“ဟဲတော်”

nicolus agralSeptember 26, 20131min2157

ငယ်ငယ်တုန်းကတော့ တစ်ခုခု အထူးတဆန်းတွေ့ရင် အနားရှိတဲ့သူကို လက်ကလေးတို့ပြီး ဟိုမှာကြည့်စမ်းပါဦး သည်မှာကြည့်စမ်းပါဦးနဲ့ ခေါ်ခေါ်ပြရတာ အမောပါ။ လူကြီးတွေက တောကျရန်ကောဆိုပြီး ဟန့်ဟန့်ထားလို့သာ နေရတယ်။ လူကတော့ အထူးအဆန်းတွေ့ရင် ကိုယ့်ဘာသာ အသာကြည့်မနေပဲ သူများတွေ မမြင်သေးဘူးထင်ပြီး အော်ကြီးဟစ်ကျယ် လက်ညှိုးထိုးတတ်တာ အကျင့်ကိုပါလို့။ အရွယ်ကလေးရလာတော့မှ အိုက်တင်ကလေးခံတတ်လာပြီး “ဪ ဒါလေးများ” လို့ သိပြီးချင်ယောင်ဆောင်တတ်လာတယ်။ စိတ်ထဲက တအံ့တဩဖြစ်လည်း မှင်နဲ့မောင်းနဲ့ မသိသလို နေတတ်သွားပြီ လို့ထင်ခဲ့တာ။ ခုတစ်ခေါက် ဂျပန်ရောက်တော့မှ အဲဒီရောဂါက သူငယ်နာ မစင်သေးမှန်း သတိထားမိလာပါတယ်။ အနားဘယ်သူမှ မရှိလို့ ကိုယ့်ဗမာအချင်းချင်းပဲ ရှိရင် မေရီချက်ပမန်စကူးက ကလေးလေးတွေ အတန်းထဲ ဧည့်သည်လာလို့ လက်ဟန်ခြေဟန်နဲ့ အတင်းပြောသလို လက်ညှိုးတထိုးထိုးနဲ့ အတင်းတုတ်ကြပါတယ်။ အတူတူလာတဲ့သူချင်းမို့ အံ့ဩတာချင်းလည်း တူတူပါပဲ။ သူတို့နိပွန်ရွှေပြည်ကြီးကလည်း အံ့ဩကုန်နိုင်ဖွယ်ဗျ။ ပြောပြစရာတွေကလည်း တပုံကြီးရှိသေးတယ် ဖြစ်နေလို့ အလုပ်ရှုပ်တဲ့ကြားက အပြေးအလွှား စာတစ်ပုဒ် ရေးရပြန်ပါတယ်။ အိုဆာကာရောက်ကတည်းက Senri Critical Care Medical Center က လေ့ကျင့်သင်ကြားပေးကြတာဆိုတော့ စူဠလိပ်ကလေး ရေထဲလွှတ်သလို သူတို့ဆေးရုံထဲမှာ စပ်စုလေ့လာ အကဲခတ်ခွင့်ရတာကိုး။ စိတ်ထဲမှာ ဟာကနဲ ဟင်ကနဲ အံ့အားသင့်သွားတာတွေ အများကြီးပေမယ့် ကိုယ်တွေကို တောကတက်လာတယ် ထင်မှာစိုးလို့ အခုလို လူကွယ်ရာကျမှပဲ အားပါးတရ ဖောက်သည်ချရပါတော့မယ်။

ဆေးရုံပါဆိုမှတော့ လူနာတွေ မရှိလို့ ဘယ်သူတွေ ရှိရဦးမှာလည်းနော်။ ဒါပေမယ့် လူနာတွေရှိပြီး လူနာစောင့်တွေ သိပ်မတွေ့ရတာကျတော့ ကိုယ့်အတွက် ထူးဆန်းနေပါတယ်။ တချို့တလေပဲ အနားမှာ လူနာစောင့်လေး တစ်ယောက်နှစ်ယောက် တွေ့မိတယ်။ တော်တော်များများက လူနာစောင့်လည်း မရှိဘူး။ ကိုယ့်မျက်စိရှေ့တင် အရေးပေါ်လူနာတင်ယာဉ်နဲ့ ရောက်လာတဲ့ လူနာနှစ်ယောက်သုံးယောက် ရှိတယ်။ Paramedics လို့ခေါ်တဲ့ ကြက်ခြေနီသာသာလူကြီးတွေကပဲ ဖြစ်ကြောင်းကုန်စင် ရာဇဝင်ပြောပြနေရတယ်။ နောက်ကနေ ပူပူပင်ပင် လိုက်လာမယ့် အိမ်သူအိမ်သား မရှိကြဘူးလားမသိ။ လူနာတစ်ယောက်ရောက်ရင် ဆရာဝန်တွေ ဆရာမတွေချည့်ပဲ ဝိုင်းဝိုင်းလည်နေကြတယ်။ ကိုယ်တွေဆီမှာဆို “ဖယ်ကြစမ်းပါဦး။ လူနာကလေး ကြည့်ပါရစေ။” ဆိုမှ ခနကလေးဖယ်ပေးပြီး အလုအယက် ခြေဆုပ်လက်နယ်ပြုနေတဲ့သူတွေ သူတို့ဆီမှာ ရှိကိုမရှိဘူး။

