“ကျားမြီးဆွဲ၍ ကျွဲပြဲစီးခြင်း”

nicolus agralAugust 18, 20131min33012

“ကျားမြီးဆွဲမိသလို” ဆိုတဲ့ စကားကို ခုအချိန်မှာ နားအလည်ဆုံးပဲ။ “ဒီလိုရက်မျိုးမှာ စာလေးတစ်ပုဒ်လောက် ဖတ်ရရင်ကောင်းမှာပဲ။” ဆိုတဲ့ စာကလေးတစ်ကြောင်းကြောင့် အခုတော့ ဘယ့်နှယ်ရှိစ။ ရပ်လို့ကို မရတော့ဘူး။ ဒီအချိန်ကျမှတော့ လွှတ်လို့လည်း မဖြစ်တော့ဘူး။ ကိုယ့်ပြန်လှည့်ကိုက်တော့မှာ။ အရှုပ်ထဲမှာ အထုတ်အဆွဲမတော်လို့ ကုပ်ဆွဲတော်မူသွားမှ ရေးလက်စစာကလေးတောင် အပြီးသတ်နိုင်ဖွယ်မမြင်။ ဖြစ်သေးပါဘူး။ ရှော့ခ်ရှိတာလေးတွေ ခွေကာပတ်ကာ တိမ်းထားပြီး လွတ်လွတ်ကင်းကင်း အစလေးတွေ ဟိုဘက်ကလှည့်ထုတ်လိုက် သည်ဘက်ကလှည့်ထုတ်လိုက် ထုတ်နေရတယ်။ အောင်းထားတဲ့ အလုံးကြီးတွေကို အဆုံးသတ်ကာနီးမှ အုန်းကနဲပစ်ချပြီး ဝှစ် ဝှစ် ဝှစ် လုပ်ရကောင်းမလား စဉ်းစားနေတယ်။ ပြောထားပါပကော။ ပဲကြီးမနိုင်ပဲ ဖင်ဟင်းစားနေမိပါတယ်လို့။

၈၈ အရေးအခင်းအကြောင်း သရုပ်ဖော်တဲ့နေရာမှာ ဘယ်လိုပဲ ရှောင်ကာတိမ်းကာ ရေးသားနေစေကာမူ ချန်ထားခဲ့လို့ ဖြစ်ကိုမဖြစ်တဲ့ အကန့်တစ်ကန့် ရှိသေးတယ်။ အဲဒါကတော့ နိုင်ငံရေးခေါင်းဆောင်များရဲ့ အခန်းကဏ္ဍပါပဲ။ သူတို့လည်း စွမ်းစွမ်းတမံ စီမံကြိုးကုတ်၊ အားထုတ်ခဲ့ကြပါရဲ့။ ဒါပေသိ “ဇာတ်ထဲမှာတော့ အို မင်းသားလေးငို သည်အခန်းဟာ အလွမ်းဆုံးပေါ့။” ဆိုတဲ့အခန်းက တက်ကို မလာနိုင်သေးဘူး။ အခုဆို ဇာတ်တော်ပေါင်းသော် အခန်းတောင် ရောက်လာပြီ။ သူတို့ခမျာ ပုဏ္ဏားကြီးတွေလောက်မှ နေရာမရ။ “သေနင်းကီးစမ်းလဟယ်။” “သတ်နင်းကီးကြလဟယ်။” ဆို ကြမ်းချင်တိုင်းကြမ်းလာတဲ့ ဂုံးဝန် ဂုံးမတ်တွေက မိတ်ကပ်အဖွေးသား၊ ဝတ်လဲတော် တလွှားလွှားနဲ့ “အောင်ပါစေ။ သပြေနု အခက်ဝေ။ ဇေယျတု အသက်ရှည်..။” နဲ့ မင်းသားရုပ် မင်းသားသံ ဟစ်တဲ့သူတွေ ဟစ်နေပြီ။ တို့မင်းသားလေးတွေက ခုထက်ထိ သုမနကျောမှာ ဒဏ်ရာတွေပြပြပြီး လူရုပ်မပေါ်နိုင်သေးတာ ခက်တာ။ တော်ပါပြီ။ ဆက်ရေးလည်း ဝေ့လည်ကြောင်ပတ်နဲ့ ဘာတွေ ပြောချင်နေမှန်းမသိပါဘူးဆိုတဲ့သူတွေ များမှန်းသိလို့ လိုရင်းကိုပဲ အစကပြန်ကောက်တော့မယ်။ အပေါ်က ပြောတာတွေ ဘာမှ လျှောက်တွေးမနေနဲ့။ အလကားပြောတာ။ သိလား။ ဘာမှ ဟုတ်ဘူး။ ဘာ … မှ ဟုတ်ဘူး။

