ဒေါသခပ်သိမ်းငြိမ်းကြပါစေ….

who whoAugust 9, 20131min1311

ကျနော်နဲ့ ရေစက်လို့ ပြောရမလားပါပဲ။
ဘယ်လိုကြောင့်များပါလိမ့် ။
ဒီလို မြင်ကွင်းတွေက ရှေ့မှာ အမြဲရောက်ရောက်လာတတ်တာလေ။
ငယ်ကတည်းက ခုထိပါပဲ။ ကျနော့စာကြည့်စားပွဲလေး က ပြူတင်းပေါက်နဲ့ တည့်တည့်လေ။ အိမ်ပေါ်ထပ်မှာလည်း ဖြစ်ပြန်။ ပြူတင်းပေါက်နဲ့ကလည်း တည့် နေလေတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဘာဓါတ်လဲတော့မသိပါဗျာ။ လမ်းသွားတွေထဲကလည်း သွားရင်း လာရင်းက ထသတ်ကြရင် ကျနော့မြင်ကွင်းရှေ့ရောက်မှချည်းပါပဲ။ ဒါမျိုးက ဘာလို့များ တိုက်ဆိုင် သလဲမပြောတတ်တော့ပါဘူး။ တခြားနေရာမှာ ပေါက်ကွဲရင် ရရဲ့သားနဲ့။ ကျနော်အေးအေးဆေးဆေး စာကြည့်နေချိန်မျိုးမှ စာရေးနေချိန်မျိုးကျမှ ရှေ့တည့်တည့်ကနေ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေလေ။

ခုလည်းကြည့်ပါဦး။
စာရေးတဲ့ထဲ ဈာန်ဝင်နေပါတယ်ဆိုမှ…..။

မလှမ်းမကမ်းမှ ဆူညံဆူညံ အသံများက နားထဲ ကျယ်လောင်စွာ ဝင်ရောက် လာပါတယ်။
ဒါနဲ့ အသံလာရာသို့ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ လမ်းဒေါင့် တစ်နေရာမှာ ဒေါသကြီးစွာနဲ့ ရန်တွေထောင်နေတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရပါတယ်။

အော်.. ဘာတွေကြောင့်များ အဲလောက်ထိ ဒေါသတွေ ကြီးနေတာပါလိမ့်နော်လို့သာ တွေးမိပါတယ်။
မကြာပါဘူး။ သူမ အော်ဟစ်တာကို အစပိုင်းမှာ ငြိမ်ခံနေတဲ့ ယောက်ျားဖြစ်သူက ထလို့ ကန်ထည့်လိုက်တဲ့ မြင်ကွင်းကို မြင်လိုက်ရပြန်ပါတယ်။

အော်…ဒုက္ခ…ဒုက္ခ လို့သာ တွေးရင်း ဒီမြင်ကွင်းကို ကြည့်လို့ သံဝေဂတရားတွေ တိုးပွားလာရပါတယ်။
တကယ်တော့ ဒေါသချင်းပြိုင်နေတဲ့ ပြိုင်ပွဲလေးတစ်ခုဆိုရင်လည်း မှားမယ် မထင်ပါနော်။ တစ်ယောက် တစ်ယောက် အဘယ်သို့ပင် ရိုက်ပုတ်နေပါသော်လည်း ဒေါသကို ဘယ်သောအခါမှ မထိနိုင်ပါဘူး။ ဒေါသကို လက်ခံထားတဲ့ ခန္ဓာအိမ်ကြီးကသာလျှင် အထိတွေနာလို့ အနာတရနဲ့ ပင်ပန်း နေရတာပါလားရယ်လို့ ကြည့်ရင်းက သိလာရပါတယ်။

အင်း မြန်မြန်အေးချမ်းကြပါစေလို့ စိတ်မှာ ဘာမဆိုင် ညာမဆိုင် မေတ္တာတွေ ပို့ပေးနေ မိပြန်ပါတယ်။ တဆက်တည်းလည်း စွန်းလွန်းဆရာတော်ကြီးကို ပြေးလို့ သတိရမိပါ သေးတယ်။

တစ်နေ့သောအခါ စွန်းလွန်းဆရာတော်ကြီးဟာ စွန်းလွန်းရွာမှာ ပရိတ်ရွတ်၊ ဆွမ်းစဉ်ကိစ္စ ပင့်လျှောက်တာကြောင့် ကြွသွားရာမှ ပြန်လာတဲ့အခါ ရွာထဲမှာ ကလေးမနှစ်ယောက် ရန်ဖြစ်နေ တာကို တွေ့တော်မူတယ်လေ။ အဲဒီအခါ ဆရာတော်ကြီးက ကပ္ပိယဒကာကို ခေါ်ပြီး “အဲဒီက ကလေးမနှစ်ယောက် တရားဟောနေကြတယ်ကွယ့်။ မောလှရော့မယ် ထင်တယ်။ ဟောသည် ငှက်ပျောတစ်ဖီးကို ထက်ဝက်ခွဲပြီး တစ်ယောက် တစ်ခုစီ သွားပေးစမ်း။ အဲဒါ တရားပူဇော်ပါတယ်။ အမောပြေအောင် စားပြီးမှ ဆက်ဖြစ်ချင်ရင်လဲ ဖြစ်ကြသေးတာပေါ့” လို့ မှာကြားပြီး စေလွှတ် တော်မူတယ်။

