“သည်တစ်ခါကွဲရင်ဖြင့် ဆဲမှာပဲအဒေါ်”

nicolus agralAugust 16, 20131min2132

အစကတည်းက ကိုယ့်ဝမ်းနာကိုယ်သာသိသမို့ ပဲကြီးမနိုင်ပဲ ဖင်ဟင်းမစားဘူးဆိုပြီး ကျောင်းသားနိုင်ငံရေးလောကမှာ ပွဲကြည့်သူသက်သက် အားပေးသူသက်သက်အဖြစ်သာနေခဲ့ပေမယ့် ဇာတ်ခုံပေါ်ကကြတဲ့အခါ ဆရာသမားများရဲ့ မြန်မာ့မူမြန်မာ့ဟန် မြန်မာ့စရိုက်တွေ ပေါ်လာတာတွေကို မသိချင်ယောင်ဆောင်လို့ မရခဲ့ပါဘူး။ ဘာပြောကောင်းမလဲ။ ဝက်ဝက်ကို ကွဲတာပေါ့။ တစ်ခုတည်းရှိတောင် တဝက်စီကွဲတတ်တဲ့ အကျင့်ကို ပြောတာလေ။ သည်လူနဲ့သည်လူ ချိုမိုင်မိုင်ကက ရောင်စုံဘောလုံးဆိုဆို မျက်စိစုံမှိတ်ပြီး ဩဘာကျအောင် အားပေးပါမယ်ဆိုမှ သူတို့ခမျာ အချင်းချင်းထသတ်နေရတာနဲ့ ဘာစကားမှ ဟုတ်ဟုတ်ငြားငြား မပြောမဟောနိုင်ဘူး။ မပြောလည်းနေပါ။ အဲဒါတွေက အနှစ်သာရရှိတာမှ မဟုတ်ပဲနဲ့။ သည်ဘက်နားကဝင် ဟိုဘက်နားကထွက်သွားမှာ။ ပရိသတ်အဆင့်ကလည်း ရှင်ကြီးဂေါတမလာဟောတောင် ကျွတ်တမ်းဝင်မယ့်သူ တစ်ယောက်တလေ မပါဘူး။ ဒါပေမယ့် တကယ့်အနှစ်သာရကိုတော့ အားလုံးရလိုက်ပြီးသား။ ကျောင်းသားတွေအားလုံး ဟိုတုန်းကလို နလပိန်းတုံး မဟုတ်တော့ဘူး။ နိုင်ငံရေး အသိအမြင်တွေ နိုးကြားလာကြပြီ။ သူတို့အားလုံး ဂျစ်တိုက်နေကြတဲ့ ကလေးဆိုးများလို ဆန္ဒတစ်ခုကို တညီတညွတ်တည်းဖော်ထုတ်နေတာက လက်ရှိအစိုးရကို မလိုချင်တော့ဘူး တဲ့။

