စက္ကူကြယ်လေး
စက္ကူကြယ်လေးတွေ သူမခေါက်သင်ပြီး နေ့တိုင်း စက္ကူလေးတွေပေါ်မှာ သူ့ကိုပြောချင်တဲ့စကားလုံးတွေ ချရေးပြီးစက္ကူကြယ်လေးတွေ သူမခေါက်ခဲ့တယ်။ ကြယ်လေးတွေကို ပုလင်းတစ်လုံးထဲထည့်ပြီး သူမသိမ်းခဲ့တယ်။ သူနှစ်သက်မယ့် မိန်းကလေးမျိုးက နူးညံ့သိမ်မွေ့ပြီး ဖြောင့်စင်းမည်းနက်တဲ့ဆံပင်နဲ့ အရည်လဲ့ဝိုင်းစက်နေတဲ့ မျက်လုံးပိုင်ရှင်ဖြစ်လိမ့်မယ်လို့ သူမ မကြာခဏတွေးထင်မိတယ်။ အဲဒီမိန်းကလေး ပြုံးရယ်တဲ့အချိန် ပါးစပ်က မဟတဟလေးဖြစ်မယ်လို့လည်း သူမမြင်ယောင်မိတယ်။
သူမမှာ မည်းနက်တဲ့ဆံပင်ရှိပေမယ့် နားရွက်ထိအောင်တိုတယ်။ သူမမှာ ဝိုင်းစက်တဲ့မျက်လုံးရှိပေမယ့် ရယ်လိုက်တဲ့အချိန် မျဉ်းတစ်ကြောင်းပုံစံ မှေးသွားတတ်တယ်။ တကယ်လို့ တစ်နေ့နေ့မှာ သူမသာ အဲဒီမိန်းကလေးပုံစံလို ဖြစ်သွားခဲ့ရင် သူစိတ်ဝင်စားလာမလားလို့ မှန်ကြည့်တိုင်း သူမစိတ်ကူးယဉ်တတ်တယ်။ အဲဒီလိုအမြဲတမ်း စိတ်ကူးယဉ်တွေးထင်ပေမယ့်လစဉ်လတိုင်း ဆံပင်ညှပ်ဆိုင်ပြေးပြီး အတန်ငယ်ရှည်လာတဲ့ ဆံပင်ကို သူမသွားသွားညှပ်တတ်တယ်။ ရယ်မောစရာတွေ့ရင်လည်း တဟားဟားနဲ့ မျက်လုံးတွေ မှေးကျသွားတဲ့အထိ သူမအော်ရယ်တတ်တယ်။
သူမ(၁၉)နှစ်မှာ နာမည်သိပ်မကြီးပေမယ့် အရမ်းလည်းအဆင့်မနိမ့်တဲ့ တက္ကသိုလ်တစ်ခုကို တက်ခွင့်ရခဲ့တယ်။စာတော်တဲ့သူကတော့ ထုံးစံအတိုင်း တစ်ခြားမြို့က နာမည်ကြီးတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ ရထားပေါ်ထိုင်ပြီး သူမကိုမွေးခဲ့၊ ကြီးခဲ့တဲ့မွေးရပ်မြေကို မျက်စိတစ်စုံငေးမောရင်း သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ လွမ်းဆွေးစရာတွေက သူမရင်ဝမှာ လှိုက်တက်လာခဲ့တယ်။