အရေးအခင်းအကြောင်းပြောရင် ချန်ထားလို့မရပဲ သူ့ကျေးဇူးတွေ အများကြီးပါတယ် လို့ အသိအမှတ်ပြုထိုက်သူတစ်ယောက်ကတော့ အဲဒီတုန်းက လူတွေက ကာနယ်အောင်ကြီး လို့ ခေါ်ကြတဲ့ ဘဘဦးအောင်ကြီးပဲ ဖြစ်ပါတယ်။ အင်မတန်မှ ကြီးပွားနိုင်ခြေနည်းပါးတဲ့ မဆလခေတ်လောင်းရိပ်အောက်မှာကိုပဲ သူဦးစီးတဲ့ ရွှေလမင်းလက်ဘက်ရည်ဆိုင်နဲ့ အောင်ကြီးကိတ်မုန့်တိုက်ဟာ ရန်ကုန်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်ပါတယ်။ စီးပွားရေးအကွက်မြင်သလို စီမံအုပ်ချုပ်မှု ထက်မြက်တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ဟာ ကိုယ့်လိုပဲ မိုက်မိုက်မဲမဲ ကျားမြီးဆွဲလိုက်တာဟာ တော်တော် အံ့ဩဖို့ကောင်းပါတယ်။ ၂၆ နှစ်လုံးလုံး အမြင်မတူ၊ မထောက်ခံတဲ့ စကားတစ်ခွန်းထွက်ရင် ဖင် နဲ့ ကုလားထိုင်တင်မကဘူး။ ခေါင်းနဲ့ ကိုယ်ပါ အိုးစားကွဲသွားစေနိုင်တဲ့ ဦးနေဝင်းကြီးကို “ဗိုလ်ချုပ် သိလား။ ဗိုလ်ချုပ် သိလား” ဆိုပြီး ၄၂ မျက်နှာပါတဲ့ မဆလ မလိုင်ဖတ်ကြီးတွေဆီက အပုတ်ထုပ် အရှုပ်ထုပ်တွေ၊ ကျဆုံးခြင်းမလှ ကျဆုံးနေတဲ့ ဆိုရှယ်လစ်လမ်းစဉ်အကြောင်းတွေကို ဖွင့်ချလိုက်တဲ့စာဟာ ဘယ်သူမှ မသိစေနဲ့။ ဖတ်ပြီးပလား။ ရယ်လို့ တိုးတိုးတိတ်တိတ် လက်ဆင့်ကမ်းဖတ်စရာ ဖြစ်လာပါတယ်။ စာထဲမှာ ပါတာတွေ အကုန်လုံးကလည်း “ဟုတ်တော့ ဟုတ်တယ်လေ။ ဒါပေမယ့် မပြောသင့်ဘူးပေါ့။” ဆိုတဲ့ အကြောင်းတွေ ဖြစ်နေတာမို့ စာဆိုရှင်ဘဘကြီး ထောင်နန်းစံသွားရပါတယ်။

အုန်းကျော်မြင့်တို့လို စစ်တပ်ထဲက ပုန်ကန်ဖို့ ကြိုးစားပြီးတဲ့နောက်မှာ ပထမဦးဆုံး ဘိုးတော်ကြီးကို လူသိရှင်ကြား ဆန့်ကျင်တဲ့သူမို့လို့ ကိုယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး အားကိုးတကြီး မျှော်လင့်တကြီး အားပေးထောက်ခံခဲ့ကြပါတယ်။ အကယ်၍သာ ဦးအောင်ကြီးဟာ ဦးနေဝင်းကြီးနှိပ်ကွပ်မှုနဲ့ ထောင်ထဲမှာပဲ ကံတော်ကုန်သွားခဲ့ရင် သည်ကနေ့ ဒီမိုကရေစီရဲ့ ပိုင်အိုးနီးယားဖခင်ကြီးအဖြစ် မော်ကွန်းတွင်သွားဦးမှာ။ ကံကောင်းဖို့ပဲလား ကံဆိုးဖို့ပဲလား။ ဦးနေဝင်းကြီးက သူ့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ဦးအောင်ကြီးလည်း ကျန်းမာချမ်းသာစွာ အပြင်ပြန်ရောက်လာပါတယ်။ ဒါပေမယ့် အသက်ပါမလာတော့ဘူး လို့ ပြောရမလား မသိဘူး။ နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ နတ်သက်ကြွေသွားရှာတယ်။ သူလွတ်တဲ့ ညနေ သူ့အိမ်ရှေ့မှာ တရားပွဲရှိတယ်ဆိုလို့ ရန်ကုန်လူထုက အုတ်အုတ်သည်းသည်း တရားနာသွားကြပါတယ်။ ကျည်ကာအင်္ကျီကြီးဝတ်ထားတဲ့ ဘဘကို ဘယ်ကျည်ဆန်ကမှ လာမသတ်ပါဘူး။ သူ့ပါးစပ်ကထွက်တဲ့ စကားတစ်ခွန်းနဲ့ သူ့ကို အားကိုးတကြီးထောက်ခံနေတဲ့ လူထုတစ်ရပ်လုံး “ဟင်” ကနဲ ဖြစ်သွားပါတယ်။ သူပြောတာက “တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားပါနဲ့။” တဲ့။

