“လာမူကြိုစီး နှင့် ကျွန်မသား ကိုရှပ်ပြာ”
တနေ့ညနေ ရုံးကပြန်လာကတည်းက သတိထားမိတယ်…သားမျက်နှာလေး မကောင်းပါ…
စာကျက်ရင်းနဲ့လည်း တစ်ချက်တစ်ချက် မှိုင်သွားတယ်… သားတစ်ခုခုဖြစ်လာပြီ…
သူမပြောတော့လည်း မေးရတာတော့ နည်းနည်းခက်သားပဲ သားရယ်…
စကားလေး စကြည့်လိုက်တော့…. အဖြေထွက်လာတယ်….
မိခင်ဆိုတော့လည်း စိတ်တော့ မကောင်းဖြစ်မိတာပေါ့နော်… သူငယ်ချင်းတို့ရော တို့လိုဖြစ်နိုင်လားဟင်??
ငါးတန်းမင်းသား ကျွန်မသားလေးက “လာမူကြိုစီး” ဆိုတဲ့ တပည့်ဝတ်ကို ကျေပွန်ချင်တာလေ…
သုံးတန်းလောက်ကတည်းက ဆရာ၊ ဆရာမတွေရဲ့ ပစ္စည်းလေးတွေ ဝိုင်းသယ်ပေးရတာ၊ ခြင်းတောင်းလေးတွေ ဝိုင်းဆွဲပေးရတာ အမောပါပဲ… ဒါလေးကို သူက အင်မတန်ကျေနပ်တာလေ…
အဲဒီနေ့ကလည်း ထုံးစံအတိုင်း သားက ဆရာမရဲ့ ခြင်းတောင်းလေးကို ဝိုင်းသယ်လာပေးတာပေါ့။
ကျွန်မချစ်သားရဲ့ ထုံးစံအတိုင်းပေါ့… လက်ကလည်း တစ်ဘက်က ချောကလတ်အရည်ထုတ်လေးကို စားလို့နေမှာပေါ့၊ ကျွန်မမြင်ယောင်နေမိသား။
ဖြစ်ချင်တော့ အဲဒီချောကလက်လေးက ခြင်းထောင်းထဲ ကျသွားတာ သူမသိလိုက်ဘူး။
ဆရာမများနားနေခန်းမှာ ခြင်းတောင်းလေးသွားထားပြီး ပြန်လာခဲ့တယ်။
ကျောင်းတက်တော့ ဆရာမက အတန်းထဲက လူတွေအားလုံးရှေ့မှာ သားသားနာမည်လေးခေါ်ပြီး….
“မင်းကတော့ ကူညီတာပါ… ဒါပေမယ့် ကူညီရာမရောက်ပဲနှာက်ယှက်တာဖြစ်သွားတယ်…မင်းချောကလက်တွေစားပြီး အဲဒီချောကလက်အရည်တွေက စာအုပ်ကိုပေလို့ ဆရာမအကျီင်္ကိုလည်း ပေသွားတယ်။ တကယ်ကိုပဲ စိတ်ညစ်ပါတယ်၊ ဒီနေ့ကျောင်းအုပ်ကြီးကို ဘယ်လိုတွေ့ရပါ့မလဲ (ဒီနေ့
ဘာအတွက်တွေ့ဖို့ရှိတယ်ဆိုတာတော့ သားမသိပါ)..”
သားသားက မျက်နှာလေး အောက်ငုံ့ပြီး သားတကယ်မသိလိုက်တဲ့အကြောင်း… တောင်းပန်ပါကြောင်း ပြောပြတယ်တဲ့…
သားကထပ်ပြောပြသေးတယ်ရှင့်.. အခန်းကော်ရစ်တာမှာလည်း ဆရာမက တစ်ခါထပ်ခေါ်ပြောကြောင်း… မင်းလုပ်လိုက်လို့ ဘယ်လိုဖြစ်သွားတယ်ဆိုတာကိုပေါ့…
ကျွန်မက မျက်ရည်ဝဲဝဲလေးနဲ့ ပြောပြနေတဲ့ သားကလေးကိုဖက်ပြီး –
“သားရယ်… ဆရာမက သားကို အတန်းထဲမှာ ပြောမိလို့ စိတ်မကောင်းဖြစ်ပြီး တကယ့်ကို ဘယ်လိုဖြစ်သွားကြောင်း သားနားလည်အောင် ထပ်ပြောတာဖြစ်မှာပါလို့..”
