“လင်္ကာဒီပ တို့မောင်နှမ”

nicolus agralAugust 7, 20131min21810

သူငယ်ချင်းတစ်ယောက် ဘွဲ့လွန်ဝင်ခွင့်ဖြေတော့ “ဒီနှစ် ဆိုကရေးတီးမှာ ပြိုင်နေတာ ဘာဇာတ်တော်လဲ။” လို့ အမေးခံရတယ်။ မာစတာလိုချင်တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ တိုင်းပြည်ရဲ့ မျက်မှောက်ရေးရာ အဖြာဖြာကို ဂလောက်တော့ တီးမိခေါက်မိ ရှိသင့်တာပေါ့။ တို့သယ်ရင်းကြီးကလည်း အဲ့လောက်တော့ မပိန်းပါဘူး။ ဆရာဝန်ပါဆိုမှ ဗိုလ်ချုပ်ကို လုပ်ကြံတာ နဂါးဒေါ်ဦးပါ လို့ ဖြေမယ့်အစားမျိုးလား။ “ရာမဇာတ်တော်ကြီးပါ ခင်ဗျာ။” လို့ မဆိုင်းမတွ ဖြေလိုက်နိုင်သားပဲ။ မောင်မင်း လူကလေး။ ငယ်ပါသေးတယ်။ ကိုယ့်ဆရာကြီးတွေ ဆက်တိုက်ဆင်လာတဲ့ နောက်သိုင်းကွက်အစမှာ ကျွမ်းထိုးနောက်ပြန် တပ်လန်လာခဲ့တယ်။ “အေး ဟုတ်ပြီ။ ရာမာယနဇာတ်တော်ကြီးကနေ မင်းအတွက် ဘာတွေ သင်ခန်းစာရသလဲ။ နည်းနည်းရှင်းပြစမ်းပါဦး။” တဲ့။ အဲဒီမေးခွန်းကို ကြားမိတဲ့အချိန်မှာတော့ ကိုယ့်ပါးစပ်ကတော့ တစ်ခွန်းပဲ ထွက်တယ်။ ရာမဇာတ်တော်က ပြောချင်တာ “အိမ်ကမိန်းမကို ဘယ်တော့မှ အလိုမလိုက်နဲ့။ သူပူဆာတိုင်း လိုက်ဖြည့်ဆည်းပေးနေရင် နောက်ဆုံးကျ ဘီလူးရွာတစ်ရွာလုံးနဲ့ သတ်ရလိမ့်မယ်။” လို့။

အခုအချိန်မှာ အဲဒီဇာတ်တော်ကလေးနဲ့ အဲဒီအမေးအဖြေတွေကို တစိမ့်စိမ့် ပြန်တွေးနေမိတဲ့အကြောင်းကတော့ သူမှန်တယ်၊ ကိုယ်မှားတယ်တွေ တစ်ခုမှ မပါဘူး။ တို့ဆရာ လူကြီးမင်းတွေ အဲ့မေးခွန်းကို မတရားသဖြင့် အမြင်ကပ်လို့ ဖဲ့မေးမေးသွားတာ မဟုတ်ဘူး။ ချောက်ချသွားတာလည်း မဟုတ်ဘူး။ စိတ်ထဲရှိတာ ဗလွတ်ရွှတ်တ ဖြေချသွားတဲ့ ကိုယ့်ထက် အပြန်တစ်ရာမက အမျှော်အမြင်ရှိရှိ၊ ပညာရှိဆန်ဆန် အကဲစမ်းသွားတဲ့ လက်ရည်တွေကို ဒီအသက်ဒီအရွယ် ဒီအတွေ့အကြုံတွေရမှပဲ မြင်ရုံကလေး မြင်တတ်လာတော့တယ်။ ရာမဇာတ်တော်ဟာ ကိုယ်ထင်ထားသလောက် ပေါ့ပေါ့တန်တန်တော့ မဟုတ်ဘူး။ သီတာ၊ ဒဿ၊ ရာမ၊ လက္ခဏလောက်နဲ့ မှော်ရုံမြိုင်ထဲ လဗ်ဆင်းရိုက်နေတာသက်သက် မကဘူး။ အရှေ့တိုင်းရဲ့ အတွေးအခေါ် ဒဿနတွေနဲ့ ဘဝသင်ခန်းစာတွေ တပုံတပင်ပါတယ်။ တွေးရင်တွေးသလောက် ကျယ်ပြန့်တယ်။ ဖွဲ့ရင်ဖွဲ့သလောက် ဆန်းပြားတယ်။ ဟိုးအရင်တစ်ခါတုန်းကတော့ ဇာတ်တော်ကို ပထဝီမြေပုံပေါ်တင်ပြီး “မင်းရာမရဲ့ ကိဿကိန္နာ” လို့ ရေးခဲ့ပြီးပြီ။ ခုတစ်ခါမှာတော့ ဇာတ်တော်ထဲမှာပါတဲ့ သီဟိုဠ်ကျွန်းသား မောင်နှမများကို ခေါင်းထဲကထုတ်မရလောက်အောင်