သူ့ကြည့်ရတာ သူအထဲရောက်နေတုန်း အပြင်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိလိုက်ပုံမရပါဘူး။ တရားပွဲက ပြန်လာတဲ့ လူအုပ်ကြီးဆီကနေ စကားတစ်ခွန်းကို စကြားဖူးလိုက်ပါတယ်။ ဦးအောင်ကြီးတော့ Brain Wash အလုပ်ခံလိုက်ရပြီတဲ့။ အဲဒါဘာပြောတာတုန်းလို့ မေးကြည့်တော့ ထောက်လှမ်းရေးကိုရောက်သွားတဲ့သူတွေကို စိတ်ဓါတ်စစ်ဆင်ရေးတွေ အမျိုးမျိုးလုပ်ပြီး မူရင်းစိတ်ပျောက်သွားအောင် လုပ်လို့ရတယ် လို့ ပြောပြပါတယ်။ ဟုတ်လေလား မဟုတ်လေလားတော့ မသိဘူးဆိုပေမယ့် နောက်များမကြာမီ အဲသလို မသင်္ကာစရာ အင်မတန်ကောင်းသောသူများကို အံ့ဩစရာမကောင်းတော့လောက်အောင် တွေ့ဖူးလာတဲ့ အခါမတော့ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူးလို့ လက်ခံမိပါတယ်။ ဘဘဦးအောင်ကြီးရဲ့ နိုင်ငံရေး ခြေလှမ်းတွေကတော့ အဲသည်ကတည်းက ပျက်သွားလိုက်တာ လူထုထောက်ခံမှုကို ပြန်အဖတ်ဆည်လို့ကို မရတော့ပါဘူး။ ဂျာနယ်တွေ စာစောင်တွေက သုံးဖက်ချွန်ဦးအောင်ကြီး၊ စမူဆာဦးအောင်ကြီး ဆို ဝိုင်းပို့ပေးတာလည်း ပါတာပေါ့။ လူထုခေါင်းဆောင်တစ်ယောက် ထွက်လာမလားဆိုတဲ့ မျှော်လင့်ချက်ဟာ ဟိုဘက်က မည်သို့လုပ်လိုက်သည်မသိ သိုင်းကွက်ကြောင့်လား၊ သူ့ဘာသူ အစကတည်းက အတွင်းအား မပြည့်လို့လားတော့ မသိပါဘူး။ ပြည်သူဘက်က တအားလျော့သွားခဲ့တာ အမှန်ပါ။ အတွင်းစည်းက နိုင်ငံရေးသမားတွေမှပဲ အသေးစိတ် သိပါလိမ့်မယ်။

ဦးအောင်ကြီးနောက်မှာ နိုင်ငံရေးစင်မြင့်ပေါ် မထင်မှတ်ပဲ တက်လာသူကတော့ အဲဒီအချိန်က ကျွန်တော်တို့က“ဒေါ်စု” လို့ ခေါ်တဲ့ ဂန္တဝင်မေမေ၊ ကောင်းကင်မေမေ၊ ဂရုဏာမေမေ၊ မြင့်မိုရ်မေမေပါပဲ။ အရေးအခင်းကာလ ဆေးရုံကြီးရှေ့မှာ တရားဟောတော့မှ စမြင်ဖူးတယ်။ အမေကြီးဒေါ်ခင်ကြည် ကျန်းမာရေး မကောင်းလို့ ရောက်နေတာတဲ့။ အဲဒီတုန်းကတော့ “အောင်ဆန်းစုကြည်ဆိုတာ ဘယ်တစ်ယောက်လဲ။” လို့ မေးရင် “ဟိုမှာလေ။ ခင်သီတာထွန်း ဘေးမှာ ရပ်နေတဲ့ တစ်ယောက်ပေါ့။” လို့ လက်ညှိုးညွှန်ရတယ်။ ဦးထွန်းဝေက ပွဲထုတ်ပေးတဲ့ အမှုကြောင့် သူ့ခမျာ နံမယ်တောင် ပုံနှိပ်စာလုံးနဲ့ အရေးမခံရတော့တာ ၂၀၁ဝ တော်တော်ကျော်တဲ့အထိပဲ။ (ရေးချင်ရေးလေ။ အဲ့နံမယ်ပါရင် စာအုပ်ပေးမထုတ်ဘူး။) အာဇာနည်ဖခင်ကြီးနဲ့ ချွတ်စွပ်တူတဲ့ မျက်နှာပေါက်နဲ့ လူထုမေတ္တာ ခံယူတဲ့ တို့အမေဟာ မိခင်ကြီးဈာပနကျတော့ ဂရုဏာတွေကို ထပ်ရလိုက်ပြန်တယ်။ အနောက်ဘက်မုခ်မှာ တရားပွဲလုပ်တဲ့နေ့မှာတော့ “ခေသောသူ မဟုတ်။” လို့ အကဲခတ်မိတယ်။ သူ့ရှေ့မှာ နိုင်ငံရေးသမားပေါင်းများစွာက ရှည်လျားထွေပြား မနေမနား အာရုံတွေမူးနောက်ကုန်အောင် မပြီးနိုင်မစီးနိုင် ခွန်းမိန့်တော်ချွေသွားလည်းပြီးရော အစောင့်ကြီးစောင့်လာရတဲ့ သူ့အလှည့်ကျမှ “သတ္တိဆိုတာ လုပ်ရဲတာကမှ သတ္တိ မဟုတ်ဘူး။ ခံရဲတာကလည်း သတ္တိပဲ။” လို့ တစ်ခွန်းတည်း တိုတိုတုတ်တုတ် ပြောသွားတယ်။ ဒီနေရာကနေ တစ်လှမ်းချင်း မှန်မှန်တက်လာခဲ့တဲ့ တို့မေကြီးက သည်ကနေ့ သည်နေရာရောက်တဲ့အထိ ဘယ်နေရာမှာမှ ခြေလှမ်းမမှားခဲ့ဖူးဘူး။ သူများခြေထိုးလို့လည်း ခလုတ်မတိုက်ခဲ့ဖူးဘူး။ သူ့အကြောင်းတွေကို မရေးချင်ပါဘူး။ ကိုယ်ရေးမှ သိရမယ့်ဘဝမဟုတ်ဘူး။ ရေးမယ့်သူတွေ အသင်္ချေ အသင်္ချာ ရှိပေလိမ့်မယ်။

