ဝါဆိုလပြည့်နေ့ အမှတ်တရ အတွေးလေးများ…

sofiadimpleAugust 2, 20103min860

အင်း…ဒီနေ့ကတော့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့ပါလား။ဘာတွေများ ထူးခြားလို့ပါလိမ့်မယ်လို့တွေးနေမိတယ်။အော“သန္ဒေ္ဓတောထွက် ဓမ္မစက်၊ ဟောမြွတ်သံချို လဝါဆို”လို့တောင်ဆိုထားပါပေါ့လား။ဒါကြောင့်ပဲမနက်စောစောကတည်းကမြတ်စွာဘုရားရှင်

ကိုယ်တော်မြတ်ကြီးကို ရည်စူးလို့ဝါဆိုသင်္ကန်းများ ကပ်လှူနိုင်ကြဖို့ အလုပ်တွေ၊ရုံးတွေ၊ကျောင်းတွေရဲ့ပိတ်ရက်အဖြစ်တောင်သတ်မှတ်ထားတာပဲမလား။

ကိုယ်လည်းဘာထူးလဲ။

နံက်စောစောထလို့ အိမ်ကဘုရားခန်းထဲမှာ သန့်ရှင်းရေးလုပ်၊ပန်းကပ်၊ရေချမ်းကပ်၊ဆွမ်းတော်များကပ်ပြီးလို့

ခုပဲရွှေသင်္ကန်းကပ်ရင်း ဘုရားရှင်ရဲ့ထူးခြားဂုဏ်တော်တွေကို အေးအေးဆေးဆေးပဲထိုင်တွေးနေမိနေပြီလေ။

သိတဲ့အတိုင်းနေရာတကာလျှာရှည်တတ်တော့ အတွေးကလည်းရှည်ရှာတယ်လေ။

အရင်ဆုံးတော့ပထမဆုံးထူးခြားချက်ဖြစ်တဲ့မဟာသက္ကရာဇ်(၆၈)ခုနှစ်၊ဝါဆိုလပြည့်၊ကြာသပတေးနေ့မှာ တုသိတာနတ်ပြည်ကစုတေပြီးကပိလဝတ်ပြည်သုဒေါ္ဓဓနမင်းကြီးရဲ့မိဖုရားခေါင်ကြီးမာယာဒေဝီရဲ့ဝမ်းကြာတိုက်

မှာ သန္ဓေယူခဲ့တယ်နော်။

          နောက်ဒုတိယထူးခြားချက်ကတော့ အလောင်းတော်သိဒ္ဓတ္တမင်းသားဘဝ သူအို၊သူနာ၊သူသေ၊ရဟန်း

ဆိုတဲ့နမိတ်ကြီးလေးပါး ကိုမြင်တာနဲ့ ဇာတိ၊ဇရာ၊ဗျာတိ၊မရဏတွေရဲ့အပေါ်မှာ ကြောက်မက်ဖွယ် သံဝေဂရဖွယ်

လို့ဆင်ခြင်မိလို့ပဲ သက်တော်(၂၉)နှစ်မဟာသက္ကရာဇ်(၉၇)ခုနှစ်၊ဝါဆိုလပြည့်၊တနင်္လာနေ့သန်းခေါင်ယံ အချိန်မှာ

ပဲတောထွက်တော်မူခဲ့တယ်။အင်း….အလောင်းတော်လို အစစအရာရာပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တောင်သံဝေဂတွေရ

သေးတယ်နော်။ ကိုယ်လို ငမွဲမျိုးကတော့ ပျော်ကောင်းပါးကောင်းတုန်းဆိုတော့ တော်တော်တော့ သနားဖို့

ကောင်းနေပါလား။အော်..ဒါကတော့လေ ဘုရားအလောင်းနဲ့ယှဉ်လို့တော့ဘယ်ဖြစ်ပါ့မလဲနော့။ ဘဝအဆက်