သားကတော့ – “မဟုတ်ပါဘူး မာမီရယ်… ဆရာမ မျက်နှာက အရမ်းကို တင်းမာနေတာပါ’ တဲ့… ပြောပြီး ငိုပါတော့တယ်”…
တကယ်တော့လည်း ဆရာမပြောတာ အမှန်ပါပဲ…
ကျွန်မချစ်သားက အိမ်မှာလည်း တစ်ခါတလေ သူကျွန်မကို အရမ်းကို ကူညီချင်လို့ လုပ်လိုက်ပေမယ့် ကူညီရာမရောက်တာလေးတွေဖြစ်နေကြပါ…
ဒါကြောင့် ကိုယ့်သားအကြောင်း ကိုယ်သိတဲ့ ကျွန်မကတော့ ဆရာမကို နားလည်ပါတယ်…
သားကိုလည်း – “သားရဲ့ ဖြစ်နေကျရှိတဲ့ သဘာဝကို ဆရာမကနေ ပေးလိုက်တဲ့ သင်ခန်းစာလို့ မှတ်ပါသားရယ်..” “သားလေးပြုပြင်ဖို့ အခွင့်အရေးပေါ့” လို့ ပြောပြနေမိတယ်…
ဒါပေမယ့်လည်းလေ… မိခင်တစ်ယောက်ဖြစ်နေလေတော့ ကျွန်မလည်း သားနဲ့အတူ သားမမြင်အောင် မျက်ရည်တော့ ခိုးကျမိသွားတယ်ရှင်…
17 comments
ဦးကျောက်ခဲ
August 23, 2013 at 2:53 pm
အင်း… ကျောက်စ်အမြင်ပြောရရင်တော့… လာမူကြိုဆီးကို မကြိုက်ဘူးခင်ဗျ…
ကိုယ်ဝန်ဆောင်သည်၊ အသက်အရွယ် အိုမင်းသူနဲ့ နာမကျန်းဖြစ်သူကလွဲရင်…
ကိုယ့်အရိုးကိုယ်နိုင်တဲ့သူတွေကို ကူစရာမလို…
အဂါရဝတော့မဟုတ်၊ ဒီမှာတော့ သူများအမှူက ကိုယ့်အမှူဖြစ်သွားမယ်…
အာရှသားချင်းမို့ လေဆိပ်မှာ အထုပ်ကူဆွဲပေးမိတာ ထောင်ထဲရောက်တဲ့သူ အပုံကြီး…
ဆိုတော့… သားသားကို အနေတတ်အောင် သင်ပေးပါလေ…
🙂
TheWinner Getprize
August 23, 2013 at 3:14 pm
ဦးကျောက်ရယ် – မြန်မာမှု မပြုလို့ကလည်း ကျောင်းမှာ သိပ်မလွယ်သေးဘူးလေ…
Min Zarni
August 23, 2013 at 3:09 pm
ဆြာမက စိတ်ဒတ်မကောင်းတာဗျ…
ကလေးကို နမော်နမဲ့နိုင်တာအတွက်ပဲ ဆူသင့်တယ်..