တက္ကသိုလ်ကျောင်းသူဘဝအစက ခက်ခဲပင်ပန်းတဲ့ ရက်(၂ဝ)ကြာလေ့ကျင့်မှုတွေနဲ့ စခဲ့ရတယ်။ ညအိပ်ရာမဝင်ခင် ကျောင်းသူတချို့က စောင်ခေါင်းမြီးခြုံပြီး ချစ်သူကို ဖုန်းနဲ့ အလွမ်းတွေတိုင်တည်ကြတယ်။ အလွတ်ရနေတဲ့ ဂဏန်းတချို့ကို အကြိမ်ပေါင်းများစွာ သူမ နှိပ်ခဲ့ပေမယ့် ခေါ်ယူတဲ့ခလုတ်ကို သူမ မနှိပ်ခဲ့မိဘူး။ အသက်(၁၉)နှစ်ရောက်မှ လွမ်းဆွတ်တမ်းတတဲ့ခံစားမှုကို ပထမဆုံးအကြိမ် သူမခံစားခဲ့မိတယ်။ တကယ်တော့ လွမ်းဆွတ်ခြင်းဆိုတာ ရေရာတဲ့အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို မျက်ရည်ကျစေအောင် ပေးနိုင်စွမ်းတဲ့ အင်အားတွေဖြစ်တယ်။
(၄)နှစ်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားဘဝက ရှည်လျားတယ်လို့ မဆိုသာဘူး။ အဲဒီမရှည်မလျားတဲ့ နေ့ရက်တွေကိုတစ်ကိုယ်တည်း သူမဖြတ်သန်းခဲ့တယ်။ သူငယ်ချင်းတွေက ဘာဖြစ်လို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကြင်ဖော်မရှာတာလဲလို့ သူမကိုမေးတဲ့အခါ သူမကရယ်ကျဲကျဲနဲ့ “စာတွေများလို့ပါ” ဆိုတဲ့ဆင်ခြေကိုပဲပေးခဲ့တယ်။ တကယ်လည်း သူမစာကြိုးစားခဲ့ပါတယ်။ သူတက်နေတဲ့တက္ကသိုလ်မှာ မာစတာဆက်တက်နိုင်ဖို့ သူမကြိုးစားခဲ့တယ်။
(၄)နှစ်အတွင်းမှာ သူမဆံပင်တွေ ရှည်လျားခဲ့တယ်။ တစ်ခါက ကျောင်းသူကျောင်းသားဟောင်း တွေ့ဆုံပွဲမှာ သူငယ်ချင်းတွေကဖြောင့်စင်းရှည်လျားတဲ့ သူမဆံပင်ကြည့်ပြီး အံ့ဩခဲ့ကြတယ်။ ဝိုင်းစက်တဲ့ သူမမျက်လုံးတွေက အရည်လဲ့လဲ့နဲ့ပန်းရောင်သမ်းနေတဲ့ အသားအရည်၊ မဟတဟရယ်မောတတ်တဲ့ အပြုံးတွေကြောင့် တစ်ချိန်က ဆတ်ကော့ကော့ကောင်မလေးသူ့ကို လူတွေသိပ်မမှတ်မိခဲ့ကြဘူး။
သူမကိုတွေ့တဲ့အချိန် သူလည်းတစ်ချက်တော့ ကြောင်သွားတယ်။ ဒါပေမယ့် အဲဒီတုန်းက သူ့လက်ဟာ သူ့ဘေးမှာရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခါးသေးသေးကို ဖက်ထားပါတယ်။ သူ့ဘေးက သူမထက် ပိုနူးညံ့သိမ်မွေ့လှပတဲ့ ကောင်မလေးကိုကြည့်ပြီး နာကျင်သွားတဲ့စိတ်ကို ကွယ်ဝှက်ရင်း “မတွေ့တာကြာပြီနော်” လို့ပဲ သူမနှုတ်ဆက်နိုင်ခဲ့တယ်။
