“စဉ်ဆက်မပြတ်လည်ပါတ်လျက်ရှိသော……..” နှင့် “မေ့ပျောက်ထား ၏……… မထား၏”
“စဉ်ဆက်မပြတ်လည်ပါတ်လျက်ရှိသော……..”
အလှူတစ်ခုမှာ သူငယ်ချင်းတွေစုမိကြတဲ့ တစ်ရက် မာကြောင်းသာကြောင်း
တစစ တိုးတက်ပြောင်းလဲနေပြီလို့ ထင်ရတဲ့ ကိုယ့်ရပ်ကိုယ့်မြေအကြောင်း
ဟိုအကြောင်းဒီအကြောင်း စုံစီနဖာပြောနေရင်းကနေရောင်းကြဝယ်ကြတဲ့အကြောင်း
ဆီကို အလိုလို ရောက်သွားပါတယ်။
အဲဒီမှာ “ကိုထွန်းဝေ”က သူများကိုပေးထားတဲ့အကြွေးတွေ ပြန်တောင်းလို့မရတာကိုအစဖော်ပြီးပြောလိုက်တဲ့အခါ”အကြွေး”ဆိုတာလူတိုင်းကြုံတွေ့နေရတဲ့
ကိစ္စဆိုတော့လည်း တစ်ယောက်တစ်ပေါက်ဝင် ဝင်ပြောရင်း ဇာတ်ရှိန်မြင့်ကလာပါတယ်၊
“မင်းဆွေ”က
“ကြွေးယူတုန်းကသာခပ်တည်တည်နဲ့ ယူသွားတာ။
သွားတောင်းလိုက်ရင် နက်ဖြန် နက်ဖြန်နဲ့ နက်ဖြန်ပေါင်းကို မကုန်နိုင်တော့ဘူး “လို့ညည်းတဲ့အခါ
“ဖုန်းဆက်ရင် မကိုင်တာကိုလည်းထည့်ပြောအုံးလေ”လို့
“ကိုလေးမောင်”က ထပ်ဖြည့်ပေးပါတယ်။
“ကိုင်ပါတယ် သူက လူကြီးမင်းလို့ခေါ်တတ်တဲ့ ကောင်မလေးကို ကိုယ်စားလှယ်လွှဲထားတာလေ” လို့ “ကိုချစ်မောင်”ကဝင်ပြီးပြောတော့ ဝေါကနဲပွဲကျသွားပါတယ်။
“အောင်မာ မင်းတို့ပိုက်ဆံက ဘယ်လောက်များလို့လဲပြန်မေးတဲ့ကောင်ကရှိသေးတယ်”လို့ “ကိုဘသင်း”က
လဲ ဝင်ဖြည့်ပေးပါတယ်။
” လူတိုင်းစိတ်ညစ်ရတဲ့အုံးစားရတဲ့ဒီ အကြွေး ဆိုတာကြီးကို ဘယ်ကောင်ကများ လက်ဆော့ပြီးထွင်သွားလဲမသိဘူး “လို့ “ကိုစောမင်း”က
ညည်းပြောပြောပြီး မေးလိုက်တဲ့အခါ ပေါက်ကရပြောတတ်လွန်းတဲ့
“သန်းလွင်ကို”က
“ဟုတ်သလားမှန်သလားတို့ ဘယ်တုံးက ဘယ်သူက ဆိုတာတဲ့ “ဘ” မေးခွန်းတွေတော့
လာမမေးနဲ့ ကျုပ်ကြားဘူးတာကိုပြန်ပြောပြတာ” ဆိုပြီး ပြောပါတော့တယ်။
ဟိုအရင် ကျောက်ခေတ်အစမှာ ရောင်းတယ် ဝယ်တယ်ဆိုတာ မရှိပါဘူးတဲ့။
“ဘာတာ စစ်စတမ်”လို့ ဘိုလိုခေါ်တဲ့ ပစ္စည်းကိုပစ္စည်းနဲ့တန်ဘိုးသတ်မှတ်ပြီးလဲကြပါသတဲ့။
ဥပမာပေးရရင်ဗျာ စပါး (၃)ပြည်ကို ကြက်တစ်ကောင်။
ကြက်(၂)ကောင်ကို သားရေ တစ်ချပ်။
သားရေ(၁)ချပ်ကို ဆိတ်တစ်ကောင် ဆိုသလို တန်ဘိုးသတ်မှတ်ပြီး
ကိုယ်နဲ့သူနဲ့အကြိုက်ညီရင် အလုပ်ဖြစ်သွားတာပါဘဲ။
ဒါပေမယ့် နောက်ကြာလာပြန်တော့ လိုအပ်ချက်တွေ မကိုက်ညီတဲ့ကိစ္စတွေနဲ့ကြုံလာရပါသတဲ့။
ဆိတ်ရှိတဲသူက သားရေမလိုချင်ဘူး သားရေရှိတဲ့လူက စပါး လိုချင်တယ်။
ကြက်ရှိတဲ့သူက စပါးမလိုချင် စပါးရှိသူက ကြက် မလိုချင် သားရေလိုချင်တယ်ဆိုပြန်တော့ လိုအပ်ချက်က တစ်ယောက်နဲ့တစ်ယောက် မကိုက်ညီကြတော့ပါဘူး။
ဒီအချိန်မှာ ပစ္စည်းချင်းတန်ဘိုးညှိပြီးလဲကြမယ့် အစား ကြားခံ ပစ္စည်းတစ်ခုထားဘို့ စဉ်းစားမိလာကြပါတယ်၊
ဒါဟာ ငွေကြေး ရဲ့ အစလို့ပြောရင်လဲ ရနိုင်ပြန်ပါတယ်။
ပထမဆုံး သတ်မှတ်ကြတဲ့ပစ္စည်းကတော့အနီးအနားမှာ လွယ်လွယ်ကူကူရနိုင်တဲ့ ကျောက်ပြားလေးတွေကို အပေါက်ဖောက်ပြီး စတင်သုံးခဲ့ကြသပေါ့။
ကိုယ်လိုချင်တဲ့ပစ္စည်းကို အပေါက်ဖောက်ထားတဲ့ ကျောက်ပြားနဲ့တန်ဘိုးသတ်မှတ်ပြီး လဲခဲ့ကြတော့ အဆင်ပြေခဲ့ကြပါတယ်။
အဲဒီ အချိန်မှာဘဲ အမြော်အမြင်ရှိလာတယ် ဘဲပြောပြော လူရဲ့လောဘစိတ်ကြောင့်လို့ဘဲပြောပြောရောင်းဝယ်ဖောက်ကားတယ် ကုန်သွယ်တယ်ဆိုတာလဲပေါ်ပေါက်လာပါတယ်၊
ရောင်းကြ လဲကြရမှာ အရင်ကတော့တစ်နိုင်စားဘို့သောက်ဘို့လောက်ဘဲ လဲကြတယ်ဆိုတာ့ တော့အပေါက်ဖောက်တဲ့ကျောက်ပြားလေးတွေက လုံလောက်ပါတယ်။
ဒါပေမယ့်ကြိုတင်စုဆောင်းတဲ့အနေနဲ့ ပစ္စည်းတွေကို များများဝယ်တဲ့ အခါမှာတော့ ကျောက်ပြားကလဲ အရေအတွက်ကလည်းများများလိုလာပါတော့တယ်။
ကျောက်ပြားကိုလက်နဲ့ဖောက်တော့ ကြာတာပေါ့ဗျာ။
အပေါက်ဖောက်ပြီးသားကျောက်ပြားက အဆင်သင့်မရှိဘူးလေ။
ဒီအခါမှာ ဝယ်တဲ့သူက သူလိုချင်တဲ့ပစ္စည်းကိုယူသွားမယ် သူယူသွားတဲ့ ကုန်ဘိုးကိုတော့
ကျောက်ပြား အပေါက်ဖောက်ပြီးတဲ့ဘယ်နေ့ဘယ်ရက်မှာ ပေးပါမယ်ဆိုတဲ့ ကတိစကားတွေပေးရင်း “အကြွေး”လို.ခေါ်တဲ့ ကိစ္စကြီး က စတင်လာတော့တာပေါ့ဗျာ။
ဒီမှာသူပြောတဲ့ပုံပြင်အဆုံးသတ်ပါတယ်။
“သန်းလွင်ကို “ပြောပြတဲ့ ဒီအကြောင်းလေးက
အမှတ်အသား
အဖြစ်မှန်လား လုပ်ဇာတ်လားဆိုတာကျနော်မသိပေမယ့် ဒီပုံပြင်လေးက သဘာဝတော့
အတော်ကျနေပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ကျနော်တို့ငယ်ငယ် မိဘတွေလက်ထက်ကလည်း အကြွေးစံနစ်နဲ့ဘဲရောင်းခဲ့ကြရတာပါဘဲ။
ကုန်ကုန်ပြောရရင် ခင်သွားပြီ ဖောက်သည်ဖြစ်သွားပြီဆိုတာနဲ့ လက်ငင်းဝယ်စားရတဲ့ ထမင်းဆိုင်လိုလက်ဖက်ရည်ဆိုင်လို စားသောက်ဆိုင် ကိုတောင်မှဟိုလိုချန် ဒီလိုချန် နဲ့အကြွေးစားတတ်ကြပါတယ်။
ဟိုအရင်ခေတ်ကတော့ အကြွေးပေးတဲ့အခါမှာလို ဘယ်လိုဘယ်ညာဆိုတဲ့ စံသတ်မှတ်ချက်တွေ
သိပ်တိတိကျကျကြီးတော့ မထားခဲ့ကြပါဘူူး။
ကို်ယ်နဲ့သိတဲ့လူဆိုရင် အကြွေးပေးလိုက်ကြတာပါဘဲ။
ကို်ယ်နဲ့ မသိတဲ့သူဆိုပြန်ရင်လဲ နှစ်ဖက်လုံးကိုသိနေတဲ့လူက မိတ်ဆက်ပေးလိုက်ရင်
အာမခံပေးလိုက်ရင် အကြွေးယူလို့ရသွားတာပါဘဲ။
