နောင်တမဲ့သော တွယ်ငြိခြင်း ~ အပိုင်း (၁)
အပိုင်း (၁)
တစ်စုံတစ်ခုကို လိုချင်လာပြီဆိုရင်၊ တစ်ခုခုကိုဖြစ်လာချင်ပြီဆိုရင် မရရအောင်ယူတတ်တဲ့အကျင့်တစ်ခုကို
ကျွန်မက ဖေဖေ့ဆီကရခဲ့တာဟု မေမေကငြီးငြီးငြူငြူနှင့် ခဏခဏပြောခဲ့ဖူးသည်။
လိုချင်ပြီဆိုရင် ခဲရာခဲဆစ်ရအောင်ယူတတ်သော
ကျွန်မရဲ့ ညစ်ကျယ်ကျယ်စိတ်ဓာတ်ဟာ တစ်ခါတစ်လေမှာကောင်းပေမယ့်လည်း ဆိုးပြီဟေ့ဆိုလျှင် တစ်ဖက်ကမ်းခတ်သည်တဲ့။
မေမေအပါအဝင် သူငယ်ချင်းများက တစ်ဦတစ်ညွတ်တည်း ထိုသို့ကောက်ချက်ချကြလေသည်။
“ဒီကိစ္စမှာ နင်ဆုံးဖြတ်တာ သိပ်မှန်နေတယ်လို့ ထင်နေတာလား သွေး၊ နင့်ကိုယ်နင်မှားနေတယ်လို့
နည်းနည်းလေးတောင်မထင်မိဘူးလား”
“ငါ့ကိုယ်ငါမှန်တယ်လို့ ဟစ်ကြွေးနေတာမှမဟုတ်တာဟာ ငါလုပ်နေတာတွေဟာ အမှားတွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲ”
“သွေးရယ် နင့်ကိုလေ ဘယ်လိုမှမနိုင်ဘူးသိရဲ့လား ကိုယ်မှားနေတာကိုသိရက်နဲ့ ဆက်ပြီးတော့မှားနေအုံးမတဲ့”
“လောကမှာလူတွေဟာ ကိုယ့်ဘဝအတွက် ရွေးချယ်မှုကို ကိုယ်မှန်တယ်ထင်လို့ရွေးကြတာချည်းပဲ ပန်းရယ်
မတော်တဆနဲ့ ကိုယ့်ရွေးချယ်မှုမှားယွင်းသွားတာနဲ့ပဲ အများလို မိုးခါးရသောက်ပြီး နောက်ပြန်လျှောက်သင့်လို့လား
ငါကတော့ ကိုယ်မှန်တယ်လို့ရွေးချယ်ပြီးရင် ဘယ်တော့မှနောက်မဆုတ်ဘူး ဘယ်တော့မှလည်း နောင်တရမှာမဟုတ်ဘူး”
၁ဝတန်းအောင်စာရင်းထွက်တော့ ဆေးကျောင်းအမှတ်မီပါလျက်နဲ့ အချစ်ဆုံးသူငယ်ချင်းပန်းနဲ့အတူ ဆေးကျောင်းမတက်ဘဲ
EPP မှာ တက်ဖို့ရွေးချယ်ခဲ့တုန်းက ကျောင်းကဆရာမတွအကုန် အံ့အားသင့်ခဲ့ရသည်။ မေမေကတော့ ၁ဝတန်းအောင်ပြီးရင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်
လုပ်ချင်တာလုပ်ဟု ကတိခံခဲ့တာမို့ ကောင်း၏ ဆိုး၏ ဘာမှမဝေဖန်သော်ငြား ဆေးကျောင်းတက်စေချင်ခဲ့တာလည်း သိပါသည်။
အဲဒီကိစ္စနှင့်ပက်သက်ပြီး ပန်းနှင့် ထိုကဲ့သို့ အတိုက်အခံဖြစ်တဲ့အထိ ကိုယ်မှန်တယ်ထင်တာကိုလုပ်ခဲ့သည့် လှသွေးချယ်ရယ်ပါ။
ကျွန်မရဲ့ခံယူချက်ကတစ်မျိုး။ ခေါင်းမာတယ်ပဲပြောမလား။ ဒါမှမဟုတ် စိတ်ဓာတ်ကြံ့ခိုင်တယ်ပဲပြောရမလား။
ဘယ်တုန်းကမှ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ စကားကြောင့် ကိုယ့်ယုံကြည်ချက်ကို မပြောင်းလဲခဲ့။
ကိုယ်မှန်တယ်ထင်ရင် ပြန်ပြောလိုက်ဖို့လည်း ဝန်မလေးသလို အတည်ပေါက်နဲ့လည်း ဖောက်တတ်သေးတာမို့
ဘယ်ကောင်လေးကမှလည်း စိတ်မဝင်စား။
မိန်းမဆန်ဆန် နူးနူးညံ့ညံ့မနေတတ်သော်လည်း ဘယ်တော့မှချစ်သူမထား၊
