ပုလဲတစ်လုံး (အပိုင်း ၂)
“ဆရာဝန်က လာမှာမဟုတ်ဘူး” လို့ တံခါးပေါက်ကလူတွေက ပြောကြတယ်။
“ဟုတ်တယ်” “ဆရာဝန်က ငါတို့ပင့်လည်း လာမှာ မဟုတ်ဘူး” လို့ ဂျူနာကို ကီနိုလှမ်းပြောတယ်။
ဂျူနာတစ်ယောက် အေးစက်စက်မျက်ဝန်းတွေနဲ့ ကီနိုကိုလှမ်းကြည့်တယ်။ ကိုရိုတီတိုဟာ ဂျူ့နာ့ရဲ့ သားဦးလေး..
သားဟာ သူမဘဝအတွက် အရေးအကြီးဆုံးပဲ။
“သူမလာရင် ငါတို့ သူ့ဆီကိုသွားမယ်” လို့ ဂျူနာပြောလိုက်တယ်။
တဘက်တခြမ်းကို ပုခုံးပေါ်တင်ပြီး တခြမ်းကိုတော့ ကလေးရဲ့ မျက်နှာပေါ်ကို လွမ်းခြုံလိုက်တယ်။ တံခါးနားက လူတွေကို တွန်းဝှေ့ပြီး ဂျူနာ အိမ်ပြင်ကိုထွက်လိုက်တယ်။ ကီနိုနဲ့ဂျူနာ ထွက်သွားတဲ့အနောက်ကို အိမ်နီးချင်းတွေပါ လိုက်ကြတယ်။ သူတို့အားလုံးလည်း ကီနိုတို့နဲ့အတူတူ ဆရာဝန်ဆီကိုလိုက်လာကြတယ်။
အားလုံးဟာ ခြေလှမ်းသွက်သွက်နဲ့ မြို့လယ်ကို လျှောက်လာကြတယ်။ ဂျူနာနဲ့ကီနိုကတော့ ရှေ့ဆုံးကနေပေါ့။
အိမ်နီးချင်းတွေရော ကလေးတွေပါ သူတို့အနောက်ကနေ လိုက်လာကြတယ်။ နေရောင်ခြည်ကြောင့် လူတွေနဲ့အတူ အရိပ်မည်းတွေ ပါလိုက်ပြီး အမြန်ရွှေ့လျားနေသလိုဖြစ်နေတယ်။
သူတို့အုပ်စုဟာ သစ်သားအိမ်တွေအလွန် ကျောက်တုံးနဲ့ဆောက်ထားတဲ့အိမ်တွေအစပ်ကို ရောက်လာပြီ။
မြို့ကြီးရဲ့ အိမ်တွေဟာ တိုက်အိမ်တွေဖြစ်ပြီး လှပတဲ့ ပန်းခြံတွေနဲ့ တည်ဆောက်ထားတယ်။ အဖြူရောင်၊ အနီရောင်ရှိတဲ့ ပန်းပင်တွေဟာ နံရံမှာ တွဲလွှဲကျနေပြီး လှောင်အိမ်ထဲက ငှက်ကလေးတွေရဲ့ တေးဆိုသံကိုပါ ကြားနေရတယ်။
ဆင်းရဲသားတစ်သိုက်ဟာ လမ်းကိုဖြတ်လို့ ဘုရားကျောင်းနားအထိရောက်လာကြပြီ။ ကီနိုတို့နောက်ကို လိုက်နေတဲ့ လူစုဟာ ပိုများလာပြီး သူတို့တွေဟာ ကိုရိုတီတို ကင်းမြီးကောက် ကိုက်ခံရတဲ့အကြောင်းကို ပြောဆိုနေကြတယ်။ ကီနိုတို့ဟာ သူတို့သားလေးကို ဆရာဝန်ဆီခေါ်သွားနေတာကို တစ်ယောက်ကနေတစ်ဆင့် လူစုထဲက လူတိုင်းသိသွားကြတယ်။
ဘုရားကျောင်းအရှေ့က သူဖုန်းစားတွေက ကီနိုနဲ့ ဂျူနာကို လှမ်းကြည့်နေကြတယ်။ ဂျူနာဝတ်ထားတဲ့ ဟောင်းနွမ်းနေတဲ့စကပ်အပြာရောင်၊ သူမလွှမ်းခြုံထားတဲ့ အပေါက်တွေပြည့်နေတဲ့ တဘက်၊ ကီနိုရဲ့ ဟောင်းနွမ်းနေတဲ့ခြုံထည် ..ဒါတွေကိုကြည့်ရုံနဲ့ သူတို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့အသွင်ဟာ ပေါ်လွင်နေတယ်။ သူဖုန်းစားတွေပါ ဘာဖြစ်လဲ ဆိုတာကို သိချင်စိတ်နဲ့ ကီနိုတို့နောက်ကိုလိုက်လာကြတယ်။
