ပြန်မရနိုင်တော့တဲ့ဘဝ

မြသဲ ( 17082011 )October 21, 20131min26121

အခုတလောကြားရတဲ့သတင်းတွေ ကြုံတွေ့ရတဲ့ အဖြစ်တွေကြောင့် ကျွန်မတို့ငယ်ငယ်တုန်းက ကလေးဘဝ နဲ့ အခုခေတ်ကလေးတွေရဲ့ဘဝဟာ အကွာကြီးကွာခြားသွားတာကို စိတ်မကောင်းစွာနဲ့ပဲတွေ့ခဲ့ရပါတယ်။ ကျွန်မတို့ငယ်ငယ်ကဆို နယ်မြို့လေးမှာ ဘာအနှောက်အယှက်မှမရှိပဲ လွတ်လပ်စွာဆော့ကစားလု့ိကြီးပြင်း ခဲ့ရပါတယ်။ မိဘတွေကလဲစိတ်ချလက်ချရှိသလို ကျွန်မတို့ကလဲ ဘာအန္တရာယ်မှမရှိပဲ လွတ်လပ်ပျော်ရွှင် ခဲ့ရပါတယ်။ ကျွန်မတို့ငယ်ငယ်က လေးတန်းလောက်မှာ ကျွန်မတို့ ခေတ်က အစိုးရစစ်ပါ။ အဲတော့မေးခွန်း ကို အစိုးရကထုပ်တာမို့ စာကိုအရမ်းကျက်ခဲ့ရပါတယ်။ အမှတ်ကိုလဲ အခုခေတ်လို ၂၅ မှတ်ဖိုးဖြေရတာ မဟုတ်ပဲ တနှစ်လုံးစာကို ၁၀ဝ ဖိုးအပြည့်ဖြေရတာမို့ ဆရာမတွေက အချိန်ပိုတွေခေါ်သင်ရပါတယ်။ ကျူရှင် ကတော့လုံးဝမရှိပါဘူး။ ကျွန်မတက်ခဲ့တဲ့ မူလတန်း ကျောင်းလေးက တောင်ခြေနဲ့နီးပါတယ်။ မူလတန်း ကျောင်းကလေးကနေ လမ်းကူးလို့ လမ်းကြားလေးထဲ ကနေဝင်သွားလိုက်ရင် တောင်ခြေကိုရောက်ပါ တယ်။ တလတခါလောက် ဆရာမက ထမင်းဘူးယူခဲ့ခိုင်းပြီး တောင်ပေါ်တက်လို့ စာကျက် ကြပါတယ်။ မိဘတွေကလဲစိတ်ချလက်ချလွှတ်လိုက်ပါတယ်။ အခုလို သပုန်တွေ ကလေးခိုးတာတွေ ဗုံးပေါက်တာ တွေ ဘာမှမရှိပါဘူး။ တောင်ပေါ်ရောက်တော့လဲ စာကျက်တာကနဲနဲ လျှောက်သွားပြီးဆော့ နေတာကများ များပါ။ :mrgreen: ဆရာမကလဲ ဒီစာကိုဒီကနေဒီအထိ ကျက်ပြီးရင်လာပြန်ဆို၊ ရရင်ပြီးပြီဆိုတော့ ခပ်မြန်မြန်ပဲ စုကျက် လိုက်ကြပြီးရင် စာဆိုပြီးတာနဲ့ ဆော့တော့တာပါပဲ။ အပင်တွေနှုတ်၊ ထင်းရူးဆီတွေခွာ၊ လက်လှမ်းမှီတဲ့ သစ်ခွအုံတွေနှုတ်နဲ့ အိမ်အပြန်လက်ဆောင် သယ်ကြတာပေါ့။ ညနေ အိမ်ပြန်ရင်လက်ထဲမှာ အိမ်အပြန် လက်ဆောင်အသီးသီးနဲ့ပျော်လို့။ အိမ်ကျတော့လဲ အမှိုက်ရှုပ်တယ်ဆိုပီး လွှင့်ပစ်ခံရတာပါပဲ။ 😀 နောက်စာ ကျက်ရတာ သိပ်များပြီးဖိစီး လာပြီထင်ရင် ကျောင်းအုပ်ကြီးက ဦးဆောင်လို့ မြို့ရဲ့အထင်ကရ အမြင့်ဆုံး တောင်ကို တက်ကြပါတယ်။ အဲကျတော့ စာမကျက်ရတော့ပဲ အပမ်းဖြေခရီးပေါ့။ အဲမှာလဲဆော့ကြ၊ တွေ့ရာခူးကြနဲ့ အိမ်ပြန်တော့လဲ တောလက်ဆောင် တွေတပွေ့တပိုက်နဲ့ပေါ့။ ပိုက်ဆံလဲတပြားမှမ ကုန်ပါ ဘူး။ နောက် ငါးတန်းရောက်တော့ အိမ်ကနေ သူငယ်ချင်းတွေစုပြီးကျောင်းကိုခြေ ကျင်သွားကြပါတယ်။ တောင်ပေါ်မြို့မို့ ကျောင်းကို တောင်တက်တောင် ဆင်းသွားရပါတယ်။ အိမ်ကလဲစိတ်ချလက်ချလွှတ် လိုက် တာပါပဲ။ တိုက်စရာကားလဲမရှိဘူး။ လမ်းမတလျှောက် အဲလိုပဲဆော့ပြီးသွားကြတာပဲ။ ညနေပြန်တော့လဲ ပြန်ချင်တဲ့ လမ်းကနေဆော့ပြီးပြန်လာတာ အိမ်ရောက်လာတာပဲ။ ပွဲဈေးရှိရင် အိမ်ကပိုက်ဆံ ငါးကျပ်ယူပြီး သူငယ်ချင်းတွေနဲ့ ပွဲဈေးအစကနေ အဆုံးထိ ဆိုင်ပေါက်စိဝင်ပြီး ကော်လက်ကောက်တွေဝယ် ကောက် ညှင်းပေါင်းနဲ့အကြော်စား။ အိမ်ဖို့ မုန့်သိုင်းခြုံတွေဝယ်။ လူကြီးတွေလဲမပါဘူးနော်။ အန္တရာယ်ပေးမဲ့ လူလဲမရှိ၊ ဖမ်းမဲ့လူလဲမရှိ။ ကလေးတွေဆိုပြီးစောင့်ရှောက် ကြသေးတာ။ စနေ၊ တနင်္ဂနွေဆိုလဲ မနက်ကတဲ ကအိမ်က ထွက်သွားလိုက်တာ။ ကျောင်းမှာသွားဆော့ရင်ဆော့၊ မဆော့ရင် မြို့ပြင်ဂေါက်ကွင်းထိသွားပြီး ဆော့ကြ တာ။ ညနေမှအိမ်ပြန်ရောက်တယ်။ မိဘတွေကလဲ မပူပေါင်။ ဘာမှမဖြစ်ဘူးဆိုတာသိတာကိုး။ ကိုယ်တွေ ချည်းပဲမရောက်တဲ့နေရာမရှိဘူး။ နေရာအနှံ့ရောက်တာ။ တောထဲလဲဝင်ချင်ဝင်သွားတာပဲ။ တွေ့တဲ့အသီး ခူးစားပြီးတနေကုန်ဆော့ချက်က ကမ်းကုန်တယ်။ အခု ခေတ်ကလေးတွေဆော့တယ်ဆိုတာ ကျွန်မတို့ခြေ ဖျားတောင်မမှီပါဘူး။ တကယ်ပါ။ အခုခေတ်ကလေးတွေ ကျတော့ ကြည့်လိုက်ရင် တိုက်ခန်းလေးထဲမှာပဲ တီဗွီကြည့်လိုက် ဂိမ်းကစားလိုက် အိမ်ထဲမှာပဲလျှောက် ပွေလိုက်နဲ့ ကိုယ်လက်လှုပ် ရှားခွင့်ရဖို့ အတော်လေး နည်းပါတယ်။ ကျောင်းဆိုရင်လဲ ကားတိုက်မှာစိုးလို့၊ လူဖမ်းမှာစိုးလို့၊ ခွေးကိုက်မှာစိုးလို့ လို့ပေါင်းများစွာနဲ့ ကျောင်းနဲ့အိမ်နီးနီးလေးတောင် ဖယ်ရီစီးကြရရှာပါတယ်။ အောက်ဆင်းပြန်ရင်လဲ အထက်ပါအကြောင်း ပြချက်တွေနဲ့မိဘတွေက အောက်ဆင်းကစားခွင့်ကို ပိတ်ထားပါတယ်။ လွှတ်လိုက်ပြန်ရင်လဲ နောက်ကလူ တယောက်ကုန်ပါတယ်။ သူတို့ကိုထိုင်ကြည့်ရတာ။ အဲတော့ အလုပ်ပိုရှုပ်မဲ့အတူတူ အိမ်ပေါ်မှာပဲထားလိုက် တာစိတ်ချရတယ်ဆိုတာတွေဖြစ်ကုန်တော့တာပဲ။ နောက်ကျွန်မတို့ တုန်းက ကျောင်းကနေ ညအိပ်ခရီးတွေ ထွက်လဲအိမ်ကလွှတ်ပါတယ်။ ကုန်ကျစရိတ်ကလဲ မရှိသလောက်နည်းပါတယ်။ အခုတော့ ကျောင်းကထွက် တဲ့ခရီးထည့်ဖို့ဟာ လမ်းမှာကားအရမ်းများမောင်းမလား၊ ဗုံးတွေဘာတွေများကွဲမလား၊ လူကုန်ကူးတဲ့သူ တွေ ကများကလေးတွေဖမ်းသွားမလားဆိုတဲ့ အပူတွေ၊ နောက်တနင့်တ ပိုးပေးရတဲ့ ခရီးစရိတ်တွေ ရယ် ကြောင့် ကလေးတွေခမျာ ဒေသန္တရဗဟုသုတနဲပါးစွာ နဲ့ပဲ ပါဝါရိမ်းဂျား၊ နာရိုဒို၊ ဒိုတာ၊ ဝမ်းပိစ်၊ ကောင် တာ ဆိုတာတွေမှာပဲကျွမ်း ကျင်နေကြတာ နဲနဲလေးမှကို စိတ်မကောင်းမိပါဘူးရှင်။ လွတ်လပ်ပေါ့ပါးတဲ့ကလေး ဘဝကိုပိုင်ဆိုင်ခဲ့တဲ့ကျွန်မက ကျွန်မသားကိုလဲ အဲလို ဘဝမျိုးပိုင်ဆိုင်စေ ချင်ပေမဲ့ဘယ်လိုမှ မဖြစ်နိုင်တော့တာမို့ စိတ်မကောင်းရုံကလွဲလို့ သူ့ကိုလဲ အိမ်ထဲမှာပဲ လှောင်ထားရတော့တာပါပဲ။ 😥