တစ်ခုတော့ ရှိတယ် အကြွေးယူနို်င်ဘို့ကတော့ ကိုယ့်ဂုဏ်သိက္ခာ ကို အရင်းအနှီးပြုခဲ့ကြရပါတယ်။
တစ်ယောက်နဲ့တစ်ယောက် “ယုံကြည်မူ့”ဆိုတာကိုအရင်းတည်ပြီးဆက်ဆံခဲ့ကြတာပါ။
ဆိုင်တစ်ဆိုင်က အကြွေးယူနိုင်ဘို့အတွက် ကိုယ့်မှာ ငွေရေးကြေးရေးအရှုပ်အရှင်းကင်းရမယ်
ဆိုတာကတော့အရေးကြီးဆုံးလိုအပ်ချက်ပါဘဲ။
မသိဘူးဆိုရင်တော့ သိတဲ့လူတစ်ယောက်ယောက်က အာမခံပေးတယ် တာဝန်ခံပေးတယ်ဆိုရင်
တော့ အကြွေးယူလို့ရပါတယ်။
ဒါပေမယ့်လည်း ငွေကြေးထက် ဂုဏ်သိက္ခာကို ပိုပြီး တန်ဘိုးထားကြတဲ့ ခေတ်ကာလဖြစ်တာကြောင့် ကြွေးပြန်မဆပ်နိုင်လို့ဆိုင်ပိတ်ပြေးတာတွေ ၊
အကြွေးတောင်းမရလို့ တစ်ယောက်နဲ့ တစ်ယောက် တရားတဘောင်ဖြစ်ကြတယ်ဆိုတာ မျိုးက
မရှိသလောက်ကိုနည်းပါး ပါတယ်။
တစ်ခုပြောနို်င်တာက အဲဒီခေတ်ကလူတွေက “ကိုယ်ကျင့်တရား”နဲ့”ဂုဏ်သိက္ခာ”ကိုတန်ဘိုးထားကြတာရယ်
သူတို့ ရဲ့ ဘဝအတွက် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကလည်းသိပ်မများလို့လဲဖြစ်နိုင်ပါတယ်။
*************************************************************************
ဟိုအရင် ဆိုရှယ်လစ်ခေတ်ကာလ အချိန်တွေတုန်းကတော့ အရောင်းအဝယ်လုပ်ကြရာမှာ တတ်နိုင်သလောက်
သိုသိုသိပ်သိပ်လေးလုပ်ကြပါရတယ်။
ဆိုရှယ်လစ်စံနစ်ကို စတင်ကူးပြောင်းစမှာ ပြည်သူပိုင်သိ်မ်းခဲ့ဘူးတာရယ် ၊
ဇူဇကာစစ်ဆင်ရေးဆိုပြီး ကုန်သည်အကြီးစားတွေကို အရေးယူခဲ့ဘူးတာရယ်၊
လုပ်ငန်းကြီးလာရင် ကန့်သတ်ချုပ်ချယ်မူ့တွေ များ များလာတတ်တာရယ် ၊
အခွန်အတုတ်ကိုလည်း ကြောက်ကြတော့ လုပ်ငန်းကြီးထွားတာကို လူမသိစေချင်ကြပါဘူး။
အဲတော့ ရောင်းကြဝယ်ကြတာမှာလဲ သိပ် ပပလွှားလွှားမရှိ။
၂၀၀ဝပြည့်နှစ်မတိုင်မီအချိန်လေးမှာ ဟိုးအရင်က အမြဲတမ်းကန့်သတ်ချုပ်ချယ်မူ့နဲ့သာ
လုပ်ဆောင်နေခဲ့ ကြရတဲ့ မြန်မာပြည်အရောင်းအဝယ်ကဏ္ဍကြီးက
“ဈေးကွက်စီးပွားရေး “ဆိုတဲ့ စကားလုံးကြီးအောက်မှာ တစ်ဆစ်ချိုးအပြောင်းအလဲတွေနဲ့ရင်ဆိုင်ရပါတော့တယ်။
အစိုးရပိုင်းအနေနဲ့ကလဲ ကုန်သွယ်မူ့လုပ်ငန်းတွေကို အထိုက်အလျောက်လွတ်လပ်ခွင့်ပေးလိုက်ပါတယ။်
ပွင့်လင်းစွာလုပ်ကို်င်နိုင်ခွင့်ရတဲ့ အခါမှာတော့ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိတဲ့ လုပ်ငန်းတွေလဲ
တစ်စထက် တစ် တိုးပွားလို့လာခဲ့ကြတာကြောင့် ပြည်တွင်း ဈေးကွက်ပေါက်စနလေးကို
အပြိုင်အဆိုင်လုကြတဲ့ အနေအထားကိုမလွဲမသွေရောက်လာခဲ့ပါတယ်။
တကယ်လက်ရှိဈေးကွက်သေးသေးလေးကို ရောင်းသူအများအပြားက ဝင်တိုးကြတဲ့အခါမှာ
“ဝယ်သူအမြဲမှန်”ဆိုတဲ့စကားလုံးလေးကို ရှေ့တန်းတင်ပြီး အစွမ်းကုန်အလိုလို်က်ခဲ့ကြပါတယ်။
ဈေးနူန်းလျော့ပေး ကော်မရှင်တွေအပြိုင်အဆိုင်ပေး လက်ဆောင်ပစ္စည်းတွေအပြိုင်အဆိုင်ပေး
လို့ဆွဲဆောင်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ ကိုယ့်ဖောက်သည်ကို အကြွေးအချိန် ကြာကြာပေးထားတာနဲ့
စည်းရုံးပါတော့တယ်။
အကြွေးပေးတဲ့ စံနစ်တွေပုံစံတွေပြောင်းပြီး ရောင်းကြဝယ်ကြပါတော့တယ်။
**************************************************************
အရင်ကတော့ အဟောင်းပေးအသစ်ယူ ခေါက်ပြန်ပေးစံနစ်နဲ့ အကြွေးထားခဲ့ကြတာပါ။
အဲလိုအဟောင်းပေးအသစ်ယူကနေ တစ်ဆင့်တက်လာတော့ တစ်ခေါက်စာကုန်ကြွေးကို အပြေမပေးဘဲ နည်းနည်းခြင်း ချန် ချန်ထားရာကနေ ဘောက်ချာနှစ်စောင်သုံးစောင်ထပ်သွားပါတော့တယ်။
ရောင်းအားလဲကောင်းမယ် စိတ်လဲစိတ်ချရတဲ့ဖောက်သည်ဆိုရင် တော့ ဘောက်ချာသုံးလေးငါးစောင်
ဖြစ်သွားတတ်တာပါဘဲ။
တစ်ချို့နယ်သမားတွေကတော့ ဘောက်ချာတစ်စောင်အလိုက်မတွက်တော့ဘဲယူသမျှအကုန်ပေါင်းထား
ပြီး အဆင်ပြေရင်ပြေသလို လွှဲလွှဲပေးနေရင်း စာရင်းရှည်ကြီး ဖြစ်သွားပါတယ်။
သူတို့တော့ ငယ်စာရင်းဆိုတာကို ကိုင်ထားပြီး လုံးပေါင်း ဘယ်လောက်ကျန်တယ်ဆိုတာဘဲမှတ်ထားတာပါ။
ရှေးလူကြီးများကတော့ သူတို့ ရဲ့ ထုံးစံအတိုင်း
“တောင်းလဲတောင်း—–ရောင်းလဲရောင်း”ဆိုတဲ့ပုံစံနဲ့သွားခဲ့ကြတာပါ။
ဒါပေမယ့် အရင်လူများကတော့ ပေးတိုင်းယူလေ့မရှိဘဲ ကိုယ့်အတိုင်းအထွာနဲ့ကိုယ် နိုင်သလောက် လိုသလောက်သာ အကြွေးယူခဲ့ကြပါတယ်။
ရောင်းသူဝယ်သူဆက်ဆံရေးကလဲ အပြန်အလှန်ရင်းနှီးချစ်ခင်မူ့တွေနဲ့ ရှိခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ ရောင်းသူဦးရေက ဝယ်သူဦးရေထက်ပိုများလာချိန်မှာတော့
“ရောင်းရဘို့ အဓိက”ဖြစ်လာပြီး အကြွေးတောင်းတဲ့ ကိစ္စက နောက်ရောက်သွားပါတယ်။
အကြွေးပေးတဲ့ ပုံစံစံနစ်တွေလဲပြောင်းလို့လာပါတယ်။
တစ်လ လုံး ပစ္စည်းလိုသလောက်ယူ။
လကုန်ရက်ရောက်တဲ့အခါ နောက်ဆုံးယူတဲ့ တစ်စောင်ဘဲချန်ထားပြီး ယူထားသလောက် အကုန်ရှင်းပေးဆိုတာမျိုးသတ်မှတ်ထားတာရှိသလို
နောက်ဆုံးသတ်မှတ် ရက်ပြည့်တဲ့နေမှသာ ဘောက်ချာတစ်စောင်ခြင်းရှင်းရတာမျိုးလည်းရှိပါတယ်။
အကြွေးကိုဘယ်လောက်ကြာကြာထားတယ်ဆိုတာကတော့
ပစ္စည်းတစ်ခုရဲ့ ရောင်းးကောင်းတယ် မကောင်းဘူးဆိုတာအပေါ်မှာမူတည်ပြီး