စိတ်အနာဖြစ်အောင် မပြောသင့်ဘူး
ကျောင်းအုပ် မကလို့ သမ်မဒယီးနဲ့ပဲ တွေ့တွေ့ပေါ့…
ကျမကျောင်းသားတယောက် ကူသယ်ပေးရင်း ယနေ့တော့ အကျင်္ ီ ပေလာတယ်ရှင့်
ပြောမထွက်နိုင်လောက်အောင် သတ္တိနဲ့ လက်ရှိအခြေအနေအပေါ် သုံးသပ်လက်ခံနိုင်မှု
ဘယ်ပျောက်နေသတုံးကွယ်…။
ရီဗာ့စ်ဆန့်စ်အော့် ဆိုက္ကလော်ဂျီ အရ စိတ်ဓါတ်ရေးရာ အဆင့်မမြင့်သူ ဆိုတာကို
ကော်ရစ်ဒါမှာ တခါထပ်ခေါ်ပြောခြင်းအားဖြင့်လည်း ပြလိုက်သေးတာပဲ။
TheWinner Getprize
August 23, 2013 at 3:20 pm
မပြောတတ်တော့ပါဘူး မင်းဇာနည်ရယ်… ကလေးသဘာဝမှာတော့ ဆရာ၊ ဆရာမရဲ့ မျက်နှာသည်သာ ကျောင်းမှာ အကြီးဆုံးလေ…. အဲဒီအပေါ်မှာတော့ အင်မတန်ကို လိုက်ပါခံစားကြတာပဲ… ကျွန်မတို့ငယ်ငယ်ကလည်း အဲလိုပါပဲ…
လေးကျောက်ပြောသလိုပဲ သားကိုသာ အနေတတ်အောင် သင်ရတော့မယ်နဲ့တူတယ်…
kyeemite
August 23, 2013 at 4:07 pm
TheWinner Getprize ရေ…အပေါ်ကဆြာကျောက်စ် ပြောတာမှန်ပါတယ်
လာမူကြိုဆီး မလုပ်စေပါနဲ့ဗျာ.. တနည်း ဆရာမအကြိုက်လိုက်ပြီးမျက်နှာသာပေးခံတတ်တဲ့အကျင့်မဖြစ်ပါစေနဲ့ဗျာ..
တကယ်က သူတို့ကတောင်ကျောင်းသားတွေကိုဖေးမရမှာ..သူတို့တာဝန်ပါ..
လေးစားတာကတော့တစ်ပိုင်းပေါ့.. 💡
TheWinner Getprize
August 23, 2013 at 4:55 pm
ဦးကြီးမိုက်ထောက်ပြသလို မတွေးမိခဲ့ဘူး… သားနဲ့လိုက်ပါခံစားရင်းကနေ ကျွန်မဒီအချက်ကို မေ့သွားတယ်… ကျေးဇူးပါ ဦးကြီးမိုက်ရယ်…
“ဆရာမအကြိုက်လိုက်ပြီးမျက်နှာသာပေးခံတတ်တဲ့အကျင့်မဖြစ်ပါစေနဲ့ဗျာ..”
ဦးကျောက်ခဲ
August 23, 2013 at 7:35 pm
အကိုမိုက်နောက်က လိုက်ပါတယ်…
သားသားကို မျက်နှာသာပေးခံရတာ သာယာတဲ့စိတ် မမွေးမိအောင်ရယ်…
နောက်ပြီး အတန်းဖော်များက “ငဖား” လို့ အခေါ်မခံရအောင်ပါ…
ခလေး သဘောပေါက်အောင်ရှင်းပြပါ… အရှုံးထဲက အမြတ်ပေါ့…
အင်း… အာစရိယဂုဏောကို မှန်ကန်စွာ အသုံးချတတ်မှ…
Ma Ei
August 23, 2013 at 4:23 pm
အိမ်က သမီးလဲ တူတူပါဘဲ The Winner ရေ…
ဆရာမကို ပြေးကြိုကြတာ ချော်လဲလို့ ဒူးပွန်းလာခဲ့ဖူးပါတယ်။
အိမ်မှာ ငိုပြောတာက မေရီးရယ် ဆရာမကလေ ဆေးထည့်ပေးတယ်..
