“ဟီရိုရှီးမားပုံပြင်”

nicolus agralOctober 16, 20131min1593

သီတင်းဝါလကျွတ်တော့မှပဲ ကိုယ့်ဆီကလူတွေမလည်း ဟိုဘက်ကမ်းကမီးထိန်ထိန်၊ သည်ဘက်ကမ်းကမီးထိန်ထိန်၊ တထိန်ထိန်တောက်အောင် ရှို့တဲ့သူကရှို့၊ တအုန်းအုန်းမြည်အောင် ဗျောက်အိုးဖောက် ပေသီးထုတဲ့သူကထုဆိုတော့ မသိသားဆိုးရွားလှတဲ့ကောင်တွေ သည်ရထားပေါ်တက်ရင် ဘယ်ဘူတာရောက်မလဲဆိုတဲ့အကြောင်း ပြောပြချင်လာပါတယ်။ တိုက်တိုက်ရယ်မှဆိုင်ဆိုင် အခုရက်ပိုင်း သွားလေ့လာဖြစ်တဲ့နေရာက ဟီရိုရှီးမားမြို့ကလေး ဖြစ်နေတယ်။ ကမာ္ဘပေါ်မှာ ပညာသင်ကြားဖူးတဲ့ကလေးတွေမှန်သမျှ အဲဒီမြို့ကလေးနံမယ်ကို မသိတဲ့သူ မရှိဘူး။ ကျောင်းသင်ခန်းစာတိုင်းမှာ ပါတယ်လေ။ သူတို့ဆီက ပြတိုက်ထဲမှာ ကိုယ်တို့ မြန်မာပြည်က ဆဋ္ဌမတန်း မြန်မာ့သမိုင်းဖတ်စာကလေးတောင် တွေ့ခဲ့မိသေးတယ်။ အဲဒီအထဲမှာလည်း ဟီရိုရှီးမား နဲ့ နာဂါဆာကီအကြောင်းပါတယ် မဟုတ်လား။ ကမာ္ဘပေါ်မှာ ဗုံးရယ်လို့ပြောလိုက်ရင် သူ့ထက်ကြောက်စရာကောင်းတာတောင် သူ့လောက် ကြောက်စရာ မကောင်းဘူးလို့ ပြောရမယ့် အနုမြူဗုံးတွေ ပေါက်ကွဲခဲ့တဲ့နေရာပေါ့။ သူတို့နိုင်ငံတွေကတော့ “Atomic Bomb” လို့ခေါ်ကြတယ်။

အဲဒီမြို့ကလေးနှစ်မြို့အကြောင်းကိုပြောမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၇ဝ နီးပါးဖြစ်တဲ့ ဒုတိယကမာ္ဘစစ်ကာလကို ပြန်ဇာတ်ကြောင်းလှန်မှ သဘောပေါက်လိမ့်မယ်။ သိမှီသူတွေ ဘယ်ရှိတော့မလဲ။ ကိုယ့်အဘိုးအဘွားတွေ လက်ထက်တုန်းကဟာကို။ ဒါလေးများ ဘာခက်လို့လဲ။ ဆယ်တန်းအောင်ပြီးတဲ့သူတိုင်း သိပြီးသား။ ကမာ္ဘ့သမိုင်းထဲတင်မကဘူး။ မြန်မာ့သမိုင်းထဲတောင် ပါသေးတယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ကြတာလေ။ ဟုတ်တော့ ဟုတ်သားပါပဲ။ ဒါပေသိ နည်းနည်းလေးတော့ လွဲနေသေးတယ်။ ကိုယ်တို့သင်ရတဲ့ အဲဒီသမိုင်းကြောင်းက ဟိုးတုန်းက ရွှေမန်းတင်မောင်သားတွေ “ငါ့ညီ ငါ့မြေ ငါ့အမေ” ဆိုပြီးရိုက်တဲ့ သီဟတင်စိုး ဇာတ်လမ်းမျိုးတွေ။ ကမာ္ဘ့သမိုင်းနဲ့လည်း မကွာပါဘူး။ အမေရိကန်ကရိုက်တဲ့ “ပုလဲဆိပ်ကမ်း” (Pearl Harbor) ကို ပြန်ကြည့်ပါလား။ ဖက်ဆစ်တွေ ဘယ်လောက်ယုတ်မာ ရက်စက်တယ်ဆိုတာ တွေ့ရလိမ့်မယ်။ အဲသလောက်နဲ့ ကိုယ့်ဘာသာကိုယ် ပြည့်စုံလုံလောက်ပြီ ထင်ရင်လည်း ပြီးတာပဲ။ နောက်ထပ် ဘာအသိသင်ခန်းစာမှ ထပ်မရတော့ဘူး။ တကယ်လို့များ အဲသည်ထက်ပိုပြီး ပြည့်စုံတဲ့ အသိအမြင်တစ်ခုခု ကို လိုချင်သေးတယ်ဆိုရင်တော့ ဂျပန်တွေ အဲဒီအချိန်တုန်းက ဘယ်လိုတွေးသလဲ။ ဘယ်လိုခံစားသလဲ။ ဘာကြောင့် အဲသည်လမ်းကိုလျှောက်သွားသလဲဆိုတာ သူတို့ဘက်က အမြင်ကို ဝင်ကြည့်လိုက်မှ သုံးဘက်မြင် ရုပ်လုံးကြွ ပုံရိပ်တစ်ခုကို ရပါလိမ့်မယ်။