ဘောက်ချာတစ်စောင်ကို တစ်လကနေ သုံးလေးလအထိထားပေးတတ်ကြပြန်ပါတယ်။
လက်ငင်းရောင်းလို့ရတယ်ဆိုတဲ့ ပစ္စည်းမျိုးရှိပေမယ့် အဲလိုပစ္စည်းမျိုးကလက်ချိုးရေတွက်လို့ရပါတယ်။
အဲလိုပစ္စည်းမျိုးကတော့လိုချင်သလောက် ဝယ်လို့မရဘဲ ကန့်သတ်ချက်နဲ့သာရောင်းတဲ့ပစ္စည်းတွေ
ဖြစ်တတ်ပါတယ်။
အဲလိုပစ္စည်းများကတော့ ရောင်းဈေးနဲ့ဝယ်ဈေးကွာခြားချက်ကြီးအမြတ်အစွန်းကြီးတဲ့အတွက်
လက်ငင်းဆိုရင်လဲ ဝယ်ကြတာပါဘဲ။
အရင်ကတော့ ရောင်းကြဝယ်ကြတဲ့အခါမှာ ပိုင်ရှင်ကိုယ်တို်င်သာရောင်းလေ့ရှိပါတယ်။
အဲတော့ ဖောက်သည်တစ်ယောက်ကို ဘယ်လောက်အတိုင်းအတာထိ အကြွေးပေးရမယ်ဆိုတာကို
မှန်ကန်စွာဆုံးဖြတ်နိုင်ကြတာများပါတယ်။
နောက်လုပ်ငန်းတွေကြီးမားကျယ်ပြန့်လာတဲ့ အခါ လုပ်ငန်းရဲ့ အရောင်းဝန်ထမ်းတွေကဘဲ
တာဝန်ယူပြီး ရောင်းချပေးကြတာများပါတယ်။
ဈေးကွက်ရရှိဘို့အပြိုင်အဆိုင်ကြိုးစားကြရတဲ့ အခုခေတ်မှာတော့ အရောင်းမြင့်တင်ရေး
ဝန်ထမ်းတွေကို သီးသန့်ခန့် ထားပြီးရောင်းချကြပါတော့တယ်။
“အရောင်းဝန်ထမ်းတွေက ကြိုး ကြိုးစားစား မရောင်းရင် “ဆိုတဲ့ အတွေးတွေ သံသယတွေရှိလာတဲ့အခါမှာတော့ ဝန်ထမ်းကိုပေးမယ့် လခကိုလျော့ချပြီး သူတို့ရောင်းရတဲ့အရေအတွက်အပေါ်မှာ ကော်မရှင်ပေး
ပြီး သူတို့ဝင်ငွေကို သူုတို့ ဘာသာရအောင် ရှာခိုင်း လိုက်ပါတယ်။
အဲဒီအခြေအနေမှာ ဝန်ထမ်းတွေကလဲ ကော်မရှင်များများရမှစားဝတ်နေရေးပြေလည်မှာဖြစ်တော့
အရေအတွက်များများထွက်အောင် အကြွေးများများ ချပေးကြပါတော့တယ်။
ပိုင်ရှင်ဖြစ်သူက သူ့ပစ္စည်း ရောင်းထွက်အောင် မန်နေဂျာကို ဖိအားပေး။
မန်နေဂျာက သူအောက်ကလူကို ဖိအားပေး။
ကုန်ပစ္စည်းရောင်းကောင်းဘို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဖိအားပေးလိုက်တာက
ဈေးဝယ်ကို မယူချင် ယူချင်အောင် လက်ဆောင်တွေ ကော်မရှင်တွေပေးပြီး
အကြွေးမယူ ယူအောင်တိုက်တွန်း သလိုုဖြစ်သွားပါတယ်။
ပစ္စည်ုးထုတ်လုပ်သူ ဖြန့်ချိသူများကလဲ ကုန်ပစ္စည်းအရေအတွက်များများထွက်ဘို့
နည်းလမ်းတွေရှာကြတဲ့အခါ မှာ များများယူတဲ့သူကိုခံစားခွင့်ပိုပေးပြီး
ဈေးနူန်းလျော့ပေးတာ လက်ဆောင်တွေပိုပေးတဲ့နည်းကိုသွားတွေ့ပါတယ်။
အဲဒီအခါမှာ များများ ဝယ်ရဲအောင် ငွေပေးရမယ့်ရက်ကိုလဲ ကြာကြာထားပြီး
ကုန်ကြွေးကို အကြာကြီးထားကြပါတော့တယ်။
ကြာတော့လည်း ဈေးဝယ်တွေရဲ့စိတ်ထဲမှာ အကြွေး ဆိုတာ သူတို့ရဲ့ ရပိုင်ခွင့်လို
သဘောထားလာပါတော့တယ်။
နောက်ပိုင်းဘာပြဿနာရှိလာသလဲဆိုတော့ ကြွေးပြန်တောင်းတဲ့အချိန်မှာ
လွယ်လွယ်တောင်းလို့မရတော့ပါဘူး။
ပြန်ပေးရမယ့်သူများရဲ့လက်သုံးစကားကတော့
“ရောင်းချင်တုံးက ဇွတ်တွန်းထိုးရောင်းပြီး
အခုမှဇွတ်လာမတောင်းနဲ့ ရှိမှပေးမှာ” ပါတဲ့။
အဲဒီအချိန်မှာမှ မျက်ကလဲဆန်ပြာနဲ့ လက်လွန်ထားတဲ့အကြွေးတွေကို
မြန်မြန်ပြန်ရအောင်တောင်းဘို့နည်းလမ်းတွေရှာကြပါတော့တယ်။
လွန်နေတဲ့ပိုက်ဆံကိုမြန်မြန်ရဘို့ကြံကြတဲ့အခါ ပိုက်ဆံကို ပိုက်ဆံနဲ့ပြန်ရင်းပြီးယူရတဲ့
စံနစ်ကိုသွားတွေ့ပါတယ်။
အရင်က ဘောက်ချာတစ်စောင်ကို တစ်လ နှစ်လ ပေးချင်သလိုပေးထားရာကနေ
လက်ငင်းပေးမယ်ဆိုရင် ကုန်တန်ဘိုးကနေ %ဘယ်လောက်လျော့မယ်၊
တစ်ပါတ်အတွင်းပေးရင်ဘယ်လောက် တစ်လအတွင်းပေးရင် ဘယ်မျှ
ကော်မရှင်ပြန်ပေးမယ်ဆိုပြီး ငွေနဲ့ပြန်မျှားကြပါတယ်။
အဲလိုလုပ်တဲ့အခါမှာ သူ့ရက်နဲ့သူပြန်ပေးတဲ့သူတွေရှိသလို
ကော်မရှင်ရချင်ရ မရချင်နေ ပြန်ပေးချင်တဲ့အချိန်မှပေးတဲ့သူတွေရှိလာတော့
ရောင်းသူမှာလဲ ငွေကြေးအကျပ်အတည်းနဲ့ရင်ဆိုင်ရပါတော့တယ်။
ကိုယ်အကြွေးချပေးထားတဲ့ ဖောက်သည်အချုို့က ကုန်ကြွေးမပေးနိုင်တော့တဲ့အခါ
ဆိုင်ပိတ်ပြီးထွက်ပြေးသူလဲရှိ၊
တရားစွဲချင်စွဲ မစွဲချင်နေဆိုတဲ့ပြီး မပေးဘဲ ခပ်တည်တည်နေသူလဲရှိဆိုတော့
လုပ်ငန်းပိုင်ရှင်ဘက်က ဆုံးရှုံးနစ်နာမူ့တွေကြီးသည်ထက်ကြီးလာပါတယ်။
ဒီအချိန်မှာတော့ ရောင်းသူနဲ့ဝယ်သူကြားမှာပြဿနာကြီးလာသလို ပိုင်ရှင်နဲ့ဝန်ထမ်းကြားမှာလဲ အဆင်မပြေမူ့တွေရှိလာပြန်ပါတယ်။
အချို့ သော မသမာတဲ့ဝန်ထမ်းများက ကုန်သည်တွေဆီက ကောက်ခံလို့ရလာတဲ့ငွေထဲက
သတ်မှတ်ထားတဲ့ရက်မပြည့်သေးတဲ့ငွေတွေကို ကြားထဲကဖြတ်သုံးထားတာတွေလဲရှိလာပါတယ်။
အကြွေးကြာလို့ ကြွေးသစ်ထပ်ချမပေးဘုူးလို့ ငြင်းပယ်တဲ့အချိန်ရောက် မှ ရစရာပေးစရာ စာရင်းတိုက်
ကြတဲ့အခါမျိုးမှာ မှကုန်သည်ကပေးပြီး အရောင်းဝန်ထမ်းက ကုမ္ပဏီကိုပြန်မသွင်းတာ ဆိုပြီး ဇာတ်လမ်းတွေပေါ်လာပြန်ပါတယ်။
အဲဒီအချိန်မှာ သုံးထားတဲ့ဝန်ထမ်းကလဲ အချိန်မီအောင်ပြန်စိုက်မပေးနိုင်တဲ့အခါအလုပ်ကထုတ်ပယ်ရတာ
အရေးယူရတာတွေဆိုတာဖြစ်လာသလို ကြွေးမဆပ်နိုင်တဲ့ ကုန်သည်ကို ရသလောက်ချော့တောင်းတဲ့သူ
ကိုတောင်း ဘူးကွယ်ငြင်းတဲ့လူကိုတော့ တရားစွဲတဲ့လူကို စွဲနဲ့ မပြီးဆုံးနိုင်သော ဇာတ်လမ်းတွေကို
ခင်းကြရပါတော့တယ်။
???????????????????????????????????????????????????????