ဘုရားကျောင်းထဲမှာပေါ့ တစ်ယောက်မှ မရှိတော့ဘူး။ သူဋ္ဌေးတွေမရှိကြဘူး။ သူတောင်းစားတွေဟာ ဝဖိုင့်ဖိုင့်နဲ့ အပျင်းကြီးတဲ့ ဆရာဝန် လူဝကြီးဟာ ဒီ ဆင်းရဲတဲ့ ကလေးလေးရဲ့ ကင်းမြီးကောက်အနာကို ဘာဆက်လုပ်မလဲဆိုတာ သိချင်စိတ်နဲ့ ဆက်လိုက်လာကြတယ်။
လူစုကြီးဟာ ဆရာဝန်ရဲ့ခြံတံခါးအနားကိုရောက်လာကြပြီ။ အိမ်ထဲက လွှင့်ပျံလာတဲ့ ဟင်းနံ့ကိုပါ သူတို့ရနေရပြီ။ ကီနိုတစ်ယောက် ဆရာဝန်ကြီးအကြောင်းကို စဉ်းစားလိုက်တယ်။ အဲဒီဆရာဝန်ဟာ ကီနိုတို့နဲ့ လူမျိုးစု မတူကြဘူး။ သူတို့လူမျိုးစုဟာ ကီမိုတို့မျိုးနွယ်ကို အနိုင်ကျင့်နှိပ်စက်လာခဲ့တာ နှစ်ပေါင်း ၄၀ဝနီးပါးရှိနေပြီ။ ဆရာဝန်တို့လို လူမျိုးစုတွေအနားကိုရောက်တိုင်း ကီနိုဟာ ဒေါသစိတ်အပြင် ကြောက်လန့်စိတ်ပါဖြစ်ပေါ်တတ်တယ်။ ကီနိုအဖို့ ဆရာဝန်ကို စကားပြောဖို့အတွက်က သူ့ကို သတ်ပစ်တာထက်ခက်ခဲတယ်လို့ ခံစားရတယ်။ ဒေါက်တာရဲ့လူမျိုးစုတွေကလည်း ကီနိုတို့လူမျိုးစုကို တိရိစာ္ဆန်တွေလိုပဲ ဆက်ဆံကြတယ်။
ကီနိုတစ်ယောက် တံခါးကိုခေါက်ဖို့ လက်မြှောက်လိုက်တယ်။ သူ ဒေါသထွက်လွန်းလို့ အံကိုတင်းတင်းကြိတ်ထားတယ်။ ဒါပေမယ့်လည်း ကီနို ဦးထုပ်ကို ဘယ်ဘယ်လက်နဲ့ချွတ်လိုက်ပြီးနောက် တံခါးကို ခေါက်လိုက်တယ်။ခဏစောင့်နေတုန်းမှာပဲ ဂျူနာလက်ပေါ်က ကိုရိုတီတိုဟာ ငိုကြွေးလာတယ်။ ဂျူနာ ကလေးကို တိုးတိုးလေး ကပ်ပြီး တစ်ခုခု ပြောလိုက်တယ်။ လူစုဟာ သူမကို မြင်တွေ့နိုင်ဖို့ ရှေ့ကိုနည်းနည်း ထပ်တိုးဝှေ့လာတယ်။
ခဏကြတော့ ကြီးမားလှတဲ့ တံခါးကြီးဟာ လက်မ အနည်းငယ်လောက် ဟ လာတယ်။ တံခါးကိုဖွင့်လိုက်တဲ့လူကတော့ ကီနိုတို့အနွယ်ဝင် လူမျိုးတစ်ယောက်ပဲ။ ကီနိုတစ်ယောက် အိန္ဒိယဘာသာစကားနဲ့ လှမ်းစကားပြောလိုက်တယ်။
“ကျွန်တော့်သားလေးကို ကင်းမြီးကောက် ကိုက်သွားလို့ပါ”
အစေခံဟာ အိန္ဒိယစကားနဲ့ ပြန်မပြောချင်ဘူး။ “ခဏစောင့်ဦး” လို့ စပိန်ဘာသာစကားနဲ့လှမ်းပြောပြီး တံခါးကို ပြန်ပိတ်လိုက်တယ်။