ကျောင်းသားထဲမှာ ခံယူချက်ပြင်းပြင်း၊ ခံစားချက် နင့်နင့်နဲနဲနဲ့ အသက်ထက်ဆုံး ဒီမိုကရေစီအရေးကို နောက်မတွန့်စတမ်း လုပ်ဆောင်သွားမယ့်သူတွေ မပါဘူးလို့တော့ မထင်ပါနဲ့။ အများကြီးမှ အများကြီး။ သူတို့လူကြီးတွေ လွတ်လပ်ရေးအတွက် သားပစ်မယားပစ် စုံလုံးနှစ်ခဲ့ရသလိုတောင် မဟုတ်ဘူး။ မိဘရင်ခွင်က အတောင်အလက်မစုံခင်မှာကို ဘဝမုန်တိုင်းထဲ ခြေစုံပစ်ဝင်ကြဲခဲ့ကြပြီ။ ဒီအထိတော့ ဟုတ်သား။ ရှေ့ဆက်တော့မှ ထီကနဲမြည်အောင် ကွဲကုန်ရော။ ဒီအကြောင်းတွေကို ကိုယ်ကိုယ်တိုင်က အတွင်းစည်းထဲက ဖြတ်သန်းခဲ့ရတာ မဟုတ်တဲ့အတွက် ဘယ်သူဘယ်ဝါ ဘယ်သို့ဘယ်ချမ်းသာ ဘေးကနေ ထိုင်အာစရာ အကြောင်းတော့မရှိပါဘူး။ ဒါပေမယ့် ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို စွန့်စွန့်စားစား လုပ်နေကြတာ ဖြစ်တဲ့အတွက် အကုန်လုံးကို လေးစားပြီးသား။ ဘယ်သူ့ကိုမှ အရိုအသေ မတန်ချင်ဘူး။ အထင်လည်း မသေးချင်ဘူး။ ဒါကြောင့် သူတို့အထဲမှာ ဖြစ်ပျက်နေသမျှ အကွဲအပြဲ ဇာတ်လမ်းတွေကို မေးလည်းမမေး သိလည်း မသိချင်ခဲ့ဘူး။ ရန်အောင် စိုးသူ မေသန်းနု ခိုင်ခင်ဦးတို့လိုပဲ သူတို့သာသူတို့ သူတို့ဘဝမှာ တွဲချင်တဲ့သူနဲ့တွဲ ကွဲချင်တဲ့သူနဲ့ ကွဲလိမ့်မယ်။ အဲဒါ ကိုယ်နဲ့မဆိုင်ဘူး။ ကိုယ့်ဘက်က သူတို့ ဘာလုပ်ပြပြ နှစ်ထောင်းအားရ အားပေးပလိုက်မယ်။ ကျောင်းသားသမဂ္ဂတို့ ခေါင်းဆောင်တို့ဆိုတာတွေလည်း အဲသလိုပဲ သဘောထားလိုက်တယ်။ ဘယ်သူ့ကိုဖြစ်ဖြစ် အားပေးမှာ။ အဲဒီသဘောထားရှိတဲ့အတွက် ကျောင်းသားကိစ္စရေးတဲ့နေရာမှာ ဘယ်သူ့ကိုတင်ပြီး ဘယ်သူ့ကိုမှ နှိမ့်ချရေးသားလိမ့်မယ် မထင်ပါနဲ့လေ။ ကိုယ်က စည်းအပြင်ဘက်ကလူ ဖြစ်တဲ့အတွက် အပြင်ဘက်က အမြင်နဲ့ပဲ ကိုယ်ခံစားရသလို ရေးသွားပါ့မယ်။

