လူသုံးကုန် ပစ္စည်းတွေ တိုးတက် ကျယ်ပြန့်ကြီးမား လေ လေ…..။

Kyi LwinJuly 10, 20131min30214

မန္တလေးဂေဇက် သူကြီးမင်းနဲ့တကွ ရွာသားများ ကျန်းမာတော်မူကြပါစ။

သူကြီးနေတဲ့ အမေရိကားမတော့ လူ့အသုံးဆောင်တိုးတက်နေတဲ့ နေရာမို့ အချိန်နဲ့အမျှ တီထွင်မှုတွေ ဆန်းသစ်မှုတွေ ရှိနေတဲ့အတွက် ခေတ်မီအသုံးအဆောင်များက တစ်မျိုးပြီးတစ်မျိုး အသစ်အဆန်းတွေနဲ့ ခေတ်ရှေ့ပြေးနေမယ်ထင်ရဲ့။

ရွှေတို့ရဲ့ မြန်မာမတော့ ခု နှစ်ပိုင်း ၁ နှစ်/ ၂ နှစ်လောက်မှ လက်ကို်ငင်ဖုန်းတို့ ဖလက်တက် အဲလေ လျှပ်စစ်ကျောက်သင်ပုန်း တို့ လယ်တော တို့ ဆိုတာတွေကို လူအတော်များ များ သုံးနေတာ နေရာတကာမြင်ရတော့ အလိုလေး င တို့ မလဲ တိုးတက်နေပြိဘဲ ကမ္ဘာနဲ့ ရင်ဘောင်တန်းနေပြီဆိုပြိး ကိုယ့်မှာမရှိပေမင့် အချောင် ဘဝင်မြင့်မိသပေါ့။

ကမ္ဘာတလွှားကို ဒေါ်လာရှာဖို့သွားတဲ့ ရောင်းရင်းများကိုလည်း မျက်နှာချင်းဆိုင်ပြောလို့ရသကိုး။ ဒီလို အကျိုုးတွေရအောင် တီထွင်ကြံဆ ကြကုန်သော ပညာရှင်များနှင့် စီးပွါးရေးသမားများ ၏ကျေးဇူးကား ကမ္ဘာကြီးတမျှ ကြီးမားပေစွ။ကျေးဇူးရှင်ကြီးများ၏ ကျေးဇူးကြောင့် ရေ မြေ ခြားသော်လည်း တွေ့ရ မြင်ရ ဆက်သွယ် စကားပြောလို့ရသမို့ အကောင်းဖက်က ပြောရင် သူတပါးအနှောင့်အယှက်မရှိပဲ ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် ၊ကိုယ့်သီချင်းနဲ့ကိုယ်။ ကိုယ့်ခံစားချက်နဲ့ကိုယ်။ ငြိမ် ငြိမ်လေးနေနိုင်တဲ့ အခွင့်အရေးတွေလည်းရခဲ့ သပေါ့လေ။

ကမ္ဘာနဲ့အဝှန်းမှာ တီထွင်ကြံဆ ကြသူများ ရှာဖွေတွေ့ရှိသူများဟာ လူ့လောကကြီးအတွက်  လူတွေ အတွက် အသုံးလိုတဲ့ အသုံးကျမယ့် လူ့အသုံးအဆောင် ပစ္စည်းများကို လူ့စွမ်းအား သက်သာအောင်၊ အချိန်ကုန် သက်သာအောင် ကြံဆ တည်ထွင်ကြရင်းက  လူတွေတွက် လိုအပ်တဲ့ ပစ္စည်းတွေအပြင် လူတွေအတွက် စိတ် အပန်းဖြေစရာကိုယ်ခန္ဒာအပန်းဖြေစရာတွေ ပါ ခေတ်နဲ့အညီ ထုတ်လုပ်လာကြတာ ကောင်းတဲ့လုပ်ရပ်ပါပဲ။

