Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မစိမ်းပြာနှင့် မျက်တောင်တု

ဆုျမတ္မိုးAugust 23, 20131min51915

 ဘဏ်ထဲမှာရှိသောပိုက်ဆံတွေကို စိတ်ဖြင့်တဒေါက်ဒေါက်ပေသီးခေါက်လိုက်သည် ။ လစာ ၊ အိမ်လခ ၊ ဖုန်းခ ဟင်းဟင်းဟင်း.. ကုန်ကျစရိတ်တွေလည်းတယ်များသကိုး ။ ဘာပဲဖြစ်ဖြစ် ဖြစ်အောင်ဝယ်မယ်ဆုံးဖြတ်ချက်နဲ့ မစိမ်းပြာတစ်ယောက် ခြင်းတောင်းတစ်လုံးကောက်ဆွဲပြီး အလှကုန်ပစ္စည်းတွေထားတဲ့ဘက်ကိုပဲဦးတည်လိုက်မိသည်။
အလှကုန်တန်းကို နာရီဝက်လောက်ပတ်ပြီးပေမယ့် မစိမ်းပြာလိုချင်သောပစ္စည်းတွေယခုထက်ထိရှာမတွေ့နိုင်သေး။ စင်ကာပူက ရှောပင်းစင်တာတွေမှာက ကုန်ပစ္စည်းကောင်တာတွေတစ်နေရာတည်းမှာအများကြီးရှိပေမယ့် ကောင်တာတိုင်းမှာ အရောင်းစာရေးတွေထားလေ့မရှိ ။ Watson တို့လို့ဆိုင်မျိူးမှာသာ အရောင်းစာရေးမလေးတွေအနည်းအကျဉ်းရှိတတ်သည် ။ ဒါကြောင့်မို့ မစိမ်းပြာတစ်ယောက် အလှကုန်တန်းမှာ တစ်ယောက်တည်းသွားလိုက်ပြန်လိုက်ယောက်ယက်ခတ်နေခြင်းဖြစ်သည်။

မျှော်နေတုန်း ကျော့ဆုံးလာ ဆိုသလိုပဲ ရှောပင်းစင်တာရဲ့ဝန်ထမ်းဝတ်စုံနဲ့လူတစ်ယောက်မစိမ်းပြာဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည် ။
“Hello, excuse me, i want to buy fake eyelashes , where can i get it??”
“imm ohh..wo bu zhi doa…. wo wo ..”
တရုတ်စကားတစ်လုံးစနှစ်လုံးစနားလည်သောမစိမ်းပြာသဘောပေါက်လိုက်သည် ။ ထိုဝန်ထမ်းလည်း မစိမ်းပြာပြောသောအင်္ဂလိပ်စကားကိုနားမလည်သလို ၊ မစိမ်းပြာ၏ ဘရုတ်သုတ်ခတရုတ်စကားကို ထိုလူနားမလည်မှာသေချာနေသဖြင့် “never mind , never mind ” ဟုတွင်တွင်ကြီးပြောကာ အသာလေးလစ်လာခဲ့ရသည်။ အလှကုန်တန်းကို စင်တစ်ဆင့်ချင်းသေချာလိုက်ကြည့်သောအခါ…ဟော တွေ့ပါပြီ မစိမ်းပြာလိုချင်တဲ့ fake eyelashes (မျက်တောင်တု) တွေ ။ မစိမ်းပြာမျက်တောင်တု ဝယ်ချင်ရချင်းအကြောင်းအရင်းကလည်းဇာတ်လမ်းနဲ့ ။

