ပုလဲတစ်လုံး (အပိုင်း ၃)
ကီနို ပုလဲ ရှာပြီ!
ငါးဖမ်းသမားတွေရဲ့ အိမ်ဟာ ပင်လယ်ကမ်းခြေအနားမှာ ဆောက်ထားတယ်။ အိမ်တွေရဲ့အရှေ့မှာ ကနူးလှေတွေရှိကြတယ်။
ကီနိုနဲ့ဂျူနာဟာ သူတို့ရဲ့ ကနူးလှေရှိရာကို ဖြေးဖြေးခြင်း သွားနေကြတယ်။ အဲဒီကနူးလှေဟာ ကီနိုပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုပါ။ ဒီ အိုဟောင်းနေပြီဖြစ်တဲ့ ကနူးလှေဟာ ကီနိုရဲ့ အဘိုး ၊ အဖေနဲ့ လက်ထက်ကထဲက အသုံးပြုလာကြတာ ခု ကီနို လက်ထက်အထိပဲ။
ကနူးလှေဟာ သူတို့အတွက်ကတော့ စားစရာ ရတနာသိုက်ကြီးပါပဲ။ ကနူးလှေတစ်စီးရှိတာနဲ့ စားစရာအတွက် ပူစရာမလိုဘူး။
စားစရာမရှိမှာကို ကြောက်စရာမလိုဘူး။ နှစ်တိုင်းနှစ်တိုင်း ကီနိုဟာ သူ့ရဲ့ ကနူးလှေလေးရဲ့အပြင်ပိုင်းကို သူ့အဖေသင်ပေးခဲ့သလို အထပ်ထပ် ပလာစတာကိုင်လေ့ရှိတာကြောင့် သူ့ရဲ့လှေလေးဟာ ပိုပြီး ခိုင်မာကောင်းမွန်နေတယ်။
ခု ကီနို သူ့ရဲ့ လောင်းလှေကလေး ရှိရာကိုလာပြီ။ သူဟာသူ့ရဲ့ ရေငုပ်ကိရိယာတွေကို ကနူးလှေထဲမှာ ချလိုက်တယ်။ နောက်သူ့ရဲ့ ခြုံစောင်ကိုခေါက်ပြီး လှေပေါ်မှာ ခင်းလိုက်တယ်။ ဂျူနာဟာ ကိုရိုတီတိုလေးကို ခင်းထားတဲ့စောင်ပေါ်မှာ လှဲသိပ်လိုက်ပြီး သူမရဲ့ ပဝါလေးကို နေရောင်ကွယ်ဖို့ အသာအယာခြုံလွမ်းပေးလိုက်တယ်။ လောလောဆယ်တော့ ကိုရိုတီတိုလေးဟာ ငြိမ်သက်နေတယ်ဆိုပေမယ့် သူ့ရဲ့ ကင်းမြီးကောက်ကိုက်ခံရတဲ့ဒဏ်ရာဟာ ပိုပြီး ဆိုးဝါးလာတယ်။ ကင်းမြီးကောက်အဆိပ်ဟာ လည်ပင်းအထိ တက်လာတာကြောင့် ကိုရိုတီတိုလေးရဲ့ မျက်နှာဟာ အဆိပ်ဒဏ်ကြောင့် ပူပြီး နီရဲနေတယ်။
ဂျူနာဟာ နီညိုရောင်ရေညှိအနည်းငယ်ကိုယူပြီး ခလေးရဲ့ ကင်းမြီးကောက်ကိုက်ခံထားရတဲ့ ပုခုံးနေရာမှာ အုံပေးထားလိုက်တယ်။
အဲဒီရေညှိဟာ ဆရာဝန်ကပေးလိုက်တယ်ဆိုပေမယ့် တန်ဖိုးမရှိတဲ့အတွက်ကြောင့် လူတွေက မကောင်းဘူးလို့ပဲ ယူဆကြတယ်။