အဲ့ဒါ သူတို့ဓလေ့ပဲနဲ့ တူတယ်ဆိုမှ ကိုယ်အလုပ်လုပ်ခဲ့ဖူးတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးကို သွားသတိရတယ်။ အဲဒီဆေးရုံကို ကိုယ်တွေဆီမှာခေါ်ကြတာက ဂျပန်ဆေးရုံလို့ခေါ်တယ်။ ဆရာဝန်တွေကတော့ JICA လို့ သိကြတယ်။ ဦးနေဝင်းလက်ထက်ကတည်းက ဂျပန်က လာလှူထားပေးတဲ့ ဆေးရုံလေ။ ကိုယ်တွေ ကျောင်းသားဘဝမှာတောင် သစ်လွန်းလို့ သစ်သစ်သစ်သစ်နဲ့ မြည်နေတဲ့ဆေးရုံ။ ဘယ်လောက်ထိသစ်လဲဆို မြန်မာတွေနဲ့ မတန်အောင်ကို သစ်တယ်။ သူတို့က အဆောက်အဦချည့်ပဲ ဆောက်လှူတာ မဟုတ်ဘူး။ အထဲက လိုအပ်တဲ့ ဆေးပစ္စည်း ကိရိယာ၊ နေရာထိုင်ခင်း၊ ပရိဘောဂ အားလုံး ဂျပန်မှာရှိတဲ့ ဆေးရုံအဆင့်အတန်းအတိုင်း လှူပေးတယ်။ သူနာပြုဆရာမတွေ အခန်းထဲကနေ လူနာကုတင်တွေကို လှမ်းခေါ်တဲ့ စကားပြောစက်ကလေး ရှိတယ်။ လူနာကုတင်ခေါင်းရင်းက ခလုပ်နှိပ်လိုက်ရင် သူနာပြုစားပွဲမှာ ဘယ်ကုတင်ကခေါ်သလဲ မီးလင်းတယ်။ လူနာတွေတက်တဲ့ အိမ်သာခန်းကနေ ကိစ္စပြီးရင် ဆရာမကို ခလုပ်နှိပ်ခေါ်လို့ရတယ်။ အဲ့ဒါတွေက ပြဿနာ မရှိဘူး။ ပြဿနာက လူနာစောင့်တွေကို ပေးနေစရာ မရှိဘူး။ သူတို့ဆီကလိုပဲ သူနာပြုဆရာမတွေက အကုန်လုပ်ပေးမယ်။ လူနာစောင့်တွေ ဆေးရုံအပြင်ကစောင့်၊ ထမင်းပို့ချိန်ကျမှ ပေးဝင်မယ်။

အဲဒီစံနစ်လုပ်လိုက်တာ မြန်မာလူနာတွေနဲ့ ပြဿနာ တက်တော့တာပဲ။ လူနာက အသည်းအသန်ဖြစ်လို့ ဆေးရုံတင်ပါတယ်ဆိုမှ ကိုယ့်မျက်စိကွယ်ရာမှာ ဘယ်သူက စိတ်ချထားနိုင်မှာတုန်း။ ဒါကြောင့် အဲဒီဆေးရုံဆို တက်ကို မတက်ချင်ကြဘူး။ တင်ရှောဆေးရုံလို့ နံမည်ပေးကြတယ်။ နောက်ဆုံးတော့ လူနာတွေ အဆင်မပြေလွန်းတာနဲ့ သံဃာအား ဘုရားမဆန်သာဆိုသလို ဒုံရင်းအတိုင်း ဥဒဟိုခွင့်ပြုလိုက်တဲ့အခါ အထဲရှိသမျှ အကုန်ပျက်တော့တယ်။ ကိုယ့်လူမျိုးအကြောင်းလည်း သိသားနဲ့။ အိမ်သာသွားရင် ရေဘုံဘိုင် ပြန်ပိတ်ရကောင်းမှန်းမသိဘူး။ တံခါးလက်နဲ့ဖွင့်လို့ ကြပ်နေရင် ခြေနဲ့ကန်ဖွင့်မယ်။ မရရင် ကုလားထိုင်နဲ့ ကောက်ရိုက်ပလိုက်မှာ။ ကိုယ်ဆရာဝန်ဖြစ်တဲ့အချိန်မှာ အကောင်းအတိုင်းကျန်တာဆိုလို့ အပြင်လူဝင်မရတဲ့ ICU ထဲက အိမ်သာကလေးတစ်ခုပဲ ရှိတော့တယ်။ မကောင်းလည်း နေပေါ့။ ဘာအရေးကြီးတာလိုက်လို့။ ဆေးရုံတက်ဖို့လာပါတယ်ဆိုမှ အိမ်သာတက်ဖို့ လာတာမှ မဟုတ်ပဲ။ လူမမာကို အနီးကပ် ကိုယ်ဖိရင်ဖိ ပြုစုပေးဖို့သာ လိုရင်း။

ကိုယ့်လူမျိုးတွေ အကျင့်ထဲမှာ နောက်တစ်ခုက လူမမာမေးလာကြတဲ့အကျင့်ပါ။ မမာတဲ့အချိန် သတင်းမေးဖို့မရောက်ရင် အင်မတန် ဝတ္တရားပျက်ကွက်တယ်လို့ ထင်ကြတယ်။ မျက်နှာကြီးလေ လူများလေ။ “ဝန်သေတစ်မတ်၊ ဝန်ကတော်သေ တစ်ကျပ်။” ဆိုတာ ကြားဖူးတယ် မဟုတ်လား။ သူတို့ဆီမှာတော့ လူမမာမေးတယ်ဆိုတာ လူနာကို အနှောက်အယှက်ဖြစ်စေတယ်လို့ မြင်တယ်။ လူကိုယ်တိုင်လာစရာမလိုဘူး။ ပို့စကဒ်လေးတစ်စောင်၊ ပန်းစည်းလေးတစ်စည်းသာပို့လိုက်။ အခုရောက်ခဲ့တဲ့ အိုဆာကာဆေးရုံအောက်မှာ ပန်းရောင်းတဲ့ဆိုင်ကြီး ဟီးထနေအောင် ရှိတယ်။ ဘယ်အရွယ် ဘယ်လောက်တန် လိုချင်သလဲ ပြော။ (တော်ပါသေးရဲ့။ ပန်းခွေရောင်းတာ မဟုတ်လို့)