ပထမဦးဆုံးအနေနဲ့ ဂျပန်နိုင်ငံကို ပထဝီကစပြီး မိတ်ဆက်ပေးရရင် ဂျပန်ဆိုတာ အာရှတိုက်ကြီး အရှေ့ဘက်ဖျားက ကျွန်းပေါင်း ၆၈၅၂ ခု နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတာပေါ့။ သူတို့ကိုယ်သူတို့ နိပွန် ဒါမှမဟုတ် နီဟွန်း လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ နေနတ်နွယ်တွေပါတဲ့။ ကိုယ်တို့ဗုဒ္ဓဘာသာ ကျမ်းဂန်အယူနဲ့ဆိုရင်တော့ အဲသည်စကားလုံးကို ပြုပ္ဗာကျွန်း လို့ ခေါ်မလားမသိဘူး။ နေထွက်ရာအရပ်တဲ့။ ဂျပန်နိုင်ငံကိုပထမဦးဆုံးရှာဖွေတွေ့ရှိ မှတ်တမ်းတင်သွားခဲ့တာကတော့ အေဒီ ၁ ရာစုက ဟန်မင်းဆက် သမိုင်းမှတ်တမ်းများထဲမှာ ဖြစ်ပါသတဲ့။ အဲဒီနောက် သမိုင်းစဉ်တလျှောက်လုံး ဂျပန်ဟာ ငုပ်ကောင်အဖြစ် ဘယ်သူနဲ့မှ အဆက်အဆံမရှိပဲ တသီးတခြားနေလာခဲ့တာ ၁၉ရာစုကုန်ကာနီးလောက် အထိတိုင်အောင်ပါပဲ။ ဂျပန်နိုင်ငံရဲ့ထူးခြားချက်က ၁၈၆၈ ခု ရောက်တဲ့အထိ သူများနိုင်ငံတွေနဲ့ စွက်ဖက်ကျူးကျော်ရန်ပြုခြင်း မရှိခဲ့သော်လည်းပဲ သူ့သမိုင်းမှာ စစ်ဘုရင်များကသာ အစဉ်အဆက် အုပ်ချုပ်မင်းလုပ်ခဲ့ပါသတဲ့။ သူတို့ဘာသာနဲ့ ရှိုဂန် လို့ခေါ်တယ်။ သူရဲကောင်းတွေမွေးထုတ်တဲ့ တိုင်းပြည်ကလေးဆိုရင်လည်း မမှားဘူး။