ယောကျာ်းမယူ ဟူသော အူကြောင်ကြောင်အတွေးအခေါ်လည်းမရှိ။
အချစ်ဆိုတာကိုလည်း ဝတ္ထုတွေထဲက စိတ်ကူးယဉ်စရာလို ကျွန်မသတ်မှတ်ခဲ့။
သေချာတာတစ်ခုက ကျွန်မ Tom Boy လည်းမဟုတ်ခဲ့ပါ။
ဤသို့ ဤသို့သော “လှသွေးချယ်” ဆိုတဲ့ မိန်းကလေး မျက်စိစုံမှိတ်ပြီး ချစ်ပစ်လိုက်တဲ့လူဟာ
ဘယ်လိုလူလဲလို့ သူများတွေသိချင်နေကြမည်လား။
==================================
“ပန်းရေ coming sunday UMFCCI မှာ Business Talk တစ်ခုရှိတယ်သိလား Entreprenirship and its advantages ဆိုလားပဲ
ခုလက်ရှိ အောင်မြင်နေတဲ့ကုမ္ပဏီ ၃ခုက တာဝန်ရှိသူတွေပြောမှာတဲ့ကွ ငါစိတ်ဝင်စားတယ် သွားနားထောင်ရအောင်”
ကျွန်မစကားကို ပန်းက စိတ်ပျက်သလို နှာခေါင်းရှုံ့ပါသည်။ အင်းလေ … သူငယ်တန်းကတည်းက မခွဲအတူ
ကြီးပြင်းလာကြတာကလွဲလို့ပန်းနဲ့ ကျွန်မမှာ အကြိုက်ချင်းတူတာဆိုလို့ ခပ်ရှားရှားမဟုတ်လား။
ကျွန်မက အင်္ဂလိပ်စာနှင့် စီးပွားရေးကိုစိတ်ဝင်စားသလောက်
ပန်းကတော့ သူမသင်ထားတဲ့ပညာတွေနှင့် လူတွေရဲ့အသက်ကို ဘယ်လိုကယ်တင်ရမလဲဆိုတာပဲ စဉ်းစားသည်။
“ဟင် မသွားချင်ပါဘူး သွေးရယ် ပျင်းစရာကြီး ပြီးတော့ အဲဒီနေ့ ငါကျောင်းကဆရာမတစ်ယောက်ဆီ
စာသွားမေးဖို့ ကျောင်းကသူငယ်ချင်းတွေနဲ့ ချိန်းထားတယ် ငါမလိုက်တော့ပါဘူး နင်ပဲသွားလိုက်ပါ”
“ဟင် နင်ကလဲ .. Part II ပဲရောက်နေပြီ ကျောင်းစတက်တည်းက မေးလိုက်တဲ့စာဆိုတာ ခုချိန်ထိကိုမပြီးနိုင်တော့ဘူးလား”
“ဆေးကျောင်းကစာတွေက အတန်းကြီးလာလို့ နည်းသွားတယ်ဆိုတာမှမရှိတာ အတန်းကြီးလာလေ စာကများလာလေပဲ
ငါဒီနှစ်ဂုဏ်ထူးများနိုင်သလောက် များဖို့အားခဲထားတယ်ဟာ ဒါမှ MRCP ဖြေဖို့ အဆင်ပြေမှာ”
ပန်းပြောတာကို နားထောင်ရင်း ကျွန်မ ပြုံးပြီးသာ ကြည့်နေမိပါသည်။ ကိုယ်တိုင် ဆရာဝန်ဖြစ်ဖို့
ဝါသနာမပါသော်ငြား ပန်းရဲ့ ရည်မှန်းချက်ကိုတော့ ကျွန်မ မလေးစားဘဲမနေနိုင်ပါ။
ပန်းကသူများတွေလို အမှတ်မီလို့ ဆေးကျောင်းတက်တာထက် သူကိုယ်က ဝါသနာထုံစွာ ဆရာဝန်ဖြစ်ချင်တာ။
ပန်းရဲ့ကျောင်းကိစ္စနှင့် ပက်သက်တာမို့ ကျွန်မလည်း အတင်းနားမပူတော့ဘဲ
“ပြီးရောနော် ကျောင်းစာကိစ္စမို့ ခွင့်လွှတ်လိုက်တယ်မှတ်ပါ
မဟုတ်ရင်တော့ .. သွေးအကြောင်းသိတယ်မဟုတ်လား”
ကျွန်မရဲ့ အပြောကို ပန်းက သဘောကျလှသလို တခစ်ခစ်ရယ်ရင်း “ ဟုတ်ကဲ့ပါ မမရယ် ကျေးဇူးကြီးလှပါတယ်
သွေးကလေ ဒီလိုဆိုတော့လည်း အရမ်းချစ်ဖို့ကောင်းနေပြန်ရော အမြဲအဲလိုလေးပဲနေသိလား ခေါင်းမမာနဲ့