 

21 comments

  • KZ

    October 21, 2013 at 11:26 am

    မွသဲရယ်။
    ပိုလွမ်းအောင် လုပ်နေပြန်ပါပြီ။။
    နယ်ပေါင်းစုံမှာ သောင်းကျန်းလာတဲ့ အနော် ပါ။
    ခုလို အဖြစ်မျိုးတွေမရှိ၊ အချင်းချင်းစောင့်ရှောက်ခံခဲ့ရတဲ့ ဘဝတွေနဲ့မို့ ဂလို အရွယ်ထိရောက်တာ။
    နို့မို့ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ ဘယ်ဟာပေါက်တဲ့ အထဲ ပါမှန်းမသိ တို့ ဟိုဘက်ကမ်းရောက်တာတွေဖြစ်ချင်ဖြစ်နေမှာ။
    :hint:

    ခေတ်ကွာတာလားးးးး
    လူတွေ လူစိတ်နည်းကုန်ကြသလားးးးး
    ငတ်လို့ လုပ်မိလုပ်ရာ လုပ်ကြသလားမသိ။
    အရွယ် အမျိုးမျိုးရဲ့ လုံခြုံမှုတွေ မရှိတော့ဘူးးးး
    လက်နက်ကိုင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ ကျီးလန့်စာစားနေနေရတယ်။
    ကလေးတွေလည်း အိမ်ထဲမှာ ဂိမ်း ဆော့နေတာမှ အန်ဒရယ် ကင်းသေးဆိုတဲ့ အသိနဲ့သာ ထားပါဗျာ။

    😥

    • TNA

      October 21, 2013 at 2:42 pm

      အေးပါအေ စိတ်မကောင်းလွန်းလို့ပါ။ ဒို့ငယ်ငယ်တုန်းက လက်လက်စင်ဆော့ခဲ့တာ။ ကြောက်ရကောင်းမှန်း လဲမသိ။ တောထဲလဲဝင်သွားတာပဲ။ ဘာမှမဖြစ်ခဲ့ဘူးရယ် တကယ်။ အခုတော့ဟိုနားဟိုဟာကြား ဒီနားဒီဟာကြားနဲ့အေ။ မိန်းးကလေး အသက်နှစ်နှစ်လဲမရှောင် သုံးနှစ်လဲမရှောင်နဲ့ စိတ်ကုန်ချက်။