သူ့ဘာသူ တသီးတခြားနေတဲ့ ဂျပန်နိုင်ငံကို ၁၈၅၃ မှာ အနောက်ဘက်တံခါး အတင်းဆွဲဖွင့်ပေးသွားတာကတော့ အမေရိကန်ကြီးတွေ ဖြစ်ပါသတဲ့။ အဲဒီအချိန်ကစလို့ အင်မတန် အရှေ့တိုင်းဆန်တဲ့ အာရှသားကြီးဂျပန်ဟာ အနောက်နိုင်ငံတွေဆီက နိုင်ငံရေး၊ တရားစီရင်ရေး၊ စစ်ရေးဆိုင်ရာဖွဲ့စည်းပုံတွေကို သူ့နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပြီး ခေတ်နဲ့အမှီ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားတော့သတဲ့။ (တိုးတက်ချင်ရင် ဖွဲ့စည်းပုံအရင်ပြောင်းရတယ် လို့တော့ မဆိုလိုပါဘူးနော်) ဂျပန်က စက်မှုခေတ်ပြောင်းတော်လှန်ရေး (ဆိုရှယ်လစ်စာအုပ်ကြီးထဲက စကားငှားသုံးပျစီ) လုပ်နေတဲ့အချိန်ဟာ ၁၈၅၄ က စတာဆိုတော့ တို့ဆီမှာဆိုရင် မင်းတုန်းမင်းကြီး နန်းတက်စ၊ ညီတော်ကနောင်မင်းသားကြီးနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်နဲ့ဆို မတိမ်းမယိမ်းလောက်ပဲ ရှိမယ်။ ဦးဖိုးလှိုင်ကြီး စည်းမျဉ်းခံဘုရင်စံနစ် ဖွဲ့စည်းပုံသစ် အဆိုတင်သွင်းခဲ့တာလည်း သူ့စနက်မှ ကင်းရဲ့လားမသိ။ သိတဲ့အတိုင်း တို့ဆီကတော့ ကုလားထိုင်နဲ့ပတ်သက်လာရင် ဗီတိုအာဏာနဲ့ တော်တန်တိတ် ငါးကြော်ပန်းကန်ဖိတ် လုပ်ထည့်လိုက်ရင် နန်းသက်မြဲပြီး ကျွန်သက်ရှည်သွားပြန်ရော မဟုတ်လား။ ဒီလိုပဲ သူ့ကျွန်ခံလိုက် ငါ့ကျွန်ခံလိုက်နေလာတာ ကြာကြာလှပေါ့။

ဂျပန်တွေကတော့ စက်မှုစွမ်းအားခေတ်ကျော်လွှားပြီး (တို့ဆီမှာလည်း တီဗီထဲမှာ အဲသလိုမျိုး ပါးစပ်ကလေးနဲ့ ပြောတတ်သားပါလေ) စစ်အင်အားတောင့်တင်းလာတဲ့နောက် အနောက်ဘက်မှာရှိတဲ့ တရုတ်ကိုရော၊ ရုရှားကိုပါ ကျူးကျော်တော့သတဲ့။ ထိုင်ဝမ်တို့ ကိုရီးယားတို့ဆိုတာကတော့ ကျူးကျော်စရာတောင် မလိုတော့ပဲ ပြားပြားဝပ် မီးသေတဲ့ဘဝကို ရောက်လာတော့တယ်။ ပထမကမာ္ဘစစ်ကြီးလည်းစရော ဂျပန်ရဲ့ စစ်အင်အားဟာ ဥရောပတလွှားမှာပါ သာဒင်ကို ဘာထင်သလဲ လို့ လူမိုက်လုပ်နိုင်လောက်အောင် ကြီးထွားလာခဲ့တယ်။ ၁၉၃၁ ရောက်တော့ မန်ချူးရီးယားကို ကျူးကျော်သိမ်းပိုက်လိုက်ပြီး နောင်ကျရင် ကုလသမဂ္ဂဖြစ်လာမယ့် နိုင်ငံပေါင်းချုပ်အသင်းကြီး (Leagues of Nations) ကိုတောင် ပမာမခန့်ပြုလာပါလေသတဲ့။