ဆက်ကပါရမီတွေဖြည့်လာခဲ့တာပဲ ကြည့်ပါဦးလား။ ဒါလည်းထားလိုက်ပါတော့လေ။ကိုယ်ကသာမာန်ပုဂ္ဂိုလ်ပဲ

မလား။ ဒါပေမယ့် ကြုံတုန်းလေးသတိရလိုက်တာတခုရှိတယ်။အဲဒါကလေ..ဟိုတခါတုန်းက နာရေးတခုပို့ရင်း

စဉ်းစားမိတာလေးပေါ့နော်။ နာရေးမှာက သေသူကို မီးလောင်တိုက်ထဲထည့်ခါနီးတော့လေ။ငိုလိုက်ကြတာ …ဆွဲလိုက်ကြတာမပြောပါနဲ့တော့။ ဟင်သူတို့ကဘာလို့များ ငိုနေရပြီးငါ့ကျတော့ ဘာလို့မငိုချင်ရပါလိမ့်မယ်လို့ တွေးမိတယ်လေ။ဘယ်တူပါ့မလဲ။သူတို့က ဆွေမျိုးတွေ၊ချစ်ခင်ရင်းနှီးသူတွေ…ဆိုတော့ငိုချင်ရှာမှာပဲပေါ့။ခု ငါကသေသူနဲ့အဝေးကြီးပဲ ဘာမှကိုမဆိုင်တော့ ဘယ်လိုုမှလည်းမနေပါဘူး။ အကယ်လို့များ သေသူနဲ့ကိုယ်နဲ့ ဆွေမျိုးထဲကသို့မဟုတ်ရင် အတော်သံယောဇဉ်ထားမိကြတဲ့လူထဲကများ ဆိုဒီနေရာမှာငါလည်းသူတို့လိုပဲ နေမှာပါလား။လို့တွေးမိသွားတယ်။အဲဒီမှာပဲ အော…ဒီသံယောဇဉ်နှောင်ကြိုးတွေကြောင့် လူတွေမှာ ဆင်းရဲ ပင်ပန်း နေကြရပါလား ဆိုတာလေးတော့ ရေးရေးလေး မြင်လာပါတယ်နော်။အင်း..အဲဒီနာရေးကပြန်တော့ တော်တော်လေးအတွေးတွေနယ်ချဲ့မိနေတယ်လေ။မပြောချင်ပါဘူး။လမ်းမှာတွေ့သမျှလူတွေကို လျှောက်လိုက် ကြည့်ပြီး ပင်ပင်ပန်းပန်းအထုတ်ကြီးတွေ ရွက်လို့ရောင်းဝယ်နေကြတဲ့လူတွေ တွေ့ပြန်တော့လည်း အင်းသူတို့ လည်းသူတို့ရဲ့ဆိုင်ရာသံယောဇဉ်တွေအတွက် ရှာရ၊ဖွေရနဲ့ ရုန်းကန်နေကြတာ ပါလားလို့ပဲတွေးမိပြန်တယ်။ နောက်ဈေးဆိုင်ရှေ့ကဖြတ်သွားလို့ဆိုင်မှာရွှေဆွဲကြိုးအတုတ်ကြီးနဲ့ထိုင်ပြီးပြောဆိုရောင်းဝယ်နေတာတွေ့တော့လည်းလေအင်းဘာထူးလို့လဲဘယ်လောက်ပဲပြည့်စုံတယ်ပြောပြောပင်ပန်းတာချင်းတော့အတူတူပါပဲလားလို့…..ဘာမှလည်းမထူးဘူးပဲ။ဒီလိုပင်ပန်းဆင်းရဲခံရတာကတခါတလေပဲလား?နေ့စဉ်လား?ဆိုဆက်စဉ်းစားကြည့်လိုက်

တော့ အင်း…ဘာပြောကောင်းမလဲနော်။နေ့စဉ်တောင်မှ အချိန်ပြည့်ဆိုသလိုကို ရုန်းနေကြရပါတယ်နော်။

ဟင်..ဒီလိုကြီးသာဆို ဘယ်သက်သာပါ့မလဲ???ဒီလိုနဲ့ပဲ သေချိန်ရောက်လို့သေမင်းကလာခေါ်တာတောင်