  • ဦးကျောက်ခဲ

    October 21, 2013 at 11:40 am

    တိန်… တိုက်တိုက်ဆိုင်ဆိုင်ဗျာ…
    အပေအတေ မောင်ကျောက် ဆိုပြီး ရေးနေတာ ဒီအကြောင်းပဲ…
    မွသဲ သားလေးကိုတောင် အဆစ်ထည့်ထားတာ၊ ခုတော့ မွသဲ ဦးသွားပြီ…
    တော်ဘီ… အသစ် ၁ပုဒ် ထပ်ရေးတော့မယ်….
    တိုက်ဆိုင်တာ များလွန်းနေလို့ သိပ်မကြည်တော့ဘူးနော်… ဟင်းးးး
    🙁

    • TNA

      October 21, 2013 at 2:44 pm

      အာဟိ ဆက်လုပ်ရဲဘော်။ အာဘော်တမျိုးဖတ်ရဒါပေါ့။ ရီစရာလေးတွေလဲပါပစေနော်။ သားကလေးကို မင်းတားနေရာပေးထားဒါလားဟင် 😀
      တိုက်ဆိုင်ဒါကဒေါ့ အဟီး ချေးရေစက်ဆိုလားဘာလား ငိငိငိ

  • alinsett

    October 21, 2013 at 11:56 am

    အင်းးးးးးးးး

    ဘာပြောရမှန်းတောင်
    သိတော့ဝူး

    • TNA

      October 21, 2013 at 2:45 pm

      အင်း ကလေးတွေကြုံဖူးမယ်မထင်ပါဘူး သားရယ်။ 😥

  • Mr. MarGa

    October 21, 2013 at 1:51 pm

    အပူ အပင်ကင်းတဲ့ ခလေးလေး ဘွကို
    တခါပြန်ပီး ရဂျင်သေးဒယ်
    အပြစ်မတိ တေးတဲ့ ခလေးလေး ဘွကို
    တခါပြန်ပြီး ရဂျင်သေးဒယ်…….
    ပြန်မရနိုင်မှန်း တိပေမယ့်
    ပြန်ရချင်ဒါ အမှန်ပါဘဲ……

    • TNA

      October 21, 2013 at 2:47 pm

      အေးပါအေ ဒီပိုစ့်ရေးနေရင်းအိုက်သချင်းလေးဆိုနေရင်းပေါ့အေ။ တကယ့်ကိုပြန်မရနိုင်တော့တဲ့ဘဝတွေပါအေ။ 😥

      • Mr. MarGa

        October 21, 2013 at 3:47 pm

        ဒီအချိန်မှာ ကာတွန်းတွေ၊ ရုပ်ရှင်တွေထဲက Time Machine ကို လိုချင်ဒယ်… 🙁

  • Ma Ei

    October 21, 2013 at 2:11 pm

    တစ်ကယ်ကို သဘာဝအတိုင်း လှပတဲ့ ဘဝလေးတွေကို
    ကိုယ်တွေလဲပြန်မရနိုင်…
    သားသမီးတွေကိုလဲ မပေးခဲ့နိုင်တဲ့ ဘွ ပါ သဲ ရယ်…
    😥

    • TNA

      October 21, 2013 at 2:52 pm

      ဟုတ်ပါ့ မအိရေ။ ကိုယ်တွေလွတ်လပ်ခဲ့သလောက် ကိုယ့်သားကို ချုပ်ထားရတာ နဲနဲမှစိတ်မကောင်းဘူး။ ဒါပေမဲ့လဲဘယ်လိုလုပ်မလဲနော်။ ချုပ်ထားမှပဲစိတ်အေးရမဲ့ခေတ်ဖြစ်နေတာကိုး။

  • Ma Ma

    October 21, 2013 at 3:23 pm

    မသဲရေ-
    (လူကြီးတွေလဲမပါဘူးနော်။ အန္တရာယ်ပေးမဲ့ လူလဲမရှိ၊ ဖမ်းမဲ့လူလဲမရှိ။ ကလေးတွေဆိုပြီးစောင့်ရှောက် ကြသေးတာ။)
    အဲဒီလို စောင့်ရှောက်ကြတဲ့ ချစ်စရာယဉ်ကျေးမှုလေးကို လွမ်းမိသေးတော့တယ်။

