လောကဓံကို ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ဖြတ်ကျော်ရင်း အောင်မြင်မှုတွေရရှိခဲ့တဲ့ Green Elephant Restaurant’s C.E.O ဒေါ်ချယ်ရီအောင်ခင်(၁)

အာဂSeptember 26, 20131min28915

ဘဝဆိုတာလှိုင်းထန်နေတဲ့ ပင်လယ်ပြင်ထဲက ရွက်လှေတစ်စင်းလိုပါပဲ။
မြုပ်မသွားအောင်လို့ အမြဲတမ်း ကြံ့ကြံ့ခိုင်တဲ့ စိတ်ထားတွေ၊ လုံ့လတွေ၊
ဝီရီယတွေနဲ့ လှော်ခတ်ထိန်းကွပ်နေပါတယ်။ ဒါမှလည်း ကိုယ်ရောက်ချင်တဲ့
အောင်မြင်မှုကမ်းခြေကို အရောက်လှော်ခတ်နိုင်မှာလေ။
ဒီလိုပါပဲ ဘဝလှိုင်းထမ်းပိုးရဲ့ ရိုက်ခတ်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ်တောင်
အဆုံးစီရင်ချင်မိလောက်ဖြစ်ခဲ့ပြီးမှ ခိုင်မာတဲ့ စိတ်ဓာတ်အင်အားတွေကို
ဆုပ်ကိုင်ပြီး လောကဓံကိုအနိုင်ယူပြီး အောင်မြင်မှု
အသီးအပွင့်တွေကို ခံစားနေသူတစ်ယောက် . . . ။
ပြင်းထန်တဲ့စိတ်ဓာတ်ပိုင်ရှင် မိန်းမသားတစ်ယောက်ဖြစ်တဲ့
Elephant House Group of Companies များနှင့်
Green Elephant Restaurants စားသောက်ဆိုင်များပိုင်ရှင်
ဒေါ်ချယ်ရီအောင်ခင်ရဲ့ ဘဝစာမျက်နှာများကို စာဖတ်သူများ
အတုယူနိုင်အောင် အခုလိုဖော်ပြပေးလိုက်ပါတယ်။

အာဂ

• အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကစပြီးဝါသနာပါခဲ့ပါသလဲ။
– အချက်အပြုတ်ကိုပြောရရင် ဝါသနာမပါခဲ့ပါဘူး။ ဒါပေမယ့်ငယ်ငယ်ကတည်းက အမေက ကိုယ်မတတ်ရင် သူများကိုလည်း
ခိုင်းလို့ရမှာမဟုတ်ဘူးဆိုပြီး အိမ်မှာ အခိုင်းအစေတွေအပြည့်ရှိပေမယ့်လည်း အသက် ၁ဝ နှစ်ကျော်လောက်ကစပြီးတော့
အိမ်ကမီးဖိုချောင်မှာ မေမေကို ကူညီလုပ်ပေးရတယ်။အိမ်မှာ အဖေက အမေချက်မှစားတယ်။ အဲဒါကိုကြည့်ပြီးတော့ အန်တီက
ငါအသက်ကြီးလာရင် ဘယ်တော့မှ မချက်ဘူးဆိုတဲ့အတွေးလေးစိတ်ထဲမှာထည့်ရင်း ကြီးပြင်းလာခဲ့တယ်ပေါ့။

• အချက်အပြုတ်ကို ဝါသနာမပါဘူးဆိုပြီး အချက်အပြုတ်ဘက်ကိုရောက်ရှိလာပုံလေးကရော။
– အမှန်က အချက်အပြုတ်ဘက်ကို ရောက်ရှိလာတာက ဈေးကွက်လိုအပ်ချက်အရပါ။ ပထမဆုံးအန်တီက ယိုးဒယားမှာ ၁၉၉ဝ ခုနှစ်လောက်ကမန္တလေးဆိုတဲ့ စားသောက်ဆိုင်လေးဖွင့်တယ်။ ဘာလို့ဖွင့်တာလည်းဆိုရင်
ယိုးဒယားမှာ အဲဒီတုန်းက မြန်မာဆိုင်ဆိုတာ တစ်ဆိုင်မှမရှိလို့ပဲ။ဒီတော့ ကောင်းကောင်းလေးဖွင့်နိုင်ရင်တော့ ကောင်းကောင်း
အောင်မြင်နိုင်တယ်ဆိုတာကို မြင်မိတယ်။ ဒီတော့ ထမင်းဆိုင်ကိုဖွင့်ဖြစ်တာက စီးပွားရေးအရဖွင့်ဖြစ်တာပါ။ နောက်တစ်ချက်ကတော့
ကိုယ်က ဒီဇိုင်နာလည်းဖြစ်တယ်။ Interior Decorating တွေလည်းလုပ်နေတယ်ဆိုတော့ ထမင်းဆိုင်တစ်ဆိုင်ကို ကိုယ့်ရဲ့ဒီဇိုင်းတွေနဲ့အလှဆင်နိုင်လို့ရှိရင် ကြော်ငြာတဲ့အနေလည်း ဖြစ်နိုင်သလိုလာကြည့်တဲ့လူတွေကလည်းမြင်ပြီး ဒီဇိုင်းလေးတွေကို
ကြိုက်တဲ့အခါကျရင် ဒီဇိုင်းတွေကို ဘယ်သူတွေကလုပ်တာလဲဆိုပြီးမေးရင်း ဒီကုမ္ပဏီကလုပ်ထားတယ်လို့ ပြောလို့ရတယ်လေ။
ဒီတော့ Network လည်း ကောင်းသွားမှာပေါ့နော်။ နောက် လူတွေကဒီဇိုင်းလှလှလေးမြင်တော့ မေးကြမှာပဲလေ။ ဒါကြောင့်လည်း
ထမင်းဆိုင်ကို ဖွင့်ဖြစ်ခဲ့တာပါ။ အဲဒီနောက်မှ ၁၉၉၅ ခုနှစ်လောက်မှာမြန်မာပြည်ကို အန်တီပြန်ရောက်လာတယ်။ အဲဒီအချိန်မှာ
များသောအားဖြင့် မြန်မာထမင်းဆိုင်ဆိုပြီး သီးသီးသန့်သန့်ဖွင့်ဖြစ်ထားတာ မရှိသေးဘူး။ အန်တီသိသလောက်ကတော့
အဲဒီအချိန်တုန်းက မြန်မာပြည်မှာ ရွှေဘထမင်းဆိုင်၊ဓနုဖြူဒေါ်စောရီထမင်းဆိုင်တို့ပဲ ရှိကြတာလေ။
တကယ် International Standard နဲ့ဖွင့်တဲ့ မြန်မာထမင်းဆိုင်ကတစ်ခုမှမရှိသေးဘူး။ ချက်ပြီးသားတွေကို ရောင်းကျတာများတယ်။အခုမှာပြီး အခုချက်တဲ့ဟင်းရတဲ့ဆိုင်က သိပ်မရှိသေးတော့
အေးအေးစက်စက်တွေ စားကြရတယ်။ ဒါတွေကိုကြည့်ပြီးတော့ဈေးကွက်လိုအပ်ချက်ကို အန်တီကမြင်တယ်။ စောစောကပြောတဲ့
Network ကိုလည်း လုပ်ချင်တယ်။ ပြောရမယ်ဆိုရင်မြန်မာပြည်ကိုလာတဲ့ နိုင်ငံခြားသားတွေက မြန်မာစာတစ်ခုတော့
စားရမယ်လေ။ တရုတ်စာချည်းပဲ စားလို့မရဘူး။ ဒီတော့ မြန်မာစာကိုသန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်၊ အဆင့်မြင့်မြင့်နဲ့
ခမ်းနားထည်ဝါမှုတွေရှိတဲ့ စားသောက်ဆိုင်တစ်ခုတော့ရှိရမယ်ဆိုတာကို အန်တီကမြင်ပြီးတော့ စားပွဲသုံးခုနဲ့ ကိုယ့်ရဲ့
Show Room မှာ ၁၉၉၅ ခုနှစ်ကစခဲ့တာ အခုချိန်မှာဆိုရင်ထမင်းဆိုင် (၆)ခုနဲ့ ကမ္ဘာပေါ်မှာလည်း Green Elephant ဆိုပြီး
နာမည်တစ်ခုနဲ့ ရပ်တည်နို်င်ခဲ့ပါတယ်။