ရောင်းချသူဆီကနေ အကြွေးကို လွယ်လွယ်ယူလို့ရတော့ များများယူပါတယ်။
ဟိုကယူ ဒီကယူ နဲ့ အကြွေးယူထားတာတွေကို မြန်မြန်ငွေပေါ်အောင်ဈေးလျော့လို့ရောင်း။
အဲဒီအခါမှာတော့ ကိုယ့်လက်ထဲမှာသူများရဲ့ ငွေတွေအများကြီးရောက်လာပါတယ်။
လက်ထဲငွေတွေရောက်လာတော့ သူများငွေလို့ မမြင်တော့ဘဲ “ မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်” ဆိုတဲ့စိတ်တွေဝင်လာပါတော့တယ်။
အခုခေတ်အခါမှာ လိုချင်တပ်မက်စရာတွေကလဲများမှများပါဘဲ။
ကားတစ်စီးရှိနေပေမယ့် ပိုက်ဆံအနာခံပြီးမော်ဒယ်အသစ်နဲ့အဟောင်းလဲ။
ဟန်းဖုန်းကိုလဲ နှစ်လုံးသုံးလုံးကိုင်။
ဟန်းဆက်အသစ်ပေါ်တာနဲ့ ပြောင်း။
အိမ်မှာရှိတဲ့ ပရိဘောဂပစ္စည်းတွေအသုံ့းအဆောင်တွေကိုလည်းနောက်ဆုံးပေါ်ဆိုတာကို
ဈေးကြးပေးဝယ်လို့ သုံး ဆိုတော့ မလိုအပ်ဘဲနဲ့ အလဟဿကုန်သွားတဲ့ငွေတွေအများကြီးပါဘဲ။
တစ်ချို့ကတော့ ကိုယ့် နေ့စဉ်လုပ်ငန်းထဲကငွေတွေကို ထုတ်ပြီးတော့ အပုံပြောင်းကြပြန်ပါတယ်။
စီမံကိန်းဝင်မယ် တက်မယ်ထင်တဲ့ မြေကွက်အလွတ်တွေလိုက်ဝယ်။
ကိုယ်မကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ပြီးတော့ရှယ်ယာပါလို့ပါ။
ကားဆိုကား မြေဆိုမြေ အိမ်ဆိုအိမ် ရွှေဆိုရွှေ စိန်ဆိုစိန် ကျောက် ဆိုကျောက်
ပေါ်ပင်အလုပ်တွေကို ဝင်ကစားကြပါတယ်။
အဆင်မသင့်လို့ရှုံးတဲ့အခါမှာတော့ သူများကို ပေးစရာအကြွေးတစ်ပုံကြီးနဲ့ကျန်ခဲ့တော့တာပါဘဲ။
ဒါတွေထက်ပိုဆိုးတာကတော့လောင်းကစားလုပ်ကြတာပါဘဲ။
တစ်လုံးနှစ်လုံးသုံးလုံး တစ်ခုမှမလွတ်အောင်ကစားတတ်ကြပြန်ပါတယ်။
ဒီလိုကစားတဲ့နေရာမှာလဲ တစ်ရက်စာတစ်ရက် ငွေချရှင်းတာမဟုတ်ဘဲ
စာရင်းနဲ့မှတ်ထားပြီး တစ်ပါတ်တစ်ခါရှင်းကြတာပါ။
အဲတော့ငွေချမပေးရဘဲ လေနဲ့ထိုးရတဲ့အခါ ဘယ်လောက်ကုန်လို့ကုန်မှန်းမသိဘဲ
တစ်ပါတ်စာရှင်းတမ်းတက်လာမှသိန်းပေါင်းများစွာပါသွားတယ်ဆိုတဲ့အဖြစ်အပျက်
တွေကလဲရေတွက်လို့မကုန်နို်င်အောင်ပါဘဲ.။
အခြားသောနိုင်ငံတွေမှာက ဘဏ်စံနစ်အာမခံစံနစ်ကထွန်းကားပါတယ်။
အဲတော့လုပ်ငန်းတစ်ခုထူထောင်မယ် အကြွေးလိုချင်တယ် ဆိုရင် ကိုယ့်ကိုအာမခံပေးမယ့်သူလိုအပ်ပါတယ်။
အာမခံမယ့်သူကလဲ ကိုယ့်မှာရှိတဲ့ပိုင်ဆိုင်မူ့ကိုတိတိကျကျ ဖော်ပြနိုင်မှ အာမခံမပေးသလို
အာမခံ ပေးမယ်လူမရှိရင်လဲ အကြွေးဝယ်လို့မရပါဘူး။
ဒီလိုစံနစ်ထားတဲ့အတွက် အထိုက်အလျောက်တော့ လုံခြုံစိတ်ချမူ့ရှိတယ်လို့ဆိုနို်င်ပါတယ်။
ကျနော်တို့ဆီမှာတော့ အိမ်ကလေးထဲမှာစင်ရိုက်။
ဗွီနိုင်းလေးနဲ့ ဆိုင်းဘုတ်ရေးလိုက်တယ်ဆိုရင်ဘဲ အကြွေးပေးချင်တဲ့ ကုမ္ပဏီတွေက သူ့ထက်ငါ
ဝိုင်းဝိုင်းလည်လို့နေပါတယ်။
ဈေးထဲမှာဆိုင်တစ်ဆိုင်ဖွင့်လိုက်တယ်ဆိုရင်ဘဲ အကြွေးယူလို့ရတဲ့ အခွင့်အရေးက အလိုလိုရလာတာပါဘဲ။
ကိုယ့် ကို အကြွေးလွယ်လွယ်ပေးသူရှိတော့ ကိုယ်ကလဲ သူများကိုအကြွေးလွယ်လွယ်ပြန်ပေးလိုက်ပါတယ်။
ပြန်ရလာတဲ့ငွေကိုလဲ ကိုယ်ပိုင်ငွေလိုသဘောထားပြီး ဝယ်ချင်တာ ဝယ်သုံးချင်ရာသုံးလုပ်တတ်ပြန်ပါတယ်။
ဒါကြောင့်လဲ အကြောင်းအမျုးိမျုုးိကြောင့် တစ်နေရာက ထစ်သွားပြီဆိုရင် တစ်သီတစ်တန်းကြီးလိုက်ပြီး
အထစ်အငေါ့တွေဖြစ်ကုန်ကြပါတယ်။
ရောင်းချင်ဇောအားကြီးပြီး မစူးမစမ်း နဲ့အကြွေးတွေကို အတိုင်းအဆမရှိချပေး။
ဆိုင်မှာကိုယ့်အရင်းအနှီးက နည်း နည်း သူများအရင်းအနှီးကများများနဲ့လုပ်နေကြတာများတဲ့အခါ
ပြဿနာပေါ်ပြီဆိုတာနဲ့ သူများဆီက ယူထားတဲ့အကြွေးကိုပြန်မပေးတော့တဲ့အခါမှာ
ရုံးရောက် ဂါတ်ရောက်ဖြစ်ကုန်ကြပါတော့တယ်။
အခုလဲ ဆင်းရဲမွဲတေမူ့တိုက်ဖျက်ရေး ရဲ့အစီအစဉ်တစ်ခုအနေနဲ့ ဆင်းရဲသားတွေကို ငွေချေးပေးနေပါတယ်။
လုပ်ငန်းတစ်ခုထူထောင်နိုင်လောက်အောင် ထိရောက်လောက်တဲ့ ပမာဏ မဟုတ်တဲ့ငွေကို
ချေးပေးနေရင်တော့ ရေရှည်အတွက် မကောင်းဘူးလို့ထင်မိပါတယ်။
ရလာတဲ့ငွေက မဖြစ်စလောက်ဆိုပြန်တော့ လက်ထဲငွေရောက်တာနဲ့သုံးချင်ရာသုံးပစ်လိုက်။
ကြွေးပြန်ဆပ်ရမယ့် အချိန်ရောက်တဲ့အခါ လက်ထဲမှာပြန်ဆပ်စရာပိုက်ဆံမရှိ။