မစိမ်းပြာ နယ်မှာနေစဉ်အခါက အလှသွားပြင်နေကျ မလင်းဆိုသော အခြောက်တစ်ယောက်ရှိသည် ။ မစိမ်းပြာအလှပြင်တယ်ဆိုလို့ ထူးထူးဆန်းဆန်းရယ်မဟုတ်ပါဘူး ။ အလှူမင်္ဂလာဆောင်တွေသွားရင် အခြောက်ဆီမှာအလှသွားပြင်လိုက် ၊ ဆံပင်လေးဘာလေးဖြောင့်ရုံပါပဲ ။  မစိမ်းပြာရဲ့နဂိုဆံပင်ဟာ ခပ်ဖျင်းဖျင်း နီကြောင်ကြောင်နဲ့ တော်တော်လေးရုပ်ဆိုးတဲ့ဆံပင်ပါ ။ မစိမ်းပြာတို့နယ်မှာ နေကလည်းပူ ၊ ဒီကြားထဲမစိမ်းပြာက ထီးတွေ ဦးထုပ်တွေဆောင်းရတာဝါသနာမပါသူမို့ နေပူခံပြီးအပြင်ထွက်တော့ မစိမ်းပြာခေါင်းကြီးဟာ ကြာလေနီလေ နဲ့ အုတ်သယ်တဲ့အလုပ်သမားလားလို့တောင် အနောက်ခံရတဲ့အထိပါပဲ ။ ဒါပေမယ့် ဒီခေတ်ကြီးထဲမှာ သူများတွေဆံပင်နီချင်လို့ အနီတွေဆိုးကြရတဲ့အထဲ မစိမ်းပြာခေါင်းက အော်ရဂျင်နယ် နီနေတော့ ကိုယ့်ဟာကိုယ်တော့သဘောခွေ့လို့ပေါ့ ။ တစ်ခါသား မစိမ်းပြာတို့အဘွား ရွာကနေ မစိမ်းပြာတို့ဆီကိုအလည်လာသည်။ မစိမ်းပြာအမေရောအဖေပါ အဖွားကိုကြောက်ရသူမို့ မြေးဖြစ်တဲ့မစိမ်းပြာတို့လည်းအာမခံဝံ့ ၊ စည်းကမ်းသေဝပ်တဲ့အဘွားလက်အောက်မှာ အားလုံးဟာ တသွေးတသံအမိန့်ပါပဲ ။ အလည်လာတဲ့အဘွားဟာ မစိမ်းပြာခေါင်းကိုမြင်တော့ ရင်ဘတ်ကိုတဒုန်းဒုန်းထုပြီး မစိမ်းပြာကိုဆူပါတော့သည်။ “စိမ်းပြာ…ညည်းခေါင်းကိုညည်းကြည့်လိုက်စိမ်း ဆီမထည့်ပျားမထည့် ၊ မိန်းမတစ်ယောက်ရဲ့တန်ဖိုးမှာ ဆံပင်၏ကောင်းခြင်းဆိုတာလည်းပါတယ်ဟဲ့..ဘယ်မှာလည်းညည်းဆံပင်…ပြောင်းဖူးမွှေးလိုနီကြန့်ကြန့်နဲ့အေ…လာငါနဲ့လိုက်ခဲ့….”
စိတ်မြန်လက်မြန်ရှိတဲ့အဖွားဟာ မစိမ်းပြာကိုဆိုက်ကားနဲ့တင်သွားပြီး ဆံပင်ညှပ်ဆိုင်ကိုခေါ်သွားကာ ခေါင်းတုံးတုံးပစ်လိုက်ပါတော့သည် ။

၁၈ နှစ်စွန်းစွန်းမစိမ်းပြာတစ်ယောက် ဂတုံးတုံးခံရလို့စိတ်ဆိုးလိုက်လေခြင်း ၊ မစားမသောက်မခေါ်မပြောဘဲနဲ့ အိမ်တွင်းအောင်းနေတာ အချိန်တော်တော်ကြာအောင် ။ ဒီကြားထဲ ဆံပင်သန်အောင်ဆိုပြီး ရွာကနေကြက်ဆူဆီလှမ်းမှာကာ မစိမ်းပြာကို ကိုယ်တိုင်လိမ်းပေးပါတော့သည် ။ ကြက်ဆူဆီတန်ခိုးလား ၊ ခေါင်းတုံးလိုက်တဲ့တန်ခိုးလားတော့မသိ.. မစိမ်းပြာရဲ့ဆံပင်တွေသန်လာလိုက်တာ မဲနက်စိမ်းလဲ့ပြီး အရမ်းသန်သည့်အပြင် အဆစ်အနေနဲ့ရလိုက်တာက ဆံပင်ကောက်ကြီးတွေဖြစ်သည် ။ မစိမ်းပြာရဲ့နဂိုညိုပျော့ပျော့ဆံပင်တွေအစား မဲမဲသန်သန်ကောက်ကောက်ကြီးတွေ ထွက်လာလိုက်ကြတာ..ဝက်မွှေးတွေလိုကြမ်းရှရှမို့လို့စိတ်တွေညစ်လိုက်တာမှ မစားနိုင်မသောက်နိုင်အောင် ။ ထိုအချိန်ကနေစပြီး မလင်းဆီမှာ ခြောက်လတစ်ခါဆံပင်ဖြောင့်ပြီး ဆေးဆိုးတဲ့အကျင့်မစိမ်းပြာဆီကိုရောက်လာခဲ့သည်။ မလင်းသည်လည်းမစိမ်းပြာ၏လက်စွဲဖြစ်လာခဲ့သလို မစိမ်းပြာ၏ဆံပင်လေးတွေမှာလည်း ဖြောင့်ဖြောင့်စင်းစင်းနဲ့ အညိုရောင်လေးဘဝကိုပြန်လည်ရောက်ရှိခဲ့ပါသည် ။ ကြက်ဆူဆီတန်ခိုးက ဘယ်လောက်ထိပြင်းလဲမသိ ။ ဖြောင့်ထားတဲ့ဆံပင်ညိုလေးတွေနဲ့ လှလှပပနေရတာသိပ်မကြာဘူး မဲမဲတူးတူး လိမ်လိမ်ကောက်ကောက်ဝက်မွှေးတွေ ဆံပင်ရင်းမှာပြန်ပေါ်လာတော့ မစိမ်းပြာတစ်ယောက်အလှပြင်ဆိုင်ကိုပြေးရပြန်သည် ။ ဒီလိုနဲ့  မလင်းဆီမှာ ဖြောင့်လိုက်ကောက်လိုက်နဲ့ သံသရာလည်နေလိုက်တာ မစိမ်းပြာ နို်င်ငံခြားမထွက်ခင်အချိန်ထိပါပဲ ။