• အန်တီငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တဲ့အိပ်မက်ကရော ဘယ်လိုများပါလဲ။
– မှန်တာပြောရရင် ငယ်ငယ်က ဖြစ်ချင်တဲ့အိပ်မက်ဆိုတာ ဘာမှမရှိခဲ့ဘူး။ပြောရမယ်ဆိုရင် မင်းကြီးသမီးဆိုတော့ ပြည့်စုံတာပေါ့နော်။
ဒါပေမယ့် အရမ်းကြီးချမ်းသာတယ်လို့တော့လည်း မဟုတ်ပါဘူး။မရှိမရှားပေါ့ကွယ်။ နောက် အရွယ်ရောက်တဲ့အထိ
တစ်ဦးတည်းသောသမီး ဖြစ်ခဲ့တာကိုး။အန်တီ ၁၂ နှစ်သမီးလောက်မှ ညီမလေးကို မွေးခဲ့တယ်ဆိုတော့လေ။
အမေ၊ အဖေကလည်း လိုလေသိမ်းမရှိထားနိုင်တယ်။နောက် ကိုယ်ကလည်း ချစ်ရာကောင်းပြီး လှတယ်ဆိုတော့
လူတိုင်းက ဖူးဖူးမှုတ်ထားခံရတယ်လေ။ ဒီတော့ဘာဖြစ်ချင်လဲလို့မေးရင် ဘာမှမဖြစ်ချင်ဘူး။ ဒါပေမယ့်
စာကိုလည်း ကြိုးစားလားဆိုတော့ အရမ်းမကြိုးစားဘူး။ဒါပေမယ့် စာမေးပွဲကတော့ အမြဲတန်းအောင်ခဲ့တယ်။
Master ဘွဲ့ရတဲ့အချိန်မှာ အသက်ကလည်း ၂၂ နှစ်ရှိပြီ။ဒီတော့ အလုပ်ကလည်း လုပ်ရတော့မယ်လေ။
အစိုးရအလုပ်ကလည်း လုံးဝစိတ်မဝင်စားတော့အပြင်နိုင်ငံခြားကုမ္ပဏီမှာ စာရေးမလုပ်ခဲ့တယ်။ အဲဒီအချိန်အထိ
ဘာမှဖြစ်ချင်စိတ်မရှိခဲ့ဘူး။ အဲဒီအချိန်မှာပဲ ကိုယ့်ကိုကောင်းကောင်းမွန်မွန် ထားနိုင်တဲ့လူနဲ့ အိမ်ထောင်ကျတယ်ဆိုတော့
ဘာမှပူပင်စရာမရှိတဲ့ဘဝကို ရခဲ့တယ်ပေါ့။အသက် ၃ဝ နှစ်လောက်ရောက်တော့ အိမ်ထောင်ရေးနဲ့ပဲ
ထိုင်းနိုင်ငံကို ရောက်သွားတယ်။ အဲဒီမှာ ဘာကိုမြင်လည်းဆိုတော့ကိုယ်ကလည်း သာမန်လူတန်းစားပေါ့။ ကိုယ့်ယောက်ျားကလည်း
အလုပ်တစ်ခုရှိတယ်။ အဲဒီအချိန်မှာ သူများတွေ ပိုက်ဆံသုံးနိုင်တာကိုမြင်တယ်။ သူများတွေ အလုပ်လုပ်နေတာကိုမြင်တော့
အားကျမိတယ်။ ကိုယ်ဘာလုပ်တတ်သလဲဆိုတော့ဘာမှမလုပ်တတ်ခဲ့ဘူး။ သာမန် အိမ်ရှင်မတစ်ယောက်
ပြောတတ်တဲ့ အင်္ဂလိပ်စကားလောက်ပဲ ပြောတတ်တယ်။ဒီတော့ သူများတွေဘာကြောင့် ကားဝယ်စီးနိုင်လဲ၊
ပိုက်ဆံတွေသုံးနိုင်လဲဆိုတဲ့ အတွေးက ခေါင်းထဲအမြဲတမ်းဝင်လာတဲ့အခါ မေးကြည့်တဲ့အခါ လူတိုင်းက
နင်အလုပ်ကိုကြိုးစားပြီးလုပ်ရင် ဒီလိုဖြစ်နိုင်တယ်လို့ပြောကြတယ်။
အလုပ်ကြိုးစားတယ်ဆိုတာကလည်း တစ်နေ့ကို မနားမနေလုပ်နေလို့လည်း မရဘူးလေ။ အသိဉာဏ်လေးထည့်ပြီးတော့
ကိုယ်ဘာလုပ်ရမလဲဆိုတာ စဉ်းစားမှရမှာလေ။ ဒီတော့ ပြောရရင်ကိုယ်ဘာလုပ်ချင်သလဲဆိုတာကို အသက် ၄၅ နှစ်လောက်အထိ
မသိခဲ့ဘူး။

• ဒါဆိုရင် အဲဒီအချိန်အထိ အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ပဲဘဝကိုဖြတ်သန်းခဲ့ရတာပေါ့လေ။ အဲဒီတုန်းက
အခက်ခဲလေးတွေကရော။

