ဝင်စားမိမှား
“ဝင်စားမိမှား”
တစ်ခါတစ်လေ စိတ်ပျင်းတဲ့အခါ အလုပ်ပါးတဲ့အခါ ရုံးက လုပ်ဖော်ကိုင်ဘက်
ကလေးတွေနဲ့စကားစမြည်ပြောဖြစ်ကြပါတယ်။
အများအားဖြင့်တော့ သူတို့ပြောတာကို ကိုယ်က နားထောင်ရတာများပါတယ်။
တိုးတက်ပြောင်းလဲမူ့တွေက ဖျပ်ကနဲဖျပ်ကနဲ လျပ်ပြက်လိုက်သလို မြန်ဆန်လွန်းတဲ့
အခုခေတ်ကာလမှာတော့ သက်ငယ်စကား သက်ကြီးကြား ဖြစ်သွားပါပြီ။
သူတို့လေးတွေရဲ့အမြင်အသိတွေကလဲ ကျနော်တို့ ငယ်ငယ်ကလို ထုံအအ မဟုတ်ဘဲ
ချက်ဆိုတာနဲ့ မီးတောက်ရုံမက အားလုံးပြာကျပြီးသားဆိုလောက်အောင်ကို
အိုင်ကျူတွေကလဲ မြင့်တာကိုး။
သူတို့လေးတွေနဲ့စကားပြောမှ ကိုယ်မသိတာတွေအများကြီးဆိုတာသိလာသလို
ကိုယ်မကြည့် မမြင်ရပေမယ့် သူတို့ပြောပြတာနားထောင်ရင်းကိုယ်သိလိုက်ရတာလဲ
အများကြီးပါဘဲ။
တီဗွီက ဟိုဟာလာတယ် ဒီဟာလာတယ်ဆိုတာကို ကိုယ်က စောင့်မကြည့်ပေမယ့်
သူတို့ပြောပြလို့ ဒီနေ့ခေတ်စားနေတာ လူတွေစိတ်ဝင်စားနေတာကိုလဲသိလာတာအမှန်ပါဘဲ။
ကလေးတွေနဲ့ပြိုင်တာ အမြဲရှုံးနေတဲ့လူကြီးတွေရဲ့အစီအစဉ်မှာ တင်ဆက်သူရဲ့ လေသံနဲ့အမူအရာတွေက ကထပ်နေတာမထူးဆန်းတော့တာ။
ပိုက်ဆံတွေရွေးခို်င်းတဲ့အစီအစဉ်ကလဲ ရင်ခုန်စရာမကောင်းတော့တာ။
အစီအစဉ်တင်ဆက်သူလုပ်နေတဲ့ယောကျာ်းလေးအချို့ရဲ့လေယူလေသိမ်းနဲ့ အမူအယာတွေက မိန်းမထက်တောင်နုနွဲ့နေတာ။
အိ်မ်မက်ဆုံရာအစီအစဉ်က ရဲသွေးနောင် လောက် လူကြိုက်များသူထပ်ထွက်မလာတာ
စုံလို့ပါဘဲ။
အဲဒီနေ့ကတော့ စကားထိုင်ပြောနေရင်း အငြင်းသန်လွန်းတဲ့ မောင်တိုးတစ်ယောက်မမြင်လို့မေးကြည့်တော့မှ
သူ့အမဝမ်းကွဲဆုံးလို့ ရွာပြန်သွားတယ်လို့ သိရပါတယ်။
ဆုံးသွားတဲ့မောင်တိုးအမအကြောင်းမေးရင်းက သူ့အမက လူဝင်စား လို့ဆိုတာသိလာရပြန်ပါတယ်။
မောင့်တင့်တို့နဲ့တစ်ရွာထဲနေတဲ့ မလှကျင်က မောင်တိုးအမအကြောင်းပြောပြပါတယ်။
“မောင်တိုးအမ က သူတို့ဘကြီးဝင်စားတာလို့ပြောကြတာ။
မွေးကတည်းက လက်တစ်ဖက်က တုံးတိကြီးပြတ်နေတာ။