ဘိုးတော်ကြီးကို သူ့လက်စွဲဗေဒင်ဆရာ အခါပေးကြီးတွေက “ကျောင်းသားစနက်ဖြင့်သာ ဒုက္ခများရအံ့။” လို့ ဟောကိန်းထွက်ထားသလား မသိပါဘူး။ သူကလည်း ကျောင်းသားဆိုရင် အသည်းအမည်းကို နှိပ်ကွပ်တာ။ ကျောင်းသားသမဂ္ဂ ဖြိုခွင်းတုန်းက တစ်ခါ၊ ဦးသန့်အရေးအခင်းတုန်းက တစ်ခါ။ အခု ဖုန်းမော် ကိစ္စမှာ အစတောင် မသတ်နိုင်တော့ဘူး။ သူ့ဘက်က ကုလားထိုင် ထပေးရရုံအပြင် စည်းစိမ်မပျက် သက်တမ်းစေ့ နေသွားခဲ့နိုင်ပေမယ့် ကျောင်းသားတွေဘက်မှာ အသက်သွေးချွေးပေါင်း များစွာ ရင်းခဲ့ကြရတယ်။ ဘဝပျက်ခဲ့သူတွေ အများကြီးပဲ။ သူ့လက်ထက်မှာ တက္ကသိုလ်နယ်မြေဆိုတာ ရန်သူ့နယ်မြေ စစ်တလင်းတစ်ခုလို စစ်ထောက်လှမ်းရေးတွေနဲ့ ဒိုးလိုမွှေ ရေလိုနှောက်ခဲ့တယ်။ ခေါ်ယူ စစ်ဆေး၊ မေးမြန်း ထိမ်းသိမ်း၊ ဖမ်းဆီးအရေးယူဆိုတာတွေဟာ အကျဉ်းထောင်တွေ တရုန်းရုန်းစည်ကားလာလို့ ရာဇဝတ်သားတွေတောင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အပြင်ထုတ်ပြီး ၅(ည)တွေချည့် ထည့်ထားရတော့မလောက် ဖြစ်ခဲ့တယ်။ ကျောင်းသားကနေ အရပ်ဘက်ကို ကူးတော့မယ်ဆိုတော့ သူကြိုးဆွဲနေတဲ့ ဘီလူးဆိုင်းနဲ့ ကရောင်းရိုက်နေတဲ့ ဦးစိန်လွင်ကို ပြန်သိမ်းပြီး ဦးမောင်မောင် နဲ့ အပျော့ဆွဲဆွဲဖို့ ကြံပြန်တယ်။ ဒါပေမယ့် ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချီးဒဏ်ကို အလူးအလဲခံရတာကတော့ နောက်ကွယ်က လက်သီးပုန်းတွေကြောင့်ပါ။ ကဲပါလေ။ ကြောင်ချီးအကြောင်းမစခင် မောင်ကြီးအပေါင်းတို့ ပျော်ကြပါးကြပုံလေးတွေ စားမြုံ့ပြန်လိုက်ပါဦးမယ်။

ပထမဦးဆုံး ကာဖျူးအမိန့်ကို နောက်ဆုတ်ပေးလိုက်ပြီး လုံခြုံရေးတပ်တွေကို လူမြင်သူမြင်နေရာတွေကနေ အစိုးရဌာနရုံးတွေပေါ်မှာ တပ်ဖျောက်ထားလိုက်တယ်။ လမ်းပေါ်ထွက်အော်နေတဲ့သူတွေကို အတားအဆီးမရှိ ခွင့်ပြုလိုက်တယ်။ အဲသလိုမျိုး ဘေးကင်းရန်ကွာ အော်ချင်တာအော်လို့ရပြီ လို့ မီးစိမ်းလည်းပြလိုက်ရော ဘာပြောကောင်းမလဲ တရားနာပရိသတ်ရယ်။ ပုရွက်ဆိတ်အုံ တုတ်နဲ့ထိုးလိုက်လို့ ထွက်လာသလို ကျားမမဟူ ရှင်လူရဟန်း ဖလန်းဖလန်းကို ထကြတော့တယ်။ တသက်လုံး ပါးစပ်ပိတ် နားပိတ် နဲ့ အောင့်အည်းသည်းခံလာသမျှ သည်အချိန်မှာမှ မပေါက်ကွဲရင် ဘယ်တော့ ဖွင့်ထုတ်ရမှာလဲ ပြော။ ပြောမယ့်သာ ပြောရတာပါ။ အဲဒီအချိန်မျိုးကျတော့ ဆရာကြီးဆရာမကြီးတွေဆိုတာ တိုးလို့ကို မပေါက်တော့ဘူး။ သမဂ္ဂတွေ သမဂ္ဂတွေဆိုတာကတော့ မှတ်သားမကုန် ဇာတ်ကားစုံ။ ဆရာဝန်အသင်းတိုက်က စာသားလေးတောင် ပြန်ပြန်သတိရမိသေး။ “သမဂ္ဂါနံ တပေါ သုခေါ” တဲ့။ “သမဂ္ဂါနံ သမဂ္ဂမှန်က တပေါ ငပေါတကောင် မပါလျှင် သုခေါ သခေါတကောင် ပါလေအံ့။” တဲ့။ ခုတော့ ငပေါတွေ သွားခေါတွေတင် ဘယ်ကမလဲ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆိုက်ကားသမားများ သမဂ္ဂတဲ့။ သူတို့ကမှ ဟန်ကျတယ်။ တစ်ယောက်တစ်လှည့်နင်းရင်း ချီတက်၊ ခြေမညောင်းဘူး။ အလှဖန်တီးရှင်များသမဂ္ဂတောင် ပါသေး။ အဲဒီခေတ်တုန်းကတော့ အခုခေတ်သလို လိင်တူချစ်သူများဆိုတဲ့ အသုံးအနှုံး မပေါ်သေးဘူး။ အခုလိုသာဆိုရင်ဖြင့် အဲဒီခေါင်းစဉ်ကြီးနဲ့ လမ်းမပေါ်အတွဲလိုက် အစုံလိုက်တွေ နွှဲကုန်လို့ကတော့ ဘယ်လောက်များ အူယားစရာကောင်းလိုက်မလဲ။ ကိုယ်တို့ ရွှေပြည်ကြီးလောက် သမဂ္ဂစုံလင်တဲ့ တိုင်းပြည်ဆိုတာ ကမာ္ဘပေါ်မှာ ရှေးတုန်းကလည်း မရှိခဲ့ဘူး။ နောင်ကျလည်း ရှိလိမ့်မယ် မထင်ဘူး။ တစ်သက်လုံး စိတ်ထဲရှိတာ မပြောရမဆိုရ၊ သဘူတောပါသည်ခင်ဗျား ထောက်ခံပါသည်ခင်ဗျားလောက်ပဲ အော်ခိုင်းလာခဲ့တာဆိုတော့ သူတို့ခမျာ လွတ်လပ်ခြင်းရဲ့အရသာဆိုတာကို အဲဒီတော့မှပဲ ခံစားဖူးကြတာလေဗျာ။