နေပါဦး တားပြီးဒီဒုက္ခတွေဆက်ခံချင်သေးတာဆိုတော့လေ။အော်…ငါတို့ဘဝလေးဟာ တော်တော့်ကိုသနား

ဖို့ကောင်းနေပါပေါ့လား။အင်း..လူ့ဘဝဟာ ရခဲလှတယ်လို့ဆိုထားပေမယ့် ခုရထားပြန်တော့လည်း ဘာမှလည်း

မဟုတ်ပဲပင်ပင်ပန်းပန်း ရုန်းကန်ရှာဖွေ ရင်းနဲ့သာသေသွားရမယ်။ဘာအတွက်လူလာဖြစ်တာလဲတောင် မသိ

လိုက်ရပါပဲ…သူများတွေလုပ်ကျွေးဖို့ သားရေးသမီးရေး၊စီးပွားရေး၊ဘာရေး၊ညာရေး တွေနဲ့ လုံးလည်တွေလိုက်

ပြီးမောမှန်းပန်းမှန်းမသိပဲ လူ့ဘဝကို အကျိုးမဲ့နဲ့ဖြုန်းပြစ်မယ်ဆိုရင်တော့….ဟူး…ရင်မောလိုက်တာနော်။

တနေ့လောက်တော့ လုပ်လက်စအလုပ်လေးတွေ ခဏရပ်ထားပြီး စဉ်းစားသင့်နေပြီ။ ငါ ခုဘာတွေနဲ့အချိန်ကုန်

ပြီး ဘာတွေအတွက်ပင်ပန်းနေတာလဲ??ဘဝရဲ့ပန်းတိုင်ဟာ ဘာလဲ??? ငါဒီအတိုင်းကြီးနဲ့ သာသေသွားရတော့

မှာလား။ဒီကြားထဲ ကိုယ်နဲ့ရင်းနှီးသူတွေ တဖြုတ်ဖြုတ်နဲ့သေသွားကြလို့ ငိုရတာလည်းအမောပါပဲလား။သူတို့တွေ

ရော ဘာတွေများယူသွားကြပါလိမ့်မယ်။ ခုဆိုရင်ရော ဘယ်ဘုံဘယ်ဘဝတွေမှာရောက်လို့ နေမယ်ဆိုတာ

ဘယ်သူမှ မသိနိုင်သလို ဘယ်သူမှလည်းမပြောနိုင်ပါလား။အင်း…ဒါကတော့ ဒို့အတွက်တော်တော်လေးစဉ်းစား

စရာဖြစ်နေပြီနော်။……စသဖြင့်ပေါ့လေ။။။။အဲလိုလေးတွေတောင်တွေးမိပြီးကြောက်တတ်လာပါသေးတယ်။

အော်..ကိုယ်လိုဘာမှမဟုတ်တဲ့လူတော် ဒီလိုလေးတခါတလေ အတွေးဝင်မိသေးတယ်ဆိုတော့ဘုရားလောင်း

လို ဉာဏ်ပညာကြီးမြင့်တဲ့ ပုဂ္ဂိုလ်မျိုးကတော့လေ စည်းစိမ်ဥစ္စာ၊ခြွေရံသင်းပင်းတွေနဲ့ လောကီအာရုံကာမဂုဏ်

တွေဝန်းရံနေတဲ့အလယ် မှာ ဘယ်ပျော်ပါတော့မလဲနော်။ဒါကြောင့်လည်းတောထွက်ခဲ့တာပါလားလို့ဆက်တွေး

မိတယ်။အင်း..တောထွက်တဲ့ရက်နဲ့ မွေးတဲ့ရက်ကလည်း တစ်ရက်တည်းဆိုတော့ ဒါကလည်းထူးခြားတာပဲလေ။

          တတိယမြောက်ထူးခြားချက်လေး ဆက်တွေးလိုက်တော့ မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ကဆုန်လပြည့်၊