ဂမ္ဘီဟာ သူ့သားနှစ်ကောင်သေတော့ အကိုတော် ဒဿဂီရိကို ငိုကြီးချက်မနဲ့ တိုင်တဲ့အခါ ဟိုက “ဘယ်ကောင်လဲကွ။ ငါ့အကြောင်း သိစေ့မယ်” လို့ လက်သီးလက်မောင်းတန်းရာက “ရာမ” လို့လည်း သိလိုက်ရော ဝုန်းကနဲ ပလ္လင်ပေါ်က ထခုန်ပြီး “ရာမ လို့ ပြောရင် နံမယ်ကြားရုံနဲ့ ကျောထဲက စိမ့်သဟဲ့” လို့ နှမဖြစ်သူကို လေပြေထိုးပါတယ်။ တို့မေကြီးရဲ့ လက်ရည်ကို မြင်တဲ့အခါ ဟိုတဘက်ကလည်း နံမယ်ကြားရုံနဲ့ ကျောထဲကစိမ့်ပြီး သူ့အဖေနံမယ်တောင် ထည့်မခေါ်ရဲအောင်ပါပဲ။ ”ပူးသတ်လို့မရရင် ချုပ်သတ်တာပေါ့။” ဆိုတဲ့ သိုင်းကွက်ကြောင့် သူ့ခမျာ သက်တမ်းအကြာဆုံး အပြစ်မဲ့ အကျယ်ချုပ် အကျဉ်းသားဘဝနဲ့ တောင်မင်း မြောက်မင်းမကယ်နိုင် ဖြစ်သွားတယ်။ ဒါကြောင့် ၈၈မှာ မယ်တော်ကြီး မကယ်နိုင်တာ သူ့အပြစ်တော့ မဟုတ်ဘူး။ သူတောင် မောင်ကြီးနတ်တိုက်လွှတ်လိုက်တဲ့ စီးတော်ကျားတစ်အုပ်နဲ့ လှုပ်ကို မလှုပ်နိုင်တာ။

အရေးအခင်းဖြစ်တဲ့အချိန်မှာ တော်လှန်ရေးကောင်စီ အာဏာမသိမ်းခင်ကတည်းက ရှိခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေ သက်ရှိထင်ရှား ကျန်နေပါသေးတယ်။ ဦးနုတို့၊ ဗိုလ်မှူးအောင်တို့၊ သခင်လွင်တို့၊ အများကြီးမှ အများကြီး။ ဒါပေမယ့် ကိုယ်လို နောက်ပေါက်လူငယ်တွေက သူတို့အကြောင်း ဂဃနဏ မသိတော့ဘူး။ သူတို့တတွေလည်း ပါတီထောင်ကြ၊ တရားဟောကြ၊ သမဂ္ဂဖွဲ့ကြနဲ့ပါ။ သို့သော်လည်း သိမှီသူ လူကြီးသူမများကသာ အားပေးမှာပေါ့။ ပရိသတ်က တွံတေးသိန်းတန် နဲ့ စိုင်းစိုင်းခမ်းလှိုင်လောက် ကွာလိမ့်မယ်။ မျိုးဆက်တစ်ဆက်ခြားသွားတာကိုး။ ဟိုရှေ့က ရေးခဲ့တဲ့ ကလေးတွေကြားက အကွဲအပြဲဇာတ်လမ်းဆိုတာ လူကြီးတွေဆီရောက်တဲ့အခါ “ပျင်းသေးတယ် ပျင်းသေးတယ်။ ဟဲ့ ပျင်းတောင်ပျင်းသေးတယ်။” ဖြစ်သွားပေါ့။ တော်ပါပြီ။ မရေးချင်ပါဘူးဆိုမှ သည်ဘူတာပဲ လာလာဆိုက်နေတယ်။

စိတ်ထဲမှာ မှားသွားသလား မသိဘူး လို့ နောင်တရမိတာတစ်ချက်က ဝန်ကြီးချုပ်ဟောင်း ဦးနုက ပြောတဲ့ “သူ့ဆီက မတရားသောနည်းနဲ့ အာဏာသိမ်းထားတာမို့ ဦးနေဝင်းကို လူထု မထောက်ခံတော့ဘူးဆိုရင် သူသာလျှင် တရားဝင် ဝန်ကြီးချုပ် ဖြစ်ပါတယ်” လို့ ကြေငြာလိုက်တဲ့ ကိစ္စပါ။ သူပြောတာ မလွန်ပါဘူး။ တရားနည်းလမ်းကျပါတယ်။ အသက် ၈ဝ ကျော် ၉ဝ တန်းရောက်နေမှတော့ သူ့အရွယ်ကြီးနဲ့ အာဏာကို မက်နေမယ်လည်း မထင်ပါဘူး။ နိုင်ငံရဲ့အခြေအနေအရ ပဋိပက္ခဖြစ်နေတဲ့ လူတန်းစားနှစ်ရပ်စလုံးမှာ မပါတဲ့ သမာသမတ်ရှိ ယုံကြည်စိတ်ချရလောက်သော ကြားနေလူကြီးသူမ တစ်ဦးတစ်ဖွဲ့ဆီမှာ အာဏာခဏအပ်ပြီး ဖွဲ့စည်းပုံဆွဲ၊ ရွေးကောက်ပွဲပြန်လုပ်၊ လုပ်ရမှာ။ တချို့နိုင်ငံရေးနားလည်တဲ့သူတွေ တောင်းနေတဲ့ ကြားဖြတ်အစိုးရဆိုတာကို ပြောတာ။ အဲဒီကြားဖြတ်အစိုးရက ဦးနေဝင်းဘက်လူတွေဆို ဘယ်သူတက်တက် တက်ချင်တဲ့သူတက်၊ ပြည်သူက လက်ခံမှာ မဟုတ်ဘူး။ ပြည်သူဘက်ကလည်း အောင်စုတင်တို့ ဒီငြိမ်းတို့ ဝင်အရွေးခံမယ့်သူတွေနဲ့ ကြားဖြတ်အစိုးရဖွဲ့လို့ မရဘူး။ ကြားဖြတ်အစိုးရက အာဏာကို ခဏပဲ လွှဲယူထားပြီး ရွေးကောက်ပွဲပြီးရင် ပြန်ပေးရမှာ။ စစ်တပ်ကို အိမ်စောင့်အစိုးရထားမိတဲ့ အကျိုးဆက်ကတော့ ဘဘကြီးဦးနုလောက် သိတဲ့သူ ရှိဦးမလား။