အဲတော့ကြွေးဆပ်ဘို့ အတိုးနဲ့ထပ်ချေးပြီးကြွေးဆပ်။
ကြွေးဆပ်ဘို့တစ်ခါထပ်ချေး နဲ့ ကြွေးသံသရာမှာစဉ်ဆက်မပြတ်လည်ပါတ်နေမယ်ဆိုရင်တော့
ဆင်းရဲသားများအဘို့ ကြွေးသာ လည်ပင်းနစ်ပြီး ဆင်းရဲမြဲဆင်းရဲ မွဲမြဲသာ မွဲလျက်ရှိမည်ဟု
ထင်မြင်မိပါကြောင်း ပါးပါးလေးတွေးမိပါတယ်။
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
4-7-2013
(16-7-2013)နေ့ထုတ် ကုမုဒြာဂျာနယ်မှာပုံနှိပ်ဖော်ပြခံရတဲ့ ဆောင်းပါးလေးပါ။
ထုူူူးထုူူခြားခြား ဒီတစ်ပါတ်ဆောင်းပါးနှစ်ပုဒ်ပုံနှိပ်ဖော်ပြခံရပါါတယ်။
ဒီတစ်ပုဒ်က 2010ခုနှစ်က အရင်နည်းနည်းလေးရေးထားတာကို ပြန်ချဲ့ရေးလိုက်တာပါ။
နောက်တစ်ပုဒ်ကတော့ 2011ခုနှစ်ကရေးထားခဲ့တာပါ။
အခုမှ နည်းနည်းဖြည့်စွက်ပြီး ကုမုဒြာကို ပို့လိုက်တာပုံနှိပ်ခံရတာပါ။
“မေ့ပျောက်ထား ၏……… မထား၏”
မန်းလေးမှာရှေးကတည်းက ရှိနေတဲ့ ရှေးဟောင်းအိမ်တွေ၊ပြိုပျက်နေတဲ့ရှေးဟောင်းကျောင်းတွေ လူအများနေ့စဉ်ဖြတ်သန်းသွားလာနေပေမယ့် မျက်စေ့အောက်မှာတင် သမိုင်းတွေ ပျောက်နေရှာတဲ့
နေရာလေးတွေ ကို ဘာရယ်မဟုတ်ဘဲ ရောက်လေလေရာမှာ မှတ်တမ်းတွေတင်မိပါတယ်။
အဲလို ကျနော်လက်ဆော့တာကို သိတဲ့ မိတ်ဆွေတွေက သူတို့မြင်မိတာလေးတွေရှိရင်လဲ
ကျနော့်ကို လှမ်းပြီးသတင်းပေးတတ်ပါတယ်။
တစ်ရက် မန်းလေးတောင်ခြေမှာနေတဲ့မိတ်ဆွေတစ်ယောက်က
“ကိုပေါက်ရေကနောင်မင်းသားကြီးအုတ်ဂူကိုရော မှတ်တမ်းတင်မိသေးလား”လို့လှမ်းမေးပါတယ်။
ကျနော်ကလဲ မန္တလေးတောင်ပါတ်ဝန်းကျင်ကို ရောက်တဲ့အခါ ကျောက်တော်ကြီး ဘုရားကိုသာ မှတ်တမ်းတွေတင်မိပေမယ့်
တောင်ခြေရဲ့အရှေ့ဘက်မှာ ရှိနေတဲ့စန္ဒာမုနိနဲ့ကုသိုလ်တော်ဘုရား
တွေရဲ့ အတွင်းထဲကိုတော့ မရာက်ခဲ့ပြန်ပါဘူး။
အဲတော့လဲ စန္ဒာမုနိ ဘုရားအတွင်းထဲမှာရှိတယ်ဆိုတဲ့ကနောင်မင်းသားရဲ့ အုတ်ဂူကိုတော့ မှတ်တမ်းမတင်
ရသေးဘူးဖြစ်နေပါတယ်။
တစ်ယောက်ကတော့ ၂၂စီလမ်းအဆုံးက ယောမင်းကြီး အုတ်ဂူတဲ့
နောက်တစ်ယောက်ကတော့ တက္ကသိုလ်နားက အိမ်တွေကြားမှာ ရှေးဟောင်းအုတ်ဂူတွေရှိတယ်လို့
သတင်းပေးကြပြန်ပါတယ်။
တစ်ရက်မှာတော့ မြန့်မာရှေ့ဆောင် ကနောင်မင်းသားကြီး ရေမြုတ်ဗုံးစမ်းခဲ့တဲ့အောင်ပင်လယ်ကန်
ကိုမြင်ဘူးချင်လို့ တင်ပေးပါ လို့ ဆိုလာသူကလဲရှိပြန်ပါတယ်။
ဒီလို တောင့်တ တဲ့ အသံတွေကြားရပြန်တော့ ရှေးက ရှေ့ဆောင်ခဲ့ဦးဆောင်ခဲ့သူတွေကို မမေ့နိုင်စရာဖြစ်လို့လာပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ရန်ကုန်ကို ခဏအသွား
ရွှေတိဂုံဘုရားဖူးပြီးလို့ အပြန်မှာ အာဇာနည်ဗိမ္မာန်ကို သန့်ရှင်းရေးတွေလုပ်နေကြတာကို
အငှားကားပေါ်ကနေမြင်လိုက်တဲ့အချိန်မှာတွေးစရာတွေ တသီတတန်းကြီး
က အလိုလိုရောက်လာ တယ်။
ကားပေါ်ထိုင်လိုက်လာရင်း ဟိုစဉ်းစား ဒီစဉ်းစားနဲ့ကနောင်မင်းသားကြီးအကြောင်းတွေးမိပါတယ်။
တိုင်းပြည်ကို တိုးတက်ခေတ်မီစေလိုတဲ့စိတ်နဲ့ ကြံဆောင်နေဆဲ အလုပ်လုပ်လို့ကောင်းဆဲမှာအာဏာရူးသူရဲ့
လက်ချက်နဲ့ ကွယ်လွန်ခဲ့ရပါတယ်။
တကယ်လို့များ ကနောင်မင်းသားကြီးသား အခုလို မကွယ်လွန်ခဲ့ရင်လို့တွေးမိပြန်ပါတယ်။
ကနောင်မင်းသားကြီးအကြောင်းကနေ ၁၃၀ဝပြည့်နှစ် မန်းလေးက ၂၆ဘီလမ်းပေါ်မှာ
ကျဆုံးခဲ့ရတဲ့ မန်းလေးက အာဇာနည်တွေအကြောင်းကို သတိရမိပါတယ်။
အရင်ကတော့ ဒီအာဇာနည်တွေလဲလျောင်းရာနေရာက ခြုံနွယ်ပိတ်ပေါင်းတွေအပြည့်နဲ့
ပျောက်ကွယ်လို့နေခဲ့ပါတယ်။
အဲဒါတွေကို ဓါတ်ပုံရိုက်ပြီးတင်ပေးခဲ့ဘူးပါတယ်။
၂၀၁၁ခုနှစ်မှာပါ။
၂၀၁၂မှာတော့ ခွင့်ပြုချက်ရလို့ အဲဒီနေရာတစ်ဝိုက်ကို ဝိုင်းဝန်းပြီး သန့်ရှင်းရေးလုပ်ခဲ့ကြပါတယ်။
အခုတော့ သန့်သန့်ရှင်းရှင်းနဲ့ ကြည့်ပျော်ရူ့ပျော်ဖြစ်လို့နေပါတယ်။
အတွေးတွေဆက်သွားတော့ ဇူလိုင်လ(၁၉)ရက်မှာ မိုက်မဲသူလက်ချက်နဲ့ကွယ်လွန်ခဲ့ရသူဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တစ်စုကိုသတိရမိပါတယ်။
“ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ………………………..
ဇာတိနတ်မောက်မကွေးခရိုင်သိကြများခုတိုင်……………………….
