ကျွန်မကို ချစ်တဲ့သူများ ( ရွှေကူမေနှင်း)
သူ့ကို ကျွန်မက “မောင်” ဟုခေါ်ပါသည်။
ဒါက သူခေါ်ခိုင်း၍ ခေါ်ရခြင်းပါ။
ကျွန်မတို့ ရပ်ရွာတွင် သမီးရည်းစား၊ လင်မယားများသည် နာမည်တပ်၍ ခေါ်လေ့ရှိကြပါသည်။ ကိုကိုတွေ၊ မောင်မောင်တွေ ဘယ်သူမှ မခေါ်ပါ။
ရည်းစားစာတဲတွင်တော့ ရေးပြီးခေါ်ချင်ခေါ်ကြသည်။ အပြင်မှာ လူချင်းတွေ့လျှင် နာမည်ပဲခေါ်ကြသည်။
တချို့များ နာမည်ပင်မခေါ်ရဲကြသဖြင့် စကားပြေလျှင် မျက်လုံးချင်းဆုံမျ အမည်မတပ်ဘဲ စကားပြေတတ်သည်။မျက်နှာချင်းမဆုံလျှင် ဆုံအောင် အသံတစ်ခုခု ပြုရသည်။
ရယ်စရာပြောလေ့ ရှိသောပုုံပြင်တစ်ခု၌ မိန်းကလေးက သူ့ယောက်ျားကို ထမင်းစားဖို့ခေါ်ချင်သည်။
ယောက်ျားက လှမ်းမကြည့်တော့ အသံပေးမှာဆိုပြီး အနီးမှာ ရှိသည့် ခွေးကို “ဟဲ့ခွေး”ဟု အသံပြုလိုက်၏။
အသံကြား၍ ယောက်ျားလှည့်ကြည့်တော့မှ ထမင်းစားမယ်ဟု ခေါ်ရသည်ဆို၏။ သည်တော့ :ဟဲ့ခွေး…. ထမင်းစားမယ်” ဖြစ်သွားသည်။
ခုလည်း ကျွန်မသည် သူ့ကို နာမည်ပဲခေါ်နေသည်။ သူက မောင်ဟု ခေါ်ပါဟု ပြောသည်။ စာထဲမှာတော့ မောင်ရေ သက်ရေနှင့် အတော်ကျေညက်နေခဲ့ပြီ။ နှုတ်ကပိတ်ပြီး ခေါ်ဖို့တော့ မရဲပေ
” မောင်လို့ခေါ်တော့လေ”
” ဟင့်အင်း….ခေါ်လို့မရဘူး ”
” ဒါဖြင့် ဒီလိုလုပ်၊ ဟောဒီအရွက်ပေါ်မှာရေး…”
ကျွန်မတို့သည် ဂျပ်ဆင်ဟောက်ခေါ် ဝိဇ္ဖ္ဇာခန်းမဘေး လှေကားထစ်များမှာ ထိုင်နေကြခြင်းဖြစ်၏။ ကျွန်မတို့အနားမှာ ပန်းချုံတွေ ရှိသည်။ ပန်းချုံတွေနားမှာ တဇောင်းလက်ပပ် အနွယ် အရွက်စိမ်းစိမ်း ဖားဖားကြီးတွေ ရှိသည်။
အရွက်ကြီးတွေရှည်ရှည်မျောမျော ၊ ချောချော ကြီးတွေ ဖြစ်၏။ သူက ဖောင်တိန်လို အသွားရှိသော သစ်သားစလေး တစ်ခုုရှာပြီး သစ်ရွက်ပေါ်မှာ ရေးဖို့ ပြောသည်။ ကျွန်မက ရယ်မောပြီး သစ်ရွက်ပေါ်မှာ သစ်သားစ အချွန်လေးနှင့်
စရေးသည်။
” မောင်….”
“ဟုတ်ပြီ၊ ကိုင်း….အဲဒါ အသံထွက်ပြီးဖတ်”
“မောင်..”