ကိုရိုတီတိုလေးဟာ ဒဏ်ရာကို ဆိုးဆိုးဝါးဝါးတော့ မခံစားရသေးဘူး။ ဂျူနုာဟာ ကလေးရဲ့ အဆိပ်တွေကို အချိန်မှီစုပ်ထုတ်ထားပေမယ့် သူမဟာ သားဦးလေးဖြစ်တဲ့ ကိုရိုတီတိုလေးအတွက် စိုးရိမ်နေဆဲပဲ။ ဂျူနာဟာ ဘုရားသခင်ဆီကီရိုလေး သက်သာဖို့အတွက် မဆုတောင်းပဲ ကီနိုတစ်ယောက် ပုလဲတစ်လုံးရှာတွေ့ဖို့အတွက်ပဲ ဆုတောင်းတယ်။ ဒါမှလည်း သူတို့မှာ ဆရာဝန်ပင့်ဖို့အတွက် ပိုက်ဆံရမှာလေ …
ကီနိုနဲ့ဂျူနာတို့ လှေကို ရေထဲကို တွန်းလိုက်တယ်။ ဂျူနာလှေပေါ်ကိုတက်လိုက်ပြီး ကီနိုကတော့ လှေကို ရေခပ်နက်နက်ထိ ရောက်အောင် ဆက်တွန်းလာတယ်။ လှိုင်းအနည်းငယ်ရှိတဲ့နေရာရောက်တော့မှ ကီနိုဟာလှေပေါ်ကိုတက်လိုက်ပြီး နှစ်ယောက်သား လှေကို ရှေ့တူရှုလို့ လှော်သွားကြတယ်။ လှေကလေးဟာ ရေကို ထိုးခွဲပြီး မြန်မြန်ပြေးလွှားနေတယ်။ အခြား ငါးဖမ်းသမားတွေကတော့ ကီနိုတို့အရင် ပင်လယ်ပြင်ကိုထွက်ခွာသွားကြပြီ။ ခဏကြာတော့ သူတို့ဟာ အခြားငါးဖမ်းသမားတွေရဲ့ ကမာကောင်တွေအပြည့်ရှိတဲ့ လှေလေးတွေကို မြင်ကြရပြီ။ ကမာခွံတွေဟာတကယ်တော့ အလွန်တန်ဖိုးရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီကမာခွံတွေထဲမှာ ပုလဲတွေ ရနိုင်တယ်လေ။ ပုလဲတစ်လုံး ဖြစ်လာတာက အမှန်တကယ်တော့ မတော်တဆဖြစ်လာတာပါ။ ကမာကောင်လေးတွေဟာ သူတို့ရဲ့အသားထဲကို မတော်တဆ ဝင်လာတဲ့ သဲပွင့်ကြောင့် နာကျင်မှုကိုခံစားကြရတယ်။ အဲဒီမှာတင် အဲဒီနာကျင်မှုကို သက်သာစေဖို့အတွက် သူတို့ကိုယ် က ထုတ်လုပ်တဲ့ အရည်တစ်မျိုးနဲ့ သဲပွင့်လေးကို ဖုံးအုပ်ကြတယ်။ အဲဒီအရည်လေး မာသွားချိန်မှာတော့ သဲပွင့်လေးဟာ ပုလဲလုံးလေးဖြစ်လာတယ်။ ဒီလိုနဲ့ ကြာလာတဲ့အချိန်မှာတော့ သဲပွင့်လေးဟာ တဖြေးဖြေး ဖုံးအုပ်ထားတဲ့အရည်တွေကြောင့် ပိုပို ကြီးမားလာပြီး အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးရှိတဲ့ပုလဲတစ်လုံးဖြစ်လာတယ်။
ဟိုးအရင်တုန်းက ဒီ ကမာကောင်တွေကြောင့် စပိန်ဘုရင်ဟာ အရမ်းကိုချမ်းသာခဲ့တဲ့အပြင် သူ့ရဲ့အာဏာဟာ အားလုံးကို ဖုံးလွှမ်းခဲ့တယ်။ စစ်စရိတ်အတွက် ကုန်ကျငွေတွေကိုလည်း ဒီကမာကောင်တွေက ရတဲ့ပုလဲတွေကြောင့် အထောက်အကူရခဲ့တယ်။ငါးဖမ်းသမားတွေဟာ ဒီ ပုလဲတွေရဖို့အတွက် နှစ်ပေါင်းများစွာ ပင်လယ်ထဲကိုဆင်းလို့ ကမာ ငုပ်ခဲ့ကြတယ်။