မြင်ယောင်လာလို့ နောက်ထပ်ရှုထောင့်တစ်မျိုးက ရေးမိရပြန်ပြီ။

ဇာတ်တော်ရဲ့အခရာ၊ ဇာတ်ကောင်တွေအားလုံးကို အသက်ဝင်လာအောင် အလယ်ခေါင်က ဒေါင်းတောင်နဲ့ ရိုက်နှိုးတဲ့ဇာတ်ရုပ်ကတော့ ဒဿဂီရိရဲ့ နှမတော် ဂမ္ဘီ ဘီလူးမကလေးပါပဲ။ သူ့ခမျာ သားနှစ်ကောင်တို့လို့တွဲလဲနဲ့ ဆင်ဂယ်မားသားလေးဘဝပါ။ ကြင်ယာတော်က ဘယ်သူဘယ်ဝါမှန်း သတိမထားမိလိုက်ဘူး။ ဇာတ်ကိုစတဲ့အချိန်မှာတော့ ဂမ္ဘီမယ်ဖျားက ချစ်သားသားလေးများကို ချစ်ကိုကြီး ဒဿဂီရိဆီကရတဲ့ နယ်မြေအပိုင်စားများ ပေးသနားနေပြီ။ ဘီလူးဆိုတဲ့သဘောဟာ ဝေသာလီပြည်ကဟာတွေနဲ့ အနှိုင်းခံရတဲ့ လူသားများလို မြင်မြင်သမျှ သိမ်းလို့ရ၊ လက်ညှိုးထိုး လက်မှတ်ထိုးပြီး ရောင်းချင်တဲ့သူ စာချုပ်ချုပ်ရောင်းလို့ရတဲ့ သဘော မရှိလေဘူး။ ဝေသဝဏ်နတ်မင်း၊ ကုဝေရနတ်မင်း အစရှိတဲ့ စတုမဟာရာဇ်နတ်မင်းကြီးများရဲ့ ခွင့်ပြုမိန့်နဲ့ ပါမစ်ကျထားတဲ့ ပိုင်နက်နယ်မြေအတွင်းမှာသာ စည်းနဲ့ကမ်းနဲ့ ဖမ်းယူစားသောက်ခွင့် ရှိပါလေသတဲ့။ ဒုသ နဲ့ ခရ ဆိုတဲ့ ဘီလူးလူမမယ်ကလေးများက အပိုင်စားရတဲ့တောဟာ မှော်ရုံဟေဝန် တောမြိုင်စွန်မှာ ဆိုတော့ ရာမ၊ လက္ခဏ၊ သီတာတို့ ၁၂ နှစ်တာ ကျက်စားရမယ့်နေရာနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတယ် မဟုတ်လား။ နယ်စပ်မှာ ဘီလူးစီးပြီး သတ်ကြဖြတ်ကြတာ ဝါလမိကိကြီး ရာမာယနရေးတဲ့ ခေတ်ကတည်းက ရှိတယ်ထင်ပါရဲ့။ ဘီလူးညီနောင်ခမျာ အသတ်ခံရရုံတင်မဟုတ်ဘူး။ “ရာမမင်းသားမှ ဆုံးမလိုက်သည်” လို့ပါ ဦးရီးတော် ဒဿဂီရိဆီကို ရွှေပေလွှာနဲ့ တဂ်လုပ်သွားတယ်။ ဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ် အမည်မသိ တိုင်းသားပြည်သူတွေ ရာထောင်ချီ သေချင်သေလို့ရပါတယ်။ စာရွက်ပေါ်တောင် အတင်ခံချင်မှ ခံရလိမ့်မယ်။ လူကြီးသား၊ လူကြီးတူ သေရင်တော့ တစ်ယောက်သေသေ၊ နှစ်ယောက်သေသေ၊ နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်လာလေ့ရှိတယ်။ ဒုသ နဲ့ ခရ ဟာ ဒဿဂီရိရဲ့ တူအရင်းခေါက်ခေါက်တွေ၊ ဒဿဂီရိကိုယ်တိုင်ကိုက ရာမ၊ လက္ခဏ နဲ့ ကျောင်းတော်က ရန်စ ရှိတယ်။