“ဟုတ်ပြီ ၊ အခု အဲဒီ အသံအတိုင်း ဒီမျက်နှာကို ကြည့်ပြီးခေါ် ”
“ဟာ …..ခေါ်လို့မရဘူး”
“ဒါဖြင့် သစ်ရွက်ပေါ်က စာကိုပြန်ဖတ်”
“မောင်…တဲ့”
“တဲ့…မပါဘူး ၊ပြန်ဖတ်”
“အင်း…..မောင်”
“ကဲ ဒီလက်လှည့်ပြီး အသံထွက်လိုက်”
“မရပါဘူးဆို”
“ရအောင်ခေါ်လေ၊ ခေါ်ကြည့်…..မောင်လို့”
“မောင်”
“ဗျာ…ဟုတ်ပြီ၊ နောက်တစ်ခါ ခေါ်ပါဦး”
“မောင်”
“အိုကေ မောင်နဲ့မေပေါ့”
အဲသည်တုန်းက တကယ်ပဲ ပျော်ခဲ့ဟန်တူသည်။ နှစ်ယောက်သား ကွာစိလှော်လေးတွေ အခွံခွာပြီး တစ်ယောက်တစ်လှည့် ခွံကျွေးခဲ့ကြသေးသည်။
အတော်ချစ်ကြသည့် စုံတွဲဟု အများက အသိအမှတ်ပြုခံခဲ့ကြရလေသည် ဆိုပါစို့။ အမှန်က ကျွန်မက အလိမ်ခံရခြင်းပါ။
စာဘက်မှာ ဉာဏ်ကောင်းသော ကျွန်မသည် အချစ်နှင့် ပတ်သက်လျှင် အလွန် အသော မိန်းကလေးပါတကားဟု နောင်မှ သိရ၏။
သူလိမ်ညာသမျှ ကျွန်မကတော့ ဘာကြောင့်များ ယုံခဲ့မိသည် မသိ။ ကျွန်မကိုယ်ကျွန်မလည်း လိမ်ခဲ့သေးသည်လေ။သူ့ကို ကျွန်မချစ်သည်ဟု ထင်ခဲ့သည်။
တကယ်တမ်း ချစ်လျှင် တစ်နှစ်တည်းနှင့် ဘယ်ကွဲပါ့မလဲ၊ ညံ့လိုက်တဲ့ ကျွန်မ။ သူ့ဘဝက တကယ်ပြည့်စုံလှပါသည်။
နယ်ပိုင်ဝန်ထောက်သားဆိုတာ မြို့ပေါ်မှာ အထက်တန်းလွှာပဲ။ သူက မျက်နှာလည်း ချိုသည်။ သူဒေါသ ဖြစ်နေသည့် ပုံ တစ်ခါမျှ မမြင်ဖူးပေ။ သောက ကင်းဝေးသော၊ လူချစ်လူခင်ပေါသော၊ မိဘက ပုံ၍ အလိုလို်က်ထားသော
ထိုကျောင်းသားသည် ကျောင်းမှာ ဘောလုံး အသင်းခေါင်းဆောင်၊ ကြက်တောင်ချန်ပီယံ၊ စာကြည့်တိုက် တာဝန်ခံဆိုတော့ လူတော်စာရင်းဝင်ပေါ့။
သူချစ်သည့်ကောင်မလေးက ကျောင်းအုပ်ဆရာမကြီး၏ သမီး၊ အင်္ဂလိပ် ကပြားမလေး ဂျိုးစဖင်းပါ၊ ဂျိူးဟု ချစ်စနိုးခေါ်ကြသည်။ ဘေဘီဟုလည်း ခေါ်ကြသည်။
ဘေဘီက သူ့ကို ဆရာဝန် ဖြစ်စေချင်တာတဲ့။ သူက ဆရာဝန်လုပ်မှာတဲ့။
သို့သော် ဂျိုးကို သူတို့ ခရစ်တော်က အစောကြီး ခေါ်သွားခဲ့၏။ ပစ်ရက်စရာမရှိသော အပျိုမလေးမို့ တစ်မြို့လုံးက ဝမ်းနည်းကြသည်။
တစ်ကျောင်းလုံးကြေကွဲကြသည်။ သူဆို ကလာပ်ကို အနီးကပ်ကြည့်သည်တဲ့။
ဂျိုးကို မြေမြှုပ်တော့ မြေစာခဲလေးတွေ မြေပုံနားမှာပဲ တစ်နေ့လုံး တစ်ညလုံး ပစ်လှဲနေခဲ့သည်တဲ့။
သူ့အိပ်မက်တွေ၊ သူ့မျှော်လင့်ချက်တွေ ဂျိုးနှင့် အတူ မြေကြီးထဲ ရောက်သွားခဲ့ပြီ ထင်ပါရဲ့။
ကျောင်းမတက်ဘဲ ပေပေတေတေ နေခဲ့သော သူ့ကို တစ်နှစ်တစ်တန်းမှန်မှန်တက်သော ကျွန်မက မီလာခဲ့သည်။