    ကိုယ်ငယ်ငယ်တုန်းက နယ်မြို့လေးမှာနေတော့ တစ်မြို့လုံးက ဘယ်သူ့သားသမီး ဘယ်မှာနေတယ်ဆိုတာ သိနေကြတယ်။
    တစ်ခုခုများ မဟုတ်တာလုပ်လို့ကတော့ လူက အိမ်ပြန်မရောက်သေးဘူး သတင်းက ရောက်ပြီးသား။

    ကိုယ့်အိမ်က လူကြီးမရှိလို့ ဆုံးမမယ့်သူမရှိဘူး မထင်နဲ့ အမြင်မတော်ရင် တွေ့တဲ့လူကြီးတစ်ယောက်ယောက်ကပြောဆိုဆုံးမသွားတာပဲ။

    ခုတော့လည်း ကိုယ့်အိမ်က ကလေးတောင် ကိုယ်ပြောဆိုဆုံးမလို့ မရဘူး 🙁

    • TNA

      October 21, 2013 at 4:11 pm

      ဟုတ်ပါ့မမရေ။ နယ်မှာကတော့ ဒါဘယ်သူ့သား ဒါဘယ်သူ့သမီးဆိုတာသိနေတော့ ဝိုင်းစောင့်ရှောက်ကြတာ ပါပဲ။ ရှင့်သားဘယ်မှာတွေ့ခဲ့တယ် ရှင့်သမီးဘယ်နားမှာ သတင်းပို့လေတော့ အိမ်ကလဲမပူဘူး။ ကိုယ်တွေလဲ မဟုတ်တာမလုပ်ရဲဘူး။ အရွယ်ရောက်သူတွေလဲ ဘယ်တော့မှမဟုတ်တာမလုပ်ဘူးရယ်။ အဲလိုအေးချမ်းတဲ ကာလကတော့ နောင်ပြန်ရနိုင်တော့မှာမဟုတ်ပါဘူးမမရေ 😥

  • surmi

    October 22, 2013 at 12:17 am

    အခု​တော့လည်​းတစိမ်​း​တွေလိုဖြစ်​သွားပါပြီ…
    ​ဪ​..
    ​ရှေးတုန်​းကအ​ခြေအ​နေ​တွေကို​ပြောတာပါ။
    ကျုပ်​တို့လည်​း ထိုနည်​းလည်​း​ကောင်​းပါဘဲ …
    ပြန်​​ပြောရင်​ က​လေး​တွေက​နောက်​​နေတယ်​ဘဲထင်​တာ​လေ..
    ​ပြောရ​သေးတယ်​… ကြာဆံ​ေြကြာ်​ဆယ်​ပြားဖိုးကိုဝယ်​ရင်​ ပိန်​းရွက်​​လေးနဲ့ထုပ်​​ပေးတဲ့အ​ကြောင်​း…
    ​ဪ​…..
    အနိစ္စ 🙂

    • TNA

      October 22, 2013 at 10:02 am

      အခုကတော့ တကယ့်ကိုတစိမ်းတွေပါပဲ။ ကိုယ့်ဘေးခန်းကဘယ်သူလဲမသိ။ ကိုယ့်ပါတ်ဝန်းကျင်မှာဘယ်သူတွေနေလဲမသိ။ ကိုယ့်သမီးမိန်းကလေးကို ကလေးမို့ဆိုပြီး အိမ်နီးချင်းတောင်မအပ်ရဲတော့တဲ့ ဘဝဖြစ်နေဘီကိုဆာမိရေ။ လွမ်းပါသေးတယ် ဟိုအရင်ဘဝလေးကို။ သားကိုမေမေငယ်ငယ်ကမုန့်ဖိုးတမတ်ရတယ်ဆိုတော့ သူကမေးတယ် ဘာစားလို့ရလဲဘာမှရမှာမဟုတ်ဘူးတဲ့။ အင်းဘယ်လိုပြောရမယ်တောင်မသိဘာဘူးရှင် 😥