– အင်း ဟုတ်ပါတယ်။ ပြောရမယ်ဆိုရင် ၁၉၉၅ ခုနှစ်ကကိုယ့်ဘဝမှာ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အခက်ခဲဆုံး
အချိန်တစ်ခုကို တွေ့ခဲ့ရတယ်။ ဘယ်လောက်ခက်ခဲခဲ့သလဲဆိုရင်သူများတိုင်းပြည် ထိုင်းမှာ လက်ထဲမှာ ဘတ် ၅ ထောင်နဲ့
တစ်ယောက်တည်းကျန်ခဲ့တယ်။ အိမ်ထောင်လည်းကွဲတော့မြန်မာပြည်ကို ပြန်ခဲ့ရတယ်။ အဲဒီအချိန်ကျတော့မှ
နောက်ပိုင်း ကိုယ့်ဘဝကိုယ် ဘယ်လိုရပ်တည်မလည်းဆိုတာစဉ်းစားလာရတာပေါ့။ အရင်တုန်းက အမျိုးသားကလည်း
သူ့ဝင်ငွေနဲ့ ရသလောက်ထောက်ပံ့တယ်။ ကိုယ်ကလည်းကိုယ့်ဝင်ငွေလေးနဲ့ကိုယ်ဆိုတော့ သိပ်တာဝန်မကြီးဘူးပေါ့။
စောစောကပြောသလို အခက်ခဲတွေတွေ့လာတော့ကိုယ့်ရှေ့ရေးကို စဉ်းစားခဲ့ရတယ်။ ဘာလို့လဲဆိုတော့
အိမ်ထောင်ရှင်အမျိုးသားအတွက် ကယ်လိုက်ရတဲ့၊ပေးလိုက်ရတဲ့ အကြွေးတွေက ကိုယ့်ဆီမှာ ပိကျန်ခဲ့တယ်။
အဲဒါတွေကိုလည်း ဆပ်ရမယ်။ မြန်မာပြည်ပြန်လာတော့လည်းအရင်းအနှီးကမရှိပေါ့လေ။ လုပ်တတ်တာကလည်း
Furniture Decorating နဲ့ပတ်သက်တဲ့ ဒီဇိုင်းပဲလုပ်တတ်တယ်လေ။

• အဲဒီ့ Furniture Decorating ပညာကိုရောဘယ်လိုသင်ယူခဲ့ပါသလဲ။
– တိတိကျကျသင်တာကတော့ အလုပ်ပါပဲ။စောစောပြောသလို ၁၉၉ဝ ခုနှစ်လောက်က ယိုးဒယားမှာ
အလုပ်သမားကနေ အလုပ်ရှင်ဖြစ်ခဲ့တယ်။ ပရိဘောဂဆိုင်လေးတစ်ဆိုင်ကို အလုပ်သမား ၂ ယောက်နေပြီးတော့
စပြီးဖွင့်လိုက်တာ ဝယ်သူတွေက ကိုယ့်ကိုစပြီးတော့သင်သွားတာပါပဲ။ ပစ္စည်းတစ်ခုကို ရောင်းလိုက်ပြီး
အဲဒီပစ္စည်းကို နောက်တစ်ယောက်ကြိုက်တယ်ဆိုရင်အဲဒီပစ္စည်းက မရှိတော့ဘူးလေ။ ဒီတော့ အဲဒီလို
ပစ္စည်းမျိုးကို ပထမလောက် ဈေးမရပေမယ့်လုပ်ပြီးတော့ရောင်းတယ်။ ပြောရမယ်ဆိုရင် အလုပ်က
သင်သွားတာပါပဲ။

• ဒါဆို အန်တီရဲ့ မွေးရာပါ ဗီဇ၊ ပါရမီကဘာဖြစ်တယ်လို့ထင်မိလဲ။
– နောက်ပိုင်းမှ သိလိုက်ရတာက ကိုယ့်မှာ မွေးရာပါဗီဇ၊ ပါရမီ ဘာရှိလဲဆိုတော့ မှန်မှန်ကန်ကန်နဲ့ အားလုံးကို
ပြောတတ်တာပါပဲ။ ကိုယ်က စကားကို ၂ မျိုးပြောရတာသိပ်ဝန်လေးတာပါပဲ။ ပြောလည်း မပြောချင်ဘူး။
ပြောလည်း မပြောတတ်ဘူး။ ဒါကြောင့်လည်းဝယ်သူတွေရဲ့ ယုံကြည်မှုကိုရတယ်။ ကိုယ်ပြောတဲ့စကား
တည်တော့လည်း လူတို်င်းသဘောကျကြတာပေါ့။နောက်တစ်ခုက အရောင်တွေကိုနားလည်တယ်။
စကေးတို့၊ ဒီဇိုင်းတို့ကို နားလည်တယ်။ ကြည့်လိုက်လို့ရှိရင်မှားနေသလား၊ မှန်နေသလားဆိုတဲ့ အမြင်ရှိတယ်။
ဒါကြောင့်မို့လို့လည်း အောင်မြင်သွားတယ်လို့ထင်ပါတယ်။