ဒီအခန်းမှာ အဓိကပြောချင်တာကတော့ မိဂမ္ဘီ ဉာဏ်ပလီတာများ လို့ ဆိုကြတဲ့ အညှိုးကြီးသူ ဘီလူးမကလေးရဲ့ မာယာဂလဲ့စားအကြောင်းပါ။ မိန်းကလေးတို့သဘာဝ “ရွှေသမင်ကို ဖမ်းလို့ပေးပါ” ပူဆာသူ မယ်သီတာကလေးကို အပြစ်မတင်ရက်သလို “ဘာပဲလုပ်ရလုပ်ရလေ” ဆိုပြီး ချစ်သူကို အလိုလိုက်တဲ့ မောင်တော်ရာမကိုလည်း ရိုးမယ်မဖွဲ့ချင်ပါဘူး။ ချစ်သူတို့ဘာဝဆိုတာ သည်လိုပဲ ရှိကြပါတယ်။ ကလေးဘဝကတည်းက ကိုယ်တွေ အားမလိုအားမရ အသည်းတယားယား ရှိခဲ့တဲ့အခန်းကတော့ ဂမ္ဘီက ရာမအသံနဲ့ “သမင်ခတ်လို့ မြိုင်ရပ်မှာသေရပါတော့မယ်” လို့ အော်တဲ့အခါ မစဉ်းမစား မတ်တော်မောင် လက္ခဏကို နောက်ကအတင်းလိုက်ခိုင်းတာကိုပါ။ ကိုယ့်ယောကျင်္ားအသံမှ ကိုယ်မမှတ်မိစရာလား လို့ တွေးမိတာက တခြား။ အကောင်အထည် မျက်မြင်ကိုယ်တွေ့မဟုတ်ပဲ တောထဲတောင်ထဲ ကြားသမျှအသံ လိုက်ယုံနေရင် သင်းခွေချပ် အခေါ်ထူးမိတာနဲ့ သေသွားတော့ ဘယ့်နှယ့်လုပ်မတုန်း လို့ ကလေးဦးနှောက်နဲ့ တွေးမိသားဗျ။ မယ်သီတာ တော်တော်အတဲ့ မိန်းကလေးလို့ ထင်မိတာ ခေတ်ကာလသားသမီးများက မနီးရိုးစွဲလိုက်နေတော့ အိုး ခက်ရချည့်ရဲ့။