နောက်ကျောမှာ ရော လည်ပင်းမှာရော ချုိုင့်နေတဲ့အမှတ်အသားကတွေကပါနေသေးတယ်။
သူတို့ဘကြီးက လူအသတ်ခံရတာလေ။
အဲဒီနှစ်တွေက မိုးခေါင်တော့ တောင်သူတွေအတော်ဒုက္ခရောက်ကြတာ။
ဆည်ကလွှတ်တဲ့ရေနည်းတော့ လယ်တစ်ကွက်နဲ့တကွက်ရေ ရအောင်အပြိုင်တင်ကြတာ။
အဲလိုဖြစ်နေတဲ့အချိန် မောင်တိုး ဘကြီးက ကန်သင်းရိုးကိုပိတ်ပြီး ငါးပက်ဖို့လုပ်နေတဲ့အချိန်
လယ်ရေလိုချင်တဲ့ လူကလဲ မပြောအဆို ကန်သင်းရိုးကိုဖောက်တော့
ငါးတွေပါကုန်တာပေါ့။
အဲဒီမှာ ရန်တွေဖြစ်ကြတော့တာပါဘဲ။
လယ်ရေလာဖောက်တဲ့သူသုံးယောက်ကလဲ အရက်မူးမူးနဲ့ ဓါးနဲ့ဝင်ခုတ်တာကို
လက်နဲ့လှမ်းခံလိုက်တော့ လက်တစ်ဖက်က တံတောင်ဆစ်အထက်နားကနေပြတ်သွားပါသတဲ့.။
နောက် ကျန်တဲ့လူတွေကလဲ မှိန်းနဲ့ဝိုင်းထိုးကြပါသတဲ.။
လည်ပင်းမှာ နှစ်ချက် ကျောမှာသုံးချက်။
ဒီလောက်ဝိုင်းလုပ်မှတော့ မသေဘယ်ခံနိုင်မလဲပေါ့နော်။
သူ့ဘကြီးဆုံးပြီး နှစ်လလောက်အကြာ သူတို့အမေကို ခဏခဏအိပ်မက်ပေးတယ်။
သူပြန်လာမယ်ပေါ့။
သိပ်မကြာခင် မောင်တင့်တို့အမေ သမီးဦးလေးမွေးတော့ သူ့ဘကြီးသေတုံးကအတိုင်းဘဲ
လက်ကလဲငုံးတိတိ ကျောမှာရော လည်ပင်းမှာပါ အချိုင့်လေးတွေပါလာပါပါတယ်။
အဲဒီအချိုင့်နေရာတွေက မှိန်းနဲ့အထိုးခံထားရတဲ့ နေရာတွေနဲ့ကွက်တိဘဲ။
အဲဒီမိန်းကလေးကို သူတို့ဘကြီးဝင်စားတယ်ဆိုပြီး တမျုးိလုံးတစ်ဆွေလုံးကတုန်နေအောင်ချစ်ကြတာရယ်။”
လို့ပြောပြပါတယ်။
အဲဒီမှာကျနော်တို့ပြောနေတဲ့ ခေါင်းစဉ်က လူဝင်စားအကြောင်းရောက်သွားပါရော။
ဟိုလူဝင်စားတာဒီလူဝင်စားကအစ သေသွားတဲ့ ပြေငြိမ်းဝင်စားတာ ဒွေးဝင်စားတဲ့
အကြောင်းထိရောက်သွားပါတယ်။
အိမ်မှာလူဝင်စားရှိရင် စီးပွားတက် တယ်ဆိုသူက ဆိုပါတယ်။
အမြဲတမ်းပြောင်စပ်စပ်နေတတ်တဲ့ ပေစိ ကတော့ လူဝင်စားဆိုရင်မုန်းပါသတဲ့။
“ ကျနော်ငယ်ငယ်က အဖွားက ကျနော့်ကိုအလိုသိပ်လိုက်တာ။
ဘာဖြစ်ဖြစ်ကျနော်က ခေါင်ဘဲ။
ကျနော်ဦးလေးအငယ်က နီတွတ်ဆိုတဲ့ သမီးလေးမွေးလာလို့ စကားပြောတတ်တဲ့အရွယ်လဲရောက်
ရော ကျနော်လဲရာထူးပြုတ်ရော။