• စောစောကလို အသက် ၄၅ နှစ်မှာ ဘဝကို ဘတ် ၅၀၀ဝ နဲ့ပြန်လည်စတင်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။
– အဲဒီလို လက်ထဲမှာ ဘတ် ၅ ထောင်ရှိတဲ့အချိန်မှာပြောရရင် ကုသိုလ်ကံကြောင့် မြန်မာပြည်မှာ Project
တစ်ခုရတယ်။ အဲဒီ Project ကလည်းကြီးတယ်။နိုင်ငံခြားကုမ္ပဏီတစ်ခုက အန်တီကို ဒေါ်လာ ၃ သိန်း
လောက်နဲ့ငှားတာပေါ့။ အဲဒီတော့မှ မြန်မာပြည်ကိုပြန်လာပြီးတော့ အလုပ်လုပ်ဖြစ်တာပါ။ ယိုးဒယားမှာကလည်း
တပ်ပျက်နေပြီလေ။ အဲဒီအလုပ်နဲ့ စလုပ်ခဲ့တာပေါ့။အင်းယားလိပ်တို့၊ Strand Hotel တို့၊ သမ္မတဟိုတယ်တို့ကို
အန်တီတို့ ဖွင့်ပေးနိုင်ခဲ့တယ်။ ပြောရမယ်ဆိုရင်အဲဒီကာလက စောစောကပြောတဲ့ 5 Star ၊ 4 Star အဆင့်
ဟိုတယ်တွေဖွင့်ဖို့လုပ်နေတဲ့အချိန်မှာ မြန်မာပြည်မှာဒီပစ္စည်းတွေကို နားလည်ကျွမ်းကျင်ပြီး လုပ်ပေးနိုင်တဲ့လူက
တစ်ယောက်မှမရှိဘူး။ သူတို့က ဟောင်ကောင်ကInterior Decorator ကိုငှားလိုက်တယ်။
ဒီ Interior Decorator ကလည်း ပစ္စည်းတွေကိုသူတစ်ယောက်တည်း မြန်မာပြည်မှာလာထိုင်ပြီးတော့
မလုပ်ပေးနိုင်ဘူး။ ဒီဇိုင်းကိုလည်း နားလည်ပြီးတော့စီမံခန့်ခွဲ၊ အုပ်ချုပ်ကြီးကြပ်မယ့်လူ လိုတယ်လေ။
နောက်ပြီး ဒီကသစ်တွေကို ဟောင်ကောင်ကိုပို့မယ်။ဟိုမှာ အချောလုပ်မယ်။ ပြီးရင် ဒီကိုပြန်သယ်ပြီး
အလှဆင်မယ်ဆိုရင် မလွယ်ဘူးလေ။ ကုန်ကျစရိတ်ကလည်းများတယ်လေ။ အဲဒီမှာ ယိုးဒယားမှာသိတဲ့ ဟောင်ကောင်က
မိတ်ဆွေက အန်တီကို မြန်မာမှန်းသိတော့နင်လုပ်မလားဆိုပြီး လုပ်ဖြစ်သွားတာပါ။
အမှန်အတိုင်းပြောရရင် အန်တီက အဲဒီလောက်ကြီးမလုပ်ခဲ့ဖူးဘူး။ ကိုယ့်ဆိုင်နဲ့ကိုယ်တုန်းက ဒေါ်လာ
၃ သောင်းဖိုးလောက် ရောင်းရရင်ပဲ များလှပြီထင်ထားတဲ့အချိန်မှာ ဒေါ်လာ ၃ သိန်း Project ကိုရခဲ့တယ်။
ဒီအလုပ်ကို သုံးနှစ်လောက်လုပ်ခဲ့လို့ ပြီးတဲ့အချိန်မှာယိုးဒယားကို ပြန်မယ်လုပ်တော့ ဒီကအလုပ်သမား
တွေကလည်း အလုပ်လိုချင်တော့ မပြန်ပါနဲ့ပေါ့။နောက် ကိုယ်ကလည်း ဒီအလုပ်ကိုလုပ်တာ
မြန်မာပြည်မှာလည်း တစ်ယောက်မှမရှိဘူး။နောက် ကုန်ကြမ်းကလည်းပေါတယ်။
အလုပ်သမားခလည်း ဈေးချိုတယ်။ နောက် ကိုယ့်မှာလည်းနိုင်ငံတကာအဆက်သွယ်ကလည်း ရှိနေတယ်။
ဈေးကွက်ကိုလည်းမြင်တယ်။ နောက် အိမ်ထောင်ပျက်တုန်းက အကြွေးတွေကိုလည်း ရသမျှငွေနဲ့
ဆပ်ရတော့ ကိုယ့်လက်ထဲမှာ သိပ်မကျန်ဘူးပေါ့ကွယ်။ဒီတော့ ငွေကလည်းလိုနေတယ်ပေါ့။ အန်တီ့
မိတ်ဆွေတွေကိုမေးတော့ သူတို့ကလည်း နင်သာဒီမှာလုပ်မယ်ဆိုရင် ငါတို့ဝယ်မယ်ပေါ့။
ဒါနဲ့ စက်ရုံဆောက်ဖို့အတွက် ငွေကို ယိုးဒယားကမိတ်ဆွေ သူဌေးမတစ်ယောက်ဆီက ငွေသိန်း ၁၀ဝ ကို
၃ ကျပ်တိုးနဲ့ချေးပြီး အခုလည်ပတ်နေတဲ့စက်ရုံကိုဆောက်ခဲ့ပြီး Export တွေလုပ်လိုက်တာ ၂၀၀၅ ခုနှစ်
လောက်မှာ တစ်ကမ္ဘာလုံးက အန်တီတို့ဒီဇိုင်းတွေကိုလက်ခံလာတယ်။ မြန်မာပြည်မှာလည်း Top Exporter
ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် တစ်နှစ်ကို ဒေါ်လာ၅ သန်းလောက် ရှာပေးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ
ပရိဘောဂဒီဇိုင်းစက်ရုံဖွင့်ထားတော့ Show Roomလေးလုပ်ပြီးပြဖြစ်တယ်။ အဲဒီမှာပဲ ထမင်းဆိုင်လေး
တွဲလုပ်ဖြစ်ခဲ့ရင်းနဲ့ အခုအခြေအနေ ဖြစ်လာပါပဲလေ။ကြားထဲမှာတော့ ငိုခဲ့ရတာတွေ၊ စိတ်ဆင်းရဲခဲ့ရ
တာတွေကတော့အများကြီးပေါ့လေ။ ဒါပေမယ့်ဇွဲတစ်ခုနဲ့ ယုံကြည်ချက်တစ်ခုနဲ့ လုပ်ခဲ့တော့ ဒီနေ့အထိ
ရပ်တည်နိုင်ခဲ့တာပေါ့လေ။

• ဒါဆို အန်တီအနေနဲ့ အခက်အခဲတွေ၊ စိတ်ဆင်းရဲမှုတွေ၊ဆုံးရှုံးမှုတွေ ကြုံခဲ့တာကို ဘယ်လိုစိတ်ဓာတ်မျိုးလေး ထားပြီးတော့ ကျော်ဖြတ်ခဲ့ပါသလဲ။

– အဲဒီတုန်းကတော့ အန်တီတွေးမိတယ်။“ရင်ဆိုင်ပြီးတော့ ဖြေရှင်းမလား နောက်ဆုတ်မလား”ပေါ့။ရင်ဆိုင်ပြီးဖြေရှင်းဖို့ကျတော့လည်း ဖြေရှင်းနိုင်သလား၊
လုပ်နိုင်သလားလို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်တယ်။လုပ်နိုင်တယ်။ ကိုယ်ကလုပ်နိုင်တယ်။ ဈေးကွက်
လိုအပ်ချက်ကလည်းရှိတယ်။ လုပ်လည်းလုပ်တတ်တယ်။ အသက်အရွယ်ရော၊ ဉာဏ်ရော၊စွမ်းအင်ရော၊ အင်အားရော အကုန်ရှိတယ်ဆိုတော့ဖြေရှင်းနိုင်တယ်ပေါ့။ ဒီတော့ အချိန်တစ်ခုကိုစောင့်တယ်။ ဖြစ်ချင်တာကတော့ အမြန်ဆုံး
ဖြေရှင်းချင်တာပေါ့။ နောက်တစ်ခုက အဲဒီအချိန်မှာကိုယ့်ကိုယ်ကိုယ် သတ်သေမလားလို့ စဉ်းစား
တော့လည်း သတ်သေလောက်ရအောင်လည်းမျှော်လင့်ချက်က မဆုံးသေးဘူးဆိုတာ တွေ့ရတယ်။
ဒါပေမယ့် အရမ်းတော့ သတ်သေချင်တာပဲ။ရင်မဆိုင်ချင်တော့ဘူးပေါ့။ မောပြီ၊ ပင်ပန်းပြီပေါ့။
ဒီတော့ စောစောကပြောတဲ့ အချက် ၂ ချက်ဖြစ်တဲ့ရင်ဆိုင်မလား၊ ထွက်ပြေးမလား အချက်ထဲက
ဘာကိုရွေးမလဲပေါ့။ ထိုင်စားနေလို့ကလည်းမရဘူး။မယ်သီလရှင်ဝတ်ဖို့တို့၊ တရားစခန်းဝင်ဖို့ကလည်းကိုယ်နဲ့က မရဘူးလေ။ ဒီတော့ ကိုယ့်မှာရှိတဲ့အင်အားနဲ့ပဲ ဘဝကိုတိုက်ခိုက်ခဲ့တာပါ။ယုံကြည်တာကတော့ လုပ်နိုင်ရင် တစ်နေ့တော့
ဖြစ်မယ်။ ဘယ်လောက်ကျမှ ဖြစ်မယ်ဆိုတာကိုတော့ မပြောနိုင်ဘူးပေါ့နော်။ ဒါပေမယ့်
မိမိကိုယ်ကိုယ် ယုံကြည်မှု၊ ရည်ရွယ်ချက်၊စွမ်းဆောင်မှုတို့ ပေါင်းပြီးလုပ်ခဲ့ရင်တော့အလုပ်တစ်ခု အဆင်ပြေနိုင်မယ်ပေါ့။