ဒါပေမယ့် ကိုယ်တွေဆီက စံနစ်နဲ့က လူနာစောင့်ဆိုတာ မရှိမဖြစ် လိုအပ်တယ်။ များလေကောင်းလေ လို့တောင် ပြောရမယ်။ ဆေးရုံအပေါက်ဝ ကားဆိုက်လိုက်တာနဲ့ ပက်လက်လူနာကို လူနာတင်လှည်းပေါ်တင်ဖို့ ကိုယ့်အိမ်ကလူအလုံအလောက် မပါရင် အလုပ်သမားဆယ်ယောက် ဝိုင်းမတော့ ဆယ်ယောက်စာ မုန့်ဖိုးပေးရမယ်။ သမီးကိုမွေးတုန်းက ဒပ်ဖရင်မှာ လူနာခန်းကနေ ခွဲခန်းကိုရောက်အောင် အလုပ်သမားလေးယောက်ထမ်းချရလို့ တစ်ယောက်နှစ်ထောင် နဲ့ ရှစ်ထောင် ပေးရတယ်။ ဆရာဝန်မို့လို့ ဒစ်စကောင့် မရှိဘူး။ ကိုယ်တိုင်ထမ်းနိုင်ရင် ကိုယ့်ဘာသာထမ်းသွား။ ဆရာဝန်ဆီရောက်လို့ ဆေးရုံတင်မယ်။ စာအုပ်သွားလုပ်ပါဦးဆို ပြေးရတာကတစ်ယောက်၊ သွေးဖောက်ဖို့ ပုလင်းသွားတောင်းပါဦးဆိုတာက တစ်ယောက်။ ဓါတ်မှန်ရိုက်ဖို့ ငွေသွားသွင်းပါဦးဆိုတာက တစ်ယောက်။ သည်ဆေးကလေးတွေ ပြေးဝယ်လိုက်ပါဦးဆိုတာက တစ်ယောက်။ တစ်ခေါက်တည်းနဲ့လည်း ပြီးတာ မဟုတ်။ အခေါက်ခေါက် အခါခါ လွန်းထိုးသလို ပြေးဖို့ လူနာစောင့်တွေ မပါရင် ဘာမှလုပ်လို့မရဘူး။

သူတို့ဆီမှာတော့ဗျာ။ သွေးဖောက်စရာ လှည်းတစ်စီးပေါ်က သင့်တော်ရာ ပုလင်းရွေး၊ တံဆိပ်ကပ်၊ စာရွက်ဖြည့်ပြီးရင် သူနာပြုကောင်တာဘေးက ပုံးကလေးထဲထည့်လိုက်။ သူ့ဘာသူ ဓါတ်ခွဲခန်းသယ်သွားလိမ့်မယ်။ တအောင့်နေတော့ အဖြေသိချင် ကွန်ပြူတာထဲသာ ဖတ်လိုက်။ လူလွှတ်ပြီး ရွေးခိုင်းမနေနဲ့။ ဓါတ်မှန်လည်း ဒီအတိုင်းပဲ။ ဖလင်ချပ်ကြီးတွေ ပြူးပြဲနေအောင် ထောင်မကြည့်ကြတော့ဘူး။ ဆရာဝန်စားပွဲက ဗျူးဘောက်စ်ကလေးမှာ ဒစ်ဂျစ်တယ်နဲ့ လိုသလို ခြုံ့ချဲ့ကြည့်လို့ရတယ်။ မြန်မာ့မြန်မာ့ရုပ်ရှင်တောင် ဖလင်စံနစ်က ဒစ်ဂျစ်တယ် ဖြစ်သွားတာ ကြာလှပေါ့။ ကိုယ်တို့ဆရာဝန်တွေမှာ အမှောင်ခန်းထဲ အချပ်လိုက်ကြီး ကူးကြဆေးကြတုန်း။ ပြီးတော့ ဖလင်ဖိုးကလည်း နင့်နေအောင် ပေးရတာ။ ကိုယ်တွေဆီမှာ အခုမှ ၂၄ နာရီ တောင်းနိုင်ပဟဲ့ဆိုတဲ့ ၁၆ချပ် ကွန်ပြူတာဓါတ်မှန် CT Scan စက်ကြီးတွေဆို မော်ဒယ်အောက်လို့ ဘယ်နိုင်ငံမှာမှ မသုံးတော့ဘူးတဲ့။

ဒီ့ထက်ပို အံ့ဩဖို့ကောင်းတာ သူတို့ဆီက ဆရာဝန်တွေ ဘောပင် ဖောင်တိန် မသုံးတော့ဘူး။ ဘယ်ပေါ်သွားရေးရမှာလဲ။ စာရွက်စာတမ်းမှန်သမျှ ကွန်ပြူတာပေါ်မှာပဲ အက္ခရာတင်တော့တယ်။ လူနာကုတင်ခြေရင်းမှာ ကွန်ပြူတာတစ်လုံးစီရှိတယ်။ အချက်အလက်မှန်သမျှ အဲ့ဒီအထဲမှာ။ အရင်ကလို လူနာမှတ်တမ်းဖိုင်ဆိုတာ စက္ကူကြီးနဲ့ မဟုတ်တော့ဘူး။ လာကြည့်တဲ့ဆရာဝန်က ညွှန်ကြားချက်ကို အဲ့ဒီအပေါ်မှာ ရေးသွားရင် သူနာပြုကောင်တာက ကွန်ပြူတာထဲ တစ်ခါတည်းသွားပေါ်တယ်။ ဂျပန်တွေများ ဖင်ဆေးတာတောင် ခလုပ်နှိပ်ဆေးတော့ လူနာအီအီးတည်ချင် Enter ခေါက်ပြီးများ တည်ကြသလား မသိဘူး။ ငါတို့ဆီများ အဲလိုလာလုပ်လို့ကတော့ ဆရာမတွေ ဖေ့စ်ဘုတ်သုံးနေတာနဲ့ လူနာ ဘာဖြစ်သွားမှန်း သိလိုက်မှာ မဟုတ်ဘူး။ ဒါဆိုလည်း လွယ်ပါတယ်။ လူနာအကောင့်ထဲကနေ “ဆရာမ သမီးရဲ့ ဗိုက်ထဲက အောင့်အောင့်နေတယ်။” လို့ စတေးတပ်စ်တင်ပြီး တက်ဂ်လုပ်လိုက်။ ဟိုကလည်း “လာပြီ။ လာပြီ။ ဗိုက်လှန်ထားနှင့်။ feeling ကောင်းခန်းရောက်မှကွာ။ ကတောက်စ် …” ပေါ့။ ကောင်းဘူးလား။