သမီးလေးနာနေလား၊ နောက်ကို ပြေးမလာရဘူးနော် လို့ပြောလို့…
သမီးနောက်ကိုမပြေးတော့ပါဘူး..ဆူနဲ့နော်တဲ့…
အဲ့လို…
garfield
August 23, 2013 at 4:31 pm
ဆရာ/ဆရာမ ဆိုတာ ဒုတိယ မိဘ တဲ့။ 🙁
ကလေး တော်တော်များများ ဟာ ကိုယ့် အဖေအမေ စကားထက် သူတို့ လေးစားတဲ့ ဆရာ/မ စကားတွေ ကို ပို အလေးထားတတ်ကြပါတယ်။
ကိုယ့်တိုင်လည်း ကလေး ကျောင်းသား လူငယ် ဘဝက ဖြတ်ကျော်လာခဲ့တာပဲ။
ရန်သူမှ မဟုတ်ပဲ။
ကလေးကို ဘာလို့ စိတ်ထိခိုက်စေချင်ရတာပါလိမ့်။
ဆရာအတတ်သင်က ဒါမျိုး စိတ်ဓာတ်ထားရမယ်လို့တော့ သင်ပေးလိုက်မယ်မထင်။ 🙁
မဟာရာဇာ အံစာတုံး
August 23, 2013 at 4:46 pm
ကူညီတတ်တဲ့ ကလေး တစ်ယောက်ကို
လူတွေ အလယ်မှာ ဒီလိုမျိုး အပြစ် ပြောလိုက်ခြင်းဟာ
နောင်ပွင့်လာမယ့် အစိမ်းရောင် လက်တစ်စုံကို ရိုက်ချိုးလိုက်တာနဲ့ အတူတူပဲ …။
ဦးဦးပါလေရာ
August 23, 2013 at 6:35 pm
တကယ်တော့ ဆရာ ဆရာမတွေကို သင်တန်းပေးကတည်းက
အရေးမပါတာတွေ ပြီးရင် မေ့ပစ်မယ့်ဟာတေါ လျှောက်သင်မယ့်အစား
ဒီကိစ္စမျိုးတွေ၊ လူ့ကျင့်ဝတ်တွေ ၊ ဆရာ ကျင့်ဝတ်တွေ ကို သင်ပေးသင့်တယ်..။
ဥပမာ- ဆရာဆရာမဆိုတာ ကျောင်းသားတွေဆီက လက်ဆောင်မယူရဘူး ဆိုတာမျိုး
ဆရာဆရာမဆိုတာ ကျောင်းသားတွေကို ကျောင်းသင်ခန်းစာလုပ်ခိုင်းတာမှအပ
အခြားကိစ္စတွေ လူမှု့ရေးဘာသာရေးတွေမခိုင်းရဘူးဆိုတာမျိုး
ဆရာဆရာမဆိုတာ ကျောင်းသားတွေကို ကိုယ့်ပါစင်နယ်ကိစ္စတွေမခိုင်းရဘူး၊ မလုပ်ပေးစေရဘူး ဆိုတာမျိုး
ဆရာဆရာမဆိုတာ ကျောင်းသားတွေဆီက ပိုက်ဆံကောက်ပြီး ဆရာကန်တော့ပွဲမလုပ်ခိုင်းရဘူးဆိုတာမျိုး
ဆရာဆရာမဆိုတာ ကျောင်းသားတွေ ……
…………
အဟမ်း ….
နဲနဲများသွားမှာစိုးလို့ ဘရိတ်အုပ်လိုက်ပါတယ်….။
Mr. MarGa
August 23, 2013 at 7:11 pm
တကယ်က
ဆရာမဘက်က မှားပါတယ်။
ကလေးငယ်ရဲ့ ကူညီချင်စိတ်ကို သူက ဖျက်လိုက်သလိုမျိုးပဲဗျာ
တကယ်က ကူညီချင်စိတ်ကို အသိအမှတ်ပြုပေးရမှာ
အခုကျ ကူညီရာမရောက်ဘဲ နှောင့်ယှက်တာ ဖြစ်သွားတယ် လို့ ပြောလိုက်တဲ့အတွက်
ကလေးမှာ စိတ်ဒဏ်ရာ ရသွားတာပေါ့။
စကားမစပ်လေ
ခေါင်းစဉ်မှာ လာမူကြိုဆီး က မှန်သလားလို့ 😛
လေးစားစွာ
