Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာလဲဟဲ့ အာဇာနည် ( မောင်စွမ်းရည် )

ကျွန်တော်က အညာသားပါ။ ရန်ကုန်ကို ပြောင်းလာတော့ အညာက ဧည့်သည်တွေ လာရင် အဓိက လိုက်ပို့ရတာက ရွှေတိဂုံဘုရားကြီး။ ရွှေတိဂုံရောက်ရင် ဒါက အာဇာနည်ဗိမာန်၊ ဟိုဟာက အမျိူးသားနေ့ အထိမ်းအမှတ် (ပထမကောလိပ်သပိတ်) ကျောက်တိုင်၊ ဟိုဟာက သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ အဲဒီနားက အချွန်အတက်နဲ့ အုတ်ဂူက သီပေါမဟေသီ စုဖုရားလတ်ရဲ့  အုတ်ဂူ၊ ဒီဘက်ကတော့ ဗိုလ်ချူပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူ ဆိုပြီး ပြောပြရတယ်။ သမိုင်းဝင်အထိမ်းအမှတ် ဖြစ်နေလို့ အစီအစဉ်လိုက် ပြောရမယ်ဆိုရင် ပါတော်မူက စပြီး အမျိူးသားနေ့သမိုင်း၊ ကိုအောင်ဆန်းတို့ရဲ့ ၁၉၃၆ သပိတ်နဲ့ ၁၉၃၈ သပိတ်သမိုင်း၊ လွတ်လပ်ရေးသမိုင်းနဲ့ ဒီမိုကရေစီတိုက်ပွဲသမိုင်းအထိ ၁၈၈၅ ခုနှစ်က ၁၉၈၈ ခုနှစ်အထိ ခေတ်သစ်မြန်မာနိုင်ငံသမိုင်းကြီးတစ်ခုလုံး ပါဝင်နေတာကို တွေ့ရပါမယ်။

ရွှေတိဂုံဘုရားကို ကမာရွတ်ကနေ ဘက်စ်ကားနဲ့ သွားရင် ရွှေတိဂုံ ဘုရားကုန်းဆီ ဦးတိုက်တဲ့ မြောက်ဘက်က လမ်းကနေ အာဇာနည်ကုန်းကို ဖြတ်သွားရတဲ့ လမ်းကို ကျွန်တော် ရွေးလေ့ရှိပါတယ်။ ပြည်ပကို ထွက်မလာခင် ရက်တစ်ရက်မှာ အဲဒီခရီးစဉ်အတိုင်း တက်ကြဖို့ အညာက ဧည့်သည်တွေကို ခေါ်သွားခဲ့တယ်။ အာဇာနည်ဗိမာန် အရှေ့ဘက်ဦးခေါင်းရင်းထိပ်တည့်တည့်ရောက်တော့ အာဇာနည်ကုန်းကို ဝင်းခြံခတ်ထားတဲ့ သံဝင်းထရံနားကို ကပ်သွားလိုက်တယ်။ ကပ်သွားခိုက်မှာပဲ သေနတ်ထမ်းလာတဲ့ စစ်သားတစ်ယောက်က လက်ဆန့်ခြေဆန့်နဲ့ တခွပ်ခွပ်လမ်းလျှောက်လာတယ်။ အနှေးလျှောက်ပုံစံပေါ့။ အရင်ကတော့ အဲဒီလို စစ်သားအစောင့်မရှိဘူး။ နောက်မှ သတိရလိုက်တယ်။ ဒီဘက်မှာ ဗိမာန်တစ်ခု တိုးထားတာကိုး။

‘ ဒီဘက်ဟာက အညတရစစ်သည်ဗိမာန်လို့ ခေါ်တယ်။ ဒါက အခုမှ ဖြည့်ထည့်ထားတာ’ လို့ ပြောပြလိုက်တယ်။ ဒီမှာတင် အနှေးလျှောက် စစ်သားကြီးက ‘မဟုတ်ဘူး၊ ဒါ သူရဲကောင်းစစ်သည် ဗိမာန်’တဲ့။ မျက်နှာထားကြီးနဲ့ အော်လိုက်တာ အားလုံး လိပ်ပြာစင်သွားမတက်ပါပဲ။ ‘ ပြည်သူချဉ်သော စစ်သားကြီး’၊ ‘ပျိုတိုင်းကြောက်တဲ့ ပဒိုင်းပွင့်ကြီး’လို့ စိတ်ထဲကပဲ ကျိန်ဆဲလိုက်တယ်။ နှုတ်ကတော့ ‘ဪမသိလို့ပါခင်ဗျာ’ လို့ ကျောင်းဆရာ အကျင့်ပါနေတဲ့ အောက်ကျို့သံနဲ့ တောင်းပန်လိုက်ရပါတယ်။ သူ အတော်လေးဝေးသွားမှ ခပ်လှမ်းလှမ်းအနိမ့်ဘက်ရွှေ့ထားတဲ့ အာဇာနည်ဗိမာန်ကို လှမ်းပြရပါတယ်။ မြောက်ကိုရီးယားက အကြမ်းဖက်သမားတွေ လာရောက်ဗုံးခွဲခဲ့တဲ့ နောက်ကြောင်း ရာဇဝင်လည်း ပြောပြလိုက်ရပါတယ်။