ဒါပေမင့် အဲ ဒီ ဒါပေမင့်ကတော့ ရွှေတို့ရဲ့ မြန်မာပြည် ရန်ကုန်မြို့တော်မှာ တွေ့နေရတဲ့ မြင်ကွင်းနဲ့ တော်တော်လေးပတ်သက်နေတဲ့ ဒါပေမင့် ပဲဖြစ်ပါတယ်။ ဒီလို တိုးတက်ခေတ်မီနေတဲ့ လူသုံးကုန် ပစ္စည်းတွေကြောင့်ပဲ လူတွေရဲ့ အတ္တတွေ ပိုပြီးကြီးလာ များလာ သလားလို့တောင်တွေးမိပါတယ်။

ဘာလို့လဲဆိုတော့ နေ့စဉ်နဲ့အမျှ နှစ်ကိုယ့်တစ်စိတ် ဖြစ်လောက်အောင် တိုးဝှေ့ ကြပ်ညပ်နေတဲ့ ဘတ်စ်ကားများပေါ်မှာ နေ့တိုင်းမြင်နေရတဲ့ မြင်ကွင်းကြောင့်ပါ။ မဟာရန်ကုန်မြို့တော်မှာ မိုးလင်းတာနဲ့ အလုပ်သမား၊ ရုံးသမား၊ ကုပဏီဝန်ထမ်း အစရှိတဲ့ အလုပ်သမားများ ဟာ နိုင်ငံတော်ပိုင်တာလား ။ ဦးပိုင် ပိုင်တာလား။ မထသ ပိုင်တာလား။ ပြည်သူ ပိုင်တာလား မသိတဲ့ ခပ်စုတ်စုတ် ဘီအမ် လို့ခေါ်တဲ့ ဘတ်စ်ကားတွေ အထူးကြပ်ညပ်၍ အထူးအောက်ခြေလွတ်နေတဲ့ အထူးကားတွေ ပေါ်မှာ လက်စွမ်း ခြေစွမ်းပြမောင်းနှင်တဲ့ စူပါ ဒရှိုင်ဗာများ၊ တက်လာသမျှသော အခပေးစီးသူများကို နားအူလောက်အောင် ဟိန်းဟောက် ဟစ်အော် တတ်တဲ့ အာဏာရှင် စပါယ်ယာများရဲ့နှိပ်စက်ကလူ ပြုမှု တွေကို ခံစားရင်း ဘုရားတ ခါ ကားစီးရတဲ့ နေ့စဉ်ခရီးသည်များပါ။

အဲဒီလို စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ တွေကိုနဲနဲမှာ ဂရုမစိုက်တဲ့ သတိမထားတဲ့ ခံနိုင်ရည်ရှိသူများ သတ္တိခဲများ ကိုတွေ့ရတဲ့အခါ ဘာကြောင့်နေနိုင်တာလဲ ဆိုတဲ့အကြောင်းလေးတွေးမိတာပါပဲ။ ဒါကလည်း အများမြင်နေကျ မြင်ကွင်းပါ။ တခြားသူတွေကတော့ ဒီလိုတွေးချင်မှ တွေးမှာပေါ့လေ။

အဲဒီပါရမီရှင်တွေကတော့ ဘတ်စ်ကားပေါ် မှာ နေရာတခု လွတ်တယ် ဆိုရင်ပဲ ရှေ့ နောက် ဝဲ ယာ မှာ ဘာတွေရှိရှိ ဘယ်သူတွေ ကြည့်ကြည့်  ဘာမှ မမြင်တော့ပဲ စွေ့ ကနဲ ဝင်ထို်င်ပြီး သကာလ ကောင်လေးတွေဆို ဘောင်းဘီအိတ်ထဲနှိုက်၊ လက်တဝါးလောက် အပြားလေးထုတ်၊ နောက် ဘောင်းဘီအိတ်တဖက် ထပ် နှိုက် နားကြပ် ဆွဲထုတ်ပြီး တော့ နားထဲ နားကြပ်ထည့် တဖက်က လက်တဝါးလောက် မှန်ပြားလေးပေါ် ဖြတ်ကနဲ ဖြတ်ကနဲ ပွတ်လိုက်တဲ့ လက်ကလေး  လေး ငါး ချက်လောက် အလုပ်ရှုပ်ပြီးရင် မျက်လုံးပါမှတ်ပြီး လောက ကြီးနဲ့ အဆက်သွယ်ဖြတ် လိုက်ကာ သူ့ ကမ္ဘာလေးနဲ့ သူပေါ့။ ကိုယ့်ဘေးမှာ သက်ကြီးရွယ်အို ရပ်နေတာလည်း မမြင်၊ ကိုယ်ဝန်ဆောင်ရောက်နေတာလဲ မသိ၊ အထုတ်အပိုးမနိုင့်တနိုင်နဲ့ ရပ်နေတာလဲ မကြည့်မိ နဲ့ ကိုယ့်ခံစားချက်နဲ့ကိုယ် ဘေးပတ်ဝန်းကျင်ကို ဘာမှ ဂရုမထားမိတော့အောင် ကိုယ့်ကမ္ဘာလေးနဲ့ကိုယ်။