နီတွတ်မ စကားပြောတတ်လာတဲ့အခါ အဖွားကို “မမ”လို့ခေါ်တာ။
ကျနော်တို့ အဖိုးက အဖွားထက်ငယ်တော့ “ မမ“လို့ခေါ်တာလေ။
ဒါပေမယ့် အဖိုးကအရင်ဆုံးတာ။
အဖိုးဆုံးပြီး သိပ်မကြာခင် နီတွတ်မကိုမွေးတော့ အဖိုးဝင်စားတယ်ဆိုပြီး
တုန်နေအောင်ချစ်တော့တာဘဲ။
အဲတော့ ကျနော်က ရာထူးပြုတ်ရော။
ဒီတော့ လူဝင်စားဆို မုန်းဒယ် မုန်းဒယ်”
လို့ဇာတ်ကြောင်းပြန်ပြပါတယ်။
လူဝင်စားဆိုတာ မရှိနိုင်ဘူးလို့ ပြောသူရှိတော့ ရှိနိုင်တယ်လို့ ဆိုသူကဆိုပါတယ်။
အဲဒီမှာ မတ္တရာအထက် လက်ပန်လှ ကနေ မန်းလေးရောက်နေတဲ့ မောင်အေးနိုင်က
သူတို့ရွာမှာဖြစ်ခဲ့တဲ့ လူဝင်စားဇာတ်လမ်းလေးကိုပြောပြပါတယ်။
**********************************************************************
လက်ပန်လှဆိုတဲ့ရွာလေးက မန်းလေးက နေ မိုးကုတ်ကို သွားတဲ့လမ်းခရီးမှာ ထမင်းစားနားတဲ့ရွာလေးပါ။
လက်ပန်လှကြက်သားကျော်ဆိုတာ နာမယ်ကြီးပေါ့။
အဲဒီရွာလေးက ခရီးသည်အဝင်အထွက်အတော်များတဲ့နေရာလေးပါဘဲ။
အဲဒီရွာကလူအတော်များများကတော့ ကားဂိတ်မှာဈေးရောင်းကြတာများပါတယ်။
ကားမလာရင်နား ကားလာရင်အပြေးအလွှားဈေးရောင်းကြတာလူကြီးလူငယ်မရွေးပါဘဲ။
အဲဒီထဲမှာ ထူးထူးခြားခြား ဘာမှ မလုပ်ဘဲ အမေမုဆိုးမလုပ်စာထိုင်စားနေတဲ့
ငအေးဆိုတဲ့ စုန်းပြူးတစ်ကောင်ရှိပါတယ်။
တစ်နေ့တစ်နေ့ ဂိတ်နားလာထိုင်.။
သူ့အမေဆီက ပိုက်ဆံရရင် လက်ဖက်ရည်ဆို်င်ထိုင်။
လက်တောက်ခုံမှာထို်င်ဒါနဲ့ဘဲ အချိန်ကုန်။
ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ပါဘူး.။
သူလူပျိုအရွယ်ရောက်လာတဲ့အချိန် ဟိုဘက်ရွာကနေ လက်ပန်လှကိုဈေးလာရောင်းတဲ့
မခင်တင့်ရဲ့သမီး မိဌေး ကိုလဲမြင်ရော ငန်းငန်းတက်ကြိုက်ပါတယ်ဖြစ်ရော။
မိဌေးက လဲတောသူသာဖြစ်ပေမယ့် ရုပ်လေးက ခပ်သန့်သန့်။
စကားပြောတာက သွက်သွက် မျက်နှာက ချိုချိုဆိုတော့ နေ့စဉ်နေ့တိုင်း
သူ့ပါလာသမျှ ကြက်ကြော်ကုန်တဲ့အပြင် သူများဟာတောင်ယူရောင်းပေးရလောက်အောင်
စွမ်းပါတယ်။