သူမ(၂၂)နှစ်မှာ ပထမအဆင့်နဲ့ သူတက်ခဲ့တဲ့တက္ကသိုလ်မှာ မာစတာတန်းကို တက်နိုင်ခဲ့တယ်။ သူက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုမှ အလုပ်ဝင်ခဲ့တယ်။ လုပ်ရည်ကိုင်ရည်ထက်မြက်တာကြောင့် သူ့ရဲ့လခက ဂဏန်းခြောက်လုံးထိရှိခဲ့တယ်။ သူမက တစ်ကိုယ်ရည်ဘဝနဲ့ အပြောင်းအလဲမရှိ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ကျောင်းသားဘဝကို ဆက်လက်ဖြတ်ကျော်နေပါတယ်။
ကျောင်းပိတ်လို့ အိမ်ပြန်တဲ့တစ်ခေါက်မှာ အမေကသူ့လက်ကိုဆွဲပြီး “သမီး… ပညာသင်တာ ကောင်းပါတယ်။ ဒါပေမယ့် မိန်းကလေးဆိုတာ တစ်နေ့တော့ အိမ်ထောင်ပြုသားမွေးရမှာပဲ။ ဒါမှ ဘဝကလုံခြုံသွားမှာ” အမေ့စကားကို သူမခေါင်းညိတ်ပြပြီး ပါလာတဲ့ပစ္စည်းတွေနဲ့ အခန်းထဲဝင်ခဲ့တယ်။ ခရီးဆောင်သေတ္တာကို ဖွင့်လိုက်ပြီး သေတ္တာထဲကနေ စက္ကူကြယ်အပြည့်ထည့်ထားတဲ့ ပုလင်းကို သူမအရင်ထုတ်လိုက်တယ်။ ပြီးတော့ စာအုပ်စင်ပေါ်တင်လိုက်တယ်။ စာအုပ်စင်ပေါ်မှာ စက္ကူကြယ်ပုလင်းတွေ တန်းစီနေတယ်။ စုစုပေါင်း (၆)ပုလင်းရှိခဲ့ပါပြီ။
သူမ(၂၅)နှစ်…နာမည်ကြီးတက္ကသိုလ်က မာစတာဘွဲ့နဲ့ သူမအကောင်းဆုံး အောင်မြင်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ လခကောင်းတဲ့အလုပ်တစ်ခု သူမရခဲ့တယ်။ အဲဒီအချိန်မှာ သူက ကိုယ်ပိုင်ကုမ္ပဏီနဲ့
စီးပွါးရေးတွေ ကြီးသထက်ကြီးအောင် ချဲ့နေခဲ့တယ်။ သူ့ရဲ့ တတိယကုမ္ပဏီခွဲတစ်ခု
ဖွင့်လှစ်ချိန်မှာ မြို့တော်ဝန်သမီးနဲ့ သူလက်ထပ်တဲ့ဖိတ်စာကို
သူမလက်ခံရရှိခဲ့တယ်။ သူ့မင်္ဂလာပွဲကို သူမ တက်ရောက်ခဲ့ပါတယ်။ သတိုးသားက
ဘယ်လိုထက်မြက်ကြောင်း၊ သတိုးသမီးဖက်ကလည်း ဘယ်လောက်ချမ်းသာကြောင်း၊
နိုင်ငံခြားပြန်ဖြစ်ကြောင်း စတဲ့ချီးမွမ်းစကားတွေ သူမကြားခဲ့ရတယ်။
ကျေနပ်အားရတဲ့ သူ့အပြုံးမျက်နှာကိုကြည့်ပြီး သူမရင်ထဲမှာလည်း