ခရစ်မပေါ်မီ၊ ဘုရားမပွင့်မီကာလက ဟိုးမားရဲ့ အိုဒစ်ဆီကဗျာရှည်ကြီးလိုပဲ ဝါလမိကိရဲ့ ရာမယနမြစ်ဖျားခံရာ အရှေ့တိုင်း စာပေလင်္ကာတွေထဲက ဂမ္ဘီမယ်မယ်ရဲ့ မာယာကြာခြည်ဟာ သည်ကနေ့ ၂၁ရာစုက အိုင်တီနတ်သူငယ်ကလေးများရဲ့ ကာလထိအောင် ချည်နိုင်တုပ်နိုင် လှည့်ဖြားနိုင်ဆဲ ဖြစ်နေတာကတော့ အံ့ဩစရာကောင်းပါတယ်။ (အင်တာဗျူးမှာ မဟတ္တမဂမ္ဘီ လို့ မှားဖြေရင်တော့ သေရအောင်သာပြင်) အင်တာနက်ပေါ်မှာ အနယ်နယ်အရပ်ရပ်က ကြားကြားသမျှသော ဂမ္ဘီသာရပျို့တွေကို အဟုတ်မှတ်ပြီး နောက်က လိုက်လိုက်ဖွနေတာမြင်ရတော့မှ ရွှေသမင် အလိုက်မှားတာ ရာမမင်းသား တစ်ပါးတည်းမှ မဟုတ်ပဲလေ လို့ သင်ခန်းစာရရပါတယ်။ ဒီမိုကရေစီလို့ ရှေ့ကတိုင်လိုက်ရင် နောက်ကနေ ဝေလေလေတွေ တပြုံကြီးပါလာတတ်တဲ့ သဘာဝကိုတောင် သတိမထားမိကြဘူး။ ဒရာမာလေးမှ ချိုးမယ်မကြံလိုက်နဲ့ တောက်တခေါက်ခေါက်နဲ့ မျက်ရည်တွေသွန်ပလိုက်ဖို့ အသင့်ပဲ။ မျက်မှောက်ခေတ်ဇာတ်ခုံပေါ်က ရာမဇာတ်တော်မှာလည်း ဦးရီးတော်မာရဇ္ဇလို အယောင်ဆောင်ရွှေသမင်ပြလို့ လမ်းလွဲအောင် ခေါ်ထုတ်သွားသူတွေကိုလည်း တွေ့နေရတယ်။ မာမီဂမ်လို ပြည်သူ့အသံပါဆိုပြီး ဇာတ်နာအောင် ရင်ထုထုပြီး ငိုပြနေတာတွေလည်း ခဏခဏ ကြားနေရတယ်။ အလစ်မှာ သင်္ကန်းခြုံပြီး မယ်သီတာ အရခိုးမယ့် ဒဿဘီလူးကြီးလည်း ရှိတယ်။ ဘယ်ဟာတွေက အမှန်လဲ။ ဘယ်ဟာတွေက လှည့်စားနေတာလဲ။ မကွဲပြားသေးရင်တော့ မြန်မာတွေ ခေတ်နောက်ကျတာ ရာမဇာတ်ထဲကကို မတက်နိုင်သေးဘူး လို့ မှတ်ရမှာပေါ့။