မြောက်ကိုရီးယား ထောက်လှမ်းရေးသမားတွေဟာ အလွန်ညံ့ပါတယ်။ သူတို့က အာဇာနည်နေ့မှာ မြန်မာထိပ်တန်းခေါင်းဆောင်တွေက အာဇာနည် ကျေးဇူးရှင်တွေကို မမေ့မလျော့ လာရောက်ဂါရဝပြုကြမယ်လို့ ထင်ထားပုံရပါတယ်။ နိုင်ငံခြား ဧည့်သည်တွေကိုလည်း အာဇာနည်ဗိမာန်ကို ပို့ပေးကြလောက်အောင် ယဉ်ကျေးမယ်လို့ ထင်ထားပုံရပါတယ်။ မြန်မာပြည်စစ်အာဏာရှင်တွေမှာ ဂါရဝ၊ နိဝါတ တရား မရှိကြတော့ဘူး။ ဗိုလ်နေဝင်းတို့ တစ်ခါမှ အလေးမပြုဖူးဘူး။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ လွတ်လပ်ရေးဖခင်၊ တပ်မတော်ရဲ့ ဖခင်ဆိုတာ မေ့ပစ်ချင်ကြတယ်။ ပြည်သူတွေကိုလည်း ကျေးဇူးမေ့ဖို့ စွတ်လုပ်နေတယ်။ ဒါကို ကိုရီးယားတို့ မသိ။ အရင်ကတော့ အောင်ဆန်းပုံကို ငွေတစ်ကျပ်တန်မှာပဲ ချန်ထားတယ်။ အောင်ဆန်းကို သူတောင်းစားရဲ့ ခွက်ထဲမှာပဲ မြင်ခွင့်ရအောင် လုပ်ခဲ့ရာက အခုတော့ လုံးဝဖျောက်ပစ်ကြပြီး ပျဉ်းမနားကြပ်ပြေးမှာ အောင်ဆန်းကြေးရုပ်၊ အောင်ဆန်းဈေး၊ အောင်ဆန်းလမ်းဆိုတာ တွေ့ရှိမှာ မဟုတ်ဘူး။ လမ်းဆုံ၊ လမ်းမ၊ လမ်းလေးခွမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ကြေးရုပ်ကို အီရတ်မှာ ဆတ်ဒန်ဟူစိန်ကြေးရုပ်လို လုပ်ထားမလား မသိဘူး။