မစိမ်းပြာဘွဲ့ယူခါနီးမှာမလင်းကပြောပြသည် ။ ဒီခေတ်မှာမျက်တောင်တုတွေခေတ်စားလာပြီပေါ့နော်။ ဘွဲ့ယူရင်မစိမ်းပြာကိုမျက်တောင်တုတပ် ဆိုပြီးအကြံပေးတာမို့ မစိမ်းပြာတစ်ယောက်လက်စွဲတော်မလင်းအကြံကိုလက်ခံလိုက်ပါတော့တယ် ။ မစိမ်းပြာတို့ရခိုင်သူတွေဟာ မျက်လုံးမျက်ဖန်ကောင်းကြတယ်လို့နာမည်ကြီးပေမယ့် မစိမ်းပြာကတော့ထိုစာရင်းထဲကိုမဝင် ။ ဘယ်ဘက်ကနေအမွေရမှန်းမသိတဲ့ မှေးစိနေသောမျက်လုံးအစုံနဲ့ ပါးလျနေတဲ့ မျက်ခုံးမွှေး ၊ မျက်တောင်အပြင် နှာပြားလေးပါပိုင်ဆိုင်သောသူဖြစ်ပါသည် ။ မစိမ်းပြာက နဂိုအသားနည်းနည်းဖြူတော့ မျက်ပေမှေးလေးနဲ့ ကိုးရီးယားမလေးတွေလို မျက်တောင်တုတပ်လိုက်ရင်ဘယ်လောက်လှမလဲဆိုပြီး မလင်းကမြှောက်ပေးတာမို့မစိမ်းပြာတစ်ယောက်မြောက်ကြွမြောက်ကြွနဲ့ဘွဲ့ယူမယ့်နေ့ကိုလက်ချိူးရေကာစောင့်နေပါတော့သည် ။ မလင်းပြောသလိုပဲ မစိမ်းပြာဟာ မျက်တောင်တုတပ်လိုက်တော့မထင်မှတ်လောက်အောင်ပဲ မျက်လုံးလေးတွေဝင့်ကာလှသွားတာမို့ မျက်တောင်တုတပ်ခြင်းကိုမစိမ်းပြာတစ်ယောက်တော်တော်လေးသဘောကျနှစ်သက်ခဲ့မိပါသည် ။ ဒါပေမယ့်လည်း အကြောင်းကြီးငယ်မရှိဘဲ အလှမပြင်ကြသော နယ်ဓလေ့အရ မစိမ်းပြာရဲ့မျက်တောင်တုအိပ်မက်ဟာလည်း စိတ်ကူးထဲမှာပဲပျောက်ကွယ်သွားတာ အချိန်အတော်ကြာတဲ့အထိပါပဲ။

အလှအပကိုမက်မောတဲ့မစိမ်းပြာတစ်ယောက် မမျှော်လင့်ဘဲရထားပေါ်မှာ မျက်တောင်တုတပ်ထားတဲ့စလုံးမ (စင်ကာပူသူ)တစ်ယောက်ကိုအတွေ့မှာ မျက်တောင်တုအိပ်မက်ကပြန်လည်နိုးထလာခဲ့ပြန်သည် ။ အင်တာနက်တွေ ၊ facebook တွေမှာ မျက်တောင်တုတပ်ကြတဲ့မင်းသမီးတွေတွေ့ပေမယ့် ကိုယ့်အလုပ်ကိုအားနာလို့ ကိုယ်နဲ့လားလားမျှမဆိုင်သလိုပဲနေခဲ့သည် ။ အမျိူးသမီးဆိုလို့မစိမ်းပြာတစ်ယောက်ပဲရှိသော အိုင်တီဌာနမှာ အဝတ်အစားအနေအထိုင်ကအစ မစိမ်းပြာဆင်ခြင်တတ်တာမို့ လုံလုံခြုံခြုံဝတ်ပြီးအလှလည်းပြင်ခဲသည် ။ ဒါပေမယ့် မျက်တောင်တုတပ်ထားသောမိန်းမတစ်ယောက်ကိုအရှင်လတ်လတ်မြင်ရတဲ့အခါမှာတော့မစိမ်းပြာစိတ်မထိ်န်းနိုင်တော့ပေ ။ ရုံးမှာမတပ်လည်း အပြင်လေးဘာလေးထွက်ရင်တပ်တာပေါ့ ဘယ်သူ့ဂရုစိုက်လို့ ဆိုပြီး ရှောပင်းစင်တာထဲမှာမျက်တောင်တုသွားရှာခြင်းဖြစ်သည် ။ မျက်တောင်တုဘူးတွေထဲက မစိမ်းပြာသဘောကျသော ထူထူကော့ကော့ကြီးတစ်ခုရယ် ၊ သဘာဝကျမယ်ထင်ရတဲ့ခပ်ပါးပါးလေးတစ်ခုရယ် ၊ ကော်ဘူးတစ်ဘူးရယ်ဝယ်လာခဲ့သည် ။ မစိမ်းပြာစိတ်ထဲမှာလည်း မျက်တောင်တုကြီးတပ်လိုက်ရင် ဘွဲ့ယူတုန်းကလို မျက်လုံးဝင့်ဝင့်လေးပြန်ဖြစ်သွားမယ်လို့ယုံကြည်နေမိပါသည် ။

