ့ရပါကြောင်း။
kyeemite
July 10, 2013 at 3:12 pm
ကိုပေါက်ရေ…အများသတိပြုမိအောင်ရေးပြတဲ့အတွက် ဗရာဗိုပါဗျာ..
ကိုပေါက်ကိုယ်တွေ့လေးကရော…. 💡
ရွှေ မင်း သား
July 11, 2013 at 10:21 am
လုံစေ့ ပါတ်စေ့ ရေးပြတော့ အလိမ်မခံရအောင် ကာကွယ်ရတာပေါ့ဗျာ။
အတွေ့အကြုံ နဲသေးသူတွေ အတွက် အရမ်းအကျိုးရှိပါတယ်။
မြန်မာပီပီ မြန်မာဇာတ်ကားတွေ လို ဇာတ်သိမ်းခန်းးမှာ ရဲလာဖမ်းပေးပါလား
ခိခိခိ