အပျော်တွေကူးစက်ခဲ့တယ်။ သူ့ဘေးမှာ ရယ်မောပြုံးရွှင်နေတဲ့သတိုးသမီးဟာ သူကိုယ်တိုင်ပဲလို့ သူမခံစားမိတယ်။
အသက်(၂၆)နှစ်မှာ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ သူမ မင်္ဂလာဆောင်လိုက်တယ်။
သူတို့နှစ်ဦးစရင်းနှီးပြီး မင်္ဂလာဆောင်တဲ့အထိ အချိန်နှစ်ဝက်မကြာခဲ့ဘူး။
အချိန်တိုတိုလေးအတွင်းမှာ ကိုယ်ယူမယ့်လူနဲ့ ချစ်သူဖြစ်ခဲ့၊
မဖြစ်ခဲ့ဆိုတာကိုတောင် သူမ မသိခဲ့ဘူး။ မင်္ဂလာပွဲကို သူမရဲ့တောင်းဆိုချက်နဲ့
ရိုးရိုးလေးပဲကျင်းပပြီး ရင်းနှီးသူတချို့သာ ဖိတ်ခဲ့တယ်။ အဲဒီည
သူမအရက်တွေသောက်ခဲ့တယ်။ ပထမဆုံးအကြိမ် အရက်အများကြီး သောက်ခဲ့မိတယ်။
မမူးပေမယ့် သူမအန်ခဲ့တယ်။ သန့်စင်ခန်းထဲမှာ ရေမှုန်နဲ့ဝေဝါးနေတဲ့မှန်ထဲက
ကိုယ့်မျက်နှာကိုကြည့်ပြီး သူမအားရပါးရ ငိုချင်စိတ်တွေဖြစ်ခဲ့တယ်။
နောက်ဆုံးတော့လည်း မျက်နှာပေါ်က မိတ်ကပ်တွေကိုထပ်ဖို့ပြီး
ပျော်ရွှင်တဲ့သတိုးသမီးအဖြစ်နဲ့ သူမဟန်ဆောင်ခဲ့ပါတယ်။ သူမရဲ့
အနွေးထည်အိတ်ကပ်ထဲမှာတော့ အစောကြီးကတည်းက ခေါက်နှင့်ထားပြီဖြစ်တဲ့
စက္ကူကြယ်လေးတစ်လုံးက ရှိနေခဲ့ပါတယ်။ စက္ကူပေါ်မှာ ဒီလိုလေးရေးထားပါတယ်။
“ဒီနေ့ ငါဟာ တစ်ခြားလူရဲ့ဇနီးဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် ငါ့ကိုယ်ငါသိတယ်။ နင့်ကိုပဲ ငါချစ်တယ်”
သူမ (၃၆)နှစ်…အေးဆေးတည်ငြိမ်တဲ့ သာမန်ဘဝတစ်ခုကို သူမဖြတ်သန်းနေတယ်။
တစ်နေ့ ဈေးမှာသူငယ်ချင်းဟောင်းတစ်ဦးနဲ့ သူမဆုံတော့ သူ့အကြောင်းကို ပြောမိကြတယ်။ သူ့စီးပွါးရေးတွေ မအောင်မြင်တဲ့အကြောင်း၊ မိန်းမနဲ့လည်း
ကွဲသွားတဲ့အကြောင်း၊ နေ့တိုင်းလိုလို အရက်ဘား ရောက်နေကြောင်းတွေ သူမ
ကြားခဲ့ရတယ်။
ရက်အတန်ကြာ သူမလှည့်ပတ်ရှာခဲ့မှ ဘားတစ်ခုမှာ သူ့ကိုတွေ့တယ်။ သူ့ကို သူမအပြစ်မတင်ဘူး။ ငွေစုဘဏ်စာအုပ်ပဲ သူ့ကို
သူမကမ်းပေးလိုက်တယ်။ စာအုပ်ထဲမှာ သူမစုဆောင်းထားသမျှတွေရှိတယ်။