မနက်ဖြန်မှာရုံးမှာဒင်နာရှိတာမို့ မစိမ်းပြာတစ်ယောက် ဒီနေ့အိမ်မှာမျက်တောင်တုတပ်ခြင်းကိုအပီလေ့ကျင့်နေမိသည် ။ ဟုတ်တယ်လေ ဒါမှပဲ ဒင်နာကျရင် လှလှပပလေးသွားရမှာကိုး ။ youtube ဖွင့်ပြီးတပ်နည်းကိုတစ်ချက်ကြည့်လိုက်ကာ ကိုယ့်ဘာသာကိုယ်ပဲလုပ်ကြည့်နေမိသည် ။ မစိမ်းပြာက ကိုယ့်ဇကိုလည်းယုံတာကိုး ။ အလှအပနဲ့ပက်သက်လျင် လက်ရဲဇက်ရဲနဲ့ ကိုယ့်ဟာကိုယ် တတ်တတ်မတတ်တတ်လုပ်ရင်းအဆင်ပြေသွားတတ်တဲ့ ရာဇဝင်ရှိတာမို့ ကိုယ့်ဟာကိုယ်ယုံကြည်မှုလည်းအပြည့်ရှိသည်။ google လုပ်ထားသည့်နည်းအရဆိုလျင် မျက်တောင်တုကို ကိုယ့်မျက်စိနဲ့သင့်တော်မည့်အရွယ်အစားအတိုင်းဘေးနှစ်ဖက်ကိုညှပ်ပေးရမည်ဆိုသောကြောင့် မစိမ်းပြာလည်းမျက်တောင်တုဘေးနှစ်ကိုညှပ်ပစ်လိုက်သည် ။ ကော်ကပ်ပြီး ခဏလေးထားရမည်ဆိုသောကြောင့်ခဏလေးထားကာ မျက်တောင်တုကိုစကပ်လိုက်သည် ။ မစိမ်းပြာရဲ့မျက်လုံးဟာ ခပ်စင်းစင်းဖြစ်ရသည့်ကြားထဲစတပ်ခါစဆိုတော့ အဆင်မပြေ ။ ဘယ်ဘက်ကကပ်လိုက်လျင် ညာဘက်က ထောင်သွားသည်။ ညာဘက်ကိုကပ်လိုက်လျင်ဘယ်ဘက်ကပြန်ကွာပြီးထောင်သွားသည် ။ နှစ်ဘက်လုံးစိတ်ရှည်လက်ရှည်ကပ်လို့ရသွားတဲ့အခါ မျက်လုံးထက်မျက်တောင်တုက ပိုခုံးသွားပြီး မျက်လုံးက အောက်မှာကျန်ခဲ့လေသည်။ မစိမ်းပြာကလည်းလှဖို့ပဖို့ဆိုလျင်စိတ်ရှည်သည့်အမျိူးလေ မရရအောင်ကပ်သောအခါ နောက်ဆုံးတော့ မျက်တောင်နှစ်ဘက်စလုံးကပ်၍ရသွားသည် ။ မျက်တောင်ကပ်လို့ရတော့ လှမလှ အဝေးကနေပြီးကြည့်လိုက် အနီးကပ်ကြည့်လိုက်ရုံနဲ့အားမရဘဲ မစိမ်းပြာတစ်ယောက် ယောက်ယက်ခတ်ပြီးသူငယ်ချင်းတွေဆီကိုဓာတ်ပုံပို့လိုက်သေးသည် ။ မစိမ်းပြာသူငယ်ချင်းတွေကတော့ လှတယ်ဆိုပြီး ကောင်းချီးဩဘာပေးကြပေမယ့် မကျေနပ်နိုင် ။ မလင်းလုပ်ပေးသလိုသဘာဝကျကျမလှတော့ ဉာဏ်ကူရပြန်သည် ။ မရှိသည့်မျက်ရစ်မှာ လိုင်နာအမည်းတွေချယ်ပြီး လိုတာလေးတွေဖြည့်လိုက်တော့ မစိမ်းပြာမျက်လုံးလေးက သမင်မျက်လုံးလေးတွေလို ဝင့်ဝင့်ပြုးပြူးကလေးဖြစ်သွားသည် ။ မစိမ်းပြာတစ်ယောက်ဝမ်းသာပီတီဂွမ်းဆီထိပြီးတော့ အကြိမ်ကြိမ်လေ့ကျင့်ပြီး အောင်အောင်မြင်မြင်တပ်တတ်သွားပြီမို့ ကိုယ့်ကိုကိုယ်ကြည်နူးမဆုံးရှိတော့လေသည်။