ပွင့်လင်းလာတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ ကိုယ်တို့ ဆရာဝန်တွေလည်း မကြာခဏဆိုသလို စာမျက်နှာပေါ် အင်တာနက်ပေါ်မှာ တာစားနေခဲ့တာ ကြာပါပြီ။ လူမဆန်စွာ၊ မေ့လျော့ပေါ့ဆစွာ၊ ငွေကြေးမက်မောစွာ၊ အရည်အချင်းညံ့ဖျင်းစွာ၊ များစွာသော စွပ်စွဲချက်တွေနဲ့ ဟိုးဟိုးကျော်လာတဲ့ လူထုအသံတွေက ပဲ့တင်ထပ်နေတယ်ဗျ။ ဟုတ်တာတွေ ပါသလို မဟုတ်ကဟုတ်ကတွေလည်း ပါသဗျ။ ဘယ်ဟာက ပိုများသလဲဆိုတာတော့ ကာယကံရှင် ဆရာဝန်များနဲ့ ပတ်သက်သူ လူနာများကသာ အသိဆုံး ဖြစ်မှာပါ။ (သူတို့အကြား နားလည်မှု လွဲမှားတာဆိုရင်တော့ ကိုယ်တွေဘက်က ဝင်ရှင်းပြပေးလို့ရတယ်။) အမှုအခင်းဖြစ်စဉ်နဲ့ တိုက်ရိုက် မပတ်သက်သူများအနေနဲ့ကတော့ ကြားကြားသမျှ ယုံယုံကြည်ကြည် အမျှယူ သာဓုခေါ်လို့ မတော်ပါဘူး။ သည်ယုံမြင်လို့ သည်ခြုံထွင်ထားတဲ့သူတွေရဲ့ လှည့်ကွက်ထဲမှာ ကားကနဲ မိသွားပါလိမ့်မယ်။ ဖတ်ကြားမိသမျှ သတင်းအချက်အလက်ပေါ်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ မချင့်ချိန်နိုင်ရင် အားကြီးတဲ့ဆင်တွေတောင် ကျုံးသွင်းခံရတတ်သတဲ့။

တိုင်းရေးပြည်ရေးနဲ့ ပတ်သက်လာတဲ့အခါမတော့ အယုံလွယ်ရင် ငါးပါးမှောက်ရောဗျား။

ပြည်သူဘက်က အော်တဲ့အသံတိုင်းဟာ ပြည်သူတွေရဲ့ အသံ ဟုတ်ရဲ့လား။ ဦးရီးတော် မာရဇ္ဖတွေက ဝင်ဝင်အော်ခိုင်းတာ မပါဘူးလား။ ဟန်ဝင်းအောင်တို့ နော်အုန်းလှတို့ဆိုတာ အစဉ်သဖြင့် ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည် တိုက်ပွဲဝင်နေကြတာ ငြင်းစရာ မရှိပါဘူး။ ဒါပေသိ ဒေါသစိတ်၊ ဝမ်းနည်းစိတ်တွေနဲ့ လမ်းပျောက်နေတဲ့ ပြည်သူတစုကို သူတို့ဦးတည်ပေးလိုက်တဲ့လမ်းကြောင်းဟာ ထွက်ပေါက်မှ ဟုတ်ရဲ့လား။ သူတို့ကိုယ်တိုင်ရော ထွက်ပေါက်ကို သိရဲ့လား။ ချောင်ပိတ်ပြီး မောင်းသွင်းနေတာများလား။ တွေးသင့်တာပေါ့။ သူတို့ကို မယုံရင် စိန်အောင်မင်းတို့ ရွှေမန်းတင်မောင်တို့ ပြောသမျှကိုရော ယုံရမလား။ ပိုပြီး ချင့်ချိန်လိုက်ပါဦး။ ဂမ္ဘီမနိုင် နှစ်ဆောင်ပြိုင်တွေပါ။ က စားလာတာ အံတိုနေပြီ။ အိုးဆားဗစ် အိုးဆားဗစ်။ ဒါဖြင့် ပြည်သူ့အသံ စစ်မစစ် ဘာကိုကြည့်ပြီး အကဲခပ်ရမှာတုန်း ဆိုရင် သိပ်တော့ မခက်ပါဘူး။ ပြည်သူက အမှန်တကယ် ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ် အစစ်က သူကိုယ်စားပြုထားတဲ့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို စောကြောပြီး ပြောဆိုတဲ့စကားသာလျှင် ပြည်သူလူထုရဲ့ အသံ စစ်စစ်ကြီး ဖြစ်တယ် မဟုတ်ဘူးလား။ (“ပွဲသိမ်းပြီ စိုးရေ။ ပွဲသိမ်းပြီ။” လို့ လာမဖောနဲ့ ဒီမိုမောင်မယ်တို့။ အဲဒီနှစ်ချက်မကိုက်ရင် ခများကိုလည်း မယုံဘူး။ ကျွန်တော့်ကိုလည်း မယုံနဲ့။)

