စွဲမြဲသင့်သော စာဖတ်ဝါသနာ

manawphyulayAugust 2, 20101min1014

စာအုပ်စာပေ လူ့မိတ်ဆွေ

လူတစ်ဦးသည် နှစ်သက်စွဲလန်းရာ ဝါသနာတစ်ခုကို စောက်ချလုပ်မြဲဖြစ်သည်။ သို့သော် ထိုဝါသနာသည် မည်မျှအကျိုးရှိစေမည်
အကျိုးယုတ်စေမည်လို့ ကိုယ့်ပိုင်စဉ်းစားဉာဏ်နဲ့ တွေးတော ဆင်ခြင်သင့်ပေသည်။ စွဲမြဲသင့်တဲ့ ဝါသနာကတော့ လူအမျိုးမျိုး စိတ်အမျိုးမျိုးဆိုတာ
လူတိုင်းမှာ ရှိနေမည်မှာအမှန်ပင်။ လူတိုင်း သူ့အာရုံနဲ့သူ လုပ်ချင်တာ ဖြစ်ချင်တာကို လုပ်နေကြမယ်လို့ မြင်မိပါသည်။ ယနေ့ခေတ်လူငယ်တွေ အဲ

လူငယ်တွေဆိုလို့ ကျွန်မ သူငယ်ချင်း နန္ဒ တစ်ယောက်ကတော့ နင်က ဘယ်ခေတ်ကလဲလို့ ကျွန်မကို ပြောဖူးပါသည်။ ဟုတ်ပါတယ်။
ကျွန်မကလည်း ကိုယ်နဲ့အမြင်မတူရင် ခေတ်မတူသလိုပဲ ခံစားမိတတ်သည်။ ကျွန်မ ဝါသနာကတော့ စာဖတ်ခြင်းနဲ့ စာရေးခြင်းကို အားသန်ပါသည်။ ကျွန်မအမြင်ကို ပြောရရင် စွဲမြဲသင့်တဲ့ ဝါသနာတွေထဲမှာ စာဖတ်ခြင်းကို ပိုပြီး ဂရုစိုက်အလေးပေးပါသည်။
စာပေသည် အိမ်တွင်း၌သာ ရှိသည်ဆိုတဲ့အတိုင်း စာအုပ်ဆိုင်၊ ကျောင်း၊ နေရာတိုင်းတွင် စာပေရှိနေသည်။ အင်း တစ်နည်းပြောရမယ်ဆိုရင် စာပေသည် လူတိုင်းရဲ့ လက်တစ်ကမ်းအကွာတွင် ရှိနေသည်။ ဒါကြောင့် မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ် လို့ဆိုစကားအတိုင်း ကျွန်မကတော့ စာဖတ်နေရရင်လည်း ပျော်နေပါသည်။ ကျွန်မကို မေးဖူးတယ်။ ခု ကျွန်မ webpage မှာ စာတွေတင်တယ်။

စာတွေရေးတယ်။ အမြင်တွေဖလှယ်တယ်။ ဆိုကြပါစို့… တစ်နည်း ကျွန်မ ဖတ်တဲ့ စာအုပ်တွေထဲကနေ ကောက်နုတ်ချက်တွေ တင်ပြနေတယ်။

ဒါဟာ ဘာကြောင့်လဲ ကျွန်မကို မေးတဲ့မောင်လေးတစ်ယောက်က အဲဒါတွေလုပ်တာ ဘာဖြစ်လဲတဲ့။ ပိုက်ဆံရလားတဲ့။ ကဲ… သူ နားလည်ထားတာ ဘယ်လိုလဲ။ ကျွန်မရဲ့အမြင်ကို ဘယ်လိုဆိုတာ ရှင်းပြရင်တောင် နားလည်နိုင်ပါ့မလား။ ဒီတော့ လောကမှာ
လူတွေအများကြီးရှိသလို အမြင်မတူတာတွေလည်း အများကြီးရှိတယ်လေ။ သူများအတွေးနဲ့ ကိုယ့်အတွေးဆိုတာ တူနိုင်ပါ့မလား။ အဲ စာဖတ်တဲ့သူ စာပေကို မြတ်နိုးတဲ့သူဆိုရင်တော့ မူပဲ ကွဲမယ် အမြင်တော့ ဖလှယ်လို့ရမယ်ထင်မိပါတယ်။
ခုလူငယ်တွေ တော်တော်များများက ကိုယ့်ထက်အသက်လေး နည်းနည်းမကြီးလိုက်နဲ့ ဒိတ်အောက်နေပြီလို့တောင် ပြောနေကြတယ်မလား။
ပညာဆိုတာ ဘယ်ကရတာလဲ စာပေက ရတာပါ။ ဗဟုသုတကရော ဘယ်ကလာတာလဲ စာပေတွေကပါပဲ။ စာပေဆိုတဲ့နေရာမှာ ဖတ်သင့်