ဟော မိန်းကလေးတွေလဲ ဘာထူးလဲ။ ဘတ်စ်ကားပေါ်နေရာရတာနဲ့ ပေါင်ပေါ်တင်ထားတဲ့ စလင်းဘက် အိတ်ထဲက အဲဒီ လက်တဝါးစာ အပြားလေး ဆွဲထုတ် နားကြပ်တပ်ပြီး အလုပ်ရှုပ် တော့တာပဲ။

အင်း။ တနည်းတွေးမိပြန်တော့ ဒီလို ခေတ်မီ အသုံးအဆောင် တွေကြောင့် လူတွေ ကိုယ့်ပတ်ဝန်းကျင်ကို သတိမပြုနိုင်လောက်အောင်၊ သတိပြုချင်စိတ် မရှိလောက်အောင်ဖြစ်တာပါ လား။ ဒါကို အဆိုးမြင်တယ်ပြောလည်း ပြောနိုင်ပါတယ်။ ခုကာလကြီးဟာ လူသုူံးကုန်ပစ္စည်းတွေတိုးတက်များပြားလာတာနဲ့အမျှ လူတွေရဲ့ လိုချင်တပ်မက်စိတ်တွေ  ၊ ရယူပိုင်ဆိုင်လိုမှုတွေ ငါ့ဖို့ဆိုတဲ့ အတ္တစိတ်တွေဟာ သိသိသာသာကျယ်ပြန့်လာပြီး အများအတွက် ဆိုတဲ့ အမြင်တွေ သဘောထားတွေ ကျဉ်းမြောင်း နဲပါး လာတယ်လို့မြင်မိတယ်။

အင်း။ ပြောကြအုံးမယ်ထင်ပါတယ်။ လူဆိုတာ   ကိုယ့်အတွက် ကိုယ်ကြည့်တာ မဆန်းပါဘူးလို့။

ဟုတ်ပေတာပဲ။ အဲလို လူတွေများလာတော့  တကိုယ်ရေ သုံးနိုင်တဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ တိုးတက်များပြား ကျယ်ပြန့်လာလေ၊ ကိုယ့်အတွက်ပဲတွေးတဲ့ ကျဉ်းမြောင်းတဲ့ အတ္တများတဲ့ စိတ်တွေ  ပိုကျယ်ပြန့်လာလေ ဖြစ်နေမလားရယ်လို့။

လူ့ယဉ်ကျေးမှု လူ့အတွေးအခေါ် လူ့ စိတ် နှလုံးသားတွေ ကျယ်ပြန့် ထွန်းကားနိုင်စေကြောင်း ဆုတောင်းလျှက် သူကြီးတို့ရွာလည်း စည်ပင် ဝ ပြောပါစေ   ။( မှတ် ချက် စည်ပင်သာယာ အဖွဲ့နှင့် မသက်ဆိုင်ပါကြောင်း။)

ရွှေတို့ရဲ့ပြည်မြန်မာလည်း အေးချမ်းသာယာပါစေကြောင်း မေတ္တာရေ လောင်းလိုက်ပါတယ်။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။

