“တရားနာ၍ ငိုရသည်”

nicolus agralAugust 15, 20131min1312

ကုန်လွန်ခဲ့ပြီးတဲ့ အဖြစ်သနစ်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ ပဋိပက္ခဆိုတာ ကလေးတွေ ဟစ်ဟော့သီချင်းထဲမှာဆိုကြတဲ့ ဘကြီးဖြိုး နဲ့ ဦးနေဝင်း ဆိုတာမျိုး နှစ်ဦးနှစ်ဘက် တစ်ဦးနဲ့တစ်ဦး မကျေနိုင်မချမ်းနိုင် ရန်စောင်တုန့်ပြန်နေကြတာမျိုးသက်သက်တော့ မဟုတ်ပါဘူး။ လူတော်တော်များများ မေ့နေတာက ထိပ်တိုက်ရင်ဆိုင်မိသူ နှစ်ဦးအကြားမှာ ကြားခံပြေလျော့စေသူ (Buffer) များနဲ့၊ တစ်ဘက်ဘက်ကို ပင်းပြီး ထိုးချသူ (Catalyst) များပါ ပါနေပါတယ်။ အဲဒါကတော့ ကျောင်းသားမိဘ၊ ဆရာ ဆရာမများ၊ အုပ်ချုပ်သူများပါ။ ကိုယ့်အိမ်ကကလေးတွေ ကျောင်းမှာ ဘာဖြစ်နေသလဲ မရိပ်မိတဲ့ ကျောင်းသားမိဘဆိုတာ တော်တော် ရှားပါလိမ့်မယ်။ နယ်ကျောင်းသား မဟုတ်သရွေ့တော့ ကိုယ့်သားလေး ကျောင်းသွားရင် အိမ်မှ ပြန်ရောက်ပါ့မလား စိတ်ပူနေရတဲ့ မိဘချည့်ပါပဲ။ အဲသလိုစိတ်ပူရတဲ့မိဘတွေထဲမှာ ကိုယ်ကိုယ်တိုင် အစိုးရအရာရှိ ဝန်ထမ်းပိုင်း လုပ်နေကြရတဲ့သူတွေလည်း ပါတာပေါ့။ မခံနိုင်လွန်းလို့ရှိရင် ကိုယ်တိုင်သာ ဝင်ကျဲလိုက်ချင်တယ်။ ကိုယ့်သားလေးသမီးလေးတွေတော့ ဘေးမသန်း ရန်မသီစေချင်တာ မိဘမေတ္တာ လို့ ခေါ်တယ် မဟုတ်လား။