မှတ်သင့် လေ့လာသင့်တဲ့အရာနဲ့ အတုမခိုးသင့်တဲ့အရာဆိုပြီး ကွဲတဲ့ထဲက ကောင်းတာ မကောင်းတာကို စာဖတ်သူအနေနဲ့

ဝေဖန်ပိုင်းခြားနိုင်ရပါတယ်။ ကျွန်မကတော့ လက်လှမ်းမှီသလောက်ပေါ့လေ။ ကျွန်မမှာ ရှိတဲ့စာအုပ်တွေကို ဝေငှဖတ်ရှုစေပါတယ်။ အဲ စည်းကမ်းရှိဖို့တော့ လိုပါတယ်။ အင်း ဒါနဲ့ ပြောရဦးမယ် ဟိုတစ်လောက အိမ်နားမှာ မီးလောင်တော့ ကျွန်မ မရှိဘူး။ ဒါနဲ့ အိမ်ပြန်ရောက်တော့ မီးလောင်တယ်လို့ပြောတာနဲ့ ကျွန်မရဲ့ စာအုပ်စင်(အိမ်နံရံမှာ ကပ်တင်ထားတာပါ) ကို ပြေးကြည့်မိပါတယ်။ ပြီးတော့ တစ်ဆက်တည်း
ပြောမိပါတယ်။ စာအုပ်တွေကို ထုပ်ပိုးလည်း မထားဘူးလို့ ပြောတော့ မေမေတို့က လူတောင် ဘယ်ပြေးရမှန်းမသိဘူး နင့်စာအုပ်တွေကို ဘယ်နေရာ သယ်သွားရမှာလဲတဲ့။ နင့်ဘာသာ ဗူးတွေထဲ ထည့်ထားပါလားတဲ့။ ဒါနဲ့ အသာငြိမ်နေလိုက်ရတော့တယ်။ မငြိမ်လို့ကလည်း
မရဘူးလေ။ တစ်လက်စတည်း ဆူပါလေရော စာအုပ်ဖတ်နေရရင် ထမင်းမေ့ ဟင်းမေ့တဲ့။ ပြီးတော့ ဝယ်လိုက်ရတဲ့စာအုပ်တွေတဲ့ နင် အိမ်မှာ မနေနဲ့တော့ နင့်စာအုပ်တွေပဲထားတော့ စာအုပ်တွေနဲ့ပဲ ပြည့်နေပြီလို့ ပြောတော့ ရယ်ပဲနေလိုက်တော့တယ်။ ကျွန်မက ဖတ်ပြီးရင် အရမ်းကြိုက်ရင် မှတ်သားထားတဲ့အကျင့်ရှိသလို သူများကိုလည်း ဖြန့်ဝေတတ်တဲ့အကျင့်က ရှိနေတော့ ဟိုတစ်ရက်က ရွှေညာသားက လှမ်းမေးတယ်။ အစ်မ ဘာတွေလုပ်နေလဲတဲ့။ ဘာမှမလုပ်ဘူး။ လိုက်ဖတ်နေတယ်လို့ပြောတော့။ စာအုပ်တွေကနေ ပြန်မရေးတော့ဘူးလားတဲ့ ပြောပါလေရော။
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်မက ကောက်နုတ်ချက်ဆိုပြီး တင်ရတာနဲ့ ဘယ်စာအုပ်က ပြန်တင်ပြတာတို့ဘာတို့ ရေးတော့ သူလည်း
ကျွန်မကို ကော်ပီလို့ ထင်ရင်လည်း ထင်မှာပေါ့လေ။ ဒါကတော့ သူ့အမြင်ကိုယ့်အမြင် မတူတာတွေရှိမှာပေါ့။ ကျွန်မ နားလည်ပါတယ်။
အဲ နောက်တစ်ခုက လူတွေက ဟော့နေတဲ့သတင်းတို့ ဘာတို့ တင်စေချင်သေးတယ်။ ဘယ်သူကတော့ ဘယ်လို၊ ဘယ်သူကတော့ ဘာဖြစ်လို့ဆိုတဲ့အကြောင်းတွေ ဆိုက်တွေမှာ တင်ကြတာ ဖတ်မိပါတယ်။ ကျွန်မကိုမေးတဲ့သူက မေးတယ် မတင်ဘူးလားတဲ့။ ကျွန်မကတော့