ခေါင်းအခေါက်ခံရဦးမည့် သူတစ်ဦး 😀
လုံမလေးမွန်မွန်
August 23, 2013 at 7:47 pm
သနားပါတယ်… နောက်ဆို သူဒီလိုမဖြစ်အောင် သတိထားမိသွားတာပေါ့..ဆရာမကလည်း လွန်ပါတယ်… ဆုံးမတာမဟုတ်တော့ဘူး..ဒေါသထွက်ထွက်နဲ့ အရှက်ခွဲတာ ဖြစ်သွားပြီ… သမီးလည်း ငယ်ငယ်က အဲ့လိုတွေလုပ်ဖူးတယ်…. (သူငယ်ချင်းနဲ့ ခြင်းလုဆွဲရင်း ရန်တောင်ဖြစ်ဖူးတာ.. ဟီး)… (၇) တန်းနှစ်မှာ ဆရာမတွေက အဲ့လို အလုပ်မခံတော့ အကျင့်ပြတ်သွားတာ ခုချိန်ထိပဲ… အခုဆို အလိုက်မသိတဲ့ဘက်တောင် ရောက်နေပြီ… 🙂
အရီးခင်
August 23, 2013 at 8:17 pm
သားလေး သနားပါတယ်။
ဆရာမ က ခြင်းမပေးခင် ကလေးတွေ လက်ထဲ ဘာရှိတယ် စစ်ပြီးမှ ပေးသင့်တယ်။
ကလေး ကို ဆူမဲ့ အစား ဒါမျိုး နောက်မဖြစ်အောင် သူကိုယ်တိုင် သင်ခန်းစာ ယူသင့်တယ်။
လာမူကြိုစီး ပြီး သင်တွေးအံရွတ် ကြတော့
အံရွတ် ချည်း လုပ်ခိုင်းပြီး “သင်တွေး” ဖို့ အတွက် ကလေးတွေ ကို မလေ့ကျင့်ပေးတာ တွေ ကို လဲ ဆရာ/မ တွေ ပြင်သင့်တယ်။
ခရီးသည်ကြီး
August 24, 2013 at 8:27 am
ကျုပ်ကတော့ ကျုပ်ကလေးတွေကို ငယ်ငယ်ကတည်းက ဆရာဆရမ မခိုင်းလေ သက်သာလေ ဆိုပီးရိုက်သွင်းထားတယ် ။ကလေးတွေဆိုတာ ဆရာဆရာမခိုင်းတာကို ဂုဏ်ယူတတ်တာကလား …
အဲ့လိုပြဿနာမျိူးတွေမဖြစ်အောင် ပြောထားရတာပါ ။နားလည်နိုင်တဲ့အရွယ်ရောက်ရင်တော့ ရှင်းပြသင့်တာရှင်းပြရမှာပေါ့။
ခင်ဗျားတို့စဉ်းစားကြည့်ဗျာ … ခုခေတ်ကလေးတွေကျောင်းသွားရင် ကျောပိုးအိတ် ဆွဲခြငး ထီး နဲ့ဆိုတော့ သူတို့တောင်အနိုင်နိုင်သယ်နေရတာ ။
တချို့မိဘတွေရှိသေးတယ် ကျောင်းမှာ ကယ်ရီငှားပီးကလေးပစ္စည်းတွေကူသယ်ခိုင်းတာ ။ကျုပ်းအားမပေးဘူးဗျ ။ကလေးရဲ့ လုပ်နိုင်စွမ်းကျဆင်းမှာကြောင့်ပေါ့ ။
အလင်းဆက်
August 24, 2013 at 12:18 pm
အဲဒါပေါ့နော်
ရလဒ် က အရေးကြီးတယ်ဆိုတာလေးပေါ့နော်
ရ လာမယ့်ရလဒ်ကို အကောင်းဆုံးဖြစ်လာအောင် လုပ်ဆောင် တတ်မယ့် အရည်အချင်းအတွက်
သင်ခန်းစာ ပေါ့နော်
🙂
uncle gyi
August 25, 2013 at 10:55 pm
ရှင်းပါတယ်သားကို ကိုကျောက်ပြောသလို
နေတတ်အောင်သင်ပေးတာအကောင်းဆုံး
ကျုပ်တို့လည်းကျောင်းသာပြီးသွားတယ်
ဘယ်ဆရာမှအခုလိုမကြိုဖူးဘူး