ကီနို့ရဲ့ ကိရိယာတွေမှာ ကြိုးနှစ်ချောင်းလည်းပါတယ်။ တစ်ချောင်းမှာ ခပ်လေးလေး ကျောက်တုံးတစ်တုံးကိုချည်ထားပြီး နောက်တစ်ချောင်းကတော့ ခြင်းတစ်ခြင်းကို ချည်ထားတယ်။ ကီနိုဟာ အဝတ်အစားတွေကိုချွတ်လိုက်ပြီး ကျောက်တုံးကိုလက်တစ်ဖက်နဲ့ယူပြီး နောက်တစ်ဖက်ကတော့ ခြင်းကို ယူလိုက်တယ်။ ကြည်လင်တောက်ပနေတဲ့ရေထဲကို လှေအစွန်းကနေ ခုန်ဆင်းလိုက်တယ်။ လူဟာ ကျောက်တုံးရဲ့ အလေးချိန်ကြောင့် ပင်လယ်အောက်ခြေကိုရောက်သွားတယ်။
ပလုံစီထနေတဲ့ရေပြင်ငြိမ်သွားတဲ့အချိန်မှာတော့ ရေဟာကြည်လင်လွန်းတာကြောင့် ကီနိုဟာ လှေရဲ့ အောက်ခြေကိုတောင် လှမ်းမြင်နေရတယ်။ ကီနိုဟာ ရေအောက်ကြမ်းပြင်ကို ရေမနောက်အောင် ရေထဲမှာ သတိကြီးစွာထားပြီး အသာအယာယာလှုပ်ရှားနေတယ်။ ခြေထောက်ကို ကျောက်တုံးပေါ်မှာ တင်ထားလိုက်ပြီး ပင်လယ်ကြမ်းပြင်မှာတွေ့တဲ့ ကမာကောင်တွေကို ကောက်ယူလိုက်တယ်။
ကီနိုတို့လူမျိုးတွေဟာ သူတို့မြင်သမျှ ဖြစ်သမျှ အကြောင်းအရာတွေကို သီချင်းလုပ်ဆိုလေ့ရှိကြတယ်။ သူတို့ရဲ့သီချင်းတွေမှာ ငါးလေးတွေအကြောင်း ၊ လှိုင်းထန်တဲ့ ပင်လယ်ပြင်အကြောင်း ၊ လှပတဲ့ပင်လယ်အကြောင်း၊ နေတွေ ၊ လတွေ အကြောင်းတွေပါဝင်တယ်။ ကီနိုတစ်ယောက် ခြင်းထဲမှာ ကမာကောင်တွေပြည့်လာချိန်မှာတော့ ခေါင်းထဲမှာ သီချင်းသံကို ကြားယောင်နေမိတယ်။ ကီနိုဟာ အသက်ရှူအောင့်ထားရင်းနဲ့တောင် သူ့နှလုံးခုန်သံကိုသူပြန်ကြားနေရတယ်။
ငါးကလေးတွေ ကီနိုအနားကနေ ဖြတ်ကူးချိန်မှာတော့ ကီနိုဟာ နောက်ထပ်သီချင်းတစ်ပုဒ်ကိုသွားသတိရမိတယ်။
အဲဒီသီချင်းကတော့ “ပုလဲတစ်လုံးရဲ့သံစဉ်”တဲ့။ ပုလဲတစ်လုံးရဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ကံကောင်းရင်တော့ ကီနိုတစ်ယောက် ပုလဲကိုရှာတွေ့နိုင်မှာပါ။ ဂျူနာတစ်ယောက်လှေပေါ်မှာ သူကံကောင်းပြီး ပုလဲခပ်ကြီးကြီးတစ်လုံး ရှာတွေ့ဖို့အတွက် ဆုတောင်းနေမယ်ဆိုတာ ကီနိုသိပါတယ်။ ဒါမှလည်း ကိုရိုတီတိုလေးအတွက် ဆေးဝယ်လို့ရမှာလေ…