နှမလေး မိဂမ္ဘီ ပြီးရင် သင်ခန်းစာယူစရာ နောက်ဇာတ်ကောင်တစ်ယောက်ကတော့ ညီတော်လေး ဘိဘိသနပါပဲ။ သူက အမှန်တရားဘက်တော်သားပါ။ သို့သော်လည်း သူရပ်တည်လိုက်တဲ့ အမှန်တရားဘက်မှာ သူ့သားချင်းတွေ ပါမလာတဲ့အတွက် အဲဒီအမှန်တရား အတုံးအခဲကြီးပိုက်ပြီး ရင်ကွဲနာကျရမယ့်သူပေါ့။ သိန်းဃိုလ်ပြည်မှာ အမှန်ကို မြင်နိုင်တာ သူတစ်ယောက်ပဲ ရှိပါတယ်။ ဒါပေမယ့် သူက ကျန်တဲ့သူတွေကို သူ့လိုပဲ အမှန်မြင်အောင် မသိမ်းသွင်းနိုင်ဘူး။ ဒီအခါမှာ သူ့မွေးချင်းသားရင်းတွေကို သူများလုပ်ကြံနိုင်ဖို့အတွက် ပုဆိန်ရိုးဇာတ်ကို ကရတော့တယ်။ ဒဿဂီရိဘက်က အစွမ်းထက် နတ်စစ်ဘီလူးများစွာဟာ သူလက်ထောက်ချတာနဲ့ပဲ မရှုမလှ အရေးနိမ့်ရတယ်။ နောက်ဆုံး သူ့နောင်တော် ဒဿဂီရိမှန်တဲ့ ရင်ဝက မြားချက်ဟာ သူညွှန်တဲ့ လက်ညှိုးရာပါနေတယ်။ အမှန်တရားတစ်ခုတည်းကို ဖက်တွယ်ပြီး အမျိုးတုန်းသွားတဲ့အခါ သူ့ခမျာ ပျော်မှ ပျော်နိုင်ပါစ။ ကိုယ်တို့တိုင်းရင်းသားတွေထဲက ဘယ်သူ့ကိုမှ ဘိဘိသန မဖြစ်စေချင်တာ အမှန်ပါ။ အမှန်အမှား ဝါဒတစ်ခုတည်းအတွက်နဲ့တော့ အတူနေထိုင်ကြီးပြင်းသူတွေကို လက်စတုန်း မကြံလိုက်ပါနဲ့ဦး။ သွေးဆိုတာ ရေထက်တော့ ပြစ်ပါတယ်။

ဗီဒီယိုငှားရင်တောင် “မင်းသား ဘယ်သူလဲ” သာ မေးငှားတတ်တဲ့ ကိုယ်တို့ မြန်မာတွေဟာ ရာမဇာတ်တော် လို့ ပြောလိုက်ရင် သီတာ၊ ရာမ၊ လက္ခဏ ကိုကျော်ပြီး ဘီလူးဇာတ်ကောင်ကလေးတွေ ပြောတဲ့စကားကို အရေးတယူ နားထောင်လိမ့်မယ် မထင်ပါဘူး။ တကယ်တော့ သူတို့စရိုက်ကလေးတွေကလည်း ကြွကြွရွရွ အသက်ဝင်နေလိုက်ပုံများ ၂၁ရာစု လူသားများတောင် သူတို့ အငွေ့အသက်နဲ့ မလွတ်ဘူး။ ခုချိန်မှာ ဆရာသမားများက “ကဲ ပြောစမ်းပါဦး။ ဘာတွေထပ်ပြီး သင်ခန်းစာရပြန်သလဲ။” လို့ မေးလာရင် ..

