“ကြိုးပြတ်သွားသော ပုလဲလုံးကလေးများ”

nicolus agralAugust 15, 20131min55312

အဖြစ်အပျက်တွေဟာ စာထဲမှာ တဆက်တည်းရေးထားပေမယ့် အပြင်မှာ တကယ်ဖြစ်တဲ့အခါကျတော့ ပြတ်တောင်းပြတ်တောင်း အချိန်အပိုင်းအခြားတစ်ခုစီမှာ ဖြစ်တာပါ။ ဒါပေမယ့် အကြောင်းတရားအကျိုးတရားတွေက ဆက်စပ်နေတာမို့ ကာလယန္တရားကို ရစ်တုံကျော်တုံ ပြုလို့ အဆက်အစပ်မိအောင် ဆင်ရတယ်။ အစကတည်းက ဘာစာရွက်စာတမ်း အထောက်အထားမှ မထားပဲ မှတ်ဉာဏ်ထဲကဆွဲထုတ်နေတာမို့ ရောထွေးမှားယွင်းမှုတွေ ပါလာရင် စာဖတ်သူတွေဘက်က ထောက်ပြတဲ့အခါ ပိုပြီး ပြည့်စုံ ရုပ်လုံးကြွလာမယ် ထင်ပါရဲ့။ ကိုယ်မမြင်မသိလိုက်တဲ့ ဖြစ်ရပ်တွေလည်း ဒုနဲ့ဒေးဆိုတော့ အားလုံးပေါင်းမှ ပန်းဝေသီ ဖြစ်လိမ့်မယ် မဟုတ်လား။ ဘုန်းမော်သေဆုံးမှုဖြစ်တဲ့ ပထမဖြစ်ရပ်က မတ်လမှာဖြစ်ခဲ့တာ။ ကျောင်းတွေ ပိတ်ပြီး အကုန်အိမ်ပြန်ခိုင်းလိုက်တယ်။ အဲဒီလထဲမှာပဲ ပင်မတက္ကသိုလ်ထဲမှာလည်း တရားပွဲတွေ စခဲ့တယ်။ စာကြည့်တိုက်နဲ့ အပန်းဖြေရိပ်သာ အကြားက အဓိပတိလမ်းမပေါ်မှာ လူစုလာပြီး အပန်းဖြေဆောင် ခေါင်မိုးမျက်နှာစာလေးပေါ်မှာ တရားတက်ဟောတဲ့သူက ကျောင်းသားအရွယ်တော့ မဟုတ်ပါဘူး။ အသက်ကြီးကြီးနဲ့ ဟိုးတုန်းက ကြယ်ငါးလုံးအလံကလေးထူပြီး သူ့ကျောင်းသားဘဝက နေဝင်းအစိုးရ ရက်စက်ပုံကမ်းကုန်တဲ့အကြောင်းကို ဟောပါတယ်။ ကိုယ်မမှီလိုက်တဲ့ အဖြစ်အပျက်တွေမို့ မှတ်မှတ်ရရ စိတ်ဝင်တစား မရှိခဲ့သော်ငြား ဆန့်ကျင်စိတ်တူ၊ စာနာစိတ်တူတာမို့ အားလုံး လက်ခုပ်လက်ဝါးတီး ကောင်းချီးပေးခဲ့ကြပါတယ်။ သူ့နောက်လူတွေကဆို အမြီးအမောက်တောင် မတည့်ဘူး။ ဘာတွေပြောမှန်းလည်း မသိဘူး။ မူးနေသလား ကြောင်နေသလားမှတ်ရတယ်။

ဒါတွေက ကိုယ့်ဘဝတစ်သက်တာမှာ ပထမဦးဆုံး ကြားဖူးတဲ့ အစိုးရဆန့်ကျင်ရေး တရားပွဲတွေ မဟုတ်လား။ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ နေဝင်းအစိုးရကို ဘာကြီးထင်တယ်။ ညာကြီးထင်တယ်ဆိုတဲ့ ဆဲသံဆိုသံတွေတောင် သောင်းသောင်းဖြဖြ အားပေးခံရတယ်။ တကယ်တမ်းသာ ဝါဒပြင်းထန်တဲ့ ဗကပယူဂျီတွေ တက်လာတာဆိုရင် စကားလုံးအတွေးအခေါ် ဝေဝေဆာဆာနဲ့ ကျောင်းသားပရိသတ်ကို သူလိုရာ အပါခေါ်မှာ မလွဲဘူး။ အဲဒီတုန်းကတော့ ပွဲငတ်တဲ့ကာလ မျောက်ဖိုးစိန် မင်းသားလုပ် ကြည့်ရသလောက်ပဲ ရှိတယ်။ ဒါပေမယ့် ဇွန်လထဲမှာ ဒုတိယအကြိမ်ဖြစ်တော့ အဟောအပြောကောင်း၊ မျက်နှာ အဝတ်မစည်းပဲ ရဲရဲရင့်ရင့် လူစိတ်ညွှတ်အောင် ဟောနိုင်ပြောနိုင်တဲ့သူ နှစ်ယောက်ထဲမှာ မိုးသီးဇွန် နဲ့ မင်းကိုနိုင် ပါလာတာပါ။ နံမယ်ရင်းတွေ မဟုတ်ပါဘူးတဲ့။ ဇွန်လရဲ့ မိုးစက်တွေကြားမှာ ကျောင်းသားတွေအတွက် မွေးဖွားလာသူမို့ မိုးသီးဇွန်ပါတဲ့။ တစ်ယောက်ကလည်း မင်းဆန်သူ အစိုးရကို နိုင်အောင်နှိမ်နှင်းမလို့ မင်းကိုနိုင်ပါတဲ့။ ကဗျာစာအုပ်တွေ ရောင်းကောင်းတဲ့ တက္ကသိုလ် အနုပညာအသင်းရှေ့မှာ သူတို့နံမယ်တွေက အဲဒါကြောင့် မှတ်မှတ်ရရ ရှိသွားပါတယ်။ တခြားသူတွေလည်း အများကြီးပါတာပေါ့။ ကိုယ့်ကျောင်းက မဟုတ်တော့ ဘယ်အကုန်သိပါ့မလဲ။

တံတားဖြူအရေးအခင်းကလည်း မတ်လထဲမှာပါပဲ။ အိမ်ပြန်မရောက်တဲ့ သူငယ်ချင်းနှစ်ယောက်အတွက် ကျောင်းအောက်မှာ ဒေါင်းတောက်အောင် ရှာခဲ့ရတယ်။ အဆောင်တကာ့အဆောင် စနည်းနာခဲ့ရတယ်။ ပြန်လာတော့ တစ်ယောက်ပြောတာ “အထဲမှာ သိပ် နှိပ်စက်ကလူ ရှိလှတယ် မဟုတ်ပါဘူး။” တဲ့။ “ဒါပေမယ့် သင်္ကြန်ရက်ကို ရောက်လို့ အင်းစိန်ထောင်ထဲကနေ ရေပက်ခံကားသံတွေ ကြားရတဲ့အခါ မျက်ရည်ကျမိတယ်” လို့ ဆိုတယ်။ တကယ်တော့ ကလေးသာသာ အရွယ်ကလေးတွေကို နိုင်ငံရေးပုဒ်မတပ်ပြီး ထင်သလိုထောင်ချသူ လူကြီးမင်းများဘက်က အသည်းမာနိုင်တာ အံ့ဩစရာပ။ အိမ်ရဲ့ အညွန့်အဖူး တက္ကသိုလ်ကျောင်းသားကလေး အုတ်တံတိုင်းတွေ အနောက်ရောက်သွားတဲ့အခါ အပြင်လောကမှာ ကျန်ရစ်တဲ့ မိသားစုဘဝမှာလည်း ကပြောင်းကပြန် လောကဓံအလှည့်အပြောင်းတွေကြောင့် လူတစ်ယောက်ရဲ့ဘဝဟာ အဲသလောက်ကို လျှင်လျှင်မြန်မြန် ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားနိုင်ပါကလား လို့လည်း ဘဝသင်ခန်းစာတွေ ရခဲ့ပါတယ်။ ဇွန်လအရေးအခင်းတွေ ကျောင်းထဲမှာ ဆက်ဖြစ်တော့ သူတို့နှစ်ယောက် အပြင်တောင် ပြန်မရောက်သေးဘူး။ မတ်လနဲ့ ဇွန်လအကြားမှာ ကျောင်းပိတ်ထားလို့ အဆက်အစပ် ပြတ်သွားပေမယ့်လည်း ကျောင်းသားတွေရင်ထဲမှာ ဗလောင်ဆူနေတဲ့ အမုန်းမီးတောက်တွေက ငြိမ်းမသွားသေးဘူး။ ဒါကြောင့် ဖွန်လမှာ ကျောင်းပြန်ဖွင့်တဲ့အခါ ၈ ရက် ၈ လ ရောက်တဲ့အထိ မပြီးနိုင်မစီးနိုင် တားမရဆီးမနိုင် ဆက်ဖြစ်တာ။

