ဘဝတစ်ကွေ့မှာ ခဏတွေ့ကြရာဝယ်
ဒီဇာတ်လမ်းမှာ အဓိကဇာတ်ကောင် က ဒီခေတ်ရဲ့ social network ဖြစ်တဲ့ Facebook ပေါ့ ။ facebook သုံးရင်း သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ ပို့စ် တစ်ခုတွေ့တယ် ။ ချစ်စရာအရမ်းကောင်းတဲ့ ခွေးကလေးနှစ်ကောင် ။ နှစ်ကောင်လုံးယူတဲ့ သူကို ပေးမယ်ဗျာ တဲ့ ။ ကိုယ်က တွေ့တဲ့ သတ္တဝါတိုင်းကို အသနားပိုတတ်သူမို့ပဲလားမသိဘူး ။ အဲ့ဒီခွေးလေးနှစ်ကောင် ကို မြင်မြင်ချင်းကို အရမ်းချစ်သွားမိတယ် ။လိုလဲလိုချင်တယ် ။ အိမ်မှာ ကြောင်လေးတွေမွေးထားတာ ခုနှစ်ကောင်ရှိပေမယ့် ခွေးတော့ တစ်ခါမှ မမွေးဖူးဘူး ။သူတို့ကို အရမ်းချစ် အရမ်းလိုချင်တဲ့ စိတ်ကတစ်ဖက် ၊ နေရတာက အစိုးရတိုက်ခန်း … နဂိုကမှ ကြောင်တွေမွေးလို့ အမြင်သိပ်မကြည်ကြတာ ခုခွေးတွေနဲ့ဆို ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကတစ်ဖက် ၊ ကြောင်နဲ့ခွေး တည့်ကြပါ့မလားလို့ တွေးပူမိတဲ့စိတ်က တစ်ဖက် …. အဲလို ချီတုံချတုံ စဉ်းစားရင်းနဲ့ပဲ “င့ါကိုပေးပါလား ဟယ် ၊နှစ်ကောင်လုံး ငါမွေးပါ့မယ် “ လို့ ကွန်မန့်ရေးမိရက်သားဖြစ်သွားတယ်။
သူငယ်ချင်းက ချက်ချင်းတော့ မပေးပါဘူး ။ အခြေအနေကြည့်နေပုံရတယ် ။ လိုချင်တဲ့သူတွေကလဲ အများသားကို း ။ တစ်ဖက်လောက် ကြာတော့မှ သူကဖုန်းဆက်လာတယ် ။ နင့်ကိုပေးမယ်တဲ့ ။ ကိုယ် အရမ်းပျော်သွားတာပေ့ါ ။ ဖေဖေရယ် မေမေရယ် ကိုယ်ရယ် ခွေးလေးတွေကို သွားခေါ်ကြတယ် ။ အိုးး စွာလိုက်တာဆိုတာ ။ ကိုယ်တို့ကိုဟောင်တာပေ့ါ ။ နှစ်ကောင်လုံး အမ လေးတွေ ။ သူတို့ မေမေ က သူတို့ကို မွေးပြီးကတည်းက ဆုံးသွားသတဲ့ ။ အမိမဲ့ကလေးတွေပေ့ါလေ ။ အရွယ်ကတော့ လေးလလောက်ရှိပြီပြောတယ် ။ တစ်ကောင်က အမဲလေး ၊ တစ်ကောင် ကအနီလေး ။ အမဲလေး ကို ဂူဂူး ၊ အနီလေး ကို ပူစူး လို့ နာမည်ပေးလိုက်ကြတယ် ။ ဂူဂူးလေး က မျက်ခုံးမှာ အနီပြောက်လေးပါတော့ မျက်ခုံးမွှေးလေးလိုပဲ ချစ်စရာအရမ်းကောင်းတယ်။ ပူစူးကတော့ ရယ်လဲရယ်ရ ချစ်ဖို့လည်းကောင်း …သူ့ခမျာ အောက်သွားလေးတွေခေါနေရှာတယ် ။ အိမ်ကို စစရောက်ချင်း မေမေနဲ့ ဖေဖေ အိပ်တဲ့ အခန်းထဲ တန်းဝင်ပြေးပြီးကုတင်အောက်မှာ ပုန်းနေကြတယ် ။ ဘယ်လိုမှခေါ်မရဘူး … လူကို တဂူးဂူး တဂဲဂဲနဲ့ ကိုက်မယ်လုပ်တယ် ။ သူတို့လဲ အိမ်အသစ်ဆိုတော့ ကြောက်ရှာမှာပေ့ါ ။ အဲဒီ့နေ့က ညစာဘယ်လိုမှ ကျွေးမရဘူး ။ကုတင်အောက်ကကို ထွက်မလာကြဘူးလေ ။ ညနက်တော့ ပူစူး ကို ခေါ်လို့ရသွားတယ် ။ သူ့ကိုပွေ့ပိုက် စောင်လေးနဲ့ထွေးပြီး ကုတင်ပေါ်မှာ သိပ်တော့ အိပ်ပျော်သွားရှာတယ် ။ ဂူဂူးကိုလည်း ကုတင်အောက်က ချော့ပြီးထုတ်ရတာပေ့ါလေ ။ နှစ်ကောင်လုံး ကုတင်ပေါ်ရောက်လာပြီး လူနဲ့ တူတူ သိပ်လိုက်တယ် ။ ကိုယ်တို့ကို သိပ်တော့ မရင်းနှီးသေးဘူးပေါ့ ။
မနက်မိုးလင်းတော့ မနက်စာ ထမင်းဆီဆမ်း ပဲပြုတ် နဲ့ ငါးခြောက်ဖုတ် စားကြတယ် ။ သူတို့ကို ဝါးကျွေးတော့ နှစ်ကောင်သား စားလိုက်ကြရှာတာ ။ ညကမှ မစားထားရပဲကို း ။ဖေဖေ ရော မေမေရော ကိုကိုရော မမရော မနေရပါဘူး ။တလှည့်စီကိုဝါးကျွေးရတော့တာပဲ ။ သူတို့ ထမင်းစားလို့ အဲ့ဒီနေ့က တစ်အိမ်လုံး ပျော်ကြတယ် ။
ဂူဂူးနဲ့ ပူစူးရောက်လာတဲ့ နေ့က စပြီး တစ်အိမ်လုံးမှာ အသံတွေကို ညံနေတာပဲ ။ သူတို့နှစ်ကောင်ဟာလေ နောက်မှ ရောက်လို့သာပဲ ။ အိမ်ကကြောင်တစ်ကောင်ကောင်ကိုများ ချီလိုက်ရင် သူတို့မကြိုက်ဘူး ဝိုင်းဟောင်တာပဲ ။ မနာလိုဘူးပေါ့လေ သူတို့ကိုပဲချစ်ပါပေါ့ ။ စားလည်းစား ၊ ဆော့လည်း ဆော့ ၊ ချွဲလည်းချွဲတတ်တဲ့ သူတို့နှစ်ကောင် က တစ်အိမ်လုံးရဲ့ အချစ်တော်ဖြစ်နေတာပဲပေ့ါ ။ ဖေဖေရုံး ကပြန်လာရင် လဲ သူတို့ လှေကားကနေကြိုတယ် ။ ကိုယ်တို့နေရတာက လေးထပ်တိုက် အပေါ်ဆုံးအခန်းမှာကိုး ။ မေမေကျောင်းကပြန်လာရင် လဲ သူတို့ ကြိုတယ် ။ ကိုယ်များ ပြန်လာလို့ကတော့ အတိုင်းထက်အလွန်ပေ့ါ အမြှီးလေးတွေ လှုပ်လှုပ်ပြီး သံဇကာ တံခါးမှာ မတ်တပ်လေးတွေ ရပ်ပြီး နှစ်ကောင်လုံး ပြိုင်တူကြိုကြတာ။ ကိုယ် က သူတို့ကို ကိုယ့်ကလေးတွေလိုပဲ သဘောထားတယ် ။ ခွေးတွေ ကြောင်တွေရယ်လို့ကို မမြင်တော့ဘူး။