တကယ်တော့ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ဗထူး၊ ဦးသန့်တို့လို ပုဂ္ဂိုလ်တွေရဲ့ အုတ်ဂူတွေ၊ ကျောက်ရုပ်၊ ကြေးရုပ်တွေဟာ လမ်းဆုံတကာမှာ ရှိနေရမှာပါ။ အခုတော့ ရှိပြီးသားတွေကိုတောင် လိုက်ဖျက်နေကြလေရဲ့။ အာဇာနည်ဆိုတဲ့ ဂုဏ်ကိုရော အလွန်ပဲ မနာလို ဖြစ်နေဟန်ရှိပါတယ်။ ကျွန်တော်တို့ မန္တလေးမှာဆိုရင် အာဇာနည်ဗိမာန်ရှိနေတာကို လူမသိကြတော့ဘူး။ အခု အာဇာနည်လမ်းခေါ်တဲ့ ၂၆ ဘီလမ်းပေါ်မှာ ၁၉၃၈ ခုနှစ် သပိတ် (၁၃၀ဝ ပြည့်အရေးတော်ပုံကာလ)က ချီတက်ဆန္ဒပြလာကြတဲ့ သံဃာတော်၊ ကျောင်းသားတွေကို အင်္ဂလိပ်အရေးပိုင်က သေနတ်နဲ့ ပစ်သတ်တားဆီးလို့ အာဇာနည် ၁ရ ဦး ကျဆုံးခဲ့ရတယ်။ ကျဆုံးသူ ၁၂ နှစ် အရွယ် ကျောင်းသားလေး မောင်တင်အောင်ဆိုတာ သျှောင်ပေစူးလေးနဲ့ပါ။ ရန်ကုန်မှာ ဗိုလ်အောင်ကျော်တစ်ယောက် အသက်ပေးခဲ့တာကို မန္တလေးက ၁ရ ယောက် ဆက်လက် အသက်ပေးခဲ့ပါတယ်။ အဲဒီ ဂူဗိမာန်ကို အခုအခါ ချုံနွယ်ပိတ်ပေါင်းနဲ့ မြင်မကောင်းအောင် ဖြစ်နေပါပြီ။ မန္တလေးနဲ့ အမရပူရသွား လမ်းဘေးမှာ ရှိတာကိုတောင် လူမသိတော့ပါဘူး။ အဲဒီတုန်းက တပ်မတော်ဆိုတာ တစ်ကောင်တစ်မြီးမှ မရှိသေးဘူး။ သံဃာနဲ့ ကျောင်းသားတွေကပဲ အသက်စွန့်ခဲ့ကြတာလေ။ အခုတော့ သူတို့ စစ်သားတွေသာလျှင် နိုင်ငံရဲ့ ကျေးဇူးရှင်တဲ့။ နိုင်ငံအုပ်ချုပ်ရေးမှာ သူတို့ပါမှ ဖြစ်မှာတဲ့။ တောင်းချင်းတောင်းရင် သံဃာနဲ့ကျောင်းသားက တောင်းရမှာပေါ့နော်။

လွတ်လပ်ရေးရခါနီး ၁၉၄၇၊ ဇူလိုင် ၁၉မှာ ကျဆုံးခဲ့တာ အာဇာနည်အားလုံး ၉ ဦးပါ။ အဓိက လုပ်ကြံတာကတော့ ဖဆပလ ဥက္ကဌ ဦးအောင်ဆန်းကိုပါ။ လုပ်ကြံခံရသူတွေထဲမှာ စစ်ဗိုလ်တွေ မပါဘူး။ ဂဠုန်စောက ပုဂ္ဂိုလ်ရေး မနာလိုမှုနဲ့ လုပ်ကြံခဲ့တဲ့ ဒဏ်ရာဒဏ်ချက် အကျိုးဆက်ဟာ ကျဆုံးတဲ့အထဲက ဒီးဒုတ်ဦးဘချိုဆိုတာ အမျိုးသားကောလိပ်မှာ ဘကြီးမှိုင်းနဲ့အတူ မြန်မာစာဆရာလုပ်တော့ လခမမှန်လို့ မစားလောက်၊ မသောက်လောက် ဖြစ်နေချိန်မှာ ဓာတုကုန်ထွက်တွေ ထုတ်လုပ်အသက်ဆက်ခဲ့ရသူပါ။ ဓာတုဗေဒကိုလည်း လက်တွေ့အသုံးချနိုင်အောင် တတ်ပါတယ်။ ဒီးဒုတ်ဦးဘချိုဆိုတာ မြန်မာစာ၊ မြန်မာမှုပညာရှင် အချွန်အမွန်ပုဂ္ဂိုလ်ကြီး တစ်ဦးပါ၊ ပါသွားရှာပါတယ်။ ဆရာကြီးချိုဟာ ဝိဇ္ဇာပညာရှင်၊ အနုပညာရှင်ဖြစ်ပေမယ့် တက္ကသိုလ်မှာ သိပ္ပံယူခဲ့သူပါ။ မြန်မာတွေကို အိုင်းစတိုင်းရဲ့ နှိုင်းမရဓမ္မကို ဗုဒ္ဓရဲ့ ဟေတုပစ္စယောဝါဒနဲ့ နှိုင်းယှဉ်မိတ်ဆက်ပေးခဲ့သူပါ။ ဒီးဒုတ်ဂျာနယ် တည်ထောင်ပြီး လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့လို့ ဒီးဒုတ်ဦးဘချို အမည်တွင်ပါတယ်။ ဒီးဒုတ် ဂျာနယ်ဆိုတာ အမျိုးသားကောလိပ်ပျက်မှ ထူထောင်တာပါ။ ဆရာကြီးချိုရဲ့ တပည့်ရင်း ဦးနုကို အကြောင်းပြုပြီး နောက်အခါမှာ ဦးသိန်းဖေမြင့်နဲ့ ဦးအောင်ဆန်းတို့လည်း ပါဝင်ရေးသားလာကြပါတယ်။ ဒီးဒုတ်ဂျာနယ်ထုတ်မှ ‘ဒီးဒုတ်ဦးဘချို’ အမည်ရလာခဲ့တာပါ။ ဝတ္ထု၊ ကဗျာတွေလည်း ရေးပါတယ်။ စာပြောင်၊ စာလှောင်တွေလည်း ရေးပါတယ်။ မဟာဂီတကိုလည်း တည်းဖြတ်ခဲ့ပါတယ်။ မြန်မာခေါင်းပေါင်းနဲ့ ခါးတောင်မြှောင်အောင် ကျိုက်ပြီးတော့လည်း စကိတ်စီးခဲ့ပါတယ်။ အင်္ဂလိပ်တွေ မျက်လုံးပြူးအောင် စီးပြနိုင်တာပါ။