ကီနိုဟာ ငယ်ရွယ်ပြီး သန်မာတောင့်တင်းတယ်။ သူဟာ ရေထဲမှာ နှစ်မိနစ်ထပ် ကြာအောင် ငုပ်နိုင်ပြီး ကြီးပေ့ ဆိုတဲ့ ကမာကောင်တွေကို ရှာနိုင်တာကို အမြဲဂုဏ်ယူလေ့ရှိတယ်။ ကီနိုဟာ ကမာကောင်တွေကို ကိုင်နေတာကြောင့် ကမာကောင်တွေဟာ
သူတို့ရဲ့ အခွံတွေကို စေ့နေအောင် ပိတ်ထားကြတယ်။ ကီနိုမှန်းသလိုပဲ ကျောက်တုံးတွေကြားက ကမာကောင်တွေကို ဘယ်သူမှမတွေ့ကြသေးဘူး။ ကျောက်တုံးနားလေးမှာပဲ ကြီးမားလှတဲ့ ကမာကောင်ကြီးတစ်ကောင်ကို ကီနိုတွေ့လိုက်တယ်။
ကမာခွံဟာ အနည်းငယ်ပွင့်ဟ နေတယ်။ အတွင်းမှာတော့ ကီနိုမြင်လိုက်ရတာက တောက်ပနေတဲ့အရောင်တစ်မျိုး။ အဲဒီအချိန်မှာပဲ ကမာခွံဟာ ပိတ်သွားတယ်။ ကီနို အရမ်းစိတ်လှုပ်ရှားနေမိပြီ။ ကီနိုတစ်ယောက် ကမာကောင်ကိုဆွဲယူလိုက်ပြီး တင်းတင်းချည်လိုက်ပြီး ကျောက်တုံးကို ခြေထောက်နဲ့ ကန် အားယူပြီး ရေပေါ်ကို တက်လိုက်တယ်။ လှေရဲ့နံရံကိုဆွဲပြီး လှေပေါ်တက်ပြီး လှေဝမ်းထဲမှာ ကမာကောင်ကို ချလိုက်တယ်။ ဂျူနာဟာ လှေကိုငြိမ်အောင် ထိန်းထားတယ်။ ကီနိုရဲ့မျက်လုံးတွေဟာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေတယ်။ နောက်သူဟာ ကမာကောင်တွေပါတဲ့ ခြင်းကို ရေထဲကနေဆွဲတင်လိုက်တယ်။ ကီနိုတစ်ယောက်အရမ်းစိတ်လှုပ်ရှားနေတာကို ဂျူနာမြင်နေရတယ်။ သူမဟာ ကြီးမားလှတဲ့ကမာကောင်ကြီးကို မမြင်ချင်ယောင်ဆောင်နေတယ်။ ဘာလို့လဲဆိုတော့ အရမ်းလိုချင်စိတ်များရင် ကံကောင်းမှုတွေ ပျောက်ကွယ်သွားတတ်တယ်လို့ သူမထင်တာကြောင့်ပါ ..ကီနိုတစ်ယောက် ကမာကောင်တွေဖွင့်ဖို့ ဓား ယူလိုက်ချိန်မှာတော့ ဂျူနာတစ်ယောက် အသက်ရှူဖို့တောင်သတိမရတော့ဘူး။ ကီနိုဟာ မျှော်လင့်ချက်အပြည့်နဲ့ ကမာကောင်တွေပါတဲ့ ခြင်းကိုကြည့်လိုက်တယ်။ ကမာကောင်အကြီးကြီးကိုတော့ နောက်ဆုံးမှ ဖွင့်မယ်လို့ သူစိတ်ကူးထားတယ်။ ကီနိုဟာ ခြင်းထဲက အသေးဆုံးကမာကောင်တစ်ခုကိုယူပြီး