ထိုနှစ်က ကျောင်းကပွဲမှာ သူ့ကို ပျော်စေချင်သော အတန်းပိုင် ဆရာမက ပြဇာတ်ထဲမှာ သူ့ကို ပြဇာတ်မင်းသား လုပ်စေခဲ့၏။
အတန်းထဲမှာ အပျိုမ ချောချောတွေ ရှိပါလျက်နှင့် ရည်းစားစိတ်ပေါက်မှာစိုး၍ ဆိုပြီး ဆရာမက ကျွန်မကို မင်းသမီး အဖြစ် ရွေးခဲ့၏။
နှင်းနှင်းက ကလေးစိတ်ပဲ ရှိသေးလို့တဲ့။ သူ့မင်းသားက မင်းသမီးကို နွေရာသီ ကျောင်းပိတ်ရက်မှာ တကယ်ရည်းစားစာ သွားပေးတော့ ဆရာမပင် မသိခဲ့ရ။
ကျွန်မက သူ့ကို မယုံချေ။ ရည်းစားစာပေးတာကို ငှက်ပျောင်္သီး အခွံနွှာစားတာ မှတ်လားဟု ရန်ထောင်ခဲ့သေးသည်။ သူက ဇွဲသမား။ ပြီးတော့ ဇွတ်သမား။
ညတိုင်း အိမ်ရှေ့က ခုံတန်းလျားမှာ “လိုက်ခဲ့တော့” မြနန္ဒာ ကို မယ်ဒလင် တီးပြီးဆိုလာသည်။
အိပ်ရာထဲမှာ အိပ်မပျော်သေးဘဲရှိနေသော ကျွန်မသည် သူ့မယ်ဒလင်သံကို နားစွင့်နေခဲ့မိ၏။
“ခေါ်သံမှာ စိုးထိတ်ထိတ်သိမ့်သိမ့် ရင်ဝယ်တုန်လာ” ဆိုသော အပိုဒ်တွင် သူ့အသံ နစ်ဝင်သွားတော့ ကရုဏာစိတ်တွေ ယိုဖိတ်ခဲ့မိ၏။
တစ်ည
သူအိမ်ပေါ် တက်လာသည်။ လူကြီးတွေ ဝတ်တက်ပွဲ သွားကြတုန်းက ဖြစ်၏။
တံခါးဝမှာ ကျွန်မရပ်နေဆဲ သူကျွန်မကို အတင်းသိမ်းဖက်သည်။ မျက်နှာအနှံ နမ်းတော့သည်။
သူ့ဆီက ဘာနံတွေမှန်းမသိ။ အရက်ပဲ ဖြစ်နိုင်သည်။ ကျွန်မရှက်ပြီး ငြိမ်နေခဲ့၏။ သည်လိုနှင့် ကျွန်မသည် သူ့ရည်းစား ဖြစ်သွားခဲ့လေသည်။
“မိန်းမရမှ အရက်ပြတ်မှာ”
သည်စကားသည် သူ့ကိုယူဖို့ အဓိက ဖြစ်သွားသည်။
သူ့အိမ်ကလည်း မိန်းမရပြီးမှ စီးပွားရေးလုပ်ငန်းလွှဲပေးမယ်ဟု ဆိုသည်။
ကျောင်းဆရာမလေး လုပ်ရသော ကျွန်မကို သူ့မိဘများက သူနဲ့ စိတ်ချကြပုံရသည်။ ကျွန်မကို ရလျှင် သူတို့ရဲ့ သားဘဝ ငြိ်မ်သွားမည် ထင်သည်။
ကျွန်မတက္ကသိုလ် တက်နေစဉ် ရန်ကုန်လိုက်လာပြီး ဂျပ်ဆင်ဘေးမှာ ထိုင်ကြစဉ်ကပင် ကျွန်မသည် သူ့ကိုယုံကြည်နခဲ့၏။
ကျွန်မ အစ်မများကမူ သဘောမကျချေ။ “နွားမုန်းခြံထုတ်” တာဟု ဆိုသည်။ အမေက ဘာမှမပြော။ အစ်ကိုကာ ကွယ်ရာမှာ မျက်ရည်ကျသတဲ့။
သူ့ကို လက်ထက်ပြီးကတည်းက ကျွန်မ မျက်ရည်ရပြီ။ လက်ထပ်သည့် ညမှာပင် အရက်ဆိုင်မှ တွဲပို့ရသည်ဆိုတာပဲ ကြည့်တော့။
သူ ကျွန်မထက် အရက်ကို ချစ်မှန်း ကျွန်မ ဖြည်းဖြည်းသိလာသည်။ သို့သော် ရင်မှာ ရောက်သော ရင်သွေးကြောင့် သူ့ကို ပစ်၍ မဖြစ်တော့ပေ။
မိန်းမကို မညှာတာပေမယ့် သားလေးရလာလျှင့် သူလိမ္မာမှာပါဟူသော မျှော်လင့်ချင်များနှင့်။