ဒုတိယကမာ္ဘစစ်ဖြစ်မယ့် ၁၉၄ဝကျော်ကာလတွေဟာ ကမာ္ဘပေါ်မှာ နိုင်ငံရေးအပြောင်းအလဲတွေ ကြီးကြီးမားမား ဖြစ်တဲ့ ကာလလို့ဆိုရင်လည်း မမှားပါဘူး။ ဥရောပမှာ ဂျာမဏီ နဲ့ အီတလီက ဩဇာတက်လာတယ်။ အင်္ဂလိပ် နဲ့ ပြင်သစ်တွေ မျက်ခုံးလှုပ်လာရတဲ့အချိန်ပေါ့။ အာရှတလွှားမှာတော့ ရုရှားကြီးကို Counter ballance လုပ်ထားစရာ ဂျပန်ကလွဲပြီး သူ့အပြင်မရှိဘူး။ ၁၉၃ရ ရောက်တော့ တရုတ်ပြည်ကို ဒုတိယအကြိမ်ကျူးကျော်ဝင်ရောက်ပြီး နန်ကျင်းမြို့တော်ကိုပါ တက်သိမ်းပလိုက်တယ်။ မကြာပါဘူး။ ၁၉၄ဝ မှာ ပြင်သစ်ကိုလိုနီဖြစ်နေတဲ့ အင်ဒိုချိုင်းနားကွန်းဆွယ်ဘက်ကို ဆက်ကျူးကျော်ပြန်တော့ ကိုရွှေဂျပန်တို့ကို တကမာ္ဘလုံးက “သည်ကောင် ဘာကောင်လဲဟ” ဆို မျက်လုံးဒေါက်ထောက် ကြည့်လာကြပါလေရော။ သည်အထိကတော့ ဂျပန်ဆိုတာ အဲ့သည်အချိန်တုန်းက ဘယ်လိုအတန်းအစားမျိုးလဲဆိုတာ သိအောင် ဇစ်မြစ်ဇာတ်ကြောင်းလှန်ရတာပါ။

၁၉၄၁ မှာတော့ ဂျပန်ဟာ အမေရိကန် ရေတပ်စခန်းစိုက်တဲ့ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ဒုတိယကမာ္ဘစစ်ပွဲကြီးကို မူဆိုလိုနီ ဟစ်တလာတို့နဲ့အတူ အပြိုင်ဝင်နွှဲပါလေတော့တယ်။ သူ့ချည့်ပဲ ဝင်တာ မဟုတ်ပါဘူး။ ပထမကမာ္ဘစစ်တုန်းက သူများတွေ စစ်တိုက်နေတာကို ဟိုဘက်သည်ဘက် နှစ်ဘက်ခွ လက်နက်ရောင်းပြီး ခေတ်ပျက်သူဌေးဖြစ်လာတဲ့ အမေရိကန်ကိုပါ စစ်ထဲမပါပါအောင် ဆွဲထည့်သွားသေးတယ်။ ဖတ်တဲ့သူတွေ ပျင်းစရာကောင်းလောက်အောင် အတိတ်ကိုလှန်သော် လုပ်ရတဲ့အကြောင်းကတော့ ဂျပန်ရဲ့ စိတ်နေစိတ်ထားကို သဘောပေါက်နိုင်အောင်လို့ပါ။ အဲသလောက် မာန်တက်လန်ထွက်နေတဲ့ဂျပန်ဟာ သူ့သဘောနဲ့သူ စစ်ထဲဝင်လာသလိုပဲ သူ့ဘာသာသူပဲ စိတ်လိုလက်ရ စစ်ထဲကနေ ချွင်းချက်မရှိ လက်နက်ချပြီး ထွက်သွားခဲ့ပါတယ်။ အကြောင်းရင်းကတော့ အဲသည် ဟီရိုရှီးမား နဲ့ နာဂါဆာကီ မြို့ကလေးနှစ်မြို့ပေါ်ကို စောစောကပြောတဲ့ အက်တွမ်မစ်ဗုံးတွေ ကျဲချလိုက်တဲ့အတွက်ပါ။

သည်ကနေ့ထိတိုင်အောင် အမေရိကန်ကြီးက တဖွဖွပြောပြီး ဂုဏ်ယူနေပါသေးတယ်။ ဒုတိယကမာ္ဘစစ်တုန်းက သူသာမကယ်ရင် တကမာ္ဘလုံး သေဖွယ်ရာသာ ရှိတော့တယ်။ ကမာ္ဘကြီးပေါ်က လူသားတွေ ငြိမ်းချမ်းဖို့အတွက်၊ ဒုတိယကမာ္ဘစစ်ကြီးကို သူ ဗုံးနှစ်လုံးနဲ့ အဆုံးသတ်ခဲ့ပါတယ်တဲ့။ သူပြောသလိုဆိုရင်တော့ သူ့ရဲ့ အနုမြူဗုံးဒဏ်ကို ဂျပန်ကကြောက်ပြီး လက်နက်ချ အရှုံးပေးသွားတာပေါ့နော်။ ဟုတ်သားပဲ။ ငြင်းလို့မှ မရတာ။ မေးကြည့်လေ။ ဂျပန်တွေကို “ဟေ့ ကောင်တွေ။ မင်းတို့ ကြောက်သွားပြီလားကွ။” ဆို ဟိုက ဘာမှတောင် ပြန်ပြောမှာ မဟုတ်ဘူး။ သူ့အလုပ်သူ ဆက်လုပ်နေလိမ့်မယ်။ တကမာ္ဘလုံးလည်း အဲသလိုပဲ ထင်လိမ့်မယ်။ ကိုယ်ကိုယ်တိုင်လည်း အဲသည်အတိုင်းပဲ ထင်ပါတယ်။ ဟီရိုရှီးမားကို မရောက်ခင်အထိပေါ့။