• ပထမ Show Room မှာ ထမင်းဆိုင်လေးဖွင့်တုန်းကဆိုင်ရဲ့အခြေအနေကရော ဘယ်လိုရှိခဲ့လဲ။

– ဆိုင်လေးစဖွင့်တုန်းကလည်း ဒီလိုပါပဲ။ ဟင်းကတော့ဒီလောက်မများဘူးပေါ့။ မြန်မာဟင်းတွေပါပဲ။
ကြက်၊ ဝက်ပေါ့။ ဒါပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချက်တာပေါ့။ အဲဒီတုန်းက ပြောရမယ်ဆိုရင်
မြန်မာပြည်မှာ ပဲနီလေးဟင်းချို နိုင်ငံခြားသားတွေကြိုက်ကြတယ်။ ဒါကြောင့် ပဲနီလေးဟင်းချိုကို
နိုင်ငံခြားသားတွေ သောက်လေ့သောက်ထရှိတဲ့ပုံစံမျိုးနဲ့ ပေးမယ်ဆိုပြီးတော့ လုပ်ဖြစ်တယ်။
ဒါကိုလည်းကိုယ်ကစပြီးတော့ လုပ်လိုက်တာပေါ့။အခုကျတော့ မြန်မာတစ်ပြည်လုံး ဘယ်ဆိုင်ပဲ
သွားသွား အဲဒီ ပဲနီလေးဟင်းချိုကို ပေးကြတယ်ပေါ့။ဒါပေမယ့် အားလုံးက အန်တီတို့ကို ပုံတူကူးပြီး
ချက်တာဖြစ်တဲ့အတွက် အဲဒီဟင်းချိုက အရသာကောင်းကောင်းနဲ့ လှလှလေးက ဘယ်ဆိုင်မှဖြစ်မလာကြဘူး။

• အဲဒီတုန်းက စားဖိုမှူးတွေကရော ဘယ်လိုခန့်ထားဖြစ်ပါသလဲ။

– ပြောရမယ်ဆိုရင် အန်တီက မီးဖိုချောင်ထဲမှာမပျော်ဘူး။ ဈေးလည်းမသွားချင်ဘူး။ ချက်လည်း
မချက်ချင်ဘူး။ ဒါပေမယ့် ဘယ်လိုချက်ရမယ်ဘယ်လို လုပ်ကိုင်ရမယ်ဆိုတာကိုတော့
ပြောတတ်တယ်။ ဒီတော့ အန်တီ့အဒေါ်ကျောင်းဆရာမ ဒေါ်နုနုစန်းဆိုတာရှိတယ်။
အန်တီထမင်းဆိုင်ဖွင့်ဖို့ စဉ်းစားနေချိန်မှာသူ့ယောက်ျားက ဆုံးတယ်။ နောက် အဒေါ်က
ပညာလည်းတတ်တယ်။ အချက်အပြုတ်ကလည်းဝါသနာပါတယ်။ ချက်တာကလည်း ကောင်းတယ်
ဆိုတော့ အဒေါ်ရယ် တစ်ယောက်တည်းမနေပါနဲ့ပျင်းစရာကြီးပေါ့။ ကျွန်မနဲ့အတူ ဒီမှာစိတ်ပြေ
လက်ပျောက်လေးလည်းဖြစ်အောင် လာလုပ်ပေးပါလို့ပြောတော့ သူက လက်ခံပြီးတော
မီးဖိုချောင် In-Charge လာလုပ်ပေးတယ်။သူက ကျောင်းဆရာမဆိုတော့ ဟင်းချက်နည်းတွေကို
လုပ်ပေးနိုင်တယ်။ တန်ဖိုးတွေ တွက်ချက်ပေးနိုင်တယ်။ထိန်းသိမ်းပေးနိုင်ခဲ့တယ်။ အဲဒီမှာပဲ
အစကောင်းခဲ့တယ်လို့ ပြောရမလိုပါပဲ။ စနစ်ကြီးခဲ့တယ်။ပြီးတော့ အန်တီက ကိုယ်ချက်ချင်တဲ့ဟင်းတွေကို
သူကိုပြောတယ်။ ဥပမာ ဒီနေ့ ဘဲသားဟင်းကိုဘယ်လိုပုံစံချက်မယ်ဆိုတာ သူနဲ့အတူတူတိုင်ပင်ပြီးတော့ ချက်ခဲ့ကြတာပေါ့။

• ဒါဆို အုပ်ချုပ်မှုအပိုင်းကတော့ အန်တီလုပ်ရတာပေါ့။ဘယ်လိုပုံစံမျိုးတွေနဲ့ အုပ်ချုပ်ပါလဲ။

– အန်တီလည်းအုပ်ချုပ်တယ်။ အဒေါ်လည်းအုပ်ချုပ်ရတယ်။ ဒါပေမယ့် သူကတော့
ခပ်အေးအေးပေါ့နော်။ ဆရာမကြီးဆိုတော့စည်းကမ်းတော့ရှိတယ်။ သူက အုပ်ချုပ်တာတော့
သိပ်မတင်းကျပ်ဘူးပေါ့။ တစ်ခါတလေကျရင်မီးဖိုချောင်ကလူတွေကို ခပ်ကြမ်းကြမ်းအုပ်ချုပ်ရတယ်။
သိပ်ပျော့ပျော့လုပ်လို့မရဘူးလေ။ ဒီတော့ အခုထက်ထိဒီအပိုင်းမှာ အန်တီကဝင်ပြီးတော့ လူကြမ်းဝင်လုပ်
ပေးနေရတုန်းပဲ။ အလုပ်သမားတွေကလည်းလုပ်တတ်ပါတယ်။ ဒါပေမယ့် နည်းနည်းလေး
လွှတ်ထားလိုက်ရင် အလွဲလွဲအချော်ချော်တွေဖြစ်လာတယ်။ ဒီတော့ ဒါကိုတော့ ငါလက်မခံဘူး
ဆိုတာကို ကြမ်းကြမ်းတမ်းတမ်း ဝင်ပြောရတာပေါ့။တစ်ခါတစ်ခါကျတော့ ချိုချိုသာသာနဲ့ပြောရင်
သူတို့က မရဘူးလေ။