အဲဒီအနေအထားမှာ ကြားဖြတ်အစိုးရဖွဲ့ဖို့ဆိုတာ ဦးနုကလွဲရင် တခြား ဘယ်သူ့ မြင်လို့လဲ။ တကယ်လို့ ဦးနုစကားကို ပြည်သူက တခဲနက်ထောက်ခံရင်တောင် ဟိုဘက်က ဘယ်နည်းနဲ့မှ အဖြစ်ခံမှာ မဟုတ်ဘူး။ ဒါပေမယ့် စတုတ္ထမဏ္ဍိုင်သမားတွေကပဲ ဘဘကြီး ဦးနုကို အရောက်ပို့ပြီး နိုင်ငံတော်ကို ကယ်တင်ပြန်တယ်။ အာဏာရူးကြီး သခင်နုဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းပါသတဲ့။ လူကြီးသူမတွေက ဦးနုလုပ်တာ မှန်တယ် လို့ လက်ခံပေမယ့် နိုင်ငံရေးပါးမဝပဲ သွေးဆူနေတဲ့ ကိုယ်အပါအဝင် တစ်နိုင်ငံလုံးက ဦးနုကို ဝိုင်းလှောင်ကြပါတယ်။ ဟိုးနိုင်ငံရေးစည်းဝိုင်းအတွင်းက လူတွေ လက်မခံရတဲ့အကြောင်းရင်းများစွာကတော့ သူတို့တွေပဲ သိပါလိမ့်မယ်။ ကိုယ့်ရဲ့ နှစ်ဆယ်ကျော်ဉာဏ် တစ်ထွာတစ်မိုက်နဲ့တော့ လိုက်လို့မမှီပါဘူး။ ဘာမှလည်း မသိပဲနဲ့ ဘေးကနေ ဝင်ဝင်ညှော်ရတဲ့အကြောင်းကတော့ ပဋိပက္ခဖြစ်လာရင် အဖြေမရှာပဲ တစ်ဘက်တစ်ဘက် အပြစ်ရှာနေရင် သံသရာလည်ပြီး ဘယ်ဘူတာဆိုက်သလဲ လို့ သိစေချင်တဲ့အတွက်ပါ။

အခုပြောသွားတဲ့ ထင်ရှားသော ခေါင်းဆောင်ပိုင်းမှာ မပါပေမယ့်လည်း ဒီမိုကရေစီအရေးမှာ စွန့်စွန့်စားစား တတပ်တအား ပါဝင်သွားတဲ့ ပြည်သူ့သူရဲကောင်းတွေ မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်။ တချို့ဆိုရင် “Bloody but unbowed head” နဲ့ သတ္တိရော မာနပါ မချသေးဘူး။ ဥပမာ ရုပ်ရှင်ထဲကဆိုရင် ဒေါ်အေးအေးသင်းတို့။ ဟာသမယ် မသန်းရွှေတို့ပေါ့။ တရားဟောရင်း စင်ပေါ်ကနေ “မစောင့်နိုင်ကြတော့ဘူးလား။” ဆိုတဲ့ ဦးမောင်မောင် အမူအယာနဲ့ အသံတု လုပ်ပြရင် ပွဲကိုကျရော။ “ဘာမှ မပူနဲ့။ ကျွန်တော်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ဗေဒင်တွက်ပြီးမှ တက်ဟောတာ။” ဆိုတဲ့ ဆရာမင်းသိင်္ခကြီး အဖမ်းခံရတော့လည်း သူ့ခမျာ ရောဂါကြီးနဲ့ သနားပါတယ် လို့ အောင့်မေ့မိသေး။ အရင်ကဆို မာမာအေး၊ ဇာဂနာဆိုတာတောင် ပြန်မှတွေ့ရပါဦးမလားမှတ်တာ။ မသေလို့ တွေ့ရ မေ့နိုင်ပါရိုးလားနော့။ ဇာတ်က မစားချင်နေပါ။ ခင်ဗျားတို့ဘက်ကလည်း ပီယဝါစာ ချစ်ဖွယ်သောစကားများ ဆိုကြပါ။ ကျွန်တော်တို့ဘက်ကလည်း ချမ်းမြေ့မေတ္တာ တုန့်ပြန်ပါမည်။ ရှေ့စာထဲမှာ ရေးခဲ့တဲ့ “သည်တစ်ခါ ကွဲရင်ဖြင့် ဆဲမှာပဲ အဒေါ်” ဆိုတာ ဘယ်သူ့ကို စောင်းပြောတာတုန်း လို့ မေးကြတယ်။ ဘယ်သူ့မှ စောင်းမပြောပါဘူး။ တည့်တည့်ပဲ ပြောတာပါ။ ဘိုးတော် ဘတော် မယ်တော် ဒွေးတော်တို့ မချစ်သော်လည်း အောင့်ကာနမ်းကြပါဦး။ သည်ချိန် ကွဲလို့ ပြဲလို့ မဖြစ်သေးဘူး။ မုန့်လေပွေပေါ် တက်ရပ်နေရတာ။ စင်က ခိုင်သေးတာ မဟုတ်ဘူး။ နွားမကွဲပဲတောင် ကျားဆွဲတဲ့ဇာတ်လမ်းတွေ မေ့ကုန်ပြီလား။ မောင်ကြီးနတ်ရဲ့ တိုက်ကျားတွေ ပါးစပ်ဖျားမှာ သခင်မ မမဥ ကားကနဲ ပါသွားတဲ့အကြောင်းကလေးတွေ သိချင်သေးရင် ဖြစ်ကြောင်းရယ်မှကုန်စင် နတ်သံနှောလို့ ပြောပြချင်ပါသေးတယ်လေ။