ကျောင်းထဲမှာ ဖြစ်တဲ့ပွဲကို မြို့ထဲဘက်ကူးမလာအောင် နည်းမျိုးစုံနဲ့ ပိတ်ပင်တားဆီးထားပေမယ့်လည်း ၈.၈.၈၈ နေ့ကျရင် ဆူးလေမှာ လုပ်ကြမယ်ဆိုတဲ့ ကောလာဟလဟာ ရန်ကုန်တမြို့လုံး ပြန့်နှံနေတာ ကြာပါပြီ။ ရုတ်ရုတ်ရုတ်ရုတ်ဆိုတဲ့ စကားအတိုင်းပဲ ဟိုနားမတ်တတ် စုစုစုစု၊ သည်နားမတ်တတ် စုစုစုစုနဲ့ ဘယ်သူများ ဘယ်နေရာက စလိုက်မလဲလို့ စောင့်နေတဲ့သူတွေထဲမှာ ခြေချင်းလိမ်နေတဲ့ ထောက်လှမ်းရေးတွေတင်မကဘူး။ သူသူကိုယ်ကိုယ် အကုန်လုံး ပါနေတယ်။ ရွှေကြည်အေးဆိုတာက ကိုယ်တို့သူငယ်ချင်းတွေ စက်ကျနေကျ လက်ဘက်ရည်ဆိုင်ဖြစ်တော့ အဲဒီဆိုင်အရှေ့ကနေ ကောင်လေးတစ်ယောက် လိပ်ယူလာတဲ့အလံကလေးကို ဝါးလုံးတိုင်ကလေးမှာ ကောက်ချည်ပြီး ဝှေ့ယမ်းလိုက်တော့ သူ့အနားမှာ လူတွေအုံလာရော။ သိတယ် မဟုတ်လား။ ကျောင်းထဲမှာ အော်နေကျမို့ ကျူနင်ဝင်နေပြီးသား ကီးမကြောင်ဘူး။ “ဒီမိုကရေစီ ရရှိရေး” ဆို ကောက်တိုင်ပြီး လမ်းလျှောက်သွားတော့ သူ့နောက်မှာ “တို့အရေး တို့အရေး” ဆိုပြီး လေးငါးဆယ်ယောက်လောက် ပါသွားရော။ ဆူးလေလမ်းကို တဘက်ကူးလိုက်တော့ ကျန်ခဲ့တဲ့ စပ်စုလိုသူတွေလည်း တကောက်ကောက်လိုက်သွားရင်းက လူလေးငါးဆယ်လောက် ဖြစ်လာတယ်။ အိမ်ပေါက်စေ့ထွက်ကြည့်ပြီး ဝမ်းသာအားရ လက်ခုပ်လက်ဝါးတွေတီးလို့ အားပေးကြတယ်။ လသာ လမ်းမတော် ကျော်လာတော့ ဆေးရုံကြီးကိုပတ်ပြီး ဗိုလ်ချုပ်လမ်းမပေါ်တက်လာတယ်။ သိမ်ဖြူလမ်းမှာ ကျန်းမာရေးရုံးကြီးဘေးကနေ ကန်တော်လေးဘက် တက်သွားပြန်ရော။ ရောက်ရာအရပ်မှာ နောက်ကလိုက်လိုက်လာတဲ့လူတွေနဲ့ လူစုလူဝေးကြီး ဖြစ်လာတယ်။ အမှန်အတိုင်းပြောရရင် အဲဒီနေ့က လမ်းမမှာထွက်အော်နေတဲ့သူတွေဟာ ကျောင်းထဲမှာလို ကျောင်းသားလူငယ်လူရွယ်တွေ အဲ့လောက်မပါဘူး။ အခြေအနေမဲ့ ဆင်းရဲသား၊ လမ်းဘေးမှာ ဈေးရောင်းနေတဲ့သူ စသည်ဖြင့် အရွယ်စုံပါတယ်။ ဒါပေမယ့် ကိုယ်လည်းပါတယ်။ ပါးစပ်က မအော်ပေမယ့် တကောက်ကောက်လိုက်ပြီး လမ်းလျှောက်နေတာ စိတ်ထဲမှာ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်။ သည်လူတွေကို မြင်ရတဲ့သူတွေက စာနာနိုင်မလား။ ညှာတာနိုင်မလား။ အားပေးနိုင်မလား။ ကိုယ်ကတော့ အားပေးနေတယ်။ လေဖမ်းလမ်းလျှောက်ပြီး ပါးစပ်ကလေးကအော်နေရုံနဲ့တောင် အစိုးရအဖွဲ့ကြီးက ဆင်းမသွားဘူးဆိုတာ သံသယကို မရှိတာ။ လမ်းလျှောက်ရလွန်းလို့ ဘယ်လိုမှ ဆက်မလိုက်နိုင်တော့တဲ့အခါ ခြေကုန်လက်ပန်းကျပြီး အိမ်ပြန်လာတယ်။ အိမ်ကပြောတဲ့ “ခုနတုန်းက တို့အရေးတွေ လာအော်တာ လူအုပ်ကြီးမှ နည်းတာ မဟုတ်ဘူး။” ဆိုတာကို မသိချင်ယောင်ဆောင်ပြီး တအံ့တဩနဲ့ “ဟုတ်လား။” ဆို နားထောင်တယ်။ ဘယ်လေဒီယိုကမှ မလွှင့်ပေမယ့်လည်း ပါးစပ်သတင်းနဲ့ လူအုပ်ကြီး မြို့တော်ခန်းမရှေ့မှာ စခန်းချတယ် လို့ ကြားရတယ်။