ဗုဒ္ဓဟူးနေ့ညအချိန်မှာ မာရ်နတ်မင်းကို အောင်မြင်တော်မူသော သုံးလောကထွတ်ထား သဗ္ဗညုဂေါတမမြတ်စွာ

ဘုရားအဖြစ် ရောက်တော်မူခဲ့တယ်။ ဒီ့နောက် လောကကို တရားဦးဟောဖို့ ပဉ္စဝဂ္ဂီငါးဦးတို့ကိုအရင်ဆုံးတရားဦး

ကိုဟောတော်မူသောနေ့လည်းဖြစ်တယ်။ဟောလိုက်တဲ့တရားကတော့ ဓမ္မစင်္ကြာ တရားပါပဲ။ သစ္စာလေးပါး

အမှန်တရားကို ကိုယ်တော်တိုင်သိမြင်တော်မူပြီးနောက် ဘယ်နည်းလမ်းနဲ့သွားရင် ဆင်းရဲကင်းသောနိဗ္ဗာန်

ကိုရောက်နိုင်တယ်ဆိုတာကို မှန်ကန်သောနည်းလမ်းကိုဟောဖော်ညွှန်ပြဆုံးမတော်မူခဲ့တာပဲနော်။

တကယ်တော့ ဒီတရားတော်ဟာ အစွန်းနှစ်ဖက်ကိုပယ်ပြီး အလယ်အလတ်လမ်းစဉ်နဲ့သွားမှသာ ပန်းတိုင်ကို

ရောက်နိုင်တယ်ဆိုတာကိုလမ်းညွှန်ထားတာမို့ လောကီရော လောကုတ်ပါ လက်ကိုင်ထားသင့်တဲ့ အလွန်

အဖိုးတန်တဲ့တရားပဲပေါ့။ မြတ်စွာဘုရားက နိဗ္ဗာန်သွားဖို့လမ်းသည် မဂ္ဂင်(၈)ပါးလမ်းကြောင်းမှ တပါးအခြားမရှိ

ပါလားဆိုတော့ နိဗ္ဗာန်ခရီးသွားတွေအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး လမ်းညွှန်ပေးသော လမ်းပြ တရား လို့တောင်ဆိုရမယ်နော်။ အင်း…ဒါဆို ငါတို့နဲ့တော့မဆိုင်လောက်ပါဘူးလို့တော့ မထင်လိုက်နဲ့နော်။

ဟိုဆရာတော်ကြီးဟောထားသလိုပါပဲ။ ဘာနဲ့ဥပမာပေးထားလဲ ဆိုရင်မြစ်တစ်ခုနဲ့ပြောပြထားတယ်။မြစ်ကြောင်း

ထဲမှာ ရေတွေစီးနေတယ်။ဘေးနှစ်ဖက်မှာက မြစ်ကမ်းနှစ်ဖက်ရှိတယ်နော်။တစ်ဖက်ကိုတော့ သိပ်ကိုအန္တရာယ်

ထူပြောတဲ့ ဒို့ခန္ဓာပဲ ထားလိုက်။ဟိုဖက်ကမ်းကိုကျတော့ ဒုက္ခဆင်းရဲတွေ ကင်းရှင်းရာ နိဗ္ဗာန်သောင်ကမ်းပေါ့။ အလယ်ကရေတွေကတော့ဖြင့် ဒို့ရင်ထဲမှာရှိနေတဲ့ အမြဲပူလောင်စေတတ်သောကိလေသာရေပြင်ကြီးပေါ့။ အဲဒီမှာစဥ်းစားကြည့်ရအောင်။ဒို့ရဲ့ကိလေသာထုကြီးကိုပါးအောင်လုပ်နို်င်လေနိဗ္ဗာန်သောင်ကမ်းနဲ့နီးလေပဲ။

အကယ်လို့များဒီကိလေသာထုကအားတွေကောင်းလာမယ်ဆိုရင်(တနည်း)ကိလေသာရေတွေလျှံမယ်ဆိုရင်

တော့နိဗ္ဗာန်ကမ်းဟာစုန်းစုန်းမြှုပ်သွားပြီးကိုယ့်အတွက်ကွယ်ပျောက်သွားမှာပေါ့။ဒီလိုမဟုတ်ပဲဒီကိလေသာ