အလွန်အင်မတန်မှကို စပ်စုတော်မူပေထသော မောင်စံဖားကလေးဆိုတော့ ထင်မိထင်ရာတွေလည်းပဲ စွပ်ရွတ် မေးမြန်းခဲ့ပါတယ်။ “မင့်တို့ဆီ မီးများပျက်သွားရင် ခက်ရချည်ရဲ့။ ဘာအလုပ်မှကို ဆက်လုပ်လို့ရတော့မှာ မဟုတ်ဘူး။” လို့ ကိုယ်ကျွမ်းကျင်တဲ့ဘက်က ဝုန်းလိုက်တာပေါ့။ အဲ့တော့ ဘောစိကြီးက လှမ်းပြတယ်။ ဟောဟိုနောက်ဘက်က Back up ဘက်ထရီကြီးက အနည်းဆုံး သုံးရက်စာ ခံပါသတဲ့။ ဒါတောင် အရေးပေါ်မီးစက်ကြီး အကြောင်း မပြောသေးဘူး။ “လူနာတွေက ဘယ်သူကမှ ထမင်းလာမပို့ဘူးလား။” လို့ မေးတော့ “လူနာအစားအစာကို ဆေးရုံက သင့်တော်သော အာဟာရပညာရှင်များနဲ့ တိုင်းတာတွက်ချက် ကျွေးမွေးတာမို့ ပြင်ပအစားအစာ ကျွေးခွင့် မပြုပါဘူး။” တဲ့။ “မင်းတို့ကျွေးတာတွေ သူ ကြိုက်ချင်မှ ကြိုက်မှာပေါ့။” ဆိုတော့ မကြိုက်ရင် အစားအသောက် ခံတွင်းပျက်ရခြင်းအကြောင်းရင်းကို ရှာဖွေကုသရပါသတဲ့။ သူ့အရပ်နဲ့ သူ့ဇာတ်တော့ ဟုတ်လို့။

ရှင်ဘုရင့်ပုဆိုးဆိုတော့ ပိုးချည့်ပဲ နေမှာပေါ့လေ။ ချမ်းသာတဲ့နိုင်ငံဆိုတော့ ဇီဇာချဲ့နိုင်မှာပေါ့။ ကျန်းမာရေးအသုံးစားရိတ် မှန်သမျှ အစိုးရကချည့် ကျခံတာလားလို့ မေးမိပါတယ်။ ခုနစ်ဆယ်ရာနှုန်းအစိုးရကပေးရပြီး ကျန်တဲ့ သုံးဆယ်ရာခိုင်နှုန်းသာ လူနာက ပေးရပါသတဲ့။ ဒါလည်းပဲ အကုန် လူနာကပေးရတာ မဟုတ်။ အလုပ်ရှင်၊ လုပ်ငန်းဌာနဘက်က ၁၅%၊ ကာယကံရှင်က ၁၅% ပါတဲ့။ များနေသေးသလား။ ကျန်းမာရေးအာမခံထားလိုက်။ တစ်ပြားမှ ပေးစရာမလိုတဲ့အပြင် နေ့တွက်၊ လုပ်ခ၊ စားရိတ်ပါမကျန် ပြန်အမ်းလိုက်ဦးမှာတဲ့။ သူတို့ဆီမှာ အာမခံက အားကြီးခေတ်စားပါတယ်။ ကားချင်းတိုက်ရင်လည်း ဘာမှ စိတ်ပူမနေနဲ့။ လူဘာဖြစ်သွားလဲ ဆင်းကြည့်ပြီးရင် ကိုယ့်အာမခံကုမ္ပဏီသာ ဖုန်းဆက်ခေါ်တော့။ ပြင်မပြီးမချင်း စီးစရာကားပါ စီစဉ်ပေးလိမ့်မယ်။ ဒါကြောင့်လည်း ထားလိုက်ကြတဲ့ အာမခံတွေမှ ဗွက်ပေါက်နေတာပဲ။ ဂျနီဖာလို့ပက်ဇ်ဆို သူ့အိုးကြီးတောင် အာမခံထားပါသတဲ့။ မတော်တဆ တွဲရရွဲစိန်ဖြစ်သွားရင် နင့်နေအောင် လျော်ကြေးတောင်းမလို့နဲ့တူရဲ့။