ရေမိုးချိုး ထမင်းစား၊ အမောအပန်းဖြေပြီး ညဦးပိုင်း တစ်ခေါက်ပြန်ထွက်တော့ ဆူးလေဘုရား ပတ်ပတ်လည်မှာ လူအုပ်ကြီး ဟီးဟီးထနေပြီ။ တရားပွဲတွေ ဘာတွေတောင် ကောက်လုပ်လို့။ အင်းစိန်က၊ ရွှေပြည်သာက၊ လှိုင်သာယာကဆိုတဲ့ သမဂ္ဂတွေ ရောက်ရောက်လာလိုက်ကြတာ ဆိုက္ကားကြီးတွေနဲ့ ပျော်ပျော်ပါးပါးကြီး။ လက်ခုပ်တီးရလွန်းလို့ လက်ဖဝါးတွေ သွေးခြေအုမတတ်ပဲ။ ပြောတာတွေကလည်း လူအစုံစုံ စကားအစုံစုံ၊ မဟုတ်တာရော ဟုတ်တာရော ထင်ရာမြင်ရာ အကုန်။ အများအားဖြင့် အောက်ခြေလူတန်းစားအလွှာကလို့ အကဲခတ်မိတယ်။ (ကိုယ်လည်းပဲ အောက်ခြေထဲ ပါတယ်လို့ တွက်ထားတာနော်။) နိုင်ငံရေးသမားတွေက ဝင်မလာသေးဘူး။ အကဲခပ် စောင့်ကြည့်ဆဲ ထင်တယ်။ တနေကုန် လမ်းသလားထားလို့ ခြေကုန်လက်ပန်းကျနေပြီမို့ ဆယ်နာရီမထိုးခင် အိမ်ပြန်လာခဲ့တယ်။ ဒီလူတွေ ဒီည ဘယ်မှာများ အိပ်ကြမလို့ပါလိမ့် လို့ သူများအတွက်တောင် ပူပူပင်ပင် လိုက်တွေးနေမိသေး။ တကယ်တော့ ဘာပူစရာလိုလို့လဲ။ နိုင်ငံတော်က အကုန်စီစဉ်ထားပါတယ်။ အိမ်ရောက်လို့ အပူစင်အောင် ခြေထောက်လက်ထောက် ဆေးရုံရှိသေး၊ ဝရုန်းသုန်းကား ဆူသံပွက်သံတွေ ကြားလိုက်ရတယ်။ သေနတ်သံတွေလို့ ဆိုတယ်။ အဲဒီက ပြေးလာတဲ့သူတွေ အိမ်ရှေ့ရောက်လာလို့ ကြားလိုက်ရတာက “ကျွန်တော်တို့ကို သေနတ်တွေနဲ့ ပစ်သတ်နေပါတယ်ဗျိုး။” လို့ အသံနက်ကြီး နဲ့ အော်သွားတာ။ ထွက်ပြေးလာတဲ့သူတွေဟာ ဘာဖြစ်လို့ မီးပွိုင့်ကလေးတွေကို မုန်းကြသလဲ မသိပါဘူး။ ရန်ကုန်တမြို့လုံး ဘယ်မီးပွိုင့်မှ အကောင်းမကျန်တာ။

အဖွားကတော့ ပြောတယ်။ “မနက် ဆန်ဝယ်ထားမှ ဖြစ်တော့မယ်။” တဲ့။ နောက်ရက်တွေမှာ ကျောင်းသားနဲ့ အစိုးရ အားစမ်းနေတာ မဟုတ်တော့ဘူး။ ပြည်သူ နဲ့ အစိုးရ ရန်စောင်နေတာ ဖြစ်သွားပြီ။ ဦးစိန်လွင်အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး ကာဖျူးထုတ်ပလိုက်တယ်။ အစိုးရအဆောက်အဦတွေမှာ လုံခြုံရေးတပ်ခွဲတွေချထားတယ်။ သံဆူးကြိုးလိပ်ကြီးတွေ တင်ထားတဲ့ လုံ/ထိမ်းကားတွေ အဆက်မပြတ်လှည့်တယ်။ စစ်သားလေးတွေရဲ့ ပုခုံးပေါ်မှာ လည်စည်းအနီတွေ အပြာတွေ ဆင်လာပြီ။ လူတွေဘက်ကလည်း ဆန္ဒပြတယ် ဆိုတဲ့အလုပ်ကို လစ်ရင်လစ်သလို ကောက်ကာငင်ကာလုပ်၊ သုတ်ခြေတင်ပြေး လုပ်ကြတယ်။ လူတွေဘက်က ဒေါသထွက်နေသလို လုံခြုံရေးကင်းလှည့်နေတဲ့သူတွေဘက်ကလည်း ဒေါသတွေထွက်ကြတယ်။ အိမ်နားက ကျန်းမာရေးရုံးထောင့်မှာ အချုပ်ကားပေါ် လူ ၇ဝ ကျော်တင်လို့ အကုန်သေကုန်တာကြောင့် နောက်တော့ ရဲမှူးကြီးတစ်ယောက် ပြုတ်သွားတယ်။ အဲဒီကားပေါ်ပါသွားတဲ့ အဖမ်းခံရသူတွေဟာ တကယ်တော့ ဆူပူ လှုံ့ဆော်သူတွေလည်း မဟုတ်ဘူး။ တို့အရေး အော်တဲ့သူတွေလည်း မဟုတ်ဘူး။ ဟိုလူတွေက ပြေးလိုက်တာတန်းလို့။ အမြီးတောင် မကျန်ခဲ့ဘူး။ အားလုံးအပြီးမှာ တစ်လှမ်းချင်းတက်လာတဲ့အဖွဲ့က မြောင်းထဲဆင်းပုန်းနေတဲ့သူတွေ၊ လှေကားပေါ်တက်ပြေး ပုန်းနေတဲ့သူတွေ သူတို့လာတော့ အေးဆေးဖြစ်သွားပြီဆိုပြီး ထွက်လာသမျှကို အကုန်ကောက်စိပြီး ကားပေါ်တင်ပလိုက်တာ။ ကြောက်လွန်းလို့ လှေကားထောင့်က ကွမ်းယာဆိုင်ကလေးထဲမှာ တံခါးပိတ်ပြီးပုန်းနေတဲ့ ကုလားလေးလည်း မဆီမဆိုင် ပါသွားတယ်။ ဒီအခြေအနေမျိုးမှာ ဘယ်သူမှ ငဖြူငမဲ မသဲကွဲတော့ဘူး မဟုတ်လား။

အဲဒီတုန်းက လူတွေ ဒေါသတကြီး ပြောလေ့ရှိတဲ့ စကားလုံးတွေက ကြမ်းတော့ ခပ်ကြမ်းကြမ်းပါလေ။ “စိန်လွင် ခြောက်တန်း တစောက်ကန်း သောက်ရမ်းလုပ်လိမ့်မည်။” တဲ့။ တကယ်ဆို သူက အဘိုးကြီး ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးကလေးပါဆိုရင် ဘာဖြစ်လို့ သူ့ကို အပြစ်တင်ရတာလဲ။ တရားခံအစစ်က နောက်ကွယ်မှာ မဟုတ်ဘူးလား။ အပြင်ကလူတွေကို ငဖြူငမဲ မသဲကွဲတော့သလိုပဲ သူတို့အထက် တာဝတိန်သာမှာ ရှိကြတဲ့ နတ်မင်းကြီးတွေရဲ့ အရေးအရာတွေကလည်း အင်မတန်မှ ဝေဝေဝါးဝါးနဲ့ မသဲကွဲတော့ပါဘူး။ လမ်းမပေါ်မှာ အပ်တိုတစ်ချောင်းမပါပဲ “တို့အရေး တို့အရေး” လို့ အော်သွားတဲ့ အသံတွေကြားရင် အဲဒီအချိန်က ဆေးကျောင်းမှာ အလုပ်လုပ်နေရှာတဲ့ သမီးတော်ကလေးတစ်ပါးဟာ သူတို့ကို သတ်မယ့်လူတွေပါလား လို့ တွေးမိပြီး တုန်နေအောင် ကြောက်ရှာသတဲ့။ ဒါမျိုးကောလာဟလတွေကတော့ စက်တင်ဘာ အရေးအခင်းမှာလည်း ကြားခဲ့ဖူးပါတယ်။ လမ်းမပေါ်က အရှေ့အရပ်၌ရှိသော ကြားရင် မယ်မယ်ဘုရားက ကြောက်လွန်းလို့ ခြောက်လုံးပြူးကြီးထုတ်ချိန်ပြီး အခုချက်ခြင်း ပစ်မိန့်ပေးစမ်း လို့ ကာချုပ်ကြီးကို အမိန့်ပေးပါသတဲ့။ ယုတ္တိရှိချင်ရှိ မရှိချင်နေ။ လူတွေကလည်း ကိုယ်တိုင် မမြင်မကြားရပဲနဲ့ ထင်ရာမြင်ရာတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်ရှာပေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှစ်လေးလုံးဂယက်ဟာ ဦးစိန်လွင်ကိုတော့ မယုံနိုင်လောက်အောင် တိုတောင်းစွာ နတ်သက်ကြွေစေခဲ့ပါတယ်။