• ဒါဆို အချက်အပြုတ်နဲ့ပတ်သက်ပြီး လက်ဦးဆရာကအန်တီ့အဒေါ်လို့ပြောရမလား။

– အချက်အပြုတ်နဲ့ ပတ်သက်ရင်တော့ အန်တီ့အမေကလက်ဦးဆရာပါပဲ။ အမေချက်တာကို မြင်ခဲ့ရတယ်။
အန်တီတို့အမေဘက်က အမျိုးတွေကတော့ပိုက်ဆံလည်း တတ်နိုင်ကြတယ်။ အစားသောက်ကိုလည်း
ကြိုက်ကြတယ်။ ငယ်ငယ်ကဆို အမျိုးတွေအိမ်မှာတစ်ပတ်တစ်ခါလောက် ချက်ပြုတ်စားကြတယ်။
ဒီတော့ အစားအသောက်နဲ့ မဝေးဘူးပေါ့။ ဒီလိုနဲ့ပဲမသိမသာ ချက်ပြုတ်နည်းတွေနဲ့ ရင်းနှီးခဲ့တာပေါ့လေ။
အန်တီ့အဒေါ်က ဆရာတော့မဟုတ်ဘူးပေါ့။ဒါပေမယ့် သူ့ရဲ့ အထောက်အကူကို ရခဲ့တာပေါ့။
သူက ချက်တတ်ပေမယ့်။ စီပွားရေးအမြင်တော့ မရှိဘူး။အန်တီကတော့ ဒါကိုချက်ရင်တော့ ဒီလိုဖြစ်မယ်၊
ဒါကို နှီးဒေါင်းလန်းနဲ့ ရောင်းရင် ပိုကောင်းမယ်။ဇွန်းခက်ရင်းဆိုရင်လည်း စားပွဲခင်းလှလှနဲ့
ဝိုင်ခွက်နဲ့လုပ်ရင် ပိုက်ဆံပိုတောင်းလို့ရမယ်။ဒါတွေကိုတော့ အန်တီက ပြောပြရတယ်လေ။

• အချက်အပြုတ်နဲ့ ပတ်သက်ပြီးတော့သင်တန်းတွေဘာတွေရော တက်ခဲ့ဘူးလား။

– အဲဒီလိုတော့ မတက်ဖူးပါဘူး။ ဒါပေမယ့်အန်တီက ပရိဘောဂပစ္စည်း စီးပွားရေးလုပ်တော့
အလုပ်ကိစ္စနဲ့ ကမ္ဘာတစ်ဝှမ်းသွားရတယ်။အဲဒီမှာ စားသောက်ဆိုင်တွေ သွားရတဲ့အခါမှာ
လေ့လာခွင့်တွေရခဲ့တယ်။ ဒီလောက်ပဲရှိပါတယ်။ကိုယ်ကိုယ်တိုင်ကလည်း ချက်လည်းမချက်ချင်ဘူး။
မြင်ဖူးချင်တယ်။ သိဖူးချင်တယ်ဆိုတာလောက်ပဲရှိတယ်။ သို့သော် Unilever ကစီစဉ်တဲ့ Chef တွေကို
ဟင်းချက်နည်းသင်ပေးတဲ့ သင်တန်းမှာတော့အန်တီက ယိုးဒယားစာကို ဝင်ချက်ကြည့်တာပေါ့နော်။
အဲဒီမှာ ကိုယ်လည်း ကောင်းကောင်းချက်နိုင်တယ်။Chef တွေထက်တောင် ကောင်းကောင်းချက်နိုင်ခဲ့
ပါတယ်။ ပြောရမယ်ဆိုရင် ချက်တဲ့အပိုင်းမှာလည်းအန်တီ့မှာ မွေးရာပါဗီဇ ရှိခဲ့ပါတယ်။

• အန်တီချက်တဲ့ ဟင်းပွဲဖြစ်ဖြစ်။ အသုပ်ပဲဖြစ်ဖြစ်တခြားလူတွေကစားပြီးတော့ ကောင်းတယ်လို့ပြောရင်ဘယ်လိုခံစားရလဲ။

– အဲဒါကတော့ ကိုယ်ချက်လိုက်တိုင်း လူတိုင်းကတော့ကောင်းတယ်လို့ ပြောကြတယ်။ ကောင်းတယ်ပြော
ရင်တော့ လူတိုင်းက ကြိုက်ကြတာပေါ့နော်။ဝမ်းလည်းဝမ်းသာတာပေါ့နော်။ တစ်ခုကိုချက်လို့
ကောင်းတယ်လို့ပြောရင်၊ နောက်တစ်ခုကိုလည်းအကောင်းပြောခံချင်တဲ့စိတ်နဲ့ချက်တော့ နောက်ပိုင်း
ချက်သမျှလည်း ကောင်းသွားတာပေါ့။

•Green Elephant ဆိုတဲ့ဆိုင်လေး စဖွင့်ပြီးဘယ်အချိန်လောက်မှာ လူသိများပြီးတော့အောင်မြင်ခဲ့တာပါလဲ။

– ၁၉၉၅ ခုနှစ်မှာ ဒီဆိုင်လေးဖွင့်ခဲ့ပြီးတော့တစ်နှစ်လောက်အကြာမှာ ခုနကစခဲ့တဲ့စားပွဲ ၃ ပွဲကနေပြီးတော့ ၁ဝ ပွဲ တစ်ခါတည်း
ဖြစ်သွားတယ်။ သုံးနှစ်အတွင်းလောက်မှာသီးသန့် Restaurant အဖြစ်ဖွင့်နိုင်ခဲ့တယ်။ပထမတော့ Show Room မှာ တွဲဖွင့်ခဲ့တာပါ။
နောက်ပိုင်း စားတဲ့လူတွေများတယ်။ဝင်ငွေလေးလည်းဝင်လာတော့ Green ElephantRestaurant ဆိုပြီး ၁၉၉၈ လောက်မှာ သီးသန့်ဖွင့်ဖြစ်ခဲ့တာပေါ့။ နောက် ပုဂံမှာလည်းဖွင့်ဖြစ်ခဲ့ပါတယ်။ မန္တလေးကတော့ ၂၀၀ဝ ပြည့်
နှစ်လောက်မှ ဖွင့်ဖြစ်ခဲ့တာပါ။

• ဒီလို စားသောက်ဆိုင်အလုပ်တွေရော၊ကုမ္ပဏီအလုပ်တွေရော တစ်ယောက်တည်းလုပ်နေရတော့ စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေသိမ့်လဲ။

