အင်တာနက်၊ ဖေ့ဘုတ်နှင့် ဗိုင်းရပ်..
“ဟင်…အို…ဒုက္ခပါပဲ….” ကျမ နှုတ်မှ အာမေဋိတ်သံများ အဆက်မပြတ်ပေါ်ထွက်လာကာ လက်ထဲမှ ကိုင်ထားသည့် ဖုန်းမှ မည်သည့် ခလုတ်ကိုနှိပ်လိုက်ရမည် မသိအောင်ဖြစ်သွားသည်။ ကျမဘေးမှ ရပ်ကြည့်နေသည့် ဆရာကြီးမှာလည်း ကျမကို အံ့ဩသော မယုံနိုင်သော မျက်နှာဖြင့် ကျမကိုတစ်လှည့် ကျမကိုင်ထားသည့် ဖုန်းမျက်နှာပြင်ပေါ်မှာ လှုပ်ရှားနေသည့် ပုံများကို တစ်လှည့် ငေးကြည့်ရင်း ဆွံ့အနေသည်။ ကျမမှာ လူကြီးရှေ့မှာ မိမိသိထားသည့် အချက်အလက်လေးတွေကို ပြောပြလိုသည့် ဆန္ဒဖြင့် ကိုယ့်ဆရာကို လူတတ်ကြီးလုပ်မိခြင်းကပင် ဒီပြဿနာ၏ အစပင်လား မပြောတတ်… တကယ်ကို ကျမ မျက်နှာထားစရာ မရှိအောင် ..ရပ်နေသည့်နေရာလေးကပင် ပျောက်ကွယ်သွားချင်မိလောက်အောင် ရှက်ရွံ့ရမိသည့် နေ့တစ်နေ့ပင်….။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကျမနေထိုင်သည့် တောမက မြို့မကျ ရွာကြီးမှာ ဆက်သွယ်ရေးတာဝါတိုင်ကြီး လာရောက်စိုက်ထူးပြီး ဝန်ထမ်းများကို အရစ်ကျစနစ်ဖြင့် လက်ကိုင်ဖုန်းများ ရောင်းချပေးလိုက်ခြင်းက ဒီဇာတ်လမ်း၏ အဓိက ပြဿနာ…။ ကျမ သတင်းတွေ၊ ဂျာနယ်တွေထဲမှာ ဖတ်ရကြားရသည့် အင်တာနက်ဆိုတာကြီးကို စိတ်ဝင်စားမိတာကလည်း ဒီဖြစ်ရပ်၏ နောက်ထပ် အကြောင်းတစ်ခုဖြစ်၏။ အရစ်ကျစနစ်ဖြင့် ရောင်းပေးသည့် ဖုန်းလေးကို လစာငွေထဲမှ ပထမအရစ်အဖြစ် လေးသောင်းကျပ်ပေးသွင်းပြီး ထုတ်ယူရလာသည့် ဆင်မ်းကတ်အတွက် ဟန်းဆက်ဝယ်ယူရန် ဆိုင်သို့သွားကာ ဈေးနှုန်းသင့်သည်ဟု ယူဆရသည့် ဟွာဝေးအမျိုးအစား ဟန်းဆက်လေးကို ဝယ်မိသည်။ ဆိုင်ရှင်မှ ဖုန်းနဲ့ အင်တာနက်သုံးရအောင် အင်တာနက်လိုင်းဖွင့်ပါလား …ဟု အကြံပြုလေသောအခါ ကျမမှာ ငိုချင်လျက် လက်တို့ဆိုသလိုဖြစ်သွားတော့၏။ အင်တာနက်လိုင်းဖွင့်ပြီး လိုအပ်သည့် အချက်အလက်များကို ဖုန်းအရောင်းဆိုင်မှ အားလုံးကို တာဝန်ယူ လုပ်ကိုင်ပေးပါ၏။ အပိုအနေဖြင့် ကျမအား ကိုယ်ပိုင်သုံးနိုင်ရန်အတွက်ဟု ဆိုကာ ဂျီမေလ်းအကောင့်တစ်ခုနှင့် ဖေ့ဘုတ်အကောင့်တစ်ခုပင် ပြုလုပ်ပေးလိုက်သေးသည်။ ပြီးတော့ သုံးပုံသုံးနည်းလေး အနည်းငယ်ကိုပါ အဆစ်ထည့် ပြသပေးလိုက်၏။ ဒီလိုနှင့် ကျမ အင်တာနက်ဆိုတာကြီးကို စတင်မြည်းစမ်းခွင့်ရလာခဲ့သည်။ ဖေ့ဘုတ်မှ သတင်းများ ဓာတ်ပုံများကို လိုက်လံ ကြည့်ရှု့တတ်လာသည်.. လိုက်(Like)တွေ မှတ်ချက်(comment)တွေပေးတတ်လာသည်။ သူငယ်ချင်းတွေ တင်ထားသည့် ဗွီဒီယိုဖိုင်လေးများကိုလည်း ဖုန်းလေးကနေတဆင့် ကြည့်ရှုတတ်လာသည်။ ဒီတော့ ကျမသိထားသည့် တတ်ထားသည့် ပညာလေးကို တခြားသူများအား ပြသချင်လာ ကြွားချင်လာသည်ပေါ့….။ တကယ်တမ်းက ကျမတာဝန်ထမ်းဆောင်နေရတဲ့ ရွာလေးမှာ အင်တာနက်ဆိုတာ ဘာမှန်းမသိကြသေးတဲ့ ရွာဆိုတော့ ကျမက သူတို့အားလုံးထဲမှာ လူတွင်ကျယ်ဖြစ်လာတယ် ဆိုပါတော့…။ ကျမနဲ့အတူ အလုပ်လုပ်တဲ့ ဝန်ထမ်းလေးတွေကို ဖုန်းလေးနဲ့ အင်တာနက်ချိတ်ပြီး ဓာတ်ပုံလေးတွေ၊ ဟာသစာတမ်းလေးတွေ စတာတွေကို ပြောပြ ရှင်းပြပေးနေရတာကို အမောပါပဲ..။ဖေ့ဘုတ်မှာ သူငယ်ချင်းလေးတွေကလည်း အထိုက်အလျောက်များလာတော့ ကျမရဲ့ ဖေ့ဘုတ်လေးမှာ သတင်း၊ ဓာတ်ပုံ၊ စာစသည့်စသည့် အချက်အလက်လေးတွေ တော်တော် စုံစုံညီညီ မြင်လာ သိလာရ၏။ တစ်ခါတစ်လေ ချက်တင်ဘောက်ထဲနေ သူငယ်များက ဟိုင်း..ဟောင်းအာယူ…ဟူးအာယူ..တို့လုပ်လာရင် မိတ်ဆက်ရတာ ပြန်ပြောရတာလည်း အမောပါပဲ…။ ဒီလို..ဒီလိုနဲ့..ကျမဟာ..ဖေ့ဘုတ်မှာ ပျော်နေမိတာ အမှန်ပါပဲ….။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကျမဟွာဝေး ဟန်းဆက်လေးနဲ့ အင်တာနက်ချိတ်ပြီး ဖေ့ဘုတ်သုံးလာတာ တစ်လကျော် ကြာလာသောအခါ ကျမတာဝန်ထမ်းဆောင်နေတဲ့ ရွာလေးက ဘဝတူဝန်ထမ်းလေးတွေ ရွာထဲက လူတွေ တော်တော်များများဟာ အင်တာနက်ဆိုတာ အံ့ဩစရာကြီးပါလားဆိုပြီး စိတ်ဝင်စားလာကြတာပေါ့… စိတ်ဝင်စားသူတွေထဲမှာ ကျမရဲ့ အထက်အရာရှိပါ ပါလာ၏။ သူက ကျမကို အင်တာနက်ထဲက ထူးထူးဆန်းဆန်း သတင်းလေးတွေ ပုံလေးတွေပါလာရင် ပြပေးဖို့ ပြောထားတယ်လေ… ကျမလည်း အံ့ဩစရာကောင်းတဲ့ ထူးဆန်းတဲ့ သတင်းလေးတွေကို တွေ့တိုင်းပြန်ပြောပြဖြစ်ပါတယ်…. မနေ့ညကတော့ ကျမ သူငယ်ချင်းတစ်ယောက်ရှယ်ယာလုပ်ထားတဲ့ ဗွီဒီယိုဖိုင်လေးတစ်ခုကို ဖွင့်ကြည့်မိတယ်… ထိုင်းနယ်စပ်က ရာဘာခြံ အလုပ်သမားက တောထဲမှာတွေ့ပြီး ယူလာတဲ့ ဥကြီးကိုစားမိပြီး သူ့ဇနီးဟာ လူစင်စစ်ကနေ မြွေဖြစ်သွားတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်းလေးပါ… မနက် အလုပ်ရှိရာရောက်တော့ ဆရာက ဘယ်လိုလဲ..ဘာသတင်းတွေထူးသလဲကွဲ့ဆိုတော့ ကျမက ထူးတယ်ဆရာရေ.. လူစင်စစ်ကနေမြွေဖြစ်သွားသတဲ့ရှင့် ဟု ပြန်ပြောမိတာပေါ့.. ဒါကိုစိတ်ဝင်စားသွားတဲ့ ဆရာက ကျမကို ထိုသတင်းလေးပြပေးဖို့ ပြောလာလို့ ဖုန်းလေးကိုကောက်ကိုင်ပြီး အင်တာနက်ချိတ် ဖေ့ဘုတ်လေးထဲဝင်ပြီး ညကကြည့်ဖြစ်တဲ့ ဗွီဒီယိုဖိုင်လေးကို လိုက်ရှာပေါ့… ဗွီဒီယိုဖိုင်လေးကို တွေ့တော့ ဖွင့်ပြီး ခဏစောင့်ကာ ရုပ်ပုံလေးတွေကျလာမဲ့ အချိန်ကို စောင့်နေဆဲမှာပဲ မထင်မှတ်သည့် မျှော်လင့်မထားသည့် ရုပ်ပုံတွေ ဖုန်းလေးထဲမှာ ပေါ်လာတော့တာပါပဲ..ယောက်ျားရော မိန်းမပါ အဝတ်ဗလာနဲ့… ကျမကြက်သေသေသွားသလို ဖုန်းရဲ့ ဘယ်ခလုတ်ကို နှိပ်ပြီး ပိတ်ရမယ်ဆိုတာကို မသိအောင် ဖြစ်သွားသလို ..ကျမရဲ့ အထက်လူကြီးကိုလည်း ရှက်လည်းရှက် အားလည်းနာ ဘာပြောလို့ ပြောရမှန်းမသိအောင် ဖြစ်သွားရတော့တာပါပဲ… ဒါနဲ့ ကျမ ညနေအလုပ်ဆင်းတော့ ဖုန်းရောင်းတဲ့ ဆိုင်လေးဆီကိုပြန်သွားပြီး အဖြစ်အပျက်ကိုပြောပြတော့ ဆိုင်ရှင်က ဗိုင်းရပ်လင့်ခ်ကို ကလစ်မိလို့ ဖြစ်မယ်ဆိုပြီးပြောတာပါပဲ.. ဒီလိုဗိုင်းရပ်က ဘာဗိုင်းရပ်များလဲ.. အံ့ဩစရာဗိုင်းရပ်ပါပဲ…
ကျမကတော့ အဲ့လိုဗိုင်းရပ်ကို နှာဘူးတဏှာရူးဗိုင်းရပ်လို့ အမည်ပေးမိတော့တာပါပဲ…. ဒါကြောင့် ကျမလို အင်တာနက်ကို စသုံးစလူတွေ မကျွမ်းကျင်သေးတဲ့ လူတွေ ကျမလို နှာဘူး တဏှာရူး ဗိုင်းရပ်မျိုးတွေက ကင်းဝေးပြီး ကောင်းမွန်စွာ အင်တာနက်ကို သုံးနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်…..။
@@@@@@@@@@@@@@@@@@@@@@@@@@@
စာမရေးဖြစ်တာကြာလို့ ရွာသူားတွေ ကျနော့်ကို မေ့သွားမှာစိုးလို့ အကြံကုန်ဂဋုန်ဆားချက် သဘောမျိုးးးရေးကြည့်လိုက်တာပါ…
ပျော်ရွှင်ချမ်းမြေ့ကြပါစေ….