အဲဒါဆိုချစ်ဖို့မကောင်းဘူး” ဟု ပြောပါတော့သည်။
===================================
အဲဒီနေ့က ကျွန်မနှင့်အတူ ပန်းပါမလာတာ ကျွန်မနဲ့သူ့ရဲ့ ရေစက်လို့ပဲဆိုရမလား။ မြားနတ်မောင်ရဲ့ ကျေးဇူးလို့ပဲပြောရမလားမသိ။
သေချာတာကတော့ လေးစားမှု၊ အထင်ကြီးမှုနဲ့အတူ ကျွန်မ “အချစ်” ဆိုတာကို ကောင်းကောင်းကြီးသိလိုက်ရတာပါပဲ။
သူ့ကို ကျွန်မ Business Talk မစခင် UMFCCI အဝင်ဝမှာတည်းက စတင်သတိထားမိခဲ့တာ။ အိမ်မှာ ကားတစ်စင်းရှိသော်လည်း
အင်မတန်မှ အပျင်းကြီးလှသော အင်မတန်မှ ခေါင်းမာလှသော ကျွန်မဟာ ကားမောင်းသင်မထားခဲ့ပါ။
“အခုခေတ်က ဘယ်နေရာသွားသွား ကားကအမြဲပိတ်နေတာ ကိုယ့်ကားကိုယ်မောင်းနေရတာဆိုရင် ကားကြပ်တဲ့နေရာမှာ
ငုတ်တုတ်မေ့ရော တက္ကစီလေးနဲ့ဆို ကားပိတ်နေရင် ကားပေါ်မှာ အိပ်လိုက်လို့ရတယ် မကျေနပ်ရင် လမ်းဆင်းလျှောက်လို့ရတယ်
ကားရပ်ဖို့နေရာတွေ ဘာတွေ ဘာမှစဉ်းစားစရာမလိုဘူး ဘယ်လောက်အေးလဲ” ဟူသော
ဆင်ခြေအကောင်းစားနှင့် မေမေ့ကိုပြန်ပြောခဲ့တာ။ အဲဒီနေ့ကလည်း တက္ကစီနှင့်လာတာမို့
UMFCCI အပေါက်ဝမှာတင် ဆင်းကာ အထဲကိုလမ်းလျှောက်ဝင်ခဲ့တာပင်။
သူကတော့ ရုပ်ရှင်ထဲကမင်းသားတွေအလား Mark X ပေါ်က ခပ်မိုက်မိုက်ဆင်းလာခဲ့တာ။ မျက်နှာကိုလှမ်းကြည့်လိုက်တော့
Giorgio Armani တံဆိပ် မျက်နှာတစ်လက်က သူ့မျက်နှာပေါ်မှာ ခပ်ကြွားကြွား နေရာယူထားလေသည်။
ပြုံးနေတာမဟုတ်သော်လည်း တင်းမာ မနေသော နှုတ်ခမ်းအစုံဟာ အဝေးကငေးကြည့်ရုံတင် နူးညံ့မယ်မှန်းသိနိုင်သည်။
ရှပ်အကျီလက်ရှည်ကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး အကျီအိတ်ကပ်ပေါ်မှာပေါ်နေသော
Arrow တံဆိပ်ဟာ သူ့အဆင့်အတန်းဘယ်လောက်ရှိသည်ကို ဖော်ပြနေသလိုလို။
အသက်ကတော့ မကြီးဘူးဆိုလျှင်တောင် ကျွန်မထက် ၁ဝနှစ်ကျော်ကြီးနိုင်သည်။
ဘာရယ်မဟုတ်ပါပဲ သူ့ကိုငေးနေမိတာ ဘေးကဖြတ်သွားတဲ့ကားတစ်စင်း ဟွန်းတီးသံကြားမှပင် အထဲဝင်ဖို့ သတိရတော့သည်။
သူဘယ်သူလဲ ဒီပွဲကိုလာတာလား ဒါမှမဟုတ် ဘာအလုပ်ကိစ္စနှင့်လာတာလား မသိချေ။
ကျွန်မ ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မရှင့်ကို ထိုင်ကြည့်နေချင်သေးတယ်
ဒါမှမဟုတ် နောက်ထပ်တစ်ခါတွေ့ခွင့်ရချင်သေးတယ်။
===============================
အပိုင်း (၂) မျှော်
16 comments
KZ
October 24, 2013 at 12:58 pm
ဆက်ရေးးး ပါ။
ဆက်ဖတ်မယ်။
ရုပ်ရှင်ကြည့်နေရသလိုပဲမို့။
🙂
သူကလေး
October 25, 2013 at 9:17 am