မစိမ်းပြာက အနက်ကြိုက်သူမို့ အနက်ရောင်ကိုယ်ကျပ်ဂါဝန်တိုလေးဝတ်ပြီး ဆလင်းဘက် အနက်ကလေးနဲ့ ရှုးအနက်ကလေးနဲ့ ဒီကြားထဲ မျက်တောင်တုလေးကလည်းတပ်ထားတယ်…နှုတ်ခမ်းနီလေးနဲ့ဆိုတော့ ပြင်သစ်မော်ဒယ်လေးလိုပဲနေမလား ကိုးရီးယားမလေးလိုလှနေမလား မသိ..တွက်ရေးကစက်သူဌေးပဲဆိုပါတော့ ။
မျက်နှာကိုအလှဆုံးပြင်ပြီး လိုင်နာတွေခြယ် ၊ မျက်တောင်တုလေးတပ်ဖို့ကြိုးစားပမ်းစားလုပ်ပါတော့တယ် ။ မနေ့ကအကြိမ်ကြိမ်လေ့ကျင့်ထားပေမယ့် တကယ်တမ်းကျတော့အဆင်မချောချင် ။ ရှုးအနက်မရှိလို့ တစ်နေကုန်ရှုးလိုက်ရှာရင်း ဘာမှမယ်မယ်ရရမစားရသေးတော့လက်တွေကတုန်ချင်ချင် ။ လက်ကသိပ်မမြဲချင်တော့ မျက်တောင်တုကိုကော်ကပ်သည့်အခါ လိုတာထက်ပိုသွားခဲ့သည်။ procedure အရ ခဏထားပြီးမျက်တောင်တုကိုတပ်လိုက်တဲ့အချိန်မှာတော့ လိုတာထက်ပိုသွားတဲ့ကော်တွေက တုန်နေသောလက်ရဲ့ကျေးဇူးကြောင့်  ဗြိခနဲ မျက်စိထောင့်ကိုဝင်သွားပါတော့သည် ။ ဒါပေမယ့်လည်းမစိမ်းပြာပဲလေ..အပူရုပ်ဟန်လုပ်…အဲ ဟုတ်ပါဘူး မျက်လုံးကို
wet tissue နဲ့အသာလေးသုတ်ပြီး အလှပြင်မပျက် ။ procedure အရ လိုင်နာတွေထပ်ဖြည့် လိုတာလေးတွေပြင်ပြီးတော့ မှန်ကိုအပြောင်းအပြန် အခါငါးဆယ်လောက်ကြည့်ပြီး ကိုယ့်ကိုကိုယ်သိပ်ကျေနပ်နေမိတော့သည် ။ ဒင်နာမသွားခင် နောက်ဆုံးအနေနဲ့ မှန်ကိုအနီးကပ်သေချာကြည့်လိုက်တဲ့အချိန် မစိမ်းပြာရဲ့ဘယ်ဘက်မျက်စိထောင့်က နီရဲနေသည့်အပြင် ကော်ဝင်သွားတဲ့အတွက် မျက်ရည်တွေပါ တစိမ့်စိမ့်ထွက်လို့ ။ လှချင်လွန်းတဲ့မစိမ်းပြာတစ်ယောက် မျက်ရည်လေးတစမ်းစမ်းနဲ့ ဒင်နာလာရသည့်အဖြစ်ရယ်လေ..။