“တစ်ကနေ ရှင်ပြန်စနိုင်မယ်လို့ ကျွန်မထင်တယ်”
ကမ်းပေးတဲ့ဘဏ်စာအုပ်ကို သူဖွင့်ကြည့်လိုက်တယ်။ သူ မယုံမကြည်ဖြစ်မိတယ်။ ဆွေမျိုး၊
မိတ်ဆွေအပေါင်းအသင်းလို့ဆိုသူတွေက သူဆီက “ငွေချေးပါ”ဆိုတဲ့ စကားကိုကြားတာနဲ့ မျက်နှာတွေအေးစက်တင်းမာပြီး တစ်ဖက်လှည့်ကုန်ကြတယ်။
သူမကတော့ သူမနာမည်ကိုတောင် သူမေ့လုလုဖြစ်နေတဲ့
ကျောင်းနေဖက်သူငယ်ချင်းဟောင်း တစ်ယောက်သာဖြစ်တယ်။ ဒါတောင် သူ့အပေါ်
ဒီလောက်ရက်ရောနိုင်ခဲ့တယ်။
“သူငယ်ချင်းဆိုတာ တစ်ယောက်အပေါ်တစ်ယောက် ကူညီရိုင်းပင်းသင့်တယ် မဟုတ်လား?” အပြုံးမျက်နှာနဲ့ သူမဆိုတယ်။
ညရောက်တော့ အဲဒီအဖြစ်အပျက်ကို သူမရဲ့ခင်ပွန်းသိသွားခဲ့တယ်။
ခပ်ပြင်းပြင်းလက်ဝါးစောင်းတစ်ခုနဲ့ အော်ငေါက်သံတချို့ သူမအပေါ် ကျရောက်လာခဲ့တယ်။
“မပြောမဆိုနဲ့ ဒီလောက်များတဲ့ငွေကို ပေးလိုက်ရသလား? သူနဲ့မင်း ရိုးသားရဲ့လား?”
လက်ဝါးဒဏ်ကြောင့် သူမကြမ်းပြင်ပေါ် ပစ်လဲကျသွားတယ်။ မျက်ရည်တစ်စက်မှ မကျမိသလို
ခင်ပွန်းရဲ့အမေးကိုလည်း သူမ ပြန်မဖြေခဲ့ဘူး။ သူ့ကို သူမချစ်တယ်လို့
ဘယ်သူ့ဆီမှ သူမဝန်မခံခဲ့ဖူးသလို သူတို့နှစ်ယောက် ချစ်နေကြတယ်လို့
တစ်ခြားလူတွေ ထင်မြင်ဆုံးဖြတ်တာကိုလည်း သူမ မလိုလားခဲ့ဘူး။
သူမ အသက်(၄ဝ)
အဲဒီနှစ်မှာ အောင်မြင်တဲ့ကုမ္ပဏီတွေထဲမှာ သူ့ကုမ္ပဏီလည်းပါခဲ့တယ်။ အဲဒီညက ချေးငွေတွေနဲ့
သူ့ကုမ္ပဏီရဲ့ ရှယ်ယာ၁ဝ% လွဲပေးစာနဲ့အတူ သူမဆီ သူရောက်လာခဲ့တယ်။ သူမရဲ့
ခင်ပွန်းက ပြုံးပြုံးရယ်ရယ်နဲ့ “ဒီလောက်ထိ အားနာစရာမလိုပါဘူးဗျာ…
မိတ်ဆွေသူငယ်ချင်းဆိုတာ အချင်းချင်း ကူညီကြဖို့ပဲ”လို့ ပြောဆိုနေပေမယ့်
လက်က လွဲစာပေါ်မှာ လက်မှတ်ထိုးနေပါတယ်။ သူမ ဘာမှဝင်မပြောခဲ့ဘူး။
“ထမင်းစားပြီးမှ ပြန်ပါလား” လို့ပဲပြောခဲ့တယ်။ ကျေးဇူးရှင်က
ထမင်းဖိတ်ကျွေးပြီဆိုမှတော့ သူ့မှာငြင်းဆန်ဖို့ ဆင်ခြေရှာမရခဲ့ဘူး။