သို့သော် ကိုယ်ဝန် ရ လမှာ သူအိမ်က ထွက်သွားခဲ့သည်။ ကျောက်စိမ်းတွင်း သွားမည်တဲ့။ သားလေးကို မွေးတော့သူ အနားမှာ မရှိပါ။
လူပြောသူပြော ကြားပြီး သူပြန်လာသည်။ သားလေးကို သူချီသောအခါ ကျွန်မမှာ ယုံကြည်မှုတွေ ဖွံ့ဖြိုးလာသည်။
သို့သော် သားလေး တစ်လ၊ နီတာရဲလေးကိုချီရင်း ဆောင်းတွင်း မီးဖိုဘေး ဂုံနီ အိတ်အခင်းပေါ်ချထားလိုက်တာ မြင်ရသော ခဏ၊
သူ့အပေါ် ထားခဲ့သော ယုံကြည်မှုတွေ ပျောက်သွားသည်။ အရက်နံ့ ထောင်းထောင်း ထနေသော သူ့ကို ညချင်းပင် နှင်ထုတ်လိုက်၏။
သူ့အဝတ်တွေကို ဝရန်တာမှ ပစ်ချလိုက်၏။ ကျွန်မသူ့ကို တစ်ဘဝစာ ပြတ်သွားမှန်းသူမသိ။
ကလေး လာလာလုသဖြင့် ရဲတိုင်ရ။ နောက်ဆုံး တရားရုံးမှာ ကွာရှင်းလိုမှုဖြင့် လျှောက်ထားရသည်။
သားမယားကို နှိပ်စက်ကြောင်း သက်သေပြရန် လူလိုသောအခါ သက်သေတစ်ဦးအဖြစ် လိုက်ပါဆောင်ရွက်ပေးသူကား ပြဇာတ်ဒါရိုက်တာ ဆရာမပါ။
ငါစတဲ့ဇာတ်၊ငါပဲ ဆုံးပေးရတာပေါ့ဟု စိတ်မကောင်းစွာ ပြောသေးသည်။
အလုပ်ထွက်ပြီး ရန်ကုန်ပြောင်းတော့မည် အပြု သူဆုံးကြောင်း ကြားရ၏။
ဆေးရုံမှာ ပူတယ် ပူတယ်ဆိုပြီး ငုတ်တုတ်ထိုင်စဉ် သူ့အဖေက လိမ္မော်သီး ခွံကျွေးဆဲထိုင်ရက်ပင် အသက်ဆုံးသွားသည်တဲ့။
အရက်ကို မသေမချင်း သောက်သွားသူပေါ့။
ကျွန်မက သားလေးကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင် မွေးမြူရဦးမည်။ သူနှင့်ဆို သားလေး မျက်နှာငယ်မှာ အသေအချာပဲ။
ဘာပဲ ဖြစ်ဖြစ် သူသည် ကျွန်မကို ချစ်တဲ့သူ နံပါတ် (၄)။ သူ့ကို မလွမ်းပေမယ့် သူ့သီချင်းတွေကို လွမ်းသလား မသိ။
21 comments
Garfield
July 16, 2013 at 1:53 pm
ဆရာမ စာလေးကို ရှယ်ပေးလို့ ကျေးဇူးပါ ကိုမျိုးသန့်ရေ။
Ma Ma
July 16, 2013 at 3:15 pm
ပရိုလက်ရာမို့ထင်တယ် ဖတ်လို့ကောင်းလိုက်တာ။
မိန်းမသားတစ်ယောက်တည်းဆိုပြီး အားငယ်ပျော့ညံ့မနေပဲ အောင်မြင်တဲ့ဘဝရအောင် ရဲရဲဝံ့ဝံ့ရင်ဆိုင်တာ နောက်လူငယ်တွေအတွက် အားကျစရာပါပဲ။
နောက်ထပ်စာတွေလည်း စောင့်မျှော်နေပါတယ်။ 🙂
အလင်း ဆက်
July 16, 2013 at 3:57 pm
ဝေမျှပေးတော့လည်း ဖတ်စရာ တိုးတာပေါ့
ကျေးကျေးဗျ
Ma Ei
July 16, 2013 at 4:27 pm
စာတစ်ပုဒ် ဖတ်ပြီး ကျန်သောစာများကိုလဲဖတ်ချင်လာတာမို့
ညနေရုံးပြန်မှာ စာအုပ်ဆိုင်ဝင် ဆရာမရဲ့စာအုပ်ဝယ်ပါမည်….