ထူးထူးခြားခြားအလှပြင်လာသော မစိမ်းပြာကို လူတိုင်းက လှတယ်လှတယ်နဲ့ မစိမ်းပြာကတော့ မျက်ရည်လေးတစမ်းစမ်းနဲ့ကျေနပ်လို့ပေါ့ ။ မျက်တောင်တုစတပ်ပြီးတည်းကစိမ့်ထွက်လာသည့်မျက်ရည်ဟာ ဒင်နာအချိန်တစ်ဝက်ကျိုးတဲ့အထိ ထွက်လို့မကုန်သေးဘူး ။ မစိမ်းပြာခမျာ မျက်ရည်လေးတစမ်းစမ်းနဲ့ ဟိုလူ့ရယ်ပြ ၊ ဒီလူရယ်ပြနဲ့ ။ မစိမ်းပြာရဲ့အဖြစ်ကိုသတိထားမိနေတဲ့ တခြားဌာနက မန်နေဂျာမမ က မစိမ်းပြာဆီကိုပေါက်ချလာပြီး ဘာဖြစ်လဲလို့မေးလာတော့ မစိမ်းပြာခမျာရယ်ရခက်ငိုရခက်နဲ့ ကော်ဝင်သွားလု့ိဆိုပြီးရှင်းပြရပါတော့သည် ။ စေတနာကောင်းလွန်းတဲ့ မန်နေဂျာမက မစိမ်းပြာကို သူ့မှာ eyes drop ပါတဲ့အတွက်ထည့်ပေးမယ်လို့ပြောတော့ မစိမ်းပြာကလည်းအားနာပါနာနဲ့လက်ခံလိုက်ရသည်။ မီးတွေထိန်ထိန်လင်းနေသော ကောင်တာနားကို မစိမ်းပြာကိုခေါ်သွားပြီး eyes drop ထည့်ဖို့ မျက်နှာလေးကိုအမော့…မန်နေဂျာမရဲ့ ခွိခနဲရယ်သံကိုအရင်ဆုံးကြားလိုက်ရသည် ။ မစိမ်းပြာလည်းကြောင်ပြီးကြည့်နေတော့ မန်နေဂျာမမက
“မစိမ်းပြာ နင့်မျက်တောင်တုက တစ်ဝက်ကြီးတဲ့..”
“ဟင်…..”
“နင်က အစွန်းနှစ်ဘက်လုံးကိုအများကြီးညှပ်ပစ်လိုက်တော့ နင့်မျက်တောင်တုက အလယ်သားလေးတွေပဲကျန်တော့တယ်လေ..ဘေးဘက်က အတိုလေးတွေမရှိတော့ နင့်မျက်တောင်တုက ရှည်ရှည်စင်းစင်းကြီးတွေပဲကျန်တာနေမှာ..”
မန်နေဂျာမမပြောလည်းပြောချင်စရာပဲ မစိမ်းပြာရဲ့မျက်တောင်တုက ရှည်ရှည်ပြားပြားကြီး ဒီကြားထဲ မစိမ်းပြာက မျက်ထောင့်လေးကနေစပြီးတပ်ထားတော့ မျက်စိတစ်ဝက်လောက်မှာပဲ မျက်တောင်တုရှိပြီး ကျန်တစ်ဝက်က ဟာလာဟင်းလင်း ။ မျက်တောင်တုရှိနေတဲ့မျက်စိတစ်ဝက်ကလည်း ရှည်ရှည်ညီညီကြီးတွေ ။  ဘယ်လောက်များရယ်စရာကောင်းနေမလဲမသိ ။ marketing က မိန်းမတွေကလည်း ပြုံးစိစိနဲ့ကြည့်လို့ မစိမ်းပြာတစ်ယောက်ရှက်စိတ်နဲ့ ဒင်နာကနေပြေးပြီးပြန်သွားချင်တော့သည် ။ လိုင်နာတွေ ၊ ကော်တွေထည့်ထားသော မျက်တောင်ကဆွဲဖြုတ်ဖို့လည်းအဆင်မပြေ ၊ တပ်ထားဖို့ကလည်း တဝက်တပျက်နဲ့ ။ ရှက်စိတ်ကြောင့်လားမသိ ကော်ဝင်နေတဲ့မျက်စိက ပိုပြီးမျက်ရည်တွေယိုလာပါတော့သည် ။ မျက်ရည်တွေကစိမ့်ထွက်လာတော့ ခြယ်ထားတဲ့လိုင်နာတွေကအရည်ပျော် ၊ အရည်ပျော်တော့ သုတ် ၊ သုတ်တော့ မျက်ရည်ကပိုစိမ့်နဲ့ မစိမ်းပြာတစ်ယောက် တစ်ခုသောဒင်နာမှာမျက်တောင်တုတစ်ဝက်နဲ့ မျက်ရည်လေးတစမ်းစမ်းနဲ့ wet tissue လေးနဲ့သုတ်ရင်း မစားနိုင်မသောက်နိုဘဲ ဒင်နာချိန်မြန်မြန်ပြီးပါစေသာ ဆုတောင်းရင်း ။ ။

posted in my blog!!

15 comments

  • တိန်… အနော်လည်း ဘွဲ့ယူတုန်းက မျက်တောင်တုတပ်တာကို အရမ်းသဘောကျတာ..
    ဒါမယ့် စိတ်မရှည်တတ်တဲ့အကျင့်ကြောင့် စိတ်ပါမှပဲ အလှပြင်တယ်… (ထူးလည်း မလှပါဝူး… 🙂 )

    ဟိ..စာဖတ်ပြီး မျက်လုံးထဲ မြင်ယောင်ကြည့်မိတယ်…. ရယ်ချင်ပေမယ့် စိတ်မကောင်းဘူး..မျက်လုံးထဲ ကော်ဝင်တယ်ဆိုတော့ အတော်ခံရခက်မှာပဲ… နော်….

  • အရီးခင်

    August 23, 2013 at 8:12 pm

    ဖတ်ပြီး ရီလိုက်ရတာ။
    အတော်အလှကြိုက် တဲ့ ကလေးမလေး ထင်ရဲ့။
    အရီးတော့ မျက်တောင်တု ကို တက်ဖူးတာ ပထမဆုံး ဘွဲ့ယူ တဲ့ ပွဲမှာဘဲ။
    နဂိုက မှ အငြိမ်မနေနိုင်တဲ့ သူ ဆိုတော့ အဲဒါကြီး မျက်စိ ရှေ့မှာ ရောက်နေတာ ကို မနေနိုင်လွန်း တာနဲ့ နောက် တစ်သက်နဲ့တစ်ကိုယ် ဘယ်တော့မှ မတတ်တော့ဘူး။
    အရေးကောင်းလေး မို့ ရွာထဲ ဝင်ပြီး စာတွေ မျှပေးတာ ကျေးဇူးပါ။