အခွံကို ဓါးနဲ့ခွဲဖွင့်ပြီး ရှာလိုက်တယ်။ နောက် ကမာကောင်ကို ပင်လယ်ထဲကို ပြန်လွှင့်ပစ်လိုက်တယ်။ နောက် ကီနိုဟာ ကမာကောင်အကြီးကြီးကို လှမ်းကြည့်လိုက်တယ်။ ကမာခွံကိုကောက်ယူလိုက်ပြီး ခပ်ကြာကြာကြည့်နေမိတယ်။ ကမာကောင်ဟာ အမည်းရောင်၊ အညိုရောင်သန်းနေတယ်။ ကီနိုတစ်ယောက် ကမာကောင်ကို ဖွင့်ဖို့ မဝံ့မရဲခံစားနေရတယ်။ သူမြင်လိုက်ရတဲ့ တောက်ပတဲ့ အလင်းရောင်ဟာ အခွံကအရောင်ဖြစ်ချင်ဖြစ်နေမှာ။ ရေထဲမှာ မြင်တွေ့သမျှအားလုံးဟာ အစစ်အမှန်မဖြစ်နိုင်ဘူးလေ။ ဂျူနာ့ဟာ ကီနို့ကို ကြည့်ရင်းနဲ့ စိတ်မရှည်ဖြစ်လာတယ်။ သူမလက်ကို ကိုရိုတီတိုလေးရဲ့ ခေါင်းပေါ်တင်ရင်းကနေ တိုးတိုးလှမ်းပြောလိုက်တယ်။
“ဖွင့်လိုက်တော့”
ကီနိုတစ်ယောက် ခပ်မြန်မြန်ပဲ ဓါးကို အခွံထဲထိုးသွင်းလိုက်တယ်။ ကမာကောင်ဟာ သူ့ရဲ့အခွံကို ပိတ်ဖို့ကြိုးစားလိုက်ပေမယ့် ကီနိုရဲ့ အားကြောင့် ပွင့်သွားတယ်။ ကမာကောင်ရဲ့အသားဟာ လှုပ်စိလှုပ်စိဖြစ်နေတုန်းပဲ။ အသားကိုလှန်လိုက်ချိန်မှာတော့ အသားအောက်က အရည်အသွေးကောင်းမွန်လှတဲ့ပုလဲတစ်လုံးကို ကီနိုမြင်လို်က်ရတယ်။ ပုလဲပေါ်ကျနေတဲ့ နေရောင်ခြည်ကြောင့် ပုလဲဟာ ငွေရောင်သန်းပြီးတောက်ပနေတယ်။ အဲဒီပုလဲဟာ ကမ္ဘာပေါ်မှာအကြီးဆုံးပုလဲတစ်လုံးပဲ။
ဂျူနာဟာ အသက်ရှူဖို့မေ့နေရင်းတန်းလန်းနဲ့ အာမေဋိတ်ပြုလိုက်မိတယ်။ ကီနိုရဲ့ခေါင်းထဲမှာတော့ “ပုလဲတစ်လုံးရဲ့သံစဉ်” ဆိုတဲ့သီချင်းသံတွေ ဆူညံနေတယ်။ တောက်ပနေတဲ့ အဲဒီပုလဲဟာ ကီနိုရဲ့ အိပ်မက်တေါအားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်။ ကီနိုဟာ ကမာကောင်ထဲက ပုလဲကို ကောက်ယူပြီး လက်ပေါ်တင်ကြည့်လိုက်တယ်။ ပုလဲလုံးဟာ အရမ်းကို လှပတယ်။ ဂျူနာဟာ ကီနိုလက်ထဲက ပုလဲလုံးကိုလှမ်းကြည့်နေတယ်။ အဲဒီလက် .. ဆရာဝန်ရဲ့အိမ်တံခါးကို လက်သီးနဲ့ထိုးခဲ့တဲ့လက်ပေါ့…
ဂျူနာဟာ စောင်ပေါ်မှာ လှဲနေတဲ့ ကိုရိုတီတိုလေးဆီကို ရောက်သွားတယ်။ နောက် အုံထားတဲ့ ရေညှိဖတ်ကိုဖယ်ပြီး ပုခုံးကိုကြည့်လိုက်တယ်။