ငအေးက မိဌေးကိုကြိုက်တယ်ဆိုတော့ အရပ်ကတော့အားပေးကြပါတယ်
အမဲရိုးနှယ်ဟင်းအိုးမှ အားမနာပေါ့။
ငအေးကတော့ ခါတိုင်းလို လက်ဖက်ရည်ဆိုင်တောင်မထို်င်နိုင်ဘူး
မိဌေးနားကို ရွှေစွန်ညိုဝဲနေတော့တာပါဘဲ။
သူကသာ တစ်ဖက်သတ်ဖြစ်နေတာ ဟိုကဖြင့်ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်။
အဲဒီမှာ မိဌေးက နောက်သလိုပြောင်သလိုနဲ့ကျုပ်က အလုပ်လုပ်တဲ့လူမှ အထင်ကြီးတာဆိုတဲ့
အသံလဲကြားရော တစ်သက်လုံး အမေ့လုပ်စားထိုင်စားနေတဲ့ကောင်က အထမ်းတွေဘာတွေ
တောင်လိုက်ထမ်းတာမြင်တော့ အားလုံးမှာ တအံ့တဩကြီးကိုဖြစ်လို့ပေါ့။
ညနေ ညနေဆိုရင် မိဌေးတို့သားအမိပြန်ရင် လိုက်ပို့ရတာနဲ့။
သူတို့အိမ်ရောက်ရင် ထင်းခွေရေခပ်လုပ်ပေးလိုက်တာ အပိုးကိုကျိုးလို့။
မခင်တင့် ကလဲသူ့သမီးကို ကြိုက်လို့ လိုက်လာတာမှန်းသိပေမယ့်
ငအေး ကိုခပ်ပေါပေါကောင်လို့ သဘောထားတာရယ်
အိမ်မှာလဲယောကျာ်းသနာမရှိတော့ လက်တိုလက်တောင်းခိုင်းရအောင်ရယ်
သဘောထားပြီး ငအေးသူတို့အိမ်လိုက်လိုက်လာတာကို မကန့်ကွက်ပါဘူးတဲ့။
ခိုင်းတာကတော့အကွက်စေ့အောင်ခိုင်းတာပါတဲ့။
မိဌေးမှာတော့ အမေက မပြောမှတော့ ဘာတတ်နိုင်မှာလဲ။
မကြိုက်ပေမယ့်လဲ အလိုက်အထိုက်ပေါ့။
ဒါပေမယ့် ငအေးနဲ့အိမ်မှာနှစ်ယောက်ထဲမရှိအောင်တော့ သတိထားနေပါတယ်။
အဲလို ကူကက်လုပ်ရင်းကိုင်ပေးနေတော့ ညနေစာထမင်းတောင်အဲဒီအိမ်မှာ
စားလို့ရတဲ့အဆင့်ရောက်လာပါတယ်။
သူ့အိမ်ကို ညအိပ်ချိန်လောက်သာပြန်ပါတော့တယ်။
အဲလိုဇာတ်မျောကြီးဖြစ်နေတော့ သူတို့ကာလသားအချင်းချင်းက
ငအေးကို ကောက်ရိုးပုံစောင့်တဲ့အကောင်လို့ စ တော့ စိတ်တိုပါသတဲ့။
တစ်ရက်တော့ရွာမှာ မင်္ဂလာဆောင်ရှိတော့ ထုံးစံအတိုင်း ဝိုင်းဝန်းပြီးလုပ်ကြရပါသတဲ့။
အဲလိုညကျတော့လဲ ကူတဲ့သူတွေက သောက်ကြစားကြသပေါ့။
အရက်လဲနည်းနည်းသောက်ကြလို့ မူးလာတဲ့အခါ ငအေးကို မခံချင်အောင်ဝိုင်းကျပ်ကြပါသတဲ့။
အဲဒီမှာ တစ်ယောက်က မြှောက်ပေးပါတယ် မင်းက အေးနေလို့ ဖြစ်တာ သူများနောက်ပါသွားမယ်