၁၀. ရ . ၂၀၁၃

14 comments

  • သျှားသက်မာန်

    July 10, 2013 at 12:49 pm

    ခေတ်ကာလတွေပြောင်းလဲလာပြီဆိုတော့လည်း ဒီလိုပါပဲ……နည်းပညာတွေတိုးတက်လာတော့ပျက်စီးမှုတွေလည်းရှိလာတာပေါ့လေ

  • အရီးခင်လတ်

    July 10, 2013 at 1:58 pm

    တိုင်း မဂ္ဂဇင်းက Smartphone Addiction စစ်တမ်း တစ်ခု မှာတော့ –
    – 84 percent of respondents said that they could not go a single day without their cellphones.
    – 50 percent of Americans sleep with their phone next to them like a teddy bear or a spouse, a number that includes more than 80 percent of 18-24 year olds.
    – 20 percent of respondents check their phone every 10 minutes.
    – 24 percent said they had used text messages to set up a rendezvous with someone they were having an affair with, a number that includes 56 percent of Chinese respondents.

    အာရှတိုင်းပြည် တွေမှာ ပိုပြီး ဆိုးတယ် လို့လဲ သိဖူးတယ်။
    သူ့ဟာသူ ဖုန်း ကို သုံးနေတာ အများကိုတော့ မထိခိုက် ပေမဲ့ လမ်းသွားရင်း ဘေးဘီ မကြည့် ပွတ် နေတာတွေ ကတော့ အန္တရာယ်ကြီးလှတယ်။

    ထူးတော့ ထူးဆန်းသား။
    လူတွေ က လက်ရှိထက် Virtual ကမ္ဘာကို ပိုပြီးများ စိတ်ဝင်စားလာကြသလားဘဲ။
    Interesting !!!!!! 😛

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 10, 2013 at 2:33 pm

      ဟီးဟီး ဟုတ်ပ..
      ဒီမှာ သုံးတဲ့ စတိုင်အတိုင်း ရန်ကုန်မှာ သုံးလို့ကတော့ နေ့မကူးဘူး ..
      သများတို့ဆီမယ် အဆိုးဇုံး ..သများတောင် လမ်းလျောက်ရင်းဖုန်းနဲ့ ပို့စ်တင်လိုတင် ပုံပြင်လိုပြင်
      ငိငိ

    • ဝင့်ပြုံးမြင့်

      July 11, 2013 at 12:16 am

      Virtual ကမ္ဘာ ဆိုတဲ့ စကားလုံးလေး ကြိုက်လွန်းလို့ မီးမလာဘဲ ဝင်မန့်တာပါ အရီးရေ။
      မျှစ်ကြော်ကတော့ အခြေခံအကျဆုံး လျှပ်စစ်မီးကိုပဲ လိုချင်ပါတယ်။ အခု မီးရရှိမှု အခြေအနေက အရင်ကထက်တောင် ပိုဆိုးနေတယ်။ လူသုံးစွဲမှုမရှိတော့တဲ့အချိန် ညသန်းကောင်ကျော်လောက်မှ ရတာ။ ဒီတော့ ဘာအလုပ်မှ မလုပ်နိုင်ဘူး။ လျှော်ဖွပ် ချက်ပြုတ်တွေအားလုံး လက်နဲ့လုပ်ရတာ ဘယ်သက်သာမလဲ။ တကယ့်ဘဝကြီးက ခက်ခဲကျပ်တည်းတော့ Virtual ကမ္ဘာ လေးထဲမှာပဲ နေချင်တာပေါ့။

      • Foreign Resident

        July 11, 2013 at 6:27 am

        ဝင့်ပြုံးမြင့် says:
        ” တကယ့်ဘဝကြီးက ခက်ခဲကျပ်တည်းတော့ ၊ Virtual ကမ္ဘာ လေးထဲမှာပဲ နေချင်တာပေါ့။ ”