ကြောင်လေးတွေ ကသူတို့ဟာသူတို့ အောက်ဆင်းအပေါ်တက် သွားတတ်လာတတ်တယ် ။ မွေးတည်းက ဒီအိမ်မှာ မွေးတာကိုး ။ ဂူးနဲ့ပူစူးကတော့ မနက်ဆို သူတို့ကိုခေါ်ပြီး အောက်ဆင်းပေးရတယ် ။ ခြံဝင်း ကျဉ်းကျဉ်းလေးထဲပဲ လှည့်ပတ်လမ်းလျှောက်ကြတာပေ့ါ ။ ခြံဝင်းအပြင်ကိုတော့ မထွက်ခိုင်းဘူး ။ ပြီးရင် လှေခါးပေါ်ပြန်တက် ။ စစချင်းကဆို ပူစူးမလေးဟာ လှေခါးကို မဆင်းရဲ မတက်ရဲ ဘူး ။ နောက်ပိုင်းတော့ သူ လုပ်တတ်လာတယ် ။ သူ လှေခါးဆင်းတာရော တက်တာရော အရမ်းချစ်စရာကောင်းတာပဲ ။ သူက ဂူဂူးထက်ပိုဝတော့လေ ။ တုတ်တုတ် တုတ်တုတ်နဲ့ ။ သူတို့ ကို ကာကွယ်ဆေးထိုးတုန်းကဆိုလဲ နှစ်ကောင်လုံး လိမ်မာလိုက်တာလေ ။ တစ်ချက် မဟောင်ဘူး ။ ကိုယ်ကချီထားပေးပြီး ဆရာဝန် က ဆေးထိုးလိုက်တာပေါ့ ။ ဒီလကုန်ခါနီး ကို တစ်ခေါက်ထပ်ထိုးရမယ်တဲ့ ။ ပြီးခဲ့တဲ့ တနင်္ဂနွေ က ဂူး နဲ့ ပူစူး ကို ကိုယ်တို့ ရေချိုးပေးကြသေးတယ်။ ပထမဆုံးရေချိုးကြတာဆိုတော့ သူတို့ ကနည်းနည်းထွက်ပြေးချင်သေးတယ် ။ ဘယ်ရမလဲ ဒီ မမ က သေသေချာချာ ဆပ်ပြာတွေတိုက်ပြီး ဝရန်တာထွက် နေပူထဲမယ် ရေခြောက်အောင်သုတ်ပေးလိုက်တော့ နှစ်ကောင် သား မွှေးကြိုင်ပြီး ပျော်မြူးနေလိုက်တာများ ….
ဒီလိုနဲ့ ကိုယ်နဲ့ သူတို့ သံယောဇဉ်တွေ အထပ်ထပ်ရစ်တွယ်ပြီး ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ကြတာပေ့ါ။
မနက်ခင်းတစ်ခု ….ကိုယ့်အတွက်ဘယ်လိုမှ မေ့မရနိုင်တော့မယ့် မနက်ခင်းတစ်ခုမှာပေါ့ ။ မေမေ က ဆွမ်းဆန်စိမ်းလောင်းလှုပွဲအတွက် လာကြိုတဲ့ကားပေါ်ကိုတက်တယ် ။ ကိုယ် က အမှိုက်ထုတ်တွေ ဆွဲပြီး အောက်ဆင်းဖို့ပြင်တယ် ။ ဂူး နဲ့ ပူစူး က တံခါးဖွင့်တာနဲ့ အောက်ဆင်းရမှာမို့ ပျော်မြူးနေကြတယ် ။ မေမေ က အောက် ခေါ်သွားရမလားလို့ မေးတယ် ။ ကိုယ်က မခေါ်သွားနဲ့ ။ ကိုယ်နဲ့မှ တူတူဆင်းမယ်လို့ ပြောတုန်းရှိသေး ပူစူး ကလှေကားတစ်ဝက်ရောက်အောင်ပြေးဆင်းသွားတယ် ။ ဒါနဲ့ မေမေ လဲ လိုက်ဆင်းသွားတာပေါ့ ။ ကိုယ် လဲ နောက်က လိုက်လာခဲ့တယ် ။ အဲ့ဒီချိန် အဲ့ဒီချိန် မှာပေါ့ … စူးစူးဝါးဝါးအော်လိုက်တဲ့ မိန်းမသံတစ်ခု ….