အမှန်တော့ မီးလဲရုပ်ရှင်ရိုက်ချင်တာလို့
အရှုံးခံပြီးရိုက်ပေးမယ်လူမရှိလို့ ဝတ္ထုအဖြစ်အသက်သွင်းလိုက်တာ ငိ 😀
kyeemite
October 24, 2013 at 3:45 pm
အရေးအသားကောင်းသဗျာ..အားပေးနေပါတယ်“သွေး” ရေ 🙂
သူကလေး
October 25, 2013 at 9:22 am
အားပေးနေပါဂျာ တစ်နေ့တစ်ခန်းတင်ပါမယ် 🙂
Ma Ma
October 24, 2013 at 4:20 pm
ခေါင်းမာတတ်တဲ့ သူတစ်ယောက်အကြောင်း စိတ်ဝင်စားလို့ စောင့်ဖတ်နေမယ်။
🙂
သူကလေး
October 25, 2013 at 9:24 am
ကျေးဇူးပါရှင့်
alinsett
October 24, 2013 at 5:52 pm
နည်းနည်း ညှော်လိုက်ဦးမယ်
ဝါကျဖွဲ့ပုံ နဲ့ အရေးအသားစတိုင်က
ဂျူး ရေးသလိုစတိုင်လေးပဲလို ့ခံစားရတယ်ဗျ
စကားပြေနဲ့ စကားပြော ရောရေးတာလေးတွေက
ကျစ်ကျစ်လစ်လစ်နဲ့
ဖတ်ရတာ အရသာရှိနေတယ်
မြန်မြန် အခန်းဆက် ပေးပါနော့်
သူကလေး
October 25, 2013 at 9:26 am
ဒီမယ် အူးအူးအလက်ဆင်း
ကျမ ဂျူးကလေးစီးမဟုတ်ပါ တတ်နိုင်သမျှ ကိုယ့်စတိုင်လ်နဲ့ကိုယ်ရေးပါသည်။
ဖတ်ရတာအရသာရှိတယ်ဆိုလို့ ကျေးဇူးဘဲစ် 😀
alinsett
October 25, 2013 at 8:41 pm
အဲင်္ဒီလို..ဝါရင့်ဆရာမကြီးတစ်ယောက်ရဲ ့ စတိုင်လေးနဲ ့..တူအောင်ရေးနိုင်တဲ ့..
စာချောတာလေးကိုက… ဖတ် ရတာ အရသာရှိတာလေ..။
တု တယ်လို ့ပြောတာမဟုတ်..။
တူအောင် ရေးနိုင်တဲ ့.. စာချောမှုကို အသိအမှတ်ပြုတာပါ..ခေးရယ်…။
သူကလေး
October 28, 2013 at 12:17 pm
အဟစ် ဂယ်လား အူးရယ် ကျေးဇူးများကြီးတင်တယ်နော့် 😀
ကျော်စွာခေါင်
October 25, 2013 at 3:22 pm
သူကလေး
စ ဖွင့်လိုက်တာလေးကိုက စိတ်ဝင်စားစရာကောင်းတယ်…
အားပေးနေမယ်.. ဆက်ရေးပါ..
ဦးခေါင် ကိုယ်တိုင်ကလည်း ခေါင်းမာတော့ …အဲ့ဒီစရိုက်မျိုးတွေ စိတ်ဝင်စားတယ်..။
သူကလေး စာရေးလည်း ကောင်းတယ် ။
သူကလေး
October 28, 2013 at 12:19 pm
ကျေးဇူးတင်ပါတယ် ဦးခေါင်ရှင့်
ဆက်ရေးနေမှာပါ
Mr. MarGa
October 25, 2013 at 6:58 pm
အဖွင့်ကတော့ စိတ်ဝင်စားစရာပဲ….
ဒါနဲ့ ဒီတစ်ပုဒ်ကတော့ အဆုံးသတ်မှာပါ နော်…… :mrgreenn:
သူကလေး
October 28, 2013 at 12:22 pm
ခိခိ အမောင်သကြားတောင့်တတော့လည်း သူကလေး ကိုယ်ထင်ပြရမှာပေါ့ကွယ်
ဒီတစ်ပုဒ်ကတော့ အဆုံးသတ်ပါဒယ် 😛
sorrow weaver
October 26, 2013 at 9:47 am
Mark X ရယ် ..အာမီနီ ရယ်…ဆိုတော့ကာ နာများလားမသိ….အဟိဟိ…ရှပ်အကျီမှာတော့နည်းနည်းလွဲသွားတယ်…အဲရိုးဟုတ်ဘူး …အိတ်ဆယ်လန်ဆီ …အဟိဟိ
သူကလေး
October 28, 2013 at 12:27 pm
အွန် .. သေလို့ရဒယ် 😀