ဘာမယ်လုပ်တော့တာပေါ့။
မင်းက ညညပြန်လာတာကိုး အနုမရင်ဇွတ်ကြမ်းကွာ သူ့အမေက သဘောတူလို့ဘဲ
အိမ်ကိုအလာခံတာပေါ့ ဘာညာ ဆိုတော့ အရက်မူးလာတဲ့အရှိန် နဲ့ အေးမင်းတို့ပြောတဲ့အတိုင်းဆော်မယ်ကွာဆိုပြီး
မိဌေးတို့အိမ်ကိုသွားမယ် ဆိုပြီး ညကြီးမင်းကြီးသွားပါသတဲ့။
ဟိုလဲရောက်ရော ဘာတွေဖြစ်ကုန်တယ်မသိပါဘူး နောက်သိပ်မကြာခင်မှာဘဲ
မခင်တင့်နဲ့ ငအေး ညား နေပြီဆိုပြိး သတင်းထွက်လာပါတော့တယ်။
အဲဒီမှာ မိဌေးလဲ ရှက်ရှက်နဲ့ ရွှေတောကိုလိုက်သွားပါတယ်။
ငအေးက မိဌေးနဲ့မှ ရွယ်တူကိုး။
နောက်ကိုယ့်ကြိုက်တယ်ပြောပြီး မအေးနဲ့ညားသွားသူနဲ့ တမိုးအောက်မှာအတူမနေချင်တာလဲ ပါပါတယ်။
အဲတော့ အိမ်မှ မခင်တင့်နဲ့ငအေးဘဲကျန်ခဲ့တော့တာပါဘဲ။
အဲလိုလဲညားပြီးရော ငအေးက အရင်အတိုင်းအလုပ်မလုပ်တော့ပါဘူး.။
မနက်အတူလာ မခင်တင့်ကဈေးရောင်း။
ငအေးကလက်တောက်ခုံထိုင် အရက်သောက် ဒီအလုပ်ဘဲလုပ်ပါတော့တယ်။
ဒါပေမယ့်လဲ မခင်တင့်ကတော့ တပြုံးပြုံးနဲ့ကျေနပ်လို့ပါဘဲ။
သူတို့အိမ်ထောင်ကျပြီး မကြာခင် ငအေးအမေလဲဆုံးသွားပါတယ်။
တဖြည်းဖြည်းနဲ့ မခင်တင့်က ဈေးရောင်း ငအေးက အရက်သောက် ဆိုတဲ့ဘဝနဲ့ဘဲ
နေလာကြပါတယ်။
ပါတ်ဝန်းကျင်ဆိုတာလဲ ကဲ့ရဲ့တစ်ပါတ် ချိီးမွမ်းတစ်ပါတ်ဆိုတော့ ပြီးတော့လဲပြီးသွားတာပါဘဲ။
ဒီလိုနေလာကြရင် း မိဌေးလဲ ရွှေတောမှာ လုပ်နေရင်း အိမ်ထောင်ကျပါတယ်။
တစ်နှစ်လောက်နေတော့ မခင်တင့် ရေအချိုးမှားရာကနေ လေဖြတ်သွားတော့
မိဌေးတို့လင်မယားလဲ ဒီကိုပြန်ပြောင်းလာရတာပေါ့။
ဖြစ်ချင်တော့ မိဌေးယောက်ျားနဲ့ငအေးက ရွယ်တူလိုဖြစ်နေတော့ သူများတွေ
ပြောစရာဖြစ်နေတာအမှန်ပါဘဲ။
မခင်တင့်မကျန်းမာပေမယ့်လဲ ငအေးကတော့ အလုပ်မလုပ်ပါဘူး။
သူ့အမေခြံရောင်းပြီး မခင်တင့်ကို ဆေးကုပေးပါတယ်။
ခြောက်လလောက်နေတော့ မခင်တင့်လဲ ဆုံး ရှိတဲ့ငွေလဲကုန်ပေါ့။
မခင်တင့်ဆုံးပြီးရက်လည်တဲ့နေ့မှာဘဲ မိဌေးက ငအေးနဲ့အတူနေလို့မဖြစ်ဘူး။
သွေးမတော်သားမစပ်လုပ်လဲမကျွေးနိုင်ဘူးဆိုပြီး လူကြီးတွေရှေ့မှာပြောတော့