ရေထုကိုခမ်းသွားအောင်ထိကျင့်နို်င်မယ်ဆိုရင်တော့ကိုယ်နဲ့နိဗ္ဗာန်နဲ့ဟာတဆက်တည်းဖြစ်သွားမှာပေါ့။ဒါကိုပဲ

ကိလေသာ့နိဗ္ဗာန်လို့ပြောကြတယ်နော်။ခန္ဓာထဲမှာ နိဗ္ဗာန်သောင်ကြီးထွန်းနေပြီလို့ပြောနိုင်တယ်နော်။

ဒါကြောင့် လူတိုင်းနဲ့ဆိုင်တယ်လို့သိထားပါ။ ဘာပဲဖြစ်ဖြစ် အရှည်ကြီးမတွေးပါနဲ့။ခုဒေါသဖြစ် ခုပူလောင်တယ်။

ခုငြိမ်းရင် ခုပဲအေးချမ်းသွားတယ်မလား။ဒါသည်ပင် တဒင်္ဂ နိဗ္ဗာန်ပဲမလား။ ဒါကလည်းခဏစာပဲအေးငြိမ်းမှုရတာ

နော်။သူ့ရဲ့ငြိမ်းအေးမှု ဟာအတိုင်းအတာတစ်ခုထိပဲခံမယ်။ခနနေတော့ အာရုံတစ်ခုခုက လာတိုက်လိုက်ပြန်

တော့ လောဘကထလာပြန်လို့ပူပြန်တာပဲ။အဲလိုနဲ့ပဲ အချိန်ပြည့်ဆိုသလို တိုက်လိုက်တိုင်းပူနေရရှာတာနော်

ဒို့ဘဝကတော့ ဘယ်သူမှ မသနားလည်းကိုယ့်ဘာကိုယ်ပဲသနားပေးလိုက်ပါတယ်။ကဲပါလေ။ဒါနဲ့ပဲ အချိန်တွေ

တောင်တော်တော်လင့်ပါပေါ့လား။အတွေးစတွေက မပြတ်နိုင်တာလေ။

          အဲ နောက်ထပ်ထူးခြားချက်ရှိသေးတယ်တော့။အဲဒါက မဟာသက္ကရာဇ် (၁၀၉)ခုနှစ်၊ဝါဆိုလပြည့်နေ့၊

သာဝတ္တိပြည်အနီး မှာ ဘုရားရှင်က တိတ္ထိတို့ကို ရေမီးအစုံစုံဖြင့်တန်ခိုးပြတော်မူပြီး နှိမ်နင်းတော်မူခဲ့တယ်တဲ့။

ဒါကြောင့် ဝါဆိုလပြည့်နေ့ရဲ့ ဝါဆိုလရဲ့ထူးခြားချက်ထဲမှာ သန္ဓေတည်ခြင်း၊တောထွက်ခြင်း၊ဓမ္မစင်္ကြာတရားဦး

ဟောတော်မူခြင်း နဲ့ တိတ္ထိတို့က်ိုရေ၊မီးအစုံ တန်ခိုးပြချေချွတ်တော်မူခြင်းတို့ပဲဖြစ်ပါတယ်။

          နာရီမှ ၉ နာရီထိုးကြောင်းသတိပေးသံလေး ကြားလိုက်ရမှပဲ အော…ငါ့ရဲ့အတွေးတွေ တော်တော်ရှည်

သွားပါပေါ့လားလို့သိလိုက်ရတယ်။အင်း…ဝါဆိုရဲ့ထူးခြားချက်လေးတွေလည်းစုံ သွားပြီမို့ ဒီအတွေးတွေကို

ဖြတ်လို့ ဘုရားဆက်ရှိခိုးရပါဦးမယ်။

                                                                             dimplemit@gmail.com

                                                                                      26.7.2010