ဟီရိုရှီးမားမြို့ကလေးဟာ အလယ်ခေါင်မှာ မြစ်ကလေးနှစ်ခွစီးဆင်းသွားပြီး အင်မတန်ကို သာတောင့်သာယာရှိတဲ့ ဂျပန်နိုင်ငံတောင်ပိုင်းက မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။ အနောက်ဘက်မှာတည်ရှိပြီး စီးပွားရေးကောင်းသတဲ့။ ရှေးခေတ်က ဂျပန်ဘုရင်မင်းမြတ်များအတွက် ဆုပန်ရာအောင်မြေလည်း ဖြစ်ပါသတဲ့။ ကံဆိုးချင်တော့ အဲသည်နေရာမှာ ဂျပန်ရေတပ်စခန်း အခြေစိုက်တာမို့ ဗုံးကျဲဖို့ မျက်စိကျသွားတယ် ထင်ပါတယ်။ အနုမြူဗုံး ကျလိုက်ပြီးတဲ့နောက်မှာတော့ အခု ငြိမ်းချမ်းရေး အထိမ်းအမှတ်ပြတိုက်လုပ်ထားတဲ့ အဆောက်အဦတပိုင်းတစကလွဲလို့ ထောင်းလမောင်းကျေအောင်

ပြာပုံအတိ ပြောင်တလင်းခါသွားခဲ့ပါတယ်။ ကျန်ရစ်တဲ့ အုတ်တံတိုင်းနံရံများတောင် စိုက်ဝင်နေတဲ့ မှန်စကလေးတွေကြောင့် အမာရွတ်တွေ မွစာကျဲသွားခဲ့သလို သံနဲ့ဆောက်တဲ့ အဆောက်အဦကြီးများလည်း အရည်ပျော်ကွေးညွှတ်လို့ ပြိုဆင်းလာတာ ၉/၁၁ တုန်းက တွင်တာဝါကြီး ပြိုတဲ့အတိုင်းပါပဲ။ ဗုံးပေါက်လို့ မှိုပွင့်ကြီးတွေလို အလိပ်လိုက်ပွင့်ထွက်လာပြီးတဲ့နောက်မှာတော့ မည်းနက်တဲ့ ရောင်ခြည်သင့် အဆိပ်မိုးစက်တွေ ဖြိုင်ဖြိုင် ရွာကျခဲ့သေးသတဲ့။ မီးလောင်ပြင်က မိုးစက်အောက်ကို အားကိုးတကြီး ပြေးဝင်ရှာတဲ့ကလေးတွေခမျာ အနက်ရောင် မိုးစက်အောက်မှာ လောင်ကျွမ်းရပြန်ရှာတယ်။

ရေတွင်းရေကန်တွေအားလုံး အဲသည်မိုးစက်တွေနဲ့ အဆိပ်သင့်ပြီး သောက်သုံးမိသူတွေခမျာ လပေါင်းများစွာ ဝမ်းရောဂါရပြန်ပါရော။ အနုမြူရောင်ခြည်သင့်တဲ့ဆိုးကျိုးတွေကတော့ လူကြီးလူငယ်၊ ကျားမမရွေးတောင် မဟုတ်ပါဘူး။ မိခင်ဝမ်းဗိုက်အတွင်းက သန္ဓေသားလေးတွေပါမကျန် ပြင်းထန်စွာ ခံစားရလေတယ်။