စားပွဲပေါ်က ဟင်းတွေကိုကြည့်ပြီး သူအံ့ဩမိတယ်။ ထမင်းဝိုင်းမှာ
သူအရမ်းနှစ်သက်တဲ့ဟင်းတချို့ ပါနေတယ်။ သူခေါင်းမော့ပြီး
သူမကိုကြည့်လိုက်မိတယ်။ သူမက နဂိုအေးဆေးတည်ငြိမ်တဲ့မျက်နှာနဲ့ ခင်ပွန်းကို ဟင်းတွေ ခူးခပ်ထည့်ပေးနေခဲ့တယ်။ အကြည့်ကိုရုပ်သိမ်းပြီး
သူအတွေးများသွားတာဖြစ်မယ်လို့ သူထင်မိတယ်။
ပြန်ခါနီး အင်္ကျီအိတ်ထဲကနေ ဖိတ်စာတစ်စောင်ကို ထုတ်ပြီး “အဲဒီအချိန်ကျရင်
နှစ်ယောက်စလုံးလာခဲ့ပါနော်” လို့ သူရယ်ကျဲကျဲပြောခဲ့တယ်။
ကုမ္ပဏီခွဲဖွင့်ပွဲဖြစ်မယ်လို့ ထင်ပြီး ဖိတ်စာကိုယူပြီး သူမဖွင့်မကြည့်ဘဲ
ဆိုဖာပေါ် လှမ်းတင်လိုက်တယ်။ သူ့ကိုအိမ်ပေါက်ဝထိ လိုက်ပို့နှုတ်ဆက်ပြီး
မီးဖိုထဲမှာ သူမ ပန်းကန်တွေဆေးနေခဲ့တယ်။ ရုတ်တရက် ခင်ပွန်းဆီကနေ
အော်ပြောသံတစ်ခုကို သူမကြားလိုက်မိတယ်။
“လူတွေက ပိုက်ဆံလေးရှိတာနဲ့ ဗွေရှုပ်တော့တာပဲဆိုတဲ့စကားက သိပ်မှန်တာပဲ။ ကြည့်စမ်း…
မင်းရဲ့သူငယ်ချင်းဟောင်းကြီး ဘယ်လောက်မြန်သလဲ! နောက်မိန်းမယူတော့မယ်တဲ့”
ပန်းကန်ဆေးနေရာက သူမလက် ဆတ်ခနဲ့ဖြစ်သွားတယ်။ ပဲ့နေတဲ့ပန်းကန်အနားက သူမလက်ကို
တိခနဲ့ရှလိုက်တယ်။ ရှမိတဲ့နေရာကနေ သွေးတွေ တစ်စက်ချင်းစီးကျလာတယ်။
တဖြည်းဖြည်း နီလာတဲ့ရေတွေကိုကြည့်ပြီး လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက
သူ့ဘေးမှာပြုံးရွှင်ပြီး ရယ်မောနေတဲ့ သတိုးသမီးရဲ့ဝတ်စုံကို
သူမမြင်ယောင်လာမိတယ်။ အဲဒီတုန်းက သတိုးသမီးဝတ်ထားတာ ဒီအရောင်ပဲ မဟုတ်လား!
သူမ အသက်(၅၅)နှစ်
တစ်နေ့ အိမ်မှာနေရင်း သူမ ရုတ်တရက်မူးလဲသွားတယ်။ ဆေးရုံပို့စစ်ဆေးတော့ ဆရာဝန်က သုန်မှုန်တဲ့မျက်နှာနဲ့ တစ်ခုခုကိုပြောဖို့
ခင်ပွန်းကို အခန်းထဲကခေါ်ထုတ်တယ်။ သူမ အဲဒီလောက်ထိ မထုံအခဲ့ပါဘူး။
ဆရာဝန်ကို လှမ်းခေါ်ပြီး သူမတိုက်ရိုက်မေးခဲ့တယ်။
“ကျွန်မ ဘယ်နှစ်ရက် အသက်ရှင်နိုင်ဦးမလဲ?”