padonmar
July 16, 2013 at 8:59 pm
ကိုမျိုးသန့် ဆုရတဲ့ ပို့စ်ကလည်း ဒီအကြောင်းပဲ။
ဗားရှင်းတစ်မျိုးစီပေါ့။
ဆရာမကြီးကိုလည်း လေးစားပေမယ့် မှန်တာပြောရရင် ရေဆန်လမ်းမှပန်းတစ်ပွင့် ဗားရှင်းကို ပိုကြိုက်တယ်။
ဆရာမကြီးကိုလည်း ကျမတို့ ဂဇက်ကွန်ဖရဲင့်စ်ကို လာတက်ဖို့ ဖိတ်ပေးပါလား။
Ko chogyi
July 16, 2013 at 11:06 pm
ကိုမျိုးသန့်ရေ
ဆရာမကြီးရဲ့လက်ရာတွေ ကျွန်တော်တော်တောများများ ဖတ်ခဲ့ရသလို
ကြိုက်နှစ်သက်ခဲ့ရတဲ့သူတစ်ဦးပါ
သူရေးတဲ့စာတွေထဲမှာအမြဲပါတာကတော့
အချစ်ဆုံးမြေးမလေးအကြောင်းပါ
ကိုမျိုးသန့်သမီးကြီးပေါ့ဟုတ်လား
Myo Thant
July 17, 2013 at 12:31 pm
ဟုတ်ကဲ့
သမီးကြီးက ၁ နှစ်အရွယ်ကတည်းက သူ့အဖွားနဲ့ အတူသွားအိပ်သူပါ ၊
မြေးဦးဆိုတော့ အမေကလည်း သူ့ကိုသိပ်ချစ်ပါတယ် ၊
အလတ်မကတော့ သူ့အမေကိုချစ်တယ် ၊
အငယ်ဆုံးသားက ကျနော့်ကိုချစ်တယ် ၊
အင်းးးး မျှတတယ်လို့ ထင်စရာပဲလေ ၊
ဒါပေမယ့် ကျနော်ကတော့ ၃ ယောက်လုံးကို ဂရုစိုက်ပါတယ် ၊
TNA
July 17, 2013 at 8:06 pm
အော် ကိုမျိုးသန့်စာရေးကောင်းပါတယ်အောက်မေ့တာ လက်စသတ်တော့ တကယ့်သွေးပဲကိုး။ ဂုဏ်ယူပါတယ်။ ဆရာမကြီး ရွှေကူမေနှင်းစာအုပ်တွေဖတ်ကြည့်ရအုံးမယ်။ အဲဒီဇာတ်လမ်းက ကိုမျိုးသန့် အမေနဲ့အဖေအကြောင်းနဲ့ နဲနဲတူနေသလိုပဲနော်။ ဟိုတခါကိုမျိုးသန့်ရေးဖူးသလို။ အဲဒီအကြောင်းများရေးထားသလားလို့ ဖတ်ရင်းနဲ့ ကိုမျိုးသန့်ရေးထားတာတွေသွားသတိယမိတယ်။
uncle gyi
July 16, 2013 at 11:12 pm
ဆရာမကြီးကအရက်သမားလင်
ကိုယ့်ကိုမချစ်တဲ့လင်
ဂရုမစိုက်တဲ့လင်ကို
ဘယ်လိုစိတ်ထားရမယ်ဆိုတာသင်ပေးနေတာ
zarzarhtwe
July 17, 2013 at 2:58 am
ကိုမျိုးသန့်ရေ
မှတ်မှတ်ရရမနေ့ကပဲ ဆရာမကြီးရဲ့ ကန္တရနှင်းဆီ
ဖတ်ပြီး အတွေးတွေဆက်နေမိတယ်
Myo Thant
July 18, 2013 at 3:09 pm
ဟုတ်ကဲ့ ၊ အဲဒီဝတ္ထုက ရုပ်ရှင်ကုမ္ပဏီတစ်ခုကဝယ်သွားတယ် ၊
ဘယ်သူတွေနဲ့ ရိုက်မယ်ဆိုတာတော့ မသိပါဘူး ၊
ဦးကြောင်ကြီး
July 17, 2013 at 8:29 am