လက်စသတ်တော့ ဒင်းတို့က ကိုယ်ပေးရတာ မဟုတ်တိုင်း ဗာရာဏသီချဲ့နိုင်ပေသကိုး။ ဒီလိုမှဖြင့်လည်း အပြင်မှာပဲ ထွက်ခွဲကြရောပေါ့။ ဘာဖြစ်လို့ အစိုးရဆေးရုံလာတက်နေသေးလဲ။ ဟုတ်ဘူးလား အားပုဂျိရယ် လို့ စကားခေါ်လိုက်တော့ ပိုပြီး အံ့ဩစရာကောင်းတာ ကြားရပါတယ်။ ကြိုက်တဲ့ဆီသွားခွဲလေ။ ဂျပန်တစ်ပြည်လုံး ကျန်းမာရေး ကုန်ကျစားရိတ်တွေက အကုန် တပြေးညီ သတ်မှတ်ထားပြီးသား။ ရောဂါတူရင်၊ ခွဲစိတ်မှုချင်းတူရင် ဘယ်နေရာမှာခွဲခွဲ ဒီဈေးပဲ ပေးရမယ်တဲ့။ စာအုပ်ကြီးတစ်အုပ် ထုတ်ပြတယ်။ ဘယ်ရောဂါဖြစ်၊ ဘာဆေးပေး၊ ဘယ်လိုခွဲ၊ ဘယ်လောက်ကျ၊ လုံးစေ့ပတ်စေ့ တွက်ချက်ထားတယ်။ လူနာတစ်ယောက်အတွက် တစ်နေ့ဆေးကုသစားရိတ် အကြမ်းဖျင်းအားဖြင့် ယန်းသုံးထောင် ပတ်ဝန်းကျင်ကြမ်းခင်းဈေးရှိတယ်။ ကုသမှုတစ်ခုချင်းအလိုက် မီတာတက်တက်သွားတယ်။ ဒါပေမယ့် ဆေးရုံတက်ရက်တွေကြာလာရင် ဈေးတွေက လျော့လျော့လာတယ်။ နောက်ဆုံး လူနာဘက်က ပိုက်ဆံမလိုက်နိုင်တော့လို့ ဒေဝါလီခံသွားရင် ဆေးရုံက အိပ်စိုက်ကုသရသတဲ့။ ရိုးရိုးသာမန်အူအတက်ယောင်လို့ လွယ်လွယ်ကူကူခွဲစိတ်ပြီး ချောချောမောမောဆေးရုံဆင်းသွားတဲ့ လူနာစားရိတ်ဟာ မြန်မာငွေနဲ့ဆို ၁၅သိန်းလောက် ကျမယ်။ သွေးတိုးရောဂါအခံရှိရင် ဈေးနည်းနည်းပိုမယ်။ ဆီးချိုရောဂါပါရှိရင် သည့်ထက်ပိုဦးမယ်။ အမယ်။ သူတို့ဆီက လှေဝယ်စီးလို့ တက်အလကား မရဘူး။ အကုန် သူ့ဈေးနဲ့သူ။ ဆရာဝန်ကရတာတော့ မဟုတ်ဘူး။ ဆေးရုံကရသမျှ အစိုးရပြန်သွင်းတန်သွင်းပြီး ကိုယ့်အသုံးစားရိတ်နဲ့ကိုယ် လည်ပတ်ရတာ။ (တို့ဆီက TMO ကြီးများနဲ့ တွေ့လို့ကတော့ လောက်တောင် မလောက်ဘူး။)

“အေးပါကွာ။ မင်းတို့ဆီက ဒီမိုကရေစီစံနစ်ကို အရှိန်တော်တော်ရနေပြီဆိုတော့ တစ်ခုပဲ သိချင်ပါတယ်။ ရွေးကောက်ပွဲနီးတဲ့အခါ ဆရာဝန်တွေ ဆေးအလကားကုပေးမယ်လို့ ခေါ်ပြီး မဲမဆွယ်ကြဘူးလား။” လို့ မေးတော့ ရှီးဖော က ရယ်တယ်ဗျ။ ရှိတယ်လေ။ ဒါပေမယ့် အဲသလိုမျိုး ဆရာဝန်အားကိုး ပုဆိန်ရိုး၊ အလကားကုပေးမယ်လို့ မဲဆွယ်တဲ့ နိုင်ငံရေးသမားဟာ ဘယ်တော့မှ မနိုင်ဘူး။ ရှုံးကိုရှုံးတာ မြေကြီးလက်ခတ်မလွဲ။ ဘာဖြစ်လို့ဆိုတော့ ဆေးရုံက အလကားကုပေးလိုက်လို့ ဘတ်ဂျက်တွေလိုအပ်လာတဲ့အခါ ဘယ်နိုင်ငံရေးသမားကမှ သူ့အိပ်ထဲက စိုက်မှာ မဟုတ်ဘူး။ ဒေသခံပြည်သူတွေဆီကပဲ အခွန်တွေတိုးကောက်ပြီး အဲဒီပိုက်ဆံတွေ ပြန်ပေးရတာ။ အာဏာတောင် မရသေးဘူး။ ပြည်သူ့ဘဏ္ဍာကို သူ့အကျိုးစီးပွားအတွက် သုံးချင်တဲ့သူကို ဘယ်သူကမှ မဲထည့်မှာ မဟုတ်ဘူး တဲ့။ မေးမိတဲ့သူတောင် ပါးစပ်ကြီးအဟောင်းသားနဲ့ ဟဲတော်။ ဟောဗျာ။ ငုတ်တုတ်မေ့သွားပါလေရော။