  • kyeemite

    August 24, 2013 at 9:23 am

    အင်း…သူများတွေများမျက်တောင်တု တတ်တဲ့အကြောင်းနဲ့တောင်
    ဝတ္ထုတပုဒ်ဖြစ်သဟ..တော်ထှာ 🙂

  • ခရီးသည်ကြီး

    August 24, 2013 at 9:42 am

    နှစ်​စဉ်​နှစ်​တိုင်​း ဘွဲ့နှင်​းသဘင်​မှာ ​ဒေါက်​ဖိနပ်​​ပေါက်​လို့ ​ထော့နင်​း​ထော့နင်​း​လေး​တွေလည်​းသတိရမိတယ်​ဗျ ။
    ဂျပ်​ဆင်​​ရှေ့မြက်​ခင်​း​တွေထဲဓတ်​ပုုံရိုက်​ဖို့ ဖိနပ်​ကိုင်​ပီးလမ်​း​လျောက်​တဲ့ ​ကောင်​မ​လေး​တွေလည်​းသတိယမိပါတယ်​ 🙂

  • Mr. MarGa

    August 24, 2013 at 11:41 am

    ဪ…..
    မစိမ်းပြာ…မစိမ်းပြာ
    မျက်တောင်တု ကောင်းမှုနဲ့ မျက်လုံးနာတော့မလို့ပါလား
    တကယ်ကတော့
    ဘာမှ မပြင်ဆင် မချယ်သဘဲ ဒီအတိုင်းလေးပဲ ကောင်းပါသကွယ်
    :mrgreen:
    ဒီအဖြစ်ကလေးကနေ ပို့စ် တစ်ပုဒ် ထွက်လာတာကိုတော့
    လေး ချား ပါ ကြောင်း

  • Foreign Resident

    August 24, 2013 at 2:00 pm

    အဘ ၊ နဲနဲ ရွှီးမယ်နော် ။
    အဘတို့ ယောက်ျားလေး ( တစ်ချို့ ) ရဲ့ အမြင်ကို သိချင်မယ် ထင်တယ် ။

    အဘ အမြင်မှာတော့ ၊ မျက်တောင်တု တပ်တာဟာ ၊
    ဓါတ်ပုံ VDO တွေ နှင့် အဝေးကြည့် မှာပဲ ကြည့်လို့ အဆင်ပြေပြီး ၊
    အပြင်မှာ / အနီးကပ် ဆိုရင် အဘ ကို ထူးပြီး မဆွဲဆောင်နိုင်ပါဘူး ။
    အတုကြီးမှန်း သိနေတာကိုး ။

    ဒဲ့ပြောရရင် ၊ အတုတွေ သုံးထားလို့ ၊
    အယုံအကြည် နဲ သွားပြီး ၊ စိတ်တောင်ပိုပျက်သွားသေး ။

  • Crystalline

    August 24, 2013 at 3:40 pm

    သူများလက်သည်းအရှည်ထားတာတွေ့တော့ ကိုယ်ကမကြိုက်လို့မထားချင်ပေမယ့် အပြင်သွားတော့အလှတတ်ကြည့်တာ.. ထမီပြင်ဝတ်လည်းအဆင်မပြေ.. ဖုန်းနှိပ်လည်းအဆင်မပြေ.. လမ်းမှာတင်ပြန်ခွာပစ်လိုက်ရတယ်.. 🙂

  • အလင်းဆက်

    August 24, 2013 at 3:45 pm

    စာရေး ကောင်းလိုက်ထာဗျာ
    ဖတ်ရတာ သွက်ပြီး ချောနေတာပဲ ။

    မျက်တောင်တု တပ်ထားတဲ့ မိန်းကလေး ဆို
    ကြည့်ရတာ လှတော့လှသား
    ဒေါ်ဖွားမေကိုလည်း
    တစ်ခါလောက် တပ်ကြည့်ခိုင်းဦးမယ်

    အင်းးးး မျက်တောင်တုကြီး
    သူ ့အကြော်အိုးထဲ ပြုတ်ကျရင်တော့ အခက်

    :kwi:

  • kai

    August 24, 2013 at 3:55 pm

    ဒီခေတ်မှာ.. မျက်တောင်အစစ်တွေရှည်လာအောင်.. ဆေးနဲ့လုပ်လို့ရပါတယ်.. တဲ့..
    အဲဒါဆို.. အဘဖောဘာပြောမယ်မသိ…

    • Foreign Resident

      August 31, 2013 at 6:01 am

      kai says:
      ” အစစ်တွေရှည်လာအောင်.. ဆေးနဲ့လုပ်လို့ရပါတယ်.. တဲ့..
      အဲဒါဆို.. အဘဖောဘာပြောမယ်မသိ…”

      အစစ်တွေ ရှည်လာတာ ဆိုရင်တော့ ပိုကောင်းတာပေါ့ကွယ် ။

      မိန်းကလေးတွေ လှချင်တဲ့ သဘောကို သိပါတယ် / လက်ခံပါတယ် ။
      မွေးရာပါလေးက သိပ်မလှလို့ ၊ အတု အားကိုးတာကိုလည်း ၊
      လုံးဝ ( လုံးဝ ) မ ကန့်ကွက်ပါဘူးကွယ် ။ နားလည်ပေးနိုင်ပါတယ် ။