        အဲဒီ စကားလုံးလေးကို နက်နက် နဲနဲ ခံစားသွားပါတယ် ။

  • Mon Kit

    July 10, 2013 at 2:26 pm

    အင်း.. ကြုံတုန်း ဝင်ပွားလိုက်အုံးမယ်.. အမြင်မတော်တာလေးပေါ့နော်..
    ကောင်မလေး ချောချောလေး တစ်ယောက်ပေါ့.. လူစည်ကားလှတဲ့ ဘတ်စ်ကားဂိတ်တစ်ခုမှာ မိုးမမြင် လေမမြင်နဲ့ သူ့ဖုန်းကို ပွတ် လျှောက်လာတာ ကားရှေ့တည့်တည့်ကြီးကို တိုးလာတယ်တော့..
    ကား ဒရိုုင်ဘာ ဘရိတ်အုပ်တာ မြန်လို့သာဘဲ.. ကားသမား က ဂရုဏာ ဒေါသော နဲ့ အော်တော့တာပေါ့..
    သူမလေး က ထီမထင် ပုံစံလေးနဲ့ တစ်ခွန်းထဲ ပြောလိုက်တာ (Sorry) နော်တဲ့…
    :mrgreen:

  • လူသုံးဂုံ ပစ်စီးတွေကလည်း
    မတိုးတက်လို့ မဖြစ်ဘူး …
    တိုးကို တိုးတက်ရမှာ …
    နိုင်ငံဂျားဒွေမှာဆို မိုင် ၃၀ဝ ခရီးကို ခဏလေးနဲ့ ရောက်နိုင်အောင်ကို တိုးတက်နေဒယ် ..
    ကျုပ်ဆီမှာဒေါ့ ဖွတ်ပဲ ရှိနေသေးတယ် …

    ဆိုလိုဂျင်ဒါဂဒေါ့ ….
    အဘက်ဘက်က တိုးတက်လာရင် …
    အားလုံး အိုကေသွားမှာပါ …
    အခုဟာက ဘယ်လို ပြောရမလဲ …
    ဘက်စုံ မဟုတ်သေးလို့ပါပေါ့ …. (အထင်)

  • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

    July 11, 2013 at 7:24 am

    အကောင်းပြောပါ့မယ်ဗျာ …
    တိုးတက်တာလည်း တိုးတက်တာပေါ့ .. သုံးရစွဲရ လွယ်လာ ကောင်းလာတာလည်း ဟုတ်ပါ့ဗျာ..
    ဒါပေမယ့် လူတွေ ပို မသိကျိုးကျွံဖြစ်လာတာ ကို တိုးတက် ကျယ်ပြန့်ကြီးမား လာတာကြောင့်လို့
    မပြောစကောင်းဘူးဗျ.. ကျနော် နည်းနည်းပြောပြပါရစေ…။