ဆရာဝန်ဟာ အခန်းထဲက ကုတင်ပေါ်မှာထိုင်နေတယ်။ သူဟာ ပဲရစ်ကလာတဲ့ အကောင်းစား အနီရောင်ပိုးသားအကျီရှည်ကိုဝတ်ဆင်ထားတယ်။ သူဟာ တန်ဖိုးကြီးလှတဲ့ ခွက်ထဲက ချောကလက်တစ်ခွက်ကိုသောက်နေတယ်။ သူ့ကြည့်ရတာ ဝ ဖိုင့်ဖိုင့်နဲ့ ပျော်ရွှင်ပုံလည်း မရှိဘူး။
ဆရာဝန်ရဲ့ဘေးက စားပွဲပေါ်မှာတော့ ခေါင်းလောင်းငယ်လေးတစ်လုံးနဲ့ ဆေးလိပ်အချို့တင်ထားတယ်။ အခန်းထဲက လိုက်ကာနဲ့ ပရိဘောကပစ္စည်းတွေဟာ ခမ်းနားလှပြီး အခန်းက မှောင်သယောင်ဖြစ်နေတယ်။ အခန်းထဲက ဘာသာရေးဆိုင်ရာ ပန်းချီကားတွေအပြင် ဆရာဝန်ကြီး ရဲ့ဆုံးသွားတဲ့ ဇနီးရဲ့ကြီးမားလှတဲ့ ရောင်စုံဓါတ်ပုံကြီးတစ်ပုံကိုပါ ချိတ်ဆွဲထားတယ်။
ဆရာဝန်ဟာ နောက်ထပ်ချောကလက်တစ်ခွက်နဲ့ဘီစကစ်အချို့ကို ဆက်စားနေတယ်။ တံခါးစောင့်အစေခံဟာ အခန်းတံခါးပေါက်မှာ လာရပ်တယ်။
“ဘာလဲ” ဒေါက်တာလမ်းမေးလိုက်တယ်။
“ကလေးငယ်နဲ့ အိန္ဒိယအမျိုးသားတစ်ယောက် ရောက်နေပါတယ်”
“အဲကလေးကို ကင်းမြီးကောက် ကိုက်ခံရလို့ပါ” လို့ ပြန်ဖြေတယ်။
ဒေါက်တာဟာ ချောကလက်ခွက်ကိုအသာချပြီး ဒေါသဖြစ်ဖြစ်နဲ့လှမ်းအော်လိုက်တယ်။
“ငါ့မှာ အဲဒီအိနိ္ဒယကလေးကို ကုပေးတာထက် ကောင်းတဲ့အလုပ် လုပ်စရာမရှိလို့လား၊ ငါတိရိစာ္ဆန်ကုဆရာဝန်မဟုတ်ဘူးကွ”
နောက် ဒေါက်တာဟာ ခဏစဉ်းစားလိုက်ပြီး ဆက်ပြောလိုက်တယ်။
“အဲဒီ အိနိ္ဒယတွေက ဘယ်တော့မှ ပိုက်ဆံမရှိဘူး” “ပြန် သွားကြည့်ချည် သူတို့မှာ ပိုက်ဆံပါသလားဆိုတာကို”
“ဟုတ်ကဲ့ပါ သခင်” လို့ အစေခံက ပြောလိုက်တယ်။
အစေခံဟာ တံခါးကိုအနည်းငယ်ဟပြီး စောင့်နေတဲ့လူစုကို လှမ်းကြည့်လိုက်တယ်။
ဒီတစ်ခေါက်တော့သူဟာ အိနိ္ဒယလို လှမ်းမေးလိုက်တယ်။
“မင်းမှာ ပိုက်ဆံပါသလား”
ကီနိုတစ်ယောက် ခြုံစောင်အောက်ကို နှိုက်လိုက်တယ်။ စက္ကူထုပ်တစ်ထုပ် ပါလာတယ်။
သူဟာ စက္ကူထုပ်ကို ဖြည်းဖြည်းချင်းဖွင့်ပြလိုက်တယ်။ အထုပ်ထဲက ပုလဲရှစ်လုံးကို အစေခံလှမ်းမြင်နေရတယ်။
ပုလဲတွေဟာ အညိုရောင်ရှိပြီး အညံ့စားပုလဲတွေ။ အစေခံဟာ ပုလဲတွေကို ယူလိုက်ပြီး တံခါးကိုပြန်ပိတ်လိုက်တယ်။ ဒီတစ်ကြိမ်တော့ သူချက်ချင်းပဲပြန်ရောက်လာတယ်။ တံခါးကိုဖွင့်လိုက်ပြီး ကီနိုကို ပုလဲတွေပြန်ပေးလိုက်တယ်။