      သမီးလေးတို့ ရဲ့ ဆုံးဖြတ်ချက် အထောက်အကူ ဖြစ်အောင်သာ ၊
      အဘ ရဲ့ ခံစားချက် အမှန် ကို ပြောပြချင်းရယ်ပါ ။
      အဘ ကို စိတ် မဆိုးကြပါနှင့် ။

  • garfield

    August 24, 2013 at 6:01 pm

    မျက်တောင်တု ကို အစ က သိပ် တပ်ချင်စိတ် မရှိပါဘူးးးး
    မိုးဟေကို တပ်တဲ့ မျက်တောင်တုတွေ က လှလွန်းလို့ တပ်ချင်တယ် လို့ ညည်းမိတော့ ရုပ်ရှင်ထဲမို့ လှတာတဲ့ အပြင်မှာဆို အဲ့လောက် အထူကြီးက သိသာတယ်တဲ့။

    အမျိုးစုံဝယ်ထားပြီး မတပ်ဖူးဘူးးးး

    နဂိုက မျက်တောင်က အရှည်ဆိုတော့ ထူ သွားစေတဲ့ မက်(စ) ကာရာလေးပဲ ရွေးသုံးဖြစ်တယ်။

    အလှပြင် ပစ္စည်းထဲတော့ အဲဒါ အကြိုက်ဆုံးပဲ။ တံဆိပ် အစုံ စမ်းသုံးဖူးတယ်။

    ကျန်တာ တော့ မပြင်မဆင်ချင် ။ ဘာမှ စုံအောင်မရှိပဲ။
    အားရင် ဒီ မျက်တောင်ပဲ သနေတာ။
    မျက်တောင်လည်း စိုက်ဖူးတယ်။
    ခု သူကြီးပြောတဲ့ ဆေး စုံစမ်းဦးမှ!!!

    တလွဲပါဆို။ လူမသိတဲ့ နေရာ အလှအပြင် ဆုံး ဖြစ်နေတယ်။

    😀

  • ငေးလ

    August 25, 2013 at 9:12 am

    အလွယ်ကူဆုံးနဲ့ အလှဆုံးဖြစ် ချင် တယ်မျက်တောင် အတုလဲ မတပ်ချင် ဝူးးးဆိုရင်တော့
    နည်းလမ်းကောင်းလေးပြေပြမယ် ချစ်သုဝေ ဆိုသလို ဘုရားဆုတောင်းပါ ့
    နောက် နည်းလမ်း တခုက တော့
    mascara ဝယ်မယ် ဆိုရင် ကိုနဲ့ အသင့်တော်ဆုံး ကို ရွှေးတတ်ဖို့လိုမယ် ထင်ပါတယ် ့
    ကောင်တာမှာဝယ်မယ်ဆို ရင် တကယ် လို့ သဘာဝ ဆနန်ဆန် လေးပဲဖြစ်ချင် တယ် ဒါမှမဟုတ် နဂိုမျက်တောင် က တိုနေ ပါးနေတယ်
    ဘယ်လို ပစ္စည်းမျိုးသုံးရင် အဆင်ပြေမလဲ လို့ အရောင်းစာရေး ကို သေချာ မေးပြီးတော့ ဝယ်သင့်ပါတယ် မျက်တောင် ကော့ကော့ ထူထူလေးမှ ကြိုက်တဲ့ သူတွေ အတွက် ထုတ်ထားတာ ရှိပါတယ် volum up mascara က မစ ိမ်းပြာတို့ လှဖို့အတွက် သင့်တော်မယ် ထင် ပါကြောင်းး

  • Wow

    August 26, 2013 at 10:29 am

    တစ်ခါဒင်နာကို မျက်တောင်တုတတ်သွားဘူးပါတယ် လှတော့လှပါရဲ့ တစ်ချိန်လုံး ကိုယ့်ဘေးကလူကို မျက်တောင်အတုကြီးပြုတ်ကျသွားဘီလားဟင် ရှိသေးလားဟင်နဲ့မေးရတာ အစားကိုကောင်းကောင်းမစားရပါဘူး :mrgreen:

  • ဆုမြတ်မိုး

    August 26, 2013 at 2:09 pm

    လာဖတ်ပေးကြတဲ့ ၊ ကော့မက်ပေးသွားကြတဲ့ အကို၊ အမ ၊ မောင် ၊ညီမ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်နော် ။
    မစိမ်းပြာကိုယ်စား
    ဆုမြတ်

  • Ma Ma

    August 30, 2013 at 9:00 am

    တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမျက်တောင်တု မတပ်ဖူးဘူး။
    တပ်ရအောင်လည်း ဘယ်လိုပွဲကြီးပွဲကောင်းမှ ကြုံဖူးတာ မဟုတ်။
    ကြုံလာလည်း ဘယ်လိုပြင်ပြင် လှနိုင်မှာ မဟုတ်တာကို သိနေတော့………. 😀

Leave a Reply