– အရေးကြီးဆုံးက ကိုယ်မလုပ်ရင် ဒီအလုပ်တွေကိုဘယ်သူမှလုပ်ပေးမှာမဟုတ်ဘူးဆိုပြီးတော့
ပြန်ထိန်းတာပေါ့။ စိတ်ဖိစီးမှုကတော့နေတိုင်းလိုလိုတော့ဖြစ်ပါတယ်။ ဝန်ထမ်းတွေကိုပြောရဆိုရ၊ အမှားတွေကို တွေ့ရတော့လေ။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အားပေးတာကတော့ကိုယ်မလုပ်ရင် ဘယ်သူလုပ်မှာလဲပေါ့။နောက်တစ်ခုက ကိုယ်က နိုင်ငံခြားမှာရော ဒီမှာပါအလုပ်တွေအများကြီးလုပ်ထားတော့ ပြသနာတွေအများတွေ့မှာပဲလေ။ ကိုယ်လုပ်တာ ကိုယ်ခံပေါ့လေ။
နောက်တစ်ခုက ကိုယ်က ပိုက်ဆံလိုချင်လို့လုပ်တာပဲ။ ငွေဆိုတာ လွယ်လွယ်နဲ့ဘယ်လိုရမှာလဲပေါ့လေ။ အဲဒါတွေနဲ့ပဲ ဖြေပါတယ်။

• စိတ်ဖိစီးမှုတွေကို အပန်းဖြေတဲ့ပုံစံမျိုးနဲ့ဖြေလျော့ရင်ရော ဘယ်လိုပုံစံမျိုးနဲ့ ဖြေလျော့ပါသလဲ။

– အန်တီက ၂ လတစ်ခါလောက် အပန်းဖြေခရီးသွားဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားကို
သွားဖြစ်တာများပါတယ်။ မြန်မာပြည်တွင်းအပန်းဖြေသွားရင် မြန်မာလူမျိုးအကျင့်ကို
ကိုယ့်ဆိုင်က လူမျိုးအကျင့်အတိုင်း မြင်နေရတယ်လေ။ ပြောရမယ်ဆိုရင် အမြင်သစ်တွေ
မတွေ့ရတော့ အပန်းဖြေသလိုမဖြစ်ဘူးလေ။ယိုးဒယားလည်း ဒီအတိုင်းပါပဲ။ ဟိုမှာ နှစ်ပေါင်း
၃ဝ လောက် နေလာခဲ့တော့လေ။ နီးနီးနားနားဆိုရင်တော့ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ဂျပန်တို့ကိုအနည်းဆုံး တစ်ပတ်လောက်သွားလိုက်တယ်။ဒီလိုသွားလိုက်တဲ့အတွက်လည်း အတွေး
ခေါ်သစ်တွေ၊ အမြင်သစ်တွေ ရရှိလာတယ်။သူများတိုင်းပြည်ကလူတွေ ဘာတွေကို
လုပ်နေကြတယ်။ စသဖြင့် ဒီလိုနည်းတွေနဲ့ပဲစိတ်ကိုဖြေပါတယ်။

အပိုင်း(၂) ဆက်လက်စောင့်ဖတ်ပေးကြရန်။

…………………….
ဒေါ်ချယ်ရီအောင်ခင်ရဲ့ ရခိုင်ကြာဆံသုပ်
…………………….

ပါဝင်သောပစ္စည်းများ
……………………….

• ပြုတ်ပြီးကြာဆံ – ၅ ကျပ်သား
• အသင့်ပြုတ်ထားသောဘဲဥ – ၁ လုံး
• အသင့်ပြုတ်ထားသောအာလူး – ၂ လုံး
• ကြက်သွန်နီဥ – ၁ လုံး
• ကြက်သွန်ဖြူဥ – ၁ လုံး
• ငရုတ်ကောင်း – ၃ စေ့
• ချင်း – အနည်းငယ်
• ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်
• ပဲကြတ်မှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်
• မန်ကျည်းရည် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း
• ကြက်သွန်ဖြူဆီချက် – အနည်းငယ်
• ကြက်သွန်နီကြော် – အနည်းငယ်
• ငရုတ်သီးအရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်
• ပဲငံပြာရည် – အနည်းငယ်
• နံနံပင် – အနည်းငယ်
• ငရုတ်သီးအလှော်ထောင့် – ၅ ထောင့်
• ဆီ – ၂ ကျပ်ခွဲသား

အသင့်ပြင်ဆင်ခြင်း
……………………..

ပုတ်ထားသော ကြာဆံများကို ပဲငံပြာရည်အနည်းငယ်နှင့် နယ်ပါ။
ချင်း၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်ကောင်းတို့ကို ရောထောင်း၍ ဆီသတ်ပါ။
ပြုတ်ထားသော အာလူး၊ ဘဲဥ တို့ကို ပါးပါးလှီး၍ ရောချက်ပါ။

ပါဝင်သော ပစ္စည်းအားလုံးကို ဇလုံထဲထည့်၍ ဇွန်းဖြင့်နယ်ပါ။
အရသာရှိစွာ ရောနှောပြီးပါက တည်ခင်းထားသော
ပန်းကန်တစ်ချပ်ထဲတွင်တည့်ပါ။ အပေါ်တွင် ကြက်သွန်ကြော်ကို ဖြူးပြီး
နံနံပင်၊ ငရုတ်လှော်ထောင့်၊ ကြက်သွန်ဖြူ၊ သံပရာစိတ်တို့ကို
လိုအပ်သလို သုံးဆောင်နိုင်ပါသည်။

……………………………………………………..
ဒေါ်ချယ်ရီအောင်ခင်
Green Elephant Restaurant’s C.E.O

မှတ်ချက်။ ။ လေးကြီးမိုက်ခေါ်လို့ အာဂ ရွာပြန်လာပါကြောင်း

https://www.facebook.com/pages/FOOD-Magazine

15 comments

  • အလင်းဆက်

    September 26, 2013 at 7:45 pm

    အကြာကြီင်္း..ပျောက်ပျောက်မသွားနဲ ့.. ကအာဂရယ်…

    🙂

  • padonmar

    September 26, 2013 at 9:15 pm

    တပင်တဲ ရင်ထဲကနွယ်ကိုပါ ခေါ်ခဲ့ပါ ဂဂ ရယ်။

  • kai

    September 27, 2013 at 12:39 am

    ယူအက်စ်မှာ မြန်မာအစားအသောက်ပွဲတော်လုပ်ချင်စိတ်ရှိတာ.. လွန်ခဲ့နဲ့နှစ်က… ရွာသူမမမိတ်ဆက်ပေးသမို့.. မြောင်းမြဒေါ်ချိုမိသားစုကို ပါဝင်လုပ်နေတဲ့အသင်းအနေနဲ့..ဖိတ်ဖူးတယ်..