အစကတည်းက လက်ရည်မတူတဲ့ပွဲကို သွားသွားပြီး ယှဉ်ယှဉ်ကြည့်နေတာကိုက ကိုယ့်ရဲ့အမှားပါ။ ဂျပန်ဆိုတာက အာရှမှာ ထိပ်ဆုံးးက ပြေးနေတဲ့ စက်မှုနိုင်ငံတစ်ခု။ သူ့ဆီက ကျန်းမာရေးအသုံးစားရိတ်ဟာ GDP ရဲ့ ၈.၆% ပဲ ရှိတာမို့ ၁၇.၇% ရှိတဲ့ အမေရိကန်ရဲ့ ထက်ဝက်ပဲ ရှိပါတယ်ဆိုပြီး ငိုကြီးချက်မဖြစ်နေလိုက်တာ။ ကိုယ်တို့မြန်မာပြည်ဆို ၂% ပဲ ရှိတယ်။ ဘယ့်နှယ့်လုပ်မလဲ။ အဲဒါတောင် ကျပ်သန်းပေါင်း ၁၀၀,၈၂၄.၆ မို့လို့ လွန်ခဲ့တဲ့ ၅ နှစ်ထက်စာရင် ၂ဆကျော်ကျော် တက်လာတာ။ အကျိုးဆက်ချင်းကတော့ ကွာတာပေါ့လေ။ သူတို့ဆီ လူတစ်ထောင်မွေးလို့ ကလေး ၃ ယောက်သေတဲ့အချိန်မှာ ကိုယ်တို့ဆီက ၂၅.၆ ယောက်သေတယ်။ ဒါပေမယ့် စာရွက်ပေါ်က ကိန်းဂဏန်းတွေကြည့်ပြီး မျက်ကလဲဆန်ပြာ မထိတ်သာ မလန့်သာ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်းဆိတ်အထွာပေါ့။ ကိုယ်တို့ဆီမှာလည်း စံချိန်မမီသော်ငြား မဖြစ်ဖြစ်တဲ့နည်းနဲ့ လူနာတွေကို နေ့မအားညမအား ကုပေးနေကြသားပဲ။ သာလို့ကောင်းလို့ထွက်သွားပြီး ချိုကျိုးနားရွက်ပဲ့တွေချည့် အထဲကျန်နေတာမျိုး မဟုတ်ပါဘူး။ အထဲကကြောင်တွေ ခံတွင်းမပျက်သလို အထဲကဆက်ရက်တွေကလည်း တောင်ပံမကျိုးပါဘူး။ အလုပ်ထဲကအကြောင်းကို အလုပ်ထဲနေသူတွေက အသိဆုံးပါ။ ဂျပန်မှာ ဆေးတက္ကသိုလ်တစ်ခုက တစ်နှစ်ကို ဆေးကျောင်းသား ၈ဝ ပဲ စီစီစစ်စစ် လက်ခံနေတဲ့အချိန်မှာ ကိုယ်တို့ဆီက ဆေးကျောင်းတွေ ဘယ်လိုစာသင်နေရသလဲ ကိုယ်တို့ပဲ သိတယ်။ နိုင်ငံခြားထွက်လာတာ အမြင်ကျယ်ချင်လို့၊ နွားခြေရာခွက်အပြင်မှာ ဘာတွေရှိသလဲ ကြည့်ခဲ့ဖို့ပဲ ဖြစ်တယ်။ ကိုယ့်တိုင်းပြည်ကိုယ် အထင်သေးဖို့တော့ မဟုတ်ဘူး။ ကောင်းတာတွေရှိရင် အတုခိုးမယ်လေ။ မတတ်တာတွေရှိရင် သင်ခဲ့မယ်လေ။

ကိုယ့်ထက် အဆပေါင်းများစွာ တိုးတက်ထွန်းကားနေလို့ ဂျပန်ဖြစ်ရတဲ့အရသာ မြန်မာထက်ကောင်းလိမ့်မယ်များ ထင်သလား။ မြန်မာပြည်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ဦးရေ တစ်နှစ်ကို ၁၂၀ဝ ပဲ ရှိတဲ့အချိန်မှာ သူတို့ဂျပန်တွေက နှစ်စဉ်နှစ်စဉ် လူသုံးသောင်း သတ်သေကြသတဲ့။ လူဦးရေက ကိုယ့်ထက် ၂ ဆ ပဲ များတာ။ ဂျပန်လေးတွေ ဂျပန်မလေးတွေဟာ အားကြီးလှကြတာပဲ။ ဝတ်စားပြင်ဆင်ထားလိုက်တာလည်း ကျော့လို့မော့လို့။ ဘယ်တော့ ကြည့်လိုက်ကြည့်လိုက်၊ ခါးကလေးညွှတ်ကာညွှတ်ကာ၊ အပြုံးကလေး အရယ်ကလေးများနဲ့ တွေ့လိမ့်မယ်။ ဒါပေမယ့် အဲဒီအပြုံးက ဖော်ရွေတဲ့ အပြုံး၊ ပျူငှာယဉ်ကျေးတဲ့ အပြုံးသာဖြစ်တယ်။ စိတ်ထဲက ရွှင်လန်းပြီးတက်လာတဲ့ အပြုံးမျိုး မဟုတ်ဘူး။ ပိုက်ဆံတွေအများကြီးရဖို့၊ အများကြီးသုံးနိုင်ဖို့ အလုပ်တွေလည်း အများကြီးလုပ်ရတယ်။ ဂျပန်မှာ လတ်လျားလတ်လျားနေတဲ့သူဆိုတာ မရှိဘူး။ လမ်းတောင် အပြေးကလေးလျှောက်ကြရတာ။ ရထားစီးတာ၊ ကားစီးတာ တန်းမစီရသော်ငြား။ ထမင်းစားတာ၊ ရုပ်ရှင်ကြည့်တာ တမေ့တမော တန်းစီကြတယ်။ ယူနီဗာဆယ်စတူဒီယိုမှာ Spider Man ကလေး ၁၅ မိနစ်စာကြည့်ဖို့ရာ ၃ နာရီလောက် စိတ်ရှည်လက်ရှည် တန်းစီနိုင်ကြတယ်။ တခါတလေ အသာစံရဖို့ ဘယ်နှစ်ခါ အနာခံရမလဲ အိုဘယ် မနှင်းဆီစံရယ်။ သူတို့ဘဝမှာ သာယာတဲ့အခိုင်အတန့်ကလေးက အဲဒီကျောင်းသားဘဝ ဆယ်ကျော်သက်မှာပဲ ရှိလိမ့်မယ်။ အဲသည်ကကျော်တာနဲ့ အသက်မွေးဝမ်းကျောင်းဖို့၊ စားဝတ်နေမှု၊ လူနေမှုအဆင့်အတန်း၊ အိမ်ထောင်သားမွေးတွေနဲ့ မပျော်နိုင်အားကြတော့ဘူး။