“ကီနို..” ရုတ်တရက် ဂျူနာ အော်လိုက်တယ်။
ကီနိုမြင်လိုက်ရတာက ပုခုံးက အဆိပ်ဟာ မရှိတော့ဘူး။ ကိုရိုတီတိုလေးရဲ့ ခန္ဒာကိုယ်မှာ အဆိပ်မရှိတော့ဘူး။ နောက် ကီနိုတစ်ယောက် ပုလဲလုံးကို လက်နဲ့ဆုပ်ပြီး ကောင်းကင်ကိုခေါင်းမော့လို့ အသံကုန်အော်ဟစ်လို်ကတယ်။ အခြား လှေပေါ်က လူတွေဟာ အံ့ဩတကြီးနဲ့လှမ်းကြည့်ကြပြီး ကီနိုတို့လှေရှိရာကို အပြေးအလွှား လှော်လာကြတယ်။
11 comments
KZ
September 18, 2013 at 8:09 am
ဒီ အပိုင်းတွေ က စိတ်လှုပ်ရှားစရာပဲ၊။
နောက်ပိုင်းကျ ဒေါသဖြစ်ရတော့မယ်။
ဆက်ရေးနော်။
အားပေးနေတယ်။
kyeemite
September 18, 2013 at 8:24 am
ဘာသာပြန် ကောင်းလိုက်တာ စာဖတ်ရတာချောနေတာပဲ
ဇတ်ရှိန်လေးလည်းမြင့်လာပြီ..နောက်တပိုင်းကိုစောင့်ဖတ်မယ်ဗျို့…
အလင်းဆက်
September 18, 2013 at 4:14 pm
ဦးကြီး..ပြောသလိုပါပဲ…
🙂
အဘ ဖားသက်ပြင်း
September 18, 2013 at 8:56 am
ကဲကဲ ကျော်ပဲ ပီးအောင် ဆက်ရေးလိုက်တော့မယ်..
အဲ့ပုလဲကို ဈေးဖြတ်ဖို့ မဂိုလမ်းကို ပို့တော့ …အကွက်စောင့်နေတဲ့
တာမွေလူမိုက် တွေ့မရှောင် ဇာယိ က ဘတ် သွားပါသဒဲ့….
သူက ဖဲဝိုင်းမှာ ပုလဲကို ဖဲဝိဇ္ဇာ လေးလေးကြည် ဆီမှာ ရှုံးခဲ့သတဲ့လေ…
ဖဲဝိဇ္ဇာက သွားနေကျ ဆောင်ကြာမြိုင်က စီလုပ်သာထိန်း ဝေါင်းဝေါင် ကို
ပုလဲ နဲ့ အကြွေးထိုးဆပ်ပါသဒဲ့ … ဝေါင်းဝေါင်က သူ့ သာမီး မင်္ဂါဆောင်အတွက်
ပန်းထိမ်လုပ်တဲ့ ဂျော်လကီ ဒညက်ဝင်းကို ရွှေကွပ်ဖို့ ပုလဲ အပ်မိတာ
ညကျတော့ သာခိုး ငမာဂ လက် ပါသွားပါရောလား။
အဲ့ဒါကို သူနဲ့ အတူနေခြစ်သူ ဆေးဘဲယွဲစီ က ဆေးဖိုးလိုလို့
မာမီသော် ဆီ ရောင်းပြန်သတဲ့ ..မာမီသော်က ဘန်ဂေါက်သွားအဟွာလုပ်ဖို့ စားရိတ်အဖြစ်သုံးမဟဲ့
ကြံကာရှိသေး သူ့ သူငယ် ရှက်ကီမတ် က ဘတ်ပြေးပြန်ပါသဒဲ့…
ပီးတော့ သူသွားနေကျ စင်တင်က စကီလေး သွသွ ကို လျော်လိုက်တာ
ဟိုကလည်း … ပေါင်ထားတဲ့အိမ်ကိုရွေးဖို့ အရပ်ထဲငွေတိုးချေးစားတဲ့ မွမွသဲ လက်ကို အပ်ပါသတဲ့..