တနေ့တနေ့ မနက်မိုးလင်းလို့ လူအုပ်ကြီး စီတန်းလှည့်လည်လာရင် အိမ်ပေါက်စေ့ထွက်ပြီး အားပေးကြိုဆိုရတာ အမောပါ။ ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသားမင်းသမီးတွေများ ပါလာရင် ပရိသတ်က ဆွေ့ဆွေ့ကိုခုန်နေအောင် အားပေးတာ။ လမ်းမပေါ် ဂျူတီကုတ်ဖြူဖြူကလေးတွေဝတ်လို့ ဆရာဝန်များသမဂ္ဂတို့ ဆေးကျောင်းသားများသမဂ္ဂတို့လည်း ပါတယ်။ ကိုယ့်ကျောင်းမို့ကိုယ် အားပေးဦးမှလေဆိုပြီး ဆေးကျောင်းကို တစ်ရက်သွားဖူးပါတယ်ဗျာ။ ဆကာကြီးတွေ တိုးလို့မပေါက်တာကြောင့် နောက်နားကယောင်ပေပေ ဝင်စီပါတယ်။ အောက်တန်းက ဖလန်းဖလန်းစိန်ကလေးတွေက လူတွန်းတွန်းတိုက်တိုက်တိုးပြီး ထိပ်ဆုံးမှာ အလံကို သူကိုင်မယ်ငါကိုင်မယ် လုရင်းရန်ထဖြစ်ကြ။ ဓါတ်ပုံရိုက်ရင် ဂျူတီကုတ်အောက်က ထမီတိုတို မညီမှာစိုးလို့ ရပြီလား၊ လှရဲ့လားဆို လှည့်အကြည့်ခိုင်းလိုက်။ စင်ပေါ်တက်ခါနီးမော်ဒယ်တွေလို ကရင်ပတ်ပုတ်နေတာရှိသေး။ စိတ်အချဉ်ပေါက်လာတာနဲ့ နောက်နေ့ကျ ဆေးကျောင်းနဲ့ မလိုက်တော့ဘူး။ နောက်ပြီး လျှောက်မယ့်သူတွေ သည်လောက်များနေမှတော့ ကိုယ်မပါလည်း အရေးမှ မကြီးတာ။ အပြင်ကနေ အကုန်လိုက်စပ်စုရတာက ပိုတောင် လွတ်လပ်သေး။ ဒါကြောင့်မို့ ဆေးကျောင်းသားဖြစ်လျက်နဲ့ ဆေးတက္ကသိုလ်(၁)ကျောင်းသားများသမဂ္ဂဆိုတဲ့အကြောင်းတော့ တစ်ခွန်းမှ လာမမေးပါနဲ့။ ဘာဘာ ဘာမှ မသိပါဘူးလို့ ဖြေရမယ်။ အပြင်ကနေ မသိချင်တဲ့ အတွင်းက အကွဲအပြဲဇာတ်လမ်းတွေနဲ့ ကင်းအောင်နေချင်တာလည်းပါတယ်။