၁၉၄ရပြောင်းကြွတမလွန်……………………….
မျက်ရည်ဖြိုင်လို့ ဘဝင်ညိုှး…………………………….
ဇူလိုင်တစ်ဆယ့်ကိုး” ဆိုတဲ့ ငယ်ငယ်က အတန်းထဲမှအော်ဆိုခဲ့ရတဲ့ကဗျာလေးကိုလဲ
တစ်ပိုင်းတစ်စ သတိရမိပါတယ်။
အခုခေတ်စာစောင်တွေမှာ အင်တာနက်သတင်းတွေမှာ
“ဖေဖော်ဝါရီ၁၄ ဗယ်လင်တိုင်းနေ့မှာချောကလက်ပေးဘို့သတိရကြ လူငယ်အားလုံးဒီနေ့ကိုသိနေကြပေမယ့်
ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ရက်နဲ့ ဗိုလ်ချုုပ်မွေးနေ့ဖေဖော်ဝါရီ၁၃ကိုတော့ မသိကြတော့ဘူး”ဆိုပြီးလူငယ်
တွေကို အပြစ်တင်တဲ့ လေသံတွေ ကျယ်လောင်ခဲ့ဘူးပါတယ်။
ကျနော်တို့ရဲ့အဖိုးအဖွားတွေ ဒေါ်ကြီးဒေါ်လေးတွေ ကအိပ်ယာဝင်ပုံပြင်လို ပြောပြခဲ့ကြသလို
ကျနော်တို့ရဲ့အဖေအမေတွေက ကျနော်တို့ကို ပုံပြောသလို ပြောပြခဲ့ကြသလို
ကျနော်တို့ရဲ့ဆရာဆရာမတွေက စာသင်ချိန်တွေမှာ အားလပ်တဲ့အချိန်တွေမှာ ဗဟုသုတရအောင်
စိတ်ထဲစွဲနေအောင်ပြောပြခဲ့ကြသလို………………
လက်ရှိအနေအထားမှာ
ကျနော်တို့လို့အဖိုးအဖွားတွေ………………………..
ကလေးတွေရဲ့ အကိုတွေ အမတွေ အဒေါ်တွေ ဦးလေးတွေ………………………
မိခင်ဖခင်ဘဝကိုရောက်နေပြီဖြစ်တဲ့ ကျနော်တို့ရဲ့သားသမီးတွေ…………………
စာသင်ကျောင်းကဆရာဆရာမတွေ…………………….
အားလုံးက ကျနော်တို့ရဲ့မြေးဘဝရောက်နေတဲ့အခုခေတ်ကလေးတွေကို
ဂုဏ်ယူစရာလေးစားစရာကောင်းတဲ့ မြန်မာ့ လူစွမ်းကောင်းတွေ မြန်မာ့ရှေ့ဆောင်လူတွေ
အကြောင်းကိုရော ပြောပြခဲ့ကြပါသလားလို့တွေးမိပြန်တော့ ရလာတဲ့
အဖြေကတော့ “ဟင့်အင်း” ပါဘဲ။
အဖိုးအဖွား ဒေါ်ဒေါ်ဦးဦး ဖေဖေမေမေ ကိုကိုညီညီအားလုံးကတော့
ဝမ်းတစ်ထွာကို ခက်ခဲပင်ပန်းစွာရှာဖွေစားသောက်ရတာကိုအကြောင်းပြရင်း
သင်လို့မကုန်မဆုံးနိုင်တဲ့ပညာတွေနောက်လိုက်ရင်း………………
လိုက်မမီနိုင်အောင်အပြောင်းအလဲမြန်ဆန်လွန်းလှတဲ့ခေတ်မီပစ္စည်းတွေ
ခံစားစရာတွေနောက်လိုက်ရင်း ကိုယ့်နံဘေးမှာရှိတဲ့ ကလေးတွေကို သိကောင်းစရာတွေ
ပေးဝေဘို့ မေ့နေခဲ့ကြပါတယ်။
ကျနော်တို့ငယ်စဉ်ကာလများမှာ နေ့စဉ်သုံးစွဲရတဲ့ပိုက်ဆံက ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံရိပ်တွေ။
တစ်ပြားငါးပြား က အစပြုလို့ တစ်ကျပ် ငါးကျပ် တစ်ဆယ် ကျပ်နေ့စဉ်သုံးသမျှပိုက်ဆံက
ဗိုလ်ချုပ်အောင်ဆန်းပုံတွေနဲ့ဆိုတော့ မေ့စရာလုံးဝမရှိပါ။
အိမ်နံရံ၊ကျောင်းနံရံ ၊ရှိသမျှနံရံတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့လွတ်ကင်းခဲ့သောနေရာမရှိ။
ပြောင်းမရတဲ့ကျနော်တို့ ခေါင်းက ဆံပင်ပုံစံတောင် ရှေ့တစ်လက်မနောက်ပြောင်” ဗိုလ်အောင်ဆန်းကေ”နဲ့
ကလေးဘဝက နေခဲ့ရပါတယ်။
မူလတန်း အလယ်တန်း အထက်တန်း ကျောင်းသားဘဝ တစ်လျှောက်လုံး
တနင်္လာနေ့မနက် စုဝေးချိန်မှာ ကျောင်းသားခေါင်းဆောင်ရဲ့
“ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများကို………………………………………ကိုအလေးပြု”ဆိုတဲ့အသံကို
နာခံရင်းငြိမ်သက်စွာ ခေါင်းငုံ့လို့ အလေးပြုနေချိန်များကလဲ မမေ့သင့်သူများပါလား လို့ သတိပေးနေသလို။
အထူးသဖြင့်ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ ဇူလိုင်၁၉ရက် အာဇာနည်နေ့မှာ…………………………….။
ကျနော်သိတတ်စ ကျောင်းနေစအရွယ် တစ်ရက် မနက်ခင်းလေးမှာ ဟင်းချက်လက်စတွေကို
ခဏထား အဖွားကကျနော့်လက်ကို ဆွဲလို့ခြံဝင်းကနေအပြင်ထွက် ၂၆ဘီလမ်း လမ်း၈ဝ ကျုံးဒေါင့်ဘက်ကို ခေါ်သွားခဲ့ပါတယ်။
ကျနော်တို့ကျုံးဘေးရောက်တော့ ခါတိုင်းထက်လူပိုစည်နေတာတွေ့ရသလို တစ်စုံတစ်ရာကိုအားလုံးကစောင့်စားနေသလိုပါဘဲ။
ခဏနေတော့ရဲဝါယာလက်ကားတွေရယ် မီးသတ်ကားတွေရယ်ရောက်လာပြီး ကျုံးဒေါင့် လေးဘက်လေးတန်မှာနေရာယူထားကြပါတယ်။
သိပ်မကြာခင် “ေ-ဝါ်…………………………”ဆိုတဲ့ဝါယာလက်သံ၊ ဥဩဆွဲသံတွေထွက်ပေါ်လာချိန်မှာ
လမ်းပေါ်မှာလှုပ်ယှားသွားလာနေသမျှသက်ရှိလူ သက်မဲ့ယာဉ်ရှိရှိသမျှအားလုံးတစ်ပြိုင်ထဲရပ်။
သက်ငြိမ်ပန်းချီကားတစ်ချပ်လို။
ဥဩသံတွေငြိမ်သက်မှာ အားလုံးပုံမှန်အတိုင်းလုှူပ်ယှား။
အဖွားရှင်းပြမှသိရတဲ့ “ဒီအချိန်မှာ ငါတို့ရဲ့ ဗိုလ်ချုပ်က မသာမာသူလုပ်ကြံခံရတဲ့အချိန်လေငါ့မြေးရဲ့၊
သူတို့အာဇာနည်တွေရဲ့ ကျေးဇူးကို သိတတ်တယ်အောင့်မေ့တယ်ဆိုတဲ့သဘောကိုု ပြရတာပေါ့ကွယ်”
လို့ရှင်းပြတဲ့အခါ သိပ်နားမလည်ပေမယ့် ဒီနေ့ ဒီအချိန်ရောက်လို့ ဥဩသံကြားရင် ခေတ္တငြိမ်သက်ရမယ်ဆိုတဲ့
အသိကတော့ရင်ထဲမှာစွဲမြဲခဲ့ပါတယ်။
မူလတန်း လွန်မြောက်အလယ်တန်းကျောင်းသားဘဝမှာတော့
“အာဇာနည်နေ့တို့မမေ့”ဆိုတဲ့ဆောင်ပုဒ်ကလေး က ဇူလိုင်လရောက်ရင် ပိုမိုအသက်ဝင်လို့လာတတ်ပါတယ်။
စာစီစာကုံးပြုင်ပွဲတွေ ဟောပြောပွဲတွေ ကရပ်ကွက်ထဲ ကျောင်းထဲမှာ ကျင်းပကြ