မွမွသဲက သူ့အိမ်ကပြောင်ပြောင်ယောင်ယောင် လူကြီး မသိအောင် လက်စွပ်လေးကွင်း ဝတ်မယ်
ကြံကာရှိသေး .. သားတော်မောင် က ဂေါ်လီမှတ်လို့ယူဆော့တာ …
ပလပ်စတစ်ကောက်တဲ့ ခြောက်မျက်နှာ ဆိုတဲ့ငတိက ရသွားပါသတဲ့ …
အဲ့ငတိက သူ့ရဲ့ ကျပ်မပြည့်တဲ့ မွန် ရည်းစားလေး ကို ပေးတာ ..အရပ်ထဲလျောက်ပြမိလို့
ငါးစိမ်းသည် ချွေအိ က ဘတ်တာ ခံရပါသဒဲ့ ..
ငါးစိမ်းသည် ဆီကတော့ အမြဲမူးနေတဲ့ ဈေးကောက် အီးဒုံး ဆိုသူက လုပြန်သဒဲ့…။
ဈေးကောက်ငမူး ကို စူသီ ဆိုတဲ့ သမ္မန်ခတ်တဲ့ ကီလား က မူးအောင်တိုက်လို့ တွမ်ပြီး
နောက်ဆုံး .. ခရစ်ဆိုတဲ့ ဘိုကြက်ချေး ချဲဒိုင်ဆီရောက်ရောတဲ့..။
ချဲဒိုင်က ထိုးသား အကွက်ကြီးပေါက်တာ မလျှော်နိုင်လို့ နယ်စပ်ထွက်အပြေးမှာ MNL က ကပ္ပလီ ဘောလုံးသမား ကျောက်စ် ကို
ရောင်းခဲ့သဒဲ့…။ ကျောက်စ်ကလည်း သူတွဲနေတဲ့ လှည်းတန်းက ကောင်မလေး (မမချော) ဆိုလား .. ကိုပေးလိုက်တာ..
ဟိုက သူ့ ဘဲဘဲ ကိုနိုကို လျှော်လိုက်သဒဲ့…လှည်းတန်းက ခါးပိုက်နှိုက် ကိုနို က လူလည်မို့ တန်ကြေးသိလေတော့ …
သင်ဇာနွယ်ပင်း လက်စွဲ မိတ်ကပ် မကြီး(ထူး)ဆန်း ကိုပြကြည့်သတဲ့ .. အဲ့ဒါ မကြီးဆန်း ဆီကတဆင့် ..
ငါးပိကုန်သယ် မမပြုံးဆီ ရောက်ပါရောတဲ့ …။ မမပြုံးက သူ့ဘကြီး ကျောင်းဆြာ ကိုကိုလတ် နဲ့အတူ
လော့ကတ်လုပ်ရကောင်းမလား လက်စွပ်လုပ်ရကောင်းမလား .. ထမင်းစားရင်း တိုင်ပင်ပါသတဲ့…။
ဟင်းကပေ ဆီကပေနဲ့ အဲ့ပုလဲကို ဒီအတိုင်းထား လက်အဆေးသွား မှာ ဘာမှတ်တယ်မသိဘူး
ကြောင်ကြီး တကောင်က မျိုချပါလေရောတဲ့ကွယ်…။အဲ့ဒါ သိပေမယ့် မမပြုံးမှာ တူမလေး မနှင်းဖြူရဲ့ အချစ်တော်ကြောင်ဖြစ်တာမို့
သတ်ပြီး မထုတ်ရက်သမို့ … ကြောင်ကြီး အင်အင်းပါမယ့်အချိန်ကို သာစောင့်ရုံရှိတော့သပေါ့..။
မိတ်ဆွေ .. ကြောင်ကြီးတကောင် ပိုက်ထားပြီး မကြာခနအမြီးလှန်ကြည့်လေ့ရှိသော မယ်ဒလင်တီး အလွန်ကောင်းသည့် ..