၁။ ဟိုလူပြော သည်လူပြောနဲ့ ကြားကြားသမျှ သတင်းစကား လူထုအော်သံတွေကို မစဉ်းမစား မယုံလိုက်နဲ့။

၂။ အယူအဆတစ်ခုအတွက်နဲ့ ကိုယ့်ညီနောင်သားချင်းတွေကို မစတေးနဲ့။

၃။ သင်္ကန်းကြီးခြုံထားရုံနဲ့ သက်လုံးပုံ ယုံမထားနဲ့။ (မယ်သီတာရော ပန်ထွာပါ အတုအစစ်မခွဲနိုင်လို့ ဒုက္ခများရတယ်)

၄။ ဘယ်နေရာမှာမဆို လူငယ်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် သိလှပြီ တတ်လှပြီ မထင်နဲ့။ လူကြီးဆိုတာ အလကားနေရင်း ကြီးလာတာ မဟုတ်ဘူး။ ကိုယ့်အရင် ထမင်းစားဖူးတယ်။

၅။ ဒဿဂီရိ၊ ဘိဘိသန၊ ဂမ္ဘီဆိုတဲ့ အစွယ်ပြူးပြူး ဘီလူးကြီးများဟာလည်း အင်မတန် လူသားဆန်တဲ့ အတွေးအခေါ် အကျင့်စရိုက်တွေ ရှိကြတာမို့ ဘီလူးတွေနဲ့ အနှိုင်းခံရတာ နာစရာ မဟုတ်ဘူး။ သူတို့လည်း လူတွေနဲ့ အနှိုင်းခံရလို့ ဆွေ့ဆွေ့ခုန်နေကြရော့မယ်။

စသည် စသည်ဖြင့် တောင်စဉ်ရေမရ တွေးမိပါကြောင်း။

credit to Dr Soe Min

10 comments

  • အရီးခင်

    August 7, 2013 at 7:18 pm

    တောင်စဉ်ရေမရ မဟုတ်ပေါင်တော်။
    တကဲ့ တွေးစရာ အစစ်အမှန်တွေပါ။
    သို့ပေသည့် (၄) အချက်
    တစ်ချို့ လူကြီး တွေ က ကိုယ့်အရင် ထမင်းစား ပေမဲ့
    ဦးနှောက် အာဟာရ မပြည့်ဘဲ ကြီးလာတာ ဆိုရင်ရော ဆရာ ရေ။

    စကားအတင်းစပ် ဘာမှတော့ မဆိုင်ဘူး။
    ဒီ က ကျောင်းတွေ မှာ (ကျောင်းအားလုံး ဟုတ်မဟုတ်တော့ မသိ) ရာမဇာတ် သင်တယ်။
    သူများယဉ်ကျေးမှု နဲ့ ဘာသာရေး တွေ ကို လေ့လာတဲ့ subject ထဲမှာ ပါတာပါ။
    စာသင်အပြီး ကလေးတွေ က စာလုံးတွေရွတ် သရုပ်ဖော်ကြတယ်။
    မယုံမရှိနဲ့။
    ကလေးအများစု က ဘီလူးနေရာ ကို နေချင်ကြသတဲ့။
    အဓိက ရာဝဏ ပေါ့။ 😛