အာဇာနည်နေ့ည ရှစ်နာရီသတင်းပြီးရင် ကျန်တဲ့အစီအစဉ်တွေရပ် ဗိုလ်ချုပ်အောင်ဆန်းရဲ့
(အခုနားထောင်ရင်တောင် ခေတ်နဲ့ညီ ခေတ်မှီနေသေးတဲ့)
ရဲရဲတောက်မိန့်ခွန်းတွေကို နားဆင်ရ။
ရုပ်ရှင်ရုံမှာ ကျောင်းတွေမှာ ဗဟိုသတင်းစဉ်ကရိုက်ကူးထားတဲ့ ဗိုလ်ချုုပ်တို့လုပ်ကြံခံရတဲ့
မှတ်တမ်းသတင်းကို ပြတော့ ပြန်ကြည့်ရဆိုပြန်တော့
အငွေ့သေစရေနွေးအိုးကို ပြန်လည်မီးထိုးပေးသလို မေ့လျော့စပြုနေတဲ့
အာဇာနည်တွေကို ချစ်ခင်စိတ်တွေက ပြန်လည်နိုးထလို့လာပြန်ပါတယ်။
နှစ်ပေါင်းအတော်ကြာတဲ့အထိ ဒီအချိန်ရောက်တိုင်း ဥဩဆွဲသံကြားရရင်
သက်ငြိမ်ပန်းချီကားတစ်ချပ်လို ရောက်တဲ့နေရာမှာရပ်တန့်ခဲ့ရပါတယ်။
ဟိုအရင်ကာလများအကြောင်းကိုပြန်ပြောကြတော့ ဧရာဝတီတိုင်းထဲမှာနေခဲ့ဘူးသူက
“အာဇာနည်နေ့ဗိုလ်ချုပ်တို့ ကျဆုံးချိန်ရောက်ရင် ဆန်စက်တွေက ဥဩဆွဲကြတာ။
ကြားရတာနဲ့တင်လွမ်းစရာကြီးပါဗျာ”လို့ပြောခဲ့ဘူးသလို
ရန်ကုန်မှနေတဲ့သူကလဲ
“ဒီအချိန်ရောက်ရင် မြန်မာ့အသံက ဥဩဆွဲသံကို နားစွင့်နေကြတာ”လို့ပြောပြန်ပါတယ်။
ဒီလုပ်ရပ်က မြန်မာတပြည်လုံးတချိန်ထဲတစ်ပြိုင်နက်ထဲလုပ်ခဲ့ကြတာပါ။
အခုနောက်ပိုင်းမှာတော့ ဒီလိုသက်ငြိမ်ပန်းချီကားလေးတွေကို
မကြုံတွေ့ခဲ့ရတာနှစ်များစွာကြာခဲ့တာတော့ အမှန်ပါဘဲ။
တင်းမာသူနဲ့ခက်ထန်သူအကြား၊
အကြောင်းရှာသူနဲ့အကြောင်းပြသူကြား
မေ့ဖျောက်သူနဲ့မေ့ပျောက်သူ တို့အကြား မြေဇာပင်ပမာ ပျောက်ကွယ်သွားခဲ့ရသူ
ကတော့ မြန်မာ့သူရဲကောင်း ဗိုလ်မင်းရောင်ရဲ့မျိုးဆက်
တိုင်းပြည်အတွက်အလုပ်တွေလုပ်နေဆဲမှာ ကျဆုံးခဲ့ရသူ ဗိုလ်ချုပ်အောင်ဆန်း
အပါအဝင် အာဇာနည်ခေါင်းဆောင်များရဲ့ ပုံရိပ်တွေဘဲဖြစ်ပါတယ်။
နေ့စဉ်သုံးစွဲနေတဲ့ငွေစက္ကူတွေပေါ်မှာ၊
နံရံတွေပေါ်မှာ တစစနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။
မေ့ဖျောက်ခံရတော့လည်း တစ်စ ထက်တစ်စ မေ့ပျောက်သွားတာ မဆန်းဘူးလို့ပြောနိုင်ပါတယ်။
အခုချိန်မှာတော့ တင်းမာမူတွေလဲပြေလျော့လို့သွားပါပြီ။
အရင်က မရှိခဲ့ဘူးသော ကောင်းသောအပြောင်းအလဲများကိုလည်း
လောလောဆယ်မြင်တွေ့နေရပါပြီ။
ဒီတော့ အဲဒီရက် အဲဒီအချိန်မှာ ကျနော်မြေးကလေးကိုလက်ဆွဲ ကျုံးဒေါင့်ကိုသွား
ဥဩသံတွေနာခံရင်း သက်ငြိမ်ပန်းချီကားတစ်ချပ်ထဲမှာကိုယ်လဲပါဝင်။
ပြန်လည်လို့ အသက်ဝင်လာချိန်မှာတော့ ကျနော့်မြေးလေးတွေကို
“ဟုးိလွန်ခဲ့တဲ့…………………နှစ်က ဒီအချိန်မှာပေါ့………..”လို့အစချီပြီး
ကျနော့်အဖွားကျနော်ကိုပြောပြခဲ့သလို့ ကျနော့်မြေးလေးတွေကိုလဲ လက်ဆင့်ကမ်းလို့
ပြောပြခွင့်ရချင်စမ်းပါဘိတယ်…………………………………………
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
ကိုပေါက်(မန္တလေး)
5-7-2013
16 comments
ဦးကြောင်ကြီး
July 17, 2013 at 9:35 am
အနောက်နိုင်ငံတွေမှာ ကုမ္မဏီတွေက ဘဏ်ချေးငွေနဲ့ လုပ်တာများတယ်… နှစ်ကုန်စာရင်းချူပ် တဲ့အခါ ဘဏ်က သတ်မှတ်ထားတဲ့ အရောင်းပမာဏ ပြည့်အောင် တွန်းရောင်းကြတော့တယ်.. အဲဒီမှာ မရိုးမသား အင်စာရင်းတွေ ပေါ်လာတော့တာပဲ…။ ဝယ်ဖို့ မသေချာလဲ မီမိုနဲ့ တွန်းရောင်း…. ဒါမှ စာရင်းမှာ အရောင်းပြလို့ ရမှာလေ… နောက်နှစ်ထဲ ဝင်တော့ ပြန်ဝင်စာရင်းဆိုပီး စာရင်းလက်ခံ ပြန်ပြလိုက်….. နှစ်ကုန်တော့တခါ ထပ်လုပ်လိုက်…. အရောင်းသမားတွေလည်း ထိုနည်းတူစွာပဲ နှစ်ကုန် ကော်မရှင်ထက် စွမ်းဆောင်ရည် အကဲဖြတ် မှတ်တမ်း မှင်နီ မထိဖို့ ကြံဖန်တယ်… တချို့ ပိုင်ရှင်ကြတော့လည်း စက်ရုံတွေက ပေးတဲ့ အရောင်းမြှင့်တင်ရေး ဆုလာဘ်ကို မျှော်ကိုးပီး နိုင်တာထက် ပိုဝယ်လှောင်တယ်…. ပီးတော့ နယ်ဆိုင်တွေကို အတင်းထိုးရောင်းရော…. အဲဒီမှာတင် အကြွေးတွေ အကြွက်တွေ ရှုပ်ရှက်ခပ်ကုန်တာများတယ်…. သိဒါလေး ဝင်ဖောတာ…
မင်းမင်း
July 17, 2013 at 9:41 am
လေးလေး ပေါက်ရေ အကြွေးဆိုလို့ပါ။
၁။ ပိုက်ဆံကြွေး
၂။ အလုပ်ကြွေး
၃။ ကတိကြွေး
၄။မေတ္တာကြွေး
၅။ရန်ကြွေး
၆။ရှုံးကြွေး
၇။ဖိတ်စာကြွေး
အော် အကြွေးပေါင်းစုံနေသလားလို့ပါ
ko pauk mandalay
July 17, 2013 at 9:47 am
ကျန်သေးတယ်ကွ
ချစ်ကြွေးတွေပေးဆပ်ဘို့ ကိုယ်မင်းဆီအရောက်လာမယ် တဲ့
ဒန် ဒန့် ဒန်
Mr. MarGa
July 17, 2013 at 7:13 pm
နှစ်ပုဒ်လုံးကို ဖတ်ချင်နေတာ
အခုမှ ဖတ်ရတယ်
အကြွေးကတော့
ကုန်သည်တိုင်း ကင်းလို့ မရတဲ့ အရာ ဖြစ်နေတာ ကြာပါပေါ့။။
နောက်ပိုင်းမှာ ဘဏ်စနစ် နဲ့ သွားမယ်ဆိုရင်တော့
တစ်မျိုးတစ်ဖုံ ပုံစံ ပြောင်းမလားမသိ
အာဇာနည်နေ့ ကို ဆက်ရရင်တော့
ကိုယ်တိုင်ကပဲ မှတ်ဉာဏ် မကောင်းလို့လား မသိ
လူမှန်း သိတတ်စ ကတည်းက ဥဩသံ မကြားမိ
တစ်ချိန်ချိန်မှာတော့
ပြန်ကြားရမယ်လို့ ယုံကြည်ဆဲပါ…………..