အသစ်တက်လာတဲ့ ဦးမောင်မောင်ဟာ လူအများမျှော်လင့်ထားတဲ့ အရည်အချင်းတွေနဲ့ ခွင်ကျကွက်တိ ကိုက်ညီသားပဲ။ ပညာတတ်လည်း ပညာတတ်၊ ဥပဒေ နဲ့ နိုင်ငံရေးလည်း ကောင်းကောင်း နားလည်တယ်။ ပျော့ပျော့ပြောင်းပြောင်း လေချိုကလေးလည်း သွေးတတ်တယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ ဒီပုတ်ထဲက ဘယ်ပဲမှ အလာမခံနိုင်တော့ဘူး။ စစ်အုပ်ချုပ်ရေး နဲ့ အရေးပေါ်အခြေအနေ ကြေငြာထားတဲ့ ကာလပျက်ကြီးထဲမှာပဲ အုပ်ချုပ်သူ နဲ့ အုပ်ချုပ်ခံ လူတန်းစားနှစ်ရပ်ရဲ့ တင်းမာမှုဟာ တစတစ ကြီးထွားလို့လာတယ်။ “ပြည်သူပြည်သားများ ခင်ဗျား..” တို့ “ ဒီမိုကရေစီ အဆောက်အဦကြီးကို ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြတာပေါ့။” တို့ ဆိုတဲ့ စကားတွေဟာ သမ္မတကိုယ်တိုင် တီဗီထဲက ပျက်ပြတဲ့ အရယ်ရဆုံး ပြက်လုံးတွေ ဖြစ်လာတယ်။ ရှေ့မှာ အများမြင်သာအောင် ခင်းကျင်းထားတဲ့ အကွက်တွေက ရိုးစင်းသလောက် နောက်ကွယ်ကနေ ကြိုးကိုင် ပုံဖော်နေတဲ့ အကွက်တွေဟာဖြင့် ထူးခြားဆန်းပြားလွန်းလို့ သည်ကနေ့ထိ ဘယ်နိုင်ငံသမိုင်းကြောင်းမှာ မှ ထပ်တူ မမြင်ဖူးခဲ့သေးသော မာယာ ၁၂ ကြိုးအတတ်တွေမို့ ကာယကံရှင်ကြီးတွေ ထုတ်မပြောရင် အရိပ်ရော အကောင်ရော မြင်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် သရုပ်ပေါ်အောင် ရေးရမယ်ဆိုရင်တောင် တရုတ်သိုင်းဝတ္ထုထဲကလို “မည်သို့ လုပ်လိုက်သည်မသိ” သိုင်းကွက် ထုတ်သုံးရဦးမှာ။ ဘဝတသက်တာမှာ သည်လို ထူးခြားဆန်းပြားတဲ့ နိုင်ငံရေးကစားကွက်တွေနဲ့ ကြုံခဲ့ကြောင်း နောင်လာနောက်သားတွေကို ပြန်ပြောပြရင် အားလုံး ပါးစပ်အဟောင်းသားကလေး နဲ့ ငေးကြည့်နေမယ် ထင်ပါရဲ့နော်။

(ဆက်ပါဦးမယ်)

credit to Dr Soe Min

12 comments

  • အလင်းဆက်

    August 15, 2013 at 5:42 pm

    ဒီ အကြောင်းအရာ တွေကို
    ဟိုလူဒီလူပြန်ပြောပြတဲ့အခါတိုင်း ငေးပြီး နားထောင် ခဲ့ ဖူးတယ်
    နားထောင်ရင်းနဲ ့

    မောာာတယ်

    ========
    အတိတ်ကို ပြန် တွေးပြီး နာကြည်းနေမယ့် အချိန်ေတွေကို
    အခု နဲ ့အနာဂတ်အတွက်
    ကြိုတင် ပြင်ဆင် လုပ်ဆောင်ရမယ်
    အဲဒီ အတိတ်ကို သင် ခန်းစာ ယူပြီးတော့ပေါ့

    အဲဒီလိုလည်း တွေးမိတယ်

    ========

    ဆက် နားထောင်ပါဦးမယ်

  • ဦးကျောက်ခဲ

    August 15, 2013 at 6:34 pm

    ဒီအတိတ်မေ့နေတဲ့ စိုးမင်းကို နဘန်ကျင်းချင်လာပြီ…
    သေချာတာ ဒီမောင် ငယ်သူတွေအမှတ်မှားအောင် ပုံပြင်တွေလာရေးနေပြီ…
    ပိုပြီးသေချာတာက စိုးမင်း အရေးတော်ပုံမှာ မပါခဲ့ပါဘူး၊ ဘယ် ထမိန်ခြုံကြားထဲ အိပ်နေတယ်မသိ၊
    မသေမချင်းမှတ်ထား လှိုင်သာယာ ရွှေပြည်သာဆိုတာ အရေးအခင်းပြီးမှ…
    စစ်အစိုးရက ကျူးကျော်တွေကို မြို့ပြင်ထုတ်ချင်လို့ လယ်ကွက်တွေပေါ်တည်တဲ့ မြို့သစ်တွေ…
    (အမှတ်မှားရင်ပြင်ပေးပါဆိုလို့ အကြိမ်ကြိမ် နာမည်နဲ့ ရက်စွဲနဲ့ သမိုင်းကိုပေးဖူးတယ်၊ သောက်ဂရုတောင်မစိုက်၊ ပညာတတ်လုပ်ပြီး အတော်ကို သိက္ခာမဲ့တဲ့ကောင်။ ဘယ်ဘက်က တော်ကောက်မလဲ စောင့်နေလဲ အချောင်သမား)
    *သဂျီးရေ ရိုင်းတယ်/စည်းမျဉ်းနဲ့ ငြိတယ်ထင်ရင် ဖျက်လိုက်ပါ၊ မောင်ကျောက် မခံနိုင်လွန်းလို့…
    🙁

    • အရီးခင်

      August 15, 2013 at 7:51 pm

      လွဲနေတာတွေ မှတ်ထားပြီး ဆက်ဖတ်ကြည့်ကြရအောင်ပါ ကိုကျောက် ရေ။

      • Min Zarni

        August 15, 2013 at 8:10 pm

        ဟိ.
        နောက်လူတွေ အမှတ်မှားမယ့် တလွဲတွေ ဆိုလို့ကတော့
        ဒချိ. ဒချိ မှာဗျဲ.

      • ဦးကျောက်ခဲ

        August 15, 2013 at 8:13 pm

        အရီး… မောင်ကျောက် ဘယ်သူ့ကိုမှ မရိုင်းဖူးပါဘူး…
        အခုဟာက ငယ်သူတွေ အမှတ်မှားအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတာကို မြင်နေရလို့ပါ။ ကျနော် အကြိမ်ကြိမ် နာမည်အရင်းနဲ့ အမှန်ကို ထောက်ပြ ပြောပြဖူးပါတယ်၊ ဂရုတောင်မစိုက်ဘူး။ ယဉ်ယဉ်ကျေးကျေး ပြောတော့ မောင်ကျောက်ကို ဗမာပီပီအမှန်ကို လက်မခံနိုင်ဘူးတဲ့။ ကျနော်က အဲသည်နေရာတွေမှာ ကိုယ်တိုင်ရှိနေခဲ့တာ၊ မျက်မြင်။ ဒီလူ လေဖမ်း ဝါးရမ်းချည်၊ မှေးမှိန်အောင် ရောင်တော်ပြန်နဲ့ ရောလွှတ်နေတာ သီးမခံနိုင်လို့ပါ။ နောင်တခေတ်ရဲ့ ကျန်းမာရေးဝန်ကြီးလုပ်ချင်လို့ ဘုန်းတော်ဘွဲ့ ကြိုက်သလိုရေး လှည့်တောင်မကြည့်ဘူး၊ အခုဟာက အရေးတော်ပုံသမိုင်းကို ပရိတ်သတ်ရှိတယ်ဆိုပြီး၊ လူတွင်ကျယ်ကြီးလုပ် အရောင်ဆိုးနေလို့ပါ။ ပို့စ်တင်တဲ့ ညီငယ်ကိုလည်း ခွင့်တောင်း ပြီးသားပါ ခင်ဗျ။ သူ့ ပုဂ္ဂလိကရေးရာ မပြောချင်သလို၊ ရွာထဲ လာမတင်ရင် အမုန်းခံပြီး ရေးကိုမရေးပါဘူး အရီးရယ်….
        🙁