အမေရိကန်ကြီးကပြောတာတော့ “ကမာ္ဘမြေငြိမ်းချမ်းစေချင်လို့ ထောင်လွှားရမ်းကားနေတဲ့ ဂျပန်တွေကို ဗုံးကလေးနှစ်လုံးတည်းနဲ့ ဆုံးမပြီး ကမာ္ဘစစ်ကြီး အဆုံးသတ်ပေးလိုက်တာပါ” တဲ့။ ဂျပန်ကလည်း ပြထားပါတယ်ဗျာ။ ပြတိုက်ထဲမှာ စစ်သားပုံတစ်ပုံတောင် မတွေ့ခဲ့ရဘူး။ မူလတန်းကျောင်းဝတ်စုံနဲ့ ကလေးမလေးတွေ။ မီးဟပ်ထားတဲ့ ဂါဝန်အိပ်ထဲမှာ အဲဒီနေ့နေ့စွဲနဲ့ ရထားလက်မှတ်လေးတောင် ပါသေး။ လိန်ပိန်လောင်ကျွမ်းနေတဲ့ ဗိုလ်အုန်းသီးစက်ဘီးကလေးတွေ၊ “အဲ့နေ့တုန်းက သားက ပုစဉ်းကလေးကို ဖမ်းမလို့ လုပ်နေတာလေ။ သူ့အမြီးကလေးကို ကိုင်မိတယ်ဆိုရုံရှိသေး…” ဆိုတဲ့ ကလေးအရေးအသားလေးတွေ၊ ပြတိုက်ကြီးတစ်ခုလုံးဟာလေ သရဲလေးတွေမွေးထားပြီး လာသမျှလူတွေကို ဇာတ်ကြောင်းပြန်ပြောနေသလား အောင့်မေ့ရတယ်။ ဖြစြ်ဖစ်ချင်းမှာ အများကြီးသေကုန်တယ်။ ဖြစ်ပြီးနောက်ပိုင်းမှာ တစိမ့်စိမ့်သေနေသေးတယ်။ အဆုံးမသတ်သေးဘူး။ ရောဂါဘယတွေဒဏ်ကို ဆက်ခံစားရသေးတယ်လေ။ ဉာဏ်ရည်မမှီတဲ့ ရောဂါပါလာတဲ့ကလေးတွေ မွေးလာသေးတယ်လေ။ ဒါတောင်မှ အခုထက်ထိ ဗုံးသင့်ဂျပန်မျိုးဆက်တွေ မကုန်ခမ်းနိုင်သေးဘူး။ ဘိုးဘွားရိပ်သာတစ်ခု နဲ့ ပြုစုပေးထားတယ်။ အငယ်ဆုံးအဖွားက ၆၈ နှစ်ပေါ့။ ရာကျော်ဖွားဖွားတွေလည်း တွေ့ခဲ့တယ်။ ဖိုးဖိုးတွေကတော့ မရှိသလောက်နည်းတယ်။ အကြောင်းကတော့ ယောကျင်္ားသားတွေ စစ်မြေပြင်ရောက်နေပြီး မိန်းမသား၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုများသာ ကျန်ခဲ့တဲ့အချိန်မှာ ဗုံးဒဏ်ခံရတာမို့ ပါတဲ့။ ပြောချင်တာက အမေရိကန်က သူတို့ကို စစ်မတိုက်ပဲ လူနေမြို့ရွာအပေါ် ဗုံးကျဲသွားတာပေါ့လေ။