သခင်မြဆိုရင် ဆရာစံသူပုန်က စပြီး နာမည်ထွက်လာသူပါ။ ဆရာစံဘက်က ရှေ့နေလိုက်ခဲ့ရာက နိုင်ငံရေးလောကမှာ သခင်ဖြစ်လာပါတယ်။ ဖက်ဆစ်တော်လှန်ရေး မြေအောက်ခေါင်းဆောင်ကြီး တစ်ဦးပါပဲ။ ဦးရာဇတ်နဲ့ ဦးဘဝင်းတို့ကတော့ အမျိုးသားကျောင်းက ကျောင်းအုပ်ကြီးတွေပါ။ ဖြောင့်မတ်တည်ကြည်ပြီး ကိုယ်ကျိုးစွန့်လုပ်ခဲ့ကြတဲ့ မျိုးချစ်နိုင်ငံရေးသမားကြီးတွေ အဖြစ် ကျော်ကြားပါတယ်။ စဝ်စံထွန်းတို့၊ မန်းဘခိုင်တို့ဆိုတာလည်း ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဓာတ်ကို ခဝါချပြီး ပြည်ထောင်စုကြီး ထူထောင်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်သူတွေအဖြစ် ပြည်သူက လေးစားခဲ့ရသူတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးခေါင်းဆောင်ပီသမှု၊ နိုင်ငံရေးသုခမိန်ဂုဏ်မြောက်မှုက အဲဒီလို စွမ်းဆောင်မှု အသီးသီးရှိကြတဲ့ ပြည်ချစ်နိုင်ငံရေးသမားကြီးတွေကို ရှာဖွေ ရွေးချယ်စုစည်းပြီး ဦးဆောင်နိုင်မှုစွမ်းရည်ပါပဲ။ လူတစ်ဦးရဲ့ အတ္တကြီးမှု၊ အမြင်ကျဉ်မြောင်းမှုတွေကြောင့် ဒီလိုအရည်အချင်းပေါင်းစုံနဲ့ ပြည့်ဝတဲ့ လူစုကြီးတစ်စုလုံးကို ခေါင်းဆောင်သူပါ တစ်ပါတည်း ဆုံးရှုံးသွားရပုံဟာ အလွန်ကြေကွဲဝမ်းနည်းစရာ ကောင်းလှပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ အကြမ်းဖက်အုပ်ချုပ်တဲ့ ဖက်ဆစ်ဂျပန်အစိုးရကို အကြမ်းဖက်ပြီး လက်နက်ကိုင်တော်လှန်ခဲ့တယ်။ ဖြစ်နိုင်ရင် တိုင်းပြည်ရဲ့ အနာဂတ်ရေး၊ ပြည်သူတွေ နစ်နာဆုံးရှုံးမှု မဖြစ်ရေးအတွက် စေ့စပ်ဆွေးနွေးတဲ့ ဒိုင်ယာလော့ခ်နည်းကို စနစ်တကျပြင်ဆင်ပြီး စိတ်ရှည်လက်ရှည် အသုံးချပါတယ်။ ခေတ်သစ်သမိုင်းမှာ အင်္ဂလိပ်အစိုးရနဲ့ စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးခဲ့တဲ့ ဦးအောင်ဆန်းရဲ့ ‘ဒိုင်ယာလော့ခ်အစဉ်အလာဟာ အလွန်ကြီးမားခဲ့ပါတယ်။ ပင်လုံစာချုပ်ဟာလည်း လွတ်လပ်ရေးအတွက် တံတားခင်းပေးရုံမက ဒီမိုကရေစီပြည်ထောင်စု အတွက်လည်း