        • အရီးခင်

          August 15, 2013 at 8:20 pm

          သမိုင်း အမှား ဖြစ်နေရင် အမှားသမိုင်း ရေးသူ လို့ သူ့ကို ဒီမှာ မှတ်တမ်း တင်ပေးပြီး ဖြစ်မှာပါ။
          ရွာထဲ က သူ တော်တော်များများ အဲဒီ သမိုင်း ကို သိသူများတာဘဲလေ။
          ကိုကျောက် ခံစားနေရတာ နားလည်ပါတယ်။
          အခုတောင် ကိုကျောက် ထောက်ပြ နေတာ ဖတ်ရသူ တွေ အားလုံး သဘောပေါက်မှာပါ။
          အားလုံးပြီး သွားချိန် အမှား တွေ ကို ပြန်ထောက်ပြပြီး သူ့ကို ပြန်ရှင်း ဖို့ တောင်း ကြတာပေါ့။
          သူ စာသူ တာဝန်ယူ ရမှာပါ မဟုတ်လား။
          😛

        • Mr. MarGa

          August 15, 2013 at 10:35 pm

          အခုမှ လူဖြစ်တယ်လို့ ပြောလို့ရတဲ့
          ကျွန်တော်တို့ လူငယ်တွေဟာ
          ဒီအဖြစ်တွေကို မသိတာ အမှန်ပါ…
          သိမီသူတွေ ပြောပြမှ
          အမှန်ကို သိနိုင်မှာ…
          သိမီသူ ဆိုတာတောင်မှ
          တစ်ယောက်နှစ်ယောက် ပြောရုံနဲ့ မလုံလောက်၊ မပြည့်စုံပါဘူး..
          မှန်တယ် မမှန်ဘူး ဆိုတာ သိမီသူတွေ ဆုံးဖြတ်ပေးရမှာပါ…
          နောက်ပြီး
          သမိုင်းအမှန် သိရဖို့အတွက် ရွာထဲက သမိုင်းသိသူ အားလုံးကို ပြောပြဖို့ ပူဆာချင်ပါတယ်ဗျို့

    • Ma Ei

      August 16, 2013 at 11:39 am

      ကိုကျောက်ပြောတာ မှန်ပါတယ်…
      လှိုင်သာယာ ရွှေပြည်သာဆိုတာ အရေးတော်ပုံပြီးမှ ပေါ်လာတဲ့ မြို့သစ်တွေပါ…
      မိချောင်းကန် ၁၊၂( မိုးသီးဇွန် နေအိမ်ရှိ)၊ ၃ ရပ်ကွက်တွေကို
      ဖျက်ပြီး တောင်ဒဂုံ၊ လှိုင်သာယာ၊ အေးသုခ (ပဲခူးတိုင်း ဒိုက်ဦး အချိုမှုန့် စက်ရုံအနီး)တွေကို ပို့ပစ်တာပါ…
      တောင်ဒဂုံ မှာလယ်ကွက်တွေထဲ ပစ္စည်းတွေပုံလို့ ၊ အကွက်ချက်ချင်းရိုက် လမ်းကဖောက်လက်စ၊ လယ်ကန်သင်းရိုးကနေ သွားလာနေကြရတဲ့သူတွေ၊ မြွေပွေးတွေ ကန်သင်းရိုးမှာ အခွေလိုက်မို့ ပိုးထိကြတဲ့သူတွေ၊ဖို့ထားတဲ့လမ်းကလဲ လယ်မြေလမ်းမို့ ရွံ့နွံ့တွေထဲမှာသွားလာနေကြရတာ… ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို ပညာရှိနည်း(ယုတ်မာချက်) နဲ့ နှိပ်စက်ခဲ့ကြတာ တွေကို ဘယ်သူမှတ်တမ်းရေးထားမှာလဲ…

  • kai

    August 16, 2013 at 2:41 am

    ဘာတွေဖြစ်သွားတယ်… စာဖတ်သူတွေ ယူနိုင်သိနိုင်ရအောင်.. သူ့အမြင်ကိုယ့်အမြင်တွေပါ…။
    http://www.thuriya.org/?show=rm&fileid=68&t=gTDY0MW3C3vxvmFkrUlD&id=&av=
    ကကူးလာကြောင်း…

    ==============

    လွန်ခဲ့သည့် ၂၅ နှစ်က ရှစ်ဆယ့်ရှစ် ခေါင်ေးဆာင်များနှင့် တိုက်ပွဲသင်ခန်းစာ
    – သန်းတိုးရှိန်–၇-၈ -၂၀၁၃

    မကြာမီ ရှစ်လေးလုံး ၂၅ နှစ်ပြည့်မြောက်သည့် ငွေရတု နေ ့ထူး ရက်မြတ်ကြီးကိုရောက်တော့မည်။
    လွန်ခဲ့သော ၁၉၈၈ ခုနှစ်ကဆိုလျှင် ဩဂုတ်လ ဆန်းသည်နှင့် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်မည့် အရိပ်လက္ခဏာများသည် တရိပ်ရိပ်တက်နေသည့် အချိန်ဖြစ်သည်။

    လက်ကမ်းစာစောင်များတွင် စစ်အစိုးရက ထုတ်ပြန်သည့် ပုဒ်မ ၁၄၄ ကိုလှောင်ပြောင်သည့် စာရွက်စာတမ်းများ၊
    ထိုစဉ်က အဆိုတော်လွှမ်းမိုး (မူဆလင်) ဟုစွပ်စွဲခံရသူက ဝန်ကြီးချုပ် ဦးမောင်မောင်ခ သမီးကို လက်ထပ်နိုင်ခဲ့သဖြင့် ဦးမောင်မောင်ခ ဝန်ကြီးချုပ်ဘဝမှ ဖယ်ရှားခံရသည်ကို လှောင်ပြောင်သည့် စာရွက်စာတမ်းများ၊
    မဆလ(ခေါ်) မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို လှောင်ပြောင်သည့် စာရွက်စာတမ်းများ၊
    ဦးနေဝင်း၏ ပါတီ ၊ကောင်စီ လူကြီးများ လာဘ်စားကြပုံ၊ အထက်ဖား၊ အောက်ဖိ လုပ်ကြပုံ များကို လှောင်ပြောင်သည့် သတင်းများ၊
    စာရွက်များ တိုးတိုးတိတ်တိတ် ပလူပျံအောင် ပျံ ့နှံ နေသည့် အချိန်ဖြစ်သည်။

    ဘီဘီစီ လေလှိုင်းမှလည်း ခရစ္စတိုဖာ ဂါးနက်မှ မြန်မာပြည်တွင် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်တော့မည့် အကြောင်း၊ တက္ကသိုလ် ကျောင်းသား လူငယ် များ ဦးဆောင်ကာ ပြည်သူ လူထုကြီးနှင့် တွဲ၍ မဖြစ်မနေ တိုက်ပွဲ ဝင်မည့် အကြောင်း ပြည်သူများ အကြား နားဆင်မဝ ကြားနေရချိန်ဖြစ်သည်။