သူ့ဘက်နဲ့သူ သူ့စကားကိုယ့်စကား လှအောင်နိုင်အောင် ပြောခဲ့ကြတာ ဟိုဘက်ကအမှန် သည်ဘက်ကအမှန် ဘာမှဝင်ပြီး မှတ်ချက်မပေးလိုပါဘူး။ စစ်ဖြစ်ပါတယ်ဆိုမှ တို့မြန်မာပြည်မှာ ဗုံးကျဲတော့ရော ဘယ်နေရာချန်တာ ရှိလို့လဲ။ မကောင်းသူထိပ် ကောင်းသူထိပ်ပဲ မဟုတ်လား။ အင်္ဂလိပ်ကပဲ ကျဲကျဲ၊ ဂျပန်ကပဲ ကျဲကျဲ အတူတူပဲ။ ဒါပေမယ့် ဗုံးကျဲအပြီးမှာ ဂျပန်တွေ ကြောက်လို့လက်နက်ချပြီး ထွက်သွားတယ်ဆိုတဲ့ အယူအဆကိုတော့ သံသယရှိပါတယ်။ ဂျပန်ဆိုတာမျိုးက ကိုယ့်အလုပ်ကိုယ် တာဝန်မကျေလို့ ရှက်လာရင်တောင် ကိုယ့်လည်ပင်းကိုယ် ဓါးနဲ့လှီးဖို့ ဝန်မလေးတဲ့အမျိုးပါ။ ပုလဲဆိပ်ကမ်းကို ဗုံးကျဲတိုက်တော့ အမေရိကန်ကြီး ဖိန့်ဖိန့်တုန်သွားတာဟာ သူတို့စစ်သင်္ဘောခေါင်းတိုင်ထဲကို

လေယာဉ်ခေါင်းစိုက်ထိုးဆင်းသွားတဲ့ ဂျပန်စစ်သားတွေပါ။ သေမှာမကြောက်တဲ့အထဲမှာ ဂျပန်ကို မှီတာ ခပ်ရှားရှားရယ်။

ဒါပေမယ့် သူတို့က သူတို့အသက်သေမှာကိုသာ မကြောက်တာ။ သူတို့မြေ သူတို့ပြေက ပြည်သူပြည်သားတွေ

သေကုန်မှာကိုကျတော့ ကိုယ့်အသက်ထက်ပိုပြီး ကြောက်ကြတယ်။ “နင်မပစ်ရင် ငါတို့ခေါင်းဖြတ်ခံရမှာပေါ့ဟဲ့” လို့ ပြောပြီး သေနတ်ကြီးနဲ့ချိန် ပစ်မိန့်ပေးခိုင်းတယ်ဆိုတဲ့ ကောလာဟလဟာ တွေးကြည့်လိုက်ရင် ဘယ်လောက် ရှက်ဖို့ကောင်းသလဲ။ ဟုတ်ပါတယ်။ အမေရိကန်တွေက ဂျပန်ကြီးတွေရဲ့ ပျော့ကွက်ချက်ကောင်းကို မိမိရရကိုင်ပြီး စစ်ထဲက ဆွဲထုတ်သွားခဲ့တယ်။ ဒါပေမယ့် ဂျပန်တွေ အညံခံလိုက်တာဟာ သူ့ကိုကြောက်လို့ တော့ ဟုတ်မယ်မထင်ဘူး။ “ထမီကျွတ်၍လွှတ်လိုက်တယ်။ နိုင်တယ်လို့တော့ မထင်နဲ့ကွယ်။” ဆိုတဲ့ ဆရာမောင်သာရ ဝတ္ထုထဲကလိုပေါ့။ တကယ်လို့များ အဲသည်အချိန်က ဂျပန်တွေစိတ်ထဲမယ် ကိုယ်တို့ဆီက မျိုးချစ်ကြီးတွေလို လက်တုန့်ပြန်ရမှ ကျေနပ်မှာဆိုတဲ့ စိတ်ရှိနေရင် ဘယ်လိုလုပ်မလဲ။ ဆုံးမှာကို မဟုတ်တော့ဘူး။

ဒါကြောင့် အဲဒီတုန်းက ငြိမ်းချမ်းရေးဟာ အမေရိကန်က ယူတာ မဟုတ်။ ဂျပန်က ပေးလိုက်တာ ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ ဒါပေမယ့်လည်း စစ်မြေပြင်မှာ လက်နက်ချခဲ့တဲ့ ဂျပန်တွေဟာ စီးပွားရေးစစ်မျက်နှာမှာ ကျားကုတ်ကျားခဲ ကြိုးပန်းပြီး တိုက်နေသေးတာ အခုလက်ရှိသူတို့ရောက်နေတဲ့နေရာကို ကြည့်ရင် သိပါလိမ့်မယ်။ စီးပွားရေးအင်အားက ကမာ္ဘပေါ်မှာ တတိယနေရာကရှိပြီး ထုတ်ကုန်သွင်းကုန်က စတုတ္ထနေရာမှာ ရှိသတဲ့။ အနုမြူလက်နက်ပိုင်ဆိုင်ထားတဲ့ ကမာ္ဘ့ထိပ်တန်းနိုင်ငံထဲမှာပါပြီး စစ်ရေးအသုံးစားရိတ် အမြင့်ဆုံးနိုင်ငံလည်း ဖြစ်သတဲ့။