    ကန်ပနီသူဌေးတယောက်ပေါ့ဗျာ. . အလုပ်ရက် ခွင့်ယူပြီး ကလေးကိုခေါ် မြူဇီယမ် သွားသတဲ့ ..
    လူများတော့ တန်းစီနေရင်း စောင့်ရတဲ့အချိန်မှာ တက်ဘလက်သုံးရင်း ဝန်ထမ်းတွေကို အလုပ်နဲ့ပတ်သတ်တဲ့ ဆုံးဖြတ်ချက်ချတာ
    သတင်းပို့တာ နားထောင်တာ စတဲ့ အစီးအဝေးတွေ လုပ်သတဲ့ ..။စကိုက်တို့ ဘာတို့နဲ့ပေါ့ဗျာ..။
    ကလေး က ကစားတဲ့ဝန်းအတွင်း ဝင်တဲ့အချိန်ကျတော့ ဒေါ့ကျုမန့်တွေ ဖန်တီး သတဲ့ …။
    ရုံးမတက်ပေမယ့် ရုံးမှာ ရှိနေသည့်အလား (ကတ်စတမ်မာနဲ့ မတွေ့နိုင်တာကလွဲလို့) ရုံးတွင်းလုပ်လို့ရတာ
    တွေအကုန် လုပ်နိုင်လာတဲ့ ခေတ်ဆိုပါတော့ …။ ဒါက အနာဂါတ်ရဲ့ အလုပ်လုပ်ပုံ အသစ် ဖြစ်လာမယ့်အရာပါ…။
    အင်တာနက်ခေတ်ဦးမှာ အတော်ခေတ်စားဖူးတဲ့ စကားကို ပြန်ပြောပါ့မယ်..။ အလုပ်တာဝန်သာ ထမ်းဆောင်နိုင်မယ်ဆိုရင်
    တကူးတက ရုံးတက်စရာမလိုဘူး အိမ်ကနေ လုပ်နေလို့ရတယ် ဆိုတဲ့ စကားပါ.. ။ တကယ်ပဲ အိမ်ကနေအလုပ်လုပ်နေသူတွေ
    ပေါ်ခဲ့ပါတယ်။ (ကော်နက်ရှင်မကောင်းတဲ့ တိုင်းပြည်တွေမပါ)
    ခု ကျတော့ နောက်တဆင့် .. ဘယ်နေရာကမဆို ရွေ့လျားအလုပ်လုပ်နိုင်မယ့် ခေတ်ကို သွားနေတာပါ။
    ပြောမရဘူးနော.. မန်နေဂျာပေါက်စတယောက် ဘတ်စ်ကားစီးရင်း အရေးကြီးတဲ့ contract closure တခုကို submit လုပ်ချင်
    လုပ်နေမှာ ဖြစ်သလို .. မိန်းကလေးတယောက် ဘဝလက်တွဲဖော်ဖြစ်လာမယ့် ငတိကို မီးစိမ်းပြတဲ့အခိုက်အတန့်လည်း ဖြစ်ချင်ဖြစ်မယ်။
    ကုန်သည်တယောက်ကလည်း လက်ရှိဈေးကွက်ပေါက်ဈေး ရှာဖတ်ပြီး ဆုံးဖြတ်ချက်တစုံတရာ ချချင်လည်း ချနေလိမ့်မယ်။
    ဒီဇိုင်နာတယောက်အတွက်လည်း သူ့အတွက်အလွန်အသုံးဝင်မယ့် ဒီဇိုင်း ဂိုက်တခု ရှာတွေ့တဲ့ကာလဖစ်ချင်ဖြစ်လိမ့်မပေါ့..။