“ဒေါက်တာ အပြင်ထွက်သွားတယ် မရှိဘူး” “နေမကောင်းဖြစ်နေတဲ့ လူနာတစ်ယောက်ဆီပင့်လို့လိုက်သွားတယ်”
ချက်ခြင်း စကားဆုံးတာနဲ့ အစေခံဟာ ရှက်စိတ်နဲ့ တံခါးကိုအမြန်ပြန်ပိတ်လိုက်တယ်။
လူစုဝေးကြီးဟာလည်း ကီနိုကို မကူညီနိုင်တဲ့အတွက် စိတ်မကောင်းစွာနဲ့ လူစုခွဲသွားကြတယ်။ သူတောင်းစားတွေလည်း ဘုရားကျောင်းက လှေကားထစ်တွေဆီကို ပြန်သွားကြတယ်။ ကီနိုရဲ့သူငယ်ချင်းတွေဟာလည်း အိမ်ပြန်ပြီး ကီနိုတို့အကြောင်းကို မသိချင်ယောင်ဆောင်ဖို့ ကြိုးစားကြတယ်။
ကီနိုနဲ့ဂျူနာ တံခါးပေါက်ရှေ့မှာ အချိန်တော်တော်ကြာကြာထိ ရပ်စောင့်နေဆဲပဲ။ ကီနိုတစ်ယောက်ဦးထုပ်ကို ပြန်ဆောင်လိုက်ပြီး ရုတ်တရက် တံခါးကို လက်သီးနဲ့ ထိုးထည့်လိုက်တယ်။ သူ့ရဲ့ လက်ချောင်းတွေကြားက စီးကြလာတဲ့ သွေးတွေကို သူ ထူးဆန်းသလို ကြည့်နေမိတယ်။
John Steinbeck ၏ The Pearl ကို မြန်မာမှုပြုပါသည်။
9 comments
sorrow weaver
September 16, 2013 at 3:23 pm
အရေးအသား အလွန်ညက်ဗျ..အားကျမိပါတီ … 🙂
အလင်းဆက်
September 16, 2013 at 3:39 pm
အပိုင်း တစ် ပြီးတော့
နှစ် ရှိရာ
အပြေးလေး လာခဲ့ပါပြီ။
စာအုပ်ကလေး သာ ဆို
မိုးအေးအေးမှာ ကိုင် ဖတ်လိုက်ရ ရင်
အရသာ ပို ရှိမယ်ဗျို ့
:kwi:
kyeemite
September 17, 2013 at 9:06 am
ဇတ်လမ်းကမဆုံးသေးဘူးနဲ့တူတယ်
နာမည်တွေကြည့်ပြီး ဂျပန်ဇတ်လမ်းမှတ်တာ…အိန္ဒိယဇတ်လမ်းဖြစ်နေပါလား… 😆
lele kyi
September 17, 2013 at 7:21 pm
ရင်နာစရာကောင်းလွန်းတဲ့ စတေးခံ အသက်ပေါင်းမြောက်များစွာ။ နာနာကျင်ကျင် စွန့်လွှတ်ခဲ့ရတဲ့ ချစ်ခင်သူတွေ။ ဒီပတ်ဝန်းကျင်မှာရောဘယ်လောက်များများရှိနေပြီလဲ။ ဂုဏ်ဒြပ် အတွက်ရယ်။ငွေကြေးအတွက်ရယ် ဆရာဝန်မလုပ်ပါနဲ့။ ဝါသနာရယ် ပရောဖက်ရှင်နယ်စိတ်ဓါတ်ရယ်နဲ့ ဦးဆောင်ပါ။ ငွေကြေးနဲ့ ဂုဏ်ဒြပ်က သူ့အလိုလိုနောက်ကကပ်ပြီးပါပြီးသားပါ။
(အပိုင်းတွေ အကုန်လုံး သိမ်းထားပါ-စာအုပ်ထုတ်ပေးမယ်။ ပြီးရင်ဂေဇက်ကမန်ဘာကော မန်ဘာရဲ့ အပေါင်းအသင်းတွေကိုရော အတင်းရောင်းရအောင်)
အလင်းဆက်
September 17, 2013 at 8:11 pm
စာအုပ် ထုတ်ဖြစ်ရင်..