အဲလို ငှက်ပျောသီးလည်း ပေးလိုက်ရောကလေးမနှစ်ယောက်လည်း ဟိုကြည့် သည်ကြည့်နှင့် ဘာမျှမပြောတော့ဘဲ ငှက်ပျောသီးကိုင်ပြီး အကြောင်သား ငြိမ်နေကြတယ်တဲ့လေ။

ခုလည်း ဘာထူးလဲနော်။ ယိုသူမရှက် မြင်သူရှက် ဆိုသလိုပါပဲ။ ဘေးကမြင်ရတဲ့လူက သူတို့ရင်ထဲက ဒေါသကြီးကို အတိုင်းသား မြင်လို့ တောင် ကြောက်တတ်လာပါပြီ။ ဆရာတော်ကြီးကို သတိရလိုက်ပေမယ့် ဆရာတော်ကြီးလိုတော့ ငှက်ပျောသီး သွားမပေးရဲပါဘူးနော်။ တော်နေမှ ဒေါသတွေက ရမ်းပုံမီးကျဖြစ်သွားပါဦးမယ်လေ။

ဒါကြောင့်ပဲ “ဒေါသခပ်သိမ်း ငြိမ်းကြပါစေ ” လို့ မေတ္တာဓါတ်တွေ သူတို့အပေါ် လွှမ်းခြုံလို့ ပို့ပေး နေမိပါတယ်။ တဆက်တည်းလည်း ဒီမေတ္တာပို့လေးရဲ့ အဓိပ္ပါယ်လေးကို ပုံဖော်မိနေပါတယ်။

တကယ်တော့ အခုရနေတာသည် ဒုက္ခခန္ဓာ ၊၊ နောက်ထပ် ထပ်ပြီး ရချင်နေတာက သမုဒယ သစ္စာပါနော်။ အင်း သမုဒယကနေပဲ ဒေါသကိလေသာတွေ ပွားတိုးလာရတာပါလားဆိုတာ ဆက်မိ သွားပါပြီ။ ဘယ်လိုပါလိမ့်ဆိုတော့….
ကိုယ်နဲ ့ ထိုက်သလောက်တွေ ရနေတဲ့အပေါ် ဪ ငါနဲ ့ ထိုက်သလောက် ငါရတာပဲလေလို့ သဘောမထားတတ်တဲ့အခါ မကျေနပ်တာတွေ ဖြစ်လာမယ် ။ ဒါသည် ဒေါသပဲလေ။ ပိုကောင်းတာကို ရချင်နေတာသည် အခုရ နေတာကို မကျေနပ်နိုင်လို့ပဲ ဒီ့ထက်ကောင်းတာ ရချင်နေ တာမဟုတ်လား။ မကျေနပ် ဖြစ်နေသမျှ ဒေါသပဲလေ ။

ဒီဒေါသသည် လိုချင်၊ ရချင်ခြင်းဆိုတဲ့ သမုဒယက ပေါက်ပွား လာတာပဲ မဟုတ်ပါလား။ ဒါကြောင့် “ဒေါသခပ်သိမ်း ငြိမ်းရပါလို၏” “ငြိမ်းကြပါစေ” လို့ဆိုရင်ပဲ ဒါကို ဖြစ်စေတဲ့ သမုဒယနဲ့ ဒုက္ခတွေ ငြိမ်းနိုင်ပါစေလို့စိတ်ကို အာရုံပြုထား ရပါမယ်ဆိုတာ ပေါ်လာပါတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ဒီလိုချင်နေတဲ့ သမုဒယကြောင့်သာ ဒီလို ဒေါသတွေ ရနေရတာကို သိမြင်ပြီး သမုဒယငြိမ်းမှ ဒေါသငြိမ်းနိုင်တော့မှာပါလားလို့ အမြင်မှန်စွာနဲ့ “ဒေါသခပ်သိမ်းငြိမ်း ရပါလို၏ ”လို့ မေတ္တာပို့ပေးနေမိပြန်ပါတယ်။
အော် သူတို့တွေ အားလုံးလည်း သမုဒယတွေ ငြိမ်းနိုင်လို့ ဒေါသတွေ သိမ်းနိုင်ကြပါစေရယ်လို့ လှမ်းပြီး မေတ္တာပို့တိုင်း ဒီသမုသယနဲ့ ဒုက္ခကနေ လွတ်ငြိမ်း နိုင်ကြပါစေလို့သာ ပို့ပေးနေရပါပြီ။

အင်း ဒါမှသာ ပညာနဲ့ ယှဉ်တဲ့ မေတ္တာဓါတ်လေးတွေ တွဲပါသွားမယ်ဆိုတာလေး တွေးမိသမျှ ပြန်လည် ဝေမျှရင်း အားလုံးလည်း “ဒေါသခပ်သိမ်း ငြိမ်းနိုင်ကြလို့ ” သမုဒယ ပိုက်ကွန်တွင်းမှ အလွတ်ရုန်းထွက်နိုင်ကြပါစေ။

မှတ်ချက်။ ။ ဒီတစ်ပတ် ဓမ္မဝီရဂျာနယ်တွင် ဖော်ပြပါရှိသော ဆောင်းပါးအား ပြန်လည်ဝေမျှပါသည်။

One comment

Leave a Reply