မတင်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်းတောင် ကိုယ်ဘာသာ လေ့လာနေတုန်းရှိနေသေးတာလေ သူများအကြောင်းဆိုတာတော့
မပြောနဲ့တော့ လေသံကြား ဖမ်းတရားနာရမယ့်အလုပ်ကိုတော့ ကျွန်မ မလုပ်တတ်လို့ပါလို့ ပြန်ပြောမိပါတယ်။ ကျွန်မကတော့ စာဖတ်ပြီး သူများအမြင်နဲ့ ကိုယ့်အမြင်ကို လေ့လာဝေဖန်သုံးသပ်တာကိုပိုသဘောကျတယ်။ ဒါကြောင့် တွေ့ရာ နီးစပ်ရာလူတွေကို စာဖတ်ဖို့ တိုက်တွန်းတယ်။ ကူညီတယ်။ အားပေးတယ်။ ဒီနေ့တောင် အလုပ်ကအပြန်မှာ လိုင်းကားစီးတော့ ညီမလေးက မင်းခိုက်စိုးစန် စာအုပ် ငှားလာတယ်တဲ့။ အင်းပေါ့ ယူကြည့်လိုက်တယ်။ ဘေးမှာက သုံးယောက်ထိုင်ခုံဆိုတော့ နည်းနည်းတော့ ကပ်ကပ်သပ်သပ်နိုင်တယ်။ ဒါပေမယ့် အဆင်ပြေသလိုပေါ့ ထိုင်လာတာ စာအုပ်ကို ယူကြည့်တော့ အဖုံးဒီဇိုင်းကို အရင်ကြည့်ဖြစ်တယ်။ အဲ သတင်းစာမှာ ကြေငြာထားတဲ့စာအုပ်ပဲ
ဉာဏ်စမ်းလည်းမေးထားတယ် ၁ဝ သိန်းဆိုလားပဲ။ မင်းခိုက်စိုးစန် စာအုပ်အကုန်လုံးက မူပိုင်လား မပြောတတ်ဘူး။ နေမျိုးဆေး ဆွဲတာတွေပဲ တွေ့ရတယ်။ မဆိုးဘူးပဲပေါ့။ ကြည့်နေတုန်း ဘေးက ကောင်လေးတစ်ယောက်က အမ ခဏလောက်ဆိုပြီး ယူကြည့်တယ်။ ဒါနဲ့ နောက်မှာ ထိုင်တဲ့ ညီမလေးက တစ်ခါဖတ် ၂၀ဝ တဲ့ နောက်လိုက်တယ်။ ကောင်လေးက ရပါတယ်ဆိုပြီး ဖတ်နေတယ်။ ခဏနေတော့ ပြန်ပေးတယ်။ ရပါတယ်ပေါ့
အမတို့ မဆင်းသေးဘူးလို့ပြောတော့ ၂၀ဝ ပေးရမှာစိုးလို့တဲ့။ ညီမလေးက ထပ်ပြောတယ်။ ခုတောင် ၂၅ ကျပ် ကျနေပြီလို့ပြောတော့ ၁၀ဝ ပေးပါမယ်တဲ့။ အဖုံးက မိုနာလီဇာပုံလေ။ ဒါနဲ့ ကောင်လေးက ဆက်ပြောတယ်။ ကျွန်တော် စာဖတ်ဝါသနာပါတယ်တဲ့။  ကောင်းတယ် ဖတ်ပါလို့ ပြောတော့ အချစ်ဝတ္ထုကလွဲရင် သိုင်းစာအုပ်တွေလည်း ဖတ်တယ်တဲ့ ဪ ကောင်းတာပေါ့လို့ ပြောပြီး စာအုပ်အဖုံးက မိုနာလီဇာပုံကို သေချာကြည့်ပါလို့ ဘာလိုနေလဲ မေးလိုက်တော့ ကောင်လေးက သေချာကြည့်ပြီး အင်း အစ်မ ပုံမှာ မျက်ခုံးမပါဘူးတဲ့။ ပန်းချီဆရာဆွဲတာ ကျန်ခဲ့တာလားမသိဘူးနော်တဲ့။ ကျွန်မကလည်း နောက်ချင်တော့ သေချာကြည့်ပါဦး ဘာလို့မပါတာလဲ သိလားလို့ မေးလိုက်တော့…. မသိဘူးလို့