    ဆိုတော့ ဘတ်စ်ကားပေါ်မှာ သီချင်းနားထောင် လုပ်ချင်ရာလုပ် ပတ်ဝန်းကျင် ဂရုမစိုက် စတာ တွေ ကိုပြောရရင်ဖြင့်
    ကျနော်တို့ က ရုပ်ဝတ္ထု ကိုသာ တင်သွင်းလာပြီး အနှီ ရုပ်ဝတ္ထုတွေ ကိုသုံးတဲ့အခါ လိုက်နာကျင့်သုံးရမယ့် manner
    ကို မတင်သွင်းခဲ့တာကသာလျင် ပြဿနာ ရဲ့ အစလို့ မြင်ပါတယ်။ (အများစု ဂျပန်က သွင်းလာတဲ့ ) ဘတ်စ်ကားတွေမှာ
    မသန်မစွမ်း ကိုယ်ဝန်ဆောင် နဲ့ သက်ကြားရွယ်အို ထိုင်ဖို့ ခုံတွေ သီးသန့် ပါပါတယ်..။ (စတစ်ကာတွေ မခွါထားရင် မြင်ရမှာပါ)
    ဘယ် မော်တော်ယာဉ်လိုင်းကများ တခုတ်တရ အသိမှတ်ပြု ပြီး ဒီနေရာတွေ ကို သတ်သတ်မှတ်မှတ်လုပ်ပေးထားလဲ ဆိုတာပါ။
    နောက်တချက် အနှီ နေရာတွေရဲ့ အနီးအနားမှာ စမတ်ဖုံး ဘာညာ သုံးတာ တားမြစ်ထားပါတယ်။ နှလုံးစက်တပ်ထားတဲ့ သက်ကြီးရွယ်အို
    တွေနဲ့ ကိုယ်ဝန်ဆောင် သန္ဓေသား ရဲ့ ဦးနှောက် စတာတွေကို ထိခိုက်နိုင်လို့ပါ…။ အဲ့လို စည်းမျဉ်းစည်းကမ်းတွေလည်း တင်သွင်းလာမှု
    မရှိသေးပါဘူး။ ဟိဟိ.. ဘုန်းဘုန်းထိုင်ခုံတော့ သတ်သတ်မှတ်မှတ် လုပ်ပေးထားကြတယ်..(သခင်မျိုးဟေ့ ဒို့ဘာမန်)
    တကယ်က အရွယ်ကောင်း ယောက်ျားသား ဘုန်းကြီးတပါးထက်မသန်မစွမ်း ကိုယ်ဝန်ဆောင် နဲ့ သက်ကြားရွယ်အို ကိုပို ဦးစားပေးသင့်ရဲ့မဟုတ်လား
    (ထားပါတော့လေ…)။ နောက်ဆုံးအချက် ဘတ်စ်ကားလို ရထားလို လူထုပိုင်နေရာ public places မှာ သူတပါး အနှောက်အယှက် မဖြစ်ရလေအောင် ဖုန်းကို
    silence mode (vibration mode) နဲ့သာ ထားရမယ် .. ဖုန်းဖွင့်ပြီး စကားပြောရဘူး ။ နားကြပ်နဲ့ သီချင်းနားထောင်တဲ့အခါ သီချင်းသံ အပြင်ကို လျှံမကျရဘူး
    စတဲ့ manner တွေ etiquette တွေကို လည်း မတင်သွင်းလာခဲ့ကြပါဘူး။ တယောက်ယောက်များ မဟုတ်တာလုပ်လို့ သွားပြောကြည့်..
    ကိုယ့်ပစ္စည်းနဲ့ကိုယ်လုပ်တာ .. ဘာဖစ်လဲ သောက်ပြောမကြီးနဲ့ လျှာမရှည်နဲ့ နင်နဲ့ဘာဆိုင်လဲ နိုင်ဂျံဂါး သိပ်သောက်ထင်ကြီးလား ဆိုပြီး
    ..ခံပက်မယ့်လူတွေချည်းပဲ..။ ရေချိန်လွဲနေတာပြောပါတယ်။ အမာထည် ရုပ်ဝတ္ထုပစ္စည်း ကိုသာ တင်သွင်းပြီး သူ့ နောက်ကွယ်က ..ပျော့သော အင်အား
    ဖြစ်တဲ့ စည်းမျဉ်းစည်းကမ်းပိုင်း manner နဲ့ etiquette ပိုင်းကို တင်သွင်းဖို့ ပျက်ကွက်ခဲ့ကြလို့ လို့သာ ဆိုချင်ပါတော့တယ်။

    • Foreign Resident

      July 11, 2013 at 7:59 am

      အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက် says:

      ” မသန်မစွမ်း ကိုယ်ဝန်ဆောင် နဲ့ သက်ကြားရွယ်အို ထိုင်ဖို့ ခုံတွေ သီးသန့် ပါပါတယ်။
      ဘယ် မော်တော်ယာဉ်လိုင်းကများ တခုတ်တရ အသိမှတ်ပြု ပြီး ၊
      ဒီနေရာတွေ ကို သတ်သတ် မှတ်မှတ် လုပ်ပေးထားလဲ ဆိုတာပါ။
      ဟိဟိ.. ဘုန်းဘုန်း ထိုင်ခုံတော့ သတ်သတ် မှတ်မှတ် လုပ်ပေးထားကြတယ် ။

      တကယ်က အရွယ်ကောင်း ယောက်ျားသား ဘုန်းကြီးတပါးထက် ၊
      မသန်မစွမ်း ကိုယ်ဝန်ဆောင် နဲ့ သက်ကြားရွယ်အို ကိုပို ဦးစားပေးသင့်ရဲ့မဟုတ်လား ”

      အင်း ၊ မြန်မာတွေက လိုအပ်တဲ့ ဓလေ့ကိုတော့ ဖြုတ်လိုက်ပြီး ၊
      သူ့လောက် မလိုအပ်တဲ့ ဓလေ့ကို ထပ်ထည့်လိုက်သလိုပဲ ။