အုတ်မြစ်ချပေးခဲ့တာ မဟုတ်လား။ ပင်လုံစာချုပ်ကိုလည်း ဒိုင်ယာလော့ခ်ခေါ် စေ့စပ်ဆွေးနွေးနည်းနဲ့ပဲ ချုပ်ဆိုနိုင်ခဲ့တာ မဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်ပါ။ သူရဲ့ စစ်သေနာပတိရာထူးကို ဘယ်သူမှ မျက်စောင်းမထိုးဝံ့၊ မထိုးနိုင်ပါဘူး။ ဒါပေမဲ့ ဒီစစ်တပ်အာဏာကိုစွန့်ပြီး ဖဆပလ ဥက္ကဌအဖြစ်နဲ့ နိုင်ငံရေးလုပ်ခဲ့ပါတယ်။ ‘နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်က ထွက်’ လို့ လမ်းပြခဲ့တာဟာ အလွန်ကြီးမားတဲ့၊ ကောင်းမြတ်တဲ့ နမူနာအစဉ်အလာကြီးပါ။ အမြော်အမြင်ကြီးပါပေတယ်လို့ လူတိုင်း ချီးမွမ်းရတာပါ။ ဖဆပလအတွင်းမှာ ဖက်ဆစ်တော်လှန်တုန်းက ရှောင်တောင်တောင်လုပ်ခဲ့တဲ့ နိုင်ငံရေးသမားတချို့က ဝင်မွှေတော့ ဖဆပလကြီး အက်ကြောင်းပေါ်ခဲ့ပါတယ်။ ဒါကို စေ့စပ်ဖို့ ‘ လက်ဝဲသမားလူငယ်တွေ ညီညွတ်ဖို့ လိုတယ်’၊ ‘စားဖားတွေ ညီညွတ်တာ မလိုချင်ဘူး’ လို့ ကြွေးကြော်လိုက်တာနဲ့တစ်ပြိုက်နက် ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်နယ်ချဲ့သမားနဲ့တကွ တစ်ကိုယ်ကောင်းအတ္တနိုင်ငံရေးသမားတွေက အမြန်ရှင်းပစ်ဖို့ ကြိုးစားတော့တာပါပဲ။ ဗိုလ်ချုပ်နဲ့တကွ ပြည်ချစ်နိုင်ငံရေးခေါင်းဆောာင်ကြီးတွေ၊ တည်ကြည်ဖြောင့်မတ်အတ္တကင်းတဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားခဲ့တာဟာ နှစ်ပေါင်း ၅ဝ ကျော်အထိ အဖက်ဆယ်လို့ မရနိုင်တော့ပါလား။ လူငယ်မျိုးဆက်သစ်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ကျောင်းသား သံဃာတွေကို တစ်ခုမကျန် ဖြိုဖျက်ပြီး မြန်မာ့နိုင်ငံရေးကို သင်းကွပ်၊ မြန်မာ့သမိုင်းကို ပြာချရေမျှောလုပ်တာကို ကျွန်တော်တို့ သတိပြုပြီး ညီညွတ်မှုနဲ့ ပြန်လည် အဖက်ဆယ်ရပါလိမ့်မယ်။ နိုင်ငံရေးအမြင်တို၊ အမြင်ကျဉ်းခဲ့တာတွေ၊ မညီညွတ်ခဲ့တာတွေကို သင်ခန်းစားယူပြီး အချိန်မြန်မြန်နဲ့ ပြင်ဆင်ပြီး အမြင်ကျယ်ဖို့၊ အမြော်အမြင်ကြီးဖို့ ကြိုးစားကြရပါလိမ့်မယ်။