အခုမှပဲ ကိုယ်တို့မြန်မာတွေ အင်္ဂလိပ်ကို စစ်ရှုံးရတဲ့အဖြစ်ဟာ ဘယ်လောက် ရှက်ဖို့ကောင်းမှန်း သိတော့တယ်။ စာအုပ်ထဲမှာသင်တာ လက်နက်အင်အားမမျှလို့ လက်နက်အင်အားမမျှလို့ တဖွဖွပြောတယ်လေ။ တကယ်တော့ စိတ်ဓါတ်အင်အားလည်းမမျှဘူး။ စကတည်းက လုပ်ကြံမှုနဲ့တက်လာတဲ့မင်းသားရဲ့ နောက်ကွယ်က နန်းတွင်းနိုင်ငံရေးဟာ မြန်မာတွေ အသက်နဲ့လဲ ခုခံလောက်တဲ့ စည်းလုံးညီညွတ်မှု၊ ယုံကြည်ကိုးစားမှုကို မရခဲ့ဘူး။ အခုပဲ “စစ်မတိုက်ရဲရင် ထမီကျောက်ပျဉ်ပို့လိုက်မယ်” ပြောတဲ့သူက ပြော။ “မခုခံရ။ ခုခံလျှင် သူပုန်။” လို့ စာထုတ်တဲ့သူကထုတ်၊ ဗန္ဓုလကြီး ဓနုဖြူမှာ ရွှေထီးဆောင်းတာ စောစောသေ စောစောအိပ်ရတယ်လို့များ တွေးမိသွားသလား။ နောက်ဆုံးတော့ သူတို့ကိုယ်တိုင်ပြောသလိုပဲ ကြက်ကလေး ငှက်ကလေးဖမ်းသလိုဖမ်းပြီး ပါသွားရရှာတယ်။ တွေးမိတာကတော့ လက်နက်အင်အားမမျှတာ တစ်ခုတည်း မဟုတ်ဘူး။ နိုင်ငံရေးမတည်ငြိမ်လို့။ တိုင်းပြည်ရှေ့ရေးကို အမျှော်အမြင်မထားပဲ ကိုယ့်လက်ထဲ အာဏာရရေးကိုသာ ရှိသမျှအာရုံအားလုံး ပုံထားလို့ ဖြစ်မယ်လို့ ထင်ပါတယ်။ ဂျပန်တွေ ဟီရိုရှီးမားမှာ ပြာပုံဖြစ်တဲ့အချိန်ဟာ စစ်ပြီးခေတ် ကိုယ်တို့ဆီမှာ ပြာပုံဖြစ်တဲ့အချိန်နဲ့ အတူတူပါပဲ။ ဒါပေမယ့် သူတို့က အတိတ်ကို သင်ခန်းစာယူပြီး ရှေ့ကို တွန်းတက်သွားတယ်။ ကိုယ့်မှာက ကရွတ်ကင်းလျှောက်သလို အမှားဟောင်းတွေ ပြန်ပြန်မှားလို့ မပြီးနိုင်မစီးနိုင် သံသရာလည်နေတုန်း။ မောင် ညီမလေးတို့ရေ။ ဟီရိုရှီးမား ပုံပြင်ကလေးကတော့ ဒါပါပဲကွယ်။

credit (Dr Soe Min)

3 comments

  • nicolus agral

    October 17, 2013 at 6:38 pm

    သဂျီး
    ကျွန်တော်တင်လိုက်တဲ့ Post က ဘာဖြစ်လို့ myanmargazette.net စာမျက်နျာမှာမပေါ်တာလဲဟင်
    copy/paste ဖြစ်နေလို့လား
    ဘာကြောင့်လဲ

    • kai

      October 17, 2013 at 11:05 pm

      ဟုတ်ပါတယ်..
      Copy/Paste Category ကြောင့်ပါ…။

  • nicolus agral

    October 17, 2013 at 7:53 pm

    ဘာဖြစ်လို့နီတာလဲဟင်

Leave a Reply