ငအေးအိမ်ပေါ်ကဆင်းပေးရတော့တာပေါ့။
ခက်တာက အရင်ကလဲ ဘာမှမလုပ် မခင်တင့်နဲ့ရတော့လဲဘာမှ မလုပ်တဲ့အပြင်
အရက်သမား တောင်ဖြစ်နေတော့ အခုချိန်မှတော့ ဘာမှလဲမလုပ်တတ်တော့ဘူးလေ။
ပိုဆိုးတာက ထမင်းမစားရရင်နေနိုင်ပေမယ့် အရက်မသောက်ရရင်ခြေတုန်လက်တုန်ဘဝ
ရောက်နေတာပါဘဲ။
အဲတော့လဲ ကားဂိတ်မှာလိုက်ပိုက်ဆံတောင်း။
ရရင်အရက်သောက်။
ကြုံတဲ့နေရာအိပ်ဆိုတော့ တဖြည်းဖြည်းကျန်းမာရေးချို့တဲ့လာပါတယ်။
သိပ်မကြာခင် ငအေးလဲ သစ်ပင်အောက်မှာ ဘယ်အချိန်ကသေနေမှန်းမသိတွေ့လို့
အရပ်ကဘဲ သဂြျင်္ိဟ်ပေးလိုက်ရတယ်ဆိုပါတော့။
မခင်တင့်ရော ငအေးပါဆုံးပြီးလို့မှသိပ်မကြာခင် မိဌေးကိုယ်ဝန်ရလာပါတယ်။
ကိုယ်ဝန်လဲရလာရော မိဌေးအတော်ပျော်ရှာတာ။
သူ့အမေက ညတိုင်းအိပ်မက်ပေးတယ် မိဌေးနဲ့နေချင်တယ်ပေါ့။
အခု ကိုယ်ဝန်ရလာတော့ ပျော်မဆုံးမော်မဆုံး။
မိအေးဗိုက်ကြိးကလဲ တနေ့ထဲတနေ့ကြီးကြီးလာလို်က်တာ မီးပုံပျံကြီးကြနေတာဘဲ။
အရပ်ထဲကတော့ပြောကြတာပေါ့ အမြွာပူးဖြစ်ချင်ဖြစ်နေမှာပေါ့။
မိအေးကတော့ မဖြစ်နို်င်ဘူးပေါ့။
သူ့အမေဝင်စားတာ တစ်ယောက်ထဲဘဲပေါ့။
မိအေးတကယ်လဲမွေးရော အမြွာပူးဖြစ်နေပါတယ်။
မိန်းကလေးက အကြိး ဆယ်မိနစ်ခြားပြီး ယောက်ျားလေးကအငယ်.။
မိဌေးက ဒါကျုပ်အမေဝင်စားတာလို့ပြောတော့
“ငအေးက ကျုပ်တို့နေချင်တယ်ဆိုပြီး အိပ်မက်ထဲ လာလာပြောတာဗျာ။
ကျုပ်ကလဲ ပြောတိုင်းငြင်းတာ၊
ဒီလောက်ငြင်းတာကို ငအေး ဘယ်လိုရောက်အောင်ဝင်လာလဲမသိဘူး၊
ကျုပ်ကတော့သေချင်တာပါဘဲ” တဲ့။
အဲဒီလို မိဌေးယောကျာ်း ပြောတာလဲကြားရော မိအေးကချုံးပွဲချလို့ငိုပါတယ်။
အရပ်ထဲကတော့ပြောပြောပြီးရီလိုက်ကြတာ။
မောင်အေးနိုင်စကားလဲဆုံးရော ကျနော်တို့အားလုံးလဲငို်ရမလိုရီရမလိုလိုပါဘဲ။
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
22-9—2013
13 comments
ဦးကြောင်ကြီး
September 23, 2013 at 10:18 am
လူဝင်စား
ခြင်ရွှင်သား
ထူလျင်ပါး
သူဖင်ယား..