ခွေးကလေး ကားတိုက်သွားလို့တဲ့ ။ ကိုယ့်ကလေးတွေလေ … လှေကားထစ်တွေကို ဝုန်းဒိုင်းကြဲပြေးဆင်းလိုက်မိတယ် ။ ဒီ အချိန်ခဏလေးအတွင်း မှာလေ ။ ကိုယ်မြင်လိုက်ရတော့ ပူစူး ဟာ အသက်မရှိတော့ဘူး ။ ကလေး ဟာ ရုပ်ပျက်ဆင်းပျက်တော့ ဖြစ်မသွားရှာဘူး ။ မျက်လုံးလေးပွင့်လို့ ။ ပူစူးသေသွားပြီ ဆိုတာ လက်ခံဖို့ တော်တော်ကို ခဲယဉ်းတယ် ။ ခုဏကလေးတင် ကိုယ်နဲ့ဆော့ကစားနေခဲ့တာ ၊ ကိုယ့်ပေါ် ဖက်တွယ်တက်နေခဲ့တာ ၊ကိုယ့်ရှေ့ကနေလှေကားတွေကို ပြေးဆင်းသွားခဲ့တာ မို့လား ။ ဒါပေမယ့် ဒါက ဖြစ်ပြီး သွားခဲ့ပြီတဲ့ ။ ကိုယ် သူ့မျက်လုံးတွေကို ပိတ်ပေးဖို့ ကြိုးစားတယ် ။ ဒါပေမယ့် ပိတ်ပေးလို့မရခဲ့ဘူး ။ ကိုယ် အရမ်းစိတ်မကောင်းဖြစ်သွားတယ် ။ ဒါပေမယ့် ငိုလို့မရခဲ့ဘူး ။ ပူစူး ကို ဒီတိုင်းတော့ မပစ်ရက်နိုင်ဘူး ။ သူ့ကို ကိုယ် ကောင်းကောင်းမွန်မွန်လေး သဂြိုဟ်ပေးချင်တယ်။ မြေမြှုပ်ဖို့ စဉ်းစားတော့ မှ မြေပိုင်မရှိတဲ့ ကိုယ့်ဘဝကို ခါးသီးမိတယ် ။ အများ က ငြိုငြင်ကြမယ်လေ …
နောက်ဆုံးတော့ အိမ်ရှေ့ထောင့် ခြံဝင်းအပြင်ဘက် ပိတောက်ပင်ကြီးအောက်မှာ တွင်းတူးပြီး ပူစူးလေး ကို မြေမြှုပ်ပေးခဲ့တယ် ။ကိုယ်တတ်သမျှ ဘုရားစားတွေရွတ်ပြီး ကလေး ဘဝကူးကောင်းပါစေလို့ ဆုတောင်းပါတယ်။ ကလေး တွင်းလေးကို မြေပြန်ဖို့တော့ မြေစိုင်မြေခဲတွေနဲ့ အတူ ကိုယ့် မျက်ရည်တွေပါ တွင်းထဲ ကို ကျတယ်။ ကိုယ့် အပြစ် မကင်းလို့ သာ ကလေး က အပြင်ကိုထွက်သွားတာ ။ ကိုယ့် ကြောင့် ကလေး သေရတာလို့ တွေးမိတိုင်း ဘယ်လိုမှ စိတ်မကောင်းနိုင်ဘူး ။ ကလေး ဟာ ငယ်ငယ်လေးရှိသေးတာမို့လား ။ ကလေး က ဘယ်ဘဝရောက်သွားမှာလဲ ။ သူတစ်ကောင်တည်းကြောက်နေရှာမှာပေါ့ ။ ဘယ်လိုနာကျင်မှုတွေများ ခံစားလိုက်ရမှာပါလိမ့် ။ ကလေးက သေးသေးလေးမို့လား …. ကိုယ့်အတွေးတွေ မဆုံးနိုင်ဘူး ။ ကိုယ့်မျက်လုံးထဲမှာလဲ ပူစူးလေး ရဲ့ ပုံတွေပဲမြင်ယောင်နေမိတယ် ။ ကိုယ် ဟာ စိတ်နဲ့ လူနဲ့ မကပ်ဘူး ။ အမြင်အာရုံတွေကလဲ မျက်ရည်တွေကြောင့် အမြဲတမ်း ဝေဝါးနေသလိုပဲ ။ အမှန်ဆို ပူစူးလေး ဟာ ကိုယ်နဲ့တူတူ အကြာကြီးနေရဦးမှာ ။ ကိုယ့်ကို ချွဲနွဲ့ဆော့ကစား ရဦးမှာ ။ အခုဆောင်းဝင်မှာ ကိုယ်ဝယ်ပေးတဲ့ အကျင်္ီအသစ်လေးကို ဝတ်ရဦးမှာ …