    အစိုးရမှ တစ်ရာတန်၊ နှစ်ဆယ့်ငါးကျပ်တန်၊ သုံးဆယ့် ငါးကျပ်တန်၊ ခွန်နှစ်ဆယ့် ငါးကျပ်တန် ငွေစက္ကူတွေကို တရားမဝင်တော့ကြောင်း (၁၉၈ရ စက်တင်ဘာလ ၅ ရက်နေ့မှာ) တရားမဝင်ကြေငြာ၍ လူထုက ဒေါသ ထွက်နေချိန်မှာ ရန်ကုန် စက်မှု တက္ကသိုလ် မှ စတင်ခဲ့သော ရန်ပွဲတွင် ကျောင်းသား မောင်ဖုန်းမော်နှင့် မောင်စိုးနိုင် (၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ ည) သေဆုံးမှု သည် အာဏာရှင် ဦးနေဝင်း အစိုးရကို ပြုတ်ကျ စေရန် မီးပွါးတခု လာစေခဲ့သည်။
    အစိုးရက ထိုစဉ်က ကျောင်းသားတို့ တောင်းသည့် သေနတ်ပစ်သူ ရဲကို ထုတ်ဖော်ပေးရန် တောင်းဆိုမှုကို ထုံးစံအတိုင်း ကွေ့ဝိုက် ရှောင်လွှဲ ပြောဆို ထုတ်ပြန်ချက်နှင့် မတ်လ ၁၆ ရက် အင်းလျားကန် (တံတားဖြူ)မှာ ဆန္ဒပြ ကျောင်းသား တွေကို ဘက်နက်နဲ့ထိုး၊ နံပါတ်တုတ် တွေနဲ့ရိုက်၊ စစ်ဖိနပ်နဲ့ နင်းတာတွေကြောင့် တံတားနီလို့ ပြောင်းလဲ တင်စား ခေါ်ရလောက်အောင် သွေးချင်းချင်း နီခဲ့ရတဲ့အပြင် မဆန့်မပြဲ ကြပ်သိပ် နေအောင် ဖမ်းတင် သွားတဲ့ အချုပ်ကားပြာကြီး တွေပေါ် အသက်ရှူကြပ်မွန်း သေသွား သူတွေ ရှိလာခဲ့ခြင်းသည် ဒီမိုကရေစီ တိုက်ပွဲကြီး ဖြစ်လာစေရန် မီးတောက်ကြီး ဖြစ်လာစေခဲ့သည်။

    ဦးနေဝင်း စစ်အစိုးရမှ ထွက်ပေါက်ရစေရန် ကုလား- ဗမာ အရေးအခင်းကုို ( ပြည်၊ တောင်ကြီး) မြို့ တို့တွင် ကြိုတင် ဖန်တီး၍ ရှောင်လွှဲရန် ကြီုးစားသော်လည်း ထင်သလို ဖြစ်မလာ၊
    ပြည်သူများက ကုလားအိမ်များကို ဖျက်ဆီးသည်နှင့် တပြိုင်နက် ပြည်မြို့ တွင် ပါတီ ၊ကောင်စီရုံးများကို မီးရှို့ခြင်း၊ တောင်ကြီးမြို့တွင် ရဲများကို ပြန်လည် လက်တုန် ့ပြန် ရန်မူခြင်းများရှိခဲ့သည်။

    အရေးပေါ် ပါတီ ညီလာခံတွင် ဦးနေဝင်းကိုယ်တိုင် ။
    “ကုလား-ဗမာ ပြဿနာ ဖြစ်တာနဲ့ ကျွန်တော်တို့ ပါတီ ကောင်းစီ ရုံးတွေ ၊ ဝန်ထမ်းတွေကို ရန်ရှာကြ ရတာလဲ၊ နောင်ကို လူစု လူဝေးနဲ့ ဆူဆူ ပူပူ လုပ်ရင် နာမယ်သာမှတ်၊ ရဲနဲ့ ထိန်းလို့ မရရင် စစ်တပ်ကို သုံးမယ်၊ စစ်တပ်ဆိုတာ မိုးပေါ် ထောင်မပစ်ဖူး၊ တည့်တည့် မှန်အောင်ပစ်တာ ” လို့ ကမ္ဘာသိ ခြိမ်းခြောက် သည့် စကား တိုင်းပြည်သို့ ပြောခဲ့သည်။

    ဦးနေဝင်း အပါအဝင် ပါတီခေါင်းဆောင်အချို့ ရာထူးများမှ နှုတ်ထွက်ပြီး ဦးစိန်လွင် သမ္မရာထူး ခံယူကာ တိုင်းပြည်ကို အလှည့်အပြောင်း လုပ်၍ အုပ်ချုပ်ရန် ကြံသော်လည်း ရှစ်လေးလုံး အရေးတော်ပုံကြီးကို ၈။၈။၁၉၈၈ တွင် အမှန်တကယ် တိုက်ပွဲဝင်ဆင်နွှဲ ခဲ့ကြသည်။

    မင်းကိုနိုင်၊ စစ်ကိုနိုင်၊ ရဲကိုနိုင်၊ မိုးသီးဇွန် ၊ ဇာဂနာ စသော အမည်များသည် ပြည်သူချစ်သော ကျောင်းသား
    ခေါင်းဆောင်များဟု လူသိများခဲ့သည်။

    ဦးစိန်လွင် အမိန့်ဖြင် ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး စောမောင် မှ ပစ်မိန် ့ထုတ်ကာ ည ၁၁ နာရီမှ စတင်၍ ၉။၈။၈၈ နှင့် ၁၀-၈-၈၈ ရက်များတွင် ဆက်တိုက် ဆန္ဒပြ လူအုပ်ကိုပစ်သည်။

    ဆူးလေ စေတီအနီး ပစ်ခတ်မှု၊
    မြောက်ဥက္ကလာ၊ ရန်ကုန်ဆေးရုံကြီး အနီး နှင့် ရွှေတိဂုံ အရှေ ့မုဒ် ရေခဲဆိုင် မှတ်တိုင်အနီး၊ မြေပဒေသာကျွန်း ရှေ့ ပစ်ခတ်မှုများသည် နာမည်ကြီး နှိပ်ကွပ် သတ်ဖြတ်မှုများ အဖြစ် နာမည်ကျော်ခဲ့သည်။
    ယနေ ့အထိ အင်တာနက် စာမျက်နှာ များတွင် ထိုစဉ်က ပစ်ခတ်မှု မှတ်တမ်းပုံများ အလွယ်တကူ ရှာဖွေ ကြည့်နိုင်ကြသည်။

    တိုအချိန်က သမ္မတ ဦးစိန်လွင် ကိုဆန့်ကျင်သော-
    ” စိန်လွင် ၆ တန်း ၊ တစောက်ကန်း၊ သောက်ရမ်း မလုပ်နဲ့”
    “ဘဲဥတလုံး နှစ်ကျပ်ခွဲ စိန်လွင့် ခေါင်းကိုခွဲ ”
    “ဆန်တပြည် ၁၅-ကျပ် ၊နေဝင်း ခေါင်းကိုဖြတ်”
    ” နေဝင်း-စိန်လွင် ခုံရုံးတင်၊ အင်းစိန်ထောင်ကို ပို့လိုက်– ပို့လိုက် ”
    “ဒီမိုကရေစီ ရရင်ရ- မရရင်ချ”
    “ရရ- မရရ -ချ”
    စသော ကြွေးကြော် သိများ ထူထုက ကြွေးကြော် ချီတက်ခဲ့ကြသည်။

    သမ္မတဦးစိန်လွင်၏ အကြမ်းအရမ်း ဖြင့် အုပ်ချုပ်မရမှန်း သိသော အခါ ဦးမောင်မောင်ကို သမ္မတ တင်၍ အုပ်ချုပ်ပြန်သည်။
    သမ္မတ ဦးမောင်မောင်က လေပြေ ထိုး၍ တိုင်းပြည်ကို အုပ်ချုပ်သည်။
    ရွေးကောက်ပွဲ ၃-လအတွင်း လုပ်ပေးမည် ဆိုသည်။