K.T.W.L
7 comments
kyeemite
August 8, 2013 at 9:03 am
“ နှာဘူးတဏှာရူးဗိုင်းရပ်” တဲ့လားကိုထွန်းဝင်းလတ်ရေ…
မှတ်သားလောကိပါတယ်ဗျာ… 😀
စာပြန်ရေးတာ ကြိုဆိုပါဂျောင်းးးး
KZ
August 8, 2013 at 12:54 pm
ဘယ်လိုု ထူးဆန်းထွေလာ လင့်မျိုးကိုု မှ မဖွင့်ဖြစ်ဘူးးးး။
မယုုံတာကိုု အချိန်ပေး မကြည့်ချင်တာလည်းပါတယ်။
🙂
လုံမလေးမွန်မွန်
August 8, 2013 at 3:31 pm
အဲ..ထူးဆန်းတယ်တော့်.. တကယ်ရီးလားဟင်င်…
သတိထားရမယ်..
စာကောင်းလေးတစ်ပုဒ်ကို ရေးတင်ပေးတဲ့ ကိုထွန်းဝင်းလတ်ကို ကျေးဇူးတင်ပါကြောင်း…
kai
August 8, 2013 at 4:18 pm
အမှန်ကတော့.. အင်တာနက်ဆိုတာကြီးစပေါ်လာတော့.. အီးမေးလ်ပြီးရင်.. လူတွေအများဆုံးရှယ်ကြ.. ကြည့်ကြတာ.. အဲဒီပုံမျိုးတွေပါပဲ..။
လူသားသဘာဝပါ…
ဆိုတော့..
ဒီခေတ်မတော့.. အဲဒါမျိုးတွေက.. ကြော်ငြာထိုးပြီး စီးပွားရှာကြတာမှာသုံးတာများပါတယ်..
ဗိုင်းရပ်စ်ဆိုတာထက်.. spyware/malware ခေါ်မလားပဲ..
ကိုယ့်အချက်အလက်တွေ.. ခိုးယူတတ်တယ်.. အတင်းကာရော.. ကြော်ငြာထိုးတတ်တယ်..
မင်းမင်း
August 8, 2013 at 4:50 pm
ကျုပ်လဲ လင့်ခ် ပေးတာဆိုမဝင်ဘူး။
အဲ ကိုယ်ကပြန်ရှယ်ရင်လည်း ခပ်တည်တည်ပဲ ဟီးးး
ကော်ပီ ပေ့စ် လိုက်တာပဲ
kotun winlatt
August 8, 2013 at 9:20 pm
လာရောက်ဖတ်ရှု့ကြသူတွေအားလုံး ကျေးဇူးအထူးတင်ရှိပါဂျောင်းးးးးးးး
လေးစားစွာဖြင့်…..
K.T.W.L
ဂန္ဓာရီ ဆြာအုပ်
August 8, 2013 at 10:47 pm
ဝုတ်တယ် အဲလိုပဲ တက်တက်လာတယ်
ချက်ကြီးတို့ မြစ်တရာ တို့
ကွန်ပူတာပြောင်းသုံးလဲမရဘူး
သူ့ဘာသာသူပေါ်ပေါ်လာတယ်
ဂယ်ပြောတာ ဟီး