  • padonmar

    August 7, 2013 at 9:36 pm

    ဆရာချစ်ဦးညိုရေးလိုက်တော့ လူကြမ်းကြီး ဒသဂီရိမှာ အချစ်ရှုံးသမားကြီးဖြစ်ပြီး သနားစရာဖြစ်ရော။
    အခု ဆရာစိုးရေးပြလိုက်တော့ မာယာရှင် ဂမ္ဘီလည်း သနားစဖွယ်ဖြစ်။
    အဲဒါထက်ပိုသနားဖို့ကောင်းတာကတော့ အလွန်းတဲ့ မယ်သီတာပါပဲ။
    သူက ယုံတတ် သနားတတ်ချစ်တတ်လွန်းတာကိုး။
    နောက်ဆုံးတော့ သူပဲ အစွပ်စွဲခံရ၊မီးပုံထဲဆင်းရ၊
    ပြောတော့သာ ချစ်လှချည်ရဲ့ဆိုကြတာ။
    အပြစ်တင်ခံရတော့ သီတာပဲ။

  • uncle gyi

    August 7, 2013 at 11:33 pm

    မရိုးနိုင်တဲ့ရာမဇာတ်တော်ကြီးပါလားကွယ်

  • ကျော်စွာခေါင်

    August 8, 2013 at 4:47 am

    very nice post.

  • Ma Ma

    August 8, 2013 at 8:36 am

    လူတွေရဲ့ ပုံမှန် Linear ရှု့ထောင့်ကနေ ကြည့်မြင်နေကျ ရာမဇာတ်တော်ကို
    ဆြာစိုးက Multifactorial နည်းနဲ့ စဉ်းစားတွေးခေါ်ပြလိုက်တာမို့ တမူထူးခြားတဲ့ အတွေးအမြင်တွေကို ရသွားစေပါတယ်။ 🙂

  • kyeemite

    August 8, 2013 at 9:41 am

    ၁။ ဟိုလူပြော သည်လူပြောနဲ့ ကြားကြားသမျှ သတင်းစကား လူထုအော်သံတွေကို မစဉ်းမစား မယုံလိုက်နဲ့။
    ၂။ အယူအဆတစ်ခုအတွက်နဲ့ ကိုယ့်ညီနောင်သားချင်းတွေကို မစတေးနဲ့။
    ၃။ သင်္ကန်းကြီးခြုံထားရုံနဲ့ သက်လုံးပုံ ယုံမထားနဲ့။

    ဒီအချက်သုံးချက်ဆွဲထုတ်ပြတာတော့ ကြိုက်ပါတယ်ဆရာရေ…

  • ဦးကြောင်ကြီး

    August 8, 2013 at 10:36 am

    ရာမဇာတ်တော်
    ဆာကကြက်ကြော်
    နှာပွလက်ချော်
    ညာဏရှက်အော်
    စာဂတက်ဆော်
    မာနပျက်လျော်
    ခါရသက်ခေါ်
    လာဘနတ်ပျော်…

  • kai

    August 8, 2013 at 1:21 pm

    ရာမမူရင်းက အိနိ္ဒယကဆိုပေမယ့်.. ယူအက်စ်မှာမြန်မာ့အနုပညာစစ်စစ်… ဇတ်ကပြမယ်ဆို.. ရာမပဲရွေးရတာ…
    ပြောရရင်.. အဲဒီဟိန္ဒူအမွေအနှစ်က အရှေ့တောင်အာရှတခုလုံးပြန့်စားသွားခဲ့တာ…။

  • Wow

    August 8, 2013 at 4:55 pm

    ဟိုတစ်လောက Sir Lanka ကဧည့်သယ်တွေလာတော့ မြန်မာယဉ်ကျေးမှုက အိန္ဒိယကလာတာ၊ စာ (ပါဌိ) က သီရိလင်္ကာက ဆိုတော့ ဘာပြန်ပြောရမှန်းတောင် မသိပါဘူး… :kwi:

    • Aye Lwin Oo

      August 8, 2013 at 9:02 pm

      စာကလဲ ဗြဟ္မီ (အိန္ဒိယစာ) ကနေ ကာလကြာရွေ့လျောလာတော့ လက်ရှိမြန်မာစာ (so many circle) တွေ ဖြစ်လာရတာပါ။

Leave a Reply