      ကြာရင် ၊ ကိုယ်တွေလဲ သူကြီးလို ဘာသာရေးကို အပြစ်ဆိုချင်တဲ့သူတွေ ဖြစ်တော့မယ် ။

  • KZ

    July 11, 2013 at 7:59 am

    ကျနော် မှာကိုက ၂ ဘဝရှိတာဗျ။
    အပြင်က တစ်ဘဝ။
    V-world မှာ က တစ်ဘဝ။
    အမှန်အတိုင်းပြောရရင်တော့ ပိုပျော်ပြီး အချိန်ပြည့်ပိုရှိနေတတ်တော့ အပြင်မှာ ဘာတွေ ဖြစ်တယ်တောင် မသိနိုင်ဘူး ဖြစ်ဖြစ်နေတာ။
    မျက်လုံးကန်းမှပဲ ရပ်တော့မလားမသိပါဘူးရယ်။ :mrgreen:

    အပြင်က ကိုယ်မပျော်ရွှင်တဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ရရင် ဒီလိုပဲဖြစ်နေတယ်ထင်တယ်။
    သူငယ်ချင်းဆိုတာလည်း အပြင်မှာ နည်း နည်းလာပြီး အွန်လိုင်းမှာ ပိုများလာတယ်။ :mrgreen:
    အသုံးနည်းတဲ့ အချိန်က မန်းလေး ပြန်တဲ့ အချိန်ပဲ။ :mrgreen:

  • ဦးကျောက်ခဲ

    July 11, 2013 at 9:07 am

    ကျောက်စ်နေတဲ့ တောင်ကျွန်းမှာတော့ လွန်လွန်းတယ်ထင်ပါရဲ့…
    ရထားစီးရင်း ကားစီးရင်းလည်းပွတ်…
    လမ်းလျှောက်ရင်းလည်း ခေါင်းငုံ့ပြီးပွတ်နေတဲ့ သင်းတို့ကိုရှောင်နေရတယ်…
    ဘေးဘီဝဲယာ ဂရုမစိုက်၊ လမ်းလျှောက်ရင်း ရပ်ပြီးတောင်ပွတ်လိုက်သေး…
    ရုပ်ဝထ္ထုတိုးတက်လာတော့ မြီးကောင်ပေါက်တွေအမှီလိုက်ရင်း…
    အပျိုစင်ဘဝကို အိုင်ဖုန်း အိုင်ပဒ်နဲ့ လဲပလိုက်တာ မကြားချင်မှအဆုံး…
    အင်း… ဒွန္နယားကြီးထဲမှာ ဖန်ဆင်းသမျှ ဒွတ်ခကြီးပါဗျာ… :mrgreen:

  • TNA

    July 11, 2013 at 2:22 pm

    အခုသင်တန်းတခုတက်နေတယ်။ ဆရာမကရှေ့ကပြောချင်ရာပြော နောက်ကလဲဖုန်းတစီ ခုနဲ့လုပ်ချင်ရာ လုပ်။ ဖွဘွတ်အကောင့်တွေဖလှယ်ကြ။ ဆရာမပြောတာလဲစိတ်မဝင်စားတော့ နောက်နားလေးမှာ ဖုန်းထုပ် ကလိကြ။ ဒီမနက်ပဲပြောခဲ့ရတယ်။ ဒီသင်တန်းဆင်းရင်ဘာရလဲမေးရင် ဖေ့စ်ဘွတ်မှာ ဖရင့်တိုးလာတယ် လို့ ပြောလို့ရတယ်လို့။ အားလုံးဝုန်းဆိုထရီကြတာ ဆရာမတောင်တော်တော်ဖုတွားဒယ်။ နဂိုထဲကဒီ အစုကြည့်မရနေပုံရတယ်။ ဟီဟိ

  • GARFIELD

    July 12, 2013 at 10:26 am

    ကျွန်တော့အဖြစ်တစ်ခုပြောပြမယ်…

    တစ်နေ့အိမ်မှာဖုန်းကျန်ခဲ့တယ်… အလုပ်ရောက်မှသတိရတယ်…
    အသိ Taxi ကိုလွှတ်ပြီး ဖုန်းပြန်ယူခိုင်းရတယ်…
    သေချာတာက သူမရှိလို့မဖြစ်ဘူးဆိုတာပဲ…

    ဂါဂါး

Leave a Reply