(၃)လတဲ့! လူ့ဘဝက ပြဇာတ်ဆန်လွန်းခဲ့တယ်။ ဆေးရုံဆက်တက်ဖို့ သူမငြင်းဆန်ခဲ့တယ်။
အိမ်ပြန်ပြီး နောင်ရေးအတွက် လုပ်စရာရှိတာကို သူမလုပ်ခဲ့တယ်။
သက်တမ်းတစ်ဝက်လောက် ရှင်သန်ခဲ့တဲ့အတွက် မှာစရာတွေကလည်း သူမမှာများခဲ့တယ်။
သတင်းကြားတဲ့ သူငယ်ချင်း၊ မိတ်ဆွေဟောင်းတွေ သူမကို
နောက်ဆုံးတစ်ကြိမ်အနေနဲ့ လာကြည့်ကြတယ်။ သူက နောက်ဆုံးမှ ရောက်လာခဲ့သူပါ။
ကုတင်ပေါ်မှာ လဲလျောင်းပြီး သူမမှိန်းမောနေခဲ့တယ်။ ဒါပေမယ့် သူ့လက်ထဲက
စက္ကူကြယ်တစ်ပွင့်ကိုတွေ့တော့ သူမချက်ချင်းနိုးထလာခဲ့တယ်။
“ဒီစက္ကူကြယ်က ကျွန်မအတွက်လား?”
သူ့လက်ထဲက စက္ကူကြယ်ကိုထိုးပြပြီး မျက်နှာပေါ်က အပြုံးတစနဲ့ သူမမေးတယ်။
“ဟို.. ဟို.. အော်… ဟုတ်.. ဟုတ်ပါတယ်။ ခင်ဗျားအတွက် ကျွန်တော်ယူခဲ့တာပါ”
တကယ်တော့ အဲဒီကြယ်ပွင့်က သူလေယာဉ်ကွင်းကအထွက် အလှူခံနေတဲ့ကြက်ခြေနီအသင်းနဲ့
တိုးခဲ့လို့ ရခဲ့တဲ့ကြယ်လေးဖြစ်တယ်။ သူမကိုတွေ့ဖို့ပဲ သူစိတ်လောနေခဲ့လို့
အလှူငွေထည့်ပြီး တစ်ဖက်က ကမ်းပေးလိုက်တဲ့အရာကို မကြည့်ဘဲ
ကတိုက်ကရိုက်ယူပြီး သူမဆီ သူအပြေးလာခဲ့တာဖြစ်တယ်။ လောနေလို့
လက်မှာဆုပ်ကိုင်ထားတဲ့အရာကို သူသတိမရခဲ့မိဘူး။
ကြယ်ကိုလှမ်းယူပြီး ရင်ဘတ်ပေါ် သူမတင်ထားလိုက်တယ်။ ပြီးတော့ ဘေးစားပွဲပေါ်
သူမလက်ညှိုးထိုးပြလိုက်တယ်။ စားပွဲပေါ်မှာလည်း ခေါက်ပြီးသား
စက္ကူကြယ်တစ်ပွင့်ရှိနေခဲ့တယ်။ အဲဒီကြယ်ကို အချိန်တစ်နာရီယူပြီး
သူမခေါက်ခဲ့ရတယ်။
“အရင် ကျွန်မနေခဲ့တဲ့အိမ်မှာ ကြယ်လေးတွေ(၃၉)ပုလင်းရှိတယ်။ ကျွန်မကို မီးသဂြိင်္ုလ်တဲ့အခါ ဒီကြယ်နှစ်ပွင့်နဲ့အဲဒီကြယ်လေးတွေကို ကျွန်မနဲ့အတူသဂြိင်္ုလ်ပေးပါနော်” ခပ်တိုးတိုးလေးပြောရင်း သူမမျက်လုံးတွေ မှိတ်ကျသွားခဲ့တယ်။
သူမရဲ့တောင်းဆိုချက်ကို သူခေါင်းညိတ်မပြနိုင်ခင် သူမက ငြိမ်ငြိမ်သက်သက် ထွက်သွားခဲ့ပါပြီ။
သူမကိုသဂြိင်္ုလ်တဲ့ရက်မှာ သူမပြောခဲ့တဲ့အတိုင်း ကြယ်(၃၉)ပုလင်းလုံး သူမနဲ့အတူ မီးရှို့ပေးခဲ့တယ်။