ဝတုတ်မလေးတယောက်တွေ့သော်.. ကျနော်တို့ ဂဇက်ရွာမှ မနှင်းဖြူ ဟုသာ မှတ်ပါလေ။
အီကား ပုလဲတလုံးအိ ရာဇဝင်ဒီး။
2013/09/18
ပုံ
ဆြာဂျီး သခင်ကိုယ်တော် ဖွတ်ကျား။
KZ
September 18, 2013 at 9:18 am
အွန်။
ဇာတ်ပျက်ပြီ။
ပျက်တာမှ ရက်၂ စက်၂
ပက်၂ စက်၂ ကို ပျက်တာ။
😀
Mr. MarGa
September 21, 2013 at 6:54 pm
တစ်ပုဒ်လုံး ဖတ်လာသမျှ
ဒီ အဆုံးသတ်နဲ့ မှပဲ ဘယ်လိုတွေ ဖြစ်သွားမှန်းတောင် မသိတော့ဘူး
ကျုပ်လဲ နေရင်းထိုင်ရင်း သူခိုးဖြစ်
ဒီ ပုလဲ လက်ချက်နဲ့ တစ်ရွာလုံးက လူတွေလည်း ကုန်ပေါ့
သယ်လာတဲ့ဇာတ်တော့ ကုန်ပြီ ဟီဟိ
lele kyi
September 18, 2013 at 11:19 am
အင်းးး မနှင်းဖြူလေးက ကြောင်ကြီးကို ကြိုးနဲ့ လည်ပင်းဆွဲထားတာကို နေမြင့်လေအရူးရင့်လေ ဖိုးတွမ်တီး လူလိမ်လူညာ က ကျားကြီး ကျားကြီး ဆိုပြီးလုပြေးပါလေရော။ အဲဒါကိုမြင်လိုက်တဲ့ ပတ်ကညောက “အင်း အဟာရပြတ်လပ်ပြီး ပိန်ခြောက်နေတဲ့ ရိုဟင်ဂျာချစ်ချစ်အတွက် မျှစ်နဲ့ကြောင်သားပြုတ်ကြွေးရမယ်”ဆိုပြီး ကြောင်ကြီးကို ရင်ခွဲ လိုက်တာ။ ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ နတ်သမီး မုဆိုး ဗီဗာက တိတ်တိတ်လေးကောက်သွားပါလေရော။ ပြီးတော့ နတ်သမီးပျော်စံရာ ခါကာဘိုရာဇီတောင်ထိပ်မှာ နတ်သမီးကို ပုလဲနဲ့ သွားမျှားရာ ခြေချော်ပြီးချောက်ထဲကျပြီး ဇိကုတ်လေရော။ ဒါပေမဲ့ ပုလဲလုံးလေးကလေထဲမြောက်တက်သွားပြီး ဖြူလွလွ နတ်သမီးရဲ့ လက်ထဲရောက်သွားလေရဲ့။ ပုံပြင်လေးကတော့ဒါပါပဲကွယ်။ The End~~~~~ဆက်ရန်မရှိ။ ဟုတ်တယ်နော် မနှင်းဖြူ 😛
မနှင်းဖြူ မှန်မှန်ပြော
September 18, 2013 at 11:57 am
သူတို့ပြောသလိုပါပဲ ..ပုံပြင်လေးကတော့ ဒါပါပဲ ..
ဆက်ရန်မရှိတော့ဘူး .. ဆက်ချင်သလိုသာ ဆက်လိုက်ကြတော့ ဟီးးဟီးးးးးး
ရေးရသက်သာသွားပြီ … 😛
sorrow weaver
September 18, 2013 at 9:19 pm
ကျော်..နာမည်ပြောင်းလိုက်ပြီ …pearl hunter အာဟိ
Ma Ma
September 21, 2013 at 9:48 am
ပထမတော့ ဖတ်နေရင်း ရင်တုန်ခံစားနေရတယ်။
နောက်ဆုံးမှာ ကံကောင်းခြင်းတွေကို ရသွားတာ သိရတော့ သူတို့နဲ့လို်က်ပြီး ဝမ်းသာပျော်ရွှင်သွားတယ်။ 🙂
Mr. MarGa
September 21, 2013 at 7:05 pm
ကဲကဲ
ဒီပုလဲ ဘယ်လိုဆက်ဖြစ်မလဲ သိရအောင်
မြန်မြန် ဆက်တော့ ဒေါ်ပျင်းထူ ရေ့