    သိုသော် ဆန္ဒပြ လူထုက–
    “နဖူးပြောင်ပြောင် ဦးမောင်မောင် -အရူးထောင်ကို ပို့လိုက် ပို့လိုက်။”
    “ဘာလုပ်နေလဲ မောင်မောင်ရယ်- ဒီမိုကရေစီ ပေးလိုက်ပါလား။”
    မောင်မောင့် လုပ်ပုံ- မမမကြိုက်၊ အချစ်ပေါ့ ”
    ဆိုသော ကြွေးကျော် ၍ စာတမ်းများဖြင့် ဆန္ဒပြ ချီတက်ခဲ့ကြသည်။

    ရှစ်လေးလုံး အရေးတော်ပုံတွင် တွေ ့ရသည့် ရွှေတိဂုံ အနောက်ဘက်မူဒ် တရားပွဲ

    တိုက်ပွဲဝင် ဒီမိုကရေစီ သပိတ်ခေါင်းဆောင်များဘက်မှ ဝန်ကြီးချုပ်ဟောင်း ဦးနု ဝိုင်းရံရေးထက် ဒေါ်အောင်ဆန်းစုကြည်ကို စင်တင်ပွဲထုတ်ကာ ၂၆-၈-၈၈ – ရွှေတိဂုံ ဘုရား အနောက်ဘက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည် တရားပွဲ ကျင်းပပေး၍ တိုက်ပွဲအရှိန်မြှင့်ရန် လုပ်ဆောင်ခဲ့သည်။
    ထိုစဉ်က လူကြိုက်များ ရေပန်းစားနေသော ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး (ကာကွယ်ရေး ဦးချုပ်-။ဗိုလ်ချုပ်ကြီး-ဟောင်း) တို့ ပူးပေါင်းသည့် “အောင်-စု-တင်” ၃-ဦးတွဲ လှုပ်ရှားမှုသည် တိုင်းပြည်ကို ကယ်တင်နိုင်မည်ဟု မျှော်လင့် ခဲ့ကြသည်။
    ၈၈- အရေးတော်ပုံ ခေါင်းဆောင်များသည် ဦးနု စင်ပြိုင် အစိုးရ ဖွဲ့သည်ကို မထောက်ခံကြဘဲ တပ်ပေါင်းစု ပါဝင်နိုင်သည့် ညွန် ့ပေါင်း အစိုးရကို ထူထောင်ရေး စိုင်းပြင်းရန် ဆန္ဒ ပြင်းပြကြသည်။

    တဖက်မှ သမ္မတ ဖြုတ်လိုက်၊ တင်လိုက်ဖြင့် ပြည်သူကို လှည့်စားသလို စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီး ခင်ညွန့် ( နောင် ဝန်ကြီးချုပ်ပြုတ်) နှင့် ထောက်လှမ်းရေး အဖွဲ့များက တန်ပြန် သပိတ် ဖြိုခွဲရေး ကို နည်းမျိုးစုံဖြင့် လုပ်ဆောင် ခဲ့ကြသည်။ သက်သေအဖြစ် ဗိုလ်ကြီးစည်သူ၊ ဗိုလ်ကြီး သက်တင်စိန်၊ တပ်ကြပ်ကြီး မြင့်အောင် တို့အဖွဲ့အား ညဘက် ၁၂ နာရီ သန်းကောင်ကျော်တွင် လမ်းမတော်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်အား အပုတ်ချသည့် စာရွက်စာတမ်းများ၊ သပိတ် ဆန့်ကျင် ဖြိုခွဲသည့် စာရွက်များဖြင့် လက်ရ ဖမ်းဆီးရမိခဲ့သည်။

    ဆန္ဒပြ လူအုပ်အား ကြောက်လန့် နောက်ဆုတ်စေရန် ဆန္ဒပြသူများ သောက်မည့် ရေထဲတွင် အဆိပ်ခတ်ခြင်း၊ ခေါင်းဖြတ် လူသတ်ပြခြင်း၊ နိုင်ငံပိုင် စက်ရုံ၊ ဂိုထောင်များ ဖောက်ထွင်းသည်ဆိုကာ ပစ်ခတ်ခြင်း အမှုများ ဗိုလ်မှူးကြီး ခင်ညွန့် ( နောင် ဝန်ကြီးချုပ်ပြုတ်) နှင့် ဦးနေဝင်း သမီး ဒေါ်ခင်စန္ဒာဝင်းတို့ တိုင်ပင် စီမံ ညွှန်ကြားချက်ဖြင့် လုပ်ခဲ့သည်ဟု စွပ်စွဲချက် များထွက်ပေါ်ခဲ့သည်။

    ခေါင်းဖြတ်၊ ဂိုထောင်ဖောက် ပစ်ခတ်မှုများ ဖြစ်၍ မကြာမတင်မှာပင် ၁၈။၉။၁၉၈၈ တွင် စစ်တပ်မှ အာဏာ သိမ်းခဲ့သည်။ ဆန္ဒပြ လူအုပ်အား ပစ်ခတ်ဖြို ခွဲခဲ့ကြသည်. ထိုစဉ်က လူထုအား ပစ်ခတ် သတ်ဖြတ် အာဏာ သိမ်းခဲ့ကြသည်မှာ စစ်တိုင်မှူး မျိုးညွန့်၊ အေးသောင်၊ ကျော်ဘ၊ မြင့်အောင်၊ ထွန်းကြည် စသော သူများဖြစ်သည်။
    ( ယနေ ့အချိန်တွင်မူ သူတို့ နောက်လိုက် နောက်ပါ တပည့်များ အားကိုးဖြင့် အုပ်စု ဖွဲ့ကာ စစ်တပ်ပိုင် ဦးပိုင်ကို ထူထောင်ခဲ့ကြသည်။ လက်ရှိလည်း ယင်း အမျိုးအနွယ်မှ အဖွဲ့ဝင် အငြိမ်းစား စစ်ဗိုလ်များသည် ဦးပိုင် စီးပွါးရေး လုပ်ငန်းတွင် လုပ်ကုိုင်လျှက်ရှိကြသည်။)

    ရှစ်လေးလုံး အရေးတော်ပုံတွင် တွေ ့ရသည့် လူထု ခေါင်ေးဆာင်များ

    “ပြည်သူတို့သည် ၎င်းတို့နှင့် ထိုက်တန်သော အစိုးရ ကိုသာ ပိုင်ဆိုင်ရရှိကြသည် ” ဟု နိုင်ငံရေး သမား တို့က ပြောဆိုကြသော်လည်း – ဗမာပြည် ကွန်မြူနစ် ပါတီမှ ပြောခွင့်ရှိသူ ဒေါက်တာ-ဒေါ်လှကျော်ဇော ( ရဲဘော် ၃ ကျိပ်ဝင် ဗိုလ်မှူးချုပ ်ကျော်ဇော ၏ သမီး) ကမူ ===
    ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်စေရန် မိမိတို့ အဖွဲ့ဝင်များ မြေပေါ်မြေအောက် နည်းမျိုးစုံဖြင့် ၁၉၈ဝ ခုနှစ်ကတည်းက ကြိုးစားခဲ့ကြကြောင်း၊
    ခေတ်နှင့် လျှော်ညီမည့် ပါတီစုံ စနစ်ကို မိမိတို့ ပါတီမှ ပြောင်းလဲကျင့်သုံးရန် သတ်မှတ်ခဲ့ကြောင်း၊
    အရှေ့မြောက်ဒေသ မိုင်းယောင်း၊ မိုင်းယန်း အစရှိသည့် တိုက်ပွဲများတွင် ပြည်သူတို့ ထောက်ခံမှု အပြည့်အဝ ရှိကြောင်း၊
    ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတို့ မှ တခဲနက် ပါဝင်ခဲ့၍ တာဝန်ကျေ ပါကြောင်း။
    အရေးတော်ပုံ မအောင်မြင်ရခြင်းသည် တိကျသည့် နိုင်ငံရေး ဆုံးဖြတ်ချက်နှင့် ထက်မြက်သည့် ခေါင်းဆောင်မှု ချို့တဲ့ မှုကြောင့် ဖြစ်ရကြောင်း ၂။၈။ ၂၀၁၃ (စနေ)နေ ့တွင် ပြည်ပ ရေဒီယို အင်တာ ဗျူးတွင် ထုတ်ဖော်ပြောဆိုသည်။