ကိုယ်တို့အိမ်လမ်း ပေါက်ဝ က ထီဆိုင် ကိုမြင်တော့မှပဲ ကိုယ်ဟာ အိမ်နားရောက်နေပြီဆိုတာ သတိရတော့တယ်။ ရုံးကအပြန်မှာ ကိုယ်ဟာသိစိတ်မဲ့ ဆိုင်ကယ်မောင်းလာခဲ့တာပါလား ။ ပူစူးလေး ကပဲကိုယ့်အာရုံတွေကို လွှမ်းမိုးထားခဲ့တာ ။ ကိုယ် ဆိုင်ကယ် ကို ကွေ့လိုက်တယ် …. အို ရှေ့တည့်တည့် က ကားကြီးဟာ ကိုယ့်နားရောက်မှ ဘွားခနဲ ပေါ်လာခဲ့တာလား ။ ကိုယ် ဘယ်လိုမှ ရှောင်ဖို့ အချိန်မရပါဘူး။ ကိုယ်နဲ့ ကားကြီးနဲ့ တဖြည်းဖြည်းနီးလာတယ် ။ အလို .. ကိုယ် စိတ်ထင်လို့ပဲလား ။ ကားရှေ့ခန်းထဲ မှာ ကိုယ့်သမီးလေး ပူစူး ပါတယ် …… ပူစူးရေ လို့ ကိုယ် အော်ခေါ်လိုက်တယ် ။ ကိုယ့်သမီးလေး ပြန်ထူးသံ ဟာ အခါတိုင်းလို ဝုတ် ဝုတ် မဟုတ်ဘဲ ဂျိန်း ကနဲပါပဲလား ။ ဘာပဲဖြစ်ဖြစ် ကိုယ် နဲ့ သမီးလေးနဲ့ ပြန်တွေ့ရပြီ ။ ကိုယ်ကရှေ့ကပြေးတယ် သမီးလေး ကနောက်ကလိုက်တယ် ။ ပူစူးလေး တစ်ကောင်တည်းမဖြစ်တော့ဘူး ။ ပူစူး ဘာမှကြောက်စရာမလိုတော့ဘူး။။။ ပူစူးရေ …သမီးရယ် မမရယ် နေရာသစ်တစ်ခုမှာပျော်ပျော်ရွှင်ရွင် နဲ့ တူတူ နေကြတာပေါ့ကွယ် ………
13 comments
ခင် ခ
October 22, 2013 at 3:01 pm
ဖြစ်မှ ဖြစ်ရလေကွယ်။
ကောင်းရာသုဂတိမှာ ပျော်စံနိုင်ပါစေ။
KZ
October 22, 2013 at 3:12 pm
:hint:
😥
:byee:
alinsett
October 22, 2013 at 3:21 pm
ရင်နင့်စရာ လေးးး ရေးတတ်လိုက်တာဗျာ
ဝတ္ထုတိုလေးပဲ ဖြစ်ပါစေ နော်
😥
ရွှေမိုးတိမ်
October 23, 2013 at 10:59 am
ကျွန်တော်လဲ ဝတ္ထုတိုလေးပဲ ဖြစ်စေချင်မိတယ်။
Mr. MarGa
October 22, 2013 at 7:46 pm
အင်း….
real event နဲ့
imaginary
်အဲဒါလေးကို
hard truth နဲ့ပါတွဲ
အခု ဖတ်ရတော့
မျက်ရည်ပွဲတောင် နွှဲ ချင်ချင်………
kyeemite
October 23, 2013 at 10:00 am
:byee: :byee: :byee:
TNA
October 23, 2013 at 4:51 pm
😥 ထင်တော့ထင်တယ် အဆုံးကိုကျော်ဖတ်ကြည့်လိုက်တာ။ ကြားထဲကသံယောဇဉ်တွေမဖတ်ရဲလို့။ ဘယ်လိုမှမခံစားနိုင်ဘူး :bvee:
surmi
October 24, 2013 at 10:54 pm
ဂျိန်း .. ကနဲတော့မလုပ်လိုက်ပါနဲ့ဦးဗျာ…
မန်းဂဇက်မှာစာဆက်ရေးပါဦး…
ဘာပဲဖြစ်ဖြစ်စာဖတ်သူကို ပေးချင်တဲ့ရသတွေတပွေ့ကြီးပေးနိုင်လို့…
ဟုတ်ကဲ့… ဖတ်ပြီးတော့….ဆွေးးးးးးး……..