ကိုပေါက်(မန္တလေး)
September 24, 2013 at 1:47 pm
ယား နေရင်ကုတ်
ပါးနေရင် ထုတ်
သားဆိုရင် အရှုပ်
ဝင်စားရင်တော့ မောင်းထုတ်
KZ
September 23, 2013 at 11:07 am
ဟိဟိဟိဟိ လို့ တောင် မရီရက်ပါဘူး လေးပေါက် ရယ်။
😀
ဖြစ်ရလေချင်းးးးး
အဲဒါတွေကလည်း ပြောရခက်တဲ့ ကိစ္စတွေကိုးးးး
kyeemite
September 23, 2013 at 11:32 am
အင်း..လူဝင်စားဇတ်လမ်းတွေတော့ ကြားဖူးပါရဲ့
နီးနီးကပ်ကပ်မှာတော့ လက်တွေ့မမြင်ဖူးသေးဘူး ကိုပေါက်ရေ
ဆိုတော့..ယုံရခက်နေတုန်းပဲဗျာ.. 🙁
•*¨နန်းတော်ရာသူ •*¨
September 23, 2013 at 4:29 pm
မွေးခါစမှာတော့ လူဝင်စား၊လူဝင်စားနဲ့တော့ပြောပြောနေကြပြီး ကြီးလာတော့ ဘာမှပြန်မသိတဲ့ကလေးတွေလည်းအများကြီးတွေ့ဖူးတယ်။တချို့တွေကတော့ ကိုယ်မွေးလာတဲ့ကလေးကို အမျိုးတွေထဲက တစ်ယောက်ပြန်ဝင်စားတယ်ပဲလုပ်တတ်ကြတယ်။ပြန်ဝင်စားစေချင်တဲ့စိတ်နဲ့အထင်ရောက်နေတတ်ကြတာလည်းပါမှာပေါ့။အဲ့သည်အကြောင်းတွေကို မင်းအုပ်စိုးရဲ့သရပါမဂဇင်းမှာ ဆရာမခင်ခင်ထူးရေးတာဖတ်ရသေးတယ်။
kai
September 24, 2013 at 12:17 pm
လူ့အဖြစ်ရခဲတယ်လဲဆိုသေး..
လူ့ပြည်အပ်တွေ.. နတ်ပြည်အပ်တွေဇတ်လမ်းလည်းတင်သေး..
ကြားထဲ… လူဝင်စားဇတ်လမ်းတွေကလည်း.. ဝင်စားလိုက်သမှ.. အနီးအနားတွေချည်း..
တောက်စ်….
အိုင်စတိုင်းတို့.. စတိဗ်ဂျော့တို့သာဝင်စားလာလို့ကတော့.. ကမ္ဘာချမ်းသာမည်ဖြစ်ချင်း..