ပုလင်းထဲကနေ ကြယ်ကလေးတွေ ပြေးလွှားခုန်ပေါက် ထွက်ကျလာခဲ့တယ်။ မီးရှို့ပြီး
သူလှည့်အထွက်မှာ မြေကြီးပေါ်ကျနေတဲ့ ကြယ်လေးနှစ်လုံးကို တွေ့လိုက်တယ်။
ကောက်ယူပြီး မီးထဲပစ်ထည့်ဟန်ပြင်ပြီးမှ သူမနဲ့ပတ်သက်တဲ့ အမှတ်တရအဖြစ်
သိမ်းထားဖို့ သူယူထားလိုက်မိတယ်။
သူအသက်(၇ဝ)
မျက်မှန်ထူကြီးတပ်ပြီး ပန်းခြံမှာသူစာဖတ်နေတယ်။ (၄)နှစ်အရွယ် မြေးမလေးက စက္ကူစနှစ်ရွက်ယူပြီး သူ့ဆီပြေးလာတယ်။
“ဘိုးဘိုး.. ဘိုးဘိုး… သမီးကို စာဖတ်ပြပါ”
မျက်မှန်ကို တစ်ချက်ပင့်တင်ရင်း ပထမစက္ကူပေါ်ကစာကို သူဖတ်လိုက်တယ်။
“အောင်… ဒီနေ့ဝတ်ထားတဲ့ အပြာရောင်အားကစားဝတ်စုံက နင်နဲ့အရမ်းလိုက်တယ်။ နောက်ပြီး ငါလည်းနံပါတ်(၉)ဂဏန်းကို ကြိုက်တယ်သိလား!”
သူ မျက်မှောင်တစ်ချက်ကျုံ့သွားပြီး မြေးမလေးကို မေးတယ်။
“ဒီစက္ကူတွေ ဘယ်ကရတာလဲ?”
“ဒါ စက္ကူတွေမဟုတ်ဘူး ဘိုးဘိုး… စာကြည့်စားပွဲပေါ်မှာ ဘိုးဘိုးတင်ထားတဲ့
ကြယ်လေးနှစ်ပွင့်ကို သမီးဖြည်ကြည့်လိုက်တော့ အထဲမှာ စာရေးထားတာတွေ့တယ်
ဘိုးဘိုး”
သူတစ်ချက် မင်သက်သွားပြီး ဒုတိယစက္ကူကို ကပျာကယာကြည့်လိုက်တယ်။
“အောင်… ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ”
“ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ” အဖန်တလဲလဲ တီးတိုးရွတ်ဖတ်ရင်း သူ့ပါးပြင်ထက် မျက်ရည်တွေ အဆက်မပြတ် စီးကျလို့လာခဲ့တော့တယ်။
3 comments
khaung shan
August 3, 2010 at 6:59 am
ကောင်းပါတယ်.။စိတ်ကူးလေးက…။
အရေးအသားလေး ဒီထက်ပိုကောင်းစေချင်တယ်…..။
etone
August 3, 2010 at 7:12 am
မင်းက ပရိုဂျူဆာလုပ်ပေးမလို့လား အရေးသားကောင်းလာရင် ။
maylay
August 3, 2010 at 9:00 am
ဖတ်ရတာတော့ အတော်ကောင်းသား။ အပြင်မှာတော့ ရှိမယ်မထင်ပေါင်။ ဒီလောက်အပြောင်းအလဲ များတဲ့ခေတ်ကြီးမှာ one goes two come ဖြစ်မယ့်သူက များမယ်ထင်ပ။ ရှားရှားပါးပါး သစ္စာရှင်တွေတော့ရှိမှာပေါ့လေ။:)