အသက်ကြီးတဲ့အခါ သနားစရာကောင်းလှတယ်။ ဆေးရုံက အထူးကြတ်မတ်ကုသခန်းထဲမှာ လူနာအားလုံးလိုလိုက သက်ကြီးရွယ်အိုတွေချည့်ပဲ။ ဆင်းလည်းမဆင်းနိုင်ကြဘူး။ လူအိုနာဆိုတော့ ပျောက်မယ့်ရောဂါလည်း မဟုတ်။ မသေမရှင်ဆိုတဲ့ အဖြစ်ကို ရောက်ကြတယ်။ အိမ်မှာ လူစောင့်တစ်ယောက်ထားပြီး ပြုစုရတဲ့ စားရိတ်ထက် ဆေးရုံပေါ်တင်ထားတဲ့စားရိတ်က မယှဉ်နိုင်အောင်ကွာတာဆိုတော့ သုဝဏ္ဏစံတို့လည်း ဒုကူလနဲ့ ပါရိကာကို ဆေးရုံအပ်ပြီး သူတို့ကိုယ်တိုင်က မိဂသမ္ပဒါမြစ်ကမ်းဆင်းရတယ်။ တစ်နေ့တစ်ခေါက်လောက် အိုကစံ၊ အိုနီးစံ၊ ဟိုက်၊ ဟိုက် လာလုပ်နိုင်ရင် တော်လှပြီ။ ဆေးရုံဘက်ကျတော့လည်း အဲဒီလူနာတွေကို တော်တော်ငြီးငွေ့နေပြီ။ ပျောက်မှာလည်း မဟုတ်။ ကုတင်တွေမအားတော့ ငယ်ငယ်ရွယ်ရွယ် ကိုယ်ကုလိုက်ရင် ယူပစ်သလိုပျောက်သွားမယ့် လူနာတွေအတွက် နေရာမပေးနိုင်တော့ဘူး။ (အမှန်တော့ အလကားမတ်တင်း ကြည့်ပေးနေရတဲ့ လူအိုလူနာတွေအစား မျိုးမျိုးမြက်မြက်လည်းရ၊ နံမည်ကောင်းလည်းကျန်တဲ့ အငယ်တွေကို ဦးစားပေးချင်တာလည်း ပါကောင်းပါမပေါ့။) လူအိုတွေကများပါတယ်ဆိုမှ ဘုန်းတော်ကြီးလို့ သက်တော်ရှည်၊ ဒုက္ခတွေပွေကြပေသကိုး။

ပြင်သစ်ပုံပြင်ထဲက ကျောင်းအမကြီး တစ်ယောက်အကြောင်း သွားတွေးမိပါတယ်။ တခါတုန်းက အမျိုးသမီးကြီးတစ်ယောက်ဟာ ဘုရားရှိခိုးကျောင်း အကြီးကြီးဆောက်လှူပြီးတဲ့နောက် မတောင်းကောင်းတဲ့ဆုတောင်းတစ်ခုကို တောင်းလိုက်မိပါသတဲ့။ “တပည့်တော်မရဲ့ အသက်ဟာ တပည့်တော်မလှူတဲ့ ကျောင်းတော်ကြီးလောက် ရှည်ကြာမယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။” တဲ့။ ကံကဆိုးချင်တော့ သူ့ဆုတောင်းကို ဘုရားသခင်က ကြားတော်မူသွားပါတယ်။ ဒီလိုနဲ့ သူနဲ့ရွယ်တူတန်းတူ ချစ်သူခင်သူတွေအားလုံး ဘဝတစ်ပါးကို ပြောင်းသွားပေမယ့် ကျောင်းအမကြီးကတော့ အသက်တွေ ရှည်နေတုန်းပဲ။ သားသမီးမြေးမြစ်များ ကွယ်လွန်သည့်တိုင်အောင်လည်း သူ့မတော့ သက်ရှည်ကျန်းမာ အေးကမာ္ဘ။ ကြာလာတော့ သူ့တစ်ယောက်တည်း အထီးကျန်လာတာပေါ့။ တဖြေးဖြေးနဲ့ သူ့ကိုသိတဲ့လူတွေလည်း မရှိတော့ဘူး။ သူလည်း ဘယ်သူနဲ့မှ အဆက်အဆံမလုပ်ပဲ အိမ်တွင်းပုန်းနေဖြစ်သွားတယ်။ ခရစ္စမတ်ညရောက်လို့ ဘုရားကျောင်းတော်ကြီးက ဒေါင်ဒေါင်ဒင်ဒင် ခေါင်းလောင်းသံတွေ ကြားရတဲ့အခါမတော့ အိပ်နေသလိုလို သေငယ်ဇောနဲ့မျောနေသလိုလို ရှိတဲ့ အမယ်အိုကြီးဟာ ငေါက်ကနဲထထိုင်ပြီး “ဟယ်.. ဒီကျောင်းကြီးကလည်း ခုထက်ထိကို မပြိုနိုင်သေးပဲကိုး။” လို့ မြည်တမ်းပြီး စိတ်ပျက်လက်ပျက်နဲ့ ပြန်အိပ်မောကျသွားသတဲ့။ တစ်နေ့သောအခါမှာတော့ လေပြင်းမုန်တိုင်းကြီးကျပြီး ဘုရားရှိခိုးကျောင်းကြီး ပြိုပျက်သွားတဲ့အခါ အမယ်အိုကြီးရဲ့ ညည်းညူသံကို နောက်ထပ် မကြားရတော့ဘူးတဲ့။ သူကနောက်ထပ် ဆုတောင်းတစ်ခုခု တောင်းလိုက်လို့လား။ နဂိုကတည်းက သူ့ဆုတောင်းက သည်အထိပဲ ပြည့်ရမယ်လို့ ဘုရားသခင်က စီမံထားသလားတော့ မပြောတတ်ပါဘူးကွယ် လို့ ပုံပြင်က အဆုံးသတ်ထားပါတယ်။