နာထှာ.. :kwi:
ကိုပေါက်(မန္တလေး)
September 24, 2013 at 1:52 pm
ကိုခိုင်ရေ
လူ့ဘဝကြီးဆိုတာ ရခဲတာ တနည်းအားဖြင့် လူဖြစ်လာဘို့ ခက်ခဲ အမှန်ပါဘဲ။
ဘာကိုတွက်ကြည့်သလဲဆိုတော့ ယောကျာ်နဲ့မိန်းမ တစ်ခါသံဝါသ ပြုတိုင်း ကလေးတစ်ခါသာမွေးမယ်ဆိုရင်
တွက်ကြည့်ဗျာ။
ကမ္ဘာပေါ်မှာကလေးတွေဘယ်လောက်များလာမလဲဆိုတာနော်
ဝင်စားတယ်ဆိုတာကလဲ အတော်ပြောရခက်တဲ့ကိစ္စပါဘဲ.။၏
ဒီလိုလက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေက
လူမျိုးတိုင်း ဘာသာတိုင်း နိုင်ငံတိုင်းမှာ ပုံပြင်ဆန်ဆန်ရှိနေတတ်ပါတယ်။
အဲတော့ ကဲယုံချင်ယုံ မယုံချင်နေပါဘဲ။
ဦးဦးပါလေရာ
September 24, 2013 at 3:22 pm
ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း ဒေသတစ်ချို့မှာတော့
အဲသည် လူဝင်စားတယ်ဆိုတဲ့ ကလေးငယ်ငယ်လေးတွေဆီက
ချဲနံပါတ်တောင်းပြီးလဲ ချဲထိုးတတ်ကြသေးသဗျ…
လူဝင်စားဆိုတော့ အထုံပါလို့ အကြားအမြင်တစ်ခါတစ်လေရတတ်တယ်ဆိုပဲ
TNA
September 29, 2013 at 7:18 pm
လူဝင်စားဇာတ်လမ်းတွေကတော့တော်တော်များများကြားဖူးပါတယ်။ အခုဟာကတော်တော်ဆန်းတာပဲနော် လေးပေါက်။
padonmar
September 29, 2013 at 8:47 pm
ကိုယ့်သားသမီး(မိဌေး)ဆီမှာ သားသမီးပြန်ဖြစ်ရတဲ့ဘဝကို အကောင်းထင်မိတဲ့ အဝိဇ္ဇာ ခြံရံ၊
အဲဒီရွာက အဲဒီမိသားစုဘဝကို ခုံမင်တဲ့ တဏှာအရင်းခံပြီး
လူဖြစ်စေတဲ့ ကံလေးက အကျိုးပေးတော့
ကိုယ်နေခဲ့တဲ့ အနီးအနားတွေမှာ (လူ)ဘဝသစ်တဖန်ဖြစ်ရပြန်တယ်တဲ့။
(စာတွေ တတ်သလောက်မှတ်သလောက် ရွတ်ကြည့်တာ၊သဂျီးမမြင်စေရ)
Ma Ma
September 29, 2013 at 9:00 pm
ခုရက်ထဲ ကြားလိုက်မိတာ….
ခုခေတ်လူငယ်တွေကိုကြည့်ပြီး ဒီလိုအဖေအမေတွေဆီမှာပြန်ပြီး သားသမီးဖြစ်ရမှာ ကြောက်လို့ သံသရာကလွတ်အောင် ကြိုးစားရမယ် တဲ့လေ။ :loll:
Foreign Resident
September 30, 2013 at 9:59 am
အခုခေတ်ကာလမှာတော့ သက်ငယ်စကား သက်ကြီးကြား ဖြစ်သွားပါပြီ။
ဟုတ်ပါ့ ။ 😛
Wow
September 30, 2013 at 11:36 am
ဟီးးးးး ဖစ်ရလေ…