  • Wow

    October 22, 2013 at 1:52 pm

    အနော်တို့က တောသူတွေဆိုတော့ ငယ်ငယ်က သစ်ပင်မှန်သမျှအကုန်တက်… ကောက်ညှင်းပေါင်းကို ဗန်ဒါရွက်နဲ့ ထုတ်ပေးပြီး အပေါ်က နှမ်းထောင်း ပုဇွန်ခြောက်မှုန့် နီနီရဲရဲ (အခုလိုဆေးဆိုးတွေမဟုတ် ဥတွေ အူးနှောက်တွေပါ ရောထောင်းထားလို့ ရဲနေတာ) ကိုဈေးသယ်က ဖြူးပေး တာတွေ စားခဲ့ရတာ လွမ်းလိုက်တာ မွသဲရာ… တစ်ခုစင်းဇားမိတာက အခုခလေးတွေ က ကိုယ်လက်လှုပ်ရှား သိပ်မရှိကြတော့ ဉာဏ်ရေတွေတောင် ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးကြပါတော့မလားလို့ 🙁

    • TNA

      October 23, 2013 at 9:54 am

      အေးပါအေ အခုခေတ်ကလေးတွေကိုရင်လေးပါသေးတယ်အေ။ အားကိုမရတာပါတကယ်။ သူတို့ခမျာ အရပ်ရှည်အောင် ကိုယ်ခံအားတက်အောင် ကျန်းမာအောင်ဆေးပေါင်းစုံလှည့်သောက်နေကြရရှာတယ်။ ကိုယ်လက်လှုပ်ရှားတို့ လက်လက်ထအောင်ဆော့တာတို့သူတို့မသိရှာဘူးအေ တကယ်စိတ်မကောင်းဘူး။

  • kyeemite

    October 22, 2013 at 2:39 pm

    ကျုပ်လည်း ငယ်ငယ်က ၃၊ ၄ နှစ်တစ်ကြိမ်လောက် အဖေနဲ့နယ်လိုက်ပြောင်းပြီး
    ကျောင်းတက်လာတာ..နယ်မှချည့်ပဲ..ပျော်စရာကောင်းမှကောင်း…
    ဆယ်တန်းအောင်ပြီးမှ ရန်ကုန်ရောက်တာ..ခုခေတ်လည်း နယ်မှာတော့ ပျော်စရာကောင်းသေးတယ်မှတ်တာပဲ..
    ပြသနာက အချိန်နဲ့ နေရာလေ…ကလေးတွေအချိန်တော်တော်များများကို
    ကျူရှင်တွေက စားပစ်တာ..သနားစရာကလေးများည 🙁

    • TNA

      October 23, 2013 at 9:56 am

      နယ်မှာကတော အခုချိန်ထိကလေးတွေကစားစရာခြံလေးဝန်းလေးကျန်သေးပါတယ် ဦးမိုက်ရေ။ သို့သော်လဲ ကျွန်မတို့လိုတော့မြို့ပါတ်ကဲလို့မရတော့ဘူး။ ရန်ကုန်ကလေးတွေကသနားစရာအကောင်းဆုံးပါပဲ

  • ရွှေမိုးတိမ်

    October 22, 2013 at 5:00 pm

    အခုသာ မန်းလေးဆိုတဲ့ မြို့ကြီးမှာ တိုက်ခန်းလေးနဲ့ နေနေရပေမယ့် ငယ်ငယ်ကတော့ မှော်ဘီမှာမွေး သီဟိုဋ္ဌ်ပင်တွေထက် ၊ လေထီးစစ်သမီးဆိုပြီး ခုန်ချ ၊ သီဟိုဋ္ဌ်သီးတွေ့ အစိမ်းကိုက်စား ၊ အစေ့ကို မီးဖုတ်ပြီးထုစား ၊ မကျေနပ်သေးရင် အသီးကိုအရည်ညှစ်ပြီး ဖန်ပုလင်းထဲထည့် မြေတွင်းတူးပြီးမြှုပ်ထား ၊ တစ်ပတ်နေမှ သီဟိုဋ္ဌ်ဝိုင်ဆိုပြီး ပြန်ဖော်သောက် ။ ရွာထဲ က သူငယ်တွေ အိမ်ဖက်လာရင် သူတို့ ပုရစ်တူးတာလိုက်ကြည့် ၊ အိမ်နောက် ရွာဘက်ထဲ ကထန်းတောမှာ ထန်းသီးခိုင် ခုတ်စား…..

    လွမ်းမိသားပဲ ။

    • TNA

      October 23, 2013 at 10:03 am

      ငယ်ဘဝလေးလွမ်းတယ်တကယ်ပါ။ အရမ်းကိုပါပဲ။

Leave a Reply