စိန်ခြူးရယ် ကြာညောင်.. လရောင်ခင်းပါလို့… ဒလုဒလန့် ဒလောင်…. ဝသဗုံ ကြေးမုံဂျီးရယ် လုဂို ဝရမှ မဟုတ်တရုတ် ဆန့်ကျင်ရေးကနေ လွတ်ပါ့မယ်… ကူညီပါနော်….. 😳
အရီးခင်လတ်
July 17, 2013 at 1:25 pm
ကိုမျိုးရေ
တကယ်တော့ ကိုမျိုး အဖေ က သူ့ဘဝကို ဂျိုးနဲ့အတူစွန့် လိုက်တာဘဲ ထင်ပါရဲ့။
ဂျိုးကို ချစ်တဲ့ အစွန်းရောက်စိတ် က သူ့ကိုရော ဆရာမကြီး ကိုပါ ဒုက္ခပေးသွားတာ။
ကိုမျိုးလဲ မြေဇာပင်ပေါ့။
တရားတော့ မတရားပါဘူး။
တစ်ခါတစ်ခါ တကဲ့ဘဝတွေက ရုပ်ရှင်ဇာတ်လမ်းတွေထက်တောင် ပိုပြီး စိတ်ဝင်စားစရာပါဘဲ။
မျှပေးတဲ့ စာတွေ အတွက် ကျေးဇူးပါနော်။
Myo Thant
July 17, 2013 at 1:45 pm
ကျနော်က အဖေ့ကို အမေ့စာတွေထဲကနေပဲ ရင်းနှီးခဲ့ရသူပါ ၊
အဖေ ကျနော့်ကို ချစ်တယ်လို့ ယုံကြည်သလို
ကျနော်လည်း သားသမီးတွေရဲ့ ချစ်သောအဖေဖြစ်အောင် ကြိုးစားနေပါတယ် ၊
အရီးခင်လတ်
July 17, 2013 at 1:52 pm
{{ ကျနော်လည်း သားသမီးတွေရဲ့ ချစ်သောအဖေဖြစ်အောင် ကြိုးစားနေပါတယ် }}
အဲဒါကို အကြွင်းမဲ့ ယုံပါတယ် ကိုမျိုး ရေ။
ဒီလိုအဖေ ကို ပိုင်ဆိုင်ရလို့ ကိုမျိုး သားသမီးလေးတွေ အင်မတန် ကံကောင်းကြပါတယ်။
မဟာရာဇာ အံစာတုံး
July 17, 2013 at 4:53 pm
တားတားက ခြစ်ပီးဒါးနော် …
အိုက်ဒါ လာပေါဒါဘာ …
Myo Thant
July 17, 2013 at 4:59 pm
လာပြီ
ဟင်း ဟင်း ဒင်းကဒါပဲချောင်းနေတာ ၊ 😛
Mr. MarGa
July 17, 2013 at 7:27 pm
ချစ်မယ် ချစ်မယ်
အချစ်တွေ ပေါဒယ်
TNA
July 17, 2013 at 8:02 pm
ကောင်းလိုက်တာ။ ဖတ်ရတာ တိုတိုလေးနဲ့တကယ့်ကိုထိမိပါတယ်။ ကျွန်မကရွှေကူမေနှင်းစာအုပ်တွေ မဖတ်ဖူးဘူး။ သူအဲလောက်အရေးအသားကောင်းလိမ့်မယ်မထင်မိဘူး။ ဒီအတိုင်းဆိုရင်တော့ ရွှေကူမေနှင်းစာအုပ်တွေပြန်ဝယ်ရတော့မယ်နဲ့တူတယ်။
kyeemite
July 18, 2013 at 2:22 pm
ဂွတ်..တယ်ဗျာ..အမေ့ဗားရှင်းကလေးကနုလိုက်တာနော..
ကိုမျိုးသန့် ဗားရှင်းကလည်း မကြာခင် တကယ်ဆုယူရတော့မှာမို့
အချိန်ကိုက်ပဲဗျာ…
Myo Thant
July 18, 2013 at 3:02 pm
ကိုမိုက်ရေ
တနင်္ဂနွေ တွေ့ကြမယ်ဗျာ
ပျော်ပျော်ပါးပါးပေါ့ ၊