ကျွန်တော်..က စာညွှန်း လေး.ရေးပေးပါ့မယ် ။
မနှင်းဖြူ မှန်မှန်ပြော
September 17, 2013 at 8:31 pm
အလင်းစက်ကလည်း အဆင်းဘီးတပ်ပြန်ပြီ။
ကျွန်တော့်မှာ ခုမှ စမ်းဝါးစမ်းဝါးရေးတုန်းပါဗျာ။
နောက် အဲလောက်ကြီးလုပ်ဖို့လည်း မရည်ရွယ်ပါဘူး။
ကိုယ်ဖတ်လို့ ကောင်းတယ်လို့ ထင်တာလေးတွေကို မြန်မာမှုပြုတဲ့သဘောပါ။
အဲလို ဘာသာပြန်တော့ မသိတဲ့စာလုံးလေးတွေလည်း အဘိဓာန်မှာ ရှာဖြစ်သွားတယ်။
မဟုတ်ရင် မသိတဲ့စာလုံးတွေကို ကျော်ဖတ်ဖတ်သွားမိလို့… ခုလိုကျတော့ မဖြစ်မနေကို
ရှာရတော့မှာလေ.. အကြံနဲ့.. 😀
ခင် ခ
September 18, 2013 at 4:18 pm
ဝင်ဖတ်သွားပါတယ် အပိုင်းဆက်အုံးမယ်ထင်။(၄ခုနော်)
Ma Ma
September 20, 2013 at 3:01 pm
ဖတ်လို့ကောင်းတယ်။
ဟိုးအရင်ကတည်းက အတွေးတစ်ခုရှိခဲ့တယ်။
လူတွေကို ကုသပေးမယ့် ဆရာဝန်ဖြစ်ဖို့အတွက် ဆေးကျောင်းတက်ခွင့်ကို စိတ်အခြေအနေ စစ်ဆေးပြီးမှ ခွင့်ပြုရင်ကောင်းမယ်။
လူကို လူလို သဘောမထားနိုင်တဲ့ အကြင်နာတရားမရှိတဲ့ ဆရာဝန်တွေဆို စိတ်ပျက်လွန်းလို့။
Mr. MarGa
September 21, 2013 at 6:42 pm
စ ကတည်းက ဒီဇာတ်မှာ စေတနာ ဆရာဝန် တော့ မလာလောက်ဖူး လို့ တွေးနေတာ
အခုတော့ ထင်တဲ့အတိုင်း
အဲဒီ ပုလဲတွေ ဘယ်လိုတွေ့၊ ဘယ်လိုရ၊ ဘယ်လိုထွက်လာတယ် ဆိုတာကိုလဲ စိတ်ဝင်စားလာပြီ
ရွဲကုန်သည်ထဲကလို ငြင်းလိုက်တာမျိုး ဖြစ်သွားမလား ဆိုတာလဲ သိချင်နေပြီ
ဒီကလေး ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပိုလို့ စိတ်ဝင်စားတယ်
ကဲ သွားမယ် နောက်တစ်ပိုင်းကို