•*¨နန်းတော်ရာသူ •*¨
July 17, 2013 at 8:18 pm
ဦးပေါက်ရေ ဖတ်ရတာတန်ပါတယ်ဗျာ
ဖော်ပြခံရတာလဲတန်တာပေါ့။
ကုမုဒြာကပုံနှိပ်စာကိုပိုဖတ်ချင်တယ်ဗျိုး
အလင်း ဆက်
July 17, 2013 at 9:08 pm
တကယ် ကောင်းတဲ့အတွေးတွေမို ့….
ဖတ်ခွင့်ရတာ..ဝမ်းသာပါတယ် ။
အဲဒီ ဂျာနယ်.. မဖတ်ဖြစ်တော့…
အခု အဆင်ပြေသွားပြီ ။
padonmar
July 17, 2013 at 9:57 pm
ကောင်းလိုက်တာ ကိုပေါက်ရေ၊
ချိန်ခါနဲ့ လိုက်တဲ့ စာမူလေးတွေပါပဲ။
ဒါကြောင့်လည်း ဂျာနယ်ထဲ ၂ပုဒ်တောင် ပြိုင်ပါတာပေါ့။
ko pauk mandalay
July 17, 2013 at 10:37 pm
မမာရေ
ဂျာနယ်မှာစာရေးရင် လက်ရှိဖြစ်ပျက်နေတာကို မျက်ခြေမပြတ်ရဘူး ခေတ်မီနေရမယ် နောက်ပြီး ရာသီမှီအောင်ရေးပါလို့ ဆရာဆရာ့ကြီးများကမှာထားတာကို
လိုက်နာလို့ ပုံနှိပ်ခံရတယ်လို့ထင်ပါတယ်။
Swal Taw Ywet
July 18, 2013 at 12:30 pm
Bravo ပါ ကိုပေါက်ရေ။
ဂျာနယ်လေးလဲပြေးဝယ်လိုက်ဦးမယ်။
စကားမစပ်၊ ရွာတွေ့ဆုံပွဲရောက်လာဦးမှာလား?
ရွှင်လန်းချမ်းမြေ့ပါစေ။
With respect,
Swal Taw Ywet.
kyeemite
July 18, 2013 at 3:52 pm
ကိုပေါက်က တကဲ့စာရေးဆရာကြီးဖြစ်နေပြီဗျ..ဂုဏ်ယူပါတယ်ဗျာ
uncle gyi
July 18, 2013 at 10:47 pm
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုပြီးဆင်းရဲသားတွေကိုငွေတွေချေးပေးနေတာ
တကယ်ရောဆင်းရဲမှုတိုက်ဖျက်တာဟုတ်ရဲ့လား
ပြန်လည်သုံးသပ်မှုတွေကောလုပ်ကြရဲ့လား
ကျွန်တော့အမြင်က
မြန်မာမှာငွေချေးပေးမယ်ဆို
ဆင်တောင်သက်စေ့ဝယ်လွှတ်မယ်ဆိုသူတွေများနေသမျှ
လူတွေကိုဆင်းရဲတွင်းထဲရောက်အောင်ပိုပြီးတွန်းပို့နေသလိုပဲ
မြင်သမျှ
ငွေထုတ်လို့ရရင်
လွယ်လွယ်သုံးလွယ်လွယ်ဖြုန်းပလိုက်ကြတာများတယ်
ငွေထုတ်ချေးမဲ့အစား
ဆင်းရဲသူတွေကိုအတွေးအခေါ်တိုးတက်အောင်အရင်လုပ်တာက
သူတို့ကိုပိုပြီးကူညီရာရောက်မယ်ထင်ပါတယ်
ကိုပေါက်(မန္တလေး)
July 18, 2013 at 11:00 pm
ငွေထုတ်ချေးမဲ့အစား
ဆင်းရဲသူတွေကိုအတွေးအခေါ်တိုးတက်အောင်အရင်လုပ်တာက
သူတို့ကိုပိုပြီးကူညီရာရောက်မယ်ထင်ပါတယ်
သိပ်မှန်တာပေါ့အန်ကယ်ကြီးရေ
San Hla Gyi
July 20, 2013 at 5:10 pm
ကိုပေါက်ရေ
အကြွေးကိစ္စကတော့ ဘာမှ မပြောလိုပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနဲ့ ပက်သက်လို့ ပြောရရင် လူကြီးတွေက လူငယ်တွေကို မပြောပြဘူး ဆိုတာထက် အခုလက်ရှိ မိဘနေရာ ရောက်နေတဲ့ မျိုးဆက်တွေတောင် သေသေချာချာ လုံးစေ့ပတ်စေ့ ပြောတတ်အောင် သိရဲ့လား မသိဘူး။ ဗိုလ်ချုပ် အကြောင်းမှ မဟုတ်ပါဘူး။ အခုတော့ တိုက်ဆိုင်လို့ ပြောလိုက်မယ်။ တကယ်တမ်း မျိုးချစ်စိတ်တို့ ဘာသာရေးတို့ သိသင့်တဲ့ အကြောင်းလေးတွေကို ကလေးတွေ ငယ်ငယ်ကသာ သေသေချာချာ ပြောပြနိုင်ရင်(အရမ်းကြီး အစွန်းမရောက်ဖို့လည်း လိုသပေါ့လေ) မျိုးစောင့်ဥပဒေတို့ ဘာတို့တောင် ပြောနေဖို့ မလိုဘူး ထင်တာပဲ။ ဒါပေမယ့် ခက်တာက လက်ရှိမျိုးဆက်တွေတောင် အဲဒီအကြောင်းတွေ သူများကို လက်ဆင့်ကမ်းဖို့ ပြောပြတတ်ရဲ့လား မသိဘူး။ သံသယကို ပြောတာပါ။
ကိုပေါက်(မန္တလေး)
July 21, 2013 at 9:13 am
ကျနော်ဆိုလိုချင်တာလဲဒီသဘောပါ ကိုစံလှရေ။
မသိတဲ့ကလေးတွေကို အပြစ်တင်နေ့မယ်အစား သိအောင်ပြောပြဘို့လူကြီးတွေမှာတာဝန်အပြည့်အဝ
ရှိတယ်ဆိုတာကိုပါ။
Ma Ma
July 20, 2013 at 5:57 pm
တစ်ခါက ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုပြီး ငွေထုတ်ချေးပေးတဲ့အနေနဲ့ လက်လုပ်လက်စားသမားတွေကို တစ်အိမ်ထောင် ၁သိန်းချေးပေးတယ်။
ငွေကို အလွတ်ပေးလိုက်တာ မဟုတ်ပဲ ကိုယ်ရောင်းဝယ်လုပ်ကိုင်စားနေတဲ့ ကုန်ပစ္စည်းကို သူတို့စိတ်ကြိုက်ရွေးခိုင်းပြီး ငွေလိုက်ချေပေးတယ်။
ဒါပေမယ့် အဲဒီချေးပေးလိုက်တဲ့ တစ်နှစ်ပြည့်အောင်တောင် ခံရဲ့လား မသိဘူး။
ဆင်းရဲမွဲတေမှုပပျောက်အောင် ချမ်းသာချင်တဲ့စိတ်၊ မဆင်းရဲချင်တဲ့စိတ်နဲ့ ကြိုးစားချင်တဲ့စိတ် ရှိဖို့လိုတယ်။
အရောင်းအဝယ်လောကမှာ အပေးအယူမှန်ရင် ရောင်းတဲ့လုပ်ငန်းရှင်က အကြွေးပေးချင်တာမှ အပြိုင်အဆိုင်ပဲ။
ကိုယ်ကျင့်သိက္ခာကို အပေါင်ထားပြီး (ငွေအရင်းအနှီးမလိုပဲ) အကြွေးယူ၊ မှန်မှန်ပြန်ဆပ်ပြီး ကြီးပွားတိုးတက်သွားသူတွေ အများကြီး တွေ့ဖူးတယ်။
များသောအားဖြင့်ကတော့….
အကြွေးယူပြီး ကိုယ့်လက်ထဲ ရောက်လာတဲ့ ငွေကို သူ့ငွေ(ပြန်ပေးရမယ့် အရင်းငွေ)လားမသိ၊ ကိုယ့်ငွေ(အမြတ်ငွေ)လားမသိ သုံးရင်းစွဲရင်း အစားပြန်မဖြည့်နိုင်တော့ပဲ နာမည်ပျက်၊ စီးပွားပျက်ပြီး ဆင်းရဲတွင်းထဲက မထွက်နိုင်ကြတာ။ 🙁
ကိုပေါက်(မန္တလေး)
July 21, 2013 at 9:15 am
ဟုတ်တယ် မမရေ
မရှိဆင်းရဲသူကို မစို့မပို့ ငွေထုတ်ချေးပြီး ဆေးမီးတိုနဲ့ကုတာ အင်မတန် အန္တရာယ်များပါတယ်။
အလုပ်ထဲမှာ မသုံးဘဲ သူစိတ်ထင်ရာလျောက်သုံးတော့ အကြွေးတင်တာဘဲ အဖတ်တင်ပါတယ်။