    သူတို့ဒီနှစ်တောင်.. ဘုန်းကြီးကျောင်းရန်ပုံငွေပွဲအတွက်ထပ်လာပြီး လာလှူသွားသေးတယ်လေ…
    အခုအဲဒီ ပွဲဖိတ်လုပ်ချင်စိတ်တွေပြန်ပေါ်လာပြန်ပြီ…။

    … အာဂဒီလိုပို့စ်တွေတင်တော့.. အားကျတဲ့သူအတုယူလုပ်ချင်စိတ်ပေါ်… နိုင်ငံခြားနေသူတွေက.. ဖိတ်ချင်..ပရိုမိုးရှင်းလုပ်ချင်စိတ်ပေါ်နဲ့.. အားလုံးအတွက်…အင်မတန်အကျိုးများပါတယ်…

    သာဓုဗျာ… :mrgreen:

  • ကျော်စွာခေါင်

    September 27, 2013 at 2:46 am

    မြန်မာပြည်သားဟေ့….
    မြန်မာပြည်သား…..။

  • အရီးခင်

    September 27, 2013 at 4:08 am

    { ပြောရမယ်ဆိုရင် ချက်တဲ့အပိုင်းမှာလည်းအန်တီ့မှာ မွေးရာပါဗီဇ ရှိခဲ့ပါတယ်။}
    အဲတာတော့ တကယ်မှန်မယ် ထင်ရဲ့။
    😛
    ကျေးဇူးဟေ့ ဂဂ ရေ။
    အလွယ် လုပ်စားနိုင်မဲ့ ဟင်းတစ်ခွက် ရသမို့။

    ဒါထက် –
    သူတို့ အချစ်တော်ကြီး အော်သံကြားမှ ရွာကို ပြန်သတိရကြတယ်လို့။
    မပြောချင်ဘူး။
    😛

    • kyeemite

      September 28, 2013 at 1:43 pm

      ဘာပြောပြောဗျာ…ကျုပ်အော်ခေါ်သံ အသိအမှတ်ပြုတဲ့ “ဂဂ” ကိုကျေးဇူးတင်ဂျောင်းးးး
      ခေါ်ရကျိုးနပ်လို့လည်း ပျော်ပါဂျောင်းးးး
      အခုတင်ပေးတဲ့ပို့စ်ကလည်း အင်မတန်အားကျဖွယ်ဖြစ်လို့ ထပ်ဆင့် ကျေးဇူးတင်ပါဂျောင်း 😛

  • ဦးကြောင်ကြီး

    September 27, 2013 at 8:30 am

    သူ့မှာ သာမီး အရှိဗူးလားဗျ… ဘွားဒေါ်ကြည့်ရတာ ငယ်စဉ်ဂ အတော်ချောမယ်… ခုတောင် ရုပ်အကျသေးဗူး….. အိန္ဒြာကျော်ဇင်နဲ့ တူနေဒုံး…။

    • kyeemite

      September 28, 2013 at 1:40 pm

      ကိုကြောင်ပြောတာ..ဒီတခါအပြည့်အဝထောက်ခံပါ၏
      အမျိုးသမီးကြီးကတော်တော်ချောတာပဲ 😛

  • KZ

    September 27, 2013 at 12:03 pm

    ဂဂ။
    အစားအသောက်နဲ့ပတ်သက်ရင် နာ့ ကိုလည်း အင်တာဗျူးပါဟယ်။
    နာ့ မှာ ဆိုင် တစ်ဆိုင်မှ မပိုင်၊
    ဘာမှ မချက်တတ်ပေမဲ့လည်း စားတတ်သောက်တတ်ပါတယ်နော်။
    နာ လည်း ဖု မာဂါဇင်းထဲ ပါချင်ဒယ်။
    နော်။

    😀

    • kyeemite

      September 28, 2013 at 1:48 pm

      အာဂရေ..
      ကေဇီကဗျာလွတ်ကိုသွားဗျူးဟေ့..
      ပီးတော့မှ“ဖု”မာဂဇင်းထဲ “ထု” ပီးထဲ့လိုက်
      တူဂ လေရင်လက်မ အသွားအပြန်ပို့ပေးမဒဲ့ 😀

      • KZ

        September 28, 2013 at 6:24 pm

        အွန်။
        ရတယ်။ ရတယ်။
        လာပြီး မှ ဗျူးလို့ရပါတယ်ရယ်။
        ဘယ်သူက ဘယ်သူ့ ထုမတုန်းးးးးး
        ဟွန့်။

        ဝိတ် အန် စီး လာ့!!

        😀

  • Ma Ma

    September 27, 2013 at 12:32 pm

    ဒီပိုစ့်လေးနဲ့ ပြန်လာတဲ့ မောင်ဂွ အဲ- မောင်ဂ ကို ကြိုဆိုပါတယ်။ :kwi:
    ခေါ်သံကြားလို့ ပြန်လာတာကို ဝမ်းသာသလို နောက်ပျောက်မသွားဖို့လည်း လိုတယ်နောာာာာာာာာာာာ …… 🙂

  • ကျုပ်တော့ အဆိုတင်သွင်းချင်တယ်
    နောင်ဆို ရွာထဲမှာ စားစရာအကြောင်းတင်သူများ
    တကယ် ကျွေးရမယ်ဗျို့ …..စာဖတ်ရင်း သွားရည်ကျရတာ
    ဖီးငုပ်သဗျာ .. .ရှလွှတ်…

  • surmi

    September 27, 2013 at 2:20 pm

    အားလည်​းကျပါရဲ့ ….
    လက်​ရှိဆိုင်​​တွေကိုစိတ်​တိုင်​းမကျတာကခတ်​များများ
    ရန်​ကုန်​မှာ မြ န်​မာထမင်​းဆိုင်​က လက်​ချိုး​ရေနိုင်​​လောက်​​အောင်​ နည်​းလွန်​းလှတယ်​…​​

  • Crystalline

    September 27, 2013 at 3:23 pm

    ဒီက..စိတ်ကြီးတယ်..ချက်ချင်းကိုသုတ်စားပလိုက်တယ်.. ဒါပေမယ့်သူသုတ်တာ ပဲကြာဇံလားမသိဘူး.. ကိုယ်က သရဖူဆန်ကြာဇံနဲ့သုတ်ပလိုက်တာ.. :loll: လက်ရာကတော့ ဒေါ်ချယ်ရီအောင်ခင်ထိုင်ငိုလောက် တယ်.. :mrgreenn:
    မီးဖိုဆောင်က လူတွေကိုခပ်ကြမ်းကြမ်းပြောရတယ်ဆိုလို့.. ဆိုင်ကြီးတွေမှာတော့တွေ့ရခဲပါတယ်.. အလယ်အလတ်ဆိုင်တွေမှာ ဧည့်သည်တွေရှေ့မရှောင် အလုပ်သမားတွေကို ဆူပူပြောဆိုတာတွေ့ရင်တော့ တော်တော်စိတ်ညစ်တာ.. တခါတလေ စားချင်စိတ်ပါပျောက်တယ်..

Leave a Reply