၁၉၈၈ ခုနှစ်မှာ နိုင်ငံရေးမဲ့ အာဏာရှင် စစ်ဖိနပ်အောက်က ပြည်သူလူထုတစ်ရပ်လုံး ရုန်းထခဲ့ရပြီ။ ရုန်းလက်စနဲ့ ဆက်မရုန်းရင်တော့ လယ်တီဆရာတော်ဘုရာကြီး အမိန့်ရှိသလို……

‘ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနဲ့ပြင် ရှိသေးလေလိမ့်လား
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနဲ့ပြင် ရှိသေးလေလိမ့်လား
ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နဲ့ပြင် ရှိသေးလေလိမ့်လား’ လို့ပဲ ပြောလိုက်ရပါတော့မယ်။
အဲဒါကိုသာ အလွတ်ကျက်ထားကြ၊ ဂါထာလို ရွတ်ဖတ်ကြပါစို့။ အာဇာနည်ဗိမာန်ကို ပြည်သူစုံညီ၊ စိတ်ရှိလက်ရှိ၊ လွတ်လွတ်လပ်လပ် အလေးပြုနိုင်ကြမယ့် နေ့တစ်နေ့ကို ရောက်အောင် မလုပ်နိုင်ရင်၊ ပြည်ပရောက်မြန်မာတွေလည်း ပြည်ပမှာပဲ မြန်မာမလုပ်တော့ဘဲ ဇာတ်မြှပ်လိုက်ကြပါစို့။

ကွယ်လွန်သူ အာဇာနည်အပေါင်းကို အလေးပြုရင်း………..။

ဇူလိုင် ၁၉ – ၂၀၀၆ ပြည်သူ့အမြင်စာစောင်

( ဆရာ မောင်စွမ်းရည်၏  ဘာလဲဟဲ့  စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည် )

 

Photo1684

8 comments

  • မင်းမင်း

    July 16, 2013 at 2:01 pm

    ဦးမျိုးရေ

    ကျုပ်လဲ အာဇာနည်နေ့မှာ

    ဒီကဇက်က လူတွေနဲ့ အတူတူ

    တညီတညာတည်း တပြေးညီ တည်း

    အလေးပြုချင်တယ်ဗျာ။

    အဲဒီနေ့ ရောက်ရင် ဦးမျိုး အလေးပြုဖို့

    ရှေ့ကနေတိုင်ပေးပါလာဗျာ။

    ရင်ထဲကဆန္ဒ ပါ။

    • Myo Thant

      July 16, 2013 at 4:03 pm

      ကြိုးစားမယ်ဗျာ

      • မင်းမင်း

        July 16, 2013 at 4:16 pm

        ကျေးဇူးပါဗျာ။

  • Garfield

    July 16, 2013 at 2:07 pm

    သူတို့ တင် ဗိုလ်ချုပ်တို့ ပုံရိပ်ကို ဖျောက်ဖျက်ချင်တာမဟုတ်။
    မျိုးဆက် တစ်ချို့ကိုပါ ဒီလို ဗိုလ်ချုပ်ကို နေရာပေး သတိတရဖြစ်တာကို
    အမြင်ကပ်တတ်အောင် အသိထဲကို အဆိပ်လောင်းပေးခဲ့ကြတယ်။
    တော်ကြပါပေတယ်ဗျာ။ 🙁

  • အလင်း ဆက်

    July 16, 2013 at 4:00 pm

    ဦးမျိုးရေ
    ဖတ်သင့်တဲ့ စာပေလက်ရာ ကောင်းတွေ ဝေမျှပေးလို ့
    ကျေးဇူးပါ

    • Myo Thant

      July 16, 2013 at 4:06 pm

      အလက်ဆင်းရေ
      ကျနော်လည်း အမေ့စာအုပ်စင်က တွေ့လို့ တင်လိုက်တာပါ ၊
      ကျေးဇူးမလိုပါဘူးဗျာ ၊
      ရွာထဲမှာ ဒီလိုပဲ မျှဝေဖတ်ရူခံစားနေကြရတာပဲ မဟုတ်လား ၊

  • Mr. MarGa

    July 16, 2013 at 8:39 pm

    အာဇာနည် ခေါင်းဆောင်တွေ အကြောင်းကို
    ဒီလောက်အထိတော့ မသိခဲ့ဘူး
    အခုမှ သိရတယ်
    ကျေးဇူးဗျို့

  • အရီးခင်လတ်

    July 16, 2013 at 8:47 pm

    ကျွန်မ အဖေ က
    ကျွန်မတို့ ငယ်ကထဲ က အာဇာနည်နေ့တိုင်း အာဇာနည်ကုန်းကိုပို့ပြီး အလေးပြုတဲ့ အကျင့်လုပ်ပေးတယ်။
    တာဝါလိန်းဗိုလ်ချုပ်ပြတိုက် ကို အမြဲပို့ပေးတယ်။
    အဲဒီ အကြောင်းတွေ က ဘဝ မှာ ဂုဏ်ယူစရာ အစိတ်အပိုင်းတွေထဲ က အချက်တွေပေါ့။
    မျှပေးတဲ့ စာလေးတွေ အတွက်ကျေးဇူးပါ ကိုမျိုးရေ။

Leave a Reply