ပြောတယ်။ တစ်လက်စတည်း မိုနာလီဇာအပြုံးကရောလို့ မေးတော့ ကောင်လေးက ကျွန်မကို လှည့်ကြည့်ပြီး မိုနာလီဇာပြုံးတာကလည်း အစ်မလောက် မလှဘူးလို့ ပြောပါလေရော… အယ် မင်းကို မျက်ခုံးမပါတာ ဘာကြောင့်ဆိုတာ ပြောအောင်မလားလို့ ကျွန်မ ပြောတော့
ကောင်လေးက ရယ်ပြီး မဟုတ်ပါဘူးအစ်မရဲ့ တကယ်ပြောတာပါ လုပ်နေတော့ ကျွန်မလည်း ဘာကြောင့်ဆိုတာ ရှင်းပြလိုက်ပါတယ်။ ဒါနဲ့ သူက ကျွန်မကို ပြန်မေးပါတယ်။ ဂြိုဟ်ကြီး ၉ လုံးရှိတာ သိတယ်နော်တဲ့ အင်းပေါ့။ ခုတဲ့ ပညာရှင်တွေက တစ်လုံးကို  ဂြိုဟ်အဖြစ်
မသတ်မှတ်တော့ဘူးတဲ့။ ဂြိုဟ်အင်္ဂါနဲ့ မညီလို့ ပယ်လိုက်တာတဲ့။ အဲဒီ ဂြိုဟ်ဟာ ဘာဂြိုဟ်လဲတဲ့… အဖြေကိုသိရင် ဖြေပေးကြပါနော်။ ကျွန်မက
ဘာကြောင့်ပယ်တာလဲ မေးတော့ စာအုပ်ထဲမှာ ဖတ်ရတာတဲ့ သူလည်း မသိဘူးတဲ့။ အကြောင်းအရာကို သေချာပြောပါလို့ ပြောတော့
ကောင်လေးက သူ ဆင်းရမယ့် နေရာရောက်နေပြီလေ။ အစ်မရယ် စကားပြောလို့တော့ ကောင်းပါတယ်။ ထပ်လည်း တွေ့ချင်ပါတယ်။ ကျွန်တော် ကားဂိတ်ကျော်တောမယ့်ပြောပြီး ဆင်းသွားပါလေရော…. ဒါဟာ စာဖတ်ဝါသနာပါသူတွေရဲ့ ဖတ်တဲ့ဗဟုသုတတွေ ဖလှယ်လိုက်တာလို့ ကျွန်မတော့ မြင်မိပါတယ်။ ကျွန်မရဲ့ စာဖတ်ဝါသနာကနေ ဗဟုသုတတွေ ဖလှယ်လိုက်ရတဲ့အတွက် ကျွန်မအရမ်းဝမ်းသာနေမိပါတယ်။ ကဲ
ဒီတော့ အပေါ်က မေးခွန်းလေး နှစ်ခုကို ဖြေပေးပါဦးနော်….

စာဆိုတော် ရှင်မဟာရဋ္ဌရဲ့ ကဗျာလေးကို ပြန်ကြားယောင်မိပါသေးတယ်။
“ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊  သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေစကား
နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ
ရှိသည်သာတည်း…. ”

စာပေကို ဖတ်သင့်၊ မဖတ်သင့်ဆိုတာ မိမိဘာသာ ဆုံးဖြတ်နိုင်ကြပါတယ်။ အဲ နောက် ဆရာကြီး ပီမိုးနင်းရဲ့ အဆိုကလည်း ရှိပြန်သေး….
“လူကို စိတ်သည် အုပ်ချုပ်၏။ စိတ်ကို ဉာဏ်ပညာသည် အုပ်ချုပ်၏။ ဉာဏ်ပညာကို ဗဟုသုတသည် အုပ်ချုပ်၏” လို့ ပြောခဲ့သေးပါတကား….