ဒီပုံပြင်ကလေးကိုဖတ်ပြီးသွားတဲ့အခါမှာတော့ ဘဝတစ်သက်တာမှာ အမြဲတမ်း အကြောက်ကြီးကြောက်ခဲ့မိတဲ့ သေခြင်းတရားဆိုတာကို သူမရှိလို့လည်း မဖြစ်သေးပဲလေ လို့ သဘောပေါက်လာပါတယ်။ အသက်အရွယ်ကလေးရလာတဲ့အခါ ကို်ယ်နဲ့ ခင်မင်ကျွမ်းဝင် တွယ်တာမိသူတွေက တစ်ယောက်ပြီးတစ်ယောက် ပြန်မလာနိုင်တော့တဲ့ အရပ်ဆီထွက်သွားကြပြီ။ ကိုယ့်အလှည့်မရောက်သေးသရွေ့တော့ ကိုယ်သာလျှင် အမြဲ ကျန်ရစ်သူကြီး ဖြစ်နေရဦးမှာပဲ။ သည်လိုနဲ့ ကိုယ့်နှလုံးသားဟာ သည်မှာဘက်ကမ်းကနေ ဟိုမှာဘက်ကမ်းဆီမှာ ကျင်လည်ကျက်စားတာ များလာတော့မှာပဲ။ သူတို့ပြန်မလာနိုင်တော့ဘူး မဟုတ်လား။ ပြန်ဆုံချင်သပဆို ကိုယ်ကလိုက်သွားဖို့ပဲ ရှိတယ်လေ။ သည်ရထား မမီတော့လည်း နောက်တစ်ခေါက်ပေါ့။ တစ်နေ့နေ့တော့ ရောက်ကိုရောက်ရဦးမှာပါ။ အဲဒီတော့မှ ဟဲတော်၊ ဟောဗျာ နဲ့ တအံ့တဩဖြစ်မနေကြနဲ့။ ဘာမှ မထူးဆန်းဘူး။ သိလား။

credit ( Dr Soe Min)

7 comments

  • kolumbus

    September 26, 2013 at 9:26 pm

    ဆေးအလကားကုပေးပြီး မဲဆွယ်မယ့်သူမရှိဘူးလားဆိုတဲ့ အပိုင်းလေးကို ဖတ်ရတော့၊ ကျနော့တို့ဆီမှာ အဲ့လို အမြင်မျိုးရှိတဲ့သူ နည်းနေတယ်။ သူကြီး ပြောပြောနေတဲ့ စနစ်ကြောင့်မဟုတ်ဘူးဆိုတာလေး ကိုမြင်ရတယ်။

  • ကျော်စွာခေါင်

    September 26, 2013 at 10:49 pm

    ဗဟုသုတရသလို ဖတ်ရတာလည်း အင်မတန်ကောင်းတဲ့ စာပါဗျာ…။
    နောက်ထပ်အတွေ ့အကြုံတွေလည်း မျှဝေပေးပါဦး…။

  • အရီးခင်

    September 27, 2013 at 4:27 am

    {
    သည်ရထား မမီတော့လည်း နောက်တစ်ခေါက်ပေါ့။ တစ်နေ့နေ့တော့ ရောက်ကိုရောက်ရဦးမှာပါ။ အဲဒီတော့မှ ဟဲတော်၊ ဟောဗျာ နဲ့ တအံ့တဩဖြစ်မနေကြနဲ့။ ဘာမှ မထူးဆန်းဘူး။ သိလား။
    }
    ဂယ်ကြီးလား။ ဘိုလိုသိတုန်း။
    (နောက်တာပါ – အဲဒီစာသား တွေကို သဘောကျလို့)
    😛

  • Ma Ma

    September 27, 2013 at 8:17 am

    သူ့အရပ်နဲ့ သူ့ဇာတ်လို့ပဲ ပြောရမယ်ထင်တယ်။

    ဒီမှာတော့ ကိုယ့်လူနာ ကိုယ်စောင့်ပြီး စပါယ်ရှယ်နာ့စ်ခေါ်ထားတာတောင် ထမင်းကျွေး ဆေးတိုက်လောက်သာ လုပ်ပေးချင်တာ။

    လူနာက ဆီးဝမ်းသွားရင် ကိုယ်တိုင်ပဲ သွန်ရဆေးရ လုပ်ပေးရတယ်။
    (တကယ်တော့ ကိုယ့်သားချင်းရဲ့ အညစ်အကြေးကို သူများခိုင်းရမှာလည်း အားနာပါတယ်။)

    မလှုပ်နိုင်တဲ့လူနာဆိုရင် သန့်ရှင်းရေးလုပ်ပေးဖို့ ကိုယ်တိုင်မလုပ်တတ်တော့ သူတို့ကို တောင်းဆိုမှ လုပ်ပေးတာ။

    ဒါတောင် စပါယ်ရှယ်နာ့စ်ရှားလို့ ရအောင်တောင် မနည်းးးးးးးးးးးးး 🙁

  • kyeemite

    September 27, 2013 at 11:19 am

    “ သေခြင်းတရားဆိုတာကို သူမရှိလို့လည်း မဖြစ်သေးပဲလေ လို့ သဘောပေါက်လာပါတယ်။ ”
    အင်း…သေခြင်းတရားရှိနေတာတောင် တစ်နေ့တခြား လူဦးရေတွေတိုးပွားလာလို့
    ကမာ္ဘ့စားနပ်ရိက္ခာအတွက် ခေါင်းချင်းရိုက်နေကြရပြီ… :rolll:

  • TNA

    September 29, 2013 at 5:03 pm

    ဖတ်လိုက်ရတာ တအံ့တဩပါပဲ။ တကယ့်ကို ဟယ်တော်တပြီးဖတ်လိုက်ရပါတယ်။ တကယ့်ကိုလဲ အားကျနမူနာယူစရာပါပဲ။

Leave a Reply