    မှတ်ချက်–
    (စစ်တပ်က ၁၈-၉-၈၈ တွင် အာဏာသိမ်းပြီးသည်နှင့် သက်ခိုင် (ဒေါ်လှကျော်ဇော၏ ခင်ပွန်း)၊
    ဒေါက်တာဇော်မင်း၊ ဒေါက်တာနေဝင်း၊ ဌေးသိန်း၊ ကျော်မြ ။ငွေလင်း စသည့် သူများနှင့် ဗကပ ပါတီဝင် ဆဲလ် လူပေါင်းရာချီကာ ကွန်မြူနစ် အမာခံ မြေအောက် လှုပ်ရှား သူများအဖြစ် ဖော်ထုတ် ဖမ်းဆီး၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ ထောင်ဒဏ်များ ချမှတ် ခံရသည်။ တပ်မတော် ထောက်လှမ်းရေး ညွှန်ချုုပ်။-နဝတ (တွင်း-၁) ဗိုလ်မှူးချုပ် -ခင်ညွန် ့၏ သတင်းစာ ရှင်းလင်းပွဲ စာအုပ်များ အတွဲလိုက် ထွက်ရှိခဲ့သည်။)

    နိဂုံးချုပ်သော် ရှစ်လေးလုံး အရေးတော်ပုံကြီး မှ ပေးသော သင်ခန်းစာတွင်–
    ၁။–၁-၉-၈၈ ။ ။ မြန်မာ့ ပင်လယ်ရေပြင် ရန်ကုန်မြို့တောင်ဘက်ရေ မိုင် ၁၉ဝ အကွာ မြောက် လတ္တီတွဒ် ၁၄.၅ရံ နှင့် အရှေ့ လောင်ဂျီတွဒ် ၉၆.၃၃ံ ဆုံရာတွင် အမေရိကန်ရေတပ် လေယဉ်တင် သင်္ဘော အုပ်စုရောက်ရှိ ပြီး ကမ်းတက်ယာဉ်များ ချ၍ စစ်ရေးလေ့ ကျင့်နေမှု အား မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းပိုင် အင်းဝ သင်္ဘော မှတွေ့ ရှိ မှတ်တမ်းတင် ဗွီဒီယို ရုပ်သံ ရိုက်ကူးလာခဲ့တဲ့ အချိန်မှာ ၄-၉-၈၈ ။ အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ကော်မတီ မှ အာရှပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဌ မစ္စတာ စတီဗင်ဂျေဆိုလာ့ဇ် ရန်ကုန်မြို့သို့ တစ်ရက်တာ ရောက်ခဲ့သည်။
    ဦးအောင်ကြီး၊ ဦးနု၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် နှင့်ကျောင်းသားခေါင်းဆောင် များအားတွေ့ဆုံ၍ ကြားဖြတ်အစိုးရဖွဲ့ စည်းရေး တောင်းဆိုရန် အကြံပြု ပြောကြားသွားသည်ဟု သိရသည်။
    တချို့ကမူ အမေရိကန်ကန်မှ ထိုအစိုးရကို အကာအကွယ်ပေးထောက်ခံမည်ဟုလည်း သတင်းများထွက်ခဲ့သည်။
    သို့သော် ဘာမှ နောက်ဆက်တွဲ ဖြစ်ရပ်များ မဖြစ်ခဲ့ပါ။

    ၂။–၁၃-၉-၈၈ ။ ။ ဆေး(၁) တွင် ဦးနု၊ ဦးတင်ဦး၊ ဦးအောင်ကြီး ၊ ဗိုလ်မှုးအောင် ၊ ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ ဆုံ ပြီး ကြားဖြတ်အစိုးရ ဖွဲ့ စည်းနိုင်ရေး ဆွေးနွေး၊ ဆုံးဖြတ်ချက်မကျ။
    ဦးနု ၁၉၄၈ ဖွဲ ့စည်းပုံ အခြေခံ ဥပဒေ အရ ဝန်ကြီးချုပ် တာဝန်ယူ၍ အစိုးရ အဖွဲ့ ကြေငြာသည်။
    သို့သော် ထိုစဉ်က ၈၈-နိုင်ငံရေး ခေါင်းဆောင်များစုက မထောက်ခံကြ။
    “ဘကြီးနု ပွဲလန် ့တုံး ဖျာခင်း” ဟု သမုတ် စွပ်စွဲမှုဖြင့် နိဂုံးချုပ်ခဲ့ကြသည်။

    ၃။၈၈- အရေးတော်ပုံတွင် လှုပ်ရှားကြသည့် တပ်ပေါင်းစုများ ပါဝင်မည့် ညွှန့်ပေါင်း အစိုးရ ဖွဲ့မည်ဟု နှပ်ကြောင်းပေး၊ သတင်းပြေးပြီး ဖြစ်ပါလျှက် မဖွဲ့ နိုင်ခဲ့။
    (– ညွှန့်ပေါင်း အစိုးရ မဖွဲ ့နိုင်မီ စစ်တပ်မှ အာဏာ အသိမ်း ခံရသည်ဟုလည်း သတင်းထွက်ခဲ့သည်။ )

    ၈။ ၈။ ၁၉၈၈ မှ ၁၈။ ၉။ ၁၉၈၈ အထိ အရေးတော်ပုံ ကာလ သမ္မတ (၃)ဆက်ပြောင်းကာ ရက်ပေါင်း ၄ဝ ဝန်းကျင် နိုင်ငံရေး လှုပ်ရှားခွင့် ရရှိခဲ့သည်။
    အထက် ဖော်ပြပါ အချက် ၃- ခု မှ တခုခု ကို နိုင်ငံရေး သမားတို့မှ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့မည်ဆိုလျှင်

    အား လုံး ကို လေးစား လျှက်

    သန်းတိုးရှိန်-

  • ခင် ခ

    August 16, 2013 at 9:54 am

    ပြန်ပြောင်းကာလည်း မပြောချင်တော့ဘူး
    ထပ်လောင်းကာပြောလည်း ဘာမှလုပ်မရတော့
    ရှေ့ဆက်ခရီး ဘယ်လိုနည်းနဲ့
    ဒို့တွေဘယ်လမ်း လျှောက်ကြမလဲ
    စဉ်စားကြံဆ လုပ်ကြအုံးမှတော်လိမ့်မယ်။

  • nicolus agral

    August 16, 2013 at 2:00 pm

    အစဆွဲထုတ်တယ်
    မီးပွားလေးနဲ့တို့တယ်
    လေလေးနဲ့မှုတ်ပေးတယ်

    ဆက်ဆွဲမယ်ဗျိုး သဂျီး
    ငြှိမ်းဖို့သာပြင်ထား

    အာဟိ

  • nicolus agral

    August 16, 2013 at 2:15 pm

    အခုမှ အတည်ပြောမှာ
    ခြေထောက်တဘက်မှာအနာစိမ်းပေါက်တယ်ဆိုပါတော့
    ခြေထောက်ကိုဖြတ်ပြစ်ဖို့မလိုပါဘူး
    ဒီတိုင်းထားလို့လမြရပါဘူး
    အနာစိမ်းကိုခွဲ
    ပြည်ကိုထုတ်
    သင့်တော်တဲ့ဆေးပေးရမျာပေါ့ နော

Leave a Reply