(တောင့်ထား။ တောင့်ထား။ ပြီးတော့မယ်ကွ။)

credit to Dr Soe Min

12 comments

  • အလင်းဆက်

    August 18, 2013 at 12:33 pm

    မုန့်လေပွေပေါ် တက်ထိုင်နေရတဲ့ အဖြစ်တဲ့
    စကားလုံး အသုံးအနှုန်းတွေ
    သဘောကျမိပါအိ

  • Min Zarni

    August 19, 2013 at 12:13 pm

    ကျမ္မာရေး ဝံဂျီး ကျမ္မာပါဇီ..

    • ဦးကျောက်ခဲ

      August 19, 2013 at 12:30 pm

      စိုးမင်း ခင်ဗျာ တဘက် ဘက်က တော်ကောက်ရင် ကျမ္မာရေး ဝံဂျီးများ ဖြစ်မလားလို့…
      အားရပါးရ သမိုင်းလိမ်ပေးနေတာ၊ အတော် မျက်နှာပြောင်တဲ့လူ…

  • kai

    August 19, 2013 at 2:40 pm

    ဦးအောင်ကြီးက.. ၆၂အာဏာသိမ်းတုံးက.. တော်လှန်ရေးကောင်းစီရဲ့.. နံပါတ်၂လို့မှတ်မိတယ်..။
    ဦးနေဝင်းပြီး.. သူ့ပေါ့လို့ဆိုရလောက်တဲ့နေရာပေါ့…

    ကချင်ပြည်နယ်ထဲက.. မြေတချို့ကို.. စိနပြည်ပေးပစ်တာလည်းသူလို့.. မှတ်မိ်တယ်..။
    ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဗုံးခွဲဖြိုတာမှာ.. အဓိကတရားခံတဦးလို့လည်း.. ထင်မိတာပဲ..။

    သူ့ကိုဦးနေဝင်းဖြုတ်ပြီးမှ.. စီးပွားရေးအရအထူးအခွင့်အရေးတွေပေးတာမို့.. အောင်ကြီးကိတ်နဲ့.. သူဌေးကြီးဖြစ်သွားတယ်လို့လည်း.. ထင်မိတာပဲ..။

    အဲဒီလိုလူက.. ၈၈မတိုင်ခင်တော်တော်စောပြီး.. ဦးနေဝင်းဆီ.. စာတတန်ပေတတန်ရေးတာတွေကို.. လူထုကြားထဲပြန့်စေနိုင်ပုံထောက်တော့… မဟုတ်မှလွဲရော…
    ဦးနေဝင်းကိုယ်တိုင်က.. လုပ်ခိုင်းတာလို့.. ထင်မိပြန်ရော….

    နောက်တခုပြောချင်တာလေးက.. ဦးနုက.. “ကျွန်တော်သာလျှင်တရားဝင်ဝန်ကြီးချုပ်ဖြစ်ပါကြောင်း”လုပ်ချလိုက်တာမှာ.. လူထုလက်မခံ.. ပျက်သွားစေတဲ့အဓိကအကြောင်းရင်းတခုပါ…။
    ယူအက်စ်အပါအဝင်..အနောက်နိုင်ငံတွေက.. ဖြစ်လာမယ့်ဦးနုအစိုးရကို.. အယုံအကြည်မရှိ… တရားဝင်အဖြစ်လက်မခံလို့..အသိပေး.. ပြောလိုက်လို့ဖြစ်တယ်လို့.. သိထားပါကြောင်း..။