“တစ်လကိုးသီတင်း ထွန်းချင်တိုင်းထွန်း အထွန်းခံသတော့။” ဆိုတဲ့ နွဲ့နွဲ့စန်းကြီး ဘက်ထရီကြော်ငြာသလိုပဲ “ပေတရာလျှောက်လည်း သေမှာမကြောက်ရတော့ဘူးတော်။” ဆိုတော့မှ နေရာတော်ခင်းပြီး လူသိများချင် နေရာယူချင်တာက လူ့သဘာဝပဲလေ။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ လူတွေမေ့နေတာတစ်ခုရှိတယ်။ သူတို့လမ်းမပေါ်ထွက်လျှောက်နေတာ လက်ရှိအစိုးရကို သဘောမတူနိုင်ပါဘူး။ မကြည်ဖြူနိုင်ပါဘူးလို့ သူ့လုပ်ရပ်ကို ကန့်ကွက် ဆန္ဒပြတာပဲ ရှိသေးတာ။ ဒါဖြင့်ရင် ဘာလုပ်ပေးရမှာလဲ။ ဘာကိုလိုချင်တာလဲဆိုတဲ့ ခေါင်းဆောင်နဲ့ ညှိနှိုင်းတောင်းဆိုမှု မပါဘူး။ အစိုးရဘက်ကနေ မင်းတို့ဘက်ကနေ ဘယ်သူခေါင်းဆောင်တာလဲ။ ဘယ်သူနဲ့ ညှိနှိုင်းလိုက်ရင် ပွဲပြတ်သလဲ လို့ ပစ်သွင်းလိုက်ရင် ကိုယ့်ဘက်မှာ ခေါင်းဆောင်နေရာ ကုလားထိုင်လုရင်း ထသတ်ကုန်တာနဲ့ ဟိုဘက်က ဘာမှလုပ်စရာ မလိုတော့ဘူး။ အစိုးရမှတပါး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အုံကြွတက်လာတဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးမှာ ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်လမ်းညွှန်သွားမယ့် နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ယောက်သာ ရှိနေရင် အဲသည်ကတည်းက ပွဲပြတ်တယ်။ “ရော်။ လက်စသတ်တော့ မင်းတို့ဘက်မှာ ခေါင်းဆောင်တစ်ယောက်မှ မရှိပဲကိုး။” လို့ လာမပြောနဲ့။ သေအောင် ရယ်ပလိုက်မှာ။ ခေါင်းဆောင်တွေ ပေါလွန်လွန်းလို့။ ဖမ်းမကုန်ဆီးမကုန်၊ ရိုက်မကုန် သတ်မကုန်ဆိုတာ အဲဒီတုန်းက ထောက်လှမ်းရေးလုပ်နေသူ ဘဘကြီးကိုသာ မေးကြည့်ပါတော့။

ဆင်လည်းဆင့်အထွာနဲ့ ဆိတ်လည်းဆိတ်အထွာနဲ့ ပြဲကြတဲ့အထဲမှာ အပြဲချင်းတူရင် မောင်မောင်တို့အရှုံးပေးလိုက်မယ် ဆိုတဲ့ အကွဲအပြဲဇာတ်လမ်းတွေဟာ ဟိုးထိပ်ပေါ်မှာ သာလို့သာဆိုးတော့တယ်။ မကွဲသေးလည်း မကွဲကွဲအောင် အာမခံနဲ့ သွေးခွဲပေးမယ့် ဒလံတွေလည်း အများကြီး သပ်လျှိုထားနှင့်တယ်။ ကိုယ့်ကျောင်းသားအဆင့်အောက်ခြေမှာရှိတဲ့ ကျောင်းသားသမဂ္ဂအကွဲအပြဲတောင် မပါချင်လို့ လက်ရှောင်နေပါတယ်ဆိုမှ ဟိုးအထက်က ဘိုးတော်ဘွားတော်တို့ရဲ့ အကွဲအပြဲကျတော့ ပြေးလို့ကို မလွတ်တော့ဘူး။ ခုထက်ထိလည်း ရင်ကြားစေ့လို့ မထိသေးဘူး။ မြောက်ပိုင်းမှာ ABSDF က ဘယ်သူဘယ်ဝါတွေသေရတာ ဘယ်သူဘယ်ဝါကသတ်တာ ဆိုတဲ့သတင်းတွေကို အစိုးရက မြိန်ရေယှက်ရေ ငသလောက်ပြုံးကလေးနဲ့ မျက်နှာဖုံးသတင်းတင်နေတုန်း။ “ငါကိုယ်တိုင် နင့်ကို ကြိုးစင်တင်မယ်။” ဆိုတဲ့ ကြုံးဝါးသံတွေကို နိုင်ငံရေးစင်မြင့်ပေါ်က ရပ်သိရွာသိ မိန်းမကောင်းရန်တွေ့လုပ်ပြတုန်း။

အတွင်းသိအစင်းသိ အပုတ်ဖော်အထုပ်လျှော် မလုပ်ပဲနဲ့ ယေဘုယျသဘောကလေး ရေးပြတာတောင် ဘယ်လောက်ဖတ်ရတာဆိုးသလဲ။ ရှက်စရာလည်း ကောင်းသေး။ ဒီအကြောင်းတွေကို ခရေစေ့တွင်းကျ နဖူးတွေ့ဒူးတွေ့ကြုံပြီး သုမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုတဲ့သူတွေက ဖွင့်ထုတ်ရေးပြမယ်ဆိုရင်တောင် နှလုံးမကောင်းလို့ မဖတ်ဝံ့ပါဘူး။ သင်ခန်းစာယူစေချင်တာက ၈၈ မှာ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အုံကြွတွန်းလှန်ခဲ့သားနဲ့ အစွဲမပြုတ် ဖုတ်မထွက် ကျွန်သက်ရှည်သွားရခြင်းအကြောင်းဟာ ကိုယ့်ဘက်ကလူတွေ ညီညွတ်အောင် မညှိနိုင်လို့လို့ မြင်ပါတယ်။ ဟိုဘက်မှာက “လှေနစ်ရင်တစ်စင်းတည်း မင်းလည်းပါတယ်လေ။” လို့ ပြောလိုက်ရင် တစ်ခွန်းတည်း။ ကျော်ချင်းကပ်ပြီးသား။ အသက်မွေးမှု သဘောသဘာဝအရကိုက ဟိတ် ဆိုရင် တိတ်ရတယ်။ ထိုင်ဆိုထိုင် ထဆိုထ။ မညီလို့ကို မရတာ။ လက်ရည်ချင်းက ဘာမှ မဆိုင်ဘူး။ ကဲ။ ဒင်္ဂါးပြားရဲ့ အခြားတစ်ဘက်ကိုလည်း သွားကြည့်လှည့်ဦးစို့ဗျာ။

(ကျန်သေးတယ် စံအေးရယ်)

credit to Dr Soe Min

2 comments

  • ခင် ခ

    August 16, 2013 at 10:06 am

    (ကျန်သေးတယ် စံအေးရယ်)
    ဆက်ရေးကွယ် ဖတ်အုံးမယ်။

Leave a Reply