4 comments

  • kopauk mandalay

    August 2, 2010 at 4:01 pm

    စာဖတ်တယ်ဆိုတာ တကယ်ကောင်းသောအလုပ်ပါ။
    ဒါပေမဲ့ ကို်ယ်ဖတ်သာဖတ်လိုက်တယ် ဘယ်နေရာမှ အသုံးမချဖြစ်ဘူး ဆိုရင် ဖတ်လကားဖြစ်သွားမှာ မျက်စေ့ညောင်းတာ
    အချိန်ကုန်တာဘဲ အဖတ်တင်မယ်လေ၊
    ဖတ်လဲဖတ်ပါ မှတ်လဲမှတ်ပါ ထုတ်လဲသုံးပါ ပြန်လဲ့ဖြန့်ဝေပေးပါ။
    အဲဒါ ခေတ်သစ်ပညာရှိ ဦးပေါက်ကပြောတယ်လို့ မှတ်ထားပါ။

  • kai

    August 2, 2010 at 8:35 pm

    စာကို ဖတ်စရာမလိုပဲ ခေတ်မှီနည်းပညာနဲ့ ခေါင်းထဲတခါတည်းရိုက်သွင်းလို လုပ်လာနိုင်ရင်ဘယ်လိုလုပ်ကြမလဲ..။
    စာဖတ်စရာ မလိုတော့ဘူးပေါ့နော..။ အဲဒီလိုခောတ် နောက် ဆယ်စုနှစ်၁ခု၂ခုလောက်ဆို ရောက်လာမယ်ထင်ပါတယ်။

    ဒါမှမဟုတ်..အိပ်မက်မက်ရင်း စာဖတ်ဖြစ်သွားအောင်လုပ်တယ်ဆိုပါတော့.။
    အိပ်မက်မှာရှိတဲ့ အချိန်နဲ့ တကယ့်လက်တွေ့လောကအချိန်နဲ့မှ မတူတာမို ့..အိပ်မက်ထဲ ၁ဝနာရီလောက်ကြာကြာဖတ်ဖြစ်တာဟာ တကယ်လောကမှာ ၁ဝမိနစ်လောက်ပဲကြာမယ်ဆိုပါတော့..။
    Inception ရုပ်ရှင်ကြည်ပြီး “စဉ်းစားကြောင်”တွေပါ။
    ခေတ်သစ်ပညာရှိ လီယိုနာဒို ဒီကာပရီယို ကပြောတယ်လို့ မှတ်ထားပါ။ 🙂

  • khinmintatthu

    August 2, 2010 at 10:16 pm

    စာဖတ်တယ်ဆိုတာ တကယ့်ကိုမှအကျိုးရှိစေပါတယ်… စာဖတ်ရာတွင်လည်း အကျိုးရှိတဲ့စာ၊ ဗဟုသုတတို့ကို လေ့လာပြီး အကျိုးရှိစွာ အသုံးချဖို့လည်း လိုအပ်ပါတယ်… ဆရာဇော်ဂျီရဲ့ ဆောင်ပုဒ်လေးတောင်ရှိသေးတယ်လေ နာနာဖတ်၊ နာနာမှတ်၊ နာနာရေး ဆိုတဲ့ နာသုံးနာထဲမှာ စာဖတ်ပါဆိုတဲ့ အကြောင်းအရာလည်းပါတယ်လေ…ဆရာဇော်ဂျီလည်း နာသုံးနာကို အကျိုးရှိစွာအသုံးချလို့ စာရေးဆရာကောင်းတစ်ယောက်ဖြစ်လာခဲ့တာကို အတုယူကြပေါ့….

  • sususan

    August 3, 2010 at 1:54 pm

    စာဖတ်တာဝါသနာပါလို့ဒီနေရာရောက်လာတာ..လာလာဖတ်နေတာ..
    တစ်ခါတလေရေးတယ်..ရေးလည်းရေးတယ်တွေးလည်းတွေးတယ်ပေါ့

Leave a Reply