Foreign Resident
October 25, 2013 at 7:44 am
ကိုယ်ချင်းစာမိပါတယ်ကွယ် ။
Wow
October 25, 2013 at 11:12 am
😥
ရွှေမိုးတိမ်
October 26, 2013 at 10:28 am
ခုလို ပို့စ်လေးကို လာဖတ်ပြီး ထပ်တူခံစားပေးကြလို့ ကျေးဇူးတင်ပါတယ်နော် ။
အချိန် ကို သမားတော် လို့ တင်စားသလိုမျိုး … စဖြစ်ဖြစ်ခြင်းနေ့ကနေ တစ်ရက် ၊ နှစ်ရက် ၊ သုံးရက် ၊ ဒီနေ့ဆို လေးရက်မြောက်နေ့ပေါ့ ။ ပူဆွေးသောကရောက်တာတွေ ပျောက်မသွားသေးပေမယ့် စစချင်းနေ့ကလိုတော့ ဖြေမဆည်နိုင် ဘာမှမလုပ်နိုင် မကိုင်နိုင် မဖြစ်တော့ဘူး ။ သေခြင်းတရားဆိုတာ ကိုယ့်အလှည့်လည်းရောက်လာဦးမှာပါပဲလို့ပဲ ….
sorrow weaver
October 26, 2013 at 10:52 am
အင်း..100% ခံစားရပါတယ်…..အိမ်ကပိုးမွေးသလိုမွေးထားတဲ့ခွေးကလေးကိုလဲ ..လူများအဆိပ်တုံးလာပစ်သွားတာ….ဆန့်ငင်ဆန့်ငင်နဲ့..သေပါရောလား….အလောင်းလေးကို ပွေ့ပြီး ..အဖေမျက်ရည်ကျနေတာမြင်တော့….ညီအစ်ကိုတွေများ…အဆိပ်တုံးပစ်သွားတဲ့ဘေးအိမ်ကကောင်ကို..ဓါးတွေနဲ့လိုက်တာ…..အဟိဟိ…ခွေးထက်မိုက်တယ်ဆိုတာ…ကိုယ်တွေမှအစစ် …အဟိဟိ
ရွှေမိုးတိမ်
October 26, 2013 at 11:33 am
အဖြစ်ချင်းတူတာတွေတော့ များနေပြီဗျာ ။ ကျနော့်မှာလဲ အရင် က ကြောင်ကလေးလေ ဖိုးဖြူဆိုတာ … တစ်နှစ်ကျော်သားလောက်မှာ အဆိပ်မိလာသတဲ့ ။ ကျနော်က အဲ့နေ့ က ရုံးကအချိန်ပိုရှိလို့ ည 11 ထိုးခါနီးမှ ပြန်ရောက်လာတာ ။ သူက ညနေကတည်းကအဆိပ်မိပြီး ခံစားနေခဲ့ရတာတဲ့ ။ အိမ်ကလူတွေ ကန်စွန်းရွက်တွေတိုက် ၊ ဆရာဝန်ဆီခေါ်ဆေးထိုးကြတယ် ဆရာဝန်က စောင့်ကြည့်နေလို်က်ပါလို့ ပြောလိုက်တယ်တဲ့ ။ ကျနော်ပြန်ရောက်သွားတော့ အိတ်တွေအကုန်ပစ်ချပြီး သူ့ဆီသွားတယ် ။ သူကခေါင်းလေးထောင်ကြည့်တယ်ဗျ .. ကျနော့်မှာ သူသက်သာလာပြီမှတ်လို့ ပျော်လိုက်ရတာ… ပါးစပ်ကလည်း သူ့နာမည်တတွတ်တွတ်ခေါ်ပြီး စကားတွေပြောတာပေါ့ ။ မကြာပါဘူး ခနအကြောဆွဲပြီး ကလေးကသေသွားတယ် ။မေမေ က နင့်ကိုစောင့်နေရှာတာနေမှာလို့ပြောတော့ ငိုလိုက်ရတာ ….. သံယောဇဉ်တွေများဗျာ …တကယ်ကိုပူလောင်ရပါတယ်။