    • ဦးကျောက်ခဲ

      August 19, 2013 at 5:41 pm

      သမိုင်းတွေကို ပြန်ဖတ်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်း ကို ဦးစော လုပ်ကြံတာ၊ ဗိုလ်နေဝင်းနဲ့ သူ့တပည့် ဦးအောင်ကြီး စံနက်မကင်းဘူးလို့ ခံစားရတယ်…။
      ဦးမြလှိုင် နဲ့ ရန်ကုန်ဘဆွေကို သေသေချာချာ သေနပ်ပစ်လေ့ကျင့်ခိုင်း ၊ စစ်ယူနီဖောင်းဝတ်ခိုင်းပြီး ဦးစောကို မသေပဲ ဒဏ်ရာရအောင် ပစ်ခိုင်းမှတော့… ဗိုလ်ချုပ်က လုပ်ကြံခိုင်းလိုက်တာလို့ အထင်လွဲပြီပေါ့…။
      သေချာတာတော့ ဦးတင်ထွတ်ကို သူတို့လုပ်ကြံလိုက်တာပါ…

    • Foreign Resident

      August 19, 2013 at 8:19 pm

      kai says:
      ” ကချင်ပြည်နယ်ထဲက.. မြေတချို့ကို.. စိနပြည်ပေးပစ်တာလည်းသူလို့.. မှတ်မိ်တယ် ”

      တရုတ် မြန်မာ နယ်နမိတ် ကိစ္စကို အဓိက အပေးအယူ လုပ်ခဲ့တာ ၊ ဦးနု ပါ ။
      ( ဦးနု ရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္ထိ တာတေ စနေသား ထဲမှာ ရေးထား ပါတယ် )
      ဗုဒ္ဓ ဘာသာကို နိုင်ငံတော် ဘာသာ ဆိုပြီး ပြဋ္ဌာန်းခဲ့တာလဲ ဦးနု ပါပဲ ။

      ၁ ။ ဦးနု ရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္ထိ တာတေ စနေသား ။
      ၂ ။ ဦးအောင်ကြီး ရဲ့ ကျွန်တော် အညာသားပါ ခင်ဗျား ။
      ၃ ။ သခင် တင်မြ ရဲ့ ဘုံဘဝမှာဖြင့် + ထပ်ချပ်မကွာ ။
      ၄ ။ သိန်းဖေမြင့် ရဲ့ ကျော်ငြိမ်း ။
      ၅ ။ ဗိုလ်ချုပ် ကျော်ဇော ရဲ့ ဆိုင်းစု မှသည် မာန်ဟိုင်း ဆီသို့ ။
      ၆ ။ သန်းမြင့်ဦး ရဲ့ ခြေရာပျောက်မြစ် ။
      ရ ။ ဗိုလ်ချုပ် စလင်း ရဲ့ ဗမာပြည် တိုက်ပွဲစဉ်တွေ ။

      အဲဒါတွေ ကိုဖတ်ပြီးတဲ့ အခါ ၊
      လွတ်လပ်ရေးခေတ် နိုင်ငံရေး ကို တော်တော် ဇတ်ရည်လည်သွားပါတယ် ။

      ဝမ်းနည်းဖို့ ကောင်းတာက ၊ ဦးနေဝင်းက ကိုယ်တိုင်ရေး အထုပ္ပတ္ထိ မရေးခဲ့လို့ ။
      ဦးနေဝင်း ၊ သခင်သန်းထွန်း ၊ သခင် ဇင် + ချစ် တို့ ရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္ထိ ပါရလို့ကတော့ ။
      အဲဒီ ခေတ်ရဲ့ Key Players တွေ စုံသွားမှာ ။

      • kai

        August 19, 2013 at 11:12 pm

        စိတ်ထဲ.. ဦးနုက.. ဝရွာတချို့နဲ့.. ကချင်ရွာတချို့.. စိနပြည်နဲ့.. အလိုက်နဲ့လဲတဲ့ကိစ္စနဲ့.. ဦးအောင်ကြီးမြေကိစ္စမတူဘူးလို့.. ထင်နေမိတယ်..။ ပိုသိသူများရှိသလားလို့..

        • Min Zarni

          August 19, 2013 at 11:35 pm

          ဆစ်ဆောင်ပနားကိစ္စလေးလည်း သား သိချင်တယ်အဘတို့ရယ်.
          ဂယ်ပါ.

      • GARFIELD

        August 21, 2013 at 2:02 pm

        ဦးနေဝင်းက သေချာအထုပ္ပတ္ထိမရေးခဲ့ပေမယ့်…
        ဘုန်းတော်ဘွဲ့တွေရေးပြီးတော့ အခြေခံပညာကျောင်းတွေမှာ သင်ခဲ့လို့…
        အမြင်တွေလဲ မှားခဲ့ပါပြီ…

        သူကိုယ်တိုင်ရေးရင်လဲ အမှန်ကို အမှန်အတိုင်း…
        အရှိကို အရှိအတိုင်းရေးရဲမှာမဟုတ်တဲ့အတွက်…
        မှတ်သားလောက်စရာ… ကိုယ်တိုင်ရေးပုံတူဆိုတာ…
        ထွက်လာမှာကို မဟုတ်တော့ပါဘူး…

        ခင်မင်လျက်-
        ဂါဂါးကြီး

  • Foreign Resident

    August 20, 2013 at 4:28 am

    kai says:
    ” စိတ်ထဲ.. ဦးနုက.. ဝရွာတချို့နဲ့.. ကချင်ရွာတချို့.. စိနပြည်နဲ့.. အလိုက်နဲ့လဲတဲ့ကိစ္စနဲ့..
    ဦးအောင်ကြီးမြေကိစ္စမတူဘူးလို့.. ထင်နေမိတယ်..။ ပိုသိသူများရှိသလားလို့ ”