ဒါပေမယ့် မိဘတိုင်းက တားလို့ရမယ် မဟုတ်ဘူးဆိုပြီး အိမ်ကနေ ဖင်ထိုင်မကျ ရင်တမမနဲ့ စိတ်ပူခဲ့ကြတာ မယုံရင် ပြန်သာမေးကြည့်ကြပါလေ။ “သွေးတွေတိုးနေတယ်နော်။” “မာမီ့မှာ နှလုံးရောဂါရှိတယ်နော်။” ဆိုတဲ့ ရုပ်ရှင်ထဲက နိုင်ကွက်တွေဟာ ကျောင်းထဲကိုရောက်သွားရင် အကုန်လုံးမေ့။ “နင်လုပ်တာနဲ့ နင့်အဖေရာထူးထိခိုက်ကုန်ရင် ငါတို့တစ်မိသားစုလုံး ဘဝပျက်မှာနော်။” လို့ နောက်ဆုံးသိုင်းကွက်တွေ ထုတ်သုံးလည်း အချည်းနှီးပါပဲ။ ကျောင်းသားကြားကိုရောက်သွားလို့ ကျောင်းသားသွေးမြေကျပဟေ့ လို့ သွေးဆူသွားရင် ဒိန်းဒလိန်းနတ်ပူးတာထက်ဆိုးတယ်။ အဲဒီစိတ်နဲ့ပဲ ကျောင်းသားတော်တော်များများ အနာတရဖြစ်ကြတယ်။ ထောင်ကားစီး၊ လုံ/ထိမ်းကားစီးကြရတယ်။ အိမ်ပြန်မရောက်ဘူး။ နေ့စဉ်နဲ့အမျှ ကျောင်းထဲက ထောက်လှမ်းရေးမှတ်တမ်း ဓါတ်ပုံများအရ ခေါ်ယူစစ်ဆေး မေးမြန်းထိန်းသိမ်းခံရသူတွေ တစ်ရက်ထက်တစ်ရက်များလာတယ်။ ရိုက်နှက်ဖမ်းဆီးနေတဲ့ သူတွေကိုယ်တိုင်မှာကိုက အဲ့လိုအရွယ် ကျောင်းသား သားသမီးတွေ ရှိတဲ့အခါ ကိုယ့်မြန်မာလူမျိုးချင်းဆိုတဲ့ စိတ်ဓါတ်ကလည်း ဘယ်ဖျောက်လို့ ရလိမ့်မလဲ။ လောကကြီးမှာ အလုံးစုံ ကမ်းကုန် ယုတ်ကမ်းသောသူ၊ အဆုံးမဲ့ အနှိုင်းမဲ့ အပြစ်ကင်းသောသူဆိုတာ မရှိသလောက်ရှားတယ် မဟုတ်ဘူးလား။ ညဘက်ညဘက် ကျောင်းထဲမှာ ထပ်ထပ်ကြမ်းနေအောင် ဝင်ဖမ်းနေရင်းတန်းလန်းကတောင် “ကျွန်တော်တို့က အန်ကယ့်သားနဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေပါ။” ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် “အေး.. သားတို့။ ဒါဆို အိမ်ကောင်းကောင်းပြန်ကြ။ မိဘတွေ စိတ်ပူနေမယ်။ နောက် မမိုက်နဲ့နော်။” ဆို ပြန်လွှတ်တဲ့ ဘဘကြီး အကြောင်းပြောပြရရင် လော်ဘီလုပ်တယ် ထင်ဦးမယ်နော်။ ဒါပေမယ့် သူလည်း တစ်ယောက်မကျန် အကုန်လွှတ်နိုင်တဲ့ အခွင့်အာဏာ မရှိတာ အားလုံးသဘောပေါက်ကြပါတယ်။

ကိုယ်တို့ရဲ့ အာစရိယဆရာများအတွက်ကတော့ သည်အချိန်ဟာ ပဲလှော်ကြား ဆားညပ်ရတဲ့အချိန်တွေပါပဲ။ အထက်က ပေးအပ်တဲ့ တာဝန်တွေကိုလည်း မငြင်းပယ်နိုင်ဘူး။ အဲ့သည်တာဝန်တွေအတွက်နဲ့ ကိုယ့်ကလေးတွေ ဒုက္ခရောက်ရမှာကိုလည်း အဖြစ်မခံနိုင်ဘူး။ “သားတို့ရယ်။ ကျောင်းအပြင်မထွက်ပါနဲ့။ ကျောင်းထဲမှာပဲ ကြိုက်သလောက်နေပါ။ ဆရာကြီး တာဝန်ယူပါတယ်။” လို့ ဘယ်လိုပင် တောင်းပန်တောင်းပန်၊ သွေးဆူနေတဲ့ ကျောင်းသားသဘာဝက တားမြစ်ပိတ်ပင်ထားတာတွေကိုမှ မရအရလုပ်ချင်ကြတာ။ နောက်ဆုံးတော့ ပြောစကား နားမထောင်လို့ သူများက ကိုယ့်မျက်စိရှေ့တင် ရိုက်မောင်းပုတ်မောင်း လုပ်တဲ့အခါ သူတို့လည်း မနေနိုင်ပြန်ဘူး။ တက္ကသိုလ်ပရဝုဏ်အတွင်းက ပါမောက္ခအိမ်ယာတွေထဲ ကယ်ပါယူပါ ပြေးဝင်တဲ့ ကျောင်းသားတွေကို သူတို့က ဘေးမသီရန်မခအောင် စောင့်ရှောက်ရပြန်တယ်။ ဘယ်သူရယ်ဘယ်ဝါရယ် မဟုတ်ဘူးလေ။ ကိုယ့်သားသမီးနဲ့ သက်တူရွယ်တူ ကျောင်းသားကလေးတွေဆိုတဲ့ စိတ်နဲ့တင် ကောင်းကောင်းကြီး ကိုယ်ချင်းစာစိတ်မွေးနိုင်ကြတယ်။

သူတော်ကောင်းလေးတွေမို့ နတ်ကောင်းမတဲ့ လူကြီးသူမတွေ ရှိသလိုပဲ၊ “နင်တို့ဗလ နင်တို့ဇလောက်နဲ့ ငါ့လာမစမ်းလေနဲ့။ ကျောင်းမှန်းကန်မှန်းသိသွားစေရမယ်။” ဆိုတဲ့ မိစ္ဆာနတ်ဆိုးများလည်း ရှိပါတယ်။ ကျောင်းသားတွေကို ရာဘာတုတ်နဲ့ရိုက်တဲ့ လုံ/ထိန်းတွေကို သူတို့အထက်အရာရှိများက ဘယ်လိုမှာကြားသွန်သင်ထားလေတယ် မပြောတတ်ပါဘူး။ သားသားနားနား နုနုနယ်နယ် ကျောင်းသားကျောင်းသူကိုရွေးပြီးမှ ဈေးထဲက ငါးစိမ်းသည်များ ငါးကျည်းငါးခူထုသလို ဒေါင်ဒေါင်မြည်အောင်ရိုက်တယ်။ မူးယစ်ရီဝေနေရုံသက်သက်မဟုတ်ဘူး။ တစ်ခါမှလည်း မတွေ့ဖူးပဲနဲ့ ခါးခါးတူးတူး အမုန်းနဲ့ ရိုက်တာ။ အဲဒီတုန်းက လုံ/ထိမ်းဆိုတာ ခါတိုင်းလို ရဲကို လေ့ကျင့်ပေးထားတာတွေ မဟုတ်ဘူးတဲ့။ ချင်းတောင်ပေါ်ကနေခေါ်လာတဲ့ မြန်မာစကားတောင် ရေလည်အောင် မပြောတတ်သူ တပ်မ ၂၂ မှ စစ်သားများ ဖြစ်ပါသတဲ့။ အဲဒီသတင်း ဟုတ်တာ မဟုတ်တာ မသေချာပေမယ့် သေချာတာက အဲဒီလူတွေအားလုံး ကျောင်းသားများအပေါ်မှာ အင်မတန် မုန်းတီးနေကြတာကို ကိုယ်တွေ့မျက်မြင်အားလုံး သိသာခံစားနိုင်တဲ့အချက်ပါ။ ဆိုလိုချင်တာ တာဝန်အရ မလွန်ဆန်နိုင်လို့ စိတ်မပါလက်မပါ မလွှဲမရှောင်သာ ဆောင်ရွက်ရတဲ့သူတွေ လုံးဝ မဟုတ်ပါဘူး။ အားရပါးရ နဲ့ ထိထိမိမိ ဆော်တာ။ ကျောင်းပရဝုဏ်ထဲက ပါမောက္ခအိမ်ကို ဝင်ပြေးမိတဲ့ကျောင်းသားတွေ ဘာမှမဖြစ်ပေမယ့်လည်း အင်းယားလမ်းထဲက နိုင်ငံကျော် မင်းသားကြီး အိမ်ဝင်းထဲ ဝင်ပြေးမိတဲ့ကျောင်းသားတွေကိုတော့ သူကိုယ်တိုင် ဖုန်းဆက်ခေါ်ပြီး စစ်တပ်လက်အပ်ပါသတဲ့။ သည်လိုလူတွေလည်း ရှိပေမပေါ့လေ။ တကယ်တော့ သူ့မှာလည်း ကျောင်းသားအရွယ် သားငယ် သမီးငယ်တွေနဲ့ပါ။

ရဲတိုင်း လုံ/ထိမ်းတိုင်းဟာ အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ယုတ်မာကြတာတော့ မဟုတ်ပါဘူး။ သူတို့ဘက်က တစ်ခုခု လုပ်တော့မယ်ဆိုရင် မပြောမဆိုနဲ့ လက်လွတ်စပယ် လုပ်ကြတာမျိုးတော့ မဟုတ်။ သိသာထင်ရှားတဲ့ သတိပေးချက်တွေနဲ့ တစ်ရစ်ချင်းကြပ်၊ တစ်လှမ်းချင်းတက်လာတာမို့ ရှောင်တိမ်းဆုတ်ခွာဖို့ အချိန်တစ်ခုတော့ ကောင်းကောင်းရပါတယ်။ ကျောင်းထဲမှာ တရားပွဲရှိတဲ့နေ့တိုင်း အမြဲရောက်ပေမယ့် အပြင်က လုံ/ထိမ်းတွေ ကျောင်းထဲဝင်တော့မယ် လို့ အကဲခတ်မိရင် အဖမ်းမခံ အရိုက်မခံနိုင်သေးတဲ့ ကိုယ်ကတော့ ဒီအချိန်မှာ ငါလက်စသတ်ရမယ့် အချိန်ပဲ လို့ သဘောပေါက်ပါတယ်။ ဒါကြောင့်မို့ စိတ်လိုက်မာန်ပါ၊ တော်ချိန်မှာမတော်တတ်ခဲ့သူမို့ဆို ဒုက္ခရောက်သွားတဲ့အထဲတော့ မပါခဲ့ပါဘူး။ ဒါတောင် အထွက်နောက်ကျတဲ့နေ့ဆို ရင်ပေါင်တန်းပြီးတက်လာတဲ့ ဒိုင်းကာတုတ်ကိုင် လုံ/ထိမ်းတွေလက်ကလွတ်အောင် အာတီးယားလမ်းထဲကဝင်ပြေး၊ လှည်းတန်းဘူတာကလာတဲ့ မြို့ပတ်ရထားကို လေးဘီးငှားသလို လက်တားစီးတဲ့အခါ ကျောင်းသားတွေမှန်းသိလို့ ဖြေးဖြေးလေးအရှိန်သတ်ပြီး အကုန်ပါအောင် ခေါ်တင်ပေးတယ်ဗျ။ လမ်းမတော်ဘူတာရောက်လို့ ဆင်းတဲ့အခါ ပင်မတက္ကသိုလ်ထဲက တရားပွဲမီးဟာ ကိုယ်တို့ ဆေးတက္ကသိုလ်ထဲကိုလည်း ရောက်လို့နေပါပြီ။

ကိုယ့်ကျောင်းကိုယ် တရားတက်ဟောတာဆိုတော့ ဘယ်လိုပဲ အမည်မဖော်လိုသူ လုပ်ထားထား။ အဲသည်အကောင် လှထုံမှန်း တစ်ကျောင်းလုံး မသိတဲ့သူ တစ်ယောက်မှ မရှိ။ သူကတော့ အခု ဆရာတိုး လုပ်နေတဲ့ တိုးကျော်လှိုင်လေ။ ဘိုင်နိမ်းကြီးတွေ တပ်တပ်ပြီးရေးနေတာက ကြော်ငြာဝင်ပြီး လော်ဘီလုပ်မလို့ မဟုတ်ပါဘူး။ အဲဒီတုန်းက တကယ်တမ်း ဇရှိခဲ့တဲ့သူတွေဟာ အခုအချိန်မှာ ဘယ်သူကမှ ကျွန်တော်ကျောင်းသားခေါင်းဆောင်ပါဆိုပြီး ပါတီထောင် မဲဆွယ် နိုင်ငံရေးလုပ်စားတဲ့သူ တစ်ယောက်မှ မပါတဲ့အကြောင်း သိစေချင်လို့ပါ။ ဒါကြောင့်မို့လို့ တချို့သောသူတွေက အထိမ်းသိမ်းခံ ကျောင်းသားခေါင်းဆောင်ပါဆိုပြီး ဗန်းတင်စန်းတင်လုပ်နေတဲ့ ကိုယ်ရေးမှတ်တမ်းတွေ ဖတ်မိတဲ့အခါမှာ အင်မတန်မှ ရယ်ချင်ပက်ကျိဖြစ်ပြီး ဘာမှပြောချင်စိတ်ကို မရှိတော့တာပါ။ လမ်းချင်းက တူမှမတူပဲနဲ့။ နိုင်ငံရေးလုပ်ချင်တဲ့သူက နိုင်ငံရေးလုပ်တာ။ ကျောင်းသားက ကျောင်းသားအရေးလုပ်ရင်း နိုင်ငံရေးသားကောင် ဖြစ်ရတာ။ ၈၈မှာ ငါတစ်ချိန်ကျ အမတ်အရွေးခံမလို့ ဆိုတဲ့ ရည်ရွယ်ချက်ထားရင် ရယ်ရတာနဲ့ အူတက်သေသွားမယ်။

ကျောင်းသားဦးရေ လက်တစ်ဆုပ်စာပဲရှိတဲ့ ဆေးကျောင်းထဲမှာ အစိုးရဆန့်ကျင်ရေး လုပ်ရတာဟာ ကိုယ့်အိမ်ကမိဘနဲ့ ကဏ္ဍကောစလုပ်ရသလိုပါပဲ။ တစ်သက်လုံး ရိုရိုကျိုးကျိုး နေလာခဲ့တဲ့ ဆရာကြီး ဆရာမကြီးတွေကို မျက်နှာပူပူနဲ့ ဂျစ်တိုက်ဂျီကျလို့ သပိတ်တားတမ်း ကစားရတယ်။ ရွှေမန်းတင်မောင် သီချင်းနဲ့ဆိုရင် ဆရာကြီးတွေက “ဒါဖြင့်ရင် မုန်းလို့လား။ မုန်းလို့လား ဖြေဆိုပါ။” ဆို မေးလိုက်၊ ကိုယ်တွေက “မုန်းလို့ဟုတ်ဘူး။ မုန်းလို့ဟုတ်ဘူး။ မုန်းလို့ဟုတ်ဘူး။ ဆြာကြီး သိစမ်းပါ။” လို့ ပြုံးစစနဲ့ဖြေလိုက်။ ကိုယ်တွေတောင်းတာကလည်း သိပ်လွန်လွန်ကျူးကျူး မရှိပါဘူး။ ထောက်လှမ်းရေးစာရင်းနဲ့ နံမယ်တက်လာတဲ့ ကျောင်းသားတွေကို ကျောင်းမထုတ်ဖို့ တောင်းဆိုတာလေးတစ်ခုပါပဲ။ လွှတ်တုန်းကတော့ လွှတ်ပေးလိုက်ပြီး နောက်တော့မှ ကျောင်းထုတ်ခိုင်းတာက ဘာသဘောလဲအေ့။ သဘောကောင်းမှာဖြင့် ဆက်ကောင်းလိုက်တော့လေ။ ဒီမှာ သာဓုခေါ်ပြီးနေပြီ။ ပြန်လျော်ပေး။

နောက်ဆုံးကျတော့ ပါချုပ်ကြီး အနားယူရတဲ့အခါ ကျောင်းသားတွေဘက်က စိတ်မကောင်းနိုင်ကြဘူး။ နားစေချင်တဲ့ ဟိုလူကြီးကဖြင့် တကယ်လည်း မနားပဲနဲ့ ယောက်မရှည်နဲ့ အနောက်ကမွှေနေတာဆိုပြီး စိတ်နာကုန်တယ်။ တဖြေးဖြေးနဲ့ ကျောင်းထဲမှာ လောင်နေတဲ့မီးဟာ အရပ်ထဲကို ကူးချင်နေပြီ။ အဲဒီအချိန်က လူတွေ အရမ်းမုန်းတဲ့သူ နှစ်မျိုးရှိတယ်။ လုံ/ထိမ်း နဲ့ မိုင် လို့ခေါ်တဲ့ စစ်ထောက်လှမ်းရေး (MI) တွေ။ သွားရင်းလာရင်း လူစိမ်းတစ်ယောက်က မီးတစ်တို့လောက် တောင်းရင်တောင် “သူ့ကြယ်သီးကင်မရာလေးနဲ့ ငါ့ကို ဓါတ်ပုံရိုက်မလို့လား မသိဘူး။” ဆိုပြီး ရင်တထိတ်ထိတ်။ ညဘက် အိမ်ရှေ့ ကားရပ်သံကြားရင် ရင်တွေပန်းတွေကိုတုန်လို့။

အဲလောက်ကြောက်နေရင်လည်း ဘာလို့ နေရာတကာ လတ်လျားလတ်လျား ပါနေသေးလဲ ဆိုတော့ ကိုယ်တွေလည်း ကျောင်းသားမို့ ကျောင်းသားစိတ် ရှိပါရဲ့။ ဒါပေသိ ကိုယ့်ဘဝကို ကိုယ်တစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူး။ အမေတွေအဖွားတွေက မျှော်လင့်ချက်ကြီးနဲ့ မနည်းအားခဲ ပျိုးထောင်ထားရတာ။ ကိုယ်တစ်ယောက်တည်းရဲ့ အနာဂတ် မဟုတ်ဘူး။ မောင်နှမခြောက်ယောက်ရဲ့ အနာဂတ်။ ဒါကြောင့် ထောင်မကြောက်တန်းမကြောက် သတ္တိမျိုးတော့ မရှိဘူး။ ကိုယ့်ဇကိုယ်သိလို့ စင်ပေါ်မတက်ရဲသော်ငြားလည်း ကိုယ့်ထက်သတ္တိရှိလို့ စင်ပေါ်မှာ ထင်ပေါ်ရဲတဲ့သူတွေကို လက်ခုပ်လက်ဝါးတီး အားပေးဖို့တော့ သွေးမကြောင်ခဲ့ဘူး။ ဒါပေမယ့် အဲသည်အရွယ် အသက် ၂ဝ လောက်မှာကတည်းက တချိန်ကျ ငါ့သားသမီးတွေမွေးလို့ “အဲဒီတုန်းက ဖေဖေတို့ တက္ကသိုလ်မှာ ဘာတွေဖြစ်ကြတာတုန်း။” လို့ အမေးခံရရင် “သိပါဘူး သားရယ်။ ဖေဖေကြောက်လို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ခဲ့ဘူး။” လို့ ပြောရမှာ ရှက်တဲ့အတွက် အကုန်လုံးကိုတော့ မသိလိုက်ရမရှိလေအောင် လိုက်ကြည့်တယ်။ (မုန့်ဆီကျော်ကဖြင့် ဘယ်နေမှန်း မသိသေးခဲ့တာ အမှန်ပါ။) စပ်စုချင်စိတ် သက်သက်တော့ မဟုတ်ဘူး။ နောင်ကျရင် ဒါတွေ မေ့မသွားစေရဘူး ဆိုတဲ့ စိတ်ရှိတယ်။

ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် ရှေ့က အနှစ် ၂ဝ လုံးလုံး “စာအုပ်ထဲမှာသင်တယ်။ မယ်သီတာ ခိုးတာ ဘယ်သူလဲ။” ဆိုတဲ့ အဖြစ်တွေဟာ လက်တွေ့ဘဝမှာ ကိုယ့်ဘာသာ ချင့်ယုံရတယ် လို့ ပထမဦးဆုံး ရင့်ကျက်တဲ့ အတွေးတွေ ရလာတယ်။ သတင်းမီဒီယာတွေထဲမှာ ပါနေသလို ကျောင်းသားတွေကို မြေပေါ်ကွန်မြူနစ်တွေက အကွက်ကျကျ အသုံးချဖို့ နေနေသာသာ ကိုယ့်နားထဲမှာ အညမညသဘောတရားဆိုတာတောင်မှ မကြားချင်တော့ဘူး။ နားခါးနေတယ်။ တော်လှန်ရေးဆိုတိုင်း ကွန်မြူနစ်ကမှ လုပ်တတ်တာကျနေတာပဲ။ ကိုယ့်စိတ်ထဲမှာတော့ ဗီယက်ကောင်းတွေလို လက်နက်ကိုင်ပျောက်ကျားစံနစ်နဲ့ တော်လှန်မနေပေမယ့် အတွေးအခေါ်ဟောင်းတွေကို အကုန်တော်လှန်ပစ်လိုက်ပြီ။ လာမပြောနဲ့။ မယုံတော့ဘူး။ ကိုယ့်စိတ်ထဲမှာ သိထားတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာကြီး လမ်းမှားကြီး။ မရောက်နိုင်တော့ဘူး။ ပြန်ထွက်ရမယ် လို့ သိလာတဲ့အချိန်မှာ တကယ့်ထိပ်သီး လူကြီးပိုင်းကတော့ အဲ့ဒါကြီးကို ဖက်တွယ်ပြီး လှေခွက်ချည့်ကျန် အလံမလှဲ ကာကွယ်နေကြတဲ့အခါ သဘောပေါက်လာတာက သူတို့ဟာ ဝါဒကို ကာကွယ်နေကြတာ မဟုတ်ဘူး။ လက်ထဲမှာ ရှိနေတဲ့ အာဏာကို ကာကွယ်နေကြတာ လို့ နားလည်သွားတယ်။ ဦးနေဝင်းဟာ အတက်တင်ကြမ်းခဲ့တာ မဟုတ်ဘူး။ အထွက်မှာလည်း ကြမ်းတယ်။ သူအားကိုးတဲ့ ဒေါက်တိုင်ကြီး သုံးခုထဲက ပါတီ နဲ့ ကောင်စီကို ခွာပလိုက်ပြီး အာမီကို မိမိရရ ဆုပ်ကိုင်လိုက်တော့တယ်။ အာဏာဆိုတာ သေနတ်ပြောင်းဝမှာ တည်တယ်ဆိုတဲ့ ယူဆချက်ကို မှန်အောင် သက်သေပြရဦးမှာကိုး။

ဒီလိုနဲ့ပဲ စကောတစ်ချပ်ကြောင့် သရေခေတ္တရာပြည်ကြီး ပျက်တာ မပျက်တာ မသေချာပေမယ့်လည်း အလံကလေးတစ်ထည် ဝါးလုံးထိပ်မှာ ချည်လိုက်ရာက ရန်ကုန်မြို့ကြီးတော့ ပျက်ခဲ့တယ်။ နေ့စွဲကတော့ ၈. ၈. ၁၉၈၈ ပါ။ နေရာကတော့ ဆူးလေမီးပွိုင့်နား၊ ၃၅ လမ်းထိပ်၊ ရွှေကြည်အေး လက်ဘက်ရည်ဆိုင်ရှေ့ပေါ့။

(ပြီးသေးဘူးနော်။ ခုမှ စမလို့။)

credit to Dr Soe Min

2 comments

  • ခင် ခ

    August 16, 2013 at 10:43 am

    ဒါဆို အခန်းဆက် ရွာတန်းရှည်ပေါ့။

Leave a Reply