    ဦးနု ရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္ထိ တာတေ စနေသား ထဲမှာတော့ ၊
    အဲဒီ တရုတ် မြန်မာ နယ်နမိတ် ကိစ္စ ကို ၊ သူ တရုတ်ပြည် သွားတုန်းမှာ ၊
    ချူအင်လိုင်းကြီး နှင့် သဘောတူခဲ့တာလို့ ၊ သူက ရေးထားတာပဲ ။

    အဲဒီတုန်းက အဖွဲ့ထဲ ပါသွားတဲ့ ကချင်ခေါင်းဆောင် နှင့် ၊
    ဦးနု နှင့် စကားများခဲ့တဲ့ အကြောင်းတောင် ရေးထားသေးတယ် ။

    ပြီးတော့မှ ဦးနေဝင်းတို့က ၊ သူ သဘောတူခဲ့တာကို ဆက်လုပ်တာလို့ ပြောထားတယ် ။

    ဦးနု က တရုတ် မြန်မာ နယ်နမိတ် ကိစ္စ မှာ ၊
    တရုတ်တွေက သဘောထားကြီးပြီး လိုက်လျောခဲ့တယ် လို့တောင် ရေးထားသေးတယ် ။

    ဒါနှင့် စကား စပ်လို့ ၊
    ဦးနု ရဲ့ တာတေ စနေသား နှင့် ၊
    သန်းမြင့်ဦး ရဲ့ ခြေရာပျောက်မြစ် စာအုပ်တွေထဲမှာ ၊
    ” ဝ ” လူမျိုးတွေ အကြောင်းကို တော်တော်လေး သေချာ ရေးထားတာပဲ ။

    ” ဝ ” လူမျိုးတွေ ၊ လူသား စားတာတွေ ၊
    လူခေါင်းဖြတ်ပြီး စုတာတွေ အကြောင်းပါပါတယ် ။
    သူတို့က အချိန်တိုင်း လျှောက်လုပ်နေတာ မဟုတ်ပါဘူးတဲ့ ။

    ၁ ။ ရာသီ အချိန် ( မတ် – ဧပြီ ) အတွင်း မှာပဲ စုတာတဲ့ ။
    ၂ ။ ဖြတ်ရမဲ့ လူခေါင်း ကလဲ နဲနဲ လှမှ / ထူးဆန်းမှ စုတာပါတဲ့ ။

    ဟီ ဟိ ။

    ” ဝ ” လူမျိုးတွေဟာ တိုင်းရင်းသား ဟုတ်မဟုတ်တော့ ဒဲ့ ရေးမထားဘူးရယ် ။

    ” ဝ ” လူမျိုးတွေဟာ မွန်ခမာ အနွယ်ဝင်တွေဖြစ်ပြီး ၊
    ရှမ်း တွေ ၊ ဗမာ တွေ ရှမ်းပြည် ကို မရောက်ခင် ကတည်းက ၊
    ရှမ်းပြည် မှာ အရင် နေလာခဲ့သူတွေတဲ့ ။

    အစက ” ဝ ” လူမျိုးတွေက ရှမ်းပြည် မြေပြန့်တွေမှာ နေခဲ့ကြပြီး
    နောက်ပိုင်းမှ ရောက်လာတဲ့ ရှမ်း တွေက တိုက်ထုတ်လိုက်လို့ ၊
    ” ဝ ” လူမျိုးတွေက တောင်တွေပေါ်မှာ တက်နေရတာတဲ့ ။

    အဲဒါကြောင့် ” ဝ ” လူမျိုးတွေက ၊ ရှမ်း လူမျိုးတွေ ကို ကမာ္ဘ မကျေ ပဲတဲ့ ။
    ” ဝ ” လူမျိုးတွေက ၊ ရှမ်း လူမျိုးတွေ လက်အောက်မှာ မနေနိုင်ဘူးတဲ့ ။
    အဲဒါကြောင့် ” ဝ ” လူမျိုးတွေက ” ဝ ” ပြည်နယ် သပ်သပ် တောင်းဆိုတာတဲ့ ။

    သမိုင်းကို သေချာ လေ့လာ လေလေ ၊ စာဖတ် လေလေ ၊
    အရပ်ထဲမှာ အများစု ထင်နေတာတွေနှင့် ၊
    ပက်ပက် စက်စက် ကို လွဲလာလေလေ ပါပဲ ။

    ကျနော်ရေးခဲ့တဲ့ ၊
    ” ဝ ဟာ တိုင်းရင်းသားလား ” ဆိုတဲ့ Post လေးကို ၊
    ပြန်တောင် သတိရမိသေးတယ် ။

  • uncle gyi

    August 21, 2013 at 11:10 pm

    သမိုင်းကိုပြောရင်ဓါးထမ်းပြောရတယ်လို့တော့ကြားဖူးတာပဲဗျာ

    • GARFIELD

      August 22, 2013 at 10:42 am

      အန်ကယ်ကြီးရေ…
      ဓားထမ်းပြောဖို့မဟုတ်ပါဘူးဗျာ…
      အခုဟာက သမိုင်းကိုဗျောင်လိမ်ဗျောင်စားလုပ်နေတာ…

      ခင်မင်